← Chapters

ရှင်းပြချက် 

Vol. 163 Ch. 2318

ရှင်းပြချက် 

Vol. 163 Ch. 2318

စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက သိချင်နေခဲ့သည်။ ရီဖူရှင်းက မည်သည့်အတွက်ကြောင့် နတ်ဆိုးအင်ပါယာနှင့် ရင်းနှီးသည့် သူများအကြောင်း စုံစမ်းရသနည်း။

ထို့အပြင် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့် တစ်​ယောက်က မည်သည့်အတွက်ကြောင့် မူလဘုံသို့ ရောက်ရောက်ချင်း ရီဖူရှင်းကို လာရှာရပါသနည်း။

နတ်ဆိုးလောကမှ နတ်စစ်သူကြီးမေ့ထန်သည်လည်း ရီဖူရှင်းကို အတော်​လေး စိတ်ဝင်စားနေပုံရလေသည်။ အရာအားလုံး၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်အချို့ ရှိနေနိုင်သည်လား။

သို့သော် စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက ထိုအကြောင်း မမေးမြန်းခဲ့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြသည်။ ထိုလျှို့ဝှက်ချက်များက သူတို့နှင့် မပတ်သတ်သရွေ့ စုံစမ်းဖော်ထုတ်ရန် မလိုအပ်ပေ။ သူက ရီဖူရှင်း၏ မိတ်ဆွေဖြစ်လာချင်သည့်အတွက် ရီဖူရှင်းကို ဆန့်ကျင်မည့် မည်သည့်ကိစ္စကိုမှ လုပ်လိမ့်မည် မဟုတ်ပါချေ။ အခြားလူများ၏ လျှို့ဝှက်ချက်ကို တူးဆွခြင်းက လုံးဝ မလုပ်အပ်သည့် အပြုအမူပင် ဖြစ်သည်။

ဤနေရာ၌ လျှို့ဝှက်ချက်များ ရှိနေသည့်အတွက် လူသိနည်းလေ ပိုကောင်းလေ ဖြစ်သည်။ မည်သူကမှ သူတို့၏ အရာအားလုံးကို အခြားလူများရှေ့၌ ဖော်ထုတ်ချင်ကြလိမ့်မည် မဟုတ်ပေ။

"ရန်ဟောင်ရီမှာ တခြားမေးချင်တာ ရှိရင်လည်း လွတ်လွတ်လပ်လပ်  မေးလို့ရပါတယ်။" စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက အပြုံးနှင့် ပြောလိုက်သည်။ "ကျုပ်က ကောင်းကင်ဒေသမှာ အချိန်အကြာကြီး ကျင့်ကြံလာတာ။ ကျုပ် အများကြီး မသိရင်တောင် ကြားဖူးတာတော့ အများကြီး ရှိပါတယ်။" သူက စကားပြောရာ၌ အလွန် ရိုးသားပုံပေါ်လေသည်။

ရီဖူရှင်းက နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်ကို အနိုင်ယူခဲ့သည်။ တိုက်ပွဲက အရေးပါလှပြီး ရီဖူရှင်းက အနာဂတ်၌ ပို၍ပင် မြင့်မားသော အောင်မြင်မှုများ ရရှိမည်ဟု  ညွှန်ပြနေသည်။ သူက မဟာလမ်းစဥ်၏ နတ်ဘုရားကပ်ဘေးကို သေချာပေါက် ကြုံကြိုက်ရလိမ့်မည် ဖြစ်သည်။ ​ကောင်းကင်က သူ၏ အကန့်အသတ်ပင် ဖြစ်သည်။

ရီဖူရှင်းသည် တစ်ဖက်လူ၏  ကောင်းမွန်သည့် ဆန္ဒကို ခံစားမိပေသည်။ စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများ ယခု သူ့ကို ဆက်ဆံသည့် နည်းလမ်းက ယခင်ကနှင့် ကွဲပြားသွားသည်။ ဤအပြောင်းအလဲမှာ လက်ရှိ သူ၏ အဆင့်အတန်းနှင့် တိုးတက်လာသော စွမ်းရည်ကြောင့်ဖြစ်သည်။ အတိတ်ကာလ၌ စုန့်အင်ပါယာမြို့က သူ့ကို သူတို့၏ အတောင်အောက်တွင် ထည့်ကာ ထိန်းချုပ်ထားချင်ခဲ့ကြသည်။ ယခု သူတို့က သူနှင့် မိတ်ဆွေ ဖြစ်ချင်နေသည်။

