ကောင်းကင်ဘုံနန်းတော်မှအဂ္ဂိရတ်ခန်းမနှင့်မီးပြင်းဖို
Vol. 58 Ch. 810
အခန်း (၈၁၀) ကောင်းကင်ဘုံနန်းတော်မှအဂ္ဂိရတ်ခန်းမနှင့်မီးပြင်းဖို
“ဆရာဘိုးဘိုး’လုန်’ ဟုတ်လား”
လူငယ်၏စကားကိုကြားတော့ ရန်ကျောက်ကဲက ပြုံးလိုက်သည်။
“ကြည့်ရတာ မင်းက မင်းတို့ဂိုဏ်းက အကြီးအကဲတွေအကြောင်းပဲ စဉ်းစားနေတဲ့ပုံပဲ ၊ ဒါပေမဲ့...”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ငါက မင်းနဲ့လည်းမတူသလို ၊ သူတို့နဲ့လည်းတူမှာမဟုတ်ဘူး”
တစ်ဖက်လူက ရန်ကျောက်ကဲကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသို့ တစ်ယောက်တည်း စွန့်စားခရီးထွက်လာသည်ဆိုလျှင် သူ့အနေဖြင့် လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားမည်သာဖြစ်သည်။
စောစောက ထုတ်ဖော်ပြောလိုက်သော စကားများက ရန်ကျောက်ကဲကို စမ်းသပ်လိုသည့်အတွက် တမင်သက်သက် လှည့်စားရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
ဆရာဘိုးဘိုး’လုန်’ ၏ အဆက်အနွယ်က တစ်ယောက်တည်းသာလျှင်ရှိပြီး ထိုသူက အထက်ဘုံကမ္ဘာတွင် အမြဲတမ်းနေထိုင်သူ ဖြစ်သည်။
ထို့ပြင် ထိုသူက သာမန်ပညာသင်ကြားပေးသည့်တပည့်မဟုတ်ဘဲ သွေးရင်းသားရင်းအဆက်အနွယ်ဖြစ်သည်။ ထိုသူက အထက်ဘုံကမ္ဘာတွင်နေထိုင်သော်လည်း ဆရာဘိုးဘိုး’လုန်’ ကတော့ ဤနေရာတွင် ရှိမနေတော့ပေ။
အထက်ဘုံကမ္ဘာတွင်နေထိုင်သော ဆရာဘိုးဘိုး’လုန်’ ၏အဆက်အနွယ်သည် မည်သူမည်ဝါဖြစ်ကြောင်း လူငယ် မသိရှိသော်လည်း ရန်ကျောက်ကဲမဟုတ်သည်ကတော့ သေချာသည်။
ရန်ကျောက်ကဲအကြောင်း သူ သိပ်ပြီးမသိရှိသော်လည်း ရန်ကျောက်ကဲ၏ဖခင်ဖြစ်သူက ကျူတောပင်လယ်ဒေသတွင် နေထိုင်ဖြစ်ကြေင်း သိရှိသဖြင့် ရန်ကျောက်ကဲ၏ဇာစ်မြစ်က ရှင်းလင်းကြောင်း သူနားလည်သည်။
ရန်ကျောက်ကဲသာ သူလှည့်စားသည့်အတိုင်းလိုက်ပြီး အခြားစကားများပြောဆိုခဲ့လျှင် နေဝန်းထက်ယံသခင်လေးဆိုသူအနေဖြင့် အခြေအနေများကို ရှင်းရှင်းလင်းလင်းနားမလည်ကြောင်း သူက တွေးတောမိမည် အမှန်ပင်။
ယခုတော့ ရန်ကျောက်ကဲ၏စကားလုံးများက သူ့အတွက် အကြောင်းရင်းမှန်ကို အကဲဖြတ်ရန် ခက်ခဲစေခဲ့သည်။
ရန်ကျောက်ကဲက တစ်ဖက်လူကိုကြည့်ရင်း ပြုံးလိုက်သည်။
“ငါ့ကိုလှည့်စားဖို့မကြိုးစားဘဲ ငါမေးတာတွေကို ရိုးရိုးသားသားဖြေတာ ပိုကောင်းမယ်ထင်တယ် ၊ ညှင်းပန်းနှိပ်စက်မှ ဝန်ခံမယ်ဆိုတာမျိုးက သိပ်မကောင်းသလိုပဲနော်”
“မင်းက ငါ့ထက်အသက်ကြီးပေမယ့် ကျင့်ကြံခြင်းအဆင့်တူညီသူတွေကြားထဲမှာတော့ အသက်ငယ်သေးတယ်လို့ ပြောလို့ရတယ် ၊ ပြီးတော့ မင်းက ထက်မြက်ပြီးစိတ်ဓာတ်ခိုင်မာတဲ့သူတစ်ယောက်လို့ ငါ ယုံကြည်တယ်”
ရန်ကျောက်ကဲက ပြုံးလျှက် လက်ထဲမှရွှေအပ်ကို ထိုလူငယ်ရှေ့တွင် ဝှေ့ယမ်းရင်း...
