← Chapters

-

Vol. 6 Ch. 17

-

Vol. 6 Ch. 17

ဖရန့်ရွာထဲကို ဝင်လိုက်ပေမဲ့ လူရိပ်လုံးဝမတွေ့ရဘူး။ ရွာထဲမှာ လူတစ်ယောက်မှကိုမရှိတာ။ ပန်းသီးလေးကတော့ တစ်ခုခုကို စိုးရိမ်နေဟန်နဲ့ နေရာတိုင်းကို သတိထားပြီးကြည့်နေတယ်။

ဖရန့်အိမ်တစ်လုံးရှေ့ကိုသွားပြီး တံခါးကိုထိကြည့်လိုက်တော့ တံခါးက အလွယ်တကူပွင့်သွားတယ်။ သော့ခတ်မထားဘူး။ ဖရန့် သတိရှိရှိနဲ့ အိမ်ထဲကိုဝင်လိုက်တယ်။ ပန်းသီးလေးက သူ့နောက်က ကပ်ပါလာတယ်။

"ထူးဆန်းလိုက်တာ၊ စွန့်ပစ်ထားတဲ့ ရွာဆိုရင်လည်း ဘာဖြစ်လို့ ဒီမှာရှိတဲ့ အရာရာတိုင်းက သစ်လွင်နေရတာလဲ။" အခြေအနေက ပန်းသီးလေးပြောတဲ့ ပုပ်သိုးနေတယ်ဆိုတဲ့ စကားနဲ့လုံးဝဆန့်ကျင်ဘက်ပဲ။

ဖရန့်ပန်းသီးလေးကို ကြည့်လိုက်တော့ ပန်းသီးလေးက ခေါင်းခါပြတယ်။ "ကျွန်မ အဲဒီလိုမျိုးအာရုံရခဲ့တာပဲ။"လို့ ပြန်တုံ့ပြန်တယ်။

အိမ်ထဲမှာ ဆက်ပြီးရှာဖွေနေရင်း ဖရန့် မီးခိုးခေါင်းတိုင်နဲ့တွဲထားတဲ့ ထင်းမီးဖိုနားကို ရောက်သွားတယ်။ မီးဖိုထဲကပြာတွေကို ဖရန့်လက်နဲ့ထိကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။

"မီးဖိုထဲက ပြာတွေက နွေးနေတုန်းပဲ။ ဆိုလိုတာက ညတုန်းက ရွာထဲကလူတွေ မီးဖိုကိုသုံးခဲ့ကြသေးတယ်။"

တစ်အိမ်လုံးကို ပတ်ကြည့်ပြီးတဲ့နောက် ဖရန့်ကောက်ချက်ဆွဲလိုက်တယ်။ ရွာထဲကလူတွေ ပျောက်သွားတာ နာရီအနည်းငယ်ပဲရှိသေးတယ်။ ပြီးတော့ တိုက်ပွဲဖြစ်သလိုမျိုး ရုန်းရင်းဆန်ခတ်အခြေအနေမရှိတဲ့အတွက် ဖရန့်ကိုယ်ထဲက လိပ်နက်လိုမျိုးရန်သူက သူတို့ကိုစားသွားတာမျိုးလည်း မဖြစ်နိုင်ဘူး။

"ထူးဆန်းတယ်မထင်ဘူးလား၊ ဒီကလူတိုင်း လေထဲမှာတင် ပျောက်သွားသလိုမျိုးလေ။" ဖရန့်ခေါင်းခါလိုက်တယ်။ ရှေးကျတဲ့သားရဲကြီး လိပ်နက်တောင်မှ ဒီအခြေအနေကို အဖြေပေးနိုင်မယ့်ပုံမပေါ်ဘူး။

"ရွာထဲ လိုက်ပတ်ကြည့်ရအောင်။" ဖရန့်က ပန်းသီးလေးလက်ကိုဆွဲရင်း အိမ်ထဲကနေ ထွက်လိုက်တယ်။

ဝှစ်...

ဒါပေမဲ့ ထွက်ထွက်ချင်းမှပဲ အစိမ်းရောင်ဆူးတချို့ပျံသန်းလာတဲ့အတွက် ပန်းသီးလေးက ဖရန့်ရှေ့ကိုထွက်ပြီး သစ်မြစ်တွေနဲ့ဒိုင်းတစ်ခုဖန်ဆင်းကာ ဖရန့်ကို ကာကွယ်ပေးလိုက်တယ်။

"ရန်သူလား...." ဖရန့်လည်း ပန်းသီးလေးနောက်မှာ ဝင်ပုန်းလိုက်ရင်း ပန်းသီးလေးကို မေးလိုက်တယ်။ သူကိုယ်တိုင် တိုက်ခိုက်ဖို့အသင့်မဖြစ်သေးဘူး။ ပန်းသီးလေးက ဖရန့်ကိုအတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပြီး..

