← Chapters

ပုန်းကွယ်နေတဲ့ ကပ်ဘေး

Vol. 6 Ch. 13

ပုန်းကွယ်နေတဲ့ ကပ်ဘေး

Vol. 6 Ch. 13

ဆန်ဖရန်စစ်စကိုကမ်းခြေ။

ရွှေရောင်ဂိတ်တံခါးတံတားပေါ်မှာ အနက်ရောင်ပေါ်တယ်ကြီးတစ်ခု ပွင့်လာပြီး ယာမီနဲ့တက်ဒီအရုပ်ကလေးကိုပိုက်ထားတဲ့ ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက် ထွက်လာတယ်။

ယာမီက အနီရောင်ဆေးသုတ်ထားတဲ့ ကြိုးတံတားကြီးရဲ့တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီးခေါင်းညိတ်လိုက်တယ်။ ညဖက်မလို့ ရွှေရောင်ဂိတ်တံခါးတံတားတစ်ခုလုံးကို မြူတွေဖုံးထားပြီး တစ်နေရာနဲ့တစ်နေရာကို သိပ်ဝေးဝေးမမြင်ရဘူး။

ဒါကြောင့်လည်း လူသွားလူလာတွေ ရှိနေပေမဲ့ အနက်ရောင်တွင်းပေါက်ထဲကနေ ထွက်လာတဲ့ လူနှစ်ယောက်ကို ကားပေါ်ကလူတွေ သတိမထားမိကြတာ။

https://mmxianxia.com/wp-content/uploads/2023/07/photo_2023-07-30_16-50-07-1024x689.webp

(Pic1: Goldern Gate Bridge)

"တော်တယ်၊ မင်းရဲ့စွမ်းအားက တစ်နေ့ထက်တစ်နေ့ ပိုပြီးတိုးတက်လာတာပဲ။"

ယာမီက ကလေးမလေးခေါင်းကို အသာလေးပုတ်ပေးလိုက်တယ်။ ကလေးမလေးက သာမန်တော့မဟုတ်ဘူး။ ကလေးမလေးရဲ့အသားအရေက ဖြူဖျော့နေပြီး အသက်မရှိသလိုပဲ။ သေချာကြည့်မယ်ဆိုရင် ဝင်သက်ထွက်သက်မရှိတာကို သတိထားမိနိုင်တယ်။

ကောင်မလေးက ယာမီကို မော့ကြည့်လိုက်တယ်။ အရောင်ဖျော့တော့နေတဲ့ ရွှေရောင်ဆံစလေးတွေက ကောင်မလေးနဲ့နဖူးကနေ ပယ်ခွာသွားပြီး နားထင်နားကို ရွေ့သွားတယ်။ ကောင်မလေးရဲ့အစိမ်းရောင်မျက်လုံးတွေကတော့ ဖရက်ကိုခံစားချက်မဲ့စွာနဲ့ စိုက်ကြည့်နေတယ်။

ယာမီကတော့ ကလေးမလေးကို လက်ဆွဲထားရင်း ရွှေရောင်ဂိတ်တံတားပေါ်ကနေတစ်ဆင့် ခပ်ဝါးဝါးလှန်းမြင်နေရတဲ့ ကျွန်းကိုစိုက်ကြည့်နေတယ်။ အဲဒီကျွန်းပေါ်မှာ အဆောက်အဦးတစ်ခုရှိနေပြီး အကျဥ်းထောင်တစ်ခုပါ။

"ငါသတင်းရထားတဲ့အတိုင်းဆိုရင် အဲဒီထူးဆန်းတဲ့အရာက ဒီနားတစ်ဝိုက်ကို ကျသွားတာပဲ။ သခင်မမှာထားတဲ့အတိုင်း ငါသွားစစ်ကြည့်ရမယ်။"

ယာမီက ပြောလိုက်ပြီး တံတားပေါ်ကနေတစ်ဆင့် ဆန်ဖရန်စစ်စကိုကမ်းခြေရဲ့ရေမျက်နှာပြင်ကို ငုံကြည့်တယ်။ တံတားအောက်က ရေမျက်နှာပြင်က ဒီရေကြောင့် ဝဲကန်တော့ထိုးနေပြီး လုံးဝငြိမ်သက်သွားမယ့်ပုံမရဘူး။

