← Chapters

အလှတရားရဲ့ည

Vol. 6 Ch. 10

အလှတရားရဲ့ည

Vol. 6 Ch. 10

ဟော၊ နောက်တစ်နေ့ရောက်သွားပြန်ပြီ။

မက်ဒါနာ မနက်မိုးလင်းတာနဲ့ ဖုန်းမျက်နှာပြင်ပေါ်က ပြက္ခဒိန်ကိုကြည့်မိတယ်။ ဒီနေ့က ဧပြီလ ၂၇ ရက်နေ့ပါ။ နောက်သုံးရက်ဆိုရင် လကုန်တော့မှာဖြစ်ပြီး မေလကိုရောက်တော့မယ်။

အခုရက်ပိုင်းအတွင်း ဖြစ်ပျက်သွားတာတွေ အများကြီးပဲ။ အခုဆိုရင် မက်ဒါနာက နယူးယောက်ဟီးရိုးကျောင်းရဲ့ကျောင်းအုပ်အသစ်ဖြစ်လာပြီ။ အမေရိကန်ရဲ့အဆင့်အမြင့်ဆုံး မြူတန့်နှစ်ယောက်လုံး ဒီရက်ပိုင်းအတွင်းမှာ သေသွားတယ်။

ပြီးတော့ ဒီနေ့က မတွေ့ရတာကြာပြီဖြစ်တဲ့ ဖလေရာနဲ့ သူချိန်းထားတဲ့နေ့ပါ။ ညနေပိုင်းမှ ချိန်းထားတာဖြစ်ပေမဲ့ မက်ဒါနာမှာ တခြားလုပ်စရာတွေရှိနေသေးတယ်။ ဒါပေမဲ့ အပျင်းထူနေတဲ့ မက်ဒါနာတစ်ယောက် အိပ်ရာထဲကကို မထွက်ချင်ဖြစ်နေပြီး ကုတင်ပေါ်လှဲလျက်သားအနေအထားကနေ ဖုန်းမျက်နှာပြင်ကိုသာ အကြာကြီးစိုက်ကြည့်နေမိတယ်။

တစ်ဖက်မှာတော့ အေမီက မက်ဒါနာနိုးနေတာကို သတိထားမိသွားပြီး အနားကပ်လာတယ်။ "မင်္ဂလာနံနက်ခင်းပါ သခင်မလေးရှင့်။ နယူးယောက်စံတော်ချိန် မနက် ၇နာရီရှိပါပြီ။ ဒီနေ့အတွက် ရာသီဥတုခန့်မှန်းချက်ကတော့ နေသာပါမယ်။"

"အေးပါအေမီရယ်၊ ငါခနလောက် ဆက်မှေးချင်လို့ပါ။" အောင်မြင်တဲ့ မင်းသမီးလေးဖြစ်ပြီးတဲ့နောက် မက်ဒါနာတစ်ယောက် နာရီအလန်းတောင် ပေးစရာမလိုတော့ဘူး။ အိပ်ဖန်စောင့်ကြီးအေမီက အခုဆိုရင် အမိန့်ပေးစရာမလိုတဲ့ နာရီအလန်းဖြစ်နေပြီ။ ခါတိုင်းဆိုရင် အေမီက သခင်မလေးအိပ်ရာထပြီးမှ ထတတ်တဲ့ ငပျင်းအိမ်စေမလေးပါ။ အခုတော့ အချိန်မှန်တဲ့ ကောင်မလေးဖြစ်နေပြီ။

မက်ဒါနာက အိပ်ရာထဖို့ ငြင်းလိုက်တော့ အိမ်စေမလေးက အနားကိုပိုတိုးကပ်လာပြီး မက်ဒါနာခြုံထားတဲ့စောင်ကို ဆွဲဖယ်ပစ်လိုက်တယ်။ ဒါကြောင့် စောင်အောက်မှာ တီရှပ်လေးနဲ့ညအိပ်အတွင်းခံအဖြူလေးပဲ ဝတ်ထားတဲ့ မင်းသမီးလေးရဲ့ပေါင်သားဖြူဖြူက မြင်ကွင်းထဲပေါ်လာတယ်။

"အေမီ၊ နင်ဘာလုပ်တာလဲ။"

"မနေ့ညက သခင်မလေးအိပ်ရာမဝင်ခင် ကျွန်မကို အမိန့်ပေးခဲ့တဲ့အတိုင်းဆိုရင် 'မနက်ဖြန် အလုပ်တွေအများကြီးလုပ်စရာရှိလို့ မနက်ကို မရရအောင်နှိုးပါတဲ့။' အိမ်စေတွေရဲ့တာဝန်က သခင်မလေးမှာတဲ့အတိုင်း တသွေမတိမ်းလိုက်နာဖို့မဟုတ်လား။"

