အင်အားစုအသစ်များ
Vol. 6 Ch. 19
မိနစ်အနည်းငယ်အကြာမှာတော့ ကိုင်းတိုက မီးတန်းနဲ့ ပစ်နေတာကို ရပ်လိုက်တယ်။ မြေပြင်က တွင်းချိုင့်ကြီးမှာ ကျောက်သားတွေတောင် အရည်ပျော်နေပြီမလို့ မြေပြင်မှာရဲရဲနီတဲ့ ချော်ရည်ပူတချို့စီးဆင်းနေပါတယ်။ လိပ်နက်ကတော့ တစ်ချိန်လုံး ကိုယ်ကိုကျုံပြီးခုခံနေခဲ့တာကြောင့် တွင်းရဲ့အလယ်မှာ မည်းတူးနေတဲ့ ကျောက်တုံးကြီးတစ်တုံးလိုမျိုး ရှိနေပါတယ်။
"သူသေပြီလား။" ဥစာကီက မေးလိုက်တယ်။ ဒါပေမဲ့ ကိုင်းတိုက ခေါင်းခါပြလိုက်ပြီး နောက်ထပ်မီးလှံတံတွေကို အသင့်ပြင်ထားတယ်။ လိပ်နက်မသေဆုံးသေးမှန်း မြေပြင်ကိုဆက်လက်စိုက်ကြည့်နေသေးတဲ့ ပန်းသီးလေးရှိနေတာကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။
ဆင့်ခေါ်ကောင်တွေက ပိုင်ရှင်ဖြစ်သူသေဆုံးတာနဲ့ သူတို့ပါ လိုက်သေဆုံးရမှာပါ။ ပြီးတော့ ကိုင်းတိုကလည်း လိပ်နက်ကို နှိမ်နင်းချင်ရုံနဲ့ အပြစ်မဲ့တဲ့ တခြားလူတစ်ယောက်ကို သတ်ချင်စိတ်ရှိမနေပြန်ဘူး။
"ကောင်လေးကို လွှတ်ပေးပြီး မင်းဘာသာမင်း ကောင်းကောင်းနေမလား။" ကိုင်းတိုက အတောင်ကိုခတ်ကာ လိပ်နက်နားကို ပျံသန်းသွားပြီး လိပ်နက်ရဲ့ခေါင်းကို ဆုပ်ကိုင်ကာမေးလိုက်တယ်။ မီးစွမ်းအားတွေက သူ့လက်အပြည့်စီးဆင်းနေပြီး လိပ်နက်ကို ဖောက်ခွဲပစ်ဖို့ အသင့်ဖြစ်နေပုံပဲ။
ဒါပေမဲ့ မီးသွေးလိုမည်းနက်နေတဲ့ လိပ်နက်ဆီက ရယ်သံသဲ့သဲ့ထွက်ပေါ်လာတယ်။ နောက်တော့ လိပ်နက်က အံ့ကိုကြိတ်ပြီး ပြောလိုက်ပါတယ်။
"တန်ဖိုးမရှိတဲ့ လူသားတွေအတွက် ငါ့ကိုယ်ငါစတေးပေးရလောက်တဲ့အထိ ငါ့နှလုံးသားက မင်းနဲ့နဂါးပြာလို မနူးညံ့ဘူး၊ ဖီးနစ်။"
ဝုန်း....။
ရုတ်တရက် လိပ်နက်ရဲ့အရွယ်အစားက နှစ်ဆနီးပါး ကြီးသွားတယ်။ ကိုင်းတိုကလည်း လိပ်နက်ရဲ့ခေါင်းကို ချက်ချင်းဖောက်ခွဲပစ်ဖို့ ကြိုးစားပေမဲ့ လိပ်ရဲ့အမြီးသုံးချောင်းက တစ်ခုနဲ့တစ်ခုပေါင်းစည်းသွားကာ မြွေတစ်ကောင်အဖြစ်ပြောင်းလဲသွားတယ်။
ရှီး....