ဒီနေရာကိုခေါ်တဲ့ နာမည်ပြောင်တစ်ခုရှိသေးတယ်။ သင်္ဘောတွေရဲ့သချိုင်းတဲ့။ မတည်ငြိမ်တဲ့ ရေစီးတွေက ရာစုနှစ်ပေါင်းများစွာ ဖြတ်သွားဖြတ်လာသင်္ဘောတွေကို ဝါးမျိုနေခဲ့တာ။ ယာမီရဲ့စွမ်းအားနဲ့တောင်မှ ဒီကမ်းခြေကရေတွေကို သွန်မှောက်ပစ်ဖို့ မဖြစ်နိုင်ဘူးလေ။

ဖရက်က ပင်လယ်ရေပြင်အလယ်မှာ ထီးထီးကြီးတိုးထွက်နေတဲ့ ကျွန်းကိုပြန်ကြည့်လိုက်တယ်။ ဒီကျွန်းကို သူကောင်းကောင်းကြီးရင်းနှီးတာပေါ့။ အမှန်တော့ အမေရိကန်နိုင်ငံမှာ နေတာကြာတဲ့သူတိုင်း အဲဒီနေရာအကြောင်းကို တီးမိခေါက်မိတော့ ရှိမှာပါ။ အာကပ်စတပ်ကျွန်း၊ အမေရိကန်ရဲ့ငရဲတွင်းဝလို့သိကြတဲ့ အာကပ်စတပ်အကျဥ်းထောင်ရှိရာနေရာပေါ့။

အစကတော့ အဲဒီနေရာက ထောင်မဟုတ်ဘူး။ ၁၈၅၉ ခုနစ်မှာ ခံတပ်တစ်ခုအနေနဲ့ ဖွင့်လှစ်ခဲ့တာ၊ ဒါပေမဲ့ ၁၉၃၃ ခုနစ်ရောက်တော့ အမေရိကန်ရဲ့လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်။

အယ်ကာပုန်းလိုမျိုး မာဖီးယားခေါင်းဆောင်တွေကို ထိန်းသိမ်းထားခဲ့တဲ့ထောင်၊ ထောင်ဖွင့်ချိန်ကစပြီးရေတွက်ရင် ထောင်ဖောက်ပြေးဖို့ ထောင်သားတွေ ၁၄ကြိမ်တိတိ ကြိုးစားဖူးကြပေမဲ့ ဘယ်သူမှမအောင်မြင်ခဲ့ဘူး။ ၁၉၆၃ ခုနစ်အရောက်မှာတော့ အိုမင်းလာတဲ့ အဆောက်အဦးတွေကြောင့် ပိတ်ခဲ့ပေမဲ့ မြူတန့်ခေတ်အစပိုင်းမှာ ဖက်ဒရယ်အစိုးရက မြူတန့်ထောင်တစ်ခုအဖြစ် ပြန်အသက်သွင်းခဲ့တယ်။

https://mmxianxia.com/wp-content/uploads/2023/07/photo_2023-07-30_16-50-03-1024x768.webp

(Pic2: Alcatraz)

ဒါပေမဲ့ ယူဂျင်းထောင်နဲ့မတူတာက ဒီထောင်ဟာ ဆန်ဖရန်စစ်စကိုမြို့နဲ့တစ်မိုင်ပဲဝေးတာကြောင့် သိပ်အရေးမကြီးတဲ့ ဗီလိန်တွေကိုပဲ ချုပ်နှောင်ထားရှိတယ်။

ယာမီတစ်ယောက် ထောင်ရှိရာကျွန်းကို အကြာကြီးကြည့်ပြီး အတွေးဝင်နေတုန်း ရဲကားတစ်စီးက သူတို့နား ထိုးဆိုက်လာပြီး ကားပေါ်ကနေ ရဲတစ်ယောက်ဆင်းလာတယ်။ ယာမီကတော့ လုံးဝကို ဂရုမစိုက်တာ။

"မစ္စတာ၊ ညဖက်ကြီး ကလေးတစ်ယောက်ကို ရွှေရောင်ဂိတ်တံခါးပေါ် ခေါ်လာတာ အန္တရာယ်များတယ်နော်။"

ရဲသားက ယာမီနားကို သတိရှိရှိချဥ်းကပ်လာတယ်။ ရွှေရောင်ဂိတ်တံတားက ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ခုထဲက တစ်ခုဖြစ်ပေမဲ့ နာမည်ကောင်းတစ်ခုတော့ရှိမနေဘူး။ တည်ဆောက်စဥ်ကတည်းက လူများစွာ သေဆုံးခဲ့ပြီး တည်ဆောက်ပြီးချိန်မှာလည်း မိမိကိုယ်ကိုယ် သတ်သေချင်သူတွေ ရွေးချယ်ကြရာ နေရာတစ်ခုအဖြစ်ပါ နာမည်ပျက်ရှိတယ်။

