← Chapters

ကံကြမ္မာက မင်းပခုံးပေါ်မှာ

Vol. 6 Ch. 15

ကံကြမ္မာက မင်းပခုံးပေါ်မှာ

Vol. 6 Ch. 15

ရထားတဲ့ သတင်းကိုပြောဖို့အတွက် မက်ဒါနာက ဖရာလီတာကို လျှို့ဝှက်ဗီဒီယိုလိုင်းကနေတစ်ဆင့် လှမ်းခေါ်လိုက်တယ်။ မက်ဒါနာတစ်ဖက်က မြင်ကွင်းတွေကိုမြင်ရတော့ ဖရာလီတာလည်း အခုမှအိပ်ရာနိုးတဲ့ပုံပဲ။

ဖရာလီတာက အစည်းအဝေးစားပွဲမှာထိုင်နေပြီး အယ်လိုဟင်က စားပွဲပေါ်က လက်ဖက်ရည်ခွက်လေးထဲ ဖရာလီတာအတွက် လက်ဖက်ရည်ငှဲ့ပေးနေပါတယ်။ မက်ဒါနာပတ်ဝန်းကျင်ကို စူးစမ်းကြည့်တော့ ဓားကိုင်ပြီး အိပ်ငိုက်နေတဲ့ ဥစာကီရဲ့အဖိုးအိခဲဒကလွဲလို့ တခြားသူတွေကို မတွေ့ရဘူး။

"တခြားသူတွေရော..." မက်ဒါနာမေးလိုက်တော့ အိပ်ချင်မူးတူးဖြစ်နေတဲ့ ဖရာလီတာက ပြန်ဖြေပါတယ်။

"လိပ်နက်နဲ့ပတ်သက်ပြီး သဲလွန်စလေးဘာလေးရမလားဆိုပြီး ထွက်ရှာကြတာ။"

မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ကြည့်ရတာ ဖရာလီတာတို့ဘက်မှာ အခြေအနေတိုးတက်မှုရှိပုံမရဘူး။ မက်ဒါနာက ဖရာလီတာကို ဖရီးမေဆင်တွေ ဆက်သွယ်လာတဲ့သတင်းအကြောင်း ပြောပြလိုက်တော့ ဖရာလီတာမျက်ခုံးပင့်လိုက်တယ်။

"နောက်ဆုံးတော့ ဇာတ်ခုံနောက်ကွယ်က ငနှဲတစ်သိုက်ထွက်လာပြီပဲ၊ ဒီထက်ပိုပြီး တွင်းအောင်းနေမှ ထူးဆန်းတယ်ပြောရမှာ။"

အဲဒီနောက်တော့ ဖရာလီတာက ဖရီးမေဆင်အသင်းနဲ့ပတ်သက်တဲ့ တချို့အကြောင်းတွေကို ပြောပြပါတယ်။ မေဆင်အသင်းက အစိုးရအပေါ် တိုက်ရိုက်အုပ်ချုပ်တာမျိုးမရှိပေမဲ့ အလားအလာကောင်းတဲ့ နိုင်ငံရေးသမားတွေကို ရွေးချယ်လေ့ကျင့်ပေးပြီး သူတို့ကို ဆန့်ကျင်တဲ့သူတွေလည်း ဇာတ်သိမ်းမကောင်းခဲ့ပါဘူး။ အရင်ခေတ်က မာဖီးယားတချို့နဲ့လည်း အဆက်အသွယ်ရှိခဲ့ပြီး မြေအောက်လောကရဲ့နက်ရှိုင်းတဲ့အပိုင်းမှာတောင် သူတို့လက်တွေရှိနေတယ်။

"နင်သူတို့နဲ့ သွားတွေ့မယ်ဆိုရင် ဘာလျှို့ဝှက်ချက်မှ မထားတာအကောင်းဆုံးပဲ။ သူတို့က နင့်လျှို့ဝှက်ချက်တွေအားလုံးကို သိထားပြီးသား၊ ဒါပေမဲ့ နင်ကတော့ သူတို့အကြောင်းကို ကောလာဟလတွေအပြင် ဘာမှသိမထားဘူး။"

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ မေဆင်တွေကို ပညာသွားမစမ်းတာ အကောင်းဆုံးပဲ။ အထူးသဖြင့် တခြားတစ်ယောက်အဖြစ် သရုပ်ဆောင်ပြီး လျှို့ဝှက်သတင်းယူဖို့ ကြိုးစားနေတဲ့ မက်ဒါနာအတွက်ပေါ့။

"ကောင်းပြီ၊ သူတို့မှာရော မြူတန့်တွေရှိမယ်ထင်လား။ သူတို့အင်အား ဘယ်လောက်ရှိမယ်လို့ နင်ထင်လဲ။" မက်ဒါနာက မေးတော့ ဖရာလီတာက ခေါင်းခါပြတယ်။