မြွေက မာန်ဖီလိုက်ပြီး ကိုင်းတိုကို စတင်တိုက်ခိုက်တယ်။ ဒါကြောင့် ကိုင်းတိုက အတောင်ပံကိုအသုံးပြုကာ ဘေးကိုရှောင်ထွက်လိုက်ပြီး နောက်ကလူတွေကို သတိပေးလိုက်တယ်။
"လိပ်နက်ရဲ့အဆိပ်က မင်းတို့အတွက်အန္တရာယ်ရှိတယ်။ သာမန်လူတွေကို ချက်ချင်းလောင်ကျွမ်းသွားစေနိုင်တယ်။" ကိုင်းတိုက ပြောပြောဆိုဆိုနဲ့ မီးကြာပန်းတွေနဲ့ လိပ်နက်ကို နောက်ထပ်ခပ်ဝေးဝေးအထိ တွန်းထုတ်လိုက်တယ်။
"ဖီးနစ်၊ မင်းငါ့ရဲ့သားရဲအပြည့်ပုံစံကို အဲဒီလူသားခန္ဓာကိုယ်နဲ့ တားနိုင်မယ်ထင်နေတာလား။ မင်းရဲ့ပုံစံအစစ်ကို ထုတ်ပြစမ်း။"
ကိုင်းတိုက မီးကြာပန်းတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေပေမဲ့ လိပ်နက်က တဖြည်းဖြည်းပိုကြီးလာနေပြီဖြစ်ပြီး မီတာသုံးရာကျော်အထိ ကြီးထွားလာချိန်မှာတော့ မီးကြာပန်းတွေက လိပ်နက်ကို ထိရောက်တဲ့ ဖျက်ဆီးနိုင်စွမ်းမျိုး မဖော်ထုတ်နိုင်တော့ပါဘူး။
"သေစမ်း၊ ဖီးနစ်ကောင်။" လိပ်နက်က သူ့ပါးစပ်ကို ဟလိုက်တယ်။ အအေးဓာတ်ငွေ့တွေက အရပ်မျက်နှာတိုင်းကို ပြန့်နှံသွားပြီး ကိုင်းတိုကို လိပ်နက်ကြီးက ရေခဲတန်းတွေနဲ့ စတင်မှုတ်ထုတ်တယ်။
အိခဲဒက အလျင်အမြန်အေးခဲလာနေတဲ့ ရေခဲပြင်ကို ငုံကြည့်လိုက်တယ်။ လက်ရှိတိုက်ပွဲအခြေအနေက S rankတွေအတွက်တောင် အန္တရာယ်များလွန်းနေပါပြီ။ ဒါပေမဲ့ သူတို့ပြန်ဆုတ်ဖို့လည်း နောက်ကျသွားပြီ။ သူတို့ပတ်ဝန်းကျင်ဒေသတစ်ခုလုံးမှာ လေတွေအပြင်းအထန်တိုက်ခတ်နေပြီး လိပ်နက်ကနဲ့အနီးတစ်နေရာသာ မုန်တိုင်းမျက်လုံးအဖြစ် လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုဖြစ်ပေါ်နေပါတယ်။ အပြင်ဖက်က လေတွေက S rank တစ်ယောက်ကိုတောင် စက္ကန့်ပိုင်းအတွင်း ခဲသေအောင်လုပ်နိုင်တဲ့အထိ အင်အားပြင်းထန်တယ်။
"လိပ်နက်က ငါတို့ကို ထွက်ပြေးလို့မရအောင် လုပ်လိုက်တာပဲ။" အိခဲဒက ကိုင်းတိုနဲ့လိပ်နက်ရဲ့ပြင်းထန်တဲ့ တိုက်ပွဲကို ကြည့်ရှုနေရင်း ပြောလိုက်တယ်။ ဥစာကီကတော့ သူ့ဓားလက်ကိုင်က မိစ္ဆာမျက်လုံးကို ထိလိုက်ရင်း ပြောလိုက်တယ်။
"ပြန်ဆုတ်လို့မရဘူးဆိုမှတော့ လိပ်ကိုဖျက်ဆီးပစ်ရုံပဲ ရှိတော့တာပေါ့။" ရုတ်တရက် မီးတောက်သံကြိုးတွေက ဥစာကီရဲ့အရိပ်ထဲကနေ ထိုးထွက်လာပါတယ်။ အဲဒီသံကြိုးတွေက နယ်မြေအဖြစ်ပြောင်းမသွားဘဲ ဥစာကီရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးတွေအဖြစ် ပြောင်းလဲသွားတယ်။ မီးတောက်နက်အရိပ်တက်တူးတွေက ဥစာကီရဲ့ညာဖက်မျက်လုံးနားမှာ ကြက်ခြေအဖြစ်ဆုစုံသွားပြီး သူ့ခန္ဓာကိုယ်ကနေ ဆိုးယုတ်တဲ့အငွေ့အသက်တွေ ဖြာထွက်လာပါတယ်။ ဒီစွမ်းအားက ဥစာကီတစ်ကြိမ်မှ အသုံးမပြုဖူးသေးတဲ့ စွမ်းအားသစ်တစ်မျိုးပါ။