"အဲဒါကြောင့် ဒီနေရာမှာ သစ်ပုပ်နံရနေတာ မထူးဆန်းဘူးပဲ။" ပန်းသီးလေးစကား မဆုံးခင်မှာပဲ ကောင်းကင်ပေါ်ကနေ အစိမ်းရောင်လူရိပ်တစ်ခု ဆင်းသက်လာတယ်။

ဖရန့်က အဲဒီလူရိပ်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ နတ်သမီးထောင်ချောက်ပန်းပွင့်ကို အတောင်ပံအဖြစ် အသုံးပြုနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဟီးရိုးဟောင်းတစ်ယောက်အနေနဲ့ ဒီမိန်းကလေးကို ဖရန့်အတော်ရင်းနှီးပါတယ်။

"ဗီးနပ်စ်၊ ဒီကလူတွေပျောက်သွားတာ နင့်လက်ချက်လား။" ဖရန့်က မေးလိုက်တယ်။ သူ့ခန္ဓာကိုယ်က ကြွက်သားတွေ ရုတ်တရက်တင်းသွားပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်သွားတယ်။

ဗီးနပ်စ်ကလည်း ဖရန့်ရဲ့စကားကြောင့် မျက်စိကိုမှေးလိုက်ပြီး လက်ကိုပိုက်ကာ ပြန်ဖြေလိုက်တယ်။ "နင်က ငါ့ကိုရွာလုံးကျွတ်သတ်တဲ့တရားခံလို့ ပြောချင်တာလား။ ပြောစမ်းပါဦး၊ ဒီရွာနားမှာ ငါ့ရဲ့အစွမ်းအရိပ်အယောင်တောင် တွေ့မိလို့လား။".

အိမ်ထဲမှာ တွေ့ခဲ့ရတဲ့မြင်ကွင်းကို ဖရန့်ပြန်စဥ်းစားတယ်။ ဗီးနပ်စ်သာ ဒီရွာကိုသတ်တဲ့တရားခံဆိုရင် ရွာတစ်ခုလုံးကို အသားစားပန်းတွေနဲ့ ဖုံးနေလိမ့်မယ်။

"ပန်းသီးလေး၊ သူမဟုတ်ဘူးလို့ ငါယုံတယ်။ အဲဒါက ပိုနူးညံ့ပြီး သေစေနိုင်တဲ့အရာတစ်ခုဖြစ်လိမ့်မယ်။"

ဖရန့်က ရထားတဲ့အချက်အလက်တွေကိုသုံးပြီး ပန်းသီးလေးရဲ့ပခုံးကို ဆုပ်ကိုင်ကာ တားဆီးလိုက်တယ်။ ဗီးနပ်စ်က ဗီလိန်တစ်ယောက်ဖြစ်တယ်ဆိုပေမဲ့ ဖရန့်က မလိုအပ်ဘဲ မတိုက်ခိုက်ချင်ပါဘူး။ ဗီးနပ်စ်က S rank တစ်ယောက်ဖြစ်ပြီး သူတို့တိုက်ခိုက်မယ်ဆိုရင် ရုရှားစစ်မြေပြင်မှာ သူတို့ရှိနေတဲ့နေရာကို လူတွေသိအောင် အသိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။

ဒါပေမဲ့ ဗီးနပ်စ်ကတော့ နားရွက်တပ်ချိတ်အောင် ပြုံးလိုက်ပြီး "နင်ငါ့ကို မတိုက်ချင်ဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါကတော့ နင့်ရဲ့လျှို့ဝှက်ချက်ကြီးကိုသိထားတာဆိုတော့..."

"ကောင်လေး၊ ပြေး။" လိပ်နက်က ဖရန့်ကို သတိပေးလိုက်တယ်။ ရုတ်တရက် ဖရန့်နဲ့ပန်းသီးလေးရပ်နေတဲ့ မြေကြီးတွေက မြင့်တက်လာပြီး အဆူးအပြည့်နဲ့ ပါးစပ်ကြီးတစ်ခုက မြေစိုင်မြေခဲတွေကြားကနေ ထွက်ပေါ်လာတယ်။

ပန်းသီးလေးက ချက်ချင်းပဲ ဖရန့်ကိုယ်လုံးကို နွယ်တွေနဲ့ပတ်ပြီး အိမ်ခေါင်မိုးပေါ် ခုန်တက်လိုက်တယ်။ အဲဒီနောက် မြေပြင်ကို ငုံကြည့်ပြီး ဗီးနပ်စ်ကိုကျိန်ဆဲလိုက်တယ်။

