← Chapters

လိပ်နက်ဖမ်းပွဲ

Vol. 6 Ch. 18

လိပ်နက်ဖမ်းပွဲ

Vol. 6 Ch. 18

ဖရာလီတာက ရှိသမျှလက်နက်တွေနဲ့ ပစ်ခတ်ပြီးတဲ့နောက် မြေပြင်အခြေအနေကို ကြည့်လိုက်တယ်။ မှိုဝါတွေက မြက်ခင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ပေမဲ့ အခုတော့ မြက်ခင်းပြင်ကြီးတစ်ခုလုံးက မီးပင်လယ်ကြီး ဖြစ်နေပါပြီ။ မှိုဝါတွေက မီးလောင်လွယ်ပါတယ်။

ထိန်းချုပ်ခန်းထဲကို ကိုင်းတိုနဲ့တခြား S rank တွေလည်း ဝင်လာကြတယ်။ ဖရာလီတာက ခေါင်းကိုခါယမ်းလိုက်ရင်း မြေပြင်မှာလူးလွန့်နေပြီဖြစ်တဲ့ အသားစားပန်းနီကြီးတွေကို ကြည့်ရင်းခေါင်းခါယမ်းလိုက်လေရဲ့။

"ဗီးနပ်စ်က အချိန်တိုအတွင်း ဒီလောက်စွမ်းအားကြီးလာမယ် မထင်ထားဘူး။"

ကိုင်းတိုက ဒီစကားကိုကြားတော့ ဖရာလီတာရဲ့အမြင်ကို ဆန့်ကျင်ကာပြောလိုက်ပါတယ်။ "ဗီးနပ်စ်က စွမ်းအားမကြီးဘူး။ ပတ်ဝန်းကျင်က အသက်ဓာတ်တွေကို စုပ်ယူနိုင်ရုံပဲ။ စွမ်းအင်အလုံအလောက်ရှိနေရင် သူ့ထက်အင်အားကြီးတဲ့ ရန်သူတွေကို အနိုင်ယူနိုင်တာ ပုံမှန်ပဲ။"

ဒရုန်းဇုန်ကတော့ အသားစားပန်းပင်ကြီးတွေကြားကနေ ရုန်းထွက်လာတဲ့ သစ်ဘီလူးကြီးကို လက်ညိုးထိုးကာ မေးလိုက်တယ်။ "အဲဒီတစ်ယောက်ကရော၊ သစ်သားစွမ်းအားက ရှားတယ်ဆိုပေမဲ့ သူ့အဆင့်က S rankဆိုတာ သိသာနေတာပဲမဟုတ်လား။"

ဒါပေမဲ့ မကြာခင်မှာပဲ သစ်ဘီလူးက ကြုံဝင်လာပြီး လူသားတစ်ယောက်အဖြစ် ပြန်ပြောင်းသွားတဲ့အတွက် ဘယ်သူလဲဆိုတာ သူတို့သိသွားပြီ။ ဖရာလီတာက မျက်ခုံးပင့်လိုက်တယ်။ ဒီတစ်ယောက်ကို သူလိုက်ရှာနေတာ အတော်ကြာပါပြီ။

"အဲဒါဖရန့်မဟုတ်လား။" ဖရာလီတာရဲ့မျက်ဝန်းတွေက ရုတ်တရက် မှိုင်းညို့သွားတယ်။

ဆိုးလ်ဖြစ်ရပ်မှာ အမိန့်တော်အဖွဲ့ရဲ့အရေးကြီးအဖွဲ့ဝင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီး တခြားတစ်ယောက်ကတော့ ပျောက်ဆုံးသွားပါတယ်။ လူကန်က ဖရာလီတာရဲ့အစ်ကိုဝမ်းကွဲဖြစ်ပြီး ဖရန့်ကတော့ လူကန်ရဲ့သူငယ်ချင်းပါ။ ပြီးတော့ ဆိုးလ်မှာ ဖြစ်ခဲ့တဲ့အရာတော်တော်များများကို အမိန့်တော်အဖွဲ့က သိမနေပါဘူး။ ဖရာလီတာမှာ ဖရန့်နဲ့တွေ့ပြီး ဖြေရှင်းစရာတွေ အများကြီးရှိနေတယ်။

"အယ်လိုဟင်နဲ့ဒရုန်းဇုန်က သင်္ဘောပေါ်မှာနေခဲ့။ ကျန်တဲ့သူတွေအားလုံး အောက်ကိုဆင်းကြမယ်။"

ဖရာလီတာက ပြောပြောဆိုဆိုနဲ့ သူ့ဝတ်စုံကို ဆင့်ခေါ်လိုက်တယ်။ ကျန်တဲ့သူတွေလည်း ခေါင်းညိတ်ပြီး အသင့်ပြင်ကြတယ်။

....

