ဟီးရိုးများနေ့
Vol. 6 Ch. 14
ခါတိုင်းလိုပဲ အန်တီလေးအိုလီဗာတစ်ယောက် ပြန်မအိပ်ခင် မနက်စာစားဖို့ ထလာတယ်။ အိုလီဗာက ဘားမှာအလုပ်လုပ်တာမလို့ မနက်အစောကြီးမှ ပြန်ရတာဖြစ်လို့ အိမ်ရောက်တာနဲ့ တန်းအိမ်လေ့ရှိပေမဲ့ မနက်စာမလွတ်အောင်တော့ ဖုန်းအလန်းပေးပြီး ထလေ့ရှိတယ်။
တီတီတီ... တီတီတီ...
ဒါပေမဲ့ အစောကြီးတော့မဟုတ်ဘူး။ မနက်ရှစ်နာရီလောက်ပါ။ ဆံပင်ဖားယားနဲ့ အိပ်ရာကနေထလာတဲ့ အိုလီဗာက မြည်နေတဲ့ ဖုန်းအလန်းကို ပိတ်လိုက်ပြီး အိပ်ရာကနေ ထထိုင်လိုက်တယ်။ အဲဒီနောက် သူ့အခန်းပတ်ပတ်လည်ကို လှည့်ကြည့်မိတယ်။
သေသေသပ်သပ်ခေါက်ထားတဲ့ အဝတ်လဲဖို့အသင့်ထုတ်ထားတဲ့ အဝတ်အစားတွေက ပလက်စတစ်ပုံးအနီရောင်ပေါ်မှာ။ အခန်းရဲ့ထောင့်တစ်နေရာမှာတော့ အလှပြင်ဖို့ခုံအပုလေးနဲ့မှန်ရှိတယ်။ ဘားမသွားခင် အဲဒီနေရာမှာ အိုလီဗာအလှပြင်လေ့ရှိတယ်။
ညာဖက်နံရံမှာတော့ ဂီတာတစ်လက်ကို ချိတ်ထားပြီး ဂီတာနဲ့အတူ ဓာတ်ပုံတစ်ပုံကိုပါ နံရံမှာသံလိုက်နဲ့ချိတ်ထားတာ တွေ့နိုင်ပါတယ်။ ဆယ်ကျော်သက် အိုလီဗာက ပုံထဲမှာစင်ပေါ်တက်ပြီး ဂစ်တာတစ်လက်နဲ့အတူ သီချင်းဆိုနေတယ်။
"သတိမရတာကြာပြီဆိုပေမဲ့ ၂၀၁၃ ခုနစ်က ရိုက်ထားတဲ့ပုံပဲ။" အိုလီဗာက အပျင်းကြောဆန့်လိုက်ပြီး အိပ်ရာပေါ်က ဆင်းလိုက်တယ်။ ခါတိုင်းလိုပဲ ခြေဗလာ၊ ဖိနပ်ကတော့ သူလေးဘယ်ထားလို့ ထားမိမှန်းမသိ။ အတော်လေးလိုက်ရှာမှ မင်းလွင်နဲ့ ပထမဆုံးရှော့ပင်းမောသွားတုန်းက ဝယ်ထားတဲ့ ဖိနပ်လေးဖြစ်နေတာ သတိထားမိလိုက်တယ်။
"အဲဒီတုန်းက အတော်ပျော်ဖို့ကောင်းခဲ့တာ။" အိုလီဗာက သက်ပြင်းချလိုက်တယ်။ တကယ်တော့ မင်းလွင်ကို ဒီအစ်မကြီးကပဲ အဆောင်မှရှိနေတဲ့ တစ်ချိန်လုံး စောင့်ရှောက်ပေးခဲ့ရတာ။ ရုတ်တရက် မိန်းကလေးဖြစ်သွားပြီး အဆောင်ပြန်ရောက်လာတုန်းကလည်း မင်းလွင်ညီမလေးဆိုပြီး ဂရုစိုက်မိခဲ့သေးတယ်။ အခုမှ မက်ဒါနာက မင်းလွင်မှန်းသိရတာ။
"ဒီအချိန်ဆို မင်းလွင်အလုပ်သွားနေကျအချိန်ပဲ။"
အိုလီဗာက သူ့အခန်းလေးထဲမှာရှိနေတဲ့ ဂတ်စ်မီးဖိုလေးကိုကြည့်ပြီး ပြုံးလိုက်တယ်။ အစ်မကြီးက အသက်သုံးဆယ်နှောင်းပိုင်းထဲ ဝင်လာပြီဆိုပေမဲ့ ငယ်သွေးနည်းနည်းလေးမှမပျောက်တာမလို့ လှမြဲလှဆဲ။
'အဲဒီတုန်းက သူအစောကြီးအလုပ်သွားတာဆိုတော့ ငါ့မှာ ဟင်းမချက်တတ်တာတောင် မနည်းသင်ပြီး ချက်ကျွေးလိုက်ရတာ။' မင်းလွင်က မနက်စောစောထပြီး ကျောင်းရောအလုပ်ပါ သွားတတ်တယ်။ အန်တီလေးအိုလီဗာက ကောင်လေးကိုသနားလွန်းလို့ ကြက်ဥကြော်နည်းသင်ပြီး နေ့တိုင်းဝမ်းစာအတွက်မပူရအောင် ကူညီပေးခဲ့ရဖူးတယ်။