အိခဲဒလည်း မျက်ခုံးပင့်လိုက်တယ်။ အခုဆိုရင် သူ့မြေးဖြစ်သူက သူလုံးဝမမြင်ဖူးသေးတဲ့ တိုက်ကွက် တစ်ခုကို ထုတ်သုံးနေပြီမဟုတ်လား။
"သိပ်မကြာသေးခင်တုန်းက ကျွန်မညီမလေး တိုးတက်လာတာကို မြင်ခဲ့ရတယ်။ သူ့ကိုကာကွယ်ပေးမယ့် လူတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး နောက်ကျကျန်ရစ်နေလို့ဖြစ်မလဲ။"
Ultimate Skill: Cursed Warrior
ဥစာကီက ဓားကိုဆုပ်ကိုင်ပြီး လိပ်နက်ရှိရာကို တည့်တည့်ပြေးသွားတယ်။ သူ့အမြန်နှုန်းက မကြာခင်မှာဘဲ အသံမြန်နှုန်းကို ချိုးဖောက်သွားတယ်။ ဒါပေမဲ့ မြန်ဆန်ရုံတစ်ခုတည်းတင်မကဘဲ လှုပ်ရှားမှုတိုင်းက ခွန်အားအပြည့်ပါနေပါတယ်။
တစ်ဖက်မှာတော့ ကိုင်းတိုက မြွေခေါင်းကိုရှောင်ရှားရင်း လိပ်နက်ရဲ့ခန္ဓာကိုယ်ကို မီးတန်းတွေနဲ့ ပစ်ခတ်နေတယ်။ လိပ်နက်ကလည်း ကိုင်းတိုကို ရေခဲတွေနဲ့ပြန်လည်ပစ်ခတ်နေပြီး နှစ်ဖက်မျှခြေညီနေပါတယ်။ဒါပေမဲ့ တစ်ချက်သတိလစ်သွားချိန်မှာ မြွေက ကိုင်းတိုရဲ့လက်မောင်းကို ကိုက်မိလုနီးနီးဖြစ်သွားတယ်။
ထန်း....
ရုတ်တရက် မိန်းကလေးတစ်ယောက်ရဲ့အရိပ်က ကိုင်းတိုနားမှာပေါ်လာပြီး ဓားကိုပင့်တင်ကာ မြွေကိုပက်ထုတ်လိုက်တယ်။ မြွေရဲ့အကြေးခွံတွေက အတော်လေးမာပေမဲ့ မိစ္ဆာသတ်ဓားရဲ့ထက်ရှမှုကြောင့် အတော်နက်နက်အထိ ပြတ်ရှသွားပြီး သွေးတချို့ပန်းထွက်လာပါတယ်။
ကိုင်းတိုက လေထဲမှာဝဲပျံနေတဲ့ ဥစာကီကိုကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။ "မင်း...."
"ကိုင်းတို၊ ကျွန်မက မြွေခေါင်းကို တာဝန်ယူမယ်။ ရှင်က လိပ်ကိုအနိုင်ယူဖို့လုပ်။" ဥစာကီက တခြားစကားတွေ ပြောမနေတော့ဘဲ လိပ်ခွံပေါ်ကို ပြေးတက်သွားလိုက်တယ်။ လိပ်က အကြီးကြီးလုပ်ထားတာကြောင့် ခံစစ်ပိုင်းအရ အားသာသွားတယ်ဆိုပေမဲ့ ဥစာကီအတွက်တော့ ခြေချစရာနေရာပေးလိုက်သလိုပါပဲ။
ဥစာကီက လိပ်ခွံပေါ်ကနေတစ်ဆင့် မြွေရဲ့အမြီးရင်းနားရောက်သွားပြီး ဓားနဲ့ပိုင်းချလိုက်တယ်။ သွေးစတချို့ ထွက်လာတာကြောင့် မြွေလည်းဒေါသထွက်သွားပြီး ဥစာကီကိုလှည့်ကြည့်ကာ အဆိပ်ငွေ့တွေနဲ့ပန်းထုတ်လိုက်တယ်။ ဒါပေမဲ့ ဥစာကီကတော့ ပေါ့ပေါ့ပါးပါးပဲ ရှောင်ထွက်လိုက်တယ်။
"ဟေး၊ ငါနင့်ကို လိပ်ကိုယ်ကနေ လုံးလုံးခွဲထုတ်ပစ်နိုင်တယ်ဆိုတာယုံလား။" ဥစာကီက ဓားကိုမြှောက်လိုက်ရင်း မြွေအမြီးကို စိန်ခေါ်လိုက်တယ်။ မိစ္ဆာသတ်ဓားနဲ့ ခုတ်ပိုင်းလို့မရတဲ့အရာဆိုတာ မရှိသလောက်ပါပဲ။