မြေပြင်မှာတော့ ဗီးနပ်စ်က ကောင်းကင်မှာရှိနေတဲ့ စစ်သင်္ဘောကြီးကိုကြည့်ကာ ကျိန်ဆဲလိုက်တယ်။ အဲဒီနောက် မြေပြင်မှာဒူးထောက်ကျနေတဲ့ဖရန့်နဲ့ ဖရန့်ကို ဖေးမပေးထားတဲ့ ပန်းသီးလေးကိုကြည့်ကာ မျက်စိကိုမှေးလိုက်တယ်။

"နင်တို့ ကံကောင်းသွားတယ်မှတ်။" အဲဒီနောက် ဗီးနပ်စ်ရဲ့ခန္ဓာကိုယ်က နွယ်မြစ်တွေအဖြစ် ပြောင်းသွားပြီး မြေကြီးထဲကို တိုးဝင်ပျောက်ကွယ်သွားပါတော့တယ်။

ဖရာလီတာရဲ့ကိုယ်ပျောက်စစ်သင်္ဘောကြီး ရုရှားနယ်ထဲမှာ ရှိနေတဲ့အကြောင်းကို လူတော်တော်များများသိကြပါတယ်။ သင်္ဘောရဲ့နေရာအတိအကျကို မသိရုံပဲရှိတာပါ။ ဖရာလီတာကိုယ်တိုင်ကလည်း လိပ်နက်ကို ရုရှားနယ်ထဲမှာဖမ်းမယ်လို့ ကြေညာထားတာဖြစ်ပြီး သူနဲ့အတူ S rank အများအပြားပါဝင်လာမှန်း ဗီးနပ်စ်သိဖို့မခက်ပါဘူး။ ဒါကြောင့် ဗျူဟာကျကျ ပြန်ဆုတ်ခွာသွားတာပါ။

ဖရန့်ကတော့ သူ့ဝမ်းဗိုက်ကို ဖိထားရင်း ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တယ်။ သင်္ဘောဝမ်းက ပွင့်လာပြီး လူတချို့ဆင်းလာတာကို သူမြင်နေရတယ်။ သူနေရာကနေ ထပြီးပြေးချင်ပေမဲ့ ရထားတဲ့ဒဏ်ရာတွေက ပြင်းလွန်းလို့ သူထလို့မရဘူး။ ပန်းသီးလေးကလည်း သူ့ကိုဖေးမထားပြီး ဝမ်းဗိုက်ကဒဏ်ရာကို လက်ဖဝါးနဲ့ထိကာ အစိမ်းရောင်အလင်းမှုန်တွေနဲ့ ကုသပေးဖို့ ကြိုးစားနေပါတယ်။

ရုတ်တရက် ဖရန့်ရဲ့ညာဖက်မျက်လုံးက ရက်စက်တဲ့အရိပ်အယောင်တချို့ ဖြတ်ပြေးသွားပြီး ဖရန့်နားထဲမှာ လိပ်နက်ရဲ့အသံက ထွက်ပေါ်လာတယ်။

"ထင်မထားဘူး၊ ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးပါလား။ အဲဒီခွေးမသားလည်း သင်္ဘောပေါ်မှာပါလာတယ်ပေါ့။"

ဖရန့်ကတော့ လိပ်နက်ပြောတဲ့စကားကို နားမလည်ဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဖရာလီတာတို့အုပ်စုက သူ့ရှေ့ကို ရောက်လာပါပြီ။ ဖရာလီတာကတော့ Archmegaထဲကနေ ထွက်လာပြီး ဖရန့်ဆီကို အပြေးရောက်လာတယ်။

"ဖရန့်၊ နင်ငါတို့ကို ဘာလို့ရှင်းမပြဘဲ ထွက်ပြေးနေတာလဲ။" ဖရာလီတာရဲ့စကားကို ဖရန့်ဘယ်လိုပြန်ဖြေရမှန်းမသိဘူး။ သူနှုတ်ဆိတ်နေမိတယ်။ ဥစာကီနဲ့အိခဲဒတို့ကတော့ ဖရာလီတာနောက်ကနေ လိုက်လာပြီး သူတို့ရှေ့က လူကိုကြည့်လိုက်တယ်။ အာရပ်က S rankကလည်း အလားတူပဲပြုမူပါတယ်။