'ခုများတော့ ကောင်လေးမေ့နေလောက်ပြီ ထင်ပါရဲ့။' မဆီမဆိုင်အတွေးတွေကို အိုလီဗာမောင်းထုတ်ရင်း ခေါင်းကိုခါလိုက်မိတယ်။
ဖိနပ်စီးပြီးတဲ့နောက်တော့ အိုလီဗာက ဖြည်းဖြည်းချင်း အခန်းတံခါးရှေ့ကို လျှောက်သွားလိုက်တယ်။ အဲဒီနောက် ရေချိုးဖို့ ရေချိုးခန်းပုဝါကိုယူပြီး အခန်းတံခါးကိုဖွင့်လိုက်တယ်။
အခန်းတံခါးပွင့်သွားပြီးနောက် အိုလီဗာတွေ့လိုက်ရတာက ပေါင်တံညိုညိုတုတ်တုန်လေးတစ်စုံ လေပေါ်မှာ တန်းလန်းဖြစ်နေတာကိုပါ။ ပြစ်မျိုးမှည့်မထင် ခြေထောက်လေးရဲ့အဆုံးမှာတော့ အိမ်စေမလေးတွေစီးတတ်တဲ့ နှစ်လက်မဒေါက်နဲ့ သားရေလေဒီရှူးအနက်လေးကို တွေ့နိုင်တယ်။
အိုလီဗာက တုန်ရင်နေတဲ့စိတ်ကိုထိန်းရင်း မျက်လုံးနဲ့ အောက်ကိုဖြည်းဖြည်းချင်းဆင်းကြည့်တော့ ပေါင်လုံးလေးနှစ်ဖက်ကြားက သခင်မလေးဆင်ပေးထားတဲ့ ဇာနက်ကလေးကိုတွေ့ရော။ အိမ်စေဂါဝန်ကတော့ ဇောက်ထိုးကြီးဖြစ်နေလို့ အေမီရဲ့အပေါ်ပိုင်းခန္ဓာကိုယ်တစ်ဝက်ကို ဖုံးလွှမ်းနေတယ်။
ကြမ်းပြင်နားအထိကြည့်လိုက်တော့ လက်နှစ်ဖက်ကို ခြေထောက်လို့ထောက်ပြီးရပ်နေတဲ့ အေမီရဲ့မျက်နှာသေကို မြင်လိုက်ရရော။
ဒီမြင်ကွင်းကိုတွေ့တော့ အိုလီဗာတစ်ယောက် ဘာအတွေးရှိခဲ့ရှိခဲ့ ဒေါသထွက်ပြီး အကျယ်ကြီးထအော်မိတော့တာမတတ်ပဲ။ ဒါပေမဲ့ လက်က လက်ပတ်ဝါကိုတွေးမိတော့ အသက်ကိုပြင်းပြင်းရှူသွင်းပြီး ဖြစ်နိုင်သမျှ အချိုသာဆုံးလေသံနဲ့ ပြောလိုက်တယ်။
"မင်းလွင်... နင်ငါ့ကို လန့်သေအောင် လုပ်နေတာလား။" လေသံက အော်တဲ့အဆင့်မရောက်ပေမဲ့ ခပ်ကျယ်ကျယ် နားထဲအူပြီး စူးဝင်နေတာပဲ။ အိုလီဗာရဲ့စိတ်ခံစားချက်အတက်အကျကြောင့် အသံကတုန်ခါနေသေးတယ်။
အေမီနောက်မှာရှိနေတဲ့ ဝှီးချဲပေါ်က မက်ဒါနာကတော့ အိုလီဗာကို လက်ပြလိုက်တယ်။ မက်ဒါနာက ပေါင်ပေါ်မှာ သူ့တက်ပလက်လေးကိုတင်ပြီး တက်ပလက်နဲ့အေမီကြားမှာ ဒေတာကေဘယ်ကြိုးတစ်ကြိုးသွယ်ထားတယ်။
"ဟိုင်း၊ အစ်မကြီးအိုလီဗာ တစ်ရေးနိုးပြီလား။ ကျွန်မကတော့ တစ်ညလုံးမအိပ်ရသေးဘူး။"
မနေ့ညက မက်ဒါနာတစ်ယောက် ဖလေရာနဲ့အဒိတ်ကောင်းပြီး အပျိုစင်ညလေးကို ဆုံးရှုံးရတော့မလို့။ အရေးကြီးကိစ္စတွေ ဆွေးနွေးပြီးတဲ့နောက် ဖလေရာက မက်ဒါနာကို သူ့ဗီလာမှာအိပ်ဖို့ခေါ်ပေမဲ့ ဖရက်က မရအရငြင်းပြီး သူ့ကိုအတင်းပြန်ခေါ်လာတာ။
