ပိုမိုနက်ရှိုင်းသော ပြဿနာများ
Vol. 6 Ch. 9
လက်ရည်စမ်းပွဲပြီးတဲ့နောက်တော့ မက်ဒါနာတစ်ယောက် ရုံးခန်းထဲဝင်ပြီး နွေရာသီကျောင်းပေါင်းစုံ ပညာရေးပြပွဲအတွက် ပြင်ဆင်ရတယ်။ ကျောင်းအုပ်ရုံးခန်းက အရင်တစ်ခါသူရောက်ဖူးတုန်းကပုံစံနဲ့ တစ်ထေရာတည်းပဲ။
ကျောင်းအုပ်ရုံးခန်းအများစုမှာ တွေ့နေကျအတိုင်းပဲ အညိုရောင်ပေါလစ်တင်ထားတဲ့ စားပွဲခုံအကြီးကြီးရယ် စားပွဲခုံနောက်က ထိုင်ခုံရယ်ရှိတယ်။ စားပွဲခုံပေါ်မှာတော့ ကျောင်းအုပ်ပေါ်လီယာနာဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်အသေးလေးထောင်ထားတယ်။ ကြည့်ရတာ ဆရာအာသာတို့တွေ သူ့အတွက်ဒီအခန်းကို ရှင်းပေးပြီးသားဖြစ်မယ်။
"အေမီရေ၊ ငါ့ကိုခုံဖယ်ပေး။" မက်ဒါနာက သူ့အတွက်အသုံးမဝင်တဲ့ ကျောင်းအုပ်ကြီးထိုင်ခုံကို ဖယ်ခိုင်းလိုက်ပြီး ဝှီးချဲလေးနဲ့ ရုံးစားပွဲနောက်မှာနေရာယူထားလိုက်တယ်။ အဲဒီနောက် အခန်းကိုလှည့်ပတ်ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။
ပြတင်းပေါက်ကို ဝါးကားလိပ်နဲ့ကာထားပေမဲ့ ဝါးချပ်တစ်ခုနဲ့တစ်ခုအကြားကနေ ကျနေတဲ့နေရောင်ကြောင့် အခန်းတစ်ခုလုံးကို သူရှင်းရှင်းလင်းလင်းမြင်နေရတယ်။ အခန်းထဲမှာ ဗီရိုနှစ်လုံးရှိတယ်။ အေမီကို ဖွင့်ကြည့်ခိုင်းတော့ အထဲမှာ နှစ်အစဥ်အလိုက် ကျောင်းသားတွေရဲ့ဖိုင်တွေပါတယ်။ ဖိုင်ဟောင်းတချို့ကို လှန်ကြည့်တော့ နယူးယောက်ရဲ့ဝါရင့်ဟီးရိုးတစ်ဝက်လောက်က ဒီကျောင်းက ဘွဲ့ရတဲ့သူတွေဖြစ်နေတယ်။
"အံ့ဩစရာပဲ၊ ဒီလိုဂုဏ်သိက္ခာရှိကျောင်းတစ်ကျောင်းက ဒီလိုအဖြစ်မျိုးနဲ့ကြုံရတယ်လို့။" ဖိုင်ပေါ်က ဓာတ်ပုံတွေကို မက်ဒါနာတစ်ယောက် လက်နဲ့ထိတွေ့ကြည့်ရင်း ခေါင်းခါလိုက်တယ်။ တစ်ချိန်က ထိပ်သီးဖြစ်ဖူးတဲ့ကျောင်းက အခုတော့ အတိတ်ရဲ့အရိပ်တစ်ခုသာသာပါပဲ။
မက်ဒါနာက ဟောင်းနွမ်းနေတဲ့ ကျောင်းသားစာရင်းဖိုင်ကို ပိတ်လိုက်ပြီး နံရံမှာချိတ်ထားတဲ့ ကပ္ပတိန်စတိတ်မန်းရဲ့ပုံကို မော့ကြည့်တယ်။ တကယ်တော့ စတိတ်မန်းရဲ့ပုံအောက်နားလေးမှာ မက်ဒါနာရှေ့မှာတင် သေသွားခဲ့တဲ့ ကျောင်းအုပ်အဖွားအိုရဲ့ပုံလည်းရှိနေတယ်။ သူတို့လုပ်ခဲ့တဲ့ အပေးအယူအရဆိုရင် မက်ဒါနာအနေနဲ့ ဒီကျောင်းကိုစောင့်ရှောက်ပေးဖို့ တာဝန်ရှိနေတယ်။
သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီးနောက် မက်ဒါနာက သူ့ရဲ့တက်ပလပ်လေးကိုထုတ်ပြီး နွေရာသီကျောင်းပေါင်းစုံပညာရေးပြပွဲအတွက် အချက်အလက်တွေရှာကြည့်ဖြစ်တယ်။