တခြားဟီးရိုးတွေလည်း တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်တယ်။ ဖရာလီတာက ပထမဆုံးဥစာကီနောက်ကို လိုက်ဖို့ဆုံးဖြတ်တဲ့သူပါ။
"ငါတို့ထိုင်ပြီးငိုင်နေလို့မဖြစ်ဘူး။ အတူအနိုင်ယူကြတာပေါ့။" နောက်တော့ ဖရာလီတာက ဝါးဖရိန်ကို ထိန်းချုပ်ပြီး အမြန်နှုန်းနဲ့ လိပ်နက်နားကို ပျံသန်းသွားကာ ကိုင်းတိုကို ရေခဲတွေနဲ့ပစ်ခတ်နေတဲ့ လိပ်နက်ရဲ့ခေါင်းကို အလင်းဒြပ်စင်ဗုံးတွေနဲ့ ဆက်တိုက်ပစ်ခတ်တယ်။ အလင်းဗုံးတွေက တစ်ခုချင်းဆိုရင် လိပ်နက်ကို ဒုက္ခမပေးနိုင်ပေမဲ့ များပြားလာချိန်မှာတော့ လိပ်နက်ဟာ ရေခဲတွေကို ဆက်ပြီးမပစ်ခတ်နိုင်တော့ပါဘူး။ အိခဲဒနဲ့မာမွတ်တို့ကလည်း ပျံသန်းနေပြီဖြစ်ပြီး လိပ်နက်ကို တတ်နိုင်သမျှ အကောင်းဆုံးနှောင့်ယှက်နေတယ်။
"မလောက်လေးမလောက်စားတွေကများ။"
လိပ်နက်လည်း ဒေါသထွက်လာပြီး ခြေတစ်ချက်ဆောင့်လိုက်တယ်။ မြေပြင်တစ်ခုလုံးတုန်ခါသွားပြီး ရေခဲချွန်တွေက မြေကြီးထဲကနေ ထိုးထွက်လာကာ ဟီးရိုးအုပ်စုကို အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ တိုက်ကွက်တစ်ခုဖြစ်လာတယ်။ အိခဲဒကို ရေခဲချွန်တစ်ခုက ထိုးစိုက်ခါနီးဖြစ်သွားပေမဲ့ မာမွတ်က သဲလက်ကြီးတစ်ခုကို ဖန်ဆင်းပြီးလှမ်းကယ်လိုက်ပါတယ်။
ဖရာလီတာကလည်း လိပ်ခေါင်းကို တိုက်ခိုက်နေတာကိုရပ်ပြီး လိပ်ခွံနဲ့ခေါင်းအစပ်နားကို ရောက်သွားကာဝါးဖရိန်ကနေတစ်ဆင့် ကျောက်ဆူးတွေကိုထုတ်ပြီး လိပ်ရဲ့ခန္ဓာကိုယ်နဲ့ဝါးဖရိန်ကို တွဲဆက်လိုက်တယ်။
"လိပ်ကြီးရေ၊ နင်ဂဟေဆော်တာမြင်ဖူးလား။"
[Ultimate Skill: Dragon Blast]
ဝါးဖရိန်ရဲ့ရင်ဘတ်က ပွင့်လာပြီး လိပ်ကြီးရဲ့လည်ဂုတ်ကို အလင်းဒြပ်စင်စွမ်းအင်တန်းက စတင်ထိမှန်တယ်။ အတော်လေးအင်အားပြင်းထန်တဲ့ တိုက်ခိုက်မှုဖြစ်ပြီး လိပ်နက်ရဲ့အသားအရေဟာ ဖြည်းဖြည်းချင်းလောင်ကျွမ်းလာပါတယ်။ ဟီးရိုးအုပ်စုက လိပ်နက်ကို ချက်ချင်းအနိုင်မယူနိုင်ပေမဲ့ ထိခိုက်မှုသေးသေးလေးတွေကနေတစ်ဆင့် တတိတိနဲ့တိုက်စားသွားအောင် လုပ်နိုင်စွမ်းရှိနေဆဲပါ။
လိပ်နက်ကလည်း သူ့လည်ပင်းကို အလင်းဒြပ်စင်နဲ့အပစ်ခံနေရမှန်းသိတာကြောင့် ခါချဖို့လုပ်ပေမဲ့ ဖရာလီတာက ကျောက်ဆူးကြိုးတွေနဲ့ သူ့ကိုယ်ပေါ်မှာ အသေတွယ်ကပ်ပြီးနေပါပြီ။ ပုံမှန်ဆိုရင် မြွေက ဒီလိုတိုက်ကွက်မျိုးကို တားဆီးနိုင်စွမ်းရှိပေမဲ့ ဥစာကီက မြွေအမြီးကို အကြီးအကျယ်တိုက်ခိုက်နေတာကြောင့် အသုံးမဝင်တော့ပါဘူး။
"မင်းတို့တွေက ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီ ထင်နေကြတယ်ပေါ့လေ။"
"ဟား....."