"မင်းသမီးလေးအိပ်နေတုန်း အဲဒီဟာမကြီး အိပ်ခန်းထဲ ခိုးဝင်လာရင် ဘယ်လိုလုပ်လဲ။" ဒါကတော့ ဖရက်ပေးတဲ့ အကြောင်းပြချက်ပါ။
ဒီလိုနဲ့ ကွန်တိန်နာအိပ်ဆောင်ကို မက်ဒါနာပြန်ရောက်လာပြီး ဖလေရာပြောတဲ့ကိစ္စကြောင့် ညအိပ်မပျော်တော့တာနဲ့ အေမီကိုပြန်ပြင်ဖို့ ကြိုးစားကြည့်နေတာ။
"မက်ဒါနာ၊ နင့်စက်ရုပ်မလေးကို ဘာမဟုတ်တာတွေ ပရိုဂရမ်သွင်းပေးနေပြန်ပြီလဲ။" အိုလီဗာက အခန်းဝရှေ့ပိတ်နေတဲ့ အေမီကို ခါးကနေကိုင် တစ်ဖက်ရွေ့လိုက်ပြီး မက်ဒါနာခေါင်းကိုခေါက်လိုက်တယ်။
"အာ့... နာတယ်လို့။" မက်ဒါနာကတော့ မိန်းကလေးဆန်ဆန်ပဲ ခေါင်းကလေးကို လက်ကလေးနဲ့အုပ်လို့ရယ်။ အိုလီဗာကတော့ မက်ဒါနာကို မကြည်ကြည့်ကြည့်လိုက်ပြီး "အရင်တစ်ခါကလည်း နင်လုပ်လို့ အဲဒီစက်ရုပ်မလေး ခွေးမလေးလို ဖြစ်သွားသေးတယ်မလား၊ အခုကျ တစ်နေကုန်ကင်းမြီးကောက်ထောင်ခိုင်းမလို့လား။"
"အဲဒီတုန်းက ကျွန်မလုပ်တာမဟုတ်ဘူးလေ၊ သူ့ဘာသာသူ အထဲဝင်သွားတာ..." မက်ဒါနာက ရှင်းပြဖို့ကြိုးစားရင်း အိုလီဗာကို မော့ကြည့်လိုက်တယ်။ အိုလီဗာက နားလည်တဲ့ပုံမပေါ်သလို နားလည်ဖို့လည်းကြိုးစားပုံမရဘူး။ အဲဒီအစား...
"ဟိုအမြွှာကောင်လေးတွေ ကျောင်းသွားဖို့အသင့်မဖြစ်ခင် နင့်ကိစ္စနင်ရှင်း၊ မဟုတ်ရင် နင့်အိမ်စေမလေးကို သူတို့တစ်စစီဖြုတ်ပစ်လိုက်မယ်။"
အိုလီဗာက မက်ဒါနာကြောက်အောင် နည်းနည်းဖြဲခြောက်ပြီးနောက် ရေချိုးခန်းပုဝါကို ပခုံးပေါ်တင်ကာ ဘုံရေချိုးခန်းရှိရာကို ထွက်သွားတယ်။ မက်ဒါနာကတော့ ခေါင်းခါရင်း ဂျာဗားကုတ်တချို့ကို မြန်မြန်ရေးရိုက်ထည့်လိုက်တယ်။
ဒါပေမဲ့ ဖရက်ကောင်းကင်ပေါ်ကနေ ဆင်းမလာခင်အထိ အေမီပုံမှန်ပြန်မဖြစ်သေးဘူး။ ဖရက်မြေပေါ်ရောက်တော့ ကင်းမြီးကောက်ထောင်ရာကနေ ပုံမှန်ပြန်မတ်တပ်ရပ်ဖို့ကြိုးစားနေတဲ့ အေမီကိုကြည့်ပြီး ခေါင်းခါလိုက်တယ်။
'မင်းသမီးလေးမှာ ထူးဆန်းတဲ့ ဝါသနာတချို့ရှိတာပဲ။'လို့ တွေးမိရုံကလွဲလို့ ဖရက်ဘာမှမတွေးမိဘူး။
မက်ဒါနာကတော့ စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်ပါတယ်။ "တစ်ညလုံး ဂျာဗားကုတ်တွေရဲ့ဉာဏ်ရည်တုရဲ့အတွင်းပိုင်းအထိ လိုက်ရှာတာတောင်မှ ပြန်အသက်သွင်းနိုင်မယ့် ကုတ်ကိုရှာမတွေ့ပါလား။"
အကြိမ်ပေါင်းများစွာ စစ်ဆေးပြီးတဲ့နောက် မက်ဒါနာက အေမီရဲ့ဉာဏ်ရည်တုအခြေအနေကို သေချာသုံးသပ်နိုင်ခဲ့ပြီ။ လက်ရှိအေမီရဲ့အခြေအနေကို မက်ဒါနာက တစ်ဝက်ကိုမာဝင်နေတဲ့ အခြေအနေလို့နာမည်ပေးထားတယ်။