ဖရာလီတာက ဖရန့်ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး ဖရန့်ကိုထိဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ဖရန့်က ဖရာလီတာ သူ့ကိုအထိမခံဘဲ နောက်ကိုဆုတ်သွားတဲ့အတွက် ပန်းသီးလေး လောလောလတ်လတ်ကုပေးနေတဲ့ ဒဏ်ရာပြန်ပွင့်သွားပြီး သွေးတွေစီးကျလာပြန်တယ်။

"ပြီးတော့ နင်နဲ့ငါ့အစ်ကို ဆိုးလ်ကိုထွက်သွားပြီး ဘာတွေဖြစ်ခဲ့တာလဲ။ နင်တစ်ယောက်တည်း ခေါင်းခံပြီး ထွက်ပြေးနေလို့်ဖြစ်ဘူးလေ။"

ဖရာလီတာရဲ့စကားကိုကြားတော့ ဖရန့်လူကန်ကို မြင်ယောင်လာတယ်။ ဟိုင်နန်ကျွန်းမှာ သောင်တင်နေတုန်း လူကန်ပြောဖူးတဲ့ စကားကိုသတိရလာတယ်။ လူကန်မှာ ဝမ်းကွဲညီမနှစ်ယောက်ရှိပြီး ဥစာကီနဲ့ဖရာလီတာတို့ပါ။ ဖရန့်က ဖရာလီတာကို မော့ကြည့်လိုက်တယ်။ အဲဒီနောက် လူကန်ရဲ့သေဆုံးမှုကို ဖရာလီတာလောက် အလေးမထားတဲ့ ဥစာကီကို ကြည့်လိုက်ပါတယ်။

"ငါ... ငါရှင်းပြခဲ့ပြီးသား၊ နင်တို့အစ်ကိုကို ငါသတ်လိုက်တာလို့။" ဖရန့်က ထပ်ပြောလိုက်တယ်။ ဖရာလီတာကတော့ ခေါင်းကိုခါယမ်းနေတယ်။ ဒီစကားကို ဖရာလီတာကြားခဲ့ဖူးပြီးသား။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဖရာလီတာ မက်ဒါနာနဲ့အတူရှိနေတုန်း ဖရန့်ဖုန်းဆက်ပြီး ပြောခဲ့ဖူးသေးတယ်။

"မဟုတ်တာ၊ နင်တို့က သူငယ်ချင်းတွေပဲမဟုတ်လား။" ဖရာလီတာက ပြောလိုက်ပြီး ရှေ့ကိုထပ်တိုးဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ဖရန့်က ရှောင်ပြေးဖို့ပဲ ကြိုးစားနေတယ်။ ဖရာလီတာက ပန်းသီးလေးကို ကြည့်လိုက်ပြီး မေးလိုက်တယ်။

"ဟဲ့၊ နင်ကလည်း ဘာလို့တိတ်နေတာလဲ။ ငါတို့ကို တစ်ခုခုရှင်းပြဦးလေ။" ဖရာလီတာရဲ့စကားကြောင့် ပန်းသီးလေးမျက်လုံးပြူးသွားပြီး တစ်ခုခုပြန်ဖြေဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဖရန့်က ဒေါသတကြီးအော်ဟစ်တယ်။

"နင့်အစ်ကိုကို ငါတကယ်သတ်လိုက်တာ၊ ဘာကြောင့်လဲဆိုတော့... ဘာကြောင့်လဲဆိုတော့ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်လို့... ငါက... ငါက နင်ထင်တာထက် ပိုဆိုးတဲ့ မကောင်းဆိုးဝါးမလို့... ပြီးတော့ ငါက... ငါက..." ဖရန့်က အော်ဟစ်နေရင်း မောဟိုက်သွားပြီး သူ့စကားသံက တိုးဝင်သွားတယ်။ သူ့ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်နေပြီး မျက်ရည်တွေက မျက်လုံးထောင့်ကနေ စီးကျလာနေတယ်။ အဲဒီနောက် သူက မီးလောက်မှုကြောင့် ပြာမှုန်တွေနဲ့ပြည့်နှက်နေပြီဖြစ်တဲ့ မြက်ခင်းပြင်မြေကို လက်နဲ့ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။

အဲဒီအချိန်မှာပဲ ဖြည်းဖြည်းအေးအေးလျှောက်လာနေတဲ့ ကိုင်းတို လူအုပ်နားကို ရောက်လာတယ်။ ပြီးတော့ အနားရောက်လာချိန်မှာပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မီးလျှံတွေက ဖုံးလွှမ်းသွားပြီး ဖရန့်ရဲ့စကားကို အဆုံးသတ်ပေးလိုက်တယ်။

"ဘာကြောင့်လဲဆိုတော့ မင်းခန္ဓာကိုယ်ထဲမှာ လိပ်နက်ရှိနေလို့မဟုတ်လား။"