"ပန်ဒရာဂွန်မိသားစုတောင်မှ သူတို့အကြောင်းသေချာမသိဘူး။ ဒါပေမဲ့ ဝဲလ်ဆင်ကို ကိုယ်တိုင်ဖြုတ်မချနိုင်တာကြည့်ရင် သူတို့က နင်နဲ့တန်းတူ ဒါမှမဟုတ် အဲဒီထက်ပိုနိမ့်တဲ့ စွမ်းအားမျိုးပဲရှိနိုင်တယ်။ ပိုစွမ်းအားကြီးနေဖို့တော့ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့သူတို့က အမှောင်ထဲမှာဆိုတော့။"

မက်ဒါနာက ဖရာလီတာရဲ့စကားကို သေချာတွေးပြီးခေါင်းညိတ်လိုက်တယ်။ "ငါသိပြီ၊ အနည်းဆုံးတော့ သူတို့ကို ဘယ်လိုရင်ဆိုင်ရမလဲ ငါသိရတာပေါ့။"

"ကောင်းပြီ၊ ဂရုစိုက်။ ဟွား.... ငါလည်းမနက်စာစားပြီးရင် အလုပ်လုပ်စရာတွေရှိသေးတယ်။" အဲဒီနောက် မက်ဒါနာက ဖရာလီတာနဲ့ဆက်သွယ်မှုကို လက်စသတ်လိုက်တယ်။

...

နေ့လယ်ပိုင်းရောက်တော့ မက်ဒါနာ နယူးယောက်တရုတ်တန်းဘက်ကို ထွက်လာတယ်။ ဒီနေရာတွေက နယူးယောက်ဟီးရိုးဖြစ်တဲ့ ငွေရောင်စစ်သည်အဖို့ ကိုယ့်အိမ်ကိုယ့်ရာလို ဖြစ်ခဲ့တဲ့နေရာပါ။ ချီလုလုတို့အမေဖွင့်ထားတဲ့ စားသောက်ဆိုင်ကိုတွေ့တော့ မက်ဒါနာက အေမီကို ဆိုင်ထဲဝင်ခိုင်းလိုက်တယ်။

ဆိုင်နောက်မှာ အလုပ်ရှုပ်နေတဲ့ ဆိုင်ရှင်အဒေါ်ကြီးက ခေါင်းထောင်ကြည့်လိုက်ပြီး မက်ဒါနာကိုလှမ်းပြောတယ်။ "သမီးချောလေး၊ ကြေးအိုးဆီချက်လား ကြေးအိုးအရည်သောက်လား။"

မက်ဒါနာက အန်တီကြီးကို ခေါင်းညိတ်ပြလိုက်ပြီး ပြန်ခွန်းတုံ့ပြန်တယ်။ "ကြေးအိုးဆီချက်တစ်ပွဲ။"

နောက်တော့ အန်တီကြီးက မက်ဒါနာနဲ့အတူပါလာတဲ့ အေမီကိုပါ သတိထားမိသွားပြီး မေးလိုက်ပါတယ်။ "ဒီသမီးမလေးကရော ဘာစားမှာလဲ။"

မက်ဒါနာက ဒီစကားကိုကြားတော့ ပြုံးပြလိုက်ပြီး ညာလက်ကလေးကို မြှောက်ရုံလေးမြှောက်ကာ ခါပြလိုက်တယ်။ "အန်တီကြီး၊ သူက အိမ်မှာစားလာပြီးသား။"

ဒီစကားလည်းကြားရော အန်တီကြီးက မက်ဒါနာကို စိမ်းစိမ်းကြီးကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး နှာမှုတ်ကာ ကျောခိုင်းထွက်သွားတယ်။ ပြီးတော့ မကြားတကြားပြောသွားတဲ့ စကားကိုတောင် မက်ဒါနာသေချာလေးကြားလိုက်သေးတယ်။

"လူတန်းစားခွဲခြားတဲ့ လူဖြူသခင်မလေးတွေ၊ ဟွန့်။" မက်ဒါနာကတော့ အန်တီကြီးပြောသွားတဲ့ စကားကိုနားမလည်တာကြောင့် အေမီကိုမော့ကြည့်ပြီးမေးလိုက်တယ်။ "သူဘာလို့ ငါ့ကိုစိတ်ဆိုးသွားလဲသိလား။"

အေမီက မက်ဒါနာကို ဘာအဖြေမှမပေးဘဲ မျက်နှာသေကြီး ပြန်စိုက်ကြည့်နေတယ်။ မက်ဒါနာလည်း စိတ်ပျက်ပျက်နဲ့ ကိုယ့်နဖူးကိုယ်လက်ဝါးနဲ့ရိုက်မိတော့တာပဲ။

