← Chapters

ပြင်ပအကူအညီ

Vol. 6 Ch. 12

ပြင်ပအကူအညီ

Vol. 6 Ch. 12

ဖရက်တစ်ယောက် နယူးယောက်မြို့ကြီးတစ်ခုလုံးကို မြင်နိုင်တဲ့အမြင့်မှာ ရပ်နေလိုက်တယ်။ ညဖက်ဖြစ်သလို သူ့ရဲ့အတောင်ပံနက်ကလည်း လူတွေတော်ရုံသတိမထားမိအောင် ကူညီပေးနိုင်တာကြောင့် တောင်ပံနက်နဲ့တမန်တော်တစ်ပါး မြို့ကြီးကိုစောင့်ကြည့်နေမှန်း လူတွေသတိမထားမိကြဘူး။

"မဖြစ်သေးဘူး၊ နယူးယောက်မြို့က အကျယ်ကြီးဥစ္စာကို မင်းသမီးလေးကို ငါဘယ်လိုလိုက်ရှာမှာလဲ။"

အချိန်ကြာလာတာနဲ့အမျှ ဖရက်စိတ်ငြိမ်လာတယ်။ အဲဒီနောက် မင်းသမီးလေးကို ရှာဖို့အတွက် သူစပြီး စဥ်းစားကြည့်တယ်။ "ဟုတ်ပြီ၊ မင်းသမီးလေး သွားတတ်မယ့်နေရာတွေ အရင်လိုက်ရှာကြည့်တာပေါ့။"

ဒီလိုစဥ်းစားပြီး မကြာခင်မှာပဲ ဖရက်ခေါင်းကုတ်ရပြန်တယ်။ "ဒါပေမဲ့၊ မင်းသမီးလေးက ဘယ်လိုနေရာတွေ သွားတတ်လဲ။" ဖရက် သူ့ခေါင်းသူရိုက်လိုက်မိတယ်။

"မင်းသမီးလေးအနားမှာနေပြီး မင်းသမီးလေးအကြောင်း မသိဆုံးသူက ငါဖြစ်နေပါလား။" ဖရက်က စိတ်ပျက်လက်ပျက်နဲ့ သူ့ဖုန်းကိုထုတ်လိုက်တယ်။ အခုခေတ်မှာ တစ်ခုခုကို မသိနားမလည်ဘူးဆိုရင် တစ်ခုပဲလုပ်စရာရှိပါတယ်။ အစ်မကြီးဂိုဂဲလ်ကိုမေးတာပါ။

ဖရက်: မိန်းကလေးတွေကို ဘယ်နေရာကို သွားတတ်ကြလဲ။

ဂိုဂဲလ်ရလဒ်များ: မိန်းကလေးတွေ သွားလေ့သွားထရှိတဲ့နေရာများနှင့် မိန်းကလေးများကို ချဥ်းကပ်နည်း ဆောင်းပါး။

ဖရက်မှာ အမည်မသိလူတစ်ယောက်ရေးထားတဲ့ အဲဒီဆောင်းပါးကို အားကိုးရုံအပြင် တခြားမရှိဘူး။ ဖရက်ဆောင်းပါးကို ဖွင့်လိုက်တော့ ဆောင်းပါးရှင်က အခုလိုပြောလာတယ်။

နယူးယောက်ညမှာ မိန်းကလေးတွေကို လိုက်ရှာချင်နေပြီဆိုရင်တော့ အကောင်းဆုံးက စတိတ်ရှိုးကျင်းပတဲ့နေရာတွေနဲ့ ဒင်နာအထူးပြု စားသောက်ဆိုင်တွေမှာ စပြီးရှာတာပဲ။

ဖရက်က ခေါင်းကိုစောင်းငဲ့ပြီး စဥ်းစားလိုက်တယ်။ မက်ဒါနာလို မိန်းကလေးတစ်ယောက်က အဆိုတော်တစ်ယောက်ကို သဘောကျနေပြီး အဲဒီအဆိုတော်ရဲ့ဖျော်ဖြေပွဲကို သွားတာမျိုးက တကယ်ဖြစ်နိုင်တယ်။ ဘာပဲပြောပြော မိန်းကလေးတွေကို အဲဒီလိုလုပ်ရတာကို သဘောကျကျကြတယ်လေ။

ဖရက်က ဒီနေ့ညနယူးယောက်မှာ စင်တင်ဖျော်ဖြေပွဲလုပ်မယ့် နေရာတွေရဲ့စာရင်းကို ဂိုဂဲလ်မှာ ထပ်ရှာလိုက်တယ်။ ပေါ့ဂီတ၊ ဒီဂျေနဲ့ Countryအဆိုတော်တွေရဲ့ဖျော်ဖြေပွဲတွေတင်မကဘဲ အော်ပရာဇာတ်စင်တွေရဲ့စာရင်းကိုပါ ဖရက်ရှာဖတ်ပြီး ခေါင်းထဲထည့်မှတ်တယ်။

"မင်းသမီးလေးရေ၊ ကျွန်တော်လာပြီ။" အဲဒီနောက် ရေလိုက်လွဲသွားပြီဖြစ်တဲ့ ဖရက်တစ်ယောက်အတောင်ပံကိုဖြန့်ပြီး သူနဲ့အနီးဆုံးမှာရှိနေတဲ့ ဖျော်ဖြေပွဲရှိရာဆီ ပျံသန်းသွားလေတော့တယ်။

....