မည်သို့ပင်ဖြစ်စေ ရီဖူရှင်းက နတ်ဆိုးလောက၏ အရေးကိစ္စများကို ထပ်မံမေး​မြန်းခြင်းမရှိတော့ပေ။ အဆက်မပြတ် မေးခွန်းထုတ်နေခြင်းက အလွန် သိသာသွားပေလိမ့်မည်။

"ဘုံအားလုံးက ကျင့်ကြံသူတွေ ဒီနေရာမှာ လာစုစည်းနေကြတယ်။ နတ်ဆိုးလောကရဲ့ ကျင့်ကြံသူတွေလည်း ရောက်လာတယ်ဆိုတော့ တခြားဘုံတွေက ကျင့်ကြံသူတွေလည်း ရောက်လာကြမှာပဲ။ ဟုတ်တယ်မလား။" ရီဖူရှင်းက ဆက်မေးလိုက်သည်။

"ဗုဒ္ဓဘုံက ကျင့်ကြံသူတွေကိုတော့ သေချာမသိဘူး။ ဒါပေမယ့် သူတို့လည်း ရောက်နေမယ် ထင်ပါတယ်။ အခုလက်ရှိ ကောင်းကင်ဘုံမှာ ဘာတွေ ဖြစ်နေလဲဆိုတာတော့ မသေချာဘူး။ လူသားဘုံအတွက်ကတော့ တချို့ကျင့်ကြံသူတွေ လာလောက်တယ်။" စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက ပြန်ဖြေလိုက်သည်။ "မှော်နက်လောကနဲ့ နတ္ထိဘုံရဲ့ ကျင့်ကြံသူတွေ အတွက်ကတော့ ပြောစရာကို မလိုပါဘူး။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်၌ မူလဘုံအတွင်းမှ အခြေအနေများက ပိုမို ပြင်းထန်လာခဲ့သည်။ ၎င်းက ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို သတိအနေအထား ဖြစ်သွားစေခဲ့သည်။ ထိပ်သီးအင်အားစုများက မူလဘုံသို့ အဆက်မပြတ် ရောက်လာနေကြသည်။ ထို့အပြင် သည်မတိုင်ခင်က နတ္ထိဘုံနှင့် မှော်နက်လောကမှ ကျင့်ကြံသူများလည်း တဖွဲဖွဲ ရောက်လာခဲ့ကြသည်။ ယခု နတ်ဆိုးလောကမှ ကျင့်ကြံသူများက ပေါ်ပေါက်လာကြပြီး နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်တစ်ယောက်ပင် မူလဘုံသို့ ရောက်လာခဲ့သည်။ ထို့ကြောင့် ရီဖူရှင်းက အခြားဘုံများမှ ကျင့်ကြံသူများ ရောက်လာကြခြင်းရှိမရှိကို ခန့်မှန်းကြည့်နေသည်။

သူသည် ယခင်က တိုက်ပွဲ၌ မည်သည်တို့ ဖြစ်ခဲ့သည်ကို သိချင်နေပေသည်။ မှော်နက်လောက၊ ကောင်းကင်ဒေသနှင့် နတ္ထိဘုံတို့သည် ပဋိပက္ခများစွာကို တွေ့ကြုံခဲ့ရဖူးသည်။ ဗုဒ္ဓဘုံသည် ကောင်းကင်ဒေသအတွင်းမှ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိပေသည်။ အရှင်ဒွန်ဟောင်သည် ယခင်က ဗုဒ္ဓဘုံတစ်ခွင်သို့ သွားကာ လမ်းစဥ် ရှာဖွေခဲ့ဖူးသည်။

ရီဖူရှင်းသည် ယူချင်းနှင့် သူ၏ ပတ်သတ်မှုကြောင့် ဗုဒ္ဓဘုံအကြောင်း ပို၍ သိရှိခဲ့သည်။ ထိုသည်ကို ကြည့်လျှင် နတ်ဆိုးလောကသည် အခြားမည်သည့် ဘုံနှင့်မှ ရင်းနှီးပုံမရပေ။ သို့သော် သူတို့သည် အခြား မည်သည့် ဘုံနှင့်မှလည်း မလိုမုန်းထားမှု မရှိပုံရသည်။ အနည်းဆုံး ယခုချိန်၌ ရီဖူရှင်း လေ့လာစူးစမ်းကြည့်၍ ရသမျှက ထိုမျှသာ ဖြစ်ပေသည်။