အေမီပြောတဲ့စကားကြောင့် မက်ဒါနာလည်း မနေ့ညက သူပြောမိတဲ့စကားတွေကို ပြန်စဥ်းစားကြည့်တော့တကယ်ပဲ အဲဒီလိုပြောထားမိတယ်။ တကယ်တော့ မနေ့ညကလည်း မက်ဒါနာညနက်မှ အိပ်ဖြစ်ခဲ့တာပါ။

အေမီရဲ့ဉာဏ်ရည်တုကို ပြန်ပြင်ဖို့ စမ်းသပ်မှုတွေထပ်လုပ်ခဲ့ပေမဲ့ အခုထိထိရောက်မယ့် နည်းလမ်းတစ်ခုကို ရှာလို့မတွေ့သေးဘူး။ ဒါကြောင့် စမ်းသပ်နေရင်း တစ်ဝက်လောက်ရောက်တော့ လုပ်လက်စကိုရပ်ပြီး ကိုင်ဇာတူးဝတ်စုံရဲ့ဗီဒီယိုမှတ်တမ်းတွေကို ပြန်ကြည့်နေခဲ့တာ။

အေမီကတော့ မက်ဒါနာတစ်ယောက်တည်း စဥ်းစားခန်းဝင်နေတာကို ဘယ်လိုမှ မခံစားရဟန်နဲ့ သခင်မလေးကို ဆွဲပွေ့ချီပြီး ဝှီးချဲပေါ်တင်ပေးလိုက်တယ်။ အဲဒီနောက် မက်ဒါနာအတွက် အဝတ်လဲဖို့အဝတ်တွေထုတ်ပေးရင်း ပြောလိုက်တယ်။

"ပြီးတော့ သခင်မလေးအနေနဲ့ ဒီနေ့မနက်ကျောင်းသွားကမယ်။ ငြိမ်းချမ်းရေးမဟာမိတ်ရဲ့မစ်ရှင်အဖွဲ့အစည်းအဝေးလည်း တက်ရပါဦးမယ်။"

အေမီသတိပေးပြီးမှ မက်ဒါနာလည်း သူလုံးဝမေ့နေခဲ့တဲ့ ကိစ္စတစ်ခုကို ပြန်သတိရလာပြန်တယ်။ မစ်ရှင်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီဖြစ်တဲ့အပြင် လောလောဆယ် အဖွဲ့နဲ့ကွဲထွက်ပြီး မစ်ရှင်လုပ်နေတာဖြစ်လို့ မက်ဒါနာက အဖွဲ့နဲ့အဆက်အသွယ်ပြတ်မသွားအောင် အပတ်စဥ် အွန်လိုင်းအစည်းအဝေးတက်ဖို့လိုနေတယ်။

အေမီက မက်ဒါနာသတိဝင်လာတာကိုတွေ့တော့ အစည်းအဝေးအချိန်ကို ပြောလိုက်တယ်။ "မဟာမိတ်အစည်းအဝေးက နယူးယောက်စံတော်ချိန်နဲ့ဆိုရင် မနက်ကိုးနာရီ၊ ရုရှားနိုင်ငံ Yakutsk စံတော်ချိန်နဲ့ဆိုရင် ညဆယ်နာရီပါ။" အဲဒီနောက် အေမီက သခင်မလေးရဲ့ဝှီးချဲကိုတွန်းပြီး ရေချိုးခန်းဆီခေါ်သွားတယ်။

...

ရေချိုးပြီးနောက်တော့ အေမီကြော်ပေးထားတဲ့ မနက်စာထမင်းကြော်ကို မက်ဒါနာစားရပြန်တယ်။ အရသာက အတော်လေးပုံသေဖြစ်နေပေမဲ့ စားလို့ရသေးတာမလို့ မက်ဒါနာက အေမီကို လက်မထောင်ပြလိုက်မိတယ်။ ဒါပေမဲ့ အေမီကတော့ သခင်မလေးကိုခံစားချက်မဲ့စွာသာ ပြန်ကြည့်နေတဲ့အတွက် မက်ဒါနာ စိတ်မကောင်းဖြစ်သွားပြီး ထမင်းကြော်ပန်းကန်ကိုပဲ ပြန်ငုံကြည့်နေလိုက်တယ်။ ထမင်းကြော်အလယ်မှာတင်ထားတဲ့ ကြက်ဥဟက်ပွိုင့်က အွန်လိုင်းမှာတင်ထားတဲ့ ထမင်းကြော်ဓာတ်ပုံထဲက အတိုင်းပဲ။