"အေမီရေ၊ မြန်မြန်ပြေး။" မက်ဒါနာက အေမီရဲ့ပခုံးပေါ်မှာရှိနေပြီး ပြောလိုက်တယ်။

အခုဗီလာထဲမှာ မက်ဒါနာကို အေမီက သူ့ပခုံးပေါ်တင်ပြီး ထမ်းပြေးနေတယ်။ အတွင်းခံအင်္ကျီတွေပဲ ဝတ်ထားတဲ့ ဖလေရာကတော့ နောက်ကနေ ပြေးလိုက်လို့ပေါ့။

"မက်ဒါနာရေ၊ ငါက နင့်ရဲ့ပထမဆုံးအနမ်းကို ရထားပြီးသားလေ။ ဒီတော့ ငါနဲ့ပထမဆုံးညကို ကုန်ဆုံးသင့်တယ်မဟုတ်ဘူးလား။"

"ကောင်မစုတ်၊ နင်ငါ့ကို အလိုမတူဘဲ အဲဒီလိုလုပ်လို့မရဘူးလေ။" ဖလေရာရဲ့စကားကိုကြားတော့ မက်ဒါနာက ပြန်အော်တယ်။

လောလောဆယ် မက်ဒါနာက ကြယ်သီးတွေပြုတ်နေတဲ့ စစ်ဝတ်စုံနဲ့တူတဲ့ အနက်ရောင်ဂျာကင်အပြင် တခြားဘာမှဝတ်မထားသလိုဖြစ်နေတယ်။ အိပ်ရာပေါ်မှာတုန်းက ဖလေရာဟာ ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့တဲ့အတွက်ကြောင့်ပါ။

မက်ဒါနာရဲ့ဘောင်းဘီရှည်ကိုဆွဲချွတ်ပြီး အင်္ကျီကိုသာ ကြယ်သီးမဖြုတ်ဘဲ ဆောင့်ဆွဲလိုက်တာလေ။ ဒါကြောင့် လောလောဆယ် မက်ဒါနာရဲ့အခြေအနေက ဗီလိန်ကြီးရဲ့မတရားပြုကျင့်ခံရခါနီး မင်းသမီးလေးလိုဖြစ်နေပြီ။

ပိုဆိုးတာက မက်ဒါနာရဲ့ညာဖက်တင်ပါးလေးမှာ ဖလေရာရဲ့နှုတ်ခမ်းနီရာပေကျံနေတာကို မြင်နိုင်ပါတယ်။ ဘောင်းဘီဆွဲချွတ်နေရင်း မနေနိုင်လို့ဆိုပြီး တင်ပါးကိုအနမ်းပေးတာခံထားရတာ။

နောက်ဆုံးတော့ မက်ဒါနာလည်း ဘီလူးသရဲဝင်စီးသလိုဖြစ်နေတဲ့ ဖလေရာရန်က လွတ်ဖို့အတွက် အေမီကို လှမ်းအကူအညီတောင်းရတော့တာပဲ။

"အေမီ၊ ငါတို့အိမ်ထဲက ထွက်မှဖြစ်မယ်။"

ဗီလာအိမ်ရဲ့ဧည့်ခန်းထဲကိုရောက်တော့ မက်ဒါနာက အေမီကို ပြောလိုက်တယ်။ ဖလေရာက အတော်လေးအပြေးသန်တာကြောင့် အခုလိုကျဥ်းမြောင်းတဲ့နေရာမှာသာ ဆက်ပြေးနေမယ်ဆိုရင် မကြာခင် သူတို့ကိုမိသွားလိမ့်မယ်။

"မက်ဒါနာရေ၊ နင်ပြေးလို့မလွတ်ပါဘူးဟာ။" မျက်လုံးထဲမှာတောင် အသည်းပုံသင်္ကေတပေါ်နေတဲ့ ဖလေရာက ဧည့်ခန်းထဲက ဆိုဖာခုံတစ်ခုပေါ် ကျော်တက်လာပြီး မက်ဒါနာကို ဖမ်းဆွဲဖို့ကြိုးစားတယ်။

ဒါပေမဲ့ အေမီက မက်ဒါနာရဲ့အမိန့်ကိုရကတည်းက အိမ်ထဲကနေ ထွက်သွားဖို့အတွက် ကြိုတွက်ချက်နေပြီးသား။ အခွင့်အရေးရတာနဲ့ မက်ဒါနာအပေါ်ခုန်အုပ်ဖို့ကြိုးစားလိုက်တဲ့ ဖလေရာကို ကပ်သီးလေးရှောင်ပြီး ပြတင်းပေါက်ကို တည့်တည့်ဝင်တိုးတယ်။

ခလွမ်း....

