ဆိုက်ဘေးရီးယားစစ်ဆင်ရေး
Vol. 6 Ch. 16
ဖရန့်နဲ့ပန်းသီးလေးတို့ တောလမ်းလေးအတိုင်း လမ်းလျှောက်လာဖြစ်တယ်။ ပန်းသီးလေးက တောလမ်းအတိုင်း လျှောက်လာနေရင်း ရုတ်တရက်ထိုင်ချလိုက်တယ်။ ဒီအပြုအမူကြောင့် ဖရန့်လည်းတစ်ခုခုကို သတိထားမိသွားပြီး ပန်းသီးလေးရဲ့ဘေးမှလိုက်ထိုင်ကာ ပန်းသီးလေးကြည့်နေတဲ့အရာကို ကြည့်လိုက်တယ်။
"နှစ်လိုဖွယ်ကောင်းလိုက်တာ။" ပန်းသီးလေးက သာမန်အားဖြင့် လူတွေမသုံးတဲ့ စကားတစ်ခွန်းကိုပြောလိုက်တယ်။ ဖရန့်လည်း ခေါင်းညိတ်လိုက်ပြီး ပန်းသီးလေးကြည့်နေတဲ့ တောပန်းကလေးကို ကြည့်လိုက်တယ်။
နွေဦးရာသီရောက်လာပြီမလို့ ဆိုက်ဘေးရီးယားကုန်းမြေကြီးမှာ နှင်းတွေလွင့်ပြယ်စပြုလာပြီ။ နေရာတိုင်းတော့ မဟုတ်သေးပေမဲ့ အနည်းဆုံးတော့ ဖရန့်တို့ရောက်နေတဲ့နေရာမှာ ဆီးနှင်းတွေပျော်ကျပြီး မြက်ခင်းနဲ့ပန်းပင်ငယ်လေးတွေ ပွင့်လန်းလာတာကို မြင်နေရပြီ။
အပူချိန်က အမြင့်ကြီးမဟုတ်ဘဲ အနိမ့်ဆုံး ၈ ဒီဂရီနဲ့ အမြင့်ဆုံး ၁၆ ဒီဂရီပဲရှိတာမလို့ နှင်းခဲတွေပျော်ကျဖို့ လုံလောက်ရုံပဲရှိပါတယ်။ နေကိုကောင်းကောင်းမြင်ရတဲ့ နေ့တာအချိန်ဟာဆိုရင်လည်း ဧပြီလမှာ ၆ နာရီပဲရှိရာကနေ မေလမှာ ၁၁ နာရီအထိတိုးလာပြီ။
တကယ်တော့ တောပန်းတွေအပြင် ပိုးကောင်ငယ်လေးတွေကလည်း သစ်ပင်တစ်ပင်ကနေတစ်ပင်ကို ကူးသန်းသွားလာနေကြတယ်။ ဖရန့်က ပန်းသီးလေးကို သေချာကြည့်လိုက်တယ်။
ပန်းသီးလေးက နှစ်လိုဖွယ်ရာပြုံးနေပြီး ခရမ်းရောင်တောပန်းလေးကို ထိလိုက်တယ်။ အဲဒီနောက် သူ့ရဲ့ညင်သာတဲ့လေသံနဲ့ ပန်းပွင့်လေးအတွက် ဆုတောင်းပေးလိုက်တယ်။
"ကောင်းကောင်းကြီးပြင်းလာကြနော်။" အဲဒီနောက် ပန်းသီးလေးရဲ့လက်ညိုးကနေ စိမ်းဖန့်ဖန့်ရောင်အလန်းတန်းလေးတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းမှုန်လေးတွေက နေရာအနှံကိုပြန့်ကျဲသွားတယ်။
နောက်တော့ သူတို့နှစ်ယောက်ကိုဗဟိုပြုပြီး လွင်ပြင်ကျယ်ထဲမှာ ခရမ်းရောင်တောပန်းလေးတွေများစွာ တစ်ပြိုင်နက်တည်း ပွင့်လန်းလာတော့တယ်။ အခုလိုမှော်ဆန်တဲ့ မြင်ကွင်းကြောင့် ဖရက်ဘာပြောရမှန်းမသိတော့ဘူး။