သူသည် ယခင်က ​ကောင်းကင်ဘုံမှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတစ်ယောက်နှင့် တွေ့ဆုံခဲ့ဖူးသည်။

လူသားဘုံအတွက်မူ သူသည် ယခုထိတိုင် မည်သည့် ဆက်သွယ်မှုမှ မရှိဖူးခဲ့ပါချေ။

ယခု လူသားဘုံမှ ကျင့်ကြံသူများလည်း မူလဘုံသို့ လာရောက်ကြလိမ့်မည်လား။

"စီနီယာ လူသားဘုံအကြောင်းများ သိထားသေးလား။" ရီဖူရှင်းက မေးလိုက်သည်။

စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက ပြန်ဖြေခဲ့သည်။ "ကျုပ် နည်းနည်းပဲ သိတယ်။ ရှေးဟောင်းကျမ်းစာတွေကနေပဲ အဓိက သိခဲ့ရတာ။ အရင်ကတော့ တချို့ စီနီယာတွေ ပြောဖူးတာ နည်းနည်း ရှိတယ်။ ကောလာဟလတွေအရဆို ကောင်းကင်လမ်းစဥ် ပြိုကျသွားပြီးတော့ ဖြစ်တည်လာတဲ့ အဓိကဘုံက လူသားဘုံပဲတဲ့။ အဲဒီကနေမှ နယ်မြေတွေ ပိုင်းခြားသွားပြီး နောက် နှစ်ပေါင်းအများကြီး ကြာတော့ ဒီနေ့ ကျုပ်တို့ မြင်နေရတဲ့ အရာတွေ ဖြစ်လာတာပဲ။ လူသားဘုံရဲ့ ဘိုးဘေးက အရှင်ဒွန်ဟောင်နဲ့ ရင်းနှီးတယ်လို့ ကြားဖူးတယ်။ အဲဒီလူက အရှင်ဒွန်ဟောင်ကို ကူညီခဲ့ဖူးတယ်။ လူသားဘိုးဘေးက နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့တယ်။ သူက ကြင်နာတတ်ပြီး လူများစွာရဲ့ လေးစားချစ်ခင်ခြင်းကို ခံရတယ်။ အရှင်ဒွန်ဟောင်ကလည်း သူ့ကို လေးစားမှုရှိတယ်။ ဒဏ္ဍာရီထိပ်သီးပုဂ္ဂိုလ် အနည်းငယ်က သူတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမရှိက ကျုပ် သိနိုင်တဲ့ကိစ္စမျိုးမဟုတ်ဘူး။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထိုပုဂ္ဂိုလ်များက နောက်ထပ်အဆင့်တစ်ခုတွင် ရှိနေခဲ့သည်။ သူတို့က အမှန်တကယ် အထွတ်အထိပ်၌ တည်ရှိနေခဲ့ပြီး ဖြစ်သည်။ သူတို့က လောက၏ အုပ်စိုးသူများ ဖြစ်ကြသည်။

သာမန်လူများက သူတို့ လေ့လာသိရသလောက်ကို အခြေခံ၍ ထိုထိပ်သီးအဆင့်များကြားမှ ပတ်သတ်မှုကို ခန့်မှန်းနိုင်ရုံသာ ဖြစ်သည်။ ထိုဒဏ္ဍာရီပုဂ္ဂိုလ်များသာလျှင် သူတို့ကြား၌ မည်သို့သော ပတ်သတ်မှုများ ရှိသည်ကို တိတိကျကျ သိရှိနိုင်ပေလိမ့်မည်။

သို့သော် ဟိုတစ်စဒီတစ်စ အချက်အလက်များကို အခြေခံ၍ ရီဖူရှင်းသည် အရှင်ဒွန်ဟောင်က အမှန်တကယ် ကြီးကျယ်ခမ်းနားလှသည့် သူရဲကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု အကြမ်းဖျင်းပြောနိုင်ပေသည်။ သူ့နာမည်ကျော်​ကြားခဲ့၍ နှစ်ပေါင်း သုံးရာ၊ လေးရာ ကြာပြီးနောက်၌ပင် သူသည် ခေတ်များကို လွှမ်းမိုးနိုင်ခဲ့သည့် မဟာအင်ပါယာများနှင့် တန်းတူညီနေဆဲ ဖြစ်သည်။ ထို့ပြင် အရှင်ဒွန်ဟောင်သည် ဗုဒ္ဓဘုံ၊ လူသားဘုံတို့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိပုံရသည်။