ဒါပေါ့၊ ရာဇဝတ်မှုခင်းဂိုဏ်းတွေကလည်း သူတို့အရှုပ်ထုတ်တွေကို ရှင်းဖို့အတွက် ရွှေရောင်ဂိတ်တံတားအောက်က ရေစီးကြောင်းတွေကို သုံးတတ်တယ်။ ဒါကြောင့် ရဲကားတစ်စီးက ကလေးမလေးကိုလက်ဆွဲပြီး တံတားပေါ်မှာရပ်နေတဲ့ လူတစ်ယောက်ကို သံသယဝင်မိတာမဆန်းဘူး။

"ခင်ဗျားက ကလေးရဲ့အုပ်ထိန်းသူလား။" ရဲက ရေဒီယိုနဲ့ ဌာနကို လှမ်းအကြောင်းကြားရင်း ယာမီနားကို ဖြည်းဖြည်းချင်းကပ်လာတယ်။ ယာမီကတော့ တိတ်ဆိတ်နေတုန်းပဲ။

"ခင်ဗျားနဲ့အတူပါလာတဲ့ သမီးလေးက ချစ်စရာလေးနော်၊ ဒါပေမဲ့ တံတားပေါ်မှာ လေသိပ်ပြင်းတယ်မဟုတ်လား။ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို အိမ်ပြန်ပို့ပေးမယ်လေ။"

ရဲသားက ပြောပြောဆိုဆိုနဲ့ အနားကပ်လာပြီး ယာမီဘေးမှာရပ်နေတဲ့ ကောင်မလေးကို သေချာကြည့်လိုက်တယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ရဲသားရဲ့မျက်နှာပေါ်က အပြုံးပျောက်ကွယ်သွားပြီး နောက်ကိုဖင်ထိုင်ရပ် လဲကျသွားတယ်။

"မ... မဖြစ်နိုင်တာ..." ရဲသားရဲ့မျက်လုံးတွေက တုန်ရီနေပြီး တုန်လှုပ်ခြောက်ခြားနေတဲ့ သူ့စိတ်ကို ဖော်ပြနေတယ်။ ရဲသားက ယာမီနဲ့အတူရှိနေတဲ့ ကလေးမလေးကို ပြန်ကြည့်လိုက်ရင်း ကြောက်ကြောက်နဲ့ပြောလိုက်တယ်။

"အ.... အဲဒီကလေးမလေးက...."

ယာမီက ဒီစကားကိုကြားတော့မှ ရဲသားကို လှည့်ကြည့်တယ်။ ရဲသားလည်း ယာမီ့အကြည့်ကြောင့် အေးခဲသွားပြီး စကားမပြောနိုင်တော့ဘူး။ ယာမီကတော့ ကလေးမလေးခေါင်းကို ထပ်ပုတ်ပေးလိုက်ပြီး ဖြေတယ်။

"ဟုတ်တယ်... ခင်ဗျားတို့စကားနဲ့ဆိုရင်တော့ သူက သေပြီးသား။" ယာမီက ကလေးမလေးကို ငုံကြည့်ပြီး ပြုံးပြလိုက်တယ်။ ကလေးမလေးကလည်း သူ့ကိုပြန်မော့ကြည့်တယ်။

လေတစ်ချက်အဝေ့မှ ကလေးမလေးရဲ့အဝတ်တွေ လှုပ်ခါသွားတယ်။ ကလေးမလေးရဲ့လည်ပင်းအောက် ရင်ညွန့်နားကနေစပြီး ရှိနေတဲ့ ချုပ်ရိုးရာအကြီးကြီးကိုလည်း ရဲသားသေချာမြင်လိုက်ရပြီ။ အစောပိုင်းက သူလျှပ်တပြက်မြင်လိုက်ရပေမဲ့ သူ့စိတ်ထဲ သိပ်မသေချာသေးဘူး။ အခုတော့ သေချာသွားပြီ၊ ကလေးမလေးက သေခဲ့ပြီးသား။