"အေမီရေ၊ နင်အဲဒီလောက် အတိအကျလုပ်စရာမလိုပါဘူးနော်။" မက်ဒါနာ အထွန့်တက်လိုက်မိတယ်။

ကောင်မစုတ်လေးအေမီက ထမင်းကြော်ကို ဟင်းချက်နည်းဗီဒီယိုထဲကအတိုင်း လုံးဝအတိအကျလိုက်နာပြီး လုပ်ထားတဲ့ပုံပဲ။ အဲဒါကြောင့် အရသာက ဝိညာဥ်ကင်းမဲ့နေပြီး ဗလာကြီးလိုဖြစ်နေတာ။

ဒါပေမဲ့ မက်ဒါနာခင်ဗျာ အေမီကို အပြစ်မတင်ရက်ပြန်ဘူး။ မက်ဒါနာက ထမင်းကြော်ကို ဇိမ်ယူပြီးအကြာကြီးစားနေခဲ့ပေမဲ့ အချိန်တန်လာတော့ အေမီက သခင်မလေးကို ဦးညွှတ်လိုက်ပြီး "သခင်မလေးရှင့်၊ ကျောင်းသွားဖို့ ပြင်ရမယ့်အချိန်ရောက်ပါပြီ။" အေမီက ဒီစကားနဲ့အတူ မက်ဒါနာကို မြန်မြန်သွတ်သွတ်စားခိုင်းပြီး စားပြီးတာနဲ့ မက်ဒါနာရဲ့ဝှီးချဲကိုတွန်းပြီး အခန်းအပြင်ကို ခေါ်ထုတ်သွားတယ်။

ခါတိုင်းလိုပဲ မက်ဒါနာတစ်ယောက် အခန်းနီးနားချင်းတွေကို နှုတ်ဆက်ပြီးနောက် ဖရက်ရဲ့တက္ကစီပေါ်တက်လိုက်တယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ဖရက်ဆိုတဲ့ကောင်စုတ်က အဲဒီတက္ကစီကို လပြတ်နဲ့ငှားထားသတဲ့။ မက်ဒါနာက သံရုံးကားကို မထင်ပေါ်ချင်လို့ မသုံးတာဆိုပေမဲ့ ဗီလိန်ကောင်ရဲ့ဦးနောက်ထဲ ဘယ်လိုနားလည်သဘောပေါက်သွားလဲတော့ သူကျိန်းသေမသိဘူး။ ဒါပေမဲ့ ကြည့်ရတာတော့ အခုကနေစပြီး မက်ဒါနာအနေနဲ့ တစ်နေ့တာကို အခုလိုပုံစံအတိုင်း ဖြတ်သန်းရတော့မယ်နဲ့တူတယ်။

...

ကျောင်းရောက်တော့ ပုံမှန်အတိုင်းပဲ ဆရာနှစ်ယောက်ကို နှုတ်ဆက်ပြီး ရုံးခန်းထဲဝင်လိုက်တယ်။ ကျောင်းဝင်းထဲမှာတော့ ဖရက်က အလုပ်ဆင်းဖို့ရောက်လာပြီဖြစ်တဲ့ ဓာတ်ပုံဆရာကို ကျောင်းအနှံလိုက်ပြရင်း အလုပ်ရှုပ်နေတယ်။ မက်ဒါနာကတော့ ကျောင်းစာရင်းဇယားတွေကိုကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။

"ဟုတ်ပြီ၊ ကျောင်းပညာရေးပြပွဲကျရင် ငါတို့ကျောင်းမှာလည်း ပြစရာတစ်ခုခု ရှိသင့်တယ်မဟုတ်လား။" အဲဒီနောက် မက်ဒါနာက စာရွက်တစ်ရွက်နဲ့ ဘောပင်ယူပြီး အလှပြဖို့ စက်ပစ္စည်းတစ်ခုရဲ့ဒီဇိုင်းကို စဆွဲတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ကိုးနာရီထိုးသွားပြီး အေမီက မက်ဒါနာအတွက် တက်ပလပ်ပြင်ပေးတယ်။ တက်ပလပ်ကို စားပွဲပေါ်မှာ ထောင်ပေးပြီးတဲ့နောက် အေမီကို မက်ဒါနာက ဦးညွှတ်လိုက်ပြီး...