"ညစ်ပတ်ပြီး နံစော်နေတဲ့ စုန်းမ၊ သစ်တောတွေရဲ့အဖျက်ကောင်မ။" ပန်းသီးလေးက ဗီးနပ်စ်ကိုမကြိုက်မှန်း ဖရန့်သိတယ်။ ဗီးနပ်စ်က မှိုတွေနဲ့အသားစားပန်းတွေကို အသုံးပြုပြီး ပန်းသီးလေးရဲ့စွမ်းအားနဲ့ လုံးဝဆန့်ကျင်ဘက်ပါ။

ဗီးနပ်စ်ကတော့ ပန်းသီးလေးရဲ့စကားကို လစ်လျူရှုပြီး ရယ်မောလိုက်တယ်။ အဲဒီနောက် ဖရန့်ကိုကြည့်လိုက်ပြီး အဓိပ္ပါယ်ပါပါပြုံးလိုက်တယ်။ အဲဒီနောက် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဖရန့်ကို လက်ညိုးထိုးလိုက်ပါတယ်။

"ဖရန့် ဘန်၊ ဗျူရိုး၊ ဂျာမဏီရဲ့A rank ဟီးရိုးအထူးအေးဂျင့်။ ဒါပေမဲ့ နင်က ဟီးရိုးဆိုတဲ့ဂုဏ်ပုဒ်ကို အရေခြုံပြီး ကိုယ်ပိုင်စွမ်းအားတိုးတက်လာဖို့အတွက် ငါ့လိုမျိုးပဲ ဒီမှာမကောင်းတာတွေလာလုပ်နေတာမဟုတ်လား။"

ဖရန့်က ဗီးနပ်စ်ပြောချင်တဲ့စကားကို နားမလည်ဘူး။ ဒါပေမဲ့ ဗီးနပ်စ်က သူ့ကိုတကယ်တိုက်ခိုက်ချင်နေပုံပေါ်ပြီး ဗီးနပ်စ်ကိုအမှီပြုကာ ယင်စားနွယ်ပင်တွေက အလျင်အမြန်ကြီးထွားလာနေတယ်။

"နင် ဆိုးလ်မှာ နင့်မိတ်ဆွေကိုသတ်ခဲ့တယ်၊ ဆေးရုံတစ်ခုလုံးကိုပါ သတ်ဖြတ်ပစ်ခဲ့သေးတယ်။ ရုရှားကို ထွက်ပြေးလာတော့လည်း မြို့တစ်မြို့လုံးကို သတ်ခဲ့သေးတယ်။ ဒါကြောင့် ဒီရွာကိုသတ်ခဲ့တာလဲ နင်ပဲဖြစ်ရမယ်။"

ဗီးနပ်စ်ရဲ့စွပ်စွဲမှုက သိပ်ကြီးလွန်းတယ်။ ဒါပေမဲ့ ဖရန့်မငြင်းနိုင်ဘူး။ ဗီးနပ်စ်ရဲ့စွပ်စွဲမှုအများစုက အမှန်တွေဖြစ်နေလို့ပါ။

ယင်စားနွယ်ပင်တွေက ဗီးနပ်စ်ရဲ့ခါးနဲ့စပ်မိသွားပြီး အမြီးတွေလိုဖြစ်သွားတယ်။ နွယ်လက်တံတစ်ဒါဇင်လောက်က ဗီးနပ်စ်ရဲ့ကျောကနေ ထွက်ပေါ်နေပြီး ထူးဆန်းကာ ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်ပေါ်လာပါတယ်။

"ပြီးတော့ ရုရှားအစိုးရနဲ့ကြေးစားစစ်တပ်အပါအဝင် အဖွဲ့တိုင်းက နင့်ကိုသေစေချင်နေကြတာ။ နင်က ငါ့ပစ်မှတ်ပဲ။ နင်သေရင် ငါဆုကြေးရလိမ့်မယ်။"

"အားဟားဟားဟား...." ဗီးနပ်စ်က အရူးတစ်ယောက်လို အော်ဟစ်ရင်း ဖရန့်ရပ်နေတဲ့ အိမ်ခေါင်မိုးပေါ်ကို ခုန်တက်လာတယ်။ ဖရန့်လည်း ပန်းသီးလေးဆီ လက်ကိုဆန့်ထုတ်လိုက်ပြီး အော်ဟစ်လိုက်တယ်။