“ဒီတော့ မဟာညှင်းပမ်းနှိပ်စက်မှုကြီး (၇)ရပ်မှာပါဝင်တဲ့ ရိုးတွင်းခြင်ဆီအေးစိမ့်အပ်ကို မင်းခံနိုင်ပါ့မလားလို့ တွေးမိတယ် ၊ မင်းရဲ့ အသက်အရွယ်နဲ့ဆိုရင် အဲဒီညှင်းပမ်းနှိပ်စက်မှုအကြောင်းကို ကြားဖူးတယ် မဟုတ်လား”
သူက ဆက်ပြောသည်။
“မင်းက စန့်ချင်အဆက်အနွယ်တစ်ယောက်ဖြစ်ပြီး ခိုင်မာတဲ့နောက်ခံရှိတယ် ၊ ဒါက ငြင်းလို့မရတဲ့အချက်ပါပဲ ၊ ဒါပေမဲ့ ငါ့ကိုဟန်ဆောင်လှည့်စားလို့ကတော့ အမှန်အတိုင်းအဖြေထွက်လာဖို့အတွက် ငါက ဘာမဆိုလုပ်မှာပဲ”
“ပွင့်ပွင့်လင်းလင်းပြောရရင်... မင်းကို အရေခွံစုတ်ပြီး အရိုးတွေအပိုင်းပိုင်းဖြတ်ပစ်လိုက်လို့လည်းရတယ် ၊ မင်းရဲ့အကြီးအကဲတွေက မင်းအတွက် လက်စားချေချင်တယ်ဆိုရင်တောင်မှ မြေကမ္ဘာဧကရာဇ်ရဲ့အပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်မှာ ငါ့ဆီရောက်လာနိုင်မှာပဲ”
လူငယ်က မချိပြုံးပြုံးရင်း...
“အထက်ဘုံကမ္ဘာကိုရောက်လာပြီး မင်းလိုမျိုးဟန်ဆောင်မိတာ ငါ့အတွက် မဟာအမှားပါပဲ ၊ ဒါပေမဲ့ ငါတို့ကြားမှာ ဆက်စပ်မှုရှိနေတာပဲလေ ၊ ရိုးတွင်းခြင်ဆီအေးစိမ့်အပ်လိုနည်းလမ်းမျိုးနဲ့ နှိပ်စက်တဲ့အထိတော့ လုပ်ဖို့မလိုပါဘူး”
ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“ငါနဲ့မင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ဘယ်သူပြောလို့လဲ ၊ ပြီးတော့ ဒါက မင်းရဲ့လုပ်ရပ်အပေါ် မူတည်တယ်လေ”
ရန်ကျောက်ကဲက ထိုမျှ ရက်စက်သူတစ်ယောက်ဖြစ်လိမ့်မည်ဟု လူငယ် တစ်ခါမှ မျှော်လင့်မထားခဲ့သဖြင့် အနည်းငယ် တွေဝေသွားသည်။
ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...
“ဒါနဲ့ ... ငါတို့စကားပြောနေတာအချိန်အတော်ကြာနေပြီ ၊ မင်းနာမည်ကို မသိရသေးဘူး”
ထိုစကားကြားတော့ တစ်ဖက်လူမှာ မျက်ရည်ကျလုမတတ် ဖြစ်သွားသည်။ အချိန်အတန်ကြာစကားပြောနေသည့်တိုင် ဤသခင်လေးက ယခုမှ နာမည်မေးဖို့ သတိရသတဲ့လား။
လူငယ်က လေးနက်စွာဖြင့်...