"ဉာဏ်ရည်တုရဲ့ဒေတာတွေအကုန်လုံးက ရှိနေသေးပြီး ဂျာဗားကုတ်နဲ့ဆိုရင် ငါလုပ်ခိုင်းသမျှအမိန့်တွေကို အကုန်လုပ်နိုင်တယ်။ ပြဿနာက အိပ်မောကျနေသလိုမျိုး နိုးမလာတာပဲ။"
မက်ဒါနာက သူ့ကိုလစ်လျူရှုထားပြီး တစ်ယောက်တည်း ပြောချင်ရာပြောနေတဲ့အတွက် ဖရက်စိတ်မရှည်တော့ဘဲ အနားကပ်လာတယ်။ အဲဒီနောက်တော့ အေမီကို ခါးကိုင်းပြီး သေချာစိုက်ကြည့်တယ်။
"မင်းသမီးလေး၊ ဒီအရုပ်မလေးနဲ့ပဲ နေ့တိုင်းကစားနေတာ ဒီဟာမလေးက ကျွန်တော့်ထက် စိတ်ဝင်စားစရာကောင်းနေလို့လားဟင်။"
ဖရက်က ပြောပြောဆိုဆိုနဲ့ အေမီရဲ့နှာခေါင်းလေးကို လက်နှစ်ဖက်နဲ့ညှစ်ကြည့်တယ်။ သိပ်မကြာခင်မှာပဲ အေမီရဲ့ညာဖက်လက်က လက်သီးအဖြစ်ပြောင်းသွားပြီး ဖရက်ရဲ့ဗိုက်ကိုထိုးချလိုက်တယ်။
အဟွက်....
ဖရက်တစ်ယောက် အဆုတ်ထဲက လေတွေကုန်တဲ့အထိ ပါးစပ်ကနေ အန်ထုတ်လိုက်ရပြီ ခြံစည်းရိုးတစ်ဖက်အထိ ရွေ့သွားတယ်။ အငိုက်ခံလိုက်ရတာပေမဲ့ S rankတစ်ယောက်ကို ဒီလိုထိုးနိုင်တဲ့အင်အားမျိုးရှိတဲ့သူက အတော်လေးရှားတယ်။
မကြာခင်မှာပဲ ဖရက်တစ်ယောက် ဗိုက်ကိုလက်နဲ့ဆုပ်ကိုင်ထားပြီး မက်ဒါနာနားကို ပြန်ရောက်လာတယ်။ "မင်းသမီးလေးခင်ဗျ၊ ဘယ်လိုလက်နက်အသစ်မျိုးကို စမ်းနေတာပါလဲခင်ဗျ။"
ကြည့်ရတာ ဖရက်က အခုချိန်ထိ အေမီကို မက်ဒါနာရဲ့အစွမ်းအထက်ဆုံး သက်တော်စောင့်လို့ စိတ်ထဲမှာမှတ်ထားတဲ့ပုံမပေါ်ဘူး။ မက်ဒါနာကတော့ အေမီကို ဂရုစိုက်နေရတာနဲ့တင် ဖရက်ကို လှည့်မကြည့်အားဘူး။
အဲဒီအစား ကုတ်တွေဆက်ရိုက်သွင်းနေရင်းကနေ ပြောလိုက်တယ်။ "အဲဒီလိုတော့ မဟုတ်ပါဘူး။ အရင်ထည့်ထားတဲ့ ကုတ်တွေကို ပြန်ဆယ်ဖို့ ကြိုးစားနေရုံပါပဲ။ ဒါပေမဲ့ နင်သူ့ကိုသွားကိုင်လို့ ငါအမိန့်မပေးရဘဲ ပြန်ဆော်လိုက်တာဆိုတော့ တိုးတက်မှုနည်းနည်း ရှိတယ်ပြောရမှာပဲ။ အေမီရဲ့ဉာဏ်ရည်တုထဲက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တုံ့ပြန်တဲ့ဗီဇကို ပြန်ဆယ်နိုင်တဲ့ သက်သေပဲ။"
အခုရက်မတိုင်မီကအထိ အေမီက အမိန့်ပေးထားတဲ့အတိုင်းပဲ အတိအကျလုပ်တတ်တာ။ သခင်မလေးကို ကာကွယ်ရမယ်ဆိုတဲ့ တစ်ခွန်းလွှတ်အမိန့်ကိုပဲ လိုက်နာတယ်။ သူ့လှုပ်ရှားမှုတွေက ပရိုဂရမ်တစ်ခုသက်သက်သာဖြစ်ပြီး စွမ်းရည်မြင့်ဉာဏ်ရည်တုတစ်ခုရဲ့လက္ခဏာဘာတစ်ခုမှမတွေ့ရဘူး။ ခုတော့ အမိန့်မပေးလဲ သူ့ဘာသာသူ ခုခံနိုင်လာပြီလေ။