ဒါပေမဲ့ ကလေးမလေးက သာမန်လူတစ်ယောက်လိုမျိုး မတ်တက်ရပ်နေပြီး သူ့ကိုကြည့်နေတယ်။ ယာမီက ကြောက်ရွံနေတဲ့ ရဲသားကိုကြည့်ပြီး အရုပ်ဆိုးစွာပြုံးလိုက်တယ်။ နောက်တော့ ရဲသားကို ကျောခိုင်းပြီး ကလေးမလေးကို ပြောလိုက်တယ်။

"ကဲ.... ငါ့ကို အဲဒီကျွန်းပေါ်ပို့ပေး။" ကလေးမလေးက ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို မြှောက်လိုက်တယ်။ အနက်ရောင်ပေါ်တယ်က နောက်တစ်ကြိမ်ပွင့်လာပြီး ပေါ်တယ်ကနေတစ်ဆင့် ကျွန်းပေါ်ထောင်ကိုမြင်နေရတယ်။

ယာမီက ကလေးမလေးကို လက်ဆွဲပြီး ပေါ်တယ်ထဲဝင်လိုက်တယ်။ မကြာခင်မှာပဲ ရဲသားရှေ့ကနေ သူတို့နှစ်ယောက်လုံး ပျောက်သွားပြီ။ အတော်ကြာမှ ရဲသားသတိဝင်လာပြီး ဌာနကိုလှမ်းအကြောင်းကြားတယ်။

"အရေးပေါ်၊ အရေးပေါ်။ S rank ဗီလိန်ယာမီကို ရွှေရောင်ဂိတ်တံတားပေါ်မှာ တွေ့တယ်။ မြူတန့်ဌာနစိတ်ကို အကြောင်းကြား။"

ဒါပေမဲ့ ရေဒီယိုတစ်ဖက်ကလူကတော့ ရဲသားစကားကို ယုံကြည်တဲ့ပုံမပေါ်ဘူး။ မကြာခင်မှာပဲ ရေဒီယိုတစ်ဖက်ကနေ ရဲမေတစ်ယောက်ရဲ့ ပြန်ဖြေသံထွက်လာတယ်။

"ဟူးပါး၊ ရှင်ရူးနေတာလား။ ဗီလိန်ယာမီက သေသွားတာ ဆယ်စုနှစ်တစ်ခုပဲ ပြည့်တော့မယ်လေ။"

"ဒါပေမဲ့ ငါတကယ်တွေ့လိုက်ရတာပါဆို။"

"ကျွန်မ အဲဒီက အခြေအနေကြည့်ဖို့ နောက်ရဲကားတစ်စီးပို့ပေးလိုက်မယ်။ ဒီတစ်ခါမဟုတ်ရင်တော့ ရှင့်ကိုရဲမှူးနဲ့တိုင်မယ်။"

....

အခြားတစ်ဖက်မှာတော့ ယာမီက ကျွန်းရဲ့ကမ်းပါးတစ်ခုနားမှာ ပေါ်လာတယ်။ ယာမီက သူတို့နဲ့အနီးမှာရှိနေတဲ့ ထောင်ကြီးကို မော့ကြည့်နေချိန် ကလေးမလေးကတော့ ပေါ်တယ်ကို ပြန်ပိတ်ဖို့အလုပ်များနေတယ်။

နောက်ဆုံးတစ်ကြိမ် ထောင်ကိုအဆင့်မြှင့်ခဲ့တာ နှစ်လေးဆယ်ကျော်ကဆိုပေမဲ့ အခုထိခေတ်မီနေတုန်းပဲ။ နောက်ပိုင်းနှစ်တွေမှာ ယူဂျင်းအကျဥ်းထောင်ကိုပဲ အမေရိကန်အစိုးရနဲ့နိုင်ငံတကာက ဝိုင်းအဆင့်မြှင့်ခဲ့ကြပေမဲ့ အာကပ်စတပ်ကလည်း အဆင့်နိမ့်မနေပါဘူး။

ယာမီက ထောင်ကိုအမှောင်ထုထဲမှာ ပုန်းကွယ်ရင်း သူ့မြူတန့်စွမ်းအားတချို့နဲ့ ကင်းထောက်ကြည့်ဖို့ကြိုးစားတယ်။

ထောင်ရဲ့အနီးအနားပင်လယ်ပြင်ကို စောင့်ကြည့်ဖို့အတွက် ရေတပ်ကင်းထောက်ယာဥ်နှစ်စီး အမြဲရှိနေပြီး ဇီးရိုးချပ်ဝတ်တပ်ဆင်ပေးထားတဲ့ တပ်ခွဲတစ်ခုကလည်း အသင့်ရှိနေတယ်။