လိပ်နက်က အော်ဟစ်လိုက်တယ်။ နှင်းမုန်တိုင်းကြီးက ရုတ်တရက်ပိုမိုပြင်းထန်လာပြီး လေပြင်းတွေက လေဓားသွားတွေအဖြစ်ကို ဆင့်ကဲပြောင်းလဲသွားစေတယ်။ လေဓားသွားတွေက အသိစိတ်ရှိသလို စတင်လှူပ်ရှားလာကြပြီး လိပ်နက်ကြီးရဲ့ခန္ဓာကိုယ်ကို တိုက်ခိုက်နေတဲ့ ဟီးရိုးတွေဆီ ပြေးဝင်လာပါတယ်။
ဟူး....
ပထမဆုံးလေပြင်းဓားချက်က ဖရာလီတာဆီကို တည့်တည့်ကြီးဝင်လာတယ်။ ဖရာလီတာက ဝါးဖရိန်ကို ထိန်းပြီးရှောင်လိုက်ပေမဲ့ ကျောက်ဆူးကြိုးတွေကို လေဓားချက်က ဖြတ်သွားတယ်။ ဒါ့အပြင် လေဓားက သူနဲ့အတော်လေးနီးကပ်တာမလို့ အေးစိမ့်တဲ့လေတွေကပါ ဝါးဖရိန်ကိုလာဟပ်ကာ ဝါးဖရိန်တစ်ဝက်လောက်အထိ ရေခဲတွေဖုံးလွှမ်းသွားတယ်။ တိုက်ရိုက်သာထိမှန်မယ်ဆိုရင် ဝါးဖရိန်ခန္ဓာကိုယ်က တောင့်ခံနိုင်ရင်တောင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိလောက်တဲ့အထိ အေးခဲသွားမှာပါ။
"မကောင်းတော့ဘူး၊ လေပြင်းဓားတွေမှာ ရေခဲဓာတ်ပါတယ်။ တတ်နိုင်သမျှ မထိအောင်ရှောင်ကြ။"
ဒါပေမဲ့ ဖရာလီတာသတိပေးတဲ့အချိန်က နည်းနည်းနောက်ကျနေပါပြီ။ လေဓားသွားတွေက မြန်လွန်းပြီး သူတို့ရှေ့မှာတင် အာရပ်ဟီးရိုးမာမွတ်ကို ထိမှန်သွားတယ်။ မာမွတ်က အော်ချိန်တောင်မရလိုက်ဘဲ တစ်ကိုယ်လုံး ရေခဲရုပ်ထုအဖြစ်ပြောင်းသွားပြီး တစ်စစီကွဲကြေသွားတယ်။
ဖရာလီတာက မကျေမနပ်ရေရွတ်လိုက်တယ်။ "သေစမ်း၊ အခုအော့စမန်အိမ်တော်ကို ငါတို့ဘယ်လိုရှင်းပြရမှာလဲ။ သူတို့မှာ မာမွတ်တစ်ယောက်ပဲရှိတာလေ။"
ဒါပေမဲ့ သူတို့မှာများများစားစား တွေးဖို့အချိန်မရလိုက်ပါဘူး။ နောက်ထပ် လေဓားချက်တွေ ထပ်လာနေပြီဖြစ်ပြီး ခံစစ်ဖွဲ့ဖို့က အရေးကြီးနေပါပြီ။
....
ရေခဲမုန်တိုင်းကြီးအပြင်ဘက် ခပ်ဝေးဝေးလွင်ပြင်တစ်နေရာမှာတော့ ဝတ်ရုံနက်ကြီးခြုံထားတဲ့ လူတစ်ယောက်ရပ်နေပါတယ်။ မဟုတ်သေးဘူး၊ လူလို့ပြောရင် မတိကျရာရောက်တယ်။ အဲဒီခြေနှစ်ချောင်းနဲ့ မတ်တပ်ရပ်နေတဲ့ သတ္တဝါမှာ နူးညံ့တဲ့အနက်ရောင်အမွှေးတွေရှိနေပြီး ကန့်လန့်ပုံမျက်သူငယ်အိမ်နဲ့ ရှည်လျားတဲ့ နှုတ်ခမ်းမွှေးတို့ရှိနေပါတယ်။ နားရွက်တွေကလည်း ထူးဆန်းတဲ့အနေအထားနဲ့ ထောင်နေပြီး ခြေထောက်မှာတော့ ကောင်းဘွိုင်ဖိနပ်စီးထားတယ်။ ဒါပေါ့၊ ကောင်းဘွိုင်ဦးထုပ်လည်း စောင်းပေမဲ့ လေကတအားပျင်းလွန်းလို့ လက်တစ်ဖက်နဲ့ဖိထားရတယ်။