ကိုင်းတိုရဲ့ခြိမ်းခြောက်နိုင်စွမ်းအပြည့် အမူအရာကြောင့် အားလုံးလမ်းဖယ်ပေးလိုက်ကြတယ်။ ကိုင်းတိုက လက်ထဲမှာ မီးတောက်လှံတစ်စင်းကို ဖန်တီးပြီး ဖရန့်ရဲ့လည်မျိုမှာ ထောက်ထားလိုက်တယ်။

ဖရာလီတာကတော့ ကိုင်းတိုဆီက ကြားလိုက်ရတဲ့စကားကို မယုံနိုင်ဘူးဖြစ်နေတယ်။ ဖရာလီတာတင်မဟုတ်ဘဲ ကျန်တဲ့သူတွေလည်း အလားတူပါပဲ။

"မဖြစ်နိုင်တာ..." ဖရာလီတာက ဖရန့်ကိုကြည့်ပြီး အံ့ဩတကြီး ရေရွတ်လိုက်တယ်။ ကိုင်းတိုကတော့ သူ့ရဲ့စွပ်စွဲချက်ကို ပိုပြီးခိုင်မာအောင် ဆက်ပြောတယ်။

"ဒီလူငယ်လေးရဲ့စွမ်းအား ဆင့်ခေါ်ခြင်းက ရှေးအကျဆုံးအရာတွေကို ဆက်သွယ်နိုင်တယ်။ သူကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ မဟာသားရဲလေးကောင်ထဲက တစ်ကောင်ကိုရောပေါ့။"

စကားဆုံးတဲ့အချိန်မှာပဲ ဖရန့်က ငိုကျွေးနေတာကို ရပ်လိုက်တယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပေါ်လာပြီး ရုတ်တရက် ကိုင်းတိုအပေါ်ခုန်အုပ်လိုက်တယ်။ မြန်လွန်းလို့ ကျန်တဲ့သူတွေအားလုံး အမည်းရောင်အရိပ်တစ်ခုအဖြစ်သာ မြင်ရတယ်။ ဒါပေမဲ့ ကိုင်းတိုက သူ့ခြေကိုဆန့်ထုတ်ပြီး အရိပ်နက်ကို ကန်ထုတ်လိုက်တယ်။

ဘုန်း...

ပေါက်ကွဲသံတစ်ချက်နဲ့အတူ အနက်ရိပ်က မီတာတစ်ရာလောက်အထိကို ရောက်သွားတယ်။ အားလုံးသတိဝင်လာတော့ သူတို့နဲ့မီတာတစ်ရာအကွာမှာ ဖရန့်ရပ်နေပြီး သူ့တစ်ကိုယ်လုံးကို အနက်ရောင်ကြေးခွံတွေက ဖုံးအုပ်သွားတယ်။ နောက်ဆုံးတော့ အနက်ရောင်လိပ်ခွံကြီးနဲ့ သံမဏိသဖွယ်မာကျောလှတဲ့ လိပ်ကျောက်မြီးသုံးခုပေါ်ထွက်လာတယ်။

ကိုင်းတိုရဲ့ကျောနောက်မှာလည်း ဖီးနစ်တောင်ပံခြောက်ခု ထွက်ပေါ်လာတယ်။ သူက လူတိုင်းရှေ့ကို တက်သွားလိုက်ပြီး သတိပေးလိုက်ပါတယ်။

"အားလုံးသတိထားကြ၊ ဒီကောင်က လူငယ်လေးရဲ့ဝိညာဥ်တစ်ဝက်လောက်ကို ဝါးမျိုပြီးသွားပြီ။ သူက မင်းတို့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့အထိ အင်အားကြီးတယ်။"

လိပ်နက်လည်း ဒီစကားကိုကြားတော့ ရယ်မောလိုက်ပြီး ကိုင်းတိုကိုကြည့်ကာ ပြောလိုက်ပါတယ်။ "ဒါပေါ့၊ ငါကတော့ မင်းလိုမျိုး ကြင်နာတတ်တဲ့ ဖီးနစ်တစ်ကောင်မှမဟုတ်တာ။"

လိပ်နက်က သူ့ပါးစပ်ကိုဟလိုက်တယ်။ အပြာရောင်ရေခဲမြစ်တန်းကြီးက ကိုင်းတိုနဲ့လူအုပ်ရှေ့ကို ထိုးထွက်လာတယ်။ ကိုင်းတိုလည်း မီးကြာပန်းတစ်ခုကို ချက်ချင်းဖန်တီးလိုက်ပြီး လူအုပ်ကိုကာကွယ်ပေးလိုက်တယ်။