အမေရိကန်ရဲ့အလယ်တန်းနဲ့အထက်တန်းကျောင်းတွေက နှစ်တိုင်းနွေရာသီကာလမှာ ကျောင်းသားသစ်လက်ခံတယ်။ ဟီးရိုးကျောင်းတွေလည်း အတူတူပဲဖြစ်ပြီး နှစ်တစ်နှစ်ရဲ့မေလကနေစပြီး ဇွန်လအထိ ကျောင်းအပ်လက်ခံကာလပါ။ ဒါပေမဲ့ ကျောင်းမှာနေရာလွတ်ရှိနေသမျှ တစ်နှစ်လုံးလည်း ကျောင်းအပ်လက်ခံနေတယ်ဆိုတာကိုတော့ မမေ့သင့်ဘူး။
ကျောင်းပေါင်းစုံပညာရေးပြပွဲကတော့ ဟီးရိုးဖြစ်ချင်တဲ့ကျောင်းသားတွေ ကျောင်းရွေးရလွယ်အောင် အစိုးရက စီစဥ်ပေးထားတဲ့ ပွဲတော်တစ်ခုပါ။ ပြောရရင်တော့ စျေးရောင်းပွဲတော်တစ်ခုနဲ့ အတော်လေးတူညီပြီး ကျောင်းသားသစ်များများရအောင် ဟီးရိုးကျောင်းတွေက ပရိုမိုးရှင်းအပြိုင်ဆင်းကြရတယ်။
မက်ဒါနာတွေ့သလောက် တချို့ကျောင်းတွေက သူတို့ကျောင်းမှာတက်လက်စ ထူးချွန်ကျောင်းသားတွေကိုခေါ်လာပြီး သူတို့မြူတန့်စွမ်းအားတွေကို ထုတ်ပြခိုင်းတတ်တယ်။ လက်ရှိကျောင်းသားအင်အားနဲ့ ကျောင်းသားသစ်တွေကို ဆွဲဆောင်တာပေါ့။ ဒီဗျူဟာက အတော်လေးအလုပ်ဖြစ်ပြီး အင်အားကြီးကျောင်းသားတွေကို ပိုင်ဆိုင်ထားတဲ့ ကျောင်းတွေကပိုများတဲ့ ကျောင်းသားအရေအတွက်ကို ရရှိဖို့အာမခံချက်ရှိနေတယ်။
တချို့ကျောင်းတွေကတော့ ကျောင်းစာသင်ဆောင်၊ ကန့်တင်း၊ တိုက်ပွဲကွင်း စတာတွေလို ကျောင်းတွင်းက ပညာရေးအဆောက်အအုံတွေနဲ့သင်ထောက်ကူပစ္စည်းတွေကို ဓာတ်ပုံရိုက်ပြီး ကြွားတတ်ကြတယ်။ ဒီကျောင်းမှာနေရင် အမိုက်စားနေရာမှာစာသင်ရမယ်ဆိုပြီး ဖြားယောင်းတဲ့ဗျူဟာပေါ့။
နောက်တစ်ခုကတော့ ကျောင်းလခပါ။ ထိပ်သီးကျောင်းကြီးတွေက ကျောင်းလခများတဲ့အတွက်ကြောင့် အစိုးရကျောင်းတွေနဲ့နာမည်မရှိတဲ့ ပုဂ္ဂလိကကျောင်းတွေက ကျောင်းလခကို နည်းနိုင်သလောက်နည်းအောင် ကြိုးစားကြပါတယ်။ ဟီးရိုးဖြစ်ချင်တဲ့ လူငယ်တိုင်းက ကျောင်းလခအများကြီးတတ်နိုင်တာမဟုတ်ပါဘူး။ တချို့ကျောင်းသားတွေဆိုရင် ကျောင်းသားချေးငွေနဲ့ ကျောင်းတက်ကြပြီး ဟီးရိုးဖြစ်လာမှ ဆယ်စုနှစ်နဲ့ချီပြီး ပြန်ဆပ်ကြရတာပါ။
ဒီတော့ ဟီးရိုးကျောင်းတစ်ခုက နာမည်မကြီးပေမဲ့ ကျောင်းလခသက်သာတဲ့အတွက် ကျောင်းသားများများရနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြောရရင် လွန်ခဲ့တဲ့နှစ်ကအထိ နယူးယောက်ဟီးရိုးကျောင်းက အဲဒီနည်းဗျူဟာနဲ့ အတော်လေးအလုပ်ဖြစ်ခဲ့တာ။ ဗီလိန်တွေ လာမတိုက်ခင်အထိပေါ့။
