← Chapters

ဒဏ္ဍာရီတစ်ပုဒ်ရဲ့အဆုံးသတ်

Vol. 6 Ch. 6

ဒဏ္ဍာရီတစ်ပုဒ်ရဲ့အဆုံးသတ်

Vol. 6 Ch. 6

တစ်ယောက်ယောက် သူ့ကိုစိုက်ကြည့်နေတာ ခံစားရတဲ့အတွက် အေမီလည်း မိန့်ခွန်းပြောစင်မြင့်ပေါ်ကို ကြည့်လိုက်တယ်။ ကိုင်ဇာစစ်သည်က ပုဆိန်ကိုခါးကနေဖြုတ်ပြီး သူ့ကိုညွန်ပြလိုက်တယ်။

"ဒီနေရာရဲ့စစ်သည်တွေ ဘယ်လောက်အစွမ်းထက်လည်း ကြည့်ကြတာပေါ့။" နောက်တော့ သူ့ဝတ်စုံထဲက နာနိုဘော့တွေက အတောင်ပံပုံစံဖွဲ့တည်လိုက်ပြီး ကောင်းကင်ပေါ်ကို ကိုးဆယ်ဒီဂရီတည့်တည့် ထောင်တက်သွားတယ်။

အားကောင်းတဲ့ရန်သူတစ်ယောက် သူ့ကိုတိုက်ခိုက်ဖို့ပြင်နေပြီမှန်းသိတာကြောင့် အေမီက ချက်ချင်းဆိုသလို ခံစစ်အနေအထားပြင်လိုက်တယ်။ သူ့လက်ဖျံက လျှပ်စီးလက်ကောက်တွေဖွင့်လာသလို တခြားလက်တစ်ဖက်က စုံလည်သေနတ်လည်း ဖွင့်လာပါတယ်။

လက်ရှိငွေရောင်စစ်သည်တော်မှာ ဓားမရှိသလို သူ့ကိုထောက်ကူပေးမယ့် ခေါင်းသုံးလုံးခွေးနက်လည်းရှိမနေဘူး။ အခြေခံအကျဆုံးလက်နက်တွေကိုသာ သုံးနိုင််တယ်။

ကိုင်ဇာကတော့ ကောင်းကင်ပေါ်မှာရှိနေပြီဖြစ်ပြီး ဝါရှင်တန်မြို့ရဲ့အမြင်ဆုံးအဆောက်အဦးဖြစ်တဲ့ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်ထက်တောင် မြင့်နေပါပြီ။ ကိုင်ဇာက မြေပြင်မှာအသင့်ပြင်ထားတဲ့ ငွေရောင်စစ်သည်ကို ငုံကြည့်လိုက်ပြီး ရယ်မောလိုက်တယ်။

"မင်းမှာ အဓိကလက်နက်တွေမပါလာဘူးလား။ စိတ်ပျက်စရာပဲ။" အဲဒီနောက်တော့ ကိုင်ဇာစစ်သည်က ခြေနှစ်ချောင်းကိုပူးပြီး အတောင်ပံကိုခတ်ကာ မြေပြင်ကို ပြန်ဆင်းသက်လာတယ်။ အသံမြန်နှုန်းထက် နှစ်ဆလောက်ချိုးဖောက်နိုင်တာကြောင့် လေထုပေါက်ကွဲသံကို မကြားရသေးခင်မှာပဲ ကိုင်ဇာက ငွေရောင်စစ်သည်နားရောက်လာပြီဖြစ်ပြီး လေထုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုကတော့ ဆန့်ကျင်သူတွေစုဝေးခဲ့တဲ့ ရင်ပြင်က ကတ္တရာလမ်းမကြီးကို တစ်စစီအက်ကွဲသွားစေတယ်။

"ဟမ်... မဖြစ်နိုင်တာ။" ဒါပေမဲ့ ကိုင်ဇာစစ်သည်မျက်နှာပျက်သွားတယ်။

ငွေရောင်စစ်သည်ကလည်း အတောင်ပံကို ရုတ်တရက်ဖွင့်လိုက်ပြီး နောက်ကိုအနည်းငယ်ဆုတ်ကာ ကိုယ်ကိုတစ်ပတ်လည်လှည့်ပြီး ညာခြေနဲ့ကိုင်ဇာနဲ့ခါးကို ကန်လိုက်တယ်။

ကိုင်ဇာစစ်သည်က ခြေစုံပူးကပ်ပြီး မြေပြင်ကိုဥက္ကာပျံတစ်ခုလို ဆင်းသက်လာတာကြောင့် အခုလိုအခြေအနေမှာ ပြောင်းလွယ်ပြင်လွယ်မရှိတော့ဘူး။ ပြီးတော့ သူ့လိုပဲငွေရောင်စစ်သည်က အသံမြန်နှုန်းအထက်ကနေ ပြန်တုံ့ပြန်နိုင်လိမ့်မယ်လို့ ထင်မထားဘူး။