ဖရာလီတာက ထိတ်လန့်နေဆဲဖြစ်ပေမဲ့ တိုက်ပွဲကို ကြောင်ပြီးကြည့်နေတဲ့ ပန်းသီးလေးကို ပြောလိုက်ပါတယ်။ "နင်ဘာလို့ သူ့ကိုအဲဒီမိစ္ဆာကောင်ကြီးကလက်ကနေ မကာကွယ်ခဲ့တာလဲ။"

ပန်းသီးလေး ဘာပြန်ပြောရမှန်းမသိဘဲ မြေပြင်ကိုသာ စိုက်ကြည့်နေတယ်။ တကယ်တော့ သူဖရန့်ကို မကာကွယ်ခဲ့တာမဟုတ်ပါဘူး။ လိပ်နက်က ပန်းသီးလေးထက် အဆပေါင်းများစွာ အစွမ်းထက်နေခဲ့ရုံပါ။

ရုတ်တရက် လိပ်နက်ရဲ့အမြီးတွေက ကိုင်းတိုရဲ့မီးကြာပန်းကို ကွေ့ပတ်ပြီး ကိုင်းတိုကို တိုက်ခိုက်ဖို့ကြိုးစားတယ်။ ကိုင်းတိုက လက်ထဲက မီးလှံနဲ့ခုခံဖို့ကြိုးစားပေမဲ့ လှံကိုအမြီးတစ်ခုက လုံးဝရစ်ပတ်ချုပ်နှောင်လိုက်ပြီး အခြားအမြီးနှစ်ဖက်က သူ့ကိုဆက်တိုက်တယ်။

"မကောင်းတော့ဘူး။" ကိုင်းတိုက သူ့အတောင်ကိုသုံးပြီး လိပ်အမြီးတွေကို အသာအယာရှောင်ရှားလိုက်တယ်။

ဥစာကီလည်း ဓားကိုထုတ်လိုက်ပြီး ကျန်တဲ့သူတွေကို ပြန်ပြောလိုက်တယ်။ "ငါတို့ပြန်ဆုတ်ကြစို့၊ ကိုင်းတိုပြောတာအမှန်ပဲ။ ငါတို့အင်အားနဲ့ လိပ်နက်ကိုအနိုင်မယူနိုင်ဘူး။"

ဒါပေမဲ့ ဖရာလီတာကတော့ အဲဒီစကားကို နားထဲမဝင်ဘူး။ အဲဒီအစား ဒေါသထွက်နေတဲ့မျက်နှာနဲ့ Archmegaထဲ ပြန်ဝင်လိုက်တယ်။

"လိပ်နက်နဲ့ဖရန့်၊ နင်တို့သာ ငါ့အစ်ကိုကိုသတ်တဲ့တရားခံဆိုရင် ငါကိုယ်တိုင် သေအောင်သတ်မယ်။"

အဲဒီနောက် ဝါးဖရိန်ကြီးက အတောင်ကိုဖြန့်ကာ ပျံတက်လိုက်ပြီး အပေါ်စီးကနေ လိပ်နက်ကို အလင်းဒြပ်စင်အမြောက်နဲ့ စတင်ပစ်ခတ်တယ်။

ဘုန်း... ဘုန်း... ဘုန်း...

အလင်းဒြပ်စင်ဗုံးတွေက လိပ်နက်ကို ထိရောက်တဲ့အဖျက်စွမ်းအား မပေးနိုင်သေးပေမဲ့ ပေါက်ကွဲအားကြောင့် ရေခဲတန်းကြီးကို မှုတ်ထုတ်နေရာကနေ အာရုံပျက်သွားတယ်။ ရေခဲတန်းကြီး ရပ်သွားတာနဲ့ ကိုင်းတိုလည်း ခံစစ်ကို ရပ်တန့်ပြီးတော့ နောက်ထပ်ကြာပန်းတွေ ထပ်ဆင့်ခေါ်လိုက်တယ်။

ကြာပန်းငါးပွင့်က ကိုင်းတိုကို ဝိုင်းရံနေပြီး ဧရာမမီးတန်းကြီးတွေနဲ့ လိပ်နက်ကို ပြန်မှုတ်ထုတ်တယ်။ လိပ်နက်က ခံစစ်ကို အသင့်မပြင်ရသေးတာကြောင့် သူ့ခန္ဓာကိုယ်ကိုလှည့်ပြီး လိပ်ခွံနဲ့ကာလိုက်တယ်။

ဝုန်း....