မက်ဒါနာက လက်ရှိဟီးရိုးကျောင်းရဲ့အခြေအနေကို စစ်ဆေးကြည့်ဖို့အတွက် စီးပွားရေးသီအိုရီတစ်ခုဖြစ်တဲ့ SWOT analysis ကိုအသုံးချကြည့်တယ်။ ဒါကလည်း သူအွန်လိုင်းကနေ စိတ်ကူးပေါက်ပြီး လိုက်ရှာသင်လာတဲ့တစ်ခုပဲ။
Strength အားသာချက်၊ အားနည်းချက် Weakness၊ အခွင့်အလမ်း Opportunities၊ ခြိမ်းခြောက်မှု Threatsပေါ့။ အဲဒီလိုစစ်ဆေးပြီးတဲ့နောက် ကိုယ့်ဘာသာကိုယ် လျှာရှည်မိတာကို ပြန်ပြီးနောင်တရသွားမိတယ်။
"ဘုရားရေ၊ ငါ့ကျောင်းက အတော်အခြေအနေဆိုးနေတာပဲ။" မက်ဒါနာရဲ့အသံလွင်လွင်လေးက အခန်းထဲမှာ ပဲ့တင်သံထပ်သွားတယ်။ တစ်ချိန်လုံးအခန်းထောင့်မှာရှိနေပြီး သခင်မလေးအလုပ်လုပ်နေတာကိုတိတ်တိတ်ကလေး စောင့်ကြည့်နေတဲ့ အေမီတောင် ခေါင်းထောင်ပြီး မက်ဒါနာကို ကြည့်လိုက်တယ်။
မက်ဒါနာကတော့ တစ်ယောက်တည်း အရူးတစ်ယောက်လိုမျိုး စကားပြောနေပြီး ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို မေ့ထားပါတယ်။ "ငါတို့မှာ အားသာချက်အနေနဲ့ ကျောင်းလခသက်သာတာတစ်ခုပဲရှိတယ်။ ဆရာအင်အားလည်းနည်းတယ်၊ ကျောင်းဂုဏ်သိက္ခာလည်းမကောင်းဘူး၊ ကျောင်းသင်ထောက်ကူပစ္စည်းတွေကလည်း ဟောင်းနေပြီ၊ ကျောင်းအဆောက်အအုံတွေကလည်း လိုအပ်ချက်ပြည့်မီရုံပဲရှိတယ်။"
ပြောရရင် မက်ဒါနာအနေနဲ့ တခြားကျောင်းတွေသုံးနေတဲ့ ဗျူဟာနှစ်ခုကို အခုလောလောဆယ်သုံးလို့မရသေးဘူး။ ကျောင်းသားတွေနဲ့ အင်အားပြဖို့အတွက်ဆို ဘာကျောင်းသားမှရှိမနေဘူး။ ကျောင်းအခြေခံအဆောက်အအုံနဲ့ သင်ထောက်ကူအခြေအနေကလည်း ပုံမှန်ထက်ဆိုးဝါးနေသေးတယ်။
မက်ဒါနာက လက်ပိုက်ထားရင်း အခန်းမျက်နှာကျက်ကို မော့ကြည့်လိုက်တယ်။ "ငါသာ ဟီးရိုးဖြစ်ချင်တဲ့ အထက်တန်းကျောင်းသား မြူတန့်တစ်ယောက်ဆိုရင် ကျောင်းလခသက်သာတာနဲ့ နယူးယောက်ဟီးရိုးကျောင်းကိုရွေးမလား။ နိုး... လုံးဝပဲ။"
ရှင်းရှင်းပြောရရင် မက်ဒါနာအနေနဲ့ ဒီကျောင်းကို အလကားပေးတောင် လာတက်မှာမဟုတ်ဘူး။ ဒီတော့ အဖြေက အရှင်းကြီးဥစ္စာ။ မြူတန့်ဌာနစိတ်က ဒီကျောင်းကိုပိတ်ပြီး တခြားကျောင်းကိုရောင်းချင်နေတာ အကြောင်းမဲ့တော့မဟုတ်ဘူး။
အဲဲဒီနောက် မက်ဒါနာက ခနလောက်ငြိမ်ပြီး ပြန်စဥ်းစားကြည့်တယ်။ သူ့လက်ထဲမှာတော့ ဒီဂျစ်တယ်ဘောပင်ကိုကိုင်ထားပြီး သူတက်ပလပ်ပေါ်မှာဆွဲလိုက်တဲ့ SWOT analysisကိုပဲ ကြည့်နေမိတယ်။ အဲဲဒီနောက်တော့ မက်ဒါနာက အေမီဖက်ကိုလှည့်ပြီး ဆရာမဟဲရိုးကို ခေါ်ခိုင်းလိုက်တယ်။
သိပ်မကြာခင်မှာပဲ အေမီက ဆရာမဟဲရိုးကိုခေါ်ပြီးပြန်ရောက်လာတယ်။ မက်ဒါနာက ဆရာမဟဲရိုးကို ခေါင်းညိတ်ပြတယ်။ "ဆရာမဟဲရိုး၊ ကျွန်မတို့မှာ ဘားဂျက်ဘယ်လောက်ရှိသေးလဲ။"