"သခင်မလေးရှင့်၊ အစည်းအဝေးတက်ဖို့ အချိန်တန်ပါပြီ။"

ဒါကြောင့် မက်ဒါနာလည်း မဟာမိတ်ရဲ့အဆင့်မြင့်လုံခြုံရေးနက်ဝေါ့ထဲဝင်ကာ အစည်းအဝေးတက်ဖို့ပြင်ရပြန်တယ်။

သိပ်မကြာခင်မှာပဲ ဖုန်းမျက်နှာပြင်မှာ ဖရာလီတာရဲ့သင်္ဘောအတွင်းပိုင်းကို စမြင်လိုက်ရပြီး မဟာမိတ်မစ်ရှင်အဖွဲ့ဝင်တွေအားလုံးကို မက်ဒါနာမြင်လိုက်ရတယ်။

"ထင်တဲ့အတိုင်းပဲ ငါတစ်ယောက်တည်း အွန်လိုင်းကနေ အစည်းအဝေးတက်နေရတာပဲ။" မက်ဒါနာက မကျေမနပ်နဲ့ တစ်ယောက်တည်းရေရွတ်လိုက်တယ်။

....

"ယို့၊ မက်ဒါနာ။" ဖရာလီတာက ထိုင်ခုံရှည်ကြီးရဲ့ထိပ်ဆုံးမှာထိုင်ရင်း မက်ဒါနာကို လက်လှမ်းပြတဲ့အတွက် မက်ဒါနာလည်း သူ့လက်ကိုမြှောက်ပြီး ပြန်နှုတ်ဆက်လိုက်တယ်။

အာကိုင်းဂါမီ၊ အာရပ်က S rankနဲ့ ဥစာကီတို့လည်း အစည်းအဝေးစားပွဲမှာ ထိုင်နေကြတယ်။ ထူးဆန်းတာက အဖိုးကြီးအိခဲဒ အစည်းအဝေးမှာရှိမနေဘူး။ မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။

"နင်တို့ လိပ်နက်ကို တွေ့ကြပြီလား။" မက်ဒါနာရဲ့စကားကိုကြားတော့ လက်ပိုက်ထားတဲ့ ဖရာလီတာက ခေါင်းခါပြတယ်။ အဲဲဒီနောက် လေးပင်တဲ့လေသံနဲ့ ရုရှားစစ်မြေပြင်က အခြေအနေကို ရှင်းပြပါတယ်။

"မတွေ့သေးဘူး၊ လိပ်နက်က ငါတို့သူ့ကိုလာရှာမှန်း သိတယ်ထင်တယ်။ သူတမင်သက်သက်ပုန်းနေတာလို့ ငါတို့ကောက်ချက်ချထားတယ်။"

ဥစာကီကလည်း ဖရာလီတာရဲ့စကားကို ထောက်ခံပြီး ဖြည့်ပြောလိုက်တယ်။ "ငါတို့ မလာခင်ကအထိ လိပ်နက်ရဲ့လှုပ်ရှားမှုကို ခပ်စိပ်စိပ်တွေ့ခဲ့ရပေမဲ့ အခုတော့ လုံးဝငြိမ်နေတယ်။ ပြီးတော့ ရုရှားတွေ ငါတို့နေရာကို ရှာတွေ့သွားမှာစိုးရတော့ တစ်နေရာတည်းမှာ အကြာကြီးရပ်ပြီး စုံစမ်းလို့မရပြန်ဘူး။"

ဖရာလီတာတို့ရောက်နေတာက စစ်မြေပြင်တစ်ခုပါ။ ကြေးစားစစ်တပ်ရော လူသားမဟာမိတ်ကပါ သူတို့ရဲ့အင်အားအပြည့်ကို ဖြန့်ကျက်ထားတဲ့နေရာဖြစ်တယ်။ ဖရာလီတာတို့မှာက S rank တွေအများကြီး ပါလာတယ်ဆိုပေမဲ့ ကျန်တဲ့မဟာမိတ်နှစ်ခုကလည်း S rank နည်းပညာချပ်ဝတ်တွေနဲ့ S rank လူလုပ်မြူတန့်တွေ ရှိနေပြီးပါပြီ။

"ဒီတော့ နင့်ဘက်မှာရော ဘာထူးသေးလဲ။" ဖရာလီတာက မေးလိုက်တော့ မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး အေမီနဲ့ထိပ်တိုက်တွေ့လာတဲ့ ကိုင်ဇာတူးဝတ်စုံရဲ့ဗီဒီယိုကို ထုတ်ပြလိုက်တယ်။