ကိုင်းတိုရဲ့မီးတန်းတွေက လိပ်ခုံးကြောင့် လားရာလွဲကုန်ပြီး အနီးအနားက စွန့်ပစ်ရွာရဲ့အကျွင်းအကျန်တွေကို လုံးဝပြာကျသွားစေတယ်။ လိပ်နက်လည်း မီးတန်းတွေရဲ့တွန်းအားကြောင့် ဖိအားကို ခံစားလာရပါပြီ။

"လိပ်တွေက နှေးကွေးလေးလံတယ်လို့ ဘယ်သူပြောလဲ။" လိပ်နက်က ပြောပြောဆိုဆိုနဲ့ နေရာကနေ ခုန်ထွက်လိုက်ပြီး ကိုင်းတိုအနားချက်ချင်းရောက်လာတယ်။ အဲဒီနောက် သူ့လက်သည်းတွေကိုယမ်းပြီး ကိုင်းတိုရဲ့ရင်ဘတ်ကို ထိုးခုတ်တယ်။ ကိုင်းတိုကလည်း သူ့အတောင်ပံတွေကို ရင်ဘတ်ရှေ့ပို့လိုက်ပြီး လိပ်နက်ရဲ့လက်သည်းကို တားဆီးလိုက်တယ်။

ဘုန်း...

ဧရာမအင်အားနှစ်ခု ထိပ်တိုက်တွေ့သွားတာကြောင့် မြေပြင်တစ်ခုလုံး တုန်ဟီးသွားတယ်။ ကျန်နေသေးတဲ့ S rank တွေလည်း ခေါင်းခါလိုက်ပြီး တိုက်ပွဲမှာ ဝင်ပါဖို့ ဆုံးဖြတ်လိုက်တယ်။

ဥစာကီက မိစ္ဆာဓားကို ရှေ့ကိုညွန်ပြလိုက်ပြီး ပြောလိုက်တယ်။ "ဖြစ်လာပြီဆိုမှတော့လည်း...." အဲဲဒီနောက် တောင်ဖြိုဓားသိုင်းရဲ့အစွမ်းထက် တိုက်ကွက်တစ်ခုဖြစ်တဲ့ အဆက်မပြတ်တိုက်လေကို စတင်ထုတ်ဖော်လိုက်တယ်။

အိခဲဒကလည်း အလားတူဓားကွက်နဲ့ ဥစာကီရဲ့စကားကို အဆုံးသတ်ပေးလိုက်တယ်။ "တိုက်ပွဲကို ဘယ်ရှောင်လို့ရပါတော့မလဲ။"

တောင်ဖြိုဓားသိုင်း: ပူးပေါင်းတိုက်ကွက်။

ဓားသမားနှစ်ယောက်က သူတို့ကာတာနာတွေကို ဆွဲထုတ်ပြီး လိပ်နက်ဆီ ပြေးဝင်သွားလိုက်တယ်။တောင်ဖြိုဓားသိုင်း အဆက်မပြတ်တိုက်လေရဲ့ထူးခြားချက်ကြောင့် သူတို့နှစ်ယောက်လုံးက အသံမြန်နှုန်းနဲ့ သွားနေကြတာဖြစ်ပြီး သူတို့နောက်မှာ အထင်ကြီးစရာကောင်းတဲ့ လေထုပေါက်ကွဲသံတွေကိုချန်ထားရစ်ခဲ့တယ်။

ဥစာကီက ကိုင်းတိုကို မည်းပြီးတိုက်ခိုက်နေတဲ့ လိပ်နက်ရဲ့နောက်ကို ချက်ချင်းရောက်သွားတယ်။ အိခဲဒကလည်း ဥစာကီနဲ့ဆန့်ကျင်ဘက်မှာရှိနေပြီး တူညီတဲ့ဓားကွက်ကို ထုတ်ဖော်လိုက်ကြတယ်။

"တောင်ဖြိုဓားသိုင်း: သုံးဆပိုင်းဖြတ်ခြင်း။"

လိပ်နက်ရဲ့ခန္ဓာကိုယ်ပေါ်ကို တစ်ပြိုင်နက်တည်းကျဆင်းလာတယ်လို့ထင်ရတဲ့ ဥစာကီနဲ့အိခဲဒတို့ရဲ့ဓားချက်သုံးချက်စီ၊ စုစုပေါင်းခြောက်ချက်က အရှိန်ပြင်းစွာနဲ့ ကျဆင်းလာပါတယ်။

သူတို့ရဲ့ဓားချက်တိုင်းက လိပ်နက်ရဲ့အကြေးခွံတွေ အဓိကကာကွယ်ပေးထားတဲ့ နေရာတွေကိုကျော်ပြီး အားနည်းတဲ့နေရာတွေကို ခုတ်ပိုင်းပစ်လိုက်တယ်။

ထန်း...