မက်ဒါနာက ရှိနေသေးတဲ့ ငွေတွေကိုသုံးပြီး ကျောင်းရဲ့အခြေအနေကို တတ်နိုင်သမျှပြင်ဆင်ဖို့ ဆုံးဖြတ်ထားတယ်။ ဆရာမဟဲရိုးကလည်း သူ့ဖုန်းကိုထုတ်လိုက်ပြီး ကျောင်းဘဏ်အကောင့်ကို စစ်ကြည့်လိုက်တယ်။ အဲဒီနောက် မက်ဒါနာကို ပြန်မော့ကြည့်ပြီးဖြေတယ်။
"ဒေါ်လာလေးသိန်းကျန်ပါသေးတယ်။" မက်ဒါနာက ဒါကိုကြားတော့ ခေါင်းညိတ်ပြီး သုံးသပ်လိုက်ပါတယ်။
"ကြားရတာတော့ ဒီနှစ်ကျောင်းဆရာတွေကို လခပေးဖို့အတွက်ပဲ လုံလောက်တဲ့ပုံပဲ။" အချက်အလက်တွေအရဆိုရင် ဟီးရိုးကျောင်းဆရာတစ်ယောက်ရဲ့တစ်နှစ်လုပ်အားခက ဒေါ်လာခြောက်သောင်းပါ။ ကျောင်းဖွဲ့စည်းပုံအရ သူတို့တွေဆရာငါးယောက်နဲ့ ကျောင်းအုပ်တစ်ယောက်ခန့်ဖို့လိုတယ်။ ကျောင်းအုပ်တစ်ယောက်ရဲ့ကျောင်းလခကတော့ ဒေါ်လာကိုးသောင်းဖြစ်တာကြောင့် ဒေါ်လာလေးသိန်းက ကျောင်းဆရာတွေရဲ့လခနဲ့တင် ကုန်သွားမှာပါ။
"ကျောင်းရဲ့သင်ထောက်ကူပစ္စည်းတွေအခြေအနေကရော။" မက်ဒါနာက ကျောင်းအုပ်ဖြစ်လာတာမကြာသေးတော့ ဒီလိုအသေးအမွှားကိစ္စတွေ မသိသေးဘူး။ ဆရာမဟဲရိုးကတော့ သူ့ရဲ့ကျွဲကော်ကိုင်းမျက်မှန်ကို ပင့်လိုက်ပြီး မက်ဒါနာကို တိကျတဲ့အဖြေတစ်ခု ပြန်ပေးတယ်။
"ဟီးရိုးအကူပစ္စည်းသင်တန်းအတွက်တော့ အရင်နှစ်က ပစ္စည်းတွေပြန်သုံးလို့ရပေမဲ့ တချို့ပစ္စည်းတွေက အိုဟောင်းနေပြီ။ အထူးသဖြင့် လက်တွေ့တိုက်ခိုက်ရေးပညာသင်တန်းအတွက်သုံးတဲ့ စက်ရုပ်တွေက အိုဟောင်းနေလို့ ပြန်အစားထိုးမယ်ဆိုရင် နောက်ထပ်ဒေါ်လာတစ်သိန်းလောက် လိုလိမ့်မယ်။"
မက်ဒါနာ မျက်ခုံးပင့်လိုက်ပေမဲ့ ရယ်ချင်စိတ်ကြောင့် ပြုံးလိုက်မိတယ်။ အဲဲဒီနောက် အေမီကိုလှည့်ကြည့်ပြီး "လက်တွေ့တိုက်ခိုက်ရေးအတန်းအတွက်တော့ ကျွန်မတို့မှာ အကောင်းဆုံးသင်ထောက်ကူစက်ရုပ် ရှိနေပြီးသားထင်တယ်။"
သေချာပေါက် တခြားသင်ထောက်ကူစက်ရုပ်တွေက အေမီရဲ့စွမ်းအားကို ယှဥ်နိုင်မှာမဟုတ်ဘူး။ မက်ဒါနာက ရိုးရိုးလေးပဲ စိတ်ကူးယဥ်ကြည့်လိုက်တယ်။ အဲဒီကျောင်းသားသစ်တွေကို အေမီနဲ့တွဲပြီးလေ့ကျင့်ပေးရင် အတော်ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုဖြစ်လာတော့မှာ။
"ကျောင်းယူနီဖောင်းတွေနဲ့ကျောင်းစာအုပ်တွေကရော။" မက်ဒါနာက တခြားကိစ္စတွေကို ဆက်မေးတယ်။ ဆရာမဟဲရိုးကလည်း ပြန်ဖြေတယ်။