ယခင်က အရှင်ဒွန်ဟောင်သည် မည်သည့်အတွက်ကြောင့် အင်ပါယာရီချင်ကို ဆန့်ကျင်ခဲ့သနည်း။

"လောကမှာ မဟာအင်ပါယာ ခုနစ်ပါးပဲ ရှိတာလား။" ရီဖူရှင်းက ဆက်မေးလိုက်သည်။ ယခု လက်ရှိ ကျင့်ကြံရေးအဆင့်သို့ ရောက်လာသည့်အခါ သူက မသိသေးသည့် ကိစ္စများအကြောင်း ပိုမိုသိရှိလာရန် ဆန္ဒရှိပေသည်။ သူသည် ဤလောက၏ အမှန်တရားနှင့် လျှို့ဝှက်ချက်များကို သိရှိချင်သည်။ စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများက သူ့ထက်ပို၍ ရှင်းလင်းစွာ သိရှိပေလိမ့်မည်။

စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက အဓိပ္ပါယ်ပြည့်ဝသည့် အပြုံးတစ်ခု ထုတ်ဖော်ပြသလာသည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ "မဟာအင်ပါယာခုနစ်ပါးပဲ ရှိတာဆိုရင် အရင်က ရန်ဟောင်ရီ တွေ့ခဲ့ရတဲ့ စီဝေ့မဟာအင်ပါယာကိုရော သူတို့ထဲက တစ်ယောက်အဖြစ် ယူဆလို့မရဘူးလား။ မဟာအင်ပါယာရှန့်ရင်းကရော ဘယ်လိုလဲ။"

ရီဖူရှင်းက ထိုစကားများကို ကြားသည့်အခါ အတွေးနက်နဲသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူသည် ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို တွေးဆချင့်ချိန်နေသည်။

တစ်ဖက်လူက ဆက်လက်ပြောလိုက်သည်။ "လောကကြီးက အရမ်းကြီးတယ်။ နတ်ဘုရားတွေရဲ့ ခေတ်အတွင်းမှာ နေထိုင်ကြပြီး မဟာအင်ပါယာအဆင့်ကို ရောက်ရှိပြီးနောက် မဟာအင်ပါယာတွေက လျှို့ဝှက်ဆန်းကြယ်မှုများစွာကို ဖန်တီးနိုင်ခဲ့ကြတယ်။ သူတို့က တကယ် ကျဆုံးသွားရင်တောင် သူတို့ရဲ့ အမွေအနှစ်တွေကို ချန်ရစ်ထားနိုင်ခဲ့တာပဲ။ ဘယ်သူသိမှာလဲ။  လောကရဲ့ တစ်နေရာရာမှာ အသက်ရှင်နေသေးတဲ့ မဟာအင်ပါယာတချို့လည်း ရှိနေနိုင်တာပဲ။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ မဟာအင်ပါယာရှန်ကျား၊ စီဝေ့မဟာအင်ပါယာနှင့် မဟာအင်ပါယာရှန့်ရင်းတို့၏ တည်ရှိမှုက သူ့ကို ထိုကဲ့သို့ ခံစားမိစေရန် ပြုလုပ်နေသည်။ လောကတွင် ဆန်းကြယ်မှုများနှင့် လျှို့ဝှက်ချက်များစွာ ရှိသည်။ သူက အရာအားလုံးကို ချက်ချင်း နားလည်နိုင်ခြင်း မရှိပေ။

"ရှေးဟောင်းနတ်ဘုရားကလန်က နတ်ဘုရားတစ်ပါးရဲ့ အမွေအနှစ်တွေကို ဆက်ခံထားခဲ့တယ်လို့ ဆိုတယ်။ စုန့်အင်ပါယာမြို့ကရော ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ အင်အားစုတစ်ခုလို့ ဆုံးဖြတ်နိုင်လား။" ရီဖူရှင်းက မေးလိုက်သည်။