ဥစာကီရဲ့မိစ္ဆာသတ်ဓားက ရှေးဟောင်းလက်နက်တစ်ခုဖြစ်တာကြောင့် လိပ်နက်ရဲ့အကြေးခွံတချို့ကို လန်သွားစေပြီး သွေးစတချို့အသားအရေအောက်ကနေ ပန်းထွက်လာတယ်။ ဒါပေမဲ့ ဓားသမားနှစ်ယောက်ရဲ့ရည်ရွယ်ချက်က လိပ်နက်ရဲ့မာကျောလှတဲ့ အသားအရေကို အလကားသက်သက်ပိုင်းဖြတ်ဖို့ ကြိုးစားခဲ့တာမဟုတ်ပါဘူး။

"ပုရွက်ဆိတ်လေးတွေကများ..." လိပ်နက်က ဒေါသထွက်သွားပြီး ဓားသမားနှစ်ယောက်ကို သူ့ရဲ့အမြီးတွေနဲ့ တိုက်ခိုက်ဖို့လုပ်တယ်။ ဒါပေမဲ့ ဓားသမားနှစ်ယောက်လုံးက တောင်ဖြိုဓားသိုင်းရဲ့နောက်ထပ် ကျော်ကြားတဲ့တိုက်ကွက်ကို အသုံးပြုလိုက်က်တယ်။

တောင်ဖြိုဓားသိုင်း: စွန်ရဲပျံဝဲခြင်း။

ဒိန်း... ဒိန်း... ဒိန်း... ဒိန်း....

ဓားသမားနှစ်ယောက်ကို တိုက်ခိုက်လိုက်တဲ့ လိပ်နက်ရဲ့အမြီးတွေက မြေပြင်ကိုဖောက်ဝင်သွားတယ်။ မီးလောင်ပြင်ဖြစ်ခဲ့ဖူးတဲ့အတွက် မြေပြင်ကပြာတွေ ဖွာခနဲလေထုထဲမှာ ပြန့်ကျဲသွားပေမဲ့ လေပေါ်မှာစွန်တွေလိုမျိုး ပျံဝဲနေတဲ့ ဓားသမားနှစ်ယောက်ကတော့ အန္တရာယ်ကင်းပါတယ်။

မကြာခင်မှာပဲ တစ်ချိန်လုံးပုန်းကွယ်နေခဲ့တဲ့ အာရပ်ဟီးရိုးမာမွတ်က သူ့ညာလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း လိပ်နက်ရဲ့ရင်ဘတ်ဆီကို တည့်တည့်ပြေးဝင်လာတယ်။

Ultimate Skill: Seth's Wrath

မာမွတ်ရဲ့ညာလက်သီးက ပတ်ဝန်းကျင်မှာရှိနေတဲ့ ပြာမှုန်တွေအားလုံးကို စုစည်းလိုက်ပြီး တောခွေးရိုင်းခေါင်းကြီးအဖြစ်ကို ပြောင်းလဲဖွဲ့တည်လိုက်တယ်။ အံ့မခန်းအင်အားပြင်းထန်တဲ့ လက်သီးချက်က လိပ်နက်ပေါ်ကို ကျဆင်းသွားပြီး မီတာရာနဲ့ချီတဲ့ တစ်နေရာအထိ လွင့်စင်သွားစေကာ မြေပြင်ပေါ်ကို ပက်လက်ပြန်ပြုတ်ကျလာတယ်။

လိပ်နက်ရဲ့ကျောက လိပ်ခွံက ခုံးနေတဲ့အတွက် လိပ်နက်ဟာ ရယ်စရာကောင်းစွာနဲ့ ချက်ချင်းပြန်မထနိုင်တဲ့ အခက်အခဲနဲ့ကြုံနေရတယ်။ အားနည်းတဲ့ သေမျိုးလူသားတချို့က သူ့ကိုလှည့်ကွက်တွေသုံးပြီး ရှက်ဖွယ်လိလိ အရေးနိမ့်အောင် လုပ်ခဲ့တဲ့အတွက် လိပ်နက်လည်း ဒေါသတကြီးကျိန်ဆဲလေတော့တယ်။

"ခွေးကောင်လေးတွေ၊ မင်းတို့လို ပုရွက်ဆိတ်လေးတွေကများ ဒီလိပ်ဖိုးဖိုးကို...." ဒါပေမဲ့ လိပ်နက်က ကောင်းကင်ကို သတိထားမော့ကြည့်မိပြီးချိန်မှာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် တိတ်ဆိတ်သွားတယ်။