အေမီက ပြတင်းပေါက်ကို ခြေနဲ့ကန်လိုက်တဲ့အတွက် ပြတင်းပေါက်မှန်တွေနဲ့ သစ်သားတံခါးဘောင်တွေပါ ကျိုးပျက်သွားတယ်။ မက်ဒါနာက အေမီပခုံးပေါ်ကနေ ဖလေရာကို လှမ်းကြည့်တော့ သူ့အပေါ်ခုန်အုပ်ဖို့ ကြိုးစားရာကနေ ကျဆုံးသွားပြီး ကြမ်းပြင်မှာ မှောက်လျက်သားလဲနေတဲ့ ဖလေရာကို တွေ့လိုက်ရတယ်။

"မက်ဒါနာရေ၊ တစ်ခါလေးပဲ ဥစ္စာကို။ ဘာလို့အဲဒီလောက်တောင် ခါးခါးသီးသီးဖြစ်နေရတာလဲ။"

ဖလေရာက ပြန်ထဖို့ကြိုးစားရင်း ပြောလိုက်တယ်။ မက်ဒါနာကတော့ လက်ရှိအကျပ်အတည်းကြောင့် မျက်နှာတစ်ခုလုံး ထူပူနေပြီဖြစ်ပြီး မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတယ်။

"ငါက ယောက်ျားလေးလေ၊ နင်ငါ့ကို အဲဒီလိုတက်ခွရင် ယောက်ျားလေးဆိုတဲ့ ဂုဏ်သိက္ခာဘယ်ရှိတော့မှာလဲ။"

မက်ဒါနာက ပြောလိုက်တယ်။ အေမီကတော့ ဖလေရာ ပြန်ထလာပြီး အသင့်မဖြစ်သေးခင်မှာပဲ သခင်မလေးကို ပြုတ်မကျအောင် သေချာထိန်းကိုင်လိုက်ပြီးပြတင်းပေါက်ကနေ ခုန်ထွက်လိုက်တယ်။

ဟူး...

လေအဝေ့မှာ မက်ဒါနာတစ်ယောက် အေးခနဲခံစားလိုက်ရတယ်။ တင်ပါးမှာ အဝတ်ကပ်မနေတော့ ညချမ်းလေကလေးကြောင့် ချမ်းစိမ့်စိမ့်လေးခံစားနေရတာ။

အေမီဗီလာထဲကနေ ခုန်ထွက်လာပြီးတဲ့နောက် ဖလေရာလည်း လိုက်ခုန်ထွက်လာတယ်။ အဲဒီနောက် ဖလေရာက ခြေဗလာနဲ့ဗီလာရှေ့ မြက်ခင်းပြင်မှာ မတ်မတ်ပြန်ရပ်လိုက်ပြီး မက်ဒါနာကို လက်ညိုးထိုးကာ ပြောလိုက်တယ်။

"အာလေလေ၊ မက်ဒါနာ။ နင်က အခုမိန်းကလေးဖြစ်နေတာ မဟုတ်ဘူးလား။ မိန်းကလေးဆိုရင် အဲဒီကိစ္စတွေးစရာမလိုတော့ဘူးလေ။"

ဝှစ်...

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ အနက်ရောင်အရိပ်ကြီးတစ်ရိပ် ဗီလာအိမ်ရှေ့ကို ကျဆင်းလာပြီး ဖလေရာကို ဝင်တိုက်ပစ်ဖို့ကြိုးစားတယ်။ ဖလေရာလည်း အလိုလိုသိစိတ်ကြောင့် ရှောင်လိုက်တဲ့အတွက် ကြီးကြီးမားမားတော့ ထိခိုက်မသွားဘူး။

မက်ဒါနာက အနက်ရောင်အရိပ်ကြီးကို ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ လူတစ်ယောက်ဖြစ်နေတာ တွေ့လိုက်ရတယ်။ ပြီးတော့ အခုလိုအချိန်မှာ မတွေ့ချင်ဆုံးသူတစ်ယောက်ပါ။ လက်ရှိတင်ပါးမှာ အဝတ်မကပ်ဖြစ်နေတာကိုပါ ထည့်တွေးမိတော့ မက်ဒါနာရှက်လွန်းလို့ ဘာလုပ်ရမှန်းကိုမသိတော့ဘူး။

....