ပန်းသီးလေးကတော့ ပျော်ရွှင်စွာနဲ့ တောလမ်းလေးအတိုင်း လျှောက်သွားနေပြီဖြစ်ပြီး ခြေဖျားလေးကိုထော့ကာ ကခုန်ရင်းသီချင်းညည်းနေတယ်။ ပန်းသီးလေးက သီချင်းကို ဖရန့်မသိတဲ့ သိပ်ကိုရှေးကျတဲ့ ဘာသာစကားတစ်ခုနဲ့ ဆိုနေတာဖြစ်ပေမဲ့ စာသားတွေက ဖရန့်ရဲ့နှလုံးသားထဲစီးဝင်လာပြီး အလိုလိုဘာသာပြန်ပြီးသားဖြစ်သွားတယ်။
"အိုး၊ နွေဦးရာသီရယ်။ မျှော်လင့်ချက်နဲ့ အားရစရာ အချိန်ပါပဲ။ ကမ္ဘာကြီး နိုးထလာပြီး အရာအားလုံးက အသစ်ခဲ့ပြီ။ ရိုးရှင်းတဲ့အလှနဲ့ အသက်ဝင်လာခဲ့ပြီ။"
ပန်းသီးလေးက အပွင့်ငယ်လေးတွေပါတဲ့ ဂါဝန်စိမ်းလေးကို ဝတ်ထားတာဖြစ်လို့ သူခြေထော့သွားတိုင်းမှာ ဂါဝန်လေးက ချစ်စဖွယ်လှုပ်ယမ်းနေတယ်။ ပန်းသီးလေးက ဖိနပ်ဝတ်မထားဘူး၊ သူ့ရဲ့နူးညံ့ပြီးနီရဲနေတဲ့ ခြေဖဝါးလေးတွေနဲ့ မြက်ခင်းပြင်ပေါ်မှာ ဒီအတိုင်းပြေးလွှားနေတာ။ ဒီမြင်ကွင်းကိုကြည့်ရင်း ဖရန့်တစ်ယောက် သူ့ရင်ထဲမှာ ခံစားလာရတဲ့ ထူးခြားတဲ့ခံစားချက်ကြောင့် သူ့နှလုံးခုန်သံကိုယ်သူ ပြန်ကြားနေရတယ်။
ဘာကြောင့်မှန်းမသိပေမဲ့ ဒီမနက်ခင်းမှာ ပန်းသီးလေးက ပြီးပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်လိုဖြစ်နေတယ်။ နောက်တော့ သူမသိလိုက်ခင်မှာပဲ ပန်းသီးလေးရဲ့သီချင်းက ပြီးဆုံးသွားပြီး သူ့ကိုသခင်မျက်လုံးလို ကော့ညွှတ်နေတဲ့ မျက်တောင်တွေနဲ့ ပန်းသီးလေးက ကြည့်လိုက်တယ်။
တဒင်္ဂတိတ်ဆိတ်မှုက နှင်းတွေပျော်နေဆဲ မြက်ခင်းပြင်မှာ ဝင်ရောက်နေရာယူတယ်။ ဖရန့် ပန်းသီးလေးကို ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်။ ပန်းသီးလေးကတော့ သူ့ကိုဦးညွှတ်ပြလိုက်ပြီး ပုံမှန်အတိုင်း ဆက်လမ်းလျှောက်တယ်။ ကြံရာမရဖြစ်နေတဲ့ ဖရန့်လည်း နောက်ကလိုက်တာပေါ့။
ခနနေတော့ လိပ်နက်ရဲ့အသံကို ဖရန့်စကြားရတယ်။လိပ်နက်က သူဖြစ်နေတဲ့ ပုံစံကိုကြည့်ပြီး ရယ်မောလိုက်တယ်။ "ဟားဟားဟား... အဲဒါက သစ်တောအပျိုစင်တွေရဲ့ဒဏ္ဍာရီထဲက နွေဦးကိုကြိုဆိုတဲ့အကပဲ။ ထူးခြားလွန်းတဲ့အကမလို့ နတ်ဘုရားတွေတောင် နွေဦးတိုင်း ကောင်းကင်ဘုံကဆင်းပြီး လာကြည့်ကြရတယ်။"
ဖရန့်ကတော့ ခေါင်းကိုခါယမ်းလိုက်တယ်။ ပန်းသီးလေးက နဂိုကတည်းက လှပတဲ့မိန်းမပျိုတစ်ယောက်ပါ။ ဘာမပြောညာမပြောနဲ့ တေးလေးညည်းပြီး သူ့ရှေ့မှာ ကပြတာကြောင့် တစ်ခဏလောက် သတိလွတ်သွားရုံပါပဲ။ ဒါပေမဲ့ သူမကြုံစဖူး ပြုံးလိုက်မိတယ်။ အဲဒီတစ်ခဏမှာ သူကြုံနေတဲ့ အခက်အခဲတွေကို သူမေ့လိုက်နိုင်သလိုပဲ။ ဒါပေမဲ့ လိပ်နက်သူ့ကိုယ်ထဲမှာ ရှိနေသေးတာကိုတွေးမိတော့ ဖရန့်စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်မိတယ်။