"ကျောင်းဝတ်စုံတွေနဲ့စာအုပ်တွေအပါအဝင် ကျောင်းလေ့လာရေးခရီးစရိတ်တို့ဘာတို့က ကျောင်းအပ်လက်ခံကတည်းက ကျောင်းစရိတ်ထဲမှာ ထည့်တွက်ပြီးသားမလို့ ကျောင်းသားတွေ ပေးရပါတယ်။ တကယ့်ပြဿနာက ကျွန်မတို့မှာ ဒီနှစ်အတွက် မီတာခနဲ့တခြားဝန်ထမ်းတွေကို လခပေးဖို့ အခက်တွေ့ပါလိမ့်မယ်။"
မက်ဒါနာတစ်ယောက် စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ခေါင်းကိုယ်သာ ရိုက်ခွဲပစ်ချင်တော့တယ်။ အခုလောလောဆယ် သူတို့မှာကျောင်းဆရာလခရှိပေမဲ့ လုံခြုံရေးဦးလေးကြီးလိုမျိုး အရံဝန်ထမ်းတွေကို ပိုက်ဆံပေးရဦးမယ်။ မက်ဒါနာက လက်ညိုးလေးထောင်ပြီး မေးလိုက်တယ်။
"ငါတို့မှာ အထွေထွေဝန်ထမ်း ဘယ်လောက်ရှိလဲ။"
ဆရာမဟဲရိုးက ဝန်ထမ်းစာရင်းကို ဖုန်းထဲကနေထုတ်ပြီး မက်ဒါနာကို ပြန်ဖြေပေးတယ်။ "သန့်ရှင်းရေးဝန်ထမ်းလေးယောက်နဲ့ လုံခြုံရေးဝန်ထမ်းတစ်ယောက်ပါ။ သူတို့တစ်ယောက်ချင်းစီအတွက် တစ်နှစ်ကို ဒေါ်လာနှစ်သောင်းလောက်ပေးရပြီး တစ်နှစ်ကို ဒေါ်လာနှစ်သိန်းလေးသောင်းပေးရပါတယ်။" ပြောရရင် ဒီလူတွေအတွက်လည်း သူတို့မှာပေးစရာပိုက်ဆံမရှိပြန်ဘူး။
"ဘာလို့ နင်တို့တွေ လုံခြုံရေးစက်ရုပ်တို့ သန့်ရှင်းရေးစက်ရုပ်တို့ ဝယ်မသုံးကြတာလဲ။" မက်ဒါနာအထွန့်တက်လိုက်တော့ ဆရာမဟဲရိုးက ပခုံးတွန့်ပြတယ်။
"တစ်ပုံတည်းပေးပြီးဝယ်စရာပိုက်ဆံမရှိလို့။" ဒီအဖြေက အတော်လေးတော့ သဘာဝကျတယ်။ မက်ဒါနာပြောတဲ့ စက်ရုပ်တွေက အတော်လေးစျေးကြီးပြီး သာမန်လူသားဝန်ထမ်းတွေကိုတောင် လခမနည်းပေးနေရတဲ့ ကျောင်းတစ်ကျောင်းအတွက်တော့ တစ်ခါတည်းဝယ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မက်ဒါနာအကြည့်က အေမီဆီကို ထပ်ရောက်သွားပြန်တယ်။
"လုံခြုံရေးဦးလေးကြီးကလွဲလို့ ကျန်တဲ့ဝန်ထမ်းတွေဖြုတ်လိုက်တော့။ ငါတို့မှာ အမှိုက်သိမ်းပေးမယ့် အိမ်စေမလေးရှိတယ်။" မက်ဒါနာက ပြောရင်းနဲ့ဆိုရင်းနဲ့ သက်ပြင်းချတယ်။ နောက်တော့ ဆရာမဟဲရိုးကို ကြည့်လိုက်ပြီး မက်ဒါနာက ပြောလိုက်တယ်။
"ဒါနဲ့ ငါက ကျောင်းအုပ်ဆိုတော့ ကျောင်းစည်းကမ်းတွေ ပြင်လို့ရတယ်မလား။" ဆရာမဟဲရိုးက သူတို့ရဲ့ကျောင်းအုပ်အသစ်လေး ဘာကြံနေမှန်းမသိတော့ စဥ်းစားကြည့်ရင်း ခေါင်းထပ်ညိတ်ပြတယ်။ မက်ဒါနာကလည်း
"ဒါဆိုရင် ငါတို့တွေ ဂျပန်ကျောင်းတွေမှာကျင့်သုံးတဲ့နည်းအတိုင်း ကျောင်းဆင်းရင် ကျောင်းပြင်ပလှုပ်ရှားမှုအနေနဲ့ ကျောင်းသားတွေကို အမှိုက်ကောက်ခိုင်းလို့ရတယ်မဟုတ်လား။"