နောက်ပြီး သူ့လက်မှာအမွှေးတွေရှိနေကာ ထက်ရှတဲ့ လက်သည်းတွေကိုလည်း မြင်နေရပါတယ်။ အဲဒီထူးဆန်းတဲ့လူ (ဝါ) ကြောင်နက်က လေမုန်တိုင်းထဲကို သေချာစိုက်ကြည့်ရင်း သက်ပြင်းချလိုက်တယ်။
"ငါက ဒီလိုအရှုပ်ထုတ်တွေထဲမှာ ဝင်မပါဘဲနေချင်တယ်ဆိုပေမဲ့ ကြည့်ရတာ ကျားဖြူမျိုးနွယ်ရဲ့သမိုင်းပေးတာဝန်ကို ရှောင်ရှားလို့မရတော့ဘူးထင်တယ်။"
အဲဒီနောက် ကြောင်နက်က လေမုန်တိုင်းဆီကို စတင်ပြီး ဦးတည်ပြေးသွားလိုက်တယ်။ ကောင်းဘွိုင်ဦးထုပ်ကို သူဂရုမစိုက်တော့တာကြောင့် ဦးထုပ်က မြက်ခင်းပြင်ပေါ် ပြုတ်ကျသွားတယ်။ ကြောင်က ဦးထုပ်အစား သူ့အိတ်ထဲကနေ နောက်ထပ်ထူးဆန်းတဲ့ ကပွဲမျက်နှာဖုံးကိုထုတ်လိုက်ပြီး မျက်နှာမှာတပ်လိုက်တယ်။ အဲဒီနောက် သူ့ခန္ဓာကိုယ်ကနေ မိုးကြိုးတွေအများကြီး ဖြာထွက်လာပြီး သူ့မြန်နှုန်းကလည်း အသံထက်အဆပေါင်းများစွာ မြန်ဆန်သွားတော့တယ်။
....
စစ်သင်္ဘောပျံကြီးက စစ်ရဟတ်ယာဥ်ဆင်းတဲ့နေရာရှေ့မှာ ရပ်လိုက်တယ်။ ရဟတ်ယာဥ်ပေါ်က ဆင်းလာတဲ့ စစ်ပွဲနှင်းဆီကလည်း စစ်သင်္ဘောကြီးကို မော့ကြည့်လိုက်တယ်။ ဒါပေမဲ့ နည်းနည်းလေးမှ ကြောက်တဲ့ပုံမရဘူး။ သူ့နောက်မှာ S rank ဗီလိန်တွေရှိနေပြီး ကမ္ဘာ့အင်အားအကြီးဆုံးဗီလိန်အဖွဲ့ခေါင်းဆောင်အနေနဲ့ စစ်သင်္ဘောလေးတစ်ခုကို ကြောက်စရာမရှိပါဘူး။
အယ်လိုဟင်က မြေပြင်မှာရှိနေတဲ့အဖွဲ့ကို ကြည့်လိုက်ပြီး ချက်ချင်းမှတ်မိသွားတယ်။ အဲဒီနောက် သူက အင်တာကွန်းကိုဖွင့်ပြီး ပြောလိုက်ပါတယ်။
"ကြေးစားစစ်တပ်ကလူတွေ၊ ဒီနေရာက ငြိမ်းချမ်းရေးမဟာမိတ် မစ်ရှင်လုပ်နေတဲ့နေရာပဲ။ မင်းတို့ထွက်သွားရင်ကောင်းမယ်။"
ဒါပေမဲ့ စစ်ပွဲနှင်းဆီကတော့ လက်ပိုက်ပြီးရယ်မောလိုက်တယ်။ အဲဒီနောက် စစ်သားတစ်ယောက်ကို လက်ကိုင်လော်စပီကာယူခိုင်းလိုက်ပြီး ကောင်းကင်ပေါ်က စစ်သင်္ဘောကို လှမ်းအော်တယ်။
"နင်တို့စစ်သင်္ဘောက နည်းပညာမြင့်တယ်ဆိုတော့ ငါပြောတာကို ကြားရတယ်မဟုတ်လား။ ဒီနေရာက ငါတို့မြူတန့်မဟာမိတ်ရဲ့တရားစီရင်ခွင့်ထဲမှာဟဲ့။ ငါတို့ကသာ နင်တို့ကို ထွက်သွားခိုင်းရမှာ။"
တကယ်လည်း မြူတန့်မဟာမိတ်က ရုရှားမှာခြေချနေတာဖြစ်ပြီး ငြိမ်းချမ်းရေးမဟာမိတ်က တမင်ကျူးကျော်ပြီး မစ်ရှင်လုပ်နေတာပါ။ အယ်လိုဟင်က အချိန်အတော်ကြာတဲ့အထိ ဘာမှမပြောတော့ စစ်ပွဲနှင်းဆီက ခြေတစ်လှမ်းထပ်တိုးလာတယ်။