ဘုန်း....။

ကိုင်ဇာစစ်သည်က မြေပြင်ပေါ်ခြေမကျရသေးခင်မှာပဲ သူ့ကန်ချက်ကိုရှောင်ပြီး ပြန်ကန်လိုက်တဲ့ ငွေရောင်စစ်သည်ကြောင့် အရှိန်ပျက်ပြီး လွင့်စင်သွားတယ်။ နောက်တော့ သူ့ခန္ဓာကိုယ်က အနီးအနားတိုက်တစ်ခုကို ဝင်ဆောင့်မိပြီး တိုက်ရိုက်ဖောက်ဝင်သွားတယ်။

အေမီက ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ အသံမြန်နှုန်းအထက်က တိုက်ပွဲကြောင့် ဖြစ်လာတဲ့ လေထုပေါက်ကွဲမှုက ဘေးပတ်ဝန်းကျင်ကို အကြီးအကျယ်သက်ရောက်နေပါပြီ။ အထပ်မြင့်တိုက်ပြတင်းတွေအပြင် အနီးအနားမှာရပ်ထားတဲ့ ရဲကားတွေပါ ပြောင်းပြန်လန်ထွက်ကုန်တယ်။ ဇီးရိုးတပ်သားတွေကတော့ အဲဒီအရှိန်နဲ့ မီတာဒါဇင်ဝက်လောက်လွင့်ထွက်ကုန်ပါတယ်။

"ဒီအဆင့်ထိခိုက်ပျက်စီးမှုက အရပ်သားတွေကို ထိခိုက်နိုင်စေတယ်။ တိုက်ပွဲနေရာကို ပြောင်းမယ်။"

အေမီက သူ့ဘာသာရေရွတ်လိုက်ပြီး ကိုင်ဇာရှိနေတဲ့ တိုက်ထဲကို ပြေးဝင်သွားတယ်။ ကိုင်ဇာက အခုမှတိုက်အကျိုးအပဲ့တွေထဲကနေ ပြန်ထွက်ဖို့လုပ်နေဆဲဖြစ်ပြီး အတောင်ပံကိုဖွင့်ကာ ရုတ်တရက်ပြေးဝင်လာတဲ့ ငွေရောင်စစ်သည်ကြောင့် အကျယ်ကြီးမာန်ဖီလိုက်တယ်။

"ဟား...." နောက်တော့ သူ့လက်ထဲက ပုဆိန်ကိုမြှောက်ပြီး ငွေရောင်စစ်သည်တော်ကို ခုတ်ချတယ်။ ပုဆိန်ကနေ အနီရောင်ဒြပ်စင်မှုန်တွေ ထွက်လာပြီး သိပ်ကိုထက်ရှကြောင်း ပြသနေပါတယ်။

ငွေရောင်စစ်သည်က တိုက်ထဲမှာ အသံမြန်နှုန်းကို အသက်သွင်းမထားဘူး။ တိုက်ထဲမှာ လူတွေရှိနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကို ကြောက်လန့်တကြားကြည့်နေကြတယ်။

ပုဆိန်က ငွေရောင်စစ်သည်ရဲ့ပခုံးပေါ်ကို တိုက်ရိုက်ကျလာတယ်။ ဒါပေမဲ့ အေမီက အဲဒီတိုက်ကွက်ကိုလစ်လျူရှုပြီး ကိုင်ဇာရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်ဝင်တိုက်ကာ ကိုင်ဇာရဲ့ခန္ဓာကိုယ်ကို သူ့လက်တွေနဲ့တွန်းထုတ်လိုက်တယ်။

ပုဆိန်က ငွေရောင်စစ်သည်ရဲ့ချပ်ဝတ်ကို ချိုင့်ဝင်သွားစေတယ်။ မက်ဒါနာအနေနဲ့ဆိုရင်တော့ ပုဆိန်ရဲ့သက်ရောက်အားကြောင့် နာကျင်မှုကိုခံစားရမှာဖြစ်ပေမဲ့ အေမီက စက်ရုပ်တစ်ရုပ်ပါ။ ဒါကြောင့် ပုဆိန်ခုတ်ချက်ကို လက်လျူရှုပြီး အလင်းဒြပ်စင်စွမ်းအားကို အသက်သွင်းလိုက်တယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်က လူမရှိတဲ့ နံရံတစ်ခုကိုဝင်တိုက်မိကြတယ်။

"Hurricane Rush!"

ခယောင်း

စက်ရုပ်ဆန်ဆန်အသံတစ်သံ အေမီဆီက ထွက်ပေါ်လာပြီးနောက် အေမီက အတောင်ပံရဲ့အား၊ အလင်းဒြပ်စင်နဲ့ Void Stream အားကိုသုံးကာ နံရံကိုဖြိုဖျက်ပစ်လိုက်တယ်။ တိုက်ထဲက အရပ်သားတွေ သတိမထားမိသေးခင်မှာပဲ ချပ်ဝတ်စစ်သည်နှစ်ယောက်က အသံထက်မြန်တဲ့နှုန်းနဲ့အတူ အဆောက်အဦးတွင်းကနေ ပျောက်ကွယ်သွားတယ်။

သူတို့ကိုယ်သူတို့ကာကွယ်ဖို့ စားပွဲခုံတွေအောက်မှာ ပုန်းအောင်းနေတဲ့ အရပ်သားတွေ ခေါင်းဖော်ကြည့်တော့ အရှိန်မသေးသေးတဲ့ အလင်းဒြပ်စင်မှုန်တချို့နဲ့ အနီရောင်ဒြပ်စင်မှုန်တချို့သာ လေထုထဲမှာကျန်ခဲ့တယ်။ ဒါပေမဲ့ မြေညီထပ်မှာရှိနေတဲ့ ဆိုင်တွေက ပစ္စည်းတွေကတော့ ကြမ်းပြင်အနှံမှာ ပြန့်ကျဲလို့နေပါတယ်။

...

ငွေရောင်စစ်သည်က ကိုင်ဇာရဲ့မျက်နှာကို လက်သီးနဲ့အားကုန်ထိုးပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လေထုထဲမြောက်တက်သွားစေတယ်။ အေမီက အတောင်ပံကိုဖွင့်ပြီး မြို့ရဲ့ကောင်းကင်ထက်မှာ ရောက်နေပြီဖြစ်တဲ့ ကိုင်ဇာနောက်ကိုလိုက်တယ်။

သူတို့နှစ်ယောက် ကောင်းကင်ပေါ် ဆုံမိချိန်မှာ ကိုင်ဇာက ပြန်ခုခံဖို့ အသင့်ဖြစ်နေပါပြီ။ ကိုင်ဇာဝတ်စုံရဲ့နာနိုဘော့တွေကနေ ဒိုင်းတစ်ခုဖြစ်တည်လာပြီး ကိုင်ဇာမှာ လက်နက်နှစ်ခုရှိလာတယ်။

ဒိန်း....

အေမီက လက်ဦးမှုရယူဖို့ လက်သီးနဲ့ကိုင်ဇာရဲ့ရင်ဘတ်ကို ထိုးချပေမဲ့ ကိုင်ဇာက သူ့ရဲ့နာနိုဘော့ဒိုင်းနဲ့ ခုခံလိုက်တယ်။ ပြင်းထန်တဲ့ သတ္တုချင်းထိခတ်မိသံနဲ့အတူ အနီးနားက တိမ်တိုက်တွေလည်း အားလှိုင်းတွေကြောင့် အဝေးကိုလွင့်ထွက်ကုန်တယ်။

နောက်စက္ကန့်အနည်းငယ်အတွင်းမှာပဲ အေမီက ကိုင်ဇာချပ်ဝတ်စစ်သည်နဲ့ အကြိမ်ပေါင်းများစွာ တိုက်ကွက်ဖလှယ်ပြီးသွားပြီဖြစ်ပြီး သူတို့နှစ်ယောက်ရှိနေတဲ့ ကောင်းကင်နေရာက တိုက်ဖုန်းမုန်တိုင်းတစ်ခုရဲ့မျက်လုံးလိုမျိုး တိမ်လေကင်းစင်နေတယ်။

...

စတိတ်မန်းက သူတို့ထက်ပိုမြင့်တဲ့နေရာမှာရှိနေတဲ့ ငွေရောင်စစ်သည်နဲ့ကိုင်ဇာရဲ့တိုက်ပွဲကို မော့ကြည့်လိုက်တယ်။ ဖလိမ်းဂါးဒီးယမ်းက အခုနတ်ဘုရားပုံစံပြောင်းထားပြီး သူ့ကြောင့်မြို့ပျက်စီးမှာ မစိုးရိမ်ဘဲ တိုက်ခိုက်နေတဲ့အတွက်ကြောင့် အပျက်အစီးတွေက တဖြည်းဖြည်းများလာပါပြီ။

"အဖိုးကြီး၊ ခင်ဗျားက ကျုပ်ရှေ့မှာ အာရုံပျက်ရဲတယ်ပေါ့။"

စတိတ်မန်း သတိဝင်လာတဲ့အချိန်မှာပဲ မီးနတ်ဘုရားဖြစ်နေတဲ့ ဖလိမ်းဂါးဒီးယမ်းက သူ့ရှေ့မှာပေါ်လာပြီး မီးလျှံလက်သီးနဲ့ထိုးချလိုက်တယ်။ စတိတ်မန်းလည်းဘာမှမတွေးနိုင်တော့ဘဲ ရှောင်ရှားလိုက်တယ်။ ဖလိမ်းဂါးဒီးယမ်းရဲ့လက်သီးက စတိတ်မန်းနောက်မှာရှိနေတဲ့ တာဝါငယ်တစ်ခုကို ထိုးမိသွားပြီး တာဝါရဲ့အပေါ်ပိုင်းတစ်ခုလုံး ယိုင်နဲ့သွားကာ မကြာခင်မှာပဲ ပြိုကျမယ့် အရိပ်အယောင်တွေပေါ်လာတယ်။

"သေစမ်း၊ မကောင်းတဲ့ကောင်။" စတိတ်မန်းက ဖလိမ်းဂါးဒီးယမ်းကို မကျေမနပ်ကျိန်ဆဲလိုက်ပြီး အမြန်လှုပ်ရှားလိုက်တယ်။ စတိတ်မန်းက တာဝါထဲမှာ ပိတ်မိနေတဲ့ လူတွေကို သူ့ရဲ့အမြန်နှုန်းနဲ့ ကယ်တင်ဖို့ စပြီးကြိုးစားတယ်။

စတိတ်မန်းက မှန်တစ်ချပ်ကိုရိုက်ခွဲလိုက်ပြီး တိုက်ထဲဝင်သွားတယ်။ အဲဲဒီနောက် သူဝင်ဖြစ်သွားတဲ့ တိုက်အထပ်မှာရှိနေတဲ့ သူတွေ့သမျှလူတွေကို လေပွေတစ်ခုထဲ ဆွဲထည့်လိုက်ပြီး တိုက်ပြတင်းပေါက်တစ်ခုကနေ အပြင်ကိုပစ်ထုတ်ပေးလိုက်တယ်။

လေပွေက စတိတ်မန်းရဲ့ထိန်းချုပ်မှုအောက်မှာမလို့ လူတွေအားလုံးကို ဘေးကင်ရာဆီ မိနစ်ဝက်အတွင်းပြောင်းလဲနိုင်လိုက်တယ်။ အထပ်တစ်ခုလုံးကို ရှင်းပြီးနောက် စတိတ်မန်းက နောက်တစ်ထပ်ကို သွားဖို့ပြင်တယ်။ တိုက်တစ်ခုလုံးက လေးဆယ့်ငါးဒီဂရီစောင်းနေပြီဖြစ်ပြီး သူ့မှာအချိန်သိပ်မကျန်တော့ပါဘူး။

စတိတ်မန်း နောက်တစ်နေရာကို သွားမယ့်အချိန်မှာပဲ မီးနတ်ဘုရားပုံစံ ဖလိမ်းဂါးဒီးယမ်းက သူ့နောက်ရောက်လာပြီး သူ့ကိုလက်ပိုက်ကြည့်နေတယ်။

"အဖိုးကြီး၊ အခုကျုပ်တို့က စစ်ဖြစ်နေတာလေ။ ကိုယ့်အသက်ကိုယ်သာ ဂရုစိုက်စမ်းပါ။"

ဖလိမ်းဂါးဒီးယမ်းက သူ့ညာလက်သီးကို မြှောက်လိုက်တယ်။ စတိတ်မန်းလည်း မျက်နှာပျက်သွားပြီး သူ့ရဲ့အိုမင်းတဲ့မျက်နှာမှာ ကြောက်ရွံမှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာတယ်။

"မလုပ်နဲ့၊ တိုက်ပေါ်မှာ လူတွေရှိနေသေးတယ်။"

ဒါပေမဲ့ ဖလိမ်းဂါးဒီးယမ်းက လုံးဝဂရုမစိုက်တဲ့ပုံစံနဲ့ ရယ်မောလိုက်ပြီး သူ့လက်သီးကို ပိုအားစိုက်လိုက်ပြီး တိုက်ရဲ့ခေါင်မိုးကို ပင့်လက်သီးနဲ့ထိုးချလိုက်ပါတယ်။ စတိတ်မန်းက တားဖို့ချက်ချင်းပြေးလာပေမဲ့ နောက်ကျသွားပါပြီ။

ဖလိမ်းဂါးဒီးယမ်းရဲ့လက်သီးက တိုက်မျက်နှာကျက်ကို ထိတွေ့ပြီးတဲ့နောက်တော့ မျှော်စင်ရဲ့အထပ်ပိုင်းတစ်ခုလုံးဟာ အုတ်အပိုင်းအစတွေအဖြစ်ကို ပေါက်ကွဲပျက်စီးသွားတော့တယ်။

စတိတ်မန်း သူ့မျက်စိရှေ့က မြင်ကွင်းကို မယုံနိုင်ခဲ့ဘူး။ တိုက်အပျက်အစီးတွေနဲ့အတူ တစ်ကိုယ်လုံးမီးဆွဲလောင်နေတဲ့ အရပ်သားတွေ မြေပြင်ပေါ်ကို ပြုတ်ကျလာကြတယ်။ အဲဒီမြင်ကွင်းကို မြို့ထဲက တခြားသူတွေလည်း မြင်ကြပြီး ဝရုန်းသုန်းကားဖြစ်ကုန်ပါတယ်။

ပြုတ်ကျလာတဲ့သူတွေရဲ့ကြောက်လန့်တအားအော်ဟစ်သံတွေကြားမှာ စတိတ်မန်းဟာ ကူရာမဲ့နေတယ်။ သူက လေပွေတစ်ခုထုတ်ပြီး ပြုတ်ကျလာနေတဲ့ လူရာပေါင်းများစွာကို ကယ်တင်ချင်ပေမဲ့ ဖလိမ်းဂါးဒီးယမ်းက သူ့ရင်ဘတ်ကို လက်သီးနဲ့တည့်တည့်ထိုးချလိုက်တယ်။

ဘုန်း....

"အား....." ဖလိမ်းဂါးဒီးယမ်းရဲ့လက်သီးချက်ကြောင့် စတိတ်မန်းဟာ သူရပ်နေတဲ့နေရာကနေ အဝေးကိုလွင့်ထွက်သွားတယ်။

နောက်ဆုံးစက္ကန့်လေးမှာ သူ့ရဲ့စွမ်းအားကိုသုံးပြီး ဖိအားမြင့်နယ်မြေတစ်ခုနဲ့ မီးလက်သီးကိုကာလိုက်ပေမဲ့ အားအဟုန်ကြောင့် သူ့ခန္ဓာကိုယ်အတွင်းပိုင်းက ကလီစာတွေအကုန်လုံး ပြောင်းပြန်ဖြစ်သွားလို့ ခံစားရတယ်။

နောက်တော့ သူ့ခန္ဓာကိုယ်က လမ်းမကြီးတစ်ခုပေါ်ကို ပြုတ်ကျသွားတယ်။ သူ့ခန္ဓာကိုယ်က ကတ္တရာလမ်းမထဲ နစ်ဝင်နေပြီး တစ်ကိုယ်လုံးကနေ သွေးတွေစိမ့်ထွက်နေတယ်။ ဖလိမ်းဂါးဒီးယမ်းကတော့ သူ့နောက်ကနေ နောက်ကနေ လိုက်လာပြီး သူ့ကိုအပေါ်စီးကနေ ငုံကြည့်နေပါတယ်။

"စစ်ပွဲမှာ ခင်ဗျားယုံကြည်ထားတဲ့ ယုံကြည်ချက်တွေ တစ်ခုမှအဓိပ္ပါယ်မရှိဘူး။ အရှူံးကိုလက်ခံပြီး သေလိုက်တော့။"

စတိတ်မန်းက ဒီစကားကိုကြားတော့ အားရပါးရရယ်မောလိုက်တယ်။ အဲဲဒီနောက်တော့ သူ့အာခံတွင်းထဲမှာ စုနေတဲ့ သွေးစသွေးနတွေကို ထွေးထုတ်လိုက်ပြီး အားယူထလိုက်တယ်။ စတိတ်မန်းရဲ့ဟီးရိုးဝတ်စုံက ပျက်စီးနေပြီဖြစ်ပြီး သူ့ဝတ်ရုံပေါ်က အမေရိကန်အလံကတော့ အပေါက်အပြဲတွေနဲ့အတူ သွေးစွန်းနေတယ်။

"ဖလိမ်းဂါးဒီးယမ်း၊ မင်းငါ့ရဲ့စွမ်းအားအပြည့်ကို မြင်ဖူးချင်နေတာမဟုတ်လား။ အခုအချိန်တန်ပြီ၊ ငါ့ရှေ့မှာ မင်းမသေဖို့ ဂရုစိုက်ပေတော့။"

ဖလိမ်းဂါးဒီးယန်းလည်း အဲဒီစကားကြောင့် ရယ်မောလိုက်တယ်။ စတိတ်မန်းလို လူအိုကြီးက သူ့ကိုသတ်နိုင်မယ်လို့ သူမယုံကြည်ဘူးလေ။ အထူးသဖြင့် သူ့ရဲ့နတ်ဘုရားပုံစံနဲ့ ရှိနေတုန်းပေါ့။

ဒါပေမဲ့ စတိတ်မန်းက သူရပ်နေတဲ့နေရာကနေ ရုတ်တရက်လှုပ်ရှားလာတယ်။ သူ့အမြန်နှုန်းက အသံမြန်နှုန်းနဲ့ လေးဆတိတိရှိနေပြီဖြစ်ပြီး ဖလိမ်းဂါးဒီးယမ်းကို ထိတ်လန့်သွားစေတယ်။

စတိတ်မန်းက ဖလိမ်းဂါးဒီးယမ်းအနားကို ချက်ချင်းရောက်လာပြီး အားအပြည့်ပါတဲ့လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်တယ်။ သူ့မျက်လုံးထဲမှာတော့ နာကျည်းမှုတွေကို မြင်နိုင်ပါတယ်။

[Ultimate Skill: Cloudburster] ဖလိမ်းဂါးဒီးယမ်းက ဒီလက်သီးကို ရှောင်ချင်ခဲ့ပေမဲ့ အချိန်မရှိတော့ဘူး။ စတိတ်မန်းရဲ့လက်သီးကနေ လေပြင်းတစ်ခုဖြစ်ပေါ်လာပြီး ဖလိမ်းဂါးဒီးယမ်းကို လေပေါ်မြောက်တက်သွားစေတယ်။ စတိတ်မန်းက မရပ်တန့်ဘဲ ဖလိမ်းဂါးဒီးယမ်းနောက်ကနေ လိုက်တယ်။ သူတို့လေပေါ်ကို မြင့်တက်လာချိန်မှာပဲ စတိတ်မန်းရဲ့ဝတ်စုံက အမေရိကန်အလံဟာ ကျွတ်ထွက်လာပြီး လမ်းပေါ်မှာ ကျကျန်ခဲ့တယ်။

"စတိတ်မန်း၊ ခင်ဗျားရဲ့ခန္ဓာကိုယ်အခြေအနေနဲ့ ဒီစွမ်းအားကို အကြာကြီးထိန်းထားနိုင်မှာမလို့လား။"

ဖလိမ်းဂါးဒီးယမ်းက လောလောဆယ်အောက်စည်းရောက်နေပေမဲ့ စတိတ်မန်းကို ခနဲ့တဲ့တဲ့ပြန်မေးလိုက်တယ်။ စတိတ်မန်းကတော့ ဘာမှပြန်မဖြေဘဲ ဖလိမ်းဂါးဒီးယမ်းနားကို ကပ်လာပြီး နောက်ထပ် လက်သီးတစ်ချက်ထိုးလိုက်တယ်။

ဒီတစ်ခါလက်သီးချက်က ပိုအားပြင်းတယ်။ ဖလိမ်းဂါးဒီးယမ်းရဲ့မီးနတ်ဘုရားပုံစံလည်း လေပြင်းကြောင့် လုံးဝပျက်စီးသွားပြီ။ စတိတ်မန်းလည်း မောဟိုက်စွာနဲ့ သူ့ပါးစပ်ထဲက သွေးတွေကို ထပ်ပြီးထွေးထုတ်ရပြန်တယ်။ အခုသူ့တစ်ကိုယ်လုံးက ကြွက်သားတွေ သူ့ခန္ဓာကိုယ်ကနေ စတင်ကျုံဝင်နေတာကို သာမန်မျက်လုံးနဲ့တောင် မြင်နိုင်နေပြီ။

ဒါပေမဲ့ စူပါဟီးရိုးအဖိုးအိုက သူ့ရဲ့ရန်သူကို မသေသေအောင်သတ်ဖို့ ဆုံးဖြတ်ထားပုံပဲ။ သူက တတိယအကြိမ်မြောက် ဖလိမ်းဂါးဒီးယမ်းကို လိုက်မီလာပြန်တယ်။ ဖလိမ်းဂါးဒီးယမ်းက ဒီတစ်ခါ လေးလေးနက်နက်ရှိနေပေမဲ့ သူ့ရဲ့အစွမ်းဆုံးတိုက်ကွက်က ပျက်စီးသွားပြီဖြစ်တာကြောင့် စတိတ်မန်းကို မခုခံနိုင်တော့ပါဘူး။

သူ့နားကနေ လေတိုးသံတွေကို အဆက်မပြတ်ကြားနေရတယ်။ စတိတ်မန်းရဲ့ပုံရိပ်က သူ့မျက်လုံးထဲမှာ တဖြည်းဖြည်းကြီးမားလာနေတယ်။ စတိတ်မန်းရဲ့မျက်နှာက ဖြူဖျော့နေပြီး ဒီလက်သီးချက်က သူတို့ရဲ့တိုက်ပွဲကို နောက်ဆုံးအဆုံးအဖြတ်ပေးမယ့်အရာဖြစ်မှန်း သူတို့နှစ်ယောက်လုံးသိကြပါတယ်။

ဘောင်း....

စတိတ်မန်းရဲ့လက်သီးချက်က ဖလိမ်းဂါးဒီးယမ်းရဲ့ခေါင်းကို ဖောက်ခွဲဖြစ်လိုက်တယ်။ အရိုးစတွေနဲ့ဦးနှောက်အချွဲအပျစ်တွေ သွေးစသွေးနတွေက စတိတ်မန်းရဲ့မျက်နှာကို လာစင်တယ်။ ဒါပေမဲ့အဖိုးအိုရဲ့မျက်လုံးတွေက မှိတ်သွားပြီဖြစ်ပြီး ဖလိမ်းဂါးဒီးယမ်းရဲ့ခေါင်းမဲ့အလောင်းလိုပဲ မြေပြင်ပေါ်ကို ပြန်ပြုတ်ကျလာတယ်။

ပြည်သူတွေနဲ့အတူ ပုန်းခိုရာနေရာတစ်ခုမှာ ပုန်းနေပြီး တိုက်ပွဲကိုချောင်းကြည့်နေတဲ့ ဖားလေးနဲ့ဟယ်ရီက ကောင်းကင်ပေါ်က ပြုတ်ကျနေတဲ့ လူနှစ်ယောက်ကို မော့ကြည့်ရင်း သူတို့မျက်လုံးထဲမှာ မျက်ရည်တွေက တွဲလွဲခိုလာတယ်။

ဟယ်ရီက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပြောလိုက်တယ်။ "ဒါသာ ဒဏ္ဍာရီတစ်ခုရဲ့အဆုံးသတ်ဆိုရင် တော်တော်ဆိုးတဲ့ ဒဏ္ဍာရီတစ်ခုပဲဖြစ်မှာ။"

သူတို့မျက်စိရှေ့မှာပဲ လူရိပ်နှစ်ခုက မြေပေါ်ကိုပြုတ်ကျလာတယ်။ ဖလိမ်းဂါးဒီးယမ်းရဲ့အလောင်းက မြေပေါ်ကို အရင်ပြုတ်ကျလာတာဖြစ်ပြီး မြို့ထဲက ဓာတ်တိုင်တစ်တိုင်တည့်တည့်ပေါ်ကိုပါ။ သူ့ရင်ဘတ်ကို ဓာတ်တိုင်က ထိုးဖောက်သွားပြီး နှလုံးနဲ့အူတွေအသည်းတွေက လမ်းမတစ်လျှောက်ပြန့်ကျဲကုန်တယ်။ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ မြင်ကွင်းပါ။

စတိတ်မန်းကတော့ ကားတစ်စီးပေါ်ကို ပြုတ်ကျသွားပြီး သူ့ခန္ဓာကိုယ်က အရိုးတွေအားလုံးကျိုးကြေနေတဲ့ လက္ခဏာအဖြစ် လက်တွေခြေတွေက လိမ်ကောက်နေတယ်။

စတိတ်မန်းပြုတ်ကျလာတဲ့နေရာက ဟယ်ရီတို့နဲ့သိပ်မဝေးဘူး။ တစ်ချိန်တည်းမှာပဲ ဖားလေးတို့နဲ့အတူ လူပြန်စုပြီးဖြစ်တဲ့ မယ်လီက ဆိုင်ခန်းထဲကနေ ပျံသန်းထွက်သွားလိုက်တယ်။ ဖားလေးက တားဖို့အတွက် လက်ကိုမြှောက်လိုက်ပေမဲ့ မတားဖြစ်လိုက်ဘူး။

မယ်လီက ကားနားကိုသွားလိုက်ပြီး စတိတ်မန်းရဲ့ခန္ဓာကိုယ်ကို ပွေ့ချီလိုက်တယ်။ ဟယ်ရီနဲ့တခြားအဖွဲ့သားတွေလည်း ရောက်လာကြပြီ။ ဒါပေမဲ့ ပြန်လည်စုဖွဲ့နေပြီဖြစ်တဲ့ ဇီးရိုးတပ်သားတွေကိုတွေ့တော့ သူတို့မှာ ဝမ်းနည်းနေဖို့အချိန်မရှိမှန်း ဟယ်ရီသိတယ်။

"ငါတို့ မြို့ကနေ ထွက်သွားကြစို့၊ ကြာကြာနေလို့မကောင်းဘူး။" ဒီနေ့ သူတို့အများကြီး ဆုံးရှုံးပြီးပါပြီ။ ဒါကြောင့် ဟယ်ရီက သူ့လူတွေကို ထပ်ပြီးမဆုံးရှုံးစေချင်တော့ဘူး။

...

ကောင်းကင်ပေါ်မှာတော့ ကိုင်ဇာနဲ့ငွေရောင်စစ်သည်ရဲ့တိုက်ပွဲက ရှေ့ဆက်နေဆဲပါ။ အေမီက စုဝေးသူတွေ မြို့လယ်ခေါင်ကနေ လုံလုံခြုံခြုံ ထွက်ခွာသွားပြီးတဲ့နောက် သူ့တာဝန်ပြီးပြီလို့ ယူဆလိုက်ပုံပဲ။ ဒါပေမဲ့ ကိုင်ဇာကိစ္စကို သူရှင်းရပါဦးမယ်။

ကိုင်ဇာနဲ့ငွေရောင်စစ်သည်က အဆင့်အတူတူပါပဲ။ ငွေရောင်စစ်သည်တော် အောက်စည်းရောက်နေရတဲ့ အကြောင်းအရင်းက သူ့မှာလက်နက်အပြည့်အစုံမရှိလို့ပါ။ ဒီတော့ အပြင်းအထန်ဆက်တိုက်ခိုက်နေရင်တောင် အေမီအနေနဲ့ ကိုင်ဇာကိုနိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။

အေမီက သူ့စွမ်းအားအကုန်ကို စုစည်းလိုက်တယ်။ ကိုင်ဇာကလည်း အသင့်ပြင်ထားပြီး ငွေရောင်စစ်သည်ရဲ့အားကုန်သုံးတိုက်ခိုက်မှုကို စောင့်ကြိုနေပါတယ်။

"လာစမ်းပါ Silver Knight၊ ငါတို့တိုက်ပွဲကို အဆုံးသတ်လိုက်ရအောင်။" ကိုင်ဇာကလည်း သူ့ရဲ့နာနိုဘော့တွေကို အသုံးပြုထဲ လေထုထဲမှာ မြေဆွဲအားကို ဆန့်ကျင်နေတဲ့ အနက်ရောင်မြားချွန်တွေကို ဖန်တီးလိုက်တယ်။ ဒီမြားချွန်တွေက အန်းနပ်စ်ရဲ့အရိုးလောက် မမာပေမဲ့ ငွေရောင်စစ်သည်တော်ကို အနှောင့်အယှက်ပေးနိုင်နေဆဲပါ။ ဒါကြောင့် အခုလိုဗျူဟာက သင့်တော်တယ်ဆိုရမယ်။

ဟုန်း...

အေမီက အတောင်ကိုခတ်လိုက်ပြီး လေပြင်းတစ်ခုကို ဖန်တီးလိုက်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်က ကိုင်ဇာကို တိုက်ခိုက်ရမယ့်အစား နောက်ပြန်သွားနေတယ်။ သိပ်မကြာခင်မှာပဲ အတောင်ပံအားအပြည့်ကိုသုံးပြီး မြို့ထဲကနေ အမြန်ထွက်ခွာသွားတယ်။

ကိုင်ဇာက ထပ်ပြီးလိုက်ချင်သေးပေမဲ့ သမ္မတဝဲလ်ဆင်က သူ့ကိုနားကြပ်ကနေတစ်ဆင့် ဆက်သွယ်လာတယ်။ "ကောင်းပြီ ရေဂင်။ ဒီနေ့တော့ ဒီလောက်ပဲ။"

ရေဂင်က ကောင်းကင်ပေါ်ကနေ ပြန်ဆင်းသက်ပြီး ဝဲလ်ဆင်ရှိနေတဲ့ စတိတ်စင်ပေါ် ပြန်တက်လာတယ်။ ဇီးရိုးတပ်သားတစ်ယောက်က သမ္မတနားရောက်လာပြီးအကျအဆုံးစာရင်းကို အစီအရင်ခံတယ်။

"သမ္မတကြီး၊ ဇီးရိုးတပ်ဖွဲ့ဝင် တစ်ရာ့ငါးဆယ်လောက် နောက်ထပ်တိုက်ပွဲဝင်မရလောက်တဲ့အထိ ဒဏ်ရာရကုန်ပါတယ်။ ဖလိမ်းဂါးဒီးယမ်းနဲ့စတိတ်မန်းရဲ့တိုက်ပွဲကြောင့် အရပ်သားငါးရာလောက်လဲ အသက်ဆုံးရှုံးသွားပါတယ်။"

ဝဲလ်ဆင်က ရယ်မောလိုက်ပြီး ပြန်တုံ့ပြန်ပါတယ်။ "ဖလိမ်းဂါးဒီးယမ်းရော စတိတ်မန်းရော သေပြီလား။"

တပ်သားက သမ္မတကို အလေးပြုလိုက်ပြီး ပြန်ဖြေတယ်။ သမ္မတတစ်ယောက်က စစ်မြေပြင်မှာ တပ်သားတွေကို တိုက်ရိုက်အမိန့်ပေးနေတာ ထူးဆန်းပေမဲ့ ဒီလူက ဝဲလ်ဆင်ပါ။ သူ့အတွက် သာမန်စည်းမျဥ်းတွေက အလုပ်မလုပ်ဘူး။

"ဟုတ်ကဲ့၊ ဖလိမ်းဂါးဒီးယမ်းကတော့ အသက်ရှင်စရာအကြောင်းမရှိပါဘူး။ စတိတ်မန်းအလောင်းကိုတော့ သူပုန်တွေ ယူသွားပါတယ်။"

သမ္မတက ဒီရလဒ်ကိုကြားတော့ သိပ်ထူးဆန်းဟန်မပြဘူး။ အဲဒီအစား သူက သဘောကျနေဟန်နဲ့ ပြုံးလို့နေပါတယ်။ "အခုငါတို့နိုင်ငံမှာ စိုးရိမ်စရာမြူတန့်နှစ်ယောက် လျော့သွားပြီပေါ့။"

အဲဒီနောက် သူက ကိုင်ဇာစစ်သည်ကို ကြည့်လိုက်ပြီး "ရေဂင်၊ မင်းဘာတွေးနေလဲ ငါသိတယ်။ အခုမှ မင်းသူနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးတာမလို့ လက်ရည်စမ်းပွဲလို့ပဲ သဘောထားလိုက်ပေါ့။ ပြီးတော့ သူ့ရဲ့စွမ်းအားအပြည့်မဟုတ်တာကိုတောင် မင်းက အနိုင်မယူနိုင်ခဲ့ဘူးဆိုတော့ ဝတ်စုံကို ထပ်တိုးတက်အောင် လုပ်ရဦးမယ့်သဘောပဲ။"

ဓားမပါတဲ့ ငွေရောင်စစ်သည်က ငွေရောင်စစ်သည်အစစ်မဟုတ်ဘူး။ ဒါက လူတိုင်းလက်ခံထားတဲ့အရာပါ။

All Chapters