"ဒါက အေမီဝါရှင်တန်မှာတွေ့လာတဲ့ ဂျိုးဝဲလ်ဆင်ရဲ့ကိုင်ဇာတူးဝတ်စုံပဲ။ ငါ့ဝတ်စုံရဲ့စွမ်းအားပြည့်ကို မမီသေးပေမဲ့ S rank အဆင့်မှာတော့ ကျိန်းသေရှိနေတယ်။ ပြီးတော့ နည်းပညာတွေက အတော်ထူးဆန်းတယ်။"

မက်ဒါနာက ဗီဒီယိုကိုရပ်ပြီး အနီရောင်အလင်းဒြပ်စင်တွေကို သေချာချဲ့ပြလိုက်တယ်။ "အလင်းဒြပ်စင်နည်းပညာကို ပြောင်းပြန်အင်ဂျင်နီယာနည်းနဲ့ ဖော်ထုတ်ထားတာ ဖြစ်နိုင်မလား။"

ဖရာလီတာ မျက်မှောင်ကြုတ်လိုက်တယ်။ အလင်းဒြပ်စင်နည်းပညာက အခုအချိန်မတိုင်မီကအထိ မက်ဒါနာနဲ့ဖရာလီတာပဲ သိနိုင်တဲ့နည်းပညာဖြစ်တယ်။ အခုလိုမျိုး တတိယလူတစ်ယောက်ရဲ့ဝတ်စုံမှာ မြင်ရတာ ပထမဆုံးပဲ။

"ဖြစ်တော့ဖြစ်နိုင်ပေမဲ့ ဒီလိုလုပ်နိုင်တဲ့သူက တကယ့်ဉာဏ်ကြီးရှင်ပဲ ဖြစ်လိမ့်မယ်။" ဖရာလီတာက မက်ဒါနာကို မရေရာတဲ့အဖြေတစ်ခု ပြန်ပေးလိုက်တယ်။

အဲဒီနောက် မက်ဒါနာက နာနိုစက်ရုပ်ကလေးတွေရဲ့လုပ်ဆောင်ချက်တွေကို ဖရာလီတာမြင်အောင်ပြပေးတော့ ဖရာလီတာက အခုလိုပြောလာတယ်။ "မက်ဒါနာရေ၊ နင်အဲဒီဖိုင်ကို ငါ့ဆီပို့ပေးထား၊ ငါသေချာသုံးသပ်ကြည့်မယ်။ အခုလိုကြည့်ရုံနဲ့တော့ ငါဘာမှပြောနိုင်ဦးမယ်မထင်ဘူး။" ကြည့်ရတာ မက်ဒါနာလိုပဲ ဖရာလီတာလည်း ဒီဝတ်စုံကို ကြည့်ရုံနဲ့သဘောမပေါက်ဖြစ်နေတဲ့ပုံပဲ။

မက်ဒါနာဖိုင်ပို့ပေးပြီးတဲ့နောက် ဖရာလီတာမေးလိုက်တယ်။ "တခြားပြောစရာတစ်ခုခုရှိသေးလား။" မက်ဒါနာက ခေါင်းခါပြလိုက်ပြီး

"လောလောဆယ်တော့ မရှိသေးပေမဲ့ ဂျိုးဝဲလ်ဆင်ကို ဆန့်ကျင်နေတဲ့သူတွေနဲ့ အဆက်အသွယ်ရဖို့ ငါကြိုးစားနေတယ်။ အဲဒီကျမှ နင်တို့ကို ပြန်ဆက်သွယ်လိုက်မယ်။"

"ကောင်းပြီ၊ နောက်တစ်ပတ်ထပ်တွေ့ကြတာပေါ့။"

"နောက်တစ်ပတ်မှာ ထပ်တွေ့ကြမယ်။" အဲဒီနောက်တော့ မက်ဒါနာနဲ့ဖရာလီတာက မဟာမိတ်အစည်းအဝေးကို ရပ်တန့်လိုက်တယ်။

....

တစ်နေကုန် ကျောင်းမှာအလုပ်လုပ်ပြီးတဲ့နောက် မက်ဒါနာ ပြတင်းပေါက်ကနေတစ်ဆင့် ပြင်ပကမ္ဘာကြီးကို ချောင်းကြည့်လိုက်တယ်။ အပြင်မှာ မှောင်စပြုနေပြီ။ အခုမက်ဒါနာက ကျောင်းရဲ့ဟီးရိုးအကူပစ္စည်းတပ်ဆင်ရေးအခန်းထဲမှာဖြစ်ပြီး ပညာရေးပြပွဲမှာသုံးမယ့် အလန်းစားပစ္စည်းလေးတစ်ခုကိုထွင်နေတာ။

တကယ်တော့ စာရွက်စာတမ်းကိစ္စတွေ ကိုင်တွယ်ပြီးကတည်းက ဒီနေရာကိုရောက်လာပြီး အလုပ်ရှုပ်နေတာ။ မက်ဒါနာအခန်းအပြင်ကိုကြည့်ပြီး အတွေးနက်နေတုန်း အခန်းအပြင်ကနေ ခြေသံတစ်သံကို စကြားရတယ်။ တည်ငြိမ်ပြီး ညီညာတဲ့ခြေသံ၊ အေမီရဲ့ခြေသံပါ။

ကျွီ...