လိပ်နက်က အစာဝနေချိန်မှာ သူ့ကိုကောင်းကောင်းဆက်ဆံပေမဲ့ ဆောလောင်လာချိန်ဆိုရင်တော့ သူအနားကလူတွေအတွက် အန္တရာယ်ရှိပါတယ်။ ဒီတော့ မိတ်ဆွေကောင်းတစ်ယောက်လို့ မြင်လို့မဖြစ်ဘူး။
သူတို့ဆက်လျှောက်လာကြရင်း တစ်နေရာရောက်တော့ ပန်းသီးလေးက လမ်းလျှောက်နေတာကို ရပ်လိုက်တယ်။ ဖရန့်လည်း နောက်ကလိုက်မီလာပြီး ရှေ့ကိုကြည့်လိုက်တော့ ထူးဆန်းစွာနဲ့ ဆိုက်ဘေးရီးယား တောအုပ်ထဲမှာ ရှိနေတဲ့ ရွာတစ်ရွာကိုတွေ့လိုက်ရတယ်။
"ဒီလောက်နက်တဲ့တောထဲမှာ ရွာတစ်ရွာနေတာ ဖြစ်နိုင်လို့လား။" လိပ်နက်က ပြောလိုက်တယ်။ ပန်းသီးလေးကလည်း ခေါင်းကိုခါယမ်းလိုက်လေရဲ့။
"ပန်းသီးလေး ဒီနေရာကို သဘောမကျဘူး။ အရာရာတိုင်း ပုပ်သိုးဆွေးမြေ့နေသလိုပဲ။" ပန်းသီးလေးစကားကိုကြားတော့ ဖရန့် မျက်မှောင်ကြုတ်လိုက်တယ်။ ပန်းသီးလေးက အန္တရာယ်ကို အာရုံခံတဲ့နေရာမှာ သိပ်တော်တဲ့သူပါ။ ဖရန့်ကို အသက်ဘေးကနေ အကြိမ်ကြိမ်ကယ်ခဲ့ဖူးတယ်။
"ဘာပဲဖြစ်ဖြစ် ငါကတော့ ဗိုက်ဆာနေပြီ၊ ရွာရှိရင် စားစရာရှိမှာပဲမဟုတ်လား။ ကောင်လေး၊ ရွာထဲသာဝင်။ မင်းဘာမှ ကြောက်စရာမလိုဘူး။"
လိပ်နက်က ဖရန့်ကို အားပေးလိုက်တယ်။ လိပ်နက်က အတော်လေးမာန်တက်နေတဲ့လေသံနဲ့ ပြောလိုက်တာပါ။ သူ့လိုမျိုး ကမ္ဘာ့အင်အားအကြီးဆုံး သက်ရှိတစ်ကောင်က ဘာကိုကြောက်ရမှာလဲ။
ဒါကြောင့် ဖရန့်လည်း ခေါင်းညိတ်လိုက်ပြီး ရွာဆီဆက်သွားတယ်။ ဖရန့်တစ်ယောက် နောက်ကလိုက်လာနေတဲ့ ရန်သူတွေဆီကနေ ပုန်းရှောင်ဖို့အတွက် လူသူမနီးတဲ့နေရာတွေကနေပဲ ခရီးနှင်နေခဲ့တာ ကြာပါပြီ။
ပန်းသီးလေးနဲ့အတူ အမဲလိုက်ပြီး စားစရာရှိတာစားရလို့ အာဟာရပြတ်မသွားပေမဲ့ နေ့တိုင်းအသားကင်တွေနဲ့ အသီးအနှံတွေကိုပဲ စားနေရတဲ့အတွက် ဖရန့်ငြီးငွေ့လှပြီ။ ဒါကြောင့် ရွာတစ်ရွာကို တောအလယ်မှာတွေ့တာ သိပ်မဆိုးဘူးဆိုရမယ်။
ဒါပေမဲ့ တစ်ချိန်လုံးပြုံးရွှင်နေခဲ့တဲ့ ပန်းသီးလေးကတော့ ရွာထဲစဝင်တာနဲ့ မျက်မှောင်ကြုတ်ထားပြီး မသိရင် ရွာကနေ ဖြစ်နိုင်သမျှဝေးဝေးရှောင်ပြေးချင်တဲ့အတိုင်းပဲ။
....