"အတူတိုက်ကြစို့။" ပန်းသီးလေးက ခေါင်းညိတ်ပြလိုက်ပြီး သစ်နွယ်တွေအဖြစ် ချက်ချင်းပြောင်းသွားတယ်။ တချို့သစ်နွယ်တွေက ဖရန့်ကိုယ်ကိုချပ်ဝတ်အဖြစ် ပေါင်းစပ်သွားပြီး တချို့ကတော့ သစ်သားတောင်ဝှေးအဖြစ် ပြောင်းလဲသွားတယ်။ နဂိုတည်းက ဖရန့်ဟာ သူ့စွမ်းအားကို ထုတ်ဖော်ပြီးသားဖြစ်လို့ ဗီးနပ်စ်ကိုရင်ဆိုင်ဖို့အသင့်ပဲ။

ဖရန့်တိုက်ခိုက်ဖို့ အသင့်ဖြစ်တဲ့အချိန်မှာတော့ ဗီးနပ်စ်က ဖရန့်ရှေ့ကို ရောက်နေပြီဖြစ်ပြီး နွယ်လက်တံတွေက ဖရန့်အပေါ်ကို ကျဆင်းလာနေပါပြီ။

"သေလိုက်တော့..." ဖရန့်ကလည်း သူ့အပေါ်ကျဆင်းလာနေတဲ့ နွယ်လက်တံတွေကိုကြည့်ပြီး တောင်ဝှေးကို ကျွမ်းကျင်စွာဝေ့ယမ်းလိုက်တယ်။

ဝီ... ဝီ... ဝီ....

တောင်ဝှေးလည်ပတ်သံက လူသူကင်းရှင်းနေတဲ့ ရွာလေးထဲမှာ ကျယ်လောင်စွာထွက်ပေါ်လာပြီး ယင်ဖမ်းလက်တံတွေကို ဖျက်ဆီးပစ်လိုက်တယ်။

ဗီးနပ်စ်ကတော့ အထိအခိုက်မရှိဘဲရှိနေသေးပြီး လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ ဖရန့်ရပ်နေတဲ့ အိမ်ခေါင်မိုးက ရုတ်တရက်ကျွံကျသွားပြီး ရေခရားနွယ်ကြီးတစ်ခု မြင့်တက်လာကာ ဖရန့်ကိုဖမ်းစီးမျိုချဖို့ ကြိုးစားလိုက်တယ်။

"ရမလား...."

ဒါပေမဲ့ ဖရန့်ကလည်း ခရားနွယ်ပင်ကြီးကို တောင်ဝှေးနဲ့ ရိုက်ထုတ်လိုက်တယ်။ အဲဒီနောက် တန်ပြန်ကန်အားကို အမှီပြုပြီး တခြားအိမ်ခေါင်မိုးပေါ် ပြောင်းတက်လိုက်တယ်။ ဗီးနပ်စ်ကလည်း ဖရန့်ရဲ့မြင့်မားလှတဲ့ စွမ်းအားကိုကြည့်ပြီး ရယ်မောလိုက်ပါတယ်။

"ဟားဟား... မြို့တစ်ခုလုံးကို သတ်နိုင်တဲ့သူက ဒီလောက်တော့ ရှိရမှာပေါ့။ ဒါပေမဲ့ နင့်ကိုယ်နင် လိပ်နက်အဖြစ် မပြောင်းသေးဘဲ ဘာလို့ငါ့ကို အဲဒီကောင်မလေးစွမ်းအားနဲ့ ရင်ဆိုင်နေတာလဲ။ ငါ့ကိုအထင်သေးတဲ့သဘောလား။"

ရုတ်တရက် ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်က ကြီးထွားလာပြီး နောက်ထပ်ခေါင်းနှစ်လုံးထပ်ပေါက်လာတယ်။ အဲဒီနောက် လက်အသစ်တွေပါ ထပ်ထွက်လာပြီး အဲဒီလက်တွေက နဂိုခန္ဓာကိုယ်ကို သုံးပိုင်းဆွဲဖြဲပစ်လိုက်တယ်။ မကြာခင်မှာပဲ အပိုင်းအစတွေကပါ ဗီးနပ်စ်အသစ်တွေဖြစ်သွားပြီး ဗီးနပ်စ်သုံးယောက်က ဖရန့်ရှေ့မှာ ရပ်နေပါတယ်။

"သုံးယောက်တစ်ယောက်ဆိုရင်ရော..." ဗီးနပ်စ်ရဲ့ညို့ဓာတ်ပါတဲ့လေသံက ဖရန့်နားထဲကို ဝင်လာတယ်။

ဖရန့်ကိုယ်ထဲမှာရှိနေတဲ့ လိပ်နက်ကတော့ ဒေါသတကြီး ဟိန်းဟောက်နေပါပြီ။ "ကောင်လေး၊ ဒီဟာမလေးက ငါတို့ကိုစိန်ခေါ်နေပြီပဲ။ တစ်ချက်တည်း ပွဲသိမ်းလိုက်ရအောင်။"