“ငါက စန့်ချင်အဆက်အနွယ်ရဲ့တပည့် စွန်းကျုန်းတာ့ပါ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ကောင်းပြီ... မင်းတို့ဂိုဏ်းရဲ့ အတွင်းရေးတွေကို ငါ့ကိုပြောစရာမလိုဘူး ၊ ဒါပေမဲ့ မင်း အထက်ဘုံကမ္ဘာကိုလာရောက်ရတဲ့အကြောင်းရင်းကိုတော့ ပြောပြရမယ်”
ထိုစကားကြားတော့ စွန်းကျုန်းတာ့ သက်ပြင်းချလိုက်သည်။
အမှန်တော့ သူ၏ဆရာနှင့် သိုင်းဂိုဏ်းအကြောင်း ထုတ်ဖော်ပြောကြားသည်ထက် နှိပ်စက်ခံလိုက်ရသည်က ပိုကောင်းသေးသည်။
သို့သော် ရန်ကျောက်ကဲက သူ့ကိုထိုအကြောင်းများမမေးမြန်းဘဲ အထက်ဘုံကမ္ဘာသို့ လာရောက်ရသည့်အကြောင်းရင်းကိုသာ မေးမြန်းလေရာ သူ့အနေဖြင့် ခေါင်းမာနေစရာ မလိုပေ။
တကယ်တော့ ရန်ကျောက်ကဲက ဓားတစ်လက်ဖြစ်ပြီး သူက ငါးတစ်ကောင်ဖြစ်လေရာ ခေါင်းမာနေပါက သူသာလျှင် ဒုက္ခရောက်ပေမည်။
စွန်းကျုန်းတာ့က ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သွက်လက်သောစိတ်ထားရှိပြီး လိုက်လျောညီထွေ နေထိုင်တတ်သူ ဖြစ်သည်။ အခြားသူများက ဘောင်မကျော်မချင်း အမြဲတမ်း လိုက်လျောညီထွေ ပြုမူတတ်သူ ဖြစ်၏။
သူက ခဏမျှ တိတ်ဆိတ်နေပြီးနောက်...
“အဲဒီ ကျောက်စိမ်းလက်ဝတ်က လျှို့ဝှက်ရတနာတစ်ခုနဲ့ ဆက်စပ်နေပါတယ် ၊ အဲဒီလျှို့ဝှက်ရတနာအကြောင်း သတင်းကြားပြီးတဲ့နောက် ဒီအထက်ဘုံကမ္ဘာကို ရောက်လာရတာပါ ၊ ဒါပေမဲ့ ကျောက်စိမ်းလက်ဝတ်က အဲဒီလျှို့ဝှက်ရတနာနဲ့ ဆက်စပ်နေတယ်ဆိုလို့ ဝေလငါးမျှားမြို့တော်ကို ရောက်လာခဲ့တာ”
ရန်ကျောက်ကဲက မျက်လုံးထောင့်ကပ်ပြီး စွန်းကျုန်းတာ့ကို ကြည့်လိုက်သည်။
“ဘယ်လောက်အဖိုးတန်တဲ့ ရတနာပစ္စည်းမို့လို့ မင်းက အန္တရယ်တောထဲ စွန့်စားပြီးလာရတာလဲ”
စွန်းကျုန်းတာ့က...
“အဲဒီရတနာပစ္စည်းက အရင်တုန်းက ကောင်းကင်ဘုံနန်းတော်နဲ့ သက်ဆိုင်နေတယ် ၊ ရထားတဲ့သဲလွန်စသာ မှန်တယ်ဆိုရင် ကောင်းကင်ဘုံနန်းတော်မှာ ဆေးလုံးတွေ ၊ ပြဒါးဆေးတွေ သိုလှောင်ထားတဲ့ အဂ္ဂိရတ်ခန်းမနဲ့သက်ဆိုင်နေတယ်”
ရန်ကျောက်ကဲ စိတ်ထဲတစ်ချက်အာရုံစူးစိုက်သွားသော်လည်း တည်ငြိမ်သောမျက်နှာအမူအရာဖြင့်...