ဆိုက်ဘေးရီးယားလေထုထဲမှာ ပျံသန်းနေတဲ့ ကိုယ်ပျောက်သင်္ဘောပျံပေါ်မှာတော့ အယ်လိုဟင်က ထိန်းချုပ်ခန်းထဲကနေ ထွက်လာပြီး ခေါက်ကုတင်နဲ့မွေ့ရာပေါ်မှာ ဖက်လုံးလေးဖက်အိပ်နေတဲ့ ဖရာလီတာဆီ သွားလိုက်တယ်။
ဖရာလီတာက အားရပါးရအိပ်နေတာဖြစ်ပြီး ဖက်လုံးကိုတင်းတင်းဖက်ကာ ပါးစပ်နဲ့တောင် ဖက်လုံးအစွပ်ကို ကိုက်နေသေးတယ်။ အိပ်မက်ထဲမှာတော့ ဘာကိုကိုက်နေလဲ မသိပေမဲ့ပေါ့။
အယ်လိုဟင်က အပြစ်ကင်းစင်တဲ့ပုံစံနဲ့ အိပ်စက်နေတဲ့ သခင်မလေးကိုကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် ဖရာလီတာကို အသာလေးလှုပ်နှိုးလိုက်တယ်။
"သခင်မလေး၊ သခင်မလေး။ ကျွန်တော်တို့မော်နီတာမှာ ထူးဆန်းတာတစ်ခုတွေ့ထားတယ်။"
မကြာခင်မှာပဲ ဖရာလီတာနိုးလာပြီး ထိန်းချုပ်ခန်းထဲလိုက်ကြည့်တယ်။ ဒါပေမဲ့ လက်ထဲမှာတော့ ဖက်လုံးလေးကို ပွေ့ထားတုန်းပဲ။ အယ်လိုဟင်က ဖရာလီတာရှေ့ကနေလျှောက်ရင်း သူရှာတွေ့ထားတဲ့အရာကို ပုံကြီးချဲ့ပြလိုက်တယ်။
အတော်လေးကြည်လင်ပြတ်သားတဲ့ ဂြိုဟ်တုပုံရိပ်တစ်ခုဖြစ်ပြီး ဆိုက်ဘေးရီးယားဒေသ မြက်ခင်းပြင်တစ်နေရာမှာ ခရမ်းရောင်တောပန်းတွေ မြန်မြန်ဆန်ဆန်ပွင့်လန်းလာနေတာကို တွေ့ရပါတယ်။
"ဘာများလဲလို့၊ အခုက နွေဦးရာသီမလား။ ပန်းတွေအခုလိုပွင့်လာတာ ပုံမှန်ပဲမဟုတ်ဘူးလား။"
အိပ်ကောင်းချင်းအိပ်နေရာကနေ အနှောင့်ယှက်ခံလိုက်ရလို့ နည်းနည်းစိတ်အိုက်နေတဲ့ ဖရာလီတာက အထွန့်တက်လိုက်တယ်။ ဒါပေမဲ့ အယ်လိုဟင်က သဘောမတူဘဲ ခေါင်းခါတယ်။
"မဟုတ်သေးဘူး၊ မမလေး။ ပန်းတွေနွေဦးရာသီမှာ အများကြီးပွင့်တာမှန်ပေမဲ့ အဲဒီခရမ်းရောင်တောပန်းက Cry Violet တွေ။ ဥရောပမှာမျိုးတုန်းသွားတာ နှစ်ရာနဲ့ချီကြာပြီ။ ရုရှားမှာတောင် သိပ်မတွေ့ရတော့ဘူး။ ထူးခြားဖြစ်စဥ်ကြောင့်မဟုတ်ရင် ဒီလောက်အများကြီး ပွင့်မလာနိုင်ဘူး။"
ဖရာလီတာလည်း မျက်လုံးကို ကျယ်ကျယ်ဖွင့်လိုက်ပြီး အယ်လိုဟင်ကို မေးလိုက်တယ်။ "မျိုးသုန်းခါနီးပန်းတွေ အများကြီးပွင့်လာတယ်။ ဒါပေမဲ့ ဂြိုဟ်တုပုံရိပ်နဲ့ နင်အဲဒီပန်းအမျိုးအစားကို ခန့်မှန်းနိုင်လို့လား။"
နည်းပညာတွေက တိုးတက်လာပြီဆိုပေမဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ ပန်းအမျိုးအစားကို ခန့်မှန်းတာကတော့ မဖြစ်နိုင်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ အယ်လိုဟင်က ခေါင်းခါပြလိုက်ပြီး သင်္ဘောကနေတစ်ဆင့် ရိုက်ယူထားတဲ့ သာမန်ဓာတ်ပုံတွေကိုပါ ပြလိုက်တယ်။