အဲဒီအချိန်မှာပဲ ဆိုင်ရဲ့အစွန်စားပွဲမှာထိုင်နေတဲ့ ရဲမေဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်က ထလာပြီး သူတို့နားရောက်လာတယ်။ ထင်မှတ်မထားတာက အဲဒါလင်ဒါရယ်။ မက်ဒါနာကိုယ်တိုင်လည်း လင်ဒါဆိုင်ထဲရှိနေမှန်း သတိမထားမိလိုက်ဘူး။ စခန်းမှူးလင်ဒါကို မက်ဒါနာတစ်ယောက် သူနယူးယောက်ရောက်နေတဲ့အကြောင်း မပြောရသေးဘူး။

မက်ဒါနာက ပေါ်လီယာနာအဖြစ် ရုပ်ဖျက်ထားတာမလို့ လင်ဒါချက်ချင်းမမှတ်မိဘူး။ မက်ဒါနာကလည်း လောလောဆယ် လင်ဒါနဲ့ရင်မဆိုင်ချင်သေးတာမလို့ လက်ယမ်းနှုတ်ဆက်လိုက်ရင်း မေးလိုက်တယ်။

"မင်္ဂလာပါ၊ အရာရှိမမရှင့်။ ဘာကိစ္စများရှိလို့လဲမသိဘူး။"

လင်ဒါက ချက်ချင်းမဖြေသေးဘဲ အေမီကိုစေ့စေ့ကြည့်ပြီး ပါးလေးကို လက်နှစ်ဖက်နဲ့ဆွဲကြည့်တယ်။ အေမီက တစ်ခုခုပြန်တုံ့ပြန်ချင်ပုံရပေမဲ့ မနက်က သခင်မလေးပေးတဲ့အမိန့်ကြောင့် ဘာမှမလုပ်ဘဲ ကြောင်ရပ်နေတုန်းပဲ။ စက္ကန့်အနည်းငယ်လောက် ကြာပြီးနောက် ရဲမေလင်ဒါက ခါးထောက်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။

"ငါစိတ်ထင်တာများလား၊ ဘာလို့ သူနဲ့ရှိနေကျ ကောင်မလေးနဲ့တူနေတာလဲ။" နောက်တော့ လင်ဒါက မက်ဒါနာကို ကြည့်လိုက်ပြီး "ပြီးတော့ နင်ကရော ဘာလို့ သူနဲ့ပြောပုံဆိုပုံ တစ်ထေရာတည်းဖြစ်နေရတာလဲ။"

"......"

နောက်ဆုံးတော့ မက်ဒါနာလည်း မနေနိုင်တော့ဘဲ လင်ဒါကို အမှန်အတိုင်းပြောပြလိုက်ရရော။ လင်ဒါကတော့ မက်ဒါနာပြန်ရောက်လာတဲ့သတင်းကို နောက်ဆုံးမှသိရတဲ့သူဖြစ်နေတဲ့အတွက် ဝမ်းနည်းလွန်းလို့ မျက်ရည်တွေတောင်ကျနေပြီ။

"မက်ဒါနာ၊ ကောင်မစုတ်။ နင်တော်တော်ရက်စက်တာပဲ။ အဲဲဒီအိုကြီးအိုမကိုကျ နင်အသိပေးပြီး ငါ့ကျပေးမသိဘူးပေါ့။"

"လင်ဒါရေ၊ ဖလေရာက ဒီနှစ်ထဲမှ အသက်သုံးဆယ်ပြည့်မှာမဟုတ်ဘူးလား။" အဲဒီအသက်ကို အိုပြီလို့ပြောလို့မရသေးဘူးလေ။ ဒါပေမဲ့ လင်ဒါရဲ့ဒေါသမျက်ဝန်းလေးတွေက မက်ဒါနာအပေါ်ကို ဥက္ကာခဲတွေလို ကျဆင်းလာပါလေရော။

"ဪ... နင်က အဲဒီဟာမဘက်က ပါချင်တာလား။"

သမီးရည်းစားနှစ်ယောက် ရန်ဖြစ်နေတုန်း စားဖိုခန်းထဲကနေ ဆိုင်ရှင်အန်တီကြီး ထွက်လာတယ်။ လက်ထဲမှာတော့ ဆီချက်ခေါက်ဆွဲနှစ်ပွဲကိုင်ထားတယ်။ အဲဒီနောက် စားပွဲပေါ်ကို ဆောင့်ကြီးအောင့်ကြီးနဲ့ ချပေးလိုက်ပြီး မက်ဒါနာကို ပြောလိုက်တယ်။

"ရော့ဒီမှာ၊ နောက်တစ်ပွဲအတွက် ပိုက်ဆံပေးစရာမလိုဘူး။ သနားစရာ ဟိုသမီးလေးကိုကျွေးလိုက်။ နင်တို့လူဖြူတွေကတော့လေ။"