"ပါးစပ်ပိတ်ထား။" ဖရန့်က လိပ်နက်ကို အော်ဟစ်လိုက်ပြီး တောင်ဝှေးကို ရိုက်ချလိုက်တယ်။ ပန်းသီးလေးရဲ့သစ်နွယ်ညိုတွေက ဧရာမလက်ဝါးကြီးအဖြစ်ပြောင်းသွားပြီး ဗီးနပ်စ်တွေရပ်နေတဲ့ အိမ်ကြီးကို ရိုက်ချပစ်လိုက်တယ်။

ဝုန်း....။

"အားဟားဟား... အတော်လေးတိုးတက်လာသားပဲ။ ဒါပေမဲ့ တို့ကလည်း အစွမ်းကုန်မထုတ်ရသေးဘူးလေ။"

ဗီးနစ်သုံးယောက်ထဲက နှစ်ယောက်က ရှေ့တက်လာပြီး သူတို့ယင်ဖမ်းနွယ်တွေနဲ့ ဖရန့်ကို အားကုန်တိုက်တယ်။ ဖရန့်လည်း တောင်ဝှေးကို ဝေ့ယမ်းပြီး အသာလေး ခုခံလိုက်တယ်။ ဒါပေမဲ့ တတိယဗီးနပ်စ်က မြေပေါ်ရောက်သွားပြီဖြစ်ပြီး သူ့ကိုယ်သူပန်းပွင့်ဖြူကြီးအဖြစ် ပြောင်းပစ်လိုက်တယ်။

Ultimate Skill: မရဏသစ်တောနယ်မြေ။

ဝေါ... ဝလော....

ရုတ်တရက်ဆိုသလိုပဲ အသားစားပန်းနွယ်ပင်မျိုးစုံက ရွာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သစ်နွယ်တွေက ကောင်းကင်ကြီးကိုပါ ဖုံးလွှမ်းသွားတယ်။ မီတာထောင်နဲ့ချီကျယ်တဲ့ သေမင်းသစ်တောနယ်မြေကြီးထဲမှာ ရုတ်တရက်အစိမ်းရောင်မြူခိုးတွေပါ ပြည့်လာတဲ့အတွက် ဖရန့်သဲသဲကွဲကွဲမမြင်ရတော့ပါဘူး။

"ဖရန့်၊ ရှင်ကျွန်မကို အစွမ်းကုန်ထုတ်ပြီးမတိုက်ရင် သေဖို့ပဲရှိတော့တယ်နော်။"

နတ်သမီးထောင်ချောက်ပန်းတွေ၊ ယင်ဖမ်းနွယ်တွေနဲ့ အခြားအန္တရာယ်ရှိနွယ်ရှင်ပန်းမျိုးစုံက ဖရန့်ဆီကို အမြန်နှုန်းနဲ့ပြေးဝင်လာတယ်။ ဖရန့်လည်း မတတ်နိုင်တော့တဲ့အဆုံး သက်ပြင်းချလိုက်ပြီး တောင်ဝှေးကြီးကိုမြှောက်ကာ သူ့ဗိုက်ကိုသူထိုးချလိုက်တယ်။

တောင်ဝှေးရဲ့အချွန်က သူ့ကျောကနေ ပြန်ဖောက်ထွက်လာပြီး နွယ်တောင်ဝှေးရဲ့အပေါ်မှာသွေးတွေစွန်းထင်းနေတယ်။ ဒါပေမဲ့ အဲဒီသွေးတွေကို တောင်ဝှေးက အမြန်ဆုံးစုပ်ယူသွားပြီး ရုတ်တရက် သူ့တစ်ကိုယ်လုံးကို သစ်မာနွယ်တွေဖုံးလွှမ်းလာတော့တယ်။

Ultimate Skill: Guardian Trent။

.....

ဘုန်း....။

ဧရာမသစ်သားလက်သီးကြီးက ဗီးနပ်စ်ရဲ့သစ်တောနံရံကို ထိုးခွင်းပစ်လိုက်တယ်။ နောက်ထပ် လက်ကြီးတစ်ဖက်က အဲဒီအပေါက်ထဲကို လျှိုဝင်ကာ အင်အားကုန်သုံးပြီး ဆွဲဖြဲပစ်လိုက်တယ်။

ဗျိ....