ဖရက်တစ်ယောက် တစ်မြို့လုံးက ဖျော်ဖြေရေးစင်မြင့်တွေဆီသွားပြီး မက်ဒါနာကို ရှာနေခဲ့တဲ့အတွက် အချိန်အတော်ကုန်သွားပေမဲ့ မက်ဒါနာတစ်ယောက် ဂီတဖျော်ဖြေပွဲတစ်ခုဆီ သွားနေတာမဖြစ်နိုင်ဘူးလို့ မကြာခင်မှာပဲ သူကောက်ချက်ချလိုက်ပြီး ဒင်နာအထူးစီစဥ်ပေးတဲ့ စားသောက်ဆိုင်တွေဆီ သွားမေးမြန်းစုံစမ်းလာခဲ့တာ။

"ဝှီးချဲနဲ့ရွှေရောင်ဆံပင်ရှည် မျက်လုံးပြာကောင်မလေးနဲ့ အိမ်စေမလေးကို တွေ့မိသေးလား"လို့ ဆိုင်တကာလျှောက်မေးရုံပါပဲ။ လွယ်တော့မလွယ်ပေမဲ့ နောက်ဆုံးတော့ မက်ဒါနာတို့ညစာစားတဲ့ဆိုင်ကို ရှာတွေ့သွားပြီး အဲဒီကနေတစ်ဆင့် သဲလွန်စတွေကိုစုဆောင်းကာ ဗီလာကို ရှာတွေ့ခဲ့တာဖြစ်တယ်။

"မင်းသမီးလေးက ဒီရောက်နေတာကိုး။ တစ်မြို့လုံး ပတ်ရှာလိုက်ရတာ။ ထင်ထားတဲ့အတိုင်းပဲ မသမာသူတစ်ယောက်က မင်းသမီးလေးကို မကောင်းကြံနေတာကိုး။"

ဖရက်က ဖလေရာကို မျက်စောင်းထိုးကြည့်ရင်း ပြောလိုက်တယ်။ မက်ဒါနာကတော့ လက်ရှိအခြေအနေကြောင့် သေသာသေလိုက်ချင်တော့တယ်။

....

ဖလေရာရဲ့မက်ဒါနာကို အပိုင်စီးဖို့ကြိုးစားမယ့်အစီအစဥ် အောင်မြင်စွာနဲ့ ကျရှုံးသွားပြီးတဲ့နောက်တော့ ဒုတိယအချီ အတည်ပေါက်ဆွေးနွေးမှုကို ပြန်စဖြစ်ကြတယ်။

စားသောက်ဆိုင်မှာတုန်းက အရေးကြီးကိစ္စတချို့ကို သူတို့ဆွေးနွေးနိုင်ခဲ့ပေမဲ့ ဟင်းပွဲတွေရောက်လာပြီးနောက် မက်ဒါနာအယ်ကိုဟော ထောင်ချောက်မိသွားတဲ့အတွက် နောက်ထပ်အရေးကြီးကိစ္စတွေကို မဆွေးနွေးဖြစ်ခဲ့ဘူး။

"ဒီတော့ နင်က နင့်ရဲ့ကျောင်းရန်ပုံငွေအတွက် ငါ့ဆီကနေ ဘဏ္ဍာရေးအထောက်အပံ လိုချင်တယ်ပေါ့။"

ဖလေရာက သူ့ရှေ့မှာရှိနေတဲ့ သံပုရာရည်ခွက်ထဲ သကြားတစ်ဇွန်းထည့်ရင်း ဇွန်းနဲ့မွှေလိုက််တယ်။ ညဦးပိုင်းမှာ ပြေးတိုင်းလိုက်တိုင်းကစားထားလို့ ဖလေရာရော မက်ဒါနာပါ မောဟိုက်နေပြီး တစ်ကိုယ်လုံးချွေးစေးတွေနဲ့ဖြစ်နေပြီ။

မက်ဒါနာက ခေါင်းညိတ်ပြီး ရှင်းပြတယ်။ "အင်း၊ အမှန်တော့ နင်တကယ်ပိုက်ဆံပေးစရာမလိုဘူး။ အဖိုးဆီကနေ ငါပိုက်ဆံတော်တော်များများရထားတာရှိတယ်။ နင်က ကျောင်းအတွက် ဥပဒေနဲ့ညီတဲ့ ဝင်ငွေလမ်းကြောင်းဖြစ်အောင် လုပ်ပေးဖို့ပဲလိုတာ။"

