← Chapters

မှတ်ဉာဏ်များ

Vol. 6 Ch. 20

မှတ်ဉာဏ်များ

Vol. 6 Ch. 20

ကြောင်က ဆက်တိုက်ပြေးတယ်။ ပြေးနေရင်း သူ့တစ်ကိုယ်လုံးကို လျှပ်စီးတွေဖုံးလွှမ်းသွားပြီး အရွယ်ကလည်း စက္ကန့်ပိုင်းအတွင်းမှာတင် နှစ်ဆကြီးထွားသွားတယ်။

ဝှစ်... ဝှစ်... ဝှစ်....

သာမန်လူတစ်ယောက်ထက် နှစ်ဆကြီးနေပြီဖြစ်တဲ့ ကြောင်က ရေခဲမုန်တိုင်းကြားထဲကို တိုးဝင်သွားတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မာကြောလှတဲ့ ကြွက်သားတွေ ပြည့်နှက်နေပြီး သံမဏိနဲ့တည်ဆောက်ထားသလို ထင်ရပါတယ်။

လေပြင်းဓားတွေကလည်း ကြောင်တစ်ကောင်မုန်တိုင်းထဲဝင်လာတာကို သတိထားမိသွားပြီး ဆင်းသက်လာပါတယ်။ ဒါပေမဲ့ ကြောင်က အလွယ်တကူပဲ ရှောင်ရှားလိုက်ပြီး ရှေ့ကိုဆက်တိုးတယ်။ ရှေ့ဆက်တိုးလေ လေက ပိုပြင်းထန်လေဖြစ်ပေမဲ့ သူက ကိုယ်ကိုကွေးလိုက်ပြီး တစ်ဟုန်ထိုးဆက်ပြေးတယ်။ နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်က လေပြင်းတွေကို ဖောက်သွားပြီး မုန်တိုင်းမျက်လုံးထဲ ရောက်သွားတယ်။

"ကဲကဲ... ကြည့်ရတာ အခြေအနေကောင်းတဲ့ပုံမပေါ်ပါလား။"

လိပ်နက်ရဲ့လေပြင်းဓားသွားတွေကြားထဲ အသက်မသေအောင် ရှောင်ပြေးနေရတဲ့ ဥစာကီနဲ့တခြား S အဆင့်တွေကိုတွေ့တော့ ကြောင်နက်က သက်ပြင်းချကာ လက်ကိုမြှောက်တယ်။ သူ့လက်ချောင်းထိပ်မှာ ခရမ်းရောင်မိုးကြိုးတွေ စုစည်းနေပြီး လျှပ်စီးစက်ကွင်းအဖြစ်ကို ဖွဲ့တည်လို့နေတယ်။ အဲဒီနောက် မိုးကြိုးစက်ကွင်းက ကျယ်ပြန့်သွားပြီး မုန်တိုင်းမျက်လုံးထဲမှာရှိနေတဲ့ လေဓားသွားတွေကို တန်ပြန်တိုက်ထုတ်လိုက်တယ်။

ဘုန်း....။

လေပြင်းဓားသွားအတော်များများ ပေါက်ကွဲပျက်စီးသွားပြီး တိုက်ပွဲဝင်နေတဲ့သူတွေအဖို့ အန္တရာယ်ကင်းတဲ့ တစ်ခဏတာကို ဖန်တီးပေးလိုက်တယ်။ လူတွေအားလုံးလည်း ကြောင်ကိုလှည့်ကြည့်လိုက်တာပေါ့။ ဒါပေမဲ့ ဒီကြောင်က ဘယ်ကလာတဲ့သူလည်းဆိုတာ အတော်များများမသိကြဘူး။ ဥစာကီကတော့ ဒီသောက်ကျိုးနည်းကြောင်ကိုမြင်တာနဲ့ နှုတ်ခမ်းကို ကိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

"သောက်ကြောင်စုတ်၊ ရှင်ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ။"

S rankအားလုံး အန္တရာယ်နဲ့ကြုံနေခဲ့ရပေမဲ့ ကိုင်းတိုနဲ့လိပ်က အန္တရာယ်ကင်းကင်းရှိနေသေးပြီး တစ်ယောက်နဲ့တစ်ယောက် အသေအလဲတိုက်နေကြဆဲပါ။ ဥစာကီလည်း ကြောင်ကိုရင်းနှီးတယ်ဆိုပေမဲ့ ဆက်မပြောအားသေးဘူး၊ လိပ်နက်ရဲ့မြွေအမြီးက သူ့ကိုပြန်ပြီး တိုက်စစ်ဆင်လာလို့ဖြစ်ပါတယ်။