တစ်ဖက်လူက ခေါင်းယမ်းရင်း ပြောလာသည်။ "စုန့်အင်ပါယာမြို့မှာ မဟာအင်ပါယာ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ မဟာအင်ပါယာရဲ့ အမွေအနှစ်ကို မဆက်ခံနိုင်တော့ပါဘူး။ ဒါကြောင့် ကျုပ်တို့ကို ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ သတ်မှတ်မရတော့ဘူး။ အမှန်ဆိုရင် စီဝေ့မဟာအင်ပါယာရဲ့ စီဝေ့အင်ပါယာနန်းတော်လိုမျိုးကိုမှ ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောရလိမ့်မယ်။ သူက ပညာရပ်အမွေအနှစ်တွေကို ချန်ရစ်ပေးခဲ့တယ်။ ဒါကြောင့် သူတို့ကို ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်တယ်။ ဒါက အမှန်တော့ ပြီးခဲ့တဲ့ အကြောင်းအရာနဲ့ တူတယ်။ ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ အင်အားစုတွေကို ကံကောင်းတယ်လို့ ပြောနိုင်တယ်။ မဟာအင်ပါယာတွေက သူတို့ရဲ့ ပညာရပ်အမွေအနှစ်တွေကို ချန်ရစ်ခဲ့ပြီး အခုထိတိုင် လက်ဆင့်ကမ်းပေးနိုင်တယ်လေ။ စိတ်မကောင်းစရာနဲ့ မဟာအင်ပါယာအများစုက မဟာအင်ပါယာရှန့်ရင်းလိုမျိုး သမိုင်းကနေ တဖြေးဖြေး မေ့ဖျောက်ခံကြရတယ်။"

"နားလည်ပါပြီ။" ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ သို့ဆိုလျှင် ရှေးဟောင်းနတ်ဘုရားကလန်၌ မဟာအင်ပါယာ၏ အမွေအနှစ်များ ပိုင်ဆိုင်ကြပေသည်။ အမှန်တကယ်၌ သူတို့ကို ထိုမဟာအင်ပါယာများ၏ မျိုးဆက်များဟုပင် သတ်မှတ်နိုင်သည်။ သူတို့ကြား၌ ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်လာလျှင် သူတို့၏ လမ်းစဥ်ကို အမြင့်ဆုံးအဆင့်သို့ သက်သေပြရန် အခွင့်အရေး ရပေလိမ့်မည်။

သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက် ကောင်းကင်ဒေသ၌ မဟာအင်ပါယာအဖြစ် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင် နှစ်ယောက်သာ မွေးထုတ်ပေးနိုင်ခဲ့သည်။ ဤသည်မှာ လက်ရှိလောက၏ အခြေအနေကြောင့် ဖြစ်နိုင်ပေသည်။ အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့က ခမ်းနားကြီးကျယ်သည့် ကံကြမ္မာအခွင့်အလမ်းတို့ကို တွေ့ကြုံနိုင်သည့် အခွင့်အရေး မြင့်မားပေသည်။

"စီနီယာ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။" ရီဖူရှင်းက ပြောလိုက်သည်။

"ကျုပ် ပြောတာကို ရှင်းပြပေးတယ်လို့ သတ်မှတ်မရနိုင်ပါဘူး။ အရေးမကြီးတဲ့ အချက်အလက်တချို့ကို မျှဝေရုံလေးပါ။ ကျုပ် အခု မပြောပြခဲ့ရင်တောင် ရန်ဟောင်ရီ နောက်ပိုင်းကျ သိလာနိုင်ပါတယ်။ ကျုပ်ရဲ့ စကားတွေက ကျေးဇူးစကား​ပြောဖို့ သိပ်မထိုက်တန်ပါဘူး။" တစ်ဖက်လူက ပြောလိုက်သည်။ "ရန်ဟောင်ရီက အခု မူလဘုံကို ထိန်းချုပ်ထားတယ်။ နောက်နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ မူလဘုံက လောကသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။"

ရှင်းလင်းစွာပင် ထိုအကြီးအကဲက တစ်စုံတစ်ခုကို ရည်ညွှန်းနေခဲ့သည်။ သူ ရည်ညွှန်းသော လောကသစ်မှာ အမှီအခိုကင်းသည့် လောကတစ်ခု ​ဖြစ်လေသည်။

All Chapters