အခုဖလေရာက အနီရောင်ဂါဝန်တစ်ထည်ကို ပြောင်းဝတ်ထားပြီး မက်ဒါနာကတော့ ဖလေရာရဲ့နည်းနည်းကြီးနေတဲ့ ရုံးတက်ဝတ်စုံကို ဝတ်ထားရတယ်။ မက်ဒါနာရဲ့ဝတ်စုံတွေက ဖလေရာရဲ့ခပ်ကြမ်းကြမ်းအပြုအမူကြောင့် ပျက်စီးသွားပြီလေ။

ဖရက်ကတော့ ဧည့်ခန်းရဲ့ထောင့်မှာ နံရံကိုမှီရပ်နေပြီး ဖလေရာကို မျက်လုံးဒေါက်ထောက်ကြည့်နေပါတယ်။ မသိရင် ရန်သူတစ်ယောက်ကို ထောက်လှမ်းနေတဲ့အတိုင်းပဲ။

ဖလေရာက သံပုရာရည်ကို ဇွန်းနဲ့မွှေနေတာရပ်ပြီး ခွက်ကလေးကို လက်နဲ့မြှောက်ကာ ပါးစပ်နားတေ့ပြီး တစ်ငုံမော့ချတယ်။ နောက်တော့ ဖလေရာက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး

"တစ်နည်းအားဖြင့် နင်က ငါ့ကိုကြားခံအဖြစ်သုံးပြီး ငွေမည်းခဝါချချင်တာပေါ့။"

အဲဒီစကားကြောင့် မက်ဒါနာလည်း ရယ်မောလိုက်ပြီး "ငွေးမည်းခဝါချတာတော့ မဟုတ်ပါဘူးဟယ်။ ငါက နင့်နာမည်ကို ယူသုံးရုံတင်ပါ။"

ဒါပေမဲ့ ဖလေရာက ခေါင်းခါလိုက်ပြီး သံပုရာရည်ခွက်ကို စားပွဲပေါ်ပြန်တင်တယ်။ အဲဒီနောက် မက်ဒါနာကို တည့်တည့်ပြန်ကြည့်လိုက်ပြီး သူစဥ်းစားထားတဲ့အတွေးကို ထုတ်ဖော်ပြသတယ်။

"မက်ဒါနာ၊ နင်ပိုက်ဆံတွေကို အဲဒီအတွက်အကုန်ခံစရာမလိုပါဘူး။ နယူးယောက်ဟီးရိုးကျောင်းကို ငါ့ပိုက်ဆံနဲ့ငါ ထောက်ပံနိုင်တယ်။ ဒေါ်လာငါးသန်းဆိုရင် လုံလောက်လား။"

မက်ဒါနာက သေချာပြန်စဥ်းစားလိုက်တယ်။ ဖလေရာပြောတဲ့ပမာဏက တကယ်ဆိုရင် လိုတာထက်ပိုနေသေးတယ်။ နယူးယောက်ဟီးရိုးကျောင်းက သိပ်ကြီးတဲ့ကျောင်းထဲ မပါတဲ့အတွက်ကြောင့် ဒေါ်လာငါးသန်းနဲ့ဆိုရင် ရေတိုရည်မှန်းချက်အများစုကို ပြည့်မီအောင်လုပ်နိုင်တယ်။

"အင်း၊ အဲဒီလောက်ဆိုရင် ကျောင်းသားတွေဖို့လိုအပ်တဲ့ လေ့ကျင့်ရေးပစ္စည်းတွေ ဝယ်လို့ရပြီ။"

ဖလေရာက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ ကျောင်းအုပ်ကြီးပေါ်လီယာနာ။ ရှင့်အနေနဲ့ ဘာမှလုပ်စရာမလိုပါဘူး။ ကျွန်မရန်ပုံငွေလာထည့်ရင် ဂုဏ်ပြုလက်မှတ် ထုတ်ပေးဖို့သာ မမေ့ပါနဲ့။"

အဲဒီနောက် ဖလေရာက တစ်ခုခုကို စဥ်းစားမိသွားဟန်နဲ့ မျက်လုံးကိုလှိမ့်လိုက်ပြီး ရှေ့နည်းနည်းတိုးထိုင်တယ်။ နောက်တော့ မက်ဒါနာနားကို နည်းနည်းထပ်တိုးကပ်ပြီး ဒီစကားကိုပြောတယ်။

"ဒါနဲ့၊ မက်ဒါနာရေ။ ဥပဒေအသစ်အရဆို ဟီးရိုးကျောင်းတစ်ကျောင်းမှာ ဆရာငါးယောက်ရှိရမှာမဟုတ်လား။"

"အင်းလေ။" ဖလေရာပြောတဲ့ဥပဒေက တကယ်ရှိတာမလို့ မက်ဒါနာ ခေါင်းညိတ်ပြတယ်။ ဖလေရာကလည်း ဒီဥပဒေကို သိပြီးသားဖြစ်ပြီး မက်ဒါနာဆီက အတည်ပြုကြောင်း ကြားချင်ရုံသက်သက်ပါ။