"နင်တို့တွေ ငါတစ်ကနေ တစ်ဆယ်အထိရေလို့မှ ရှေ့ကမဖယ်ဘူးဆိုရင် ငါ့အဆိုးမဆိုနဲ့။"
ဒီစကားကြောင့် အတူပါလာတဲ့ စီစီလီယာက မျက်မှောင်ကြုတ်လိုက်ပြီး ကားလ်ကိုပြောတယ်။ "ငြိမ်းချမ်းရေးမဟာမိတ်မှာ အာကိုင်းဂါမီ ကိုင်းတိုပါတယ်မဟုတ်လား။ ငါတို့အင်အားနဲ့ဆိုရင်တောင်မှ သူရှိနေရင် ငြိမ်းချမ်းရေးမဟာမိတ်ကို ငါတို့မနိုင်နိုင်ဘူးမဟုတ်လား။"
ကိုင်းတိုက S rankတွေထဲမှာ စွမ်းအားအကြီးဆုံးဖြစ်တာကြောင့် အခုမှS rankဖြစ်လာတဲ့ မြူတန့်မဟာမိတ်က ငချွန်လေးတစ်ခု အနိုင်ယူနိုင်တဲ့လူမျိုးမဟုတ်ပါဘူး။ စစ်ပွဲနှင်းဆီကိုယ်တိုင်က သာမန်S rankတွေထက် အစွမ်းထက်ပေမဲ့ ကိုင်းတိုရဲ့အဆင့်တော့ မရောက်သေးပါဘူး။ အရိပ်သခင်အတွက်လည်း အတူတူပါပဲ။
ဒါပေမဲ့ စစ်ပွဲနှင်းဆီကတော့ ယုံကြည်ချက်ရှိစွာနဲ့ နံပါတ်စဥ် စရေတွက်နေပါပြီ။ "တစ်.... နှစ်... သုံး... လေး...."
ကားလ်ကတော့ သက်ပြင်းချလိုက်ပြီး စီစီလီယာကို ပြန်ဖြေပေးလိုက်တယ်။ သူက စစ်သင်္ဘောနဲ့ခပ်ဝေးဝေးမှာရှိနေတဲ့ လေမုန်တိုင်းကြီးကို လက်ညိုးထိုးပြတယ်။
"ငါတို့နဲ့ နည်းနည်းဝေးသေးပေမဲ့ အဲဒီနေရာမှာ အဆင့်မြင့်မြူတန့်တွေ တိုက်ပွဲဖြစ်နေတာဖြစ်လိမ့်မယ်။ ဆိုလိုတာက သူတို့်လိပ်နက်နဲ့ တိုက်ပွဲဖြစ်နေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ တစ်နည်းအားဖြင့် သင်္ဘောပျံပေါ်မှာ အဆင့်မြင့်မြူတန့်တွေ ရှိမနေဘူး။"
စီစီလီယာလည်း မေးပေါ်ကိုလက်တင်ပြီး စဥ်းစားကြည့်တယ်။ သင်္ဘောအခွံလွတ်သက်သက်ဆိုရင် သူတို့နဲ့ပါလာတဲ့လူတွေကို နှိမ်နင်းဖို့မဖြစ်နိုင်ပါဘူး။ ကားလ်က နံပါတ်စဥ်ဆက်လက်ရေတွက်နေတဲ့ စစ်ပွဲနှင်းဆီကိုကြည့်လိုက်ပြီး ဆက်ပြောတယ်။
"ငါတို့တာဝန်က ငြိမ်းချမ်းရေးမဟာမိတ်ကို နှောင့်ယှက်ရုံပဲ။ သူတို့လိပ်နက်ကို မသတ်နိုင်ရင် သူတို့အကြံပျက်စီးသွားပြီး ဂုဏ်သိက္ခာထိခိုက်လိမ့်မယ်။ အခွင့်အရေးရရင်တော့ ငါတို့က လိပ်နက်ကိုသတ်ပြီး သူတို့အကြံကရမယ့် အကျိုးရလဒ်ကိုခိုးယူမယ်၊ မသတ်နိုင်တော့လည်း ငါတို့အတွက်ဘာဆိုးကျိုးမှမရှိဘူး။"
တကယ်တော့ မြူတန့်မဟာမိတ်ရဲ့ဗီလိန်တွေက အခွင့်အရေးသမားစစ်စစ်တွေပါ။ စစ်ပွဲနှင်းဆီက ဂဏန်းရေတွက်နေတာ တစ်ဆယ်ပြည့်လုနီးပြီ။ အယ်လိုဟင်ကတော့ စိတ်မရှည်တော့ဘဲ ရှိသမျှလက်နက်တွေနဲ့ ချိန်ပြီးဦးအောင်ပစ်လိုက်တယ်။
ဒိန်း... ဒိန်း... ဒိန်း.... ဒိန်း....