ဗီးနပ်စ်ရဲ့သစ်တောနယ်မြေကြီးကို ဧရာမသစ်သားလူ့ဘီလူးကြီးက နှစ်ခြမ်းဆွဲဖြဲပစ်လိုက်တယ်။ မိုးနဲ့မြေ နှစ်ခြမ်းကွဲထွက်သွားသလိုမျိုး မရဏနယ်မြေဟာ နှစ်ခြမ်းကွဲထွက်သွားပြီး နေအလင်းရောင်က ရွာလေးပေါ်ကို ထပ်မံကျဆင်းလာပါတယ်။

သစ်ဘီလူးကြီးက မီတာနှစ်ရာနီးပါးမြင့်ပေမဲ့ လှုပ်ရှားမှုတွေက သိပ်ကိုမြန်ဆန်ပြေပြစ်တယ်။ မရဏသစ်တောနယ်မြေက ပြန်လည်ကုစားနိုင်စွမ်းရှိပေမဲ့ သစ်ဘီလူးကြီးက ခပ်မြန်မြန်ပဲ အသားစားပန်းဘုရင်မဆီ လျှောက်သွားကာ ပင်စည်ကနေကိုင်ပြီး အမြစ်ပါအပါ ဆွဲနှုတ်ပစ်လိုက်တယ်။

ဗီးနပ်စ်ကိုယ်ပွားတွေက ပန်းဘုရင်မကို ကယ်ဆင်ဖို့ကြိုးစားပေမဲ့ အချည်းအနှီးပါပဲ။ သစ်ဘီလူးကြီးက အသားစားပန်းဘုရင်မကို မြေပေါ်ရိုက်ချပစ်လိုက်တယ်။

ဘုန်း... ဝေါ... ဖလော....

မြေစိုင်မြေခဲတွေ မြောက်တက်ပြီး မြေပြင်ကိုပြန်ပြုတ်ကျလာတယ်။ အသားစားပန်းဘုရင်မလည်း တစ်စစီပြိုကွဲသွားပြီး ဗီးနပ်စ်ကိုယ်လွတ်ရုန်းပြေးရတယ်။ ကံကောင်းစွာနဲ့ သူ့ရဲ့နတ်သမိးထောင်ချောက် တောင်ပံတွေက သူ့အသက်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ သူ့လက်တစ်ဖက်ကတော့ ပန်းဘုရင်မနဲ့ညိပြီး ပြန်ပါမလာတော့ဘူး။

သစ်ဘီလူးက သူ့နောက်ကနေ ပြေးလိုက်လာပေမဲ့ ဗီးနပ်စ်ကိုယ်ပွားတွေက သူတို့ကိုယ်သူတို့ အသားစားနွယ်ပင်တွေအဖြစ် ဖောက်ခွဲပြီး အစစ်အတွက်အချိန်ဆွဲပေးတယ်။

သစ်ဘီလူးကြီး ကိုယ်စားတွေကို ကိစ္စဖြတ်လို့ပြီးတော့ ဗီးနပ်စ်က မီတာရာဂဏန်းအကွာကိုရောက်နေပြီဖြစ်ပြီး သူ့ဗျူဟာကို ပြန်စဥ်းစားသုံးသပ်ဖို့ ဖြစ်နိုင်သွားတယ်။

"မဖြစ်နိုင်တာ၊ အရင်က ဘယ်သူမှ ငါ့ရဲ့သစ်တောနယ်မြေကို အခုလောက်အချိန်တိုလေးနဲ့ မဖျက်ဆီးနိုင်ကြဘူး။"

ဗီးနပ်စ် အကြီးအကျယ်ထိတ်လန့်သွားတယ်။ ဗီးနပ်စ်က S rank တစ်ယောက်အနေနဲ့ဆိုရင် ပြိုင်ဘက်ကင်းမဟုတ်ပေမဲ့ အတော်လေးအစွမ်းထက်တယ်။ သူ့ကို အသာအယာအနိုင်ယူနိုင်တဲ့ ပြိုင်ဘက်ရှားတယ်။ မရဏသစ်တောနယ်မြေက ဖျက်ဆီးမရနိုင်တာမျိုးမဟုတ်ပေမဲ့ ဖရန့်လုပ်သွားတဲ့စံချိန်က တအားမြန်လွန်းတယ်လေ။

"နေဦး၊ သူ့ဘက်မှာ ဟိုသစ်သားစွမ်းအားရှိတဲ့ ကောင်မလေးပါနေတာပဲ။ သူ့စွမ်းအားက ငါ့စွမ်းအားနဲ့ ဆန့်ကျင်ဘက်ဆိုတော့ ငါ့ရဲ့အသားစားပန်းပင်တွေ၊ ကပ်ပါးတွေနဲ့ အဆိပ်တွေဒဏ်ကို သူခံနိုင်ရည်ရှိနေတာပဲ ဖြစ်ရမယ်။"