“မင်း ငါ့ကိုလှည့်စားနေတာလား ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် ကောင်းကင်ဘုံနန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမက ဆက်ပြီး ရှိနိုင်ပါဦးမလား ၊ ရှိတယ်ဆိုဦးတော့... မင်းတို့ စန့်ချင်အဆက်အနွယ်မှာ တန်ခိုးစွမ်းအားရှင်တွေ အများကြီး ရှိတာပဲလေ ၊ ဘာလို့ မင်းတစ်ယောက်တည်း အထက်ဘုံကမ္ဘာကို လာရတာလဲ”
“ပွင့်ပွင့်လင်းလင်းပြောရရင် မင်းကို ဒီလိုမျိုးရှေ့တန်းထွက်ဖို့ အရည်အချင်းမပြည့်သေးဘူး”
ထိုစကားကြားတော့ စွန်းကျုန်းတာ့က မျက်နှာပျက်သွားခြင်းမရှိပေ။
“နေဝန်းထက်ယံသခင်လေးပြောတာ ဟုတ်ပါတယ် ၊ ဒါပေမဲ့ ငါက ကံစမ်းကြည့်ဖို့လာတာပါ ၊ အဂ္ဂိရတ်ခန်းမဆိုတာကို သေချာပေါက်ရှာတွေ့မယ်လို့ မဆိုလိုပါဘူး”
သူက ပွင့်လင်းစွာပင် ဆိုသည်။
“ပြီးတော့ ငါ ရရှိထားတဲ့ သဲလွန်စကလည်း အရမ်းနည်းပါးတယ် ၊ အဂ္ဂိရတ်ခန်းမကို ဦးတည်မလားဆိုတာ မသိနိုင်ဘူး ၊ အဲဒီအစား အဂ္ဂိရတ်ခန်းမထဲမှာရှိတဲ့ မီးပြင်းဖိုလည်း ဖြစ်နေနိုင်ပါတယ် ၊ အဲဒီမီးပြင်းဖိုကို ရှာတွေ့ရင် အဂ္ဂိရတ်ခန်းမကိုရှာတွေ့ဖို့ မျှော်လင့်ချက်ရှိကောင်းရှိနိုင်မယ်”
ရန်ကျောက်ကဲက...
“ဒါပေမဲ့ မင်း အဲဒီမင်းပြင်းဖိုကို တကယ်ရှာတွေ့နိုင်ပါ့မလား ၊ မီးပြင်းဖိုကိုရှာတွေ့ရင်တောင် အဂ္ဂိရတ်ခန်းမကို ရှာတွေ့နိုင်ပါ့မလား ၊ ကဲ... အဂ္ဂိရတ်ခန်းမကိုတွေ့ပါပြီတဲ့ ပြဒါးဆေးဘယ်လောက်ကျန်ဦးမှာတဲ့လဲ”
စွန်းကျုန်းတာ့က...
“သဲလွန်စတွေကို စစ်ဆေးကြည့်တော့... အထက်ဘုံကမ္ဘာမှာ လမ်းကြောင်းတစ်ခုရှိတာ အာရုံခံမိတယ် ၊ ဒါကြောင့် ပြင်ဆင်မှုတွေလုပ်ပြီး ဒီကိုရောက်လာတာ ၊ ပြီးတော့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ သွားရလာရလွယ်ကူအောင် မင်းလိုမျိုး ဟန်ဆောင်လိုက်ရတာပါ”
ရန်ကျောက်ကဲက...
“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ မင်းရဲ့ဦးတည်ချက်ကဘယ်နေရာလဲ”
စွန်းကျုန်းတာ့က...
“ကျောက်စိမ်းနေဝန်းတောင်တန်းက ကုရှင်းတောင်ထွတ်”
ထိုစကားကြားတော့ ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ရန်ကျောက်ကဲသည်လည်း မီလောရွှေဆေးကို အခြေခံပြီး သဲလွန်စများရှာဖွေနေသည်ဖြစ်ရာ ကောင်းကင်မီးတောက်သစ်ပင်များပေါက်ရောက်ရာနေရာသည် ကျောက်စိမ်းနေဝန်းတောင်တန်းမှ ကုရှင်းတောင်ထွတ်ပင် ဖြစ်၏။
ရန်ကျောက်ကဲက...