မက်ဒါနာက ချီလုလုရဲ့အမေကို နားမလည်နိုင်စွာနဲ့ မော့ကြည့်လိုက်မိတယ်။ အန်တီကြီးက သူ့ကိုအေမီအတွက် စားစရာမှာမပေးလို့ လူမျိုးရေးခွဲခြားတယ်လို့ ထင်သွားတာလား။ ဒါသိပ်ကြီးမားတဲ့ စွပ်စွဲချက်ကြီးပဲ။ ပြီးတော့ မက်ဒါနာက အမေရိကန်လူဖြူတစ်ယောက်တောင်ဟုတ်မနေဘူး။

'နေဦးလေ၊ ကျွန်မက လူဖြူမဟုတ်ရပါဘူး။ အာရှကပြားပါ။' လို့ရှင်းပြချင်ပေမဲ့ လောလောဆယ် ရုရှားသူလေးအဖြစ် ရုပ်ဖျက်ထားမိတာကို သတိရမိတော့ သက်ပြင်းချလိုက်မိတော့တယ်။

လင်ဒါကတော့ သူစားပွဲကနေ အတူယူလာတဲ့ ဆီချက်ခေါက်ဆွဲပန်းကန်ကို တူနဲ့ထိုးမွှေနေပြီး မက်ဒါနာကို မော့မကြည့်ဘူး။ ဒါပေမဲ့ အစောပိုင်းကထက်စာရင်တော့ အတော်လေးစိတ်ငြိမ်သွားပုံပဲ။

"ထားပါတော့၊ နင့်မှာလည်း ဒီလိုလုပ်ရတဲ့ အကြောင်းအရင်း ရှိနေတာပဲမဟုတ်လား။ နင့်လိုမင်းသမီးလေးက ဒီနိုင်ငံထဲကို အလွယ်တကူလာလို့မှ မရတော့တာ။"

မက်ဒါနာ လင်ဒါရဲ့စကားကို သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီနောက် စားဖိုခန်းထဲကနေ ဒေါနဲ့မောနဲ့ သူ့ကိုလှမ်းကြည့်နေဆဲဖြစ်တဲ့ အန်တီကြီးကိုကြည့်ပြီး သက်ပြင်းချမိတယ်။ ပြီးနောက် မက်ဒါနာက အေမီကို အမိန့်ပေးလိုက်တယ်။

"အေမီရေ၊ နင်ငါ့ဘေးမှာဝင်ထိုင်ပြီး စားသလိုလေး ဟန်ဆောင်ပါလား။ မဟုတ်ရင် ဆိုင်ရှင်အဒေါ်ကြီးက ငါ့ကိုရိုက်ထုတ်တော့မယ်။" အေမီလည်း အမိန့်အတိုင်း မက်ဒါနာရဲ့ဘေးခုံမှာ ဝင်ထိုင်တယ်။

မက်ဒါနာပြောလိုက်တဲ့ ပွင့်ပွင့်လင်းလင်းစကားကြောင့် လင်ဒါတစ်ယောက် ရယ်လိုက်တယ်။ နှစ်ယောက်လုံး အရင်အချိန်တွေ ပြန်ရောက်သွားသလိုပဲ။ သူတို့မတွေ့ရတာကြာပြီ၊ အရင်တစ်ကြိမ် ဆုဗာနာကို အတူသွားခဲ့ပြီးကတည်းကပဲ။

ရယ်တာရပ်ပြီးတဲ့နောက် လင်ဒါကို မက်ဒါနာကို ကြင်နာစွာကြည့်လိုက်တယ်။ အဲဒီနောက် ညုတုတုအမူအရာလေးနဲ့ ဒီစကားကိုပြောလာတယ်။

"ဒီတော့ နင်ငါ့ကို လျော်ကြေးပေးတဲ့အနေနဲ့ ဒီနေ့အတူလျှောက်သွားကြမလား။"

မက်ဒါနာလည်း ငြင်းဖို့စိတ်ကူးမရှိတာကြောင့် ခေါင်းညိတ်ဖို့ ဆိုင်းပြင်လိုက်ပေမဲ့ ရုတ်တရက် လင်ဒါရဲ့အပြုံးက သဘာဝမကျစွာ အေးခဲသွားတယ်။ အစကတော့ လင်ဒါတစ်ယောက်တည်း အခုလိုဖြစ်သွားတယ် ထင်မိပေမဲ့ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးကလူတွေပါ အလားတူအေးခဲနေတာကို တွေ့လိုက်ရတယ်။

အေမီကို ကြည့်လိုက်တော့ အေမီလည်းအလားတူပဲ။ ဒါတင်မကသေးပဲ သက်မဲ့အရာတွေဖြစ်တဲ့ ဆီချက်ခေါက်ဆွဲနဲ့အတူတွဲပါလာလိမ့် ဟင်းချိုပန်းကန် မျက်နှာပြင်ပါ အေးခဲနေတာ။