"ကျွန်မ ဒီနှစ်ကျောင်းလက်ကမ်းစာစောင်မှာ အဲဒီစည်းကမ်းကို ပြင်ထည့်ပေးလိုက်ပါမယ်။" ဆရာမဟဲရိုးက မက်ဒါနာရဲ့ကျောင်းစည်းကမ်းအသစ်ကို ငြင်းတောင်မနေဘဲနဲ့ ပျော်ရွှင်စွာနဲ့ မှတ်စုထဲရေးမှတ်လိုက်တယ်။
ဆရာမဟဲရိုး မှတ်စုမှတ်နေတုန်း မက်ဒါနာက နောက်ကိစ္စတစ်ခုကို တွေးမိပြန်တယ်။ ဟီးရိုးကျောင်းတွေကြားက ပြိုင်ဆိုင်မှုအခြေအနေပါ။ လောလောဆယ် မက်ဒါနာက သူတို့ကျောင်းရဲ့အားနည်းချက်အားသာချက်တွေကို သိပြီးပြီဆိုပေမဲ့ ပြိုင်ဘက်တွေရဲ့အခြေအနေကိုကျတော့ မသိသေးဘူး။ ဒါကြောင့် သူက ဒီလိုကိစ္စတွေမှာ အတွေ့အကြုံရှိပြီးဖြစ်တဲ့ဆရာမဟဲရိုးကို မေးလိုက်ပါတယ်။
"ဆရာမဟဲရိုးရေ၊ ရှင်တို့အမေရိကန်မှာ ဟီးရိုးကျောင်းဘယ်နှစ်ကျောင်းရှိလဲ။"
မှတ်စုမှတ်လို့ပြီးသွားတဲ့ ဆရာမဟဲရိုးက သေချာစဥ်းစားရင်း ပြန်ဖြေတယ်။ "အရင်နှစ်တွေကတော့ အစိုးရကျောင်းနဲ့ပုဂ္ဂလိကကျောင်းစုစုပေါင်း နှစ်ဆယ်ကျော်လောက်ရှိတယ်။ ဒါပေမဲ့ ဥပဒေအသစ်ကြောင့် ဒီနှစ်မှတ်ပုံပြန်တင်တော့ ကျွန်မတို့ကျောင်းအပါအဝင် ရှစ်ကျောင်းပဲ ကျန်တာ။ ကျောင်း၂ခုပဲ အစိုးရကျောင်းတွေဖြစ်ပြီး ကျန်တာတွေက ပုဂ္ဂလိကကျောင်းတွေ။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး "ဒီတော့ ကျောင်းတစ်ဝက်ကျော်လောက် ပိတ်လိုက်ရတာပေါ့။" ဆရာမဟဲရိုးက မက်ဒါနာကို အခြေအနေနားလည်လာအောင် ဆက်ရှင်းပြတယ်။
"လောလောဆယ် ထိပ်သီးကျောင်းသုံးကျောင်းလုံးက ပုဂ္ဂလိကကျောင်းတွေ။ နံပါတ်တစ်က စူပါအမေရိက၊ နှစ်က ဘော့စတွန်စမစ်၊ သုံးက လင်းကွန်းဟီးရိုးသင်တန်းကျောင်း။"
စူပါအမေရိကဟီးရိုးကျောင်းကိုတော့ မက်ဒါနာရင်းနှီးတယ်။ နတ်ဆိုးကိုးကွယ်သူများအသင်းက ကောင်လေးတွေက အဲဒီကျောင်းမှာ တတ်ခဲ့တာဖြစ်ပြီး ဖလိမ်းဂါးဒီးယမ်းတည်ထောင်တဲ့ ကျောင်းလည်းဖြစ်တယ်။ တခြားနှစ်ကျောင်းကိုတော့ မက်ဒါနာမရင်းနှီးဘူး။
"ပြောခါမှ စူပါအမေရိကကျောင်းက နယူးယောက်မှာ ကျောင်းခွဲဖွင့်ဖို့ ကြိုးစားနေတာမဟုတ်လား။"
လေဆာအိုင်းပြောသလိုဆိုရင် အဲဒီကျောင်းက သူတို့ကျောင်းမြေကိုတောင် ဝယ်ဖို့ကြိုးစားခဲ့သေးတယ်။ ဆရာမဟဲရိုးက စူပါအမေရိကကျောင်းကိစ္စကိုကြားတော့ မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကိုခါယမ်းလိုက်တယ်။
"ဟီးရိုးကျောင်းအများစုမှာ A အဆင့်ကျောင်းအုပ်မရှိတော့ ကျောင်းအတော်များများ ပိတ်လိုက်ရတယ်။ စူပါအမေရိကကျောင်းရဲ့တည်ထောင်သူ ဖလိမ်းဂါးဒီးယမ်းက အစိုးရနောက်ခံရှိတော့ ပိတ်လိုက်ရတဲ့ကျောင်းတွေကို လိုက်ဝယ်ပြီး ကျောင်းခွဲတွေဖွင့်နေတာ။ ပြောရရင် ဟီးရိုးကျောင်းစျေးကွက်ကို လက်ဝါးကြီးအုပ်ချင်တဲ့သဘောပေါ့။"