“ကျောက်စိမ်းလက်ဝတ်က အဲဒီနေရာနဲ့ဘယ်လိုပတ်သက်နေတာလဲ”
စွန်းကျုန်းတာ့က ရှင်းပြသည်။
“ပြောကြတာတော့ အဲဒီပစ္စည်းက ‘ရှဲ့’ အိမ်တော် ပိုင်ဆိုင်တဲ့ပစ္စည်း မဟုတ်ဘူး ၊ အိမ်တော်သခင်’ရှဲ့လျန်’ သူများဆီက ပြန်ဝယ်ထားတာတဲ့”
ထိုကျောက်စိမ်းလက်ဝတ်၏မူလပိုင်ရှင်က ကျောက်စိမ်းနေဝန်းတောင်တန်းမှ ကုရှင်းတောင်ထွတ်သို့သွားရောက်ခဲ့ပြီး အထက်ဘုံကမ္ဘာမှာပင် အလွန်တရာ အဖိုးထိုက်တန်သည်ဟုဆိုနိုင်သော ဆေးလုံး (၂)လုံး ရရှိခဲ့သည်။
ထိုသတင်းပျံ့နှံ့သွားသည့်အခါ အခြားသူများကလည်း ထိုသူလိုပင် ကံကောင်းမည်လားဟု စွန့်စားခဲ့ကြသည်။ သို့သော် အဆုံးသတ်မှာတော့ လက်ဗလာဖြင့်သာ ပြန်လာခဲ့ကြရ၏။
မူလပိုင်ရှင်ဆုံးပါးသွားပြီးနောက် မည်သည့်ပစ္စည်းမှကျန်ရစ်ခဲ့ခြင်း မရှိလေရာ လူအချို့က ကျောက်စိမ်းလက်ဝတ်ကို အာရုံစိုက်လာကြသည်။
ပြီးတော့ ထိုသတင်းကို ကျောက်စိမ်းနေဝန်းတောင်တန်းမှ လူအနည်းငယ်သာလျှင် သိရှိကြပြီး ဆည်းဆာကျွန်းစုသို့ ပျံ့နှံ့လာခဲ့ခြင်း မရှိပေ။
ရှဲ့လျန်က ကျောက်စိမ်းလက်ဝတ်ကို ဝယ်ယူခဲ့သော်လည်း နောက်ကွယ်မှ လျှို့ဝှက်ချက်ကို သိရှိခဲ့ခြင်း မရှိပေ။
ရန်ကျောက်ကဲက ခဏမျှ စဉ်းစားရင်း...
“မင်းရထားတဲ့ ကနဦးသဲလွန်စကို ငါ ကြည့်လို့ရနိုင်မလား”
စွန်းကျုန်းတာ့က မချိပြုံးပြုံးရင်း...
“ငါ မပြချင်တာ မဟုတ်ပါဘူး... ပြလို့မရတာပါ ၊ အဲဒါက ကျောက်စိမ်းအင်းချပ်တစ်ခုထဲမှာသိမ်းထားတဲ့ သတင်းအချက်အလက်တစ်ခုပဲ ၊ အဲဒါကိုကြည့်ပြီးတာနဲ့ ကျောက်စိမ်းအင်းချပ်ထဲမှာ ဘာမှရှိမနေတော့ဘဲ ပျောက်ကွယ်သွားတယ်”
ရန်ကျောက်ကဲက သူ့ကို ခဏမျှစိုက်ကြည့်ရင်း ပြုံးလိုက်သည်။
“မင်းလို မရိုးသားတဲ့သူတွေကို ငါ သဘောကျတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူ့လက်ထဲမှရွှေအပ်ဖြင့် စွန်းကျုန်းတာ့၏ သွေးကြောဆုံချက်တစ်ခုကို ထိုးစိုက်ချလိုက်ရာ လူငယ်မှာ ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
တစ်ကိုယ်လုံးတုန်ယင်နေသည့် စွန်းကျုန်းတာ့ကိုကြည့်ရင်း ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“အဲဒီပစ္စည်းက ရှိနေတုန်းပဲ မဟုတ်လား ၊ ဒါပေမဲ့ မင်းဆီမှာတော့ မဟုတ်ဘူး ၊ မင်းတို့ဂိုဏ်းက တပည့်တွေမှာ ရှိနေလိမ့်မယ် ၊ မင်းတို့ဂိုဏ်းကလူတွေ အတူတူထွက်လာကြပေမယ့် အားလုံးတော့ အထက်ဘုံကမ္ဘာကို ဝင်မလာကြဘူး ၊ ဟုတ်တယ်မလား”