အမြောက်ကျည်ဆန်တွေနဲ့ဒုံးကျည်တွေက မြေပြင်မှာရှိနေတဲ့ မြူတန့်တပ်ဖွဲ့ဆီကို ဦးတည်ဝင်လာပါတယ်။ ဒါပေမဲ့ လီနာနဲ့လီရာတို့အမြွှာနှစ်ယောက်က အမိန့်ပေးစရာမလိုဘဲ ကြိုတင်လေ့ကျင့်ထားတဲ့အတိုင်း လှုပ်ရှားလိုက်ကြတယ်။
သူတို့နှစ်ယောက်က လူအုပ်ရှေ့ကိုထွက်ပြီး ကပွဲခန်းမထဲမှာ ကနေသလိုမျိုး ကိုယ်ကိုတစ်ဖက်လှည့်ကာ လက်ကလေးတွေကို ကြွကြွရွရွလေးမြှောက်လိုက်တယ်။
များပြားလှတဲ့ ရေစက်တွေက စက္ကန့်ပိုင်းအတွင်းမှာတင် ရေလုံးကြီးတွေအဖြစ် ဖွဲ့စည်းသွားပြီး လက်နက်တွေကို လေထုထဲမှာတင် ရိုက်ချကာ လမ်းကြောင်းလွှဲပစ်လိုက်တယ်။ လက်နက်တွေက ပေါက်ကွဲသွားပေမဲ့ ပစ်မှတ်ကိုလုံးဝမထိမှန်ခဲ့ဘူး။ ပြီးတော့ ဒီတိုက်ကွက်က အမြွှာတွေရဲ့သာမန်တိုက်ကွက်ပဲ ရှိပါသေးတယ်။
ကားလ်က ဒီမြင်ကွင်းကိုမြင်တော့ ပြုံးလိုက်ပြီး စီစီလီယာကို ထပ်ပြောလိုက်တယ်။ "ပြီးတော့ ဒီတိုက်ပွဲမှာ အခရာကျတာက ငါတို့လိုအရိုးအိုကြီးတွေမဟုတ်ဘူး။ အဲဒီဟာမလေးနှစ်ယောက်ပဲ။"
စစ်သင်္ဘောပေါ်မှာရှိနေတဲ့ အယ်လိုဟင်နဲ့ဒရုန်းဇုန်တို့လည်း မျက်ခုံးပင့်လိုက်ကြတယ်။ ရန်သူ့S rank အရေအတွက်က သူတို့ကိုင်တွယ်နိုင်တာထက် ပိုများတယ်ဆိုတာ သိလိုက်ရချိန်မှာတော့ အယ်လိုဟင်က ထိန်းချုပ်ခန်းမှာရှိနေတဲ့ အရေးပေါ်ခလုတ်တစ်ခုကို ဖိနှိပ်လိုက်တယ်။
တီး...တီး...တီး....
စစ်သင်္ဘောအတွင်းမှာ အရေးပေါ်မီးတွေလင်းလာပြီး စစ်သင်္ဘောကို အလင်းဒြပ်စင်ဒိုင်းကြီးက ချက်ချင်းဖုံးအုပ်သွားတယ်။ လူတူစက်ရုပ်မိန်းကလေးတွေကလည်း မျက်လုံးဖွင့်လာပြီး တိုက်ပွဲဝင်ဖို့အတွက် အသင့်ဖြစ်နေပါပြီ။
စစ်နတ်သမီးစက်ရုပ်အုပ်က စက္ကန့်အနည်းငယ်အကြာမှာပဲ စစ်သင်္ဘောအပြင်ကို ထွက်လာကြတယ်။ ဒါပေမဲ့ သူတို့တာဝန်က တိုက်ခိုက်ဖို့မဟုတ်ဘဲ သင်္ဘောကိုကာကွယ်ဖို့ပါ။ အယ်လိုဟင်က လက်နက်တွေကိုလည်း ပြန်ကျည်ဖြည့်လိုက်တယ်။
"ကြည့်ရတာ ဒီတိုက်ပွဲက အတော်လေးပြင်းထန်မယ့်ပုံပဲ။" အယ်လိုဟင်က ပြောလိုက်တယ်။ ဒရုန်းဇုန်ကလည်း ထိန်းချုပ်ခန်းက ခုံအပိုမှာဝင်ထိုင်ပြီး ခေါင်းညိတ်လိုက်တယ်။ သူလည်းဝင်ကူမှဖြစ်မှာပါ။
စစ်ပွဲနှင်းဆီကတော့ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ ဧရာမသင်္ဘောပျံကြီးကိုကြည့်ပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးမျိုးပြုံးကာ ပြောလိုက်တယ်။
"တကယ့်ကို အထင်ကြီးစရာပဲ။"