အာကပ်စတပ်ကျွန်းပေါ်ကနေ ကုန်းတွင်းပိုင်းကို လှမ်းကြည့်မယ်ဆိုရင် ဆန်ဖရန်စစ်စကိုမြို့က တစ်မိုင်ကျော်ပဲဝေးတာ။ ထောင်ထဲက ထောင်သားတွေအတွက် လွတ်လပ်မှုက လက်တစ်ကမ်းအလိုမှာပဲ ရှိနေတာမလို့ ဖက်ဒရယ်အစိုးရအနေနဲ့ လုံးဝသတိမလွတ်ရဲတဲ့နေရာပါ။

ယာမီက တက်ဒီအရုပ်နဲ့ကောင်မလေးကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်တယ်။ "အိန်ဂျယ်လေး၊ မင်းပြန်လို့ရပြီ။ အခုကနေစပြီး ငါ့ဘာသာငါ ဆက်လှုပ်ရှားဖို့လိုတယ်။"

ယာမီက ပြောလိုက်တော့ တက်ဒီအရုပ်ကိုင်ထားတဲ့ အိန်ဂျယ်လေးက နားလည်ဟန်နဲ့ သူ့ဘာသာပေါ်တယ်ဖွင့်ကာ ကျွန်းပေါ်ကနေ ထွက်သွားတယ်။ ဒါပေမဲ့ ယာမီနဲ့သူနဲ့က စိတ်ချင်းဆက်စပ်နေတာမလို့ ယာမီအလိုရှိရင် စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့အနားပြန်ပေါ်လာနိုင်တယ်။ ယာမီကောင်မလေးကိုပြန်ပို့လိုက်ရတဲ့အကြောင်းအရင်းက ထောင်ထဲဝင်ဖို့လုပ်ရင်း မတော်တဆ ထိခိုက်သွားမှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။

...

"တစ်ခုခုတော့ မှားနေပြီ။" ယာမီထောင်ထဲကို ဝင်ပြီး အခြေအနေကြည့်လိုက်တာနဲ့ ပုံမှန်မဟုတ်မှန်း သတိထားမိသွားတယ်။ တကယ်တော့ ထောင်မှာ တစ်ခုခုထူးခြားနေတာကို သူရှာတွေ့လို့မဟုတ်ဘူး။ ပုံမှန်ဖြစ်လွန်းအား ကြီးနေတဲ့အတွက် သံသယစိတ်က သူ့ရင်ဘတ်ထဲမှာ ကြီးထွားလာနေတာ။

ယာမီက သူ့လက်အောက်ခံတွေထဲက တစ်ယောက်ရဲ့စွမ်းအားကိုသုံးပြီး သူ့ကိုယ်သူ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစိအောင်လုပ်ပြီး ထောင်ထဲမှာ လှည့်ပတ်သွားလာနေတာ။

ထောင်ထဲမှာက ညစာကျွေးချိန်၊ ထောင်သားတွေက အေးအေးလူလူ ညစာစားနေကြပြီး ထောင်ဝန်ထမ်းတွေကလည်း စနစ်တကျကင်းလှည့်နေတယ်။ စားပြီးတဲ့ ထောင်သားတွေကတော့ တီဗီကြည့်တဲ့သူကကြည့် စာအုပ်ဖတ်တဲ့သူက ဖတ်နဲ့ပါ။

ငြိမ်းချမ်းလွန်းတော့ ဘာပြဿနာမှမရှိဘူး။ သူ့ရှေ့က မြင်ကွင်းကြောင့် ယာမီမျက်မှောင်ကြုတ်ပြီး တစ်ကိုယ်တည်းရေရွတ်လိုက်တယ်။

"ငြိမ်းချမ်းလွန်းတဲ့ထောင်က သာမန်မဟုတ်တာသေချာတယ်။" အယ်ကပ်စတပ်အကျဥ်းထောင်ဟာ အမေရိကန်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ထောင်ဖြစ်တယ်။ ဒါပေမဲ့ စနစ်အရကြည့်ရင်တော့ ဒီထောင်ဟာအတော်လေး လူသားချင်းစာနာမှုရှိတဲ့ထောင်လို့ ထင်ကောင်းထင်ရနိုင်ပါတယ်။ စည်းကမ်းနဲ့အညီနေနေသမျှ အစားကောင်းစားရမယ်၊ ကောင်းကောင်းနေရမယ်။ စီးပွားပျက်ကပ်စိုက်နေချိန်မှာတောင် အသားဟင်းစားရလို့ နာမည်ကြီးတဲ့ထောင်ဖြစ်တယ်။