"တကယ်တော့ အဲဒီဧရာမCry Violetပန်းခင်းကြီးက ကျွန်တော်တို့သင်္ဘောရှိတဲ့နေရာကိုပါ ဖြတ်သွားပြီးပြီ။ ဒါက သင်္ဘောပေါ်ကနေရိုက်ထားတဲ့ပုံတွေ။ အနီးကပ်ချဲ့ကြည့်တော့ လုံးဝCry Violetအစစ်တွေ။"
ဖရာလီတာက ဓာတ်ပုံတွေကို ကိုယ်တိုင်ယူကြည့်ပြီး မျက်မှောင်ကြုတ်ထားလိုက်တယ်။ အဲဒီနောက် လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ ကြည့်ရတာ သူအကြံတစ်ခုရသွားပုံပဲ။
"အယ်လိုဟင်၊ သင်္ဘောအပြင်ထွက်ပြီး ကိုယ့်သဘောနဲ့ကိုယ် လိုက်ရှာနေတဲ့အုပ်စုတွေကို ပြန်လာခိုင်းလိုက်တော့။ ငါတို့တစ်ခုခုကို ခြေရာခံမိပြီထင်တယ်။ ပြီးတော့ ဒီလောက်လွယ်လိမ့်မယ် ထင်မထားမိဘူး။"
"မမလေး၊ သေချာရဲ့လား။"
ဖရာလီတာက အယ်လိုဟင်ကို ခေါင်းညိတ်ပြီးရှင်းပြတယ်။ "ဖရန့်ရဲ့ဆင့်ခေါ်ကောင်တစ်ကောင်က အဲဒီလိုလုပ်နိုင်စွမ်းရှိတယ်။ လိပ်နက်ရဲ့တည်နေရာကို ငါတို့မသိသေးပေမဲ့ အကြာကြီးပျောက်နေတဲ့ဖရန့်က ဒီမှာဆိုတော့ သူ့နောက်လိုက်ကြည့်ဖို့ ထိုက်တန်တယ်မဟုတ်လား။"
မကြာခင်မှာပဲ အာကိုင်းဂါမီ၊ ဥစာကီနဲ့ တခြားသူတွေ သင်္ဘောပျံပေါ် ပြန်ရောက်လာကြပြီး ဂြိုဟ်တုဓာတ်ပုံတွေအရ ပန်းတွေစပွင့်တဲ့နေရာကို သူတို့သွားဖို့ ပြင်ဆင်ကြတယ်။ သူတို့သတိမထားမိတာတစ်ခုက သိမ်းငှက်တစ်ကောင်ဟာ ကိုယ်ပျောက်သင်္ဘောပျံနားမှာ ပျံသန်းနေရင်း သူတို့ကို စောင့်ကြည့်နေတယ်ဆိုတာပါပဲ။
သိမ်းငှက်တွေက ခရမ်းလွန်းရောင်ခြည်ကို မြင်နိုင်တာကြောင့် သာမန်လူတွေမမြင်နိုင်တဲ့ နယ်ဆင်သင်္ဘောပျံကို ထူးဆန်းစွာမြင်နိုင်ကြပြီး၊ လူအတင်အချပြုလုပ်နေချိန်မှာဆိုရင် ပိုလို့တောင် သတိထားမိဖို့ လွယ်နေပါသေးတယ်။
....
ယာယီတည်ဆောက်ထားတဲ့ ရွက်ဖျင်တဲထဲမှာတော့ စစ်ပွဲနှင်းဆီက မျက်လုံးဖွင့်လိုက်ပြီး ဘေးမှာရှိနေတဲ့ အတွင်းရေးမှူးမလေးဂွမ်ကို ကြည့်လိုက်တယ်။ အဲဒီနောက် ခပ်ရိုးရိုးအမိန့်တစ်ခုပဲ ပေးလိုက်ပါတယ်။
"လောလောလတ်လတ် S rankရောက်ထားတဲ့ လူတွေမှန်သမျှကို အမိန့်ပေးတဲထဲခေါ်လိုက်။ ငါတို့သူတို့ကို ရှာတွေ့ပြီ။"
မကြာခင်မှာပဲ ကြေးစားစစ်တပ်ရဲ့အဖွဲ့ဝင်လေးယောက် အခန်းထဲဝင်လာတယ်။ အဖွဲ့ဝင်လေးယောက်ထဲမှာ ရင်းနှီးနေတဲ့ လူတချို့လည်းပါနေပါတယ်။ ပထမဆုံးအနေနဲ့ အိုရှန်နီယာအမွှာတွေက မပါမဖြစ်ဖြစ်ပြီး သူတို့က ကြေးစားစစ်တပ်ကပြန်ထုတ်ဖော်ထားတဲ့ ဖာရာဒေးလ်ဆေးကို ပထမဆုံးစမ်းသပ်ခွင့်ရသူတွေပါ။