"အခုနင်တို့မှာ ဆရာဘယ်နှစ်ယောက်ရှိလဲ။"

မက်ဒါနာက ပြန်စဥ်းစားလိုက်ပြီး ဖလေရာကိုပြန်ဖြေတယ်။ "ဆရာမဟဲရိုးရယ်၊ ဆရာအာသာရယ်၊ အေမီနဲ့ဖရက်ရယ်ဆိုတော့ လေးယောက်ပေါ့။"

"မက်ဒါနာရေ၊ နင်ငါ့ကို နင်တို့ကျောင်းမှာ အလုပ်ခန့်လို့ရမလား။ ဒါဆိုရင် နင့်အနားမှာ ငါနေလို့ရပြီလေ။"

ဖလေရာရဲ့ရဲတင်းလွန်းတဲ့ တောင်းဆိုမှုကြောင့် မက်ဒါနာ ထအော်မိလုနည်းနည်းပဲ။ တကယ်တော့ မက်ဒါနာတစ်ယောက်တည်းတင် ဒီလိုဖြစ်သွားတာမဟုတ်ဘူး။ ဖရက်က ဒီစကားကိုကြားတာနဲ့ ချက်ချင်းထကန့်ကွက်တယ်။

"မင်းသမီးလေး၊ ဒီအမျိုးသမီးက အင်မတန်တဏှာစိတ်ကြီးတဲ့ အမျိုးသမီးပါ။ သူကျောင်းမှာ မင်းသမီးလေးနဲ့ အတူရှိနေမှာကို ကျွန်တော်လက်မခံနိုင်ဘူး။"

မက်ဒါနာကလည်း တုန်ရင်နေတဲ့ ရင်ဘတ်ကိုထိန်းရင်း ပြောလိုက်တယ်။ "ဖလေရာရေ၊ နင်က မြူတန့်မဟုတ်ဘူးမလား။ နင့်အဖိုးဝတ်စုံက တိုက်ဖို့ခိုက်ဖို့သုံးလို့ရတယ်ဆိုပေမဲ့ အစိုးရက နင်နဲ့ငါ့ကို ချိတ်ဆက်မိသွားနိုင်တယ်မဟုတ်လား။"

ဖလေရာက မက်ဒါနာစိုးရိမ်နေတာကိုတွေ့တော့ ရယ်မောလိုက်တယ်။ အဲဒီနောက် သူက အခုလိုပြန်ဖြေရှင်းတယ်။

"ငါက နင့်ကို စတာပါဟဲ့။ တကယ်တော့ နင့်ကျောင်းမှာ ဆရာလုပ်ဖို့လိုနေတာက တခြားတစ်ယောက်။"

ဖလေရာက မက်ဒါနာမသိတဲ့ တခြားတစ်ယောက်ကို နယူးယောက်ကျောင်းမှာ ဟီးရိုးအလုပ်သင်ဆရာအဖြစ် ခန့်အပ်ချင်နေတယ်ဆိုတာ ကြားတော့ မျက်ခုံးပင့်လိုက်မိတယ်။ မက်ဒါနာ စိတ်ဝင်စားလာပြီဆိုတာတွေ့တော့မှ ဖလေရာက ခေါင်းညိတ်လိုက်ပြီး စရှင်းပြတယ်။

"မက်ဒါနာ၊ နင်က အခုဂျိုးဝဲလ်ဆင်ကို ဆန့်ကျင်ချင်နေတာဆိုပေမဲ့ ငါအပါအဝင် တခြားဘယ်သူမှ သူ့ကိုထိပ်တိုက်မရင်ဆိုင်နိုင်ကြဘူး။ အထူးသဖြင့် ငါတို့မှာ အစိုးရအတွင်းလူ ရှိမနေဘူးလေ။"

အမိန့်တော်အဖွဲ့နဲ့နတ်ဘုရားအသံတို့က သတင်းကွန်ယက် အတော်လေးကျယ်ပြန့်တယ်ဆိုပေမဲ့ အမေရိကန်လို ကမ္ဘာ့ထိပ်သီးနိုင်ငံမျိုးက တကယ်လျှို့ဝှက်ထားချင်တဲ့ ကိစ္စတွေကိုတော့ သူတို့မသိနိုင်ကြဘူး။