ဒါပေမဲ့ စည်းကမ်းတွေက သိပ်ကိုတင်းကြပ်လွန်းတာကြောင့် ဘယ်လိုရာဇဝတ်သားမှ မလိုက်နာနိုင်ကြဘူး။ ထောင်သားတွေအနေနဲ့ ကိုယ့်အခန်းကိုယ်သန့်ရှင်းရေးလုပ်ရမယ်၊ ကိုယ့်အဝတ်ကိုယ်လျှော်ရမယ်၊ ကျွန်းပေါ်မှာ သာမန်လူတွေလိုမျိုး တစ်နေ့ရှစ်နာရီအလုပ်လုပ်ရမယ်။ ဒီအချက်တွေက သာမန်လူတွေအဖို့ အတော်လေးပေါ့ပါးပေမဲ့ ယာမီတို့လို ဗီလိန်တွေနဲ့ ရာဇဝတ်သားတွေအဖို့တော့ သာမန်လူလိုနေထိုင်ဖို့ ဖိအားပေးခံရတာနဲ့ အတူတူပါပဲ။

ပြီးတော့ ထောင်ပြတင်းပေါက်အားလုံးက ဆန်ဖရန်စစ်စကိုကို ဦးတည်ထားတယ်။ မလွတ်လပ်တဲ့သူတွေက လွတ်လပ်တဲ့မြို့ကြီးကို မြင်နေရအောင်လို့ တမင်လုပ်ထားတာ။ ဒီထောင်က ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကို နှိပ်စက်တဲ့ထောင်။

စည်းကမ်းလေးများ မလိုက်နာလို့ရတော့ ရိုးရိုးတိုက်ခန်းလိုထောင်ကနေ ငါးပေလောက်ပဲကျယ်တဲ့ တိုက်ပိတ်ခန်းကို ရောက်ပြီသာမှတ်။ အဲဒီက ထောင်သားတွေကတော့ နေ့စဥ်ပေါင်မုန့်လေးချပ်ပဲ စားရတယ်။ ရေတစ်ပတ်တစ်ခါပဲ ချိုးခွင့်ရတယ်။ ချီးတွင်းလိုနံဟောင်နေတဲ့ အခန်းထဲမှာပိတ်ထားပြီး သွားတိုက်တံပွတ်တံတောင် ပေးမထားဘူး။

ဖရက်က ထောင်ထမင်းစားခန်းထဲကို စင်္ကြန်လမ်းကနေတစ်ဆင့် လျှောက်ဝင်လာရင်း သူ့ရဲ့ကိုယ်ပျောက်စွမ်းအားကို ဖြည်းဖြည်းချင်းဖယ်လိုက်တယ်။ ဒါကြောင့် ထောင်သားတွေရော ထောင်စောင့်တွေပါ သူ့ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြတယ်။

အဲဒီနောက် အကုန်လုံးက ရန်လိုစွာနဲ့ ထလာကြတယ်။ ထောင်သားတွေရော အစောင့်တွေပါ တစ်ပြိုင်နက်တည်း ရန်မူလာတာကြောင့် ပုံမှန်မဟုတ်မှန်း ယာမီသိလိုက်ရပြီ။

"ငါသိသားပဲ၊ ဒီကောင်တွေက လူတွေမဟုတ်တော့ဘူး။" ယာမီက ပြောပြောဆိုဆိုနဲ့ သူ့ရဲ့အမှောင်ထုအတောင်ကို ဖွင့်လိုက်တယ်။

တစ်ဖက်မှာတော့ ထောင်သားအုပ်လိုက်ကြီးက သူ့ဆီကို ဦးတည်လာနေပြီ။ သူတို့မျက်လုံးတွေက မီးကျည်ခဲလို နီရဲနေပြီး အားလုံးက မာန်ဖီတဲ့အနေနဲ့ ပါးစပ်တွေဟလိုက်တယ်။

သိပ်မကြာခင်မှာပဲ သူတို့ပါးစပ်တွေက သာမန်လူတွေ ဟနိုင်တဲ့အကန့်အသတ်ကိုကျော်သွားပြီး လူသားအရေပြားက လုံးဝပေါက်ပြဲထွက်သွားတယ်။ အဲဒီနောက်တော့ သူတို့လည်ချောင်းထဲကနေ လက်တံလို လျှာအရှည်ကြီးတွေထွက်လာပြီး လူသားအရေပြားအောက်ကနေ ပိုးဟပ်အကြေးခွံလိုအကြေးခွံတွေ တိုးထွက်လာတယ်။