ဗီးနပ်စ်က နောက်တစ်ကြိမ်ပြုံးလိုက်ပြန်တယ်။ ဒီတစ်ခါ သူရှုံးရတာက တစ်ဖက်လူက သူ့ရဲ့သဘာဝရန်သူဖြစ်နေလို့ပါ။ ဒါပေမဲ့ ဗီးနပ်စ်အနေနဲ့ ဒီရန်သူကို အလျှော့ပေးဦးမှာမဟုတ်ဘူး။ တစ်ကောင်ကြွက်ဖြစ်နေပြီဖြစ်တဲ့ ဗီးနပ်စ်ရဲ့စိတ်က ပုံမှန်ထက်ပိုဖောက်ပြန်နေပြီ။

"ဒီတိုက်ပွဲမှာ ငါသေရမယ်ဆိုရင်လည်း ပျော်ပျော်ပြီးသေမယ်။ ငါတစ်ခါလောက်ပဲ အနိုင်ရချင်ရုံပါ။"

ဗီးနပ်စ်က အရူးတစ်ယောက်လိုပြုံးလိုက်ပြီး ပြန်ထရပ်တယ်။ သူ့ရဲ့ပြတ်ထွက်နေတဲ့လက်က ပြန်ပေါက်မလာသေးဘူး။ ထိခိုက်မှုက သိပ်ကြီးလွန်းလို့ ပြန်လည်ကုစားနိုင်စွမ်းတောင် သက်ရောက်မှုသိပ်နှေးသွားပြီ။

ဗီးနပ်စ်က သူ့ရဲ့ကျန်နေသေးတဲ့ လက်တစ်ဖက်နဲ့ မြေကြီးကို ထိလိုက်တယ်။ အဝါရောင်အရည်လို မှိုမျိုးစိတ်သေးတစ်ခုက မြက်ခင်းပြင်ပေါ်ကို ကျဆင်းသွားပြီး စတင်ကြီးထွားလာတယ်။ အဲဒီမှိုတွေက အပင်ငယ်လေးတွေရဲ့အရဟာကို ချက်ချင်းလုယူပစ်တဲ့အတွက် ထိမိသမျှမြက်ပင်တွေအားလုံး ခြောက်သွေ့သေဆုံးကုန်တယ်။

https://mmxianxia.com/wp-content/uploads/2023/07/SciSource_7Z3597-1-1024x684.webp

(Pic: Yellow Mold or Slime Mold)

နောက်တော့ အပင်ငယ်တွေနဲ့နှစ်ချို့သစ်ပင်တွေပါ ခြောက်သွေ့သေဆုံးကုန်ကြပြီဖြစ်ပြီး ဖရန့်ဗီးနပ်စ်အစစ်ရှေ့ကို ရောက်လာချိန်မှာတော့ ဗီးနပ်စ်က သစ်ဘီလူးကြီးကို ပြန်ပြုံးပြလိုက်တယ်။

"ဂါး...." ဧရာမပါးစပ်နီနီကြီးတစ်ခုက မြေပြင်ကနေ ပေါ်ထွက်လာပြီး သစ်ဘီလူးကြီးရဲ့လက်တစ်ဖက်ကို ကိုက်ချပစ်လိုက်တယ်။

မီတာနှစ်ရာနီးပါးမြင့်ပြီး မီတာနှစ်ဆယ်လောက်ကြီးတဲ့ အနီရောင်ဗီးနပ်စ်ပန်းပင်ကြီးပါ။ ဒါပေမဲ့ ဒီပန်းပင်က ပထမဆုံးပန်းပင်သာဖြစ်ပြီး သိပ်မကြာခင်မှာပဲ အလားတူကြီးမားတဲ့ ပန်းပင်တွေ တစ်ပင်ပြီးတစ်ပင် ပေါက်လာကာ သစ်ဘီလူးကြီးကို ဆက်တိုက်တိုက်ခိုက်နေတယ်။

ဒီမြင်ကွင်းကိုကြည့်ရင်း ဗီးနပ်စ်က ရယ်မောလိုက်တယ်။ အဝါရောင်မှိုငယ်တွေကတော့ မိုင်နဲ့ချီတဲ့ မြက်ခင်းပြင်ကျယ်ကြီးတစ်ခုလုံးကို သွေးကြောတွေတစ်ဖွယ် ဖုံးအုပ်ထားပြီဖြစ်ပြီး ပတ်ဝန်းကျင်က အသက်ဓာတ်တွေကို စုပ်ယူကာ ဗီးနပ်စ်နဲ့ဧရာမ အသားစားပန်းပင်ကြီးတွေကို အဟာရဖြည့်ပေးနေတယ်။ ဗီးနပ်စ်ရဲ့လက်လဲ ပြန်ပေါက်လာပြီ။