အခုအချိန်ထိ မက်ဒါနာက လူသားမဟာမိတ်ကိုဦးဆောင်နေတဲ့ ဂျိုးဝဲလ်ဆင်ကို ဖြုတ်ချချင်ပေမဲ့ ဘယ်ကနေ စလို့စရမှန်း သူသိမနေဘူး။ ပြောရမယ်ဆိုရင် မက်ဒါနာက လက်ရှိလှုပ်ရှားနေတဲ့ မြေအောက်အဖွဲ့တွေနဲ့တောင် တိုက်ရိုက်အဆက်အသွယ်ရှိမနေဘူး။ သူ့ရဲ့သတင်းကွန်ယက်က သိပ်ကိုကျဥ်းလွန်းတယ်။

မက်ဒါနာတစ်ယောက် လက်ရှိအခြေအနေကိုတွေးပြီး တိတ်ဆိတ်နေတုန်း ဖလေရာက ပြောလာတယ်။ "မက်ဒါနာ၊ နင် ဖရီးမေဆင်အသင်းကို ကြားဖူးလား။"

ဒီစကားက မက်ဒါနာရဲ့နားထဲကို ဝင်လာတာနဲ့ မက်ဒါနာ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ဒီလိုအသင်းကြီးကို မကြားဖူးတဲ့လူဆိုတာ မရှိသလောက်ပါပဲ။

ဖရီးမေဆင်အသင်းဟာ ဗြိတိန်နိုင်ငံမှာ ၁၃ရာစု အစောပိုင်းက ဖွဲ့စည်းခဲ့တဲ့ လျှို့ဝှက်အဖွဲ့တစ်ခုပါ။ လွတ်လပ်တဲ့ အတွေးအခေါ်ဒဿနပြန့်ပွားရေးကိုအားပေးပြီး နိုင်ငံပေါင်းစုံမှာ အသင်းခွဲပေါင်းများစွာရှိပါတယ်။ တချို့စိတ်ကူးယဥ်သီအိုရီတွေအရဆိုရင် သူတို့က ကမ္ဘာ့အစိုးရအချို့ကိုတောင် ချုပ်ကိုင်ထားတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ မက်ဒါနာသိသလောက်တော့ မြေအောက်လောကမှာ ဖရီးမေဆင်အကြောင်း ဆွေးနွေးတာမရှိသလောက်ပဲ။ ဟီးရိုးနဲ့ဗီလိန်အများစုက သူတို့အမှန်တကယ်တည်ရှိတာကို သိကြတယ်။ ယုံတမ်းပုံပြင်တွေထဲကလောက် အားမကောင်းတာကိုလည်း သိကြတယ်။

မေဆင်ဂိုဏ်းခွဲတချို့ အစိုးရတွေကို ထိန်းချုပ်ဖို့ကြိုးစားတာမျိုးရှိဖူးပေမဲ့ စိတ်ကူးယဥ်ပုံပြင်တွေထဲကလောက် သူတို့လွှမ်းမိုးမှုက မကြီးပါဘူး။ အဓိကက အသင်းခွဲတစ်ခုနဲ့တစ်ခုကြား ခိုင်မာတဲ့ဆက်နွယ်မှုမရှိတာကြောင့် အသင်းခွဲတိုင်းက လွတ်လပ်စွာလှုပ်ရှားနေနိုင်တာကြောင့်ပါ။ အသင်းခွဲတွေတစ်ခုနဲ့တစ်ခု စည်းကမ်း၊စံနှုန်းနဲ့မူဝါဒတွေမတူသလို ဗဟိုခေါင်းဆောင်မှုလည်း မတင်းကျပ်ပါဘူး။

၁၉၈၁ခုနစ်က အီတလီမှာ သမ္မတကိုပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တဲ့ အသင်းခွဲတစ်ခုရှိဖူးပေမဲ့ များသောအားဖြင့် မေဆင်တွေက ငြိမ်းချမ်းတဲ့အတွေးအခေါ်သမားတွေနဲ့ ဖွဲ့စည်းထားတာပါ။

ဖရီးမေဆင်အဖွဲ့က ကြီးမားပြီး နိုင်ငံရေးသမားတွေ၊ လူချမ်းသာကြီးတွေပါ အဖွဲ့ဝင်အဖြစ်ရှိနေတာကြောင့် ဒါကြောင့် လူမှုရေးကွန်ယက်ကျယ်ပြန့်တာကိုတော့ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ မြူတန့်လောကအပေါ် တိုက်ရိုက်သက်ရောက်စေတဲ့ အဖြစ်မျိုး နှစ်ငါးဆယ်အတွင်းမှာ မရှိသေးပါဘူး။

ဖလေရာက အခုထိစဥ်းစားခန်းဝင်ပြီး တိတ်ဆိတ်နေတဲ့ မက်ဒါနာကိုတွေ့တော့ ပြောလိုက်တယ်။ "ဝဲလ်ဆင်လို သာမန်ရှေ့နေလေးတစ်ယောက်က အခုလိုမျိုး သမ္မတဖြစ်လာတဲ့အထိ အင်အားကြီးလာတာ ပုံမှန်မဟုတ်ဘူးလို့ ငါပြောရင် နင်လက်ခံမလား။"