ပြီးတော့ အဲဒီမြင်ကွင်းကို ယာမီအတော်လေးရင်းနှီးနေတယ်။ "ဟိုသုံးကောင်နဲ့ မျိုးစိတ်အတူတူပဲမဟုတ်လား။ ငါ့ခန့်မှန်းချက်မှန်ကြောင်း သက်သေရပြီပဲ။"

ယာမီက သူ့ဆီပြေးဝင်လာနေပြီဖြစ်တဲ့ လူအသွင်ယူထားတဲ့အကောင်တွေကို ရင်ဆိုင်ဖို့ တန်ပြန်ပြေးလာတယ်။ အဲဒီနောက် သူ့လက်ထဲမှာ အမှောင်ထုစွမ်းအင်တွေကို စုစည်းလိုက်ပြီး မြေပြင်ကို ရိုက်ချလိုက်တယ်။

....

ရွှေရောင်ဂိတ်တံတားပေါ်မှာတော့ ရဲသားဟူပါးကို ရဲမေတစ်ယောက်နဲ့ အခြားရဲသားတစ်ယောက်က မကြည်ကြည့်ကြည့်နေကြတယ်။ ဟူးပါးကတော့ သူမြင်ခဲ့တာကို တခြားသူတွေကို ပြောပြပြီး အတင်းခံငြင်းနေတုန်းပဲ။

"ငါတကယ်မြင်ခဲ့တာ၊ အဲဒီလူက ငါ့ကိုတောင် ပြန်စကားပြောနေသေးတာ။ သူနဲ့အတူပါလာတဲ့ကလေးမလေးက ဟောဒီလောက်လေး။ လူသေလိုမျိုး တစ်ကိုယ်လုံးဖြူဖပ်နေတာ။"

ရဲမေကတော့ ဟူးပါးကို စိတ်မရှည်ဟန်နဲ့ ခါးထောက်ပြီး ပြောလိုက်ပါတယ်။ "ဒီမယ်ဟူးပါး၊ အရင်လပိုင်းကလည်း ရှင်ပင်လယ်ထဲကို UFO ပြုတ်ကျသွားတာမြင်တယ်လို့ပြောလို့ ကျွန်မတို့ဌာနတစ်ခုလုံး အဟားခံရပြီးပြီ။ အရင်တစ်ပတ်ကလည်း ပါးစပ်ထဲကနေ လက်တံအရှည်ကြီးတွေထွက်လာတဲ့ လူတွေမြင်တယ်ဆိုပြီးပြောပြန်တယ်။ အခုကျတော့ လူသေကလေးမလေးနဲ့ သေပြီးသားဗီလိန်လား။"

တခြားရဲတွေက သူ့ကိုယုံပုံမပေါ်တော့ ဟူးပါးတစ်ယောက် စိတ်ညစ်ညစ်နဲ့ သူ့ဆံပင်တွေကိုသူ ထိုးဖွတယ်။ "အဲဒါတွေအကုန်လုံး ငါတကယ်မြင်ခဲ့တာပါဆို။"

ဘုန်း....

ဟူးပါးစကားဆုံးတဲ့အချိန်မှာပဲ ပင်လယ်ထဲကနေ ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ပင်လယ်ရေတချို့ လေထုထဲကို ဆန်တက်လာတယ်။ ရေပမာဏက မများပေမယ့် အတော်မြင့်မြင့်အထိတက်လာတာမလို့ မိုးရွာသလိုဖြစ်သွားပြီး တံတားပေါ်က ဟူးပါးတို့ရဲသားသုံးယောက် တစ်ကိုယ်လုံးရေတွေစိုရွဲကုန်တယ်။

သူတို့အသံကြားလာရာကို လှည့်ကြည့်လိုက်တော့ ကျွန်းတစ်ခုကနေ ခရမ်းရောင်မီးတောက်ကြီးတစ်ခု မြင့်တက်လာနေတာကို သူတို့တွေ့လိုက်ရတယ်။ မီးတောက်က ကြီးလွန်းလို့ ကောင်းကင်ကြီးကိုတောင် ခရမ်းရောင်သန်းသွားစေတယ်။

"အဲဒါ အယ်ကပ်စကပ်ကျွန်းမဟုတ်လား။ သောက်ပြဿနာအကြီးကြီးတက်ပြီဟေ့။" ဟူးပါးရော ရဲအရာရှိတွေပါ သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကို မယုံနိုင်ဘဲ ဖြစ်ကုန်တော့တယ်။

...