မက်ဒါနာက ဒီကိစ္စကို သေချာစဥ်းစားကြည့်ပါတယ်။ ဟီးရိုးကျောင်းအများစုက အပိတ်ခံရမယ့်အတူတူ ဆက်အလုပ်လုပ်လို့ရစေဖို့အတွက် စူပါအမေရိကကျောင်းနဲ့ ပူးပေါင်းဖို့ စဥ်းစားကြောင်းစဥ်းစားခဲ့ပါလိမ့်မယ်။ ဒီနည်းနဲ့ အဲဒီကျောင်းတွေက ကျောင်းခွဲတွေအဖြစ်နဲ့ စူပါအမေရိကကျောင်းအောက်မှာ ဆက်ပြီးအသက်ရှင်နိုင်လိမ့်ဦးမယ်။ နယူးယောက်ကျောင်းကလည်း သူမရောက်ခင်ကအထိ အဲဒီလိုကံကြမ္မာမျိုးနဲ့ ကြုံခဲ့ရတာပါ။
"ဒီတော့ ငါတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်လာနိုင်တာက စူပါအမေရိကကျောင်းပေါ့။ သူတို့ငါတို့ကျောင်းကို မရသွားဘူးဆိုပေမဲ့ နယူးယောက်စျေးကွက်ကိုတော့ လက်လျှော့ဦးမယ်မထင်ဘူး။"
မက်ဒါနာက သူ့အမြင်ကို ပြောလိုက်တယ်။ တကယ်တော့ ဟီးရိုးကျောင်းတွေက ကျောင်းသားတွေဘက်ကကြည့်ရင် ပညာရေးအဆောက်အဦးတွေဖြစ်ပေမဲ့ ကျောင်းပိုင်ရှင်တွေဘက်ကကြည့်ရင် စီးပွားရေးလုပ်ငန်းတွေပါ။ ကမ္ဘာအနှံပြန့်ကျဲနေတဲ့ နိုင်ငံတကာအဝေးသင်ပညာရေးစနစ်တွေဖြစ်တဲ့ ABE, ACCA စတဲ့စနစ်တွေကို ကြည့်ရုံနဲ့တင် ဟီးရိုးပညာရေးစနစ်ဟာလည်း စီးပွားရေးလုပ်ငန်းတစ်ခုလိုဖြစ်နေတာ ကြာပြီဖြစ်ကြောင်း သိနိုင်တယ်။
ဆရာမဟဲရိုးကလည်း မက်ဒါနာရဲ့အမြင်ကို သဘောတူတယ်။ "ကျွန်မရဲ့အတွေ့အကြုံအရတော့ သူတို့တွေ နယူးယောက်ရဲ့တစ်နေရာရာမှာ ကျောင်းဖွင့်ဖို့ ပြင်ဆင်ပြီးလောက်ပြီထင်တယ်။ ဒီနှစ်ကျောင်းအပ်လက်ခံပွဲမှာ သူတို့ကျွန်မတို့ကို ပစ်မှတ်ထားလောက်တယ်။"
မက်ဒါနာက ဒီစကားကိုကြားတော့ ပြုံးလိုက်ပြီး လက်ထဲက ဒီဂျစ်တယ်ဘောပင်ကို ချလိုက်တယ်။ "ကျွန်မကတော့ အကောင်းဆုံးလုပ်ဖို့စဥ်းစားပြီးပြီမလို့ စိတ်မပူပါနဲ့။ ရှင်သွားလို့ရပါပြီ။"
မက်ဒါနာခွင့်ပေးလိုက်တော့ ဆရာမဟဲရိုးက ဦးညွှတ်ပြီး အခန်းထဲက ထွက်သွားတယ်။ မက်ဒါနာကတော့ ခေါင်းကိုကုတ်ရင်း အေမီကို ပြတင်းပေါက်ဖွင့်ခိုင်းလိုက်တယ်။
အေမီက ဝါးကားလိပ်ကို ဆွဲတင်ပြီး ပြတင်းပေါက်ကို အပြည့်ဖွင့်လိုက်တော့ ကောင်းကင်ပေါ်ကနေ ဖရက်က ဆင်းလာပြီး ပြတင်းပေါက်ဘောင်မှာ ထိုင်လိုက်တယ်။ မက်ဒါနာကတော့ ဝှီးချဲကို ပြတင်းပေါက်ဘက်လှည့်ပြီး ဖရက်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်။
"ဖရက်၊ ငါနင့်ကို ခိုင်းစရာရှိတယ်။"
"မင်းသမီးလေး သဘောပါ။"