"မင်းသမီးလေးဆိုလိုတာက အခုကနေစပြီး ဒီဟာမလေးက သူ့ကိုလာထိတဲ့သူမှန်သမျှကို သံလက်သီးနဲ့
ဆော်တော့မှာပေါ့။"
"တကယ်တော့ ဇက်သတ္တုလက်သီး။ နင်ဒီနေ့ ဘာမှလုပ်စရာမရှိဘူးလား။ စကားတော်တော်များတာပဲ။"
မက်ဒါနာက တက်ပလက်ကိုပိတ်ရင်း ဖရက်ကိုအထွန့်တက်လိုက်တယ်။ တစ်ခါတစ်ခါ ဖရက်က မက်ဒါနာအတွက် သိပ်အာရုံနောက်ဖို့ကောင်းတယ်မဟုတ်လား။ အဲဒီနောက် မက်ဒါနာက အေမီနဲ့မျက်လုံးချင်းဆုံအောင် ကြည့်လိုက်ပြီး အမိန့်ပေးလိုက်တယ်။
"အေမီ၊ ကလေးနဲ့မိန်းကလေးတွေကို ခုနကလိုမျိုး နာအောင်သွားမထိုးနဲ့နော်။ မလုပ်ခင် နှစ်ခါစဥ်းစား။"
အေမီက မက်ဒါနာရဲ့စကားကိုကြားတော့ ဒူးကွေး၊ စကပ်အနားစကိုကိုင်ကာ ဦးညွှတ်လိုက်တယ်။ ဖရက်ကတော့ မက်ဒါနာကို ဒီနေ့လုပ်ရမယ့်ကိစ္စတွေ ပြောလိုက်တယ်။
"ဒီနေ့ ဧပြီလ ၂၈ရက်နေ့မှာ သခင်မလေးအနေနဲ့ လုပ်စရာသိပ်မရှိပါဘူး။ ဒါပေမဲ့ သခင်မလေး ဖရီးမေဆင်တွေနဲ့ တွေ့မယ့်ကိစ္စကို မဟာမိတ်တွေဆီ အကြောင်းကြားသင့်ပါတယ်။ ပြီးတော့ ဒီနေ့က နိုင်ငံတကာ ဟီးရိုးများနေ့ပါ၊ စိတ်ကူးယဥ်ဟီးရိုးတွေကိုရော တကယ့်ဟီးရိုးတွေကိုပါ ထည့်ရေတွက်ပါတယ်။"
မက်ဒါနာက ပခုံးတွန့်ပြလိုက်တယ်။ တကယ်တော့ ဒီနေ့ကို သူရင်းနှီးပြီးသား။ ဒါပေမဲ့ သူ့အလုပ်နဲ့သူ ရှုပ်နေတာဆိုတော့ ယားလို့တောင်မကုပ်အားဘူးလေ။ မက်ဒါနာက အထင်သေးစွာနဲ့ ပြောလိုက်ပါတယ်။
"၁၉၉၅တုန်းက စူပါဟီးရိုးရုပ်ပြဂျပိုးတစ်သိုက် ထွင်ခဲ့တဲ့ဥစ္စာမဟုတ်လား။ အဲဒီတုန်းက တကယ့်ဟီးရိုးတွေက ဒီလောက်လူအထင်ကြီးခံရတာမဟုတ်ဘူးလေ။ တချို့ဆို ရာဇဝတ်သားဆိုပြီးတောင် အဖမ်းခံရသေးတယ်။"
ဘာပဲပြောပြော ၁၉၉၅က မြူတန့်ခေတ်စတင်တာ သုံးနှစ်ပဲရှိသေးတဲ့ကာလပါ။ မဟာလူသား ၄၇ ယောက်တောင် အဖွဲ့ဝင်အကုန်လုံးမပါသေးသလို ဟီးရိုးနဲ့ဗီလိန်အကြားမှာတောင် သတ်မှတ်ချက်အတည်တကျရှိသေးတာမဟုတ်ဘူး။
ဖရက်ကတော့ မင်းသမီးလေးရဲ့သဘောထားကြောင့် ခေါင်းကိုခါယမ်းလိုက်ပြီး "ဟီးရိုးများနေ့မှာ ပါဝင်ဆင်နွှဲသူတွေက ကိုယ်အကြိုက်ဆုံး ဟီးရိုးဝတ်စုံဝတ်ပြီး ဟီးရိုးရုပ်ရှင်ဖြစ်ဖြစ် ရုပ်ပြဖြစ်ဖြစ် ကြည့်တတ်ကြတယ်တဲ့။ တချို့ကတော့ တကယ့်ဟီးရိုးတွေဆီ စာပို့တတ်ကြတယ်ဆိုလား။"
မက်ဒါနာလည်း ဖရက်ကိုမော့ကြည့်လိုက်ပြီး တက်ပလက်ကို ပြန်ဖွင့်လိုက်တယ်။ "ပြောခါမှ ငါလည်းမက်ဆေ့တွေရလောက်တယ်နော်၊ တစ်ချက်လောက်ဖွင့်ကြည့်ဦးမှ။"