ကျွန်းပေါ်မှာတော့ ယာမီက ခရမ်းရောင်မီးတောက်တွေဝါးမျိုခြင်းကို ခံနေရတဲ့ အကျဥ်းထောင်ကြီးကို ကျောခိုင်းပြီး ထွက်လာတယ်။ သူထွက်လာရာလမ်းမှာ ဇီးရိုးချပ်ဝတ်ဝတ်ထားတဲ့ အစောင့်တစ်ယောက် မီးထဲကနေ ထွက်လာပြီး သူ့ဆီပြေးလာသေးတယ်။

ဒါပေမဲ့ အဲဒီအစောင့်က လူမဟုတ်တော့တာ အသိသာကြီး။ လည်ချောင်းကို ထူးဆန်းတဲ့လက်တံတွေက ဖောက်ထွက်နေပြီး ယာမီဆီကို ဦးတည်ထောင်မတ်နေတယ်။ ယာမီကတော့ သူ့လက်လေးတစ်ချောင်းကိုပဲ မြှောက်လိုက်တယ်။ သူ့လက်ဖျားထိပ်မှာရှိနေတဲ့ ခရမ်းရောင်မီးတောက ချက်ချင်းခုန်ထွက်သွားပြီး အဲဒီအစောင့်ကို ပြာချပစ်လိုက်တယ်။

ယာမီက တစ်ချိန်တည်းမှာပဲ ခေါင်းကိုခါယမ်းလိုက်တယ်။ "ငါထောင်ကို မီးရှို့လိုက်ပြီဆိုပေမဲ့ အပြင်လောကမှာရော အဲဒီလိုအကောင်တွေ ရှိနေပြီဆိုရင် ဘယ်လိုလုပ်မလဲ။"

ဖရက်က ကမ်းတစ်ဖက်က ဆန်ဖရန်စစ်စကိုမြို့ကြီးကို လှမ်းကြည့်လိုက်တယ်။

အယ်ကပ်စတပ်က ထောင်တစ်ခုဆိုပေမဲ့ ပြင်ပလောကနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတာတော့မဟုတ်ဘူး။ ကျွန်းကို အပတျစဥျရိက်ခါလာပို့ရတဲ့ သင်္ဘောတွေရှိတယ်။ အဲဒီကနေတစ်ဆင့် မြို့ထဲကို အကောင်တွေပြန့်သွားမယ်ဆိုရင် ပြီးပြီ။

ယာမီရဲ့စွမ်းအားနဲ့ ဆန်ဖရန်စစ်စကိုတစ်မြို့လုံးကို ပြာချလို့ရကောင်းရနိုင်ပါတယ်။ ဒါပေမဲ့ သူ့စွမ်းအားနဲ့တောင်မှ ဘယ်သူက လူအစစ်၊ ဘယ်သူက အရေခြုံဆိုတာ ခွဲဖို့မဖြစ်နိုင်ဘူး။ မြို့ကို လုံးဝဖျက်ဆီးမယ်ဆိုရင်တောင် တခြားနေရာတွေကို အကောင်တွေပြန့်နေလောက်ပြီးပြီ။ အခုယာမီအနေနဲ့ ဘာမှလုပ်ပေးလို့ မရနိုင်တော့ဘူး။

"သခင်မမှာ ဖြေရှင်းဖို့နည်းလမ်းရှိပါစေ မျှော်လင့်ရတာပဲ။" ယာမီသက်ပြင်းချလိုက်တယ်။

စက္ကန့်ပိုင်းလောက်ကြာတော့ သူ့ရှေ့မှာ အနက်ရောင်ပေါ်တယ်တစ်ခုပွင့်လာပြီး တက်ဒီရုပ်လေးပိုက်ထားတဲ့ ကလေးမလေးထွက်လာတယ်။ ယာမီက ကလေးမကိုကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။

"တွေးပူနေလို့လည်းအပိုပဲ၊ လောလောဆယ် ပြန်ကြတာပေါ့။" အဲဒီနောက်တော့ ယာမီက ကလေးမလေးနဲ့အတူ ပေါ်တယ်ထဲ ခြေလှမ်းဝင်လိုက်တော့တယ်။

All Chapters