မက်ဒါနာက သူ့လက်ကိုဆန့်ထုတ်ပြီး ဟင်းချိုထဲ လက်ကလေးနဲ့နှိုက်ကြည့်ပေမဲ့ လှိုင်းဂယက်လေးတောင် ထမသွားဘူး။ ဒါကြောင့် မျက်မှောင်ကြုတ်လိုက်မိတယ်။

"အချိန်ခဲသွားတယ် ပြောရအောင်လည်း မရပ်ဘဲကွက်ကျန်နေတဲ့ ငါ့ရဲ့လှုပ်ရှားမှုတွေက ပတ်ဝန်းကျင်ကို ဘာလို့မသက်ရောက်ရတာလဲ။"

မက်ဒါနာ မေးခွန်းထုတ်လိုက်တဲ့အချိန်မှာပဲ မက်ဒါနာဘေးနားကို ထူးဆန်းတဲ့ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ သက်ကြီးပိုင်းလူတစ်ယောက် ရောက်လာပါတယ်။

အဲဒီလူက ရွှေကွပ်ထားတဲ့ အပြာရောင်လည်ဆွဲကို ဆွဲထားပြီး ထောင့်မှန်ပေတံနဲ့ကွန်ပါပုံပါတဲ့ လော့ကတ်သီးကို ဆွဲထားတယ်။ လော့ကတ်သီးအလယ်မှာတော့ တတိယမျက်လုံးပုံကို တွေ့နိုင်တယ်။ မက်ဒါနာမော့ကြည့်တော့ အသက်ခုနစ်ဆယ်လောက်ရှိပြီဖြစ်ပုံပေါ်တဲ့ လူကြီးက ပြန်ပြုံးပြလိုက်တယ်။ ဒါပေမဲ့ သူ့မျက်နှာကို မက်ဒါနာ ဝေဝေဝါးဝါးပဲမြင်နိုင်တယ်။

လူကြီးက သူ့ခါးမှာ ပန်းကနုတ်ခြယ်လှယ်ထားတဲ့ ရှေးသူကောင်းမျိုးဓားကို ချိတ်ထားပြီး ကျော့မော့စွာရပ်နေတယ်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ မင်းသမီးမက်ဒါနာ။ ကျုပ်က အမေရိကန်မေဆင်ဂိုဏ်းခွဲရဲ့ဂရန်းမာစတာပါ။ ပြီးတော့ မင်းသမီးထင်သလိုပဲ အခုက အချိန်ခဲသွားတာ မဟုတ်ပါဘူး။"

မက်ဒါနာလိုပဲ အေးခဲမနေတဲ့ လူကြီးက ခုံမှာဝင်ထိုင်လိုက်တယ်။ သူက ခါးမှာရှိနေတဲ့ သူကောင်းမျိုးဓားကို ပုတ်ပြလိုက်ပြီး မက်ဒါနာလိုချင်နေတဲ့အဖြေကို ပေးလိုက်တယ်။

"သွေးနီမိစ္ဆာဓား၊ ဝိညာဥ်သယ်ဆောင်သူ။ ဥစာကီရဲ့ဓားက မိစ္ဆာသတ်ဓားဆိုရင် ဒီဓားကိုယ်တိုင်က မိစ္ဆာပဲ။"

မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။ ဓားရဲ့စွမ်းအားအပေါ် သိပ်ပြီးအံ့အားသင့်မှုမရှိသလိုပဲ။ အဲဒီအစား မက်ဒါနာက ဓားရဲ့အစွမ်းကို အသာလေးခန့်မှန်းလိုက်တယ်။

"ဒီဓားက လူတစ်ယောက်ရဲ့အတွေးကို ထိန်းချုပ်နိုင်စွမ်းရှိတယ်မဟုတ်လား။ အခုကျွန်မရှေ့ကိုမှာရောက်နေတဲ့ ဂရန်းမာစတာက ကျွန်မရှေ့မှာ တကယ်ရှိမနေဘူးမဟုတ်လား။ ကျွန်မရဲ့စိတ်ကို ဓားရဲ့စွမ်းအားနဲ့ဖမ်းစားပြီး ရှင်လာတွေ့သလိုမျိုးလုပ်လိုက်တာ။"

စိတ်ကိုလှည့်စားနိုင်တဲ့ စွမ်းအားမျိုးက မြူတန့်ကမ္ဘာမှာ အတော်ရှားပါးတယ်။ အထူးသဖြင့် မှော်ရတနာတစ်ခုအသွင်နဲ့ရှိနေရင် ပိုဆိုးတယ်။ မှော်ရတနာတွေကိုယ်၌ကကို ရှားလှပြီလေ။ မက်ဒါနာက တဒင်္ဂလောက် ဒီအကြောင်းကိုတွေးမိပြီးနောက် ပြောစရာရှိတာ ဆက်ပြောတယ်။