ခြေသံရပ်သွားပြီးတဲ့နောက် စမ်းသပ်ခန်းတံခါးပွင့်သွားပြီး အေမီရဲ့စကားသံ ထွက်ပေါ်လာပါတယ်။

"သခင်မလေးရှင့်၊ ချိန်းထားတဲ့အချိန်ရောက်ပါတော့မယ်။ အလုပ်ဆင်းရအောင်။"

မက်ဒါနာက ဝှီးချဲကို ဆွဲလှည့်လိုက်ပြီး အေမီကိုခေါင်းညိတ်ပြလိုက်တယ်။ သူဒီနေ့ညနေ ဖလေရာနဲ့ချိန်းထားတယ်။ ဒီတော့ သူမြန်မြန်သွားမှဖြစ်မှာပါ။

အေမီက မက်ဒါနာနားကိုရောက်လာပြီး ဝှီးချဲကိုတွန်းတယ်။ ကျောင်းအုပ်ပေါ်လီယာနာရဲ့တစ်နေ့တာအလုပ်တွေ ဒီလိုနဲ့ပဲနိတ္တံသွားတယ်။

စင်္ကြန်လမ်းပေါ်ကိုရောက်တော့ ဓာတ်ပုံအယ်ဘမ်ကြီးကိုင်ထားတဲ့ ဖရက်တစ်ယောက် မက်ဒါနာဆီကို အပြေးအလွှားရောက်လာပြီး ပုံတွေပြတယ်။

"မင်းသမီးလေး၊ မင်းသမီးလေးရိုက်ခိုင်းထားတဲ့ ကျောင်းဓာတ်ပုံတွေရပြီ။" မက်ဒါနာက ဓာတ်ပုံတွေကို တစ်ချက်ကြည့်လိုက်တော့ ဟီးရိုးကျောင်းရဲ့ရိုးရှင်းတဲ့အဆောက်အအုံတွေကို သေချာရိုက်ထားတဲ့ ဓာတ်ပုံတွေတွေ့လိုက်ရတယ်။ မက်ဒါနာက စိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး ဖရက်ကို နောက်ထပ်အမိန့်ပေးလိုက်တယ်။

"ဟုတ်ပြီ၊ နင်အဲဒီဓာတ်ပုံတွေကိုယူပြီး ငါတို့ကျောင်းပညာရေးပွဲတော်အတွက် ဗီနိုင်းပိုစတာတစ်ခု သွားအပ်လိုက်ဦး။"

"ဟုတ်ကဲ့၊ မင်းသမီးလေး။" ဖရက်က တက်ကြွစွာနဲ့ မင်းသမီးလေးကို ဦးညွှတ်လိုက်ပြီး အတောင်ကိုဖြန့်ကာ ကျောင်းဝင်းထဲက ထွက်သွားပြန်တယ်။

တကယ်တော့ မက်ဒါနာကြောင့် ဖရက်တစ်နေ့လုံးနားရတယ်ကိုမရှိဘူး။ ဖရက်တစ်ယောက် ဝင်လုဆဲဆဲနေရောင်အောက်မှာ ပျံသန်းနေရင် မြင်ကွင်းကပျောက်သွားတော့ မက်ဒါနာက အေမီကိုပြောလိုက်တယ်။

"အေမီရေ၊ အဲဒီအရူးကောင် ပြန်မလာခင် လမ်းမပေါ်တက်ပြီး ကားငှားရအောင်။"

အေမီကတော့ သခင်မလေးအတွေးကို နားမလည်နိုင်စွာနဲ့ ခေါင်းကလေးကို စောင်းကြည့်ရှာတယ်။ တကယ်လို့ မက်ဒါနာသာ အေမီ့ခေါင်းထဲက ကုတ်နံပါတ်တွေကို မြင်နိုင်စွမ်းရှိမယ်ဆိုရင် အရုပ်မလေးဘာစဥ်းစားနေလဲဆိုတာ အလွယ်တကူသိနိုင်လိမ့်မယ်။