ဖရာလီတာလည်း ကြောင်ကိုတစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်ပေါ်ကို လေမှာပေါ်လောပေါ်နိုင်တဲ့ အလင်းဒြပ်စင်ဗုံးတွေကို ရာနဲ့ချီပြီး ပစ်တင်လိုက်တယ်။ ကြောင်ရဲ့လျှပ်စီးစက်ကွင်းက လေပြင်းဓားတွေကို ဖယ်ထုတ်လိုက်ပေမဲ့ လေပြင်းဓားအသစ်တွေက ဆက်ဝင်လာနေဆဲပါ။ ဖရာလီတာရဲ့အလင်းဗုံးတွေက အသစ်ဝင်လာတဲ့ လေပြင်းဓားတချို့ကို ဖောက်ခွဲပစ်လိုက်တယ်။ အခု S rankအုပ်စုကို ကာကွယ်ပေးထားတဲ့ အလင်းဗုံးတံတိုင်းကြီး အသက်ဝင်နေပါပြီ။

"တောင်ဖြိုဓားသိုင်း: ကြယ်ကြွေ။"

ရှောင်ရှားဖို့မလိုတော့တဲ့ အိခဲဒက မြေးဖြစ်သူနားကို ပျံဝဲရောက်ရှိလာပြီး နှစ်ယောက်လုံးက တောင်ဖြိုဓားသိုင်းရဲ့အမြန်ဆုံးတိုက်ကွက်ကို တစ်ပြိုင်နက်တည်း ထုတ်သုံးတယ်။ ဓားနှစ်လက်နဲ့လူတွေဟာ မိုးထက်က ကြယ်တာရာတစ်စင်း ကြွေကျလာသလိုမျိုး လျင်မြန်စွာလှုပ်ရှားရင်း မြွေအမြီးကို လိပ်နက်ခန္ဓာကိုယ်ကနေ လုံးဝပိုင်းဖြတ်ပစ်လိုက််တယ်။

"ဂါး... ဂါး.... ဂါး....." မြွေအမြီးရဲ့ခေါင်းက နာကျင်စွာနဲ့ အော်ဟစ်လိုက်တယ်။ လိပ်နက်မှာ အမြီးမရှိတော့ဘူး။ ဒါပေမဲ့ လိပ်နက်အမြီးရဲ့ဓားဒဏ်ရာက ချက်ချင်းပြန်စေ့သွားပြီး လုံးဝအမှီအခိုကင်းတဲ့ မြွေတစ်ကောင်ဖြစ်သွားတယ်။

"အခုဒီမြွေက သီးခြားသတ္တဝါဖြစ်သွားပြီလို့ ဆိုလိုတာလား။" ဥစာကီက မျက်ခုံးပင့်လိုက်တယ်။ မြွေက အလွယ်တကူသတ်လို့ရမယ့်ပုံမပေါ်ဘူး။ ဒဏ်ရာတွေ ပြန်ကောင်းလာပြီဖြစ်တဲ့မြွေက အမောက်ထထောင်တယ်။

လိပ်အမြီးမဟုတ်တော့တဲ့အတွက် ပိုပြီးလွတ်လပ်စွာလှုပ်ရှားနေပြီး ပိုပြီးခြိမ်းခြောက်မှုလည်း ရှိမယ့်ပုံပဲ။ ဥစာကီနဲ့အိခဲဒက အဆိုးဆုံးအတွက် ပြင်ဆင်တဲ့အနေနဲ့ လိပ်ခွံပေါ်ကနေ ဆင်းပြီး လေထဲမှာ ပျံဝဲနေလိုက်တယ်။

"ကြည့်ရတာ အကူအညီလိုနေပုံပဲ။" ကြောင်နက်က လျှပ်စီးတစ်ခုအသွင်နဲ့ ဥစာကီတို့ရှေ့မှာပေါ်လာပြီး မြွေကိုခေါင်းကနေ ဖမ်းကိုင်လိုက်တယ်။ လှုပ်ရှားမှုက သွက်လတ်လွန်းပြီး မြွေတောင်မှ ရုန်းကန်နိုင်စွမ်းမရှိခဲ့ဘူး။ နောက်တော့ ကြောင်နက်ရဲ့လက်ဖဝါးက လျှပ်စီးတွေနဲ့တောက်ပလာပြီး မြွေတစ်ကိုယ်လုံး တိန့်လိမ်နေတယ်။

ဖောက်... ဖောက်... ဖောက်...