လီရာနဲ့လီနာက အခုဆိုရင် ပိုအစွမ်းထက်နေပြီဖြစ်ပြီးတော့ ကြေးစားစစ်တပ်ရဲ့အကြီးမားဆုံး လျှို့ဝှက်လက်နက်တွေဖြစ်လာပါပြီ။ သူတို့နှစ်ယောက်ရဲ့ရေစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းက အတော်ကောင်းမွန်ပြီး အဖျက်စွမ်းအားရော ခုခံနိုင်စွမ်းမှာပါ ကောင်းမွန်ပါတယ်။
တခြားနှစ်ယောက်က ထင်မှတ်မထားတဲ့လူတွေဖြစ်ပြီး ဆုဗာနာကို ကျူးကျော်တုန်းက ပါဝင်ခဲ့တဲ့ စီစီလီယာနဲ့ကားလ်တို့ပါ။ စီစီလီယာက ဧရာမယပ်တောင်ကြီးကို အသုံးချပြီး ကားလ်ကတော့ နည်းပညာဖဲချပ်တွေကို အသုံးပြုပါတယ်။
စစ်ပွဲနှင်းဆီက ကြေးစားစစ်တပ်ရဲ့S rank အသစ်တွေကိုကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ "အခုငါတို့သိမ်းပိုက်ထားတဲ့ အရှေ့ရုရှားနယ်မြေထဲမှာ ငြိမ်းချမ်းရေးမဟာမိတ်ကလူတွေ ခြေရှုပ်နေတာ မင်းတို့သတိထားမိမှာပါ။"
ရုရှားနိုင်ငံရဲ့ဆိုက်ဘေးရီးယားဒေသက ရုရှားနိုင်ငံတစ်ခုလုံးရဲ့ကုန်းမြေ ၆၀ ရာခိုင်နှုန်းရှိပါတယ်။ လက်ရှိကြေးစားစစ်တပ်နဲ့မော့စကိုအစည်းအရုံးက ဆိုက်ဘေးရီးယားဒေသကြီးတစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။
နဂိုဖက်ဒရေးရှင်းအစိုးရကတော့ အနောက်ဘက်ဒေသက ပိုမိုကြွယ်ဝတဲ့နယ်မြေတွေကို ထိန်းချုပ်ထားပေမဲ့ အများအမြင်မှာတော့ မြူတန့်မဟာမိတ်က သာလွန်နေသယောင် ထင်ရပါတယ်။ စစ်ပွဲနှင်းဆီက သူ့ရဲ့အဆင့်တိုးမြှင့်ခံ စစ်သူရဲတွေကို ကြည့်ပြီးဆက်ပြောတယ်။
"ငြိမ်းချမ်းရေးမဟာမိတ်က ငါတို့ထက်အရင် ဘုံရန်သူဖြစ်နေတဲ့ လိပ်နက်ကိုသတ်မယ်လို့ ကြွေးကြော်ထားတယ်။ တကယ်လို့ သူတို့တကယ်လုပ်နိုင်သွားရင် ငါတို့ကိုင်ဆောင်ထားတဲ့ ဩဇာအာဏာလွှမ်းမိုးမှုက သူတို့လက်ထဲ ရောက်သွားလိမ့်မယ်။"
ကားလ်နဲ့စီစီလီယာတို့က အခြေအနေကိုနားလည်ကြောင်း ပြတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ကြတယ်။ စစ်ပွဲနှင်းဆီက သူတို့တစ်ယောက်ချင်းစီကိုကြည့်ပြီး မှာစရာရှိတာ ဆက်မှာပါတယ်။
"လီရာနဲ့လီနာက ငါတို့အဖွဲ့အစည်းတစ်ခုလုံးမှာ ငါပြီးရင် အင်အားအကြီးဆုံးဖြစ်တည်မှုပဲ။ ဒါပေမဲ့ သူတို့မှာ အတွေ့အကြုံမရှိတော့ ဒီစစ်ဆင်ရေးမှာ နင်တို့နှစ်ယောက်က သူတို့ကိုလမ်းပြပေးဖို့ တာဝန်ရှိတယ်။"