မက်ဒါနာဖွင့်ကြည့်တော့ တကယ်ပဲ သူ့Twitterအကောင့်မှာ မက်ဆေ့တွေတန်းစီဝင်ထားတာတွေ့ရတယ်။ အများစုကတော့ ဝါရှင်တန်တိုက်ပွဲမှာ ပြည်သူတွေအတွက် ရပ်တည်ပေးလို့ ကျေးဇူးတင်နေကြတာ။ တချို့ကတော့ ကပ္ပတိန်စတိတ်မန်းနဲ့အထက်မြင့်တိုက်ပေါ်က လူတွေကို မကယ်နိုင်လို့ အပြစ်တင်နေကြတယ်။ မက်ဒါနာကတော့ ခေါင်းခါလိုက်တယ်။ တိုက်ပွဲမှာ တကယ်တိုက်ခဲ့တဲ့သူက အေမီဖြစ်ပြီး သူအမိန့်မပေးလိုက်တာတွေကို လုပ်မှာမဟုတ်ပါဘူး။ မက်ဒါနာဆိုရင်တောင်မှ စတိတ်မန်းနဲ့တိုက်ပေါ်ကလူတွေကို ကယ်နိုင်မကယ်နိုင် မသေချာပါဘူး။
အနည်းဆုံးတော့ အေမီက ဆန္ဒပြလူအုပ်ကို အန္တရာယ်ဇုန်ကနေ ပြေးလွတ်အောင် ကူညီနိုင်ခဲ့သေးတယ်။
"ဒါနဲ့၊ မင်းသမီးလေးရေ။ စိတ်ကြိုက်ဟီးရိုးဝတ်စုံဝတ်ပြီး Cosplayလုပ်ဖို့ စိတ်ကူးလေးဘာလေးများ မရှိဘူးလား။"
ပထမတော့ မက်ဒါနာက ဖရက်စကားကို နားယောင်ပြီး သေချာစဥ်းစားကြည့်သေးတယ်။ သူ့ဦးလေးကီလိုမန်းလိုမျိုး ဝတ်ရင်ကောင်းမလား ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ စက္ကန့်အနည်းငယ်ကြာတော့ ခေါင်းခါလိုက်ပြီး ဝှီးချဲကို သူ့အခန်းဘက် ဦးတည်မောင်းတယ်။
"ပေါက်ကရ၊ ငါနဲ့ငါ့ဦးလေးဝတ်စုံနဲ့ ဘယ်လိုမှလိုက်မှာမဟုတ်ဘူး။"
"မင်းသမီးလေး၊ ကျွန်တော်က စူပါဂဲလ်တို့ စပိုက်ဒါဂဲလ်တို့ကိုပြောတာ...." ဖရက်က ထပ်ပြင်ပြီးပြောလိုက်ပေမဲ့ မက်ဒါနာက အခန်းထဲရောက်သွားပြီး အေမီက တံခါးပိတ်လိုက်ပြီမလို့ သူ့စကားကိုမကြားနိုင်တော့ဘူး။
ဖရက်ကတော့ အားမလိုအားမရနဲ့ တစ်ယောက်တည်းရေရွတ်လိုက်လေရဲ့။ "ငါတကယ် မြင်ဖူးချင်လို့ပါဆို။"
....
အခန်းထဲမှာတော့ မက်ဒါနာက နောက်တစ်ကြိမ် တက်ပလက်ကို ဖွင့်လိုက်တယ်။ အကြောင်းကတော့ တခြားသူတွေကို မသိစေချင်တဲ့ မက်ဆေ့တစ်ခု သူရထားလို့ပါ။ ပို့ထားတာ မကြာသေးသလို အရေးကြီးပုံလဲရတယ်။
ရွှေဒင်္ဂါး: "မင်းဘယ်သူလဲဆိုတာ ငါတို့သိသလို၊ ငါတို့ဘာလဲဆိုတာလည်း မင်းသိမှာပါ။ ငါတို့က မင်းကို ဒီကံကြမ္မာကို ဆက်ခံစေချင်တယ်။"
ရွှေဒင်္ဂါးဆိုတဲ့လူက ဟီးရိုးများနေ့မက်ဆေ့တွေနဲ့အတူရောပြီး သူ့မက်ဆေ့ကို ပို့လာတာ။ မက်ဆေ့နဲ့အတူ ပုံတစ်ပုံလဲတွဲပါတယ်။ သွေးစွန်းနေတဲ့ အမေရိကန်အလံပါ။ တခြားသူတွေကတော့ အဲဒီအလံက ဘာမှန်းသိမှာမဟုတ်ပေမဲ့ မက်ဒါနာက ဘယ်ကအလံလဲဆိုတာ တစ်ချက်တည်းနဲ့သိပါတယ်။
"စတိတ်မန်းဝတ်စုံက အလံမဟုတ်လား။" မက်ဒါနာက စာပြန်ရိုက်တော့မယ့်အချိန်မှာပဲ တစ်ဖက်က စာထပ်ရောက်လာလို့ မရိုက်ဖြစ်တော့ဘူး။