ပြင်းထန်လွန်းတဲ့ လျှပ်စစ်စီးကြောင်းကြောင့် မြွေကိုယ်က အကြေးခွံတွေ ပေါက်ပေါက်ဖောက်သလိုမျိုး အသံမျိုးစုံထွက်ပြီး ကျွတ်ထွက်ကုန်တယ်။ နောက်တော့ မြွေမလှုပ်တော့ဘူး။ သေသွားပြီဆိုတာ အသိသာကြီးရယ်။

ဥစာကီနဲ့အိခဲဒတို့လည်း လေပေါ်မှာပျံဝဲမနေတော့ဘဲ မြေပြင်ပေါ်ကို ဆင်းလာတယ်။ ကြောင်နက်ကတော့ လိပ်နက်နဲ့အသည်းအသန်တိုက်ခိုက်နေတဲ့ ကိုင်းတိုကို ကြည့်လိုက်ပြီး ခေါင်းညိတ်တယ်။ အခုလောလောဆယ် ဖရာလီတာက လေဓားတွေကိုတားဖို့ အလုပ်ရှုပ်နေပြီး ဥစာကီနဲ့အိခဲဒက မြွေနဲ့အလုပ်ရှုပ်နေခဲ့တာပါ။

"ဖီးနစ်နဲ့လိပ်နက်ရဲ့တိုက်ပွဲပေါ့။ ဒါပေမဲ့ ငါမပါတော့ ပျင်းစရာကောင်းသားပဲ။ ကလိုက်ကြရအောင်။"

ကြောင်နက်က လက်သီးကိုဆုပ်လိုက်တယ်။ သူ့လက်သီးတွေမှာ စွမ်းအားအပြည့်ပါဝင်နေပြီး မိုးကြိုးလျှပ်စီးတွေ စတင်စုဝေးလာနေတယ်။ ပြင်းထန်လွန်းတဲ့ လျှပ်စီးစွမ်းအားတွေကြောင့် သူ့အနားက မြေပြင်တောင် စတင်အက်ကွဲလာနေပြီ။ အဲဒီနောက် သူစပြေးတယ်။ လူတိုင်းရဲ့မြင်ကွင်းကနေ ပျောက်သွားတယ်။

"ရို့၊ ဖီးနစ်..."

ရုတ်တရက် နောက်ကနေ ခေါ်လိုက်တဲ့အသံကြောင့် ကိုင်းတိုလှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ နောက်မှာဘာမှရှိမနေဘဲ သူ့ဘေးနားမှာရပ်နေတဲ့ ကြောင်နက်တစ်ကောင်ကိုသာ တွေ့ရတယ်။ သူတို့က အသံမြန်နှုန်းထက် ကျော်လွန်ပြီးလှုပ်ရှားနေတာကြောင့် ကြောင်ရဲ့စကားသံကို ကိုင်းတိုကြားချိန်မှာ ကြောင်က အဲဒီနေရာမှာရှိမနေတော့ဘဲ တခြားနေရာကိုရောက်နေပါပြီ။

"သေစမ်း...."

ဘုန်း... ဘုန်း.... ဘုန်း.....

ကြောင်က ဧရာမလိပ်နက်ကြီးရဲ့ဝမ်းဗိုက်အောက်ကိုဝင်သွားပြီး လက်သီးချက်သုံးချက်နဲ့ ဆက်တိုက်ပင့်ထိုးလိုက်တယ်။ လက်သီးချက်တွေ ကျဆင်းသွားပြီးမကြာခင်မှာပဲ လေထုပေါက်ကွဲသံနဲ့လျှပ်စီးချက်တွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ပြန့်နှံသွားတယ်။

"မဖြစ်နိုင်တာ..." လိပ်နက်လည်း မျက်လုံးပြူးသွားတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က လေပေါ်မြောက်နေပြီဖြစ်လို့ နောင်တရနