← Chapters

ဆရာအသစ်နှစ်ယောက်

Vol. 6 Ch. 8

ဆရာအသစ်နှစ်ယောက်

Vol. 6 Ch. 8

မက်ဒါနာတို့ကားက ကျောင်းရှေ့မှာရပ်လိုက်တယ်။ အေမီက မက်ဒါနာကို ကျောင်းဝင်းရှေ့မှာ နေရာချပေးပြီး သိပ်မကြာခင်မှာပဲ ဆရာအာသာနဲ့ဆရာမဟဲရိုးတို့ ထွက်လာပြီးသူ့ကိုတွေ့တယ်။ ဆရာအာသာက အတော်လေးလောကြီးနေတဲ့အပြင် စိုးရိမ်နေပုံပါပဲပေါ်ပြီး မက်ဒါနာကို ချက်ချင်းလာမေးတယ်။

"ဆရာမပေါ်လီယာနာ၊ ကျောင်းဆရာအသစ်တွေရော ရှာလို့ရရဲ့လား။ အတော်များများက ကျွန်တော်တို့ကျောင်းနာမည်ကြားတာနဲ့ ထွက်ပြေးကုန်ကြတာဆိုတော့။"

မက်ဒါနာက ဆရာအာသာကို အသာလေးပြုံးပြပြီး ပြန်တုံ့ပြန်တယ်။ အဲဒီနောက် သူ့နောက်မှာရှိနေတဲ့ အေမီနဲ့ဖရက်တို့ကို လက်ညိုးညွန်ပြလိုက်ပြီး "အခုပဲရှင်တို့ရှေ့မှာ ကျောင်းဆရာနှစ်ယောက်ရှိနေပြီလေ။ နောက်တစ်ယောက်အတွက်လည်း မစိုးရိမ်ပါနဲ့။ ကျွန်မမှာ အစီအစဥ်ရှိနေပြီးသား။"

အဲဒီစကားကြောင့် ဆရာမဟဲရိုးရော ဆရာအာသာပါ မက်ဒါနာနဲ့အတူပါလာတဲ့ ညိုချောကောင်မလေးနဲ့လူမည်းကောင်လေးကို ကြည့်လိုက်မိကြတယ်။ ခဏလောက်ကြည့်ပြီးတဲ့နောက် ဆရာအာသာက အခုလိုပြောလာတယ်။

"ဆရာမပေါ်လီယာနာ၊ အခုလိုအခက်အခဲဖြစ်နေတဲ့အချိန်မှာ ကျောင်းဆရာငှားဖို့က ခက်ခဲမှန်းကျုပ်တို့သိပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ဒရိုက်ဘာနဲ့အိမ်စေကိုတော့ လူပြည့်ရင်ပြီးရောဆိုပြီး ထည့်လိုက်လို့မရဘူးလေ။ အနည်းဆုံး B rank ဖြစ်နေမှ သူတို့က ဆရာဖြစ်ဖို့ အရည်အချင်းပြည့်မီမှာ။"

ဒီစကားကြောင့် မက်ဒါနာလည်း နောက်တစ်ခါ ပါးစပ်လေးကို လက်ဝါးနဲ့အုပ်ရင်း အသံလွင်လွင်နဲ့ရယ်လိုက်မိပြန်ရော။ ပြီးမှ "စိတ်မပူပါနဲ့၊ သူတို့က ကျွန်မငှားထားတဲ့ ကိုယ်ရံတော်တွေမလို့ B rank အဆင့်ကို အသာလေးမီတာပေါ့။ မယုံရင် ရှင်တို့စမ်းကြည့်လေ။"

နောက်တော့ မက်ဒါနာက တစ်ခုခုတွေးမိသွားပြီး အေမီကိုလှည့်ကြည့်ကာ ပြောလိုက်ပါတယ်။ "ဒါနဲ့၊ စကားမစပ်။ ဟီးရိုးကျောင်းတွေမှာ စက်ရုပ်တွေကိုရော ဆရာအဖြစ်ခန့်လို့ရတယ်မဟုတ်လား။"

ဒီစကားကြောင့် ဆရာမဟဲရိုးက အေမီအနားကိုလာပြီး သေချာစစ်ဆေးကြည့်တယ်။ နောက်မှ အင်မတန်အံ့ဩသွားပြီး ပြောလိုက်ပါတယ်။ "ဘုရားရေ၊ ဒါက လူတူစက်ရုပ်လား။"

မက်ဒါနာက အေမီကိုသေချာအဆင့်မြှင့်ပေးထားတဲ့အတွက်ကြောင့် အခုအေမီက လူနဲ့မတူတဲ့နေရာမရှိတော့ဘူး။ အရင်က လူတူစက်ရုပ်မှန်း လူတိုင်းပြောနိုင်ပေမဲ့ အခုက တကယ့်လူသားတစ်ယောက်လိုပါပဲ။ သေချာအနီးကပ်စစ်ဆေးကြည့်မှသာ အေမီက သာမန်လူတွေလို အသက်ရှူမနေမှန်း သတိထားမိမှာပါ။

မက်ဒါနာက ထပ်ပိုးအနေနဲ့ပြောလိုက်တယ်။ "သူကတော့ ကျွန်မထွင်ထားတဲ့ ကိုယ်ရံတော်အိမ်စေမလေးလေ။ ကျောင်းသားတွေကို စာဘယ်လိုရှင်းပြရမလဲ မသိပေမဲ့ လေ့ကျင့်ခန်းမှာ ကျောင်းသားတွေကို ဖိအားပေးဖို့တော့ အသုံးဝင်တယ်။"

မက်ဒါနာရဲ့ရှင်းပြစကားကို နားထောင်ပြီးတဲ့နောက် ဆရာအာသာက သက်ပြင်းချလိုက်တယ်။ "ပုံမှန်ဆိုရင်တော့ တခြားကျောင်းတွေမှာ စက်ရုပ်တွေကို သင်ထောက်ကူပစ္စည်းအနေနဲ့ သုံးကြပေမဲ့ ဆရာအနေနဲ့သုံးတာတော့ရှားတယ်။ ဒါပေမဲ့ သူသာတကယ်အသုံးဝင်တယ်ဆိုရင် လက်တွေ့တိုက်ခိုက်ရေးအတန်းဆရာအဖြစ် ခန့်ကြတာပေါ့။"

ဆရာမဟဲရိုးကလည်း ဝင်ပြောလိုက်တယ်။ "ငါတို့နောက်ကို လိုက်ခဲ့ပါ၊ ကျောင်းတိုက်ပွဲကွင်းမှာ နှစ်ယောက်လုံးရဲ့အရည်အချင်းကို စစ်ဆေးကြည့်တာပေါ့။"

အဲဲဒီနောက် ဆရာအုပ်စုက မက်ဒါနာတို့အုပ်စုကို ဦးဆောင်ပြီး ကျောင်းဝင်းတံခါးကိုဖြတ်ကာ ကျောင်းဝင်းထဲ ဝင်တယ်။ အေမီကတော့ ခုနက ဘာမှမဖြစ်ခဲ့သလိုမျိုး မျက်နှာသေနဲ့ မက်ဒါနာရဲ့ဝှီးချဲကို စတွန်းပေးတယ်။ ဖရက်ကတော့ မက်ဒါနာနားကိုကပ်လာပြီးပြောတယ်။

"မင်းသမီးလေးရဲ့မစ်ရှင်အတွက် ကျွန်တော့်ကို အသုံးဝင်မယ့်နေရာတစ်ခုမှာ ဝင်ပါခိုင်းလို့ ဝမ်းသာတယ်ဆိုပေမဲ့ ကျွန်တော်က ဗီလိန်လေ။ ကလေးတွေကို ဘာသင်လို့သင်ပေးရမှန်းသိတာမဟုတ်ဘူး။"

မက်ဒါနာက နာမည်ကျော် S rank ဗီလိန်ကြီးတစ်ယောက် ကျောင်းဆရာလုပ်ရမှာကို ထိတ်လန့်နေတာတွေ့တော့ ပါးစပ်ကိုလက်နဲ့ပိတ်ပြီး အူတက်အောင်ရယ်မိတော့တာပဲ။ သူ့ကိုယ်လေးတောင့် တသိမ့်သိမ့်တုန်နေပြီ။ နောက်မှ ရယ်ချင်စိတ်ကို အတင်းဖိနှိပ်ပြီး ပြန်ပြောဖြစ်တယ်။

"ငါသိသလောက် ဟီးရိုးကျောင်းပညာရေးစနစ်အရ ကျောင်းသားတွေကို မယူမနေရ ဘာသာရပ်ငါးခုသင်ပေးတယ်။ စာရိတ္တ၊ ကယ်ဆယ်ရေး၊ မြူတန့်သမိုင်း၊ ဟီးရိုးအထောက်အကူပြုပစ္စည်းသုံးနည်းနဲ့ လက်တွေ့တိုက်ခိုက်ရေးပညာပဲ။ အဲဒါတွေအပြင် ကျောင်းသားတွေက စိတ်ကြိုက်အဓိကဘာသာ တစ်ခုရွေးရသေးတယ်။ ဟီးရိုးနည်းပညာသင်တန်း၊ မြူတန့်ဇီဝဗေဒပညာနဲ့ ဥပဒေပညာပဲ။"

ကျောင်းအုပ်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်လို့ မက်ဒါနာက အမေရိကန်နိုင်ငံရဲ့ဟီးရိုးကျောင်းသင်ရိုးတွေကို လေ့လာထားတယ်။ ဖရက်ကတော့ အဲဒီဘာသာရပ်တွေကို တစ်ခါမှမကြားဖူးတဲ့ပုံစံနဲ့ မက်ဒါနာရဲ့မျက်နှာကို ကြောင်ကြောင်ကြီးကြည့်နေမိတယ်။

မက်ဒါနာကတော့ ဖရက်ရဲ့အူကြောင်ကြောင်မျက်နှာက ဟိုးအရင်အထက်တန်းကျောင်းက ဖရက်ရုပ်နဲ့အတော်လေးဆင်တယ်လို့ ခံစားမိပြီး ထပ်ရယ်မိပြန်တယ်။

"ဟုတ်ပြီဟုတ်ပြီ..ငါနင့်ကို တစ်ခုချင်းရှင်းပြမယ်သိလား။" မက်ဒါနာက ရှေ့က သွားနေတဲ့ ဆရာနှစ်ယောက်ကို ကြည့်လိုက်တယ်။ သူတို့က ဖြည်းဖြည်းချင်းသွားနေတာမလို့ ကျောင်းတိုက်ပွဲကွင်းကို မရောက်သေးဘူး။

မက်ဒါနာက ဖရက်ကို လက်တစ်ချောင်းထောင်ပြလိုက်တယ်။ "ပထမတစ်ခုဖြစ်တဲ့ စာရိတ္တကတော့ အတော်လေးရိုးရှင်းတယ်။ ဟီးရိုးတွေအနေနဲ့ ပြည်သူနိတိကိုနားလည်ဖို့နဲ့ သူရဲကောင်းစိတ်ဓာတ်ထားနိုင်ဖို့ သင်ကြားပေးတာ။ ဟီးရိုးတွေအတွက် စိတ်ထားမှန်ဖို့က အဓိကပဲလေ။ ဒီဘာသာရပ်အတွက် ဆရာလုပ်တဲ့သူက ဖတ်စာအုပ်ထဲက အယူအဆတွေကို သင်ပေးရုံပဲမလို့ သိပ်အာရုံများစရာမလိုဘူး။"

"ဒုတိယတစ်ခုကတော့ ကယ်ဆယ်ရေးဘာသာရပ်။ သဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ် ဗီလိန်တိုက်ခိုက်မှုနဲ့ကြုံရရင်ပဲဖြစ်ဖြစ် ဟီးရိုးတွေက မြို့နေပြည်သူတွေကို ကယ်ဆယ်ဖို့အတွက် အားထုတ်ရတယ်။ ဒါကြောင့် ဒီဘာသာရပ်ကိုထည့်ထားပြီး လက်တွေ့ရော စာတွေ့ရောပေါင်းသင်တယ်။"

"တတိယတစ်ခုကျတော့ မြူတန့်သမိုင်း။ ဟီးရိုးအစည်းအရုံး ဖြစ်ပေါ်လာပုံ၊ အဓိကကျတဲ့ ဟီးရိုးနဲ့ဗီလိန်တွေရဲ့တိုက်ပွဲတွေ၊ နာမည်ကျော်ဟီးရိုးတွေနဲ့ဗီလိန်တွေရဲ့အကြောင်းတွေကိုသင်တာ။"

မက်ဒါနာ ဖရက်ကိုရှင်းပြနေတုန်း အေမီက ဝှီးချဲကိုတွန်းနေတယ်။ ဝှီးချဲဘီးက ကွန်ကရစ်ကျောက်သားကျောင်းလမ်းပေါ်မှာ အသာလေးလိမ့်နေတယ်။ သူတို့တွေ တဖြည်းဖြည်းနဲ့ ကျောင်းရဲ့တိုက်ပွဲခန်းမကို သူတို့မြင်လာရပြီ။ တကယ်တော့ မက်ဒါနာအရင်က ဒီနေရာကိုရောက်ဖူးတယ်။ ဖားလေးနဲ့လက်ရည်စမ်းတုန်းကလေ။

တိုက်ပွဲခန်းမက အနည်းနဲ့အများတော့ သာမန်တက္ကသိုလ်အားကစားခန်းမတွေနဲ့တူတယ်။ စက်ဝိုင်းပုံစံတည်ဆောက်ထားတာဖြစ်လို့ ရောမကိုလိုစီယမ်အသေးစားလို့တောင် ထင်ရတယ်။ အနီးအနားမှာလည်း သစ်ပင်တွေစိုက်ပျိုးထားပြီး စိမ်းစိမ်းစိုစိုကြားထဲမှာ ထင်းထွက်နေတဲ့ အဖြူရောင်အားကစားကွင်းဟာ ဟီးရိုးကျောင်းရဲ့တိုက်ပွဲခန်းမပါပဲ။

အဲဒီတုန်းက ကျောင်းသားတွေဟာ အမြဲတမ်းလိုလို ဒီနေရာမှာ သူတို့ရဲ့စွမ်းအားတွေကို လေ့ကျင့်ရလေ့ရှိတယ်။ အခုတော့တိုက်ပွဲခန်းမဟာ ကျောင်းဝင်းထဲကအတိတ်ဆိတ်ဆုံးနေရာတစ်ခုဖြစ်နေတယ်။

"ဟီးရိုးအထောက်အကူပစ္စည်းသင်တန်းကတော့ ကျောင်းသားတွေကို လျှပ်စစ်လျှော့တိုက်လက်ပတ်သုံးနည်းသင်ပေးတာတို့ဘာတို့ပေါ့။ ဟီးရိုးတွေက သူတို့စွမ်းအားတွေအပြင် ဒီလိုနည်းပညာအကူအညီတွေလည်း ယူဖို့လိုတယ်။" မက်ဒါနာ အခုလိုပြောလိုက်တော့ ဖရက်က ကောင်းကင်ကြီးကို မော့ကြည့်တယ်။

"ကြားရသလောက်တော့ အဲဒီသင်တန်းက ကျွန်တော့်အတွက် မသင့်တော်ဆုံးသင်တန်းပဲထင်တယ်။" မက်ဒါနာလည်း ဖရက်ရဲ့စကားကြောင့် သူ့နဖူးသူ လက်ဝါးနဲ့ရိုက်မိလိုက်တယ်။ ဖရက်ရဲ့စွမ်းအားက သိပ်ကြီးလွန်းတဲ့အတွက် ဘာအကူပစ္စည်းမှမလိုဘူးလေ။ မက်ဒါနာလည်း ဖရက်ကစိတ်မပူအောင်လို့ ပြောလိုက်တယ်။

"မပူနဲ့၊ နင့်ကိုလည်း အဲဒီအတန်းပေးမသင်ဘူး။" မက်ဒါနာက နောက်ဆုံးဘာသာရပ်နဲ့အဓိကဘာသာတွေအကြောင်း ဆက်ရှင်းမပြတော့ဘဲ ရပ်ထားလိုက်တယ်။ အဲဒီအစား ခန်းမတံခါးကို ဖွင့်နေပြီဖြစ်တဲ့ ဆရာမဟဲရိုးနဲ့ဆရာအာသာကိုသာ ပြောင်းကြည့်လိုက်တယ်။

ချောက်...

သူတို့ရှေ့မှာပဲ အားကစားခန်းမတံခါးပွင့်သွားပြီး အတွင်းက လူရာချီထိုင်လို့ရတဲ့ ထိုင်ခုံတွေနဲ့ပြည့်နေတဲ့ တိုက်ပွဲခန်းမကို သူတို့စမြင်လိုက်ရတယ်။ အလယ်မှာတော့ မြူတန့်ကျောင်းသားတွေ တိုက်ခိုက်ဖို့အတွက် ပြုလုပ်ပေးထားတဲ့ နေရာလွတ်တစ်ခုရှိနေတယ်။

ဆရာမဟဲရိုးက အဲဒီနေရာလွတ်အလယ်ကို လျှောက်သွားလိုက်ပြီး သူ့ရဲ့ဟီးရိုးဝတ်စုံကို သေချာပြင်ဝတ်လိုက်တယ်။ အဲဲဒီနောက် မက်ဒါနာတို့လူအုပ်ထဲက ဖရက်နဲ့အေမီကိုကြည့်လိုက်ပြီး...

"ကဲ၊ နင်တို့နှစ်ယောက်ထဲက ကြိုက်တဲ့တစ်ယောက် အရင်လာခဲ့။"

နယူးယောက်ဟီးရိုးကျောင်းရဲ့ဆရာဖြစ်စစ်ဆေးမှု စတင်ပါပြီ။ မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး အေမီကို တီးတိုးပြောလိုက်တယ်။

"နင်အရင်သွား၊ ဒါပေမဲ့ B rank အဆင့်မှာပဲထိန်းထား။"

အေမီက မက်ဒါနာကို အိမ်စေဆန်ဆန်ဦးညွှတ်လိုက်ပြီး ပြန်ဖြေတယ်။ "အမိန့်အတိုင်းပါ သခင်မလေး။"

အဲဒီနောက် အေမီက လက်ကိုဝမ်းဗိုက်ရှေ့မှာ ယှက်တင်ထားပြီး တိုက်ပွဲကွင်းရဲ့အလယ်ကို ဗစ်တိုးရီးယားအိမ်စေဆန်ဆန် တစ်လှမ်းချင်းလျှောက်သွားလိုက်တယ်။

....

ဆရာမဟဲရိုးက အသက်ခြောက်ဆယ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်ဟီးရိုးတစ်ယောက်ပါ။ သူ့အဆင့်က B rank သာဖြစ်ပေမဲ့ အတွေ့အကြုံရင့်ကျက်မှုကြောင့် သာမန် B rankတွေက သူ့ကိုအနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ နောက်ဆုံးတစ်ကြိမ်ကနဲ့ယှဥ်ရင် သူ့ရဲ့စူပါဟီးရိုးဝတ်စုံကို အဆင့်မြှင့်ထားသေးတယ်။

ဆရာမဟဲရိုးရဲ့လက်ရှိဝတ်စုံက အပေါ်ပိုင်းကိုခရမ်းရောင်ကျည်ကာအထူသားနဲ့ ကာထားရုံတင်မကတော့ပါဘူး။ အတော်လေးထူထဲတဲ့ ကျည်ကာခေါင်းဆောင်းလည်းရှိတယ်။ အရည်ဗုံးတွေအပြင် ဆေးရည်ပစ်သေနတ်နှစ်လက်ကိုလည်း ခါးမှာချိတ်ထားသေးတယ်။ ပြီးတော့ အဲဒီလက်နက်တွေက သေချာပေါက်ကိုယ်တိုင်ပြုလုပ်ထားမှန်းသိသာတယ်။

အေမီနေရာယူပြီးတဲ့နောက် ဆရာမဟဲရိုးက စတိုက်တယ်။ ဝတ်စုံရဲ့ဖိနပ်နေရာမှာ ရိုးရိုးခွာတွေအစား စကိတ်ဘီးတွေရှိနေတယ်။ ဒါကြောင့် ဟဲရိုးရဲ့ဝတ်စုံဟာ သာမန်ထက်ပိုပြီးမြန်မြန်လှုပ်ရှားနိုင်တယ်။

စကိတ်စီးနေတဲ့ဟဲရိုးက ကွင်းကိုအမြန်နှုန်းနဲ့ပတ်သွားနေရင်း အေမီကိုအကဲခတ်နေတယ်။ မြန်လွန်းတဲ့အရှိန်ကြောင့် သာမန်လူသာဆိုရင် ဟဲရိုးရဲ့လှုပ်ရှားမှုတွေကို ကြည့်နေရင်း မူးနောက်လာမှာပါ။ ဒါပေမဲ့ အေမီကတော့ စက်ရုပ်တစ်ရုပ်ဖြစ်ပြီး အခုလိုလုပ်တာက အချည်းအနှီးပါပဲ။

ဝေါ....

ဟဲရိုးက စကိတ်စီးနေရာကနေ တစ်ရာ့ရှစ်ဆယ်ဒီဂရီတိတိ ရုတ်တရက်ချိုးကွေ့လိုက်တယ်။ အဲဒီနောက် သူ့လက်က ဆေးပုလင်းတစ်လုံးစီကို ရောက်သွားပြီး အေမီဆီကို လှမ်းပစ်လိုက်တယ်။ ဒီလိုအငိုက်ဖမ်းတိုက်ခိုက်မှုမျိုးက တော်ရုံလူတွေကို သက်ရောက်နိုင်ပေမဲ့ အေမီက စက္ကန့်ဝက်အတွင်းမှာပဲ ကိုယ်ကိုလှည့်ပြီး ရှောင်လိုက်တယ်။ ဒါပေမဲ့...

ခလွမ်း...

ဖန်ပုလင်းက မြေပြင်ကိုထိပြီးကျကွဲသွားတာနဲ့ ခရမ်းရောင် မီးတောက်တစ်ခုမြင့်တက်လာတယ်။ ဖန်ပုလင်းရဲ့အရွယ်အစားက လက်နှစ်လုံးစာပဲရှိတာဖြစ်ပေမဲ့ မီးတောက်က လူတစ်ရပ်လောက်မြင့်ပြီး အင်မတန်ပြင်းထန်တယ်။ အေမီဟာ သူ့ဝတ်စုံကို မထိခိုက်အောင်လို့ မီးတောက်မြင့်တက်လာချင်းမှာပဲ နောက်ကိုခုန်ဆုတ်လိုက်ပေမဲ့ တိုက်ကွက်က အခုမှစရုံပဲရှိပါသေးတယ်။

ဟဲရိုးက စတိတ်စီးနေရင်း ရုတ်တရက်ချိုးကွေ့ပြီး နောက်ထပ် ဆေးပုလင်းတွေနဲ့ပစ်တယ်။ ဒါဇင်နဲ့ချီတဲ့ ဆေးပုလင်းတွေက လေပေါ်မှာမြောက်နေပြီး တိုက်ပွဲကွင်းထဲမှာ ရောင်စုံမီးတောက်တွေ ဆက်တိုက်တောက်လောင်နေတယ်။ မီးတောက်တွေက စက္ကန့်ပိုင်းပဲပေါက်ကွဲတောက်လောင်ပြီး မကြာခင်မှာပဲ ပျောက်ဆုံးသွားတာဖြစ်ပေမဲ့ ရုတ်တရက်မြင့်တက်လာတဲ့အပူချိန်က လူသားတစ်ယောက်ကို အရှင်လတ်လတ်ကင်ပစ်ဖို့လုံလောက်ပါတယ်။ အေမီကတော့ အခုထိမတိုက်သေးဘဲ မီးတောက်တွေကို အသည်းအသန်ရှောင်နေသေးတယ်။

ဆရာမဟဲရိုးက တိုက်နေရင်း ရယ်မောလိုက်ပြီး ခါးမှာချိတ်ထားတဲ့ သေနတ်တစ်လက်ကို ထုတ်ကိုင်လိုက်တယ်။ "ကောင်မလေး၊ နင်ဒီအတိုင်း ရှောင်နိုင်ရုံနဲ့တော့ ငါ့ကိုမနိုင်ဘူးနော်။ ဒါလေးနဲ့ဆိုရင်ရော။"

ဖောင်း....

သေနတ်မောင်းကို ဆွဲလိုက်တာနဲ့ ပေါက်ကွဲသံတစ်ချက်နဲ့အတူ ပန်းနုရောင်မြူခိုးတွေက အေမီရဲ့မြင်ကွင်းကို ဖုံးသွားတယ်။ နောက်ထပ်တစ်ချက်သေနတ်မောင်းကိုဆွဲလိုက်တော့ မြူခိုးတွေက မီးတောက်တွေအဖြစ် ပေါက်ကွဲထွက်သွားပြီး တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေပါတယ်။

တိုက်ပွဲကြည့်နေတဲ့ ဖရက်က မျက်မှောင်ကြုတ်လိုက်ရင်း မက်ဒါနာကိုကြည့်ကာ ပြောလိုက်တယ်။ "ခုနက မင်းသမီးလေးပြောလို့ သူ့အားအကုန်တိုက်နေတာမဟုတ်ဘူးဆိုပေမဲ့ ဒီလောက်ထိညှာနေတာကျ မများလွန်းဘူးလား။"

အေမီက အခုအချိန်အထိ တန်ပြန်တိုက်စစ်မဆင်သေးဘူးလေ။ မက်ဒါနာကတော့ ပြုံးရုံလေးပြုံးပြီး ခေါင်းခါပြလိုက်တယ်။ "မဟုတ်ဘူး၊ အေမီက လောလောဆယ် ဟဲရိုးရဲ့လှုပ်ရှားပုံတွေကို မှတ်သားနေတာ။ သိပ်မကြာခင် ပြန်စတိုက်လိမ့်မယ်။"

ဧရာမပေါက်ကွဲမှုကြီး ပြီးဆုံးသွားပြီးတဲ့နောက်တော့ ဆရာမဟဲရိုးက စကိတ်စီးနေတာကို ရပ်လိုက်တယ်။ ပေါက်ကွဲပြီးဖြစ်ပေါ်လာတဲ့ မီးခိုးငွေ့တွေကြောင့် အေမီရဲ့အခြေအနေကို သူမမြင်ရသေးဘူး။ ဒါပေမဲ့ မီးခိုးငွေ့တွေ ပျောက်ကွယ်သွားပြီးနောက်တော့ အေမီက ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ ရှိမနေတာကို အံ့ဩစရာတွေ့လိုက်ရတယ်။

"မဖြစ်နိုင်တာ၊ ဒီလောက်အချိန်လေးအတွင်း သူဘယ်လိုလုပ်ပြီး အဲဒီနေရာကနေ ထွက်သွားနိုင်တာလဲ။" ဆရာမဟဲရိုး ပန်းနုရောင်မြူခိုးတွေနဲ့ပစ်ပြီး မီးစကူးအောင်မလုပ်ခင်တုန်းကတောင် အေမီရှိနေသေးတယ်လေ။

အခုတော့ အေမီက ပေါက်ကွဲမှုဖြစ်သွားတဲ့နေရာမှာရှိမနေတော့ဘဲ သူရှိနေသင့်တဲ့နေရာရဲ့ မီတာအနည်းငယ်အကွာမှာ အိမ်စေတစ်ယောက်ရပ်နေကျပုံစံအတိုင်း ရပ်နေတယ်။ ဒါပေမဲ့ ဆရာမဟဲရိုးသူ့ကို သတိထားမိသွားပြီး သိပ်မကြာခင်မှာပဲ ရှေ့မှာယှက်တင်ထားတဲ့ လက်နှစ်ဖက်ကို ဖြေလိုက်ပြီး ဆရာမဟဲရိုးဆီကို စပြေးလာတယ်။

ဒေါက်... ဒေါက်... ဒေါက်....

အေမီဝတ်ထားတဲ့ လေဒီရှူးဖိနပ်ဒေါက်က တိုက်ပွဲခန်းမရဲ့ကြမ်းပြင်ကို ပြင်းပြင်းရိုက်မိပြီး ခြေသံကျယ်ကျယ်ထွက်ပေါ်လာတယ်။ အေမီရဲ့အမြန်နှုန်းက သာမန်မိန်းကလေးတစ်ယောက် ပြေးနေတဲ့နှုန်းအတိုင်းပဲ ဒါပေမဲ့ဟဲရိုးက ဒီအမြန်နှုန်းဟာ သူ့ကိုလှည့်စားဖို့မှန်း သိနေပြီး သေနတ်နဲ့နောက်တစ်ခါ ချိန်ပစ်လိုက်ပြန်တယ်။ ဒီတစ်ခါတော့ ပန်းရောင်ဓာတ်ငွေ့တွေအစား အရည်ဗုံးပါတဲ့ဖန်လုံးတွေထွက်လာတယ်။

ဖောင်း....

ဒါပေမဲ့ အေမီက အရည်ဗုံးတွေကို ခုန်ရှောင်လိုက်တဲ့အတွက် မီးတောက်က ကြမ်းပြင်မှာပဲထလောက်လာပြီး အေမီကတော့ လေကြောင့်လှုပ်ယမ်းနေတဲ့ အိမ်စေဂါဝန်နဲ့အတူ ဘေးကင်းစွာပြန်ဆင်းသက်လာနိုင်တယ်။

"သေစမ်း..." အေမီကို အလွယ်တကူအနိုင်ယူဖို့ မဖြစ်နိုင်မှန်းလဲသိရော ဆရာမဟဲရိုးက စကိတ်ပြန်စီးပြီး ပြေးလွှားရင်းပစ်တဲ့ဗျူဟာကို စကျင့်သုံးတယ်။ ဒီလိုနဲ့တိုက်ပွဲခန်းမထဲမှာ အေမီက နောက်ကလိုက်၊ ဆရာမဟဲရိုးက ရှေ့ကပြေးနဲ့ ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေတစ်ခုဖြစ်လာတယ်။

ဆရာမဟဲရိုးက သေနတ်တွေနဲ့ဆက်တိုက်ပစ်နေတာကြောင့် ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးခိုးတွေဟာ တိုက်ပွဲခန်းမတစ်ဝက်လောက်ကို ဖုံးလွှမ်းထားပြီးပြီ။မက်ဒါနာလည်း မီးခိုးမှိုင်းတွေကို လက်ကလေးနဲ့ယပ်ခတ်ထုတ်ရင်း လှမ်းအော်ပြောလိုက်တယ်။

"အေမီ၊ မြန်မြန်အဆုံးသတ်လိုက်တော့။"

သခင်မလေးဆီက အမိန့်ရတာနဲ့ အေမီရဲ့အမြန်နှုန်းက ရုတ်တရက်မြင့်တက်သွားတယ်။ ရှေ့ကပြေးနေတဲ့ ဆရာမဟဲရိုးလည်း မူမမှန်မှုကို ခံစားလိုက်ရပြီး နောက်ကိုလှည့်ကြည့်တော့ အိမ်စေဝတ်စုံနဲ့ညိုချောကောင်မလေးက သူနဲ့ခြေတစ်လှမ်းအကွာမှာရောက်နေပြီဖြစ်ပြီး ညာလက်ကိုမြှောက်လိုက်တယ်။ အဲဒီနောက် ဓားသဏ္ဍာန်လက်သီးဟန်နဲ့အတူ ဆရာမဟဲရိုးဝတ်ထားတဲ့ နည်းပညာဝတ်စုံရဲ့အကူကျောရိုးကိုရိုက်ချလိုက်တယ်။

ဖြောင်း....

တစ်ခုခုကျိုးပြတ်သွားတဲ့ အသံကျယ်ကြီးနဲ့အတူ ဆရာမဟဲရိုးရဲ့သံချပ်ကာဝတ်စုံက တစ်စစီကျွတ်ထွက်သွားတယ်။ ဒါကြောင့် ဆရာမဟဲရိုးလည်း ဆက်မပြေးနိုင်တော့ဘဲ ဟန်ချက်ကိုတတ်နိုင်သမျှထိန်းရင် ရပ်လိုက်ရတယ်။ အနိုင်အရှုံးသဲကွဲသွားပါပြီ။

ဆရာမဟဲရိုးက အသက်ရှူနှုန်းကိုထိန်းထားရင်း ဆရာအာသာကို ပြောလိုက်တယ်။ "ဒီကောင်မလေးမဆိုးဘူး၊ အခုအင်အားက သူ့အင်အားအကုန်မဟုတ်လောက်သေးဘူးထင်တယ်။"

ဆရာအာသာကလည်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီနောက် မက်ဒါနာတို့ဘက်ကိုလှည့်ပြီး "မစ်ပေါ်လီယာနာ၊ ဒီအရုပ်မလေးကို ကျုပ်တို့ကျောင်းရဲ့ကျောင်းဆရာသစ်အဖြစ် လက်ခံပါမယ်။ နောက်တစ်ယောက်ကို ဆက်စစ်ဆေးတာပေါ့။"

ဆရာအာသာက တိုက်ပွဲကွင်းထဲကို ဆင်းလာတယ်။ ဖရက်ကလည်း တိုက်ပွဲကွင်းထဲလိုက်ဝင်ဖို့လုပ်တော့ မက်ဒါနာက ဖရက်ရဲ့အင်္ကျီလက်ကိုဆွဲထားလိုက်ပြီး...

"ဖရက်ရေ၊ တအားအလွန်အကျွံဖြစ်အောင် မလုပ်နဲ့နော်။" ဖရက်ကလည်း ခေါင်းညိတ်ပြီး စိတ်ချဖို့ပြောတယ်။

မက်ဒါနာကတော့ ဖရက်ကိုမဖြစ်လို့သာလွှတ်ရပေမဲ့ သိပ်စိတ်မချဘူးရယ်။ ဒီဗီလိန်ကောင် လက်လွန်သွားရင် ကျောင်းကို သူဘယ်လိုရှင်းပြရမှာလဲ။

ဒါပေမဲ့ မကြာခင်မှာပဲ ဖရက်နဲ့အာသာတို့ တိုက်ပွဲခန်းမမှာ မျက်နှာချင်းဆိုင်မိကြပြီ။ အာသာကတော့ အခုတိုက်ပွဲအပေါ်မှာ တော်တော်လေးယုံကြည်ချက်ရှိနေပုံပဲ။ သူက ဖရက်ကို မျက်ခုံးပင့်ပြပြီး သူ့ဟီးရိုးဝတ်စုံကို သေချာပြန်ဝတ်ရင်း ပြောလိုက်တယ်။

"ကောင်လေး၊ ငါက အတွေ့အကြုံရင့် B rank မင်းသတိထားသင့်တယ်။"

ဖရက်ကတော့ အေးတိအေးစက်မျက်နှာနဲ့ အာသာကို ခေါင်းညိတ်ပြပြီး တစ်ခွန်းတည်းမေးလိုက်တယ်။

"အခုစလို့ရပြီလား။"

အာသာက ခေါင်းညိတ်ပြတယ်။ "ရပြီလေ။"

ဘောင်း....

အဲဒီနောက်တော့ အာသာတစ်ယောက် လေထုပေါက်ကွဲသံတစ်ချက်ကို ကြားလိုက်ရပြီး သူ့တစ်ကိုယ်လုံး လေပေါ်ကိုမြောက်တက်သွားတယ်။ သူ့ကိုယ်သူ ဘာဖြစ်လို့ဖြစ်သွားမှန်း သတိမထားမိသေးခင်မှာပဲ သူ့ခန္ဓာကိုယ်က မြေပေါ်ကို ပြန်ပြုတ်ကျလာနေပါပြီ။

ဘုန်း....

မကြာခင်မှာပဲ သူ့ခေါင်းတစ်ခုလုံး လစ်ဟာသွားပြီး ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးကို မြင်လိုက်ရလေတော့တယ်။

"ဒီကောင်တော့ လုပ်ချလိုက်ပြီ။"

မက်ဒါနာတစ်ယောက် ဆရာအာသာမြေပေါ်မြောက်တက်သွားပြီး ပြန်ပြုတ်ကျလာတဲ့မြင်ကွင်းကိုကြည့်ရင်း သူ့နဖူးသူရိုက်လိုက်မိတယ်။ ဖရက်အတောင်ပံတစ်ဝက်ကို ထုတ်လိုက်ကတည်းက ဒီလိုဖြစ်တော့မယ်ဆိုတာသိပြီးသား။ ဖရက်ကတော့ မက်ဒါနာကို လှမ်းပြီးပခုံးတွန့်ပြတယ်။ နောက်တော့...

"ငါက သူရှောင်နိုင်မယ်ထင်နေတာ..."လို့ အရှက်ပြေပြောလိုက်လေရဲ့။

All Chapters