ကိုင်းတိုက သူ့ရဲ့အတောင်ခြောက်ဖက်လုံးကို ဝင့်ကြွားစွာ ဖွင့်ထားပြီး ကြာပန်းဆယ့်နှစ်ပွင့်က ကြယ်တာရာတွေလိိုမျိုး သူ့ကိုဗဟိုပြုလှည့်ပတ်နေတယ်။ ကိုင်းတိုက လက်ထဲမှာ ပုံမှန်ထက်ရှည်လျားတဲ့ မီးလှံတံကို ကိုင်ထားပြီး လှပစွာကိုင်မြှောက်လိုက်တယ်။

ဒီမြင်ကွင်းကြောင့် မြေပြင်မှာရှိနေတဲ့ ဥစာကီလည်း မနေနိုင်ဘဲ မှင်သက်သွားကာ အဖိုးဖြစ်သူကို ပြောလိုက်ပါတယ်။

"အဖိုး၊ အဲဒီလှံချက်က ဖန်ဆင်းရှင်နတ်ဘုရားကြီး အီဇာနာဂီ ဂျပန်ကျွန်းစုကို ဖန်တီးတဲ့ပန်းချီကားနဲ့ တူမနေဘူးလား။" အိခဲဲဒကလည်း ရှေ့ကမြင်ကွင်းကြောင့် ဘာမှပြန်မဖြေနိုင်ဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်ပါတယ်။

ကိုင်းတိုက လှံကိုဝေ့ယမ်းလိုက်ရင်း မြေပြင်မှာရှိနေတဲ့ လိပ်နက်ကို ညွန်ပြလိုက်တယ်။ လိပ်နက်လည်း ထွက်ပြေးဖို့ကြိုးစားနေပေမဲ့ အချိန်မမီတော့ပါဘူး။

ကိုင်းတိုက အတောင်ပံခတ်လိုက်တယ်။ မီးကြာပန်းတွေနဲ့ လှံတံက လိပ်နက်အပေါ်ကို တိုက်ရိုက်ကျဆင်းလာတယ်။ အဲဒီနောက်တော့ ဆိုက်ဘေးရီးယားဒေသအလယ်မှာ ကောင်းကင်ကနေမင်းနဲ့ နှိုင်းယှဥ်လို့ရနိုင်တဲ့ နောက်ထပ်နေမင်းတစ်စင်း ထွန်းတောက်လာတော့တယ်။

ဝေါ.... ဖလော.....

ဧရာမတော်လဲသံကြီးနဲ့အတူ လင်းထိန်လွန်းတဲ့အလင်းရောင်တွေကြောင့် တိုက်ပွဲမြေပြင်မှာ ရှိနေတဲ့သူတိုင်း မျက်လုံးမှိတ်ထားလိုက်ရတယ်။ လေပြင်းတွေက အချိန်အတော်ကြာတဲ့အထိကို တိုက်ခတ်နေပြီး ရပ်တန့်သွားချိန်မှာတော့ မီတာရာနဲ့ချီအောင်ကျယ်ပြန့်တဲ့ တွင်းဝကြီးက လွင်ပြင်အလယ်မှာရှိနေပါပြီ။ ရွာဟောင်းကလေးနဲ့ မြက်ပင်တွေလည်း နေရာမှာရှိမနေတော့ပါဘူး။

တစ်ချိန်တည်းမှာပဲ ကိုယ်ပျောက်သင်္ဘောပေါ်မှာရှိနေတဲ့ အယ်လိုဟင်နဲ့ဒရုန်းဇုန်တို့က သူတို့ဆီကလာနေတဲ့ ရဟတ်ယာဥ်တစ်စင်းကို ရေဒါပေါ်မှာအာရုံခံမိလိုက်ကြတယ်။ ဒရုန်းဇုန်က ရေဒါပေါ်က အနီစက်ကို ညွန်ပြလိုက်ရင်း အယ်လိုဟင်ကို သတိပေးလိုက်တယ်။

"အယ်လိုဟင်၊ တိုက်ပွဲနယ်မြေထဲကို တတိယအင်အားစုတစ်ခုလာနေတယ်။ အနောက်ရုရှားလား၊ မြူတန့်မဟာမိတ်လားတော့မသိဘူး။"

အယ်လိုဟင်က ခေါင်းညိတ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ "အနောက်ရုရှားက ဒီအဆင့်တိုက်ပွဲကို ဝင်မရှုပ်နိုင်တာသေချာတော့ ဒီလူတွေက မြူတန့်မဟာမိတ်ပဲ ဖြစ်လိမ့်မယ်။ တခြားသူတွေအနှောင့်အယှက်မဖြစ်အောင် ငါတို့ကိုင်တွယ်ကြတာပေါ့။"

All Chapters