မက်ဒါနာက ခေါင်းညိတ်ပြီး ခန့်မှန်းပြောလိုက်တယ်။ "ဖရီးမေဆင်တွေက သူ့ကိုထောက်ခံခဲ့တာလား။"

ဖလေရာက ခေါင်းညိတ်လိုက်တယ်။ "ဂျိုးလ်ဝဲလ်ဆင်က အဖွဲ့ဝင်တစ်ယောက်တော့မဟုတ်ဘူး။ ဒါပေမဲ့ သူက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ မေဆင်တွေယုံအောင်လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် မေဆင်တွေက သူ့ကိုရွေးကောက်ပွဲဝင်နိုင်အောင် ဘဏ္ဍာရေးအကူအညီပေးခဲ့တယ်။"

ဖရီးမေဆင်လိုမျိုး လျှို့ဝှက်အသင်းတွေက အစိုးရတွေကို တိုက်ရိုက်ထိန်းချုပ်တာမျိုးထက် သူတို့စိတ်ကြိုက် ခေါင်းဆောင်တစ်ယောက်ကို အုပ်ချုပ်သူဖြစ်လာအောင် ရွေးချယ်ပေးတာမျိုးကို ပိုလုပ်တတ်ပါတယ်။ ဒါက သူတို့ရဲ့လွှမ်းမိုးမှုပြယုဂ်လို့ ပြောရမလားပဲ။

ဥပမာအနေနဲ့ မေဆင်အဖွဲ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ အီလူမီနာတီက စပိန်မှာ သူတို့သဘောကျတဲ့လူကို ဘုရင်တင်မြှောက်ဖို့ ကြိုးစားခဲ့သေးတယ်။ အောင်တော့ မအောင်မြင်ခဲ့ပေမဲ့ပေါ့။

မက်ဒါနာက ပြုံးလိုက်ပြီး ဖလေရာပြောချင်တဲ့ကိစ္စကို ခန့်မှန်းမိသွားတယ်။ "ငါသိသလောက် မေဆင်အများစုက လစ်ဘရယ်ဝါဒ ထောက်ခံကြတယ်မလား။ အမေရိကန်ငြိမ်းချမ်းနေမှ သူတို့အဖွဲ့ဝင်တွေရဲ့စီးပွားရေးအကျိုးအမြတ် မထိခိုက်မှာဆိုပြီးတော့လေ။"

မေဆင်အသင်းခွဲတိုင်းတော့မဟုတ်ပေမဲ့ အသင်းခွဲတချို့ရဲ့ရည်မှန်းချက်က နိုင်ငံရေးကိုတစ်ဆင့်ခံလွှမ်းမိုးပြီး အဲဒီကနေတစ်ဆင့် အကျိုးအမြတ်ရဖို့ပါ။ ၁၉၈၁ အီတလီဂိုဏ်းခွဲကလည်း ဒီလိုအကြံနဲ့ သမ္မတကိုပြန်ပေးဆွဲချင်ခဲ့တာ။

မက်ဒါနာက သူ့အတွေးကို ဆက်ပြောတယ်။ "အခုဂျိုးဝဲလ်ဆင်က သူတို့ဖြစ်စေချင်တဲ့အရာနဲ့ ဆန့်ကျင်ဘက်ကိုလုပ်နေပြီ။ အမေရိကန်မေဆင်တွေက ကမ္ဘာ့အရေးတွေကနေ အကျိုးအမြစ်ရနိုင်တယ်ဆိုပေမဲ့ အမေရိကန်ကိုယ်တိုင် ပြဿနာကျွင်းထဲကျသွားရင် ပြောင်းပြန်ဖြစ်သွားမှာလေ။"

"ဒါပေမဲ့ အခုဝဲလ်ဆင်က အမျိုးအမည်မသိနည်းပညာသစ်တွေကြောင့် သူတို့ထိန်းချုပ်နိုင်တာထက် အင်အားကြီးနေပြီမဟုတ်လား။ အခုငါက ဂျိုးဝဲလ်ဆင်ကို ဖြုတ်ချချင်နေတယ်ဆိုတာကြားတော့ သူတို့အဖွဲ့သားတစ်ယောက်ကို ငါ့နားလွှတ်ပြီး အတွင်းသတင်းရအောင် ကူညီပေးချင်နေတာပဲ။"

မက်ဒါနာက စကားကိုလက်စသတ်လိုက်တယ်။ ဖလေရာက မက်ဒါနာရဲ့ခန့်မှန်းချက်ကို မှန်ကြောင်းသက်သေပြတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

All Chapters