"မင်းဒါဘာလဲသိရင် ငါ့ကိုစာပြန်မပို့နဲ့တော့။ နယူးယောက်တရုတ်တန်းက စားသောက်ဆိုင်မှာတွေကြမယ်။ နံရံတွေမှာ နားတွေရှိတယ်။"
မက်ဒါနာ စာဖတ်ပြီးတဲ့အချိန်မှာပဲ မက်ဆေ့တွေအားလုံး ဘယ်တုန်းကမှ မရှိဖူးသလိုမျိုး ပျက်သွားတယ်။ နောက်တော့ ရွှေဒင်္ဂါးဆိုတဲ့အကောင့်ပါ ဘယ်တုန်းကမှ မရှိဖူးသလို ပျောက်သွားတာ။ တကယ်လို့ မက်ဒါနာအနေနဲ့ သူ့စွမ်းအားသုံးပြီး နောက်ယောင်ခံလိုက်ရင်တော့ ရင်းမြစ်ကိုရှာနိုင်ပေမဲ့ အခုက ဘယ်သူပို့လဲဆိုတာ မက်ဒါနာသိပြီးသားဖြစ်နေတော့ စိတ်မဝင်စားဘူးဖြစ်နေတယ်။
"ဖရီးမေဆင်တွေလား၊ အကွက်လေးကတော့ လှသားပဲ။ ငါ့ကို စတိတ်မန်းရဲ့နေရာ ဆက်ခံခိုင်းချင်တာလား။"
စတိတ်မန်းသယ်ဆောင်ထားတဲ့ အသိအမှတ်ပြုမှုက သာမန်S rank ဟီးရိုးတစ်ယောက်ဆိုတာထက်ကို ပိုပါတယ်။ အမေရိကန်မှာ စတိတ်မန်းရဲ့ပုံရိပ်က ဂျပန်က ကိုင်းတိုရဲ့ပုံရိပ်ထက်တောင် မြင့်မားပါတယ်။ ကိုင်းတိုက ဟီးရိုးအဖြစ်ရှိနေစဥ် နတ်ဘုရားလိုကိုးကွယ်ခံရပေမဲ့ မကြာခင်မှာပဲ သူ့ကိုလူတွေမေ့ပျောက်သွားကြတာ။ ကိုင်းတိုဟီးရိုးလုပ်ဖို့ ဆုံးဖြတ်လိုက်ချိန်နဲ့ ဥစာကီသူ့ကို ချိပ်ပိတ်တဲ့အချိန်ကြားက ကြာချိန်က စတိတ်မန်းလောက်မကြာတာကြောင့်လဲ ပါပါတယ်။
စတိတ်မန်းကတော့ ဒီနိုင်ငံကို ရာစုနှစ်ဝက်နီးပါး အမြဲတမ်းကာကွယ်ပေးခဲ့တာပါ။ မက်ဒါနာက စကားတစ်ခွန်းကို ရေရွတ်လိုက်တယ်။ "ဟီးရိုးလောကမှာ ပြက်လုံးတစ်ခုရှိတယ်။ နံပါတ်တစ်သေလို့ နံပါတ်နှစ်က တစ်မဖြစ်လာဘူး။"
ကိုင်းတိုပျောက်ကွယ်သွားတုန်းက ဥစာကီက ဂျပန်မှာအစားထိုးအဖြစ် ရှိနေပေးပေမဲ့ ကိုင်းတိုရှိတုန်းကလို ကမ္ဘာကြီးရဲ့လေးစားမှုနဲ့ ဗီလိန်တွေရဲ့ကြောက်ရွံမှုကို မခံရဘူး။ ငွေရောင်စစ်သည်က တကယ်ပဲစွမ်းပေမဲ့ အမေရိကန်တွေအပေါ် စတိတ်မန်းပေးခဲ့တဲ့ လုံခြုံတဲ့ခံစားချက်ကို တန်းတူပေးနိုင်ဖို့တော့ခက်တယ်။
အထူးသဖြင့် ငွေရောင်စစ်သည်က ပြီးပြည့်စုံတဲ့ သူရဲကောင်းတစ်ယောက် ဟုတ်မနေဘူးလေ။ သူလုပ်ခဲ့တဲ့ အမှားတွေရှိပြီး အခုထိလည်း အမှားတွေအများကြီး လုပ်မိနေတုန်းပဲ။ ပိုကောင်းအောင် ကြိုးစားနေပေမဲ့ပေါ့။
မက်ဒါနာက ခေါင်းကိုခါယမ်းလိုက်ပြီး တက်ပလက်က တခြားလင့်တစ်ခုကို နှိပ်လိုက်တယ်။ ဖရာလီတာဆီကို တိုက်ရိုက်ပေါက်တဲ့ ဆက်သွယ်ရေးလမ်းပါ။
ဖရီးမေဆင်တွေ သူ့ကိုဆက်သွယ်လာတဲ့ကိစ္စကို ဖရာလီတာဆီ အသိပေးရဦးမယ်မဟုတ်လား။
...