မက်ဒါနာက သူ့ကိုဘယ်သွားသွားလိုက်ပို့ပေးမယ့် တက္ကစီဒရိုက်ဘာတစ်ယောက်ရှိနေတာကို နှင်ထုတ်လိုက်ပြီး တခြားတက္ကစီငှားစီးဖို့ကြိုးစားနေတာကိုး။ မက်ဒါနာလည်း အေမီကြောင်အမ်းအမ်းဖြစ်နေတာကို သတိထားမိပြီး သူ့နဖူးသူရိုက်လိုက်မိတယ်။

"ဟဲ့၊ ငတုံးမရဲ့။ အဲဒီငနှဲက ငါ့ကိုကြိတ်ကြိုက်နေတာလေ။ တခြားသူတစ်ယောက်နဲ့ဒိတ်မှာကို သူ့ကိုခေါ်သွားစရာလားဟဲ့။"

ဒါပေမဲ့ အေမီကတော့ သူ့သခင်မလေးစကားကို နားလည်သေးပုံမရဘဲ မျက်နှာသေနဲ့ ပြူးပြူးကြီး စိုက်ကြည့်နေတုန်း။ "ထားတော့၊ နင်နားမလည်လဲ ကားလမ်းပေါ်သာ ငါ့ကိုအရင်ပို့ပေးဟေ့။"

....

ငါးမိနစ်ခန့် ကြာပြီးနောက်။

"မင်းသမီးလေးရေ၊ ဒီမှာဗီနိုင်းတွေ ဆိုက်ဒ်စုံထုတ်လာပြီ။"

ဖရက်တစ်ယောက် ဗီနိုင်းပိုစတာတွေကို မနိုင်မနင်းပွေ့ပိုက်ထားရင်း ကျောင်းဝင်းထဲ အပြေးပြန်ဝင်လာတယ်။ ဒါပေမဲ့ နယူးယောက်ဟီးရိုးကျောင်းဝင်းတစ်ခုလုံး မှောင်မဲနေပြီး လူသူအရိပ်အယောင်တောင် မတွေ့ရတဲ့အတွက် စင်္ကြန်လမ်းပေါ်မှာ ဖရက်အူတိအူကြောင်နဲ့ အတော်ကြာအောင် ရပ်နေမိတယ်။

"မင်းသမီးလေး ဘယ်ရောက်သွားတာလဲဟင်။"

...

ဒီလိုနဲ့ မက်ဒါနာနဲ့အေမီတို့ ဖရက်မပါဘဲ ချိန်းထားတဲ့ စားသောက်ဆိုင်ကိုရောက်လာတယ်။

အရင်တစ်ခါ မက်ဒါနာ ဖလေရာနဲ့ညစာစားတုန်းကလည်း ဒီဆိုင်ပဲ။ အနောက်တိုင်းဆန်ဆန် ပြင်ဆင်ထားပြီး အတော်လေးခမ်းနားတဲ့ဆိုင်ပါ။ ဒါပေမဲ့ ဆိုင်က ကြီးလွန်းတဲ့အတွက်ကြောင့် ဖလေရာဘယ်မှာထိုင်နေလဲ မက်ဒါနာမသိဘူး။ ဒါကြောင့် အေမီကို ဆိုင်ထဲ ဖြည်းဖြည်းချင်းတွန်းဝင်ခိုင်းပြီး တစ်ခုံချင်းစီ လိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

"မစ်၊ တစ်ခုခုများ ကူညီပေးရမလား။" မကြာခင်မှာပဲ ဘဏ္ဍာစိုးလိုဝတ်ထားတဲ့ ဆိုင်စားပွဲထိုးက သူတို့ကိုသတိထားမိသွားပြီး လာမေးတယ်။

တကယ့်ဗစ်တိုးရီးယားအိမ်စေလို ဝတ်ထားတဲ့အေမီနဲ့ ယူနီဖောင်းစတိုင်ဝတ်စုံကိုဝတ်ထားတဲ့ ဝှီးချဲပေါ်က လူကုန်ထံသခင်မလေးကို လူတွေအလွယ်တကူသတိထားမိတာ အပြစ်တော့မဟုတ်ဘူး။ မက်ဒါနာက စားပွဲထိုးကို ပြုံးပြလိုက်ပြီး...