ဗီးနပ်စ်က ထိုင်ချလိုက်ပြီး လက်မောင်းလုံးလောက်ထိ ကြီးထွားနေပြီဖြစ်တဲ့ အဝါရောင်မှိုငယ်အစုဝေးတစ်ခုကို လက်နဲ့ပုတ်ပေးလိုက်တယ်။

"သိပ်ကောင်းတယ် ကောင်လေးတွေ၊ Yellow Mold မှိုမျိုးစိတ်က ငါ့ကိုစိတ်မပျက်စေဘူးဆိုတာ သိသားပဲ။"

အဲဒီနောက် ဗီးနပ်စ်က ထိုင်နေရာကနေ ထလိုက်တယ်။ အခုဆိုရင် ဗီးနပ်စ်ပန်းပင်ကြီးတွေက အခုနှစ်ဆယ်လောက်ကို ရှိနေပြီ။ ပထမကတော့ ဖရန့်တစ်ယောက် ပန်းပင်တချို့ကို အမြစ်ကနေ နှုတ်နိုင်သေးပေမဲ့ အခုတော့များလွန်းတဲ့အတွက် သူကိုယ်တိုင် ဖျက်ဆီးခံနေရပါပြီ။ သစ်ဘီလူကြီးရဲ့အစိတ်အပိုင်းတွေ ပျက်စီးလာနေပြီဖြစ်ပြီး မကြာခင်ရှုံးနိမ့်ရတော့မှာပါ။

"ဖရန့်၊ အခုထိ ရှင့်ရဲ့လိပ်နက်ကြီးကို ထုတ်မသုံးသေးဘူးလား။ အခုပုံစံနဲ့ ရှင်ကျွန်မကို မနိုင်နိုင်ဘူးနော်။" ဗီးနပ်စ်က နောက်တစ်ကြိမ် ညို့ဓာတ်ပါတဲ့ လေသံနဲ့ ဖရန့်ကို လှမ်းပြီးစနောက်လိုက်ပြန်တယ်။

သစ်ဘီလူးကြီးထဲမှာ ရှိနေတဲ့ ဖရန့်ကတော့ မောဟိုက်ဆာလောင်နေပါပြီ။ သူ့အမြင်တွေတောင် မှောင်ကျလာနေပြီ။ သစ်သားညိုအခေါက်တွေထဲက တစ်နေရာမှာ ပန်းသီးလေးရဲ့ပုံပေါ်လာပြီး ဖရန့်ကိုသတိပေးတယ်။

"ဖရန့်၊ ရှင့်အသက်ဓာတ်နည်းနေပြီ။" ဖရန့်က သစ်ဘီလူးကြီးကို ထုတ်ဖော်ဖို့အတွက် သူ့သွေးတွေနဲ့ ပန်းသီးလေးကို အားဖြည့်ပေးခဲ့တာပါ။ ဒါပေမဲ့ လိပ်နက်ရဲ့အကူအညီနဲ့ မြူတန့်သားရဲတွေအများကြီးကိုစားပြီး အသက်ဓာတ်တွေစုပ်ယူထားတဲ့ ဖရန့်မှာတောင် အသက်ဓာတ်အကန့်အသတ်မဲ့မနေပါဘူး။

"ကောင်လေး၊ ငါ့ကိုတိုက်ခွင့်ပေး။ အဲဒီကောင်မစုတ်လေးကို ငါတစ်စစီဆွဲဖြဲပစ်မယ်။" လိပ်နက်ကလည်း ဝင်ပြောပေမဲ့ ဖရန့်ကတော့ ခေါင်းမာနေဆဲပါ။

အဲဒီအချိန်မှာပဲ အဝေးကနေ ကိုယ်ပျောက်သင်္ဘောကြီးတစ်စင်း ရောက်ရှိလာပြီး ကိုယ်ပျောက်စနစ်ကို ဖယ်ရှားပစ်လိုက်တယ်။ နောက်တော့ သင်္ဘောပေါ်မှာ ရှိသမျှ အမြောက်လက်နက်တွေက အသားစားပန်းတွေကို ချိန်ပြီးပစ်ခတ်လိုက်တယ်။

ဘုန်း... ဖောက်... ဖောက်... ဖောက်

တိုက်ပွဲမြေပြင်တစ်ခုလုံးကို ဖျက်အားပြင်းဒုံးကျည်တွေနဲ့ အမြောက်ကျည်ဆန်တွေ ထိမှန်ကာ ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရတော့တဲ့အထိ ပေါက်ကွဲမှုက လွှမ်းမိုးသွားတယ်။

All Chapters