မြေအောက်လောက တစ်နေရာ။
ကွန်ပျူတာဆာဗာတွေကြားထဲမှာ ထိုင်နေတဲ့ ရွှေရောင်ဆံပင်နဲ့ကောင်မလေးက ပျက်သွားတဲ့ မက်ဆေ့တွေကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက် သူက စုံလည်ကုလားထိုင်ကို ဟန်ပါပါလှည့်လိုက်ပြီး သူ့နောက်မှာရှိနေတဲ့ လူတစ်ယောက်ကို လှည့်ကြည့်လိုက်တယ်။
"ရှင့်ပြောတဲ့အတိုင်းပဲ ကျွန်မရန်သူတော်ကြီးဆီကို မက်ဆေ့ကို့ပြီးပြီ။ ဒါပေမဲ့ သူ့ကိုဘာဗိုင်းရပ်နဲ့မှမတိုက်ဘဲ ဒီတိုင်းပဲ စာပို့ရမှာလား။ ရှင်က တကယ်ထူးဆန်းတဲ့ အလုပ်ရှင်ပဲ။"
အဲဒီလူက အနက်ရောင်ဝတ်စုံကို ဝတ်ထားတယ်။ ပုံမှန် အနောက်တိုင်းဝတ်စုံနဲ့ တူသလိုရှိပေမဲ့ မတူပြန်ဘူး။ သူ့ရဲ့လည်ပင်းက နက်ကတိုင်မှာ ထူးဆန်းတဲ့ ထောင့်မှန်ပေတံနဲ့ကွန်ပါပုံပါ အသားတံဆိပ်ထွင်းထားတယ်။ တံဆိပ်ရဲ့အလယ်မှာတော့ G အမှတ်အသားကို ထင်ထင်ရှားရှားတွေ့နိုင်တယ်။ အဲဒီလူက အင်္ဂလိပ်ဦးထုပ်အဝိုင်းကိုဆောင်းထားပြီး မျက်နှာကို နှာခေါင်းစည်းတပ်ပြီးဖုံးထားတယ်။ သူ့မျက်လုံးတွေက အပြာရောင်တောက်တောက်ဖြစ်ပြီး အတော်ညို့ငင်နိုင်စွမ်းရှိတယ်။ သူက ကွန်ပျူတာဆာဗာကြားက မိန်းကလေးကိုပဲ စိုက်ကြည့်နေတယ်။
တကယ်တော့ ကွန်ပျူတာဆာဗာတွေကြားက မိန်းကလေးကို မြေအောက်လောကသားတွေ ခေါ်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။ နည်းပညာနတ်ဆိုး Cyber Crowတဲ့။
နာမည်ကျော်ဗီလိန်တစ်ယောက်အနေနဲ့ Cyber Crowကို အလုပ်အပ်ကြသူတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် သတင်းအရောင်းအဝယ်ကိစ္စ၊ တစ်ယောက်ယောက်ကို ခြေရာခံဖို့ကိစ္စစသည်ဖြင့်ပေါ့။ ဒါပေမဲ့ Cyber Crow ဘယ်သူလဲ ဘယ်သူမှမသိသလို သူဘယ်မှာနေလဲဆိုတာလည်း မသိကြပါဘူး။
"ရှင့်လိုမျိုး လူကိုယ်တိုင်လာပြီး အလုပ်အပ်တဲ့လူမျိုးလည်း တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးပေါင်။"
ထူးဆန်းတဲ့သူကတော့ ဘာမှပြောမနေဘဲ ရွှေဒင်္ဂါးတွေအထပ်လိုက် ဆာဗာတစ်လုံးပေါ် တင်ပေးလိုက်တယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကို Cyber Crowထပ်ပြီး သတိပြုမိလိုက်ပြန်တယ်။ အဲဒီလူက လက်အိတ်အဖြူကို တစ်ချိန်လုံးဝတ်ထားတာ။
ပုံမှန်လူသတ်သမားတွေလည်း လက်အိတ်ဝတ်တတ်ပေမဲ့ ဒီလူကတော့ လုံးဝအသားကျနေပြီး သူ့အတွက်ယူနီဖောင်းလိုပဲ။ ရွှေဒင်္ဂါးတွေကို ဆာဗာပေါ်တင်ပေးပြီးတဲ့နောက် အဲဒီလူက နောက်ကိုခြေလှမ်းနည်းနည်းဆုတ်ပြီး Cyber Crowကို ခါးကိုင်းရုံလေး ကိုင်းပြတယ်။
"ဝန်ဆောင်မှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ကိစ္စရှိရင်လည်း လာခဲ့ပါမယ်။"
ဆာဗာခန်းထဲကနေ အဲဒီလူထွက်သွားပြီးနောက် Cyber Crowက သက်ပြင်းအကြီးကြီးချလိုက်တယ်။ သူ့တစ်ကိုယ်လုံး ချွေးတွေနဲ့ရွဲနစ်နေတာကို မြင်နိုင်တယ်။ နောက်ဆုံးမှ အသက်ကိုမှန်မှန်ထိန်းရှူရင်း...
"လျှို့ဝှက်အဖွဲ့ကြီးတွေနဲ့ လုပ်ရတာ အန္တရာယ်များလိုက်တာ။ ဘာလို့ သူတို့ဘာသာသူတို့ ဟက်ကာတစ်ယောက်ကို ပျိုးထောင်မပေးတာလဲမသိဘူး။ ဒါဆို ငါဝင်ပါစရာ မလိုတော့ဘူးပေါ့။"