"ဟုတ်ကဲ့ရှင့်၊ ကျွန်မတို့က မစ်ဖလေရာ ဘယ်ရီဂရင်းကို လိုက်ရှာနေတာပါ။" မက်ဒါနာပြောလိုက်တော့ စားပွဲထိုးက ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲမှာကိုင်ထားတဲ့ လုပ်ငန်းသုံးတက်ပလပ်ကို ငုံကြည့်လိုက််တယ်။

"မစ်ပေါ်လီယာနာလားမသိဘူး၊ မစ်ဘယ်ရီဂရင်းက ဒုတိယထပ် ဝရန်တာမှာပါ။ ခုံနံပါတ်ကတော့ S89 ပါ။ ကျွန်တော်လိုက်ပြပေးပါ့မယ်။"

စားပွဲထိုးက ပြောပြောဆိုဆိုနဲ့ သူတို့ကို ရှေ့ကနေဦးဆောင်ခေါ်သွားတယ်။ မကြာခင်မှာပဲ သူတို့ဖလေရာကို စတွေ့ရပြီ။ ဖလေရာက စားပွဲမှာထိုင်နေရာကနေ သူတို့ကိုလက်လှမ်းပြတယ်။

ဖလေရာက ခရမ်းရောင်ဖဲသားဂါဝန်ကို ဝတ်ထားတယ်။ ဂါဝန်ဆိုပေမဲ့ ဖောင်းပွပွကြီးမဟုတ်ဘဲ ကျစ်လစ်တယ်။ ဂါဝန်အောက်အနားတစ်ဖက်ကို ဖြဲထားပြီး ဖလေရာရဲ့ပေါင်လုံးလေးက လှုပ်ရှားတိုင်းမှာ အဲဒီအပြဲကြောင်းကြားကနေ စိတ်လှုပ်ရှားဖွယ် လှစ်ဟလာတတ်တယ်။

ဖလေရာက ခါတိုင်းလိုပဲ မိတ်ကပ်ပါးပါးလိမ်းပြီး နှုတ်ခမ်းနီအရောင်နုနုကိုပဲ ဆိုးထားတယ်။ သူ့ရဲ့မိုးပြာရောင်မျက်လုံးတွေက နယူးယောက်ညရဲ့နီယွန်မီးလုံးတွေအောက်မှာ တလဲ့လဲ့တောက်ပနေတယ်။ ရင့်ကျက်တဲ့ ဒီအလှလေးကို မက်ဒါနာဘယ်လိုကြည့်ကြည့် ရိုးမသွားဘူးရယ်။

"မင်းလွင်၊ တို့ကို အဲဒီလောက်ကြီး စိုက်ကြည့်မနေသင့်ဘူးမဟုတ်လား။" အေမီက မက်ဒါနာကို ဖလေရာရဲ့ဝိုင်းမှာ နေရာချပေးပြီးတဲ့နောက် ဖလေရာက မက်ဒါနာကို ပြောလိုက်တယ်။

ဒီတော့မှ မက်ဒါနာလည်း သတိပြန်ဝင်လာပြီး အကြည့်ကို လွှဲလိုက်တယ်။ "အား၊ စိတ်မရှိပါနဲ့။"

ခစ်... ခစ်....

မက်ဒါနာရှက်သွားတဲ့မျက်နှာလေးကိုမြင်တော့ ဖလေရာက တခစ်ခစ်မြည်အောင် ရယ်လိုက်တယ်။ စားပွဲထိုးကတော့ သူတို့နှစ်ယောက်အတွက် ဝိုင်တွေခွက်ထဲ ငှဲ့ပေးပြီးနောက် အေမီကို ကြည့်ပြီးမေးလိုက်တယ်။

"ဒီက မိန်းကလေးရော သောက်ဦးမှာလား။" မက်ဒါနာက စားပွဲထိုးကို အေမီအစားခေါင်းခါပြလိုက်ပြီ။

"သူက မသောက်တတ်ဘူးရှင့်။"လို့ ဖြေပေးလိုက်တယ်။ ဖလေရာကတော့ စားပွဲထိုးကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပုံရပြီး လက်ကိုယမ်းပြလိုက်တယ်။

"စားစရာတွေ မှာထားပြီးသားမလို့ ရှင်သွားလို့ရပြီ။" စားပွဲထိုးက ဖလေရာ့စကားကြောင့် ဦးညွှတ်ပြီး မက်ဒါနာတို့ဝိုင်းကနေ ထွက်သွားတယ်။

မက်ဒါနာကတော့ ဖလေရာကို ပြန်ကြည့်လိုက်ပြီး မေးလိုက်တယ်။ "ဖလေရာရေ၊ ဒီညချိန်းတွေ့တာ ညစာစားဖို့ပဲ ဖြစ်မယ်တော့မထင်ဘူးနော်။"

ဖလေရာက ခေါင်းညိတ်လိုက်တယ်။ သူတို့နှစ်ယောက်လုံးရဲ့အကြည့်တွေက လေးနက်သွားတော့တယ်။

All Chapters