အဲဒီနောက် စစ်ပွဲနှင်းဆီက စီစီလီယာကိုကြည့်လိုက်တယ်။ "စီစီလီယာ၊ နင်ကတော့ လီရာနဲ့လီနာပြီးရင် အားအကောင်းဆုံးတိုက်စစ်စွမ်းအားရှိတယ်။ ဒါပေမဲ့တိုက်ပွဲတစ်ပွဲမှာ ခွန်အားကပဲ အဆုံးအဖြတ်ပေးနိုင်တာမဟုတ်ဘူး။"
စစ်ပွဲနှင်းဆီက စကားကိုအဆုံးသတ်ပြီး ကားလ်ကိုကြည့်ကာ အသိအမှတ်ပြုတဲ့အနေနဲ့ အသာအယာ ခေါင်းကိုညိတ်ပြတယ်။ "ကားလ်ကတော့ နင်တို့ထဲမှာ အားအနည်းဆုံးဖြစ်ပေမဲ့ စစ်ဗျူဟာအကျွမ်းကျင်ဆုံးမလို့ သူ့ကိုအခုစစ်ဆေးရေးရဲ့ခေါင်းဆောင်အဖြစ် ခန့်လိုက်မယ်။"
ကားလ်က အခုလိုအသိအမှတ်ပြုခံရတာကို ဝမ်းသာအားရစွာနဲ့ ခုန်ကနေထလိုက်ပြီး စစ်ပွဲနှင်းဆီကို အလေးပြုလိုက်တယ်။ "ခေါင်းဆောင်က ဉာဏ်ကြီးပါပေတယ်။"
ဒါပေမဲ့ စီစီလီယာကတော့ ကားလ်ကို မကြည်ကြည့်ကြည့်လိုက်တယ်။ သူ့ထက်အင်အားနည်းတဲ့သူက သူ့ကိုဦးဆောင်မှာမလို့ သိပ်ပြီးစိတ်ထဲ ဘဝင်မကျပါဘူး။ ဒါပေမဲ့ စစ်ပွဲနှင်းဆီက ဒီနေရာမှာ အကြွင်းမဲ့အာဏာပိုင်မလို့ ဘာမှမပြောရဲပါဘူး။
"နင်တို့နှစ်ယောက် ဆုဗာနာကို အတူကျူးကျော်ပြီး ကျရှူံးခဲ့တာကိုလည်း ငါသိတယ်။ အချင်းချင်းသိပ်အဆင်မပြေဘူးဆိုတာလည်း ငါသိတယ်။ ဒါပေမဲ့ တစ်ဖွဲ့တည်းသားတွေမလို့ အရေးကြီးတာကို ဦးစားပေးနိုင်လိမ့်မယ်လို့ ငါယုံတယ်။ မဟာမိတ် S rank နှစ်ယောက်နဲ့ပူးပေါင်းပြီး အကောင်းဆုံးလုပ်ခဲ့ကြ။"
"အမိန့်အတိုင်းပါ။" စစ်ပွဲနှင်းဆီရဲ့စကားဆုံးတော့ သူတို့လေးယောက်လုံး ထိုင်ရာကနေ ထလိုက်ပြီး စစ်ပွဲနှင်းဆီကို ဦးညွှတ်ကြတယ်။ နောက်တော့ သူတို့လေးယောက် အခန်းထဲကနေ ထွက်သွားကြတယ်။
အခန်းထဲမှာကျန်နေခဲ့တဲ့ ဂွမ်နဲ့စစ်ပွဲနှင်းဆီကတော့ အသစ်ဆက်ဆက် S rank တွေရဲ့အကြောင်းကို ဆွေးနွေးဖို့ ကျန်နေရစ်တယ်။
"ခေါင်းဆောင်၊ ဘာလို့ကားလ်နဲ့စီစီလီယာလို့ အဖွဲ့ထဲက အဆင့်နိမ့်အရာရှိတွေကို ပထမဆုံး ဖာရာဒေးလ်
ဆေးအသုံးပြုသူတွေအဖြစ် ရွေးလိုက်တာလဲ။"
ဂွမ်ရဲ့မေးခွန်းကြောင့် စစ်ပွဲနှင်းဆီက ခပ်ဟဟရယ်လိုက်တယ်။ နောက်တော့ "မရှင်းဘူးလား ဂွမ်၊ ငါတို့ဆေးက မြူတန့်သိပ္ပံဖော်မြူလာအတိုင်း အတိအကျမဟုတ်တော့ မသိနိုင်တဲ့ ဆိုးကျိုးတွေရှိနိုင်တယ်။ စီနီယာအရာရှိတွေက အထာနပ်ကျတော့ ဆေးကိုသုံးချင်ပေမဲ့ ပထမဆုံးသုံးတဲ့သူတွေတော့ မဖြစ်ချင်ကြဘူးမဟုတ်လား။"
ဂွမ်ကလည်း ခေါင်းညိတ်လိုက်တယ်။ "ဆေးမှာဆိုးကျိုးရှိနေရင်လည်း နိုင်ငံငယ်လေးတစ်ခုကိုတောင် မသိမ်းနိုင်တဲ့ အဖြစ်မရှိတဲ့နှစ်ယောက်ပဲသေမှာဆိုတော့ စိုးရိမ်စရာမရှိဘူးမဟုတ်လား။"
...