"ပြီးတော့ ရှင်က ကျွန်မအတွေးကို ဆွဲဆန့်ထားတာမလို့ နာနိုစက္ကန့်အတိုင်းအတာပမာဏတစ်ခုအထိ ကျွန်မစိတ်က လိုက်တွေးနိုင်နေတာ။ ကျွန်မအခုလှုပ်ရှားနေတာ စကားပြောနေတာတွေအကုန်လုံးကလည်း ဓားဖန်တီးထားတဲ့ ပုံရိပ်ယောင်ထဲမှာမဟုတ်လား။"

ဂရန်းမာစတာက ခေါင်းညိတ်လိုက်ပြီး လင်ဒါကိုကြည့်လိုက်တယ်။ "ကမ္ဘာကြီးမှာ လုံခြုံတဲ့နေရာနဲ့စိတ်ချရတဲ့သူဆိုတာ မရှိတော့ဘူး။ ကျုပ်မှာ ဒီဓားကလွဲလို့ အားကိုးစရာမရှိဘူးလေ။"

"ဒါဆိုဘာဖြစ်လို့ အဲဒီဓားနဲ့ ရှင်ဂျိုးလ်ဝဲလ်ဆင်ကို သွားမသတ်တာလဲ။" ဝိညာဥ်သယ်ဆောင်သူက အတော်လေးစွမ်းအားကြီးတာကို မက်ဒါနာခံစားမိတယ်။ ဂျိုးဝဲလ်ဆင်ကို လူတိုင်းက ကာကွယ်ပေးထားတယ်ဆိုပေမဲ့ သာမန်လူသားတစ်ယောက်ဖြစ်နေတုန်းပါပဲ။

"ကံဆိုးစွာနဲ့၊ ကျုပ်က ဒီဓားနဲ့စစ်မှန်တဲ့ ထိုက်တန်သူမဟုတ်ဘူးလေ။ ဒီဓားရဲ့စွမ်းအားသုံးပုံတစ်ပုံကိုပဲ ကျုပ်သုံးနိုင်တာ။"

ရှေးဟောင်းရတနာတွေအပေါ် မက်ဒါနာနားလည်သလောက်တော့ ဒီလက်နက်တွေက လူတိုင်းသုံးလို့ရတာမဟုတ်ဘူး။ လက်နက်တွေက လူကိုရွေးချယ်နိုင်စွမ်းရှိတယ်။ လူသားတစ်ယောက်က ဘယ်လောက်ထိစွမ်းပါစေ၊ လက်နက်က ခွင့်မပြုရင် သုံးလို့မရဘူး။

"ဒီတော့၊ ကျွန်မက ဘာလုပ်ပေးရမှာလဲ။" မက်ဒါနာက မေးလိုက်တယ်။ လောလောဆယ် မက်ဒါနာနဲ့မေဆင်တွေမှာ ဘုံရန်သူရှိနေပါတယ်။ ဒါကြောင့် ကွန်ယက်ကြီးမားတဲ့ မေဆင်တွေနဲ့ပူးပေါင်းတာက သဘာဝကျတယ်။

အဖိုးကြီးက မက်ဒါနာကိုငုံကြည့်ပြီး ပြောလိုက်ပါတယ်။ "မင်းရဲ့ကျောင်းမှာ ကျောင်းဆရာလိုနေသေးတယ်မဟုတ်လား။ မေဆင်တွေထဲက မြူတန့်တစ်ယောက် မင်းကျောင်းကိုလာလိမ့်မယ်။ အဲဒါမင်းလက်ခံမလား။"

မက်ဒါနာကတော့ ဒီစကားကိုကြားတော့ တခစ်ခစ်ရယ်မောလိုက်တယ်။ အဲဒီနောက် စားပွဲခုံပေါ်လက်နှစ်ဖက်လုံးတင်လိုက်ပြီး ခါးကိုရှေ့ကိုင်းကာ ပြောလိုက်ပါတယ်။

"နယူးယောက်ဟီးရိုးကျောင်းက သေးငယ်ပေမဲ့ မေဆင်တွေကို အခွင့်ထူးပေးမယ်လို့တော့ မဆိုလိုဘူးလေ။"

အဖိုးကြီးကလည်း ယုံကြည်မှုပြင်းပြစွာနဲ့ သူ့ခါးကဓားကို ဓားအိမ်နဲ့တကွဖြုတ်လိုက်ပြီး ကြမ်းပြင်ကိုထောက်ထားလိုက်တယ်။ "မင်းတို့ကျောင်းက ဆရာရွေးချယ်တဲ့ထုံးစံအတိုင်းသာရွေးပါ၊ အချိန်တန်ရင် မင်းတို့ကျောင်းက ကျောင်းဆရာသစ်က ငါတို့အဖွဲ့သားဖြစ်နေလိမ့်မယ်။"

မက်ဒါနာက မျက်စိကိုမှေးထားလိုက်တယ်။ ဒီလူက ဘာလို့ဒီလောက်သေချာပြောနိုင်တဲ့အထိ ယုံကြည်ချက်ရှိနေရတာလဲ။ မက်ဒါနာအနေနဲ့ အေမီနဲ့ဖရက်ကို နယူးယောက်ဟီးရိုးဆရာအဖြစ်ခန့်ဖို့အတွက် ရှိပြီးသားကျောင်းဆရာနှစ်ယောက်နဲ့ ရင်ဆိုင်ခိုင်းခဲ့ရပါတယ်။ ဒါက နယူးယောက်ဟီးရိုးကျောင်းရဲ့ထုံးစံပါ။

မေဆင်တွေက သူ့ဆီကို အေးဂျင့်တစ်ယောက်လွှတ်ချင်မှန်းသိတော့ မက်ဒါနာက အလွယ်တကူလက်ခံချင်စိတ်မရှိဘူး။ ကိုယ်မရင်းနှီးတဲ့ လူတစ်ယောက်က ကိုယ့်နားမှာလာပြီး လှုပ်ရှားနေမှာကို မက်ဒါနာသဘောမကျပါဘူး။ ဒါကြောင့် စစ်ဆေးမှုကို ဆယ်ဆနီးပါး ခက်အောင်လုပ်ဖို့အတွက် မက်ဒါနာစဥ်းစားထားတယ်။ မက်ဒါနာက ကျောက်ရုပ်တစ်ရုပ်လိုဘေးမှာထိုင်နေတဲ့ အေမီကိုလှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"ရှင်တို့အစွမ်းကိုရှင်တို့ယုံရင် လုပ်ကြည့်ပေါ့လေ။" အဖိုးအိုက မက်ဒါနာရဲ့စကားကြောင့် ခေါင်းညိတ်ပြီး "အပေးအယူဖြစ်ပြီ။"လို့ ပြောလိုက်တယ်။ နောက်တော့ မက်ဒါနာက အဖိုးအိုကို မေးလိုက်တယ်။

"ရှင်တို့က ကျွန်မနဲ့ပူးပေါင်းချင်နေမှန်း သိပေမဲ့လို့ ရှင်တို့ရဲ့အစီအစဥ် အသေးစိတ်ကဘာလဲ။ ဆရာမဟန်ဆောင်ပြီး နိုင်ငံတွင်းမှာသတင်းယူနေတဲ့ အရာမရောက်တဲ့ သူလျှိုမလေးက ရှင်တို့လိုအုပ်စုကြီးမလုပ်နိုင်တဲ့ အရာကို လုပ်နိုင်ပါ့မလား။"

မက်ဒါနာရဲ့စကားကိုနားထောင်နေရင်း အဖိုးအိုရဲ့မျက်လုံးတွေ အရောင်တောက်ပလာတယ်။ နောက်သူက အခြေအနေကိုပြောပြလိုက်တယ်။ "ဝဲလ်ဆင် လွှတ်တော်ကို ဖျက်သိမ်းပြီးကတည်းက သူ့ကိုငါတို့လုပ်ကြံဖို့ ငါးကြိမ်တိတိကြိုးစားခဲ့ပြီးပြီ။ တစ်ခါမှ မအောင်မြင်ဘူး။ သူ့ဘေးနားက ရေဂင်ဂျူနီယာကို ငါတို့ မယှဥ်နိုင်ဘူး။"

ရင်းနှီးနေတဲ့ နာမည်ကြောင့် မက်ဒါနာမျက်မှောင်ကြုတ်မိပြန်တယ်။ ဒါပေမဲ့ ရေဂင်ဆိုတဲ့ နာမည်တွေက အများကြီးရှိနေတာမလို့ နာမည်တူတာဖြစ်မှာပါလို့ သူယူဆလိုက်မိတယ်။ အဖိုးအိုကတော့ သူ့ဘက်က အခြေအနေကို ဆက်ပြောနေဆဲပါ။

"လောလောဆယ် ဝဲလ်ဆင်က ငါတို့သူ့ကို ဆန့်ကျင်နေမှန်းသိလို့ လုပ်ကြံခံရမှာကို စိုးရိမ်နေတယ်။ ဒီလိုသားကောင်မျိုးကို အတင်းလိုက်ဖမ်းရင် ငါတို့အဖို့ အန္တရာယ်ရှိလို့ အချိန်တစ်ခုပေးပြီး အစီအစဥ်ဆွဲဖို့ ဆုံးဖြတ်ထားတယ်။"

မက်ဒါနာက ဒီစကားကိုကြားတော့ ခေါင်းကိုစောင်းငဲ့လိုက်တယ်။ ပေါ်လီယာနာရဲ့ဆံပင်တူက ဘေးကိုခွဲဖြာကျသွားတာပေါ့။ "ရှင်တို့အစီအစဥ်မှာ ကျွန်မကျောင်းပါနေတာလား။"

အဖိုးအိုက ခေါင်းညိတ်ပြီး မက်ဒါနာကို ဆက်ရှင်းပြတယ်။ "အမေရိကန်ပြည်တွင်းက ဟီးရိုးကျောင်းတွေက နှစ်စဥ်နှစ်တိုင်း ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ဝင်ပြိုင်ရလေ့ရှိတယ်။ အဲဒီကျောင်းက ကျောင်းသားတွေကိုပဲ အဆင့်သတ်မှတ်တာမဟုတ်ဘူး။ ကျောင်းတွေကိုပါ အစိုးရက အမှတ်ပေးပြီးအဆင့်သတ်မှတ်တယ်။" အဖိုးအိုက မောသွားဟန်နဲ့ ခနနားပြီးမှ စကားဆက်တယ်။

"တိုင်းပြည်ရဲ့နံပါတ်တစ်ကျောင်းက ကျောင်းသားတွေနဲ့ဆရာတွေကို သမ္မတကိုယ်တိုင် ဂုဏ်ပြုညစာစားပွဲဖိတ်ရတာလည်း ထုံးတမ်းအစဥ်အလာတစ်ခုပဲ။"

မေဆင်တွေရဲ့အစီအစဥ်ကို မက်ဒါနာ တဖြည်းဖြည်းသဘောပေါက်လာပြီ။ "ဒီတော့ ရှင်က ကျွန်မတို့ကို ပြည်တွင်းနံပါတ်တစ်ဖြစ်အောင်လုပ်ပြီး ရှင်တို့အေးဂျင့်က သူ့ကိုညစာစားပွဲမှာလုပ်ကြံမယ်ပေါ့။ ဒါပေမဲ့ မြူတန့်တွေကို ဒီလောက်မုန်းတဲ့သူက ကျွန်မတို့ကို ဧည့်ခံပွဲလုပ်ပေးပါ့မလား။ ပြီးတော့ ဒီလောက်ကျောင်းတွေအများကြီးထဲကမှ ဘာလို့ကျွန်မတို့လဲ။"

အဖိုးအိုက ဒီစကားကိုကြားတော့ မက်ဒါနာရဲ့ပခုံးကို လက်ညိုးထိုးပြလိုက်တယ်။ "ဘာကြောင့်လဲဆိုတော့ အဲဒီကံကြမ္မာက မင်းလက်ထဲမှာမလို့ပဲ။"

မက်ဒါနာလည်း ရင်ထဲထိတ်ခနဲဖြစ်သွားပြီး သူ့ပခုံးပေါ်ကို ကြည့်လိုက်မိတော့ သွေးစွန်းနေတဲ့ အမေရိကန်အလံက သူ့ပခုံးပေါ်မှာရှိနေပြီး တလူလူလွင့်နေတာကို သတိထားမိလိုက်တယ်။

"ဟမ်...."

မက်ဒါနာ သတိဝင်လာချိန်မှာတော့ မျက်နှာကို သေချာမမြင်ရတဲ့လူကြီးမရှိတော့ဘူး။ အဲဲဒီအစား လင်ဒါက မက်ဒါနာကို နားမလည်နိုင်စွာနဲ့ ကြည့်ပြီးမေးလိုက်တယ်။

"မက်ဒါနာ၊ နင်ငါပြောတာကြားလား။ ဘာလို့ကြောင်တောင်ကြီး စိုက်ကြည့်နေတာလဲ။" မက်ဒါနာလည်း လူကြီးထွက်သွားမှန်း သတိထားမိသွားပြီး လင်ဒါကို ပြန်ဖြေလိုက်တယ်။

"အင်း၊ ဒီညငါတို့ ရုပ်ရှင်သွားကြည့်ကြမယ်လေ။ ဒီနေ့က စူပါဟီးရိုးများနေ့မလား။"

လင်ဒါလည်း ဒီညရုပ်ရှင်ဒိတ်ကြမယ်လို့ မက်ဒါနာဘက်က မီးစိမ်းပြလိုက်လို့ ပျော်ပြီး လက်ခုပ်တီးလိုက်တယ်။ "ကောင်းတယ်၊ ဒီနေ့ပြင်သစ်ဟီးရိုးကား How I become a Heroကို ဆယ့်နှစ်နှစ်ပြည့် ရုံပြန်တင်မှာလေ။"

မက်ဒါနာကတော့ ဖလေရာပြောနေတဲ့စကားတွေကို အာရုံမစိုက်နိုင်တော့ဘူး။ အဲဒီအစား သူ့ပခုံးကို ဆုပ်ကိုင်ကြည့်မိတယ်။ ဘာသွေးစွန်းနေတဲ့ အလံမှရှိမနေဘူး။ ဒါပေမဲ့ တစ်ကိုယ်လုံး ကြီးမားတဲ့အရာ တစ်ခုကို ထမ်းထားရသလို လေးလံနေတာပဲ။

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

All Chapters