"နင်ဓာတ်ပုံဆရာတစ်ယောက်ငှားပြီး ကျောင်းက လှမယ်ထင်တဲ့နေရာတွေ ဓာတ်ပုံလိုက်ရိုက်ပါလား။ ငါတို့ကျောင်းက ရှုခင်းကောင်းလေးတွေက ပရိုမိုးရှင်းဆင်းဖို့ အထောက်အကူဖြစ်လိမ့်မယ်ထင်တာပဲ။"
မက်ဒါနာက လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။ ကံကောင်းတာတစ်ခုက နယူးယောက်ကျောင်းကို ပြန်ပြင်ဆောက်ထားတာ သိပ်မကြာသေးလို့ ကျောင်းက အတော်ကြည့်ကောင်းနေတယ်။ ဒါကြောင့် ဓာတ်ပုံထဲမှာ လှနေမှာသေချာတယ်လေ။ ဒီအချက်ကို မက်ဒါနာတို့ ကောင်းကောင်းအသုံးချရမယ်။
"မင်းသမီးလေး စိတ်တိုင်းကျဖြစ်စေရပါမယ်။" ဖရက်က ပြောလိုက်ပြီး သူ့အတောင်ပံကိုဖြန့်ကာ ကျောင်းဝင်းထဲကနေ ထွက်ခွာသွားတယ်။
မက်ဒါနာကတော့ ကျောင်းရဲ့ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ဖို့အတွက် ခေါင်းမီးတောက်နေဆဲပဲ။ အဲဒီနောက် သူက အကြံတစ်ခုရသွားပြီး...
"ဟုတ်သားပဲ၊ ကျောင်းရဲ့ပြဿနာအများစုက ဘားဂျက်မရှိလို့ ဖြစ်နေတာမလား။ ဘားဂျက်ပြဿနာကို ဖြေရှင်းနိုင်ရင် အဆင်ပြေသွားမှာပဲမဟုတ်လား။"
ဘားဂျက်သာ ရှိနေမယ်ဆိုရင် နယူးယောက်ကျောင်းအနေနဲ့ သူတို့ရဲ့ခေတ်နောက်ကျနေတဲ့ သင်ထောက်ကူပစ္စည်းတွေကို အစားထိုးနိုင်မှာဖြစ်သလို ဆရာအင်အားကိုလည်း တိုးနိုင်မှာဖြစ်တယ်။လောလောဆယ် မက်ဒါနာမှာ ပိုက်ဆံအများကြီးမရှိပေမဲ့ လုံလောက်နေသေးတယ်။
"ကျောင်းအကောင့်ထဲကို တိတ်တိတ်လေးလွှဲပေးလိုက်ရင်ကောင်းမလား။" မက်ဒါနာက ကြံကြီးစီရာ စဥ်းစားပြီး တဟီးဟီးပြုံးလိုက်ပေမဲ့ ခနနေတော့ ခေါင်းခါလိုက်မိတယ်။
"မဟုတ်သေးဘူး၊ အဲဒီလိုလုပ်လိုက်ရင် ငါကျောင်းက ဆရာတွေကို ဘယ်လိုရှင်းပြမှာလဲ။ အခန့်မသင့်ရင် မလိုလားအပ်တဲ့ မျက်လုံးတွေကိုတောင် ဆွဲဆောင်မိဦးမယ်။"
အမေရိကန်မြူတန့်ဌာနစိတ်က ဟီးရိုးကျောင်းတွေကို မျက်လုံးဒေါက်ထောက်ကြည့်နေတာကို သူတို့မေ့လို့မရဘူး။ လောလောဆယ် မက်ဒါနာက ကျောင်းဖျက်သိမ်းခံရလို့ နိုင်ငံရပ်ခြားမှာ အလုပ်လာလုပ်နေရတဲ့ ဟီးရိုးဆရာမလေးပါ။ ငွေဝင်လမ်းမရှိဘဲ သန်းနဲ့ချီတဲ့ငွေတွေ ကျောင်းစာရင်းထဲရောက်လာရင် သေချာပေါက် စုံစမ်းခံရလိမ့်မယ်။
သေချာစဥ်းစားပြီးနောက်တော့ မက်ဒါနာက ပိုကောင်းတဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့သွားပါတယ်။ "နေပါဦး၊ ငါ့ကျောင်းအတွက် တရားဝင်တဲ့ ငွေဝင်လမ်းတစ်ခု ဖန်တီးပေးလို့ရတာပဲမဟုတ်လား။ ကျောင်းတွေက ပုဂ္ဂလိကအဖွဲ့အစည်းတွေဆီကနေ အလျူငွေလက်ခံတာ ပုံမှန်ပဲလေ။"