ကြေးစားစစ်တပ်ရဲ့S rankလေးယောက်က ရွက်ဖျင်တဲထဲကနေ ထွက်လာပြီးနောက် ရဟတ်ယာဥ်တွေရပ်ထားတဲ့ နေရာဆီကို ဦးတည်သွားတယ်။ စစ်စခန်းရဲ့ နေရာတိုင်းမှာ ပလာဒင်ချပ်ဝတ်စစ်သည်တွေကို တွေ့နိုင်ပြီး ဒီနေရာက ရုရှားစစ်မြေပြင်ရဲ့အဓိက နောက်တန်းစခန်းတစ်ခုပါ။
သူတို့စီးရမယ့် ရဟတ်ယာဥ်ဆီ သွားနေကြတုန်း စီစီလီယာက ကားလ်ကိုကြည့်ပြီး ပြောလိုက်တယ်။ "ရှင့်ကို မစ်ရှင်ခေါင်းဆောင်အဖြစ်ခန့်လိုက်လို့ ကျွန်မကို အမိန့်ပေးလို့ရမယ်ထင်နေရင်တော့ မှားသွားလိမ့်မယ်နော်၊ ကားလ်။"
ကားလ်ကလည်း သက်ပြင်းချလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်တယ်။ ဆုဗာနာစစ်ပွဲပြီးကတည်းက စီစီလီယာကို သူသဘောမကျတော့ပါဘူး။ ဒီမိန်းမက အကျိုးအမြတ်ကို သူများထက်ပိုလိုချင်ပေမဲ့ ပြေးရင်ရှေ့ဆုံးက ပြေးတဲ့ဟာမပါ။ နည်းနည်းလေးမှ အားကိုးရတဲ့သူမဟုတ်ဘူး။ ဒါကြောင့် သူပြောလိုက်တယ်။
"အခုက ငါတို့တွေရဲ့ဒုတိယအခွင့်အရေးလို့ ပြောလို့ရတယ်။ ပုံမှန်ဆိုရင် စစ်ဆင်ရေးကျဆုံးရင် ဘယ်လိုအပြစ်ပေးခံရလဲ နင်သိလား။"
ကားလ်က တစ်နေရာကို လက်ညိုးညွန်ပြလိုက်ပါတယ်။ အဲဒီနေရာမှာ အပြစ်လုပ်မိတဲ့ စစ်သားတွေကို ခေါင်းဖြတ်ဖို့အတွက် ပြင်သစ်ခေါင်းဖြတ်စက်တစ်ခုထားထားတာ သူတို့မြင်နိုင်တယ်။ နှင်းတွေပျော်စပြုနေတဲ့ ကြမ်းပြင်မှာလည်း သွေးတွေနဲ့နီရဲနေပြီး သွေးညှီစော်နဲ့အသားပုပ်နံတွေက မခံနိုင်လောက်အောင်ကို ပြင်းထန်နေပါတယ်။
နောက်တော့ ကားလ်က ဆက်ပြောတယ်။ "ငါကျိန်ရဲတယ်၊ ဒီတစ်ခါ ငါတို့ကျရှုံးရင် ငါတို့လည်ပင်းပေါ်မှာဘာမှရှိနေတော့မှာမဟုတ်ဘူး။ ဒီတော့ မသေချင်ရင် ငါနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ မမေ့နဲ့။"
အဲဒီနောက် သူတို့နှစ်ယောက်က ရဟတ်ယာဥ်ပေါ်တက်လိုက်တယ်။ ရဟတ်ယာဥ်က စက်မောင်းထားပြီးသားဖြစ်ပြီး ပန်ကာတွေလည်ပတ်နေပြီမလို့ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ဆူညံ့နေပါတယ်။
စကားပြောဖို့ကောင်းတဲ့ အခြေအနေတစ်ခုမဟုတ်တော့ဘူး။ ကားလ်နဲ့စီစီလီယာတို့ ရဟတ်ယာဥ်ပေါ်တက်ပြီးနောက် လီရာနဲ့လီနာတို့လည်း ရဟတ်ယာဥ်ပေါ် လိုက်တက်တယ်။
ယာဥ်ပေါ်မှာ သူတို့အပြင် တခြားနှစ်ယောက်လဲရှိနေသေးတယ်။ တစ်ယောက်က မော်စကိုအစည်းအရုံး ဒီမီထရီမိသားစုရဲ့ဝံပုလွေလက်သည်းဖြစ်ပြီး တခြားတစ်ယောက်ကတော့ အရိပ်အဖွဲ့ခေါင်းဆောင် အရိပ်သခင်ပါ။ သူတို့နှစ်ယောက်က လိပ်နက်ကို အမဲလိုက်ဖို့ကြိုးစားဖူးသူတွေဖြစ်ပြီး တကယ်လည်းရင်ဆိုင်ဖူးသူတွေပါ။ ဒါကြောင့် အခုမစ်ရှင်မှာလည်း သူတို့ပြန်ပါပြီး ကြေးစားစစ်တပ်ရဲ့S rankတွေကို ကူညီပေးဖို့တာဝန်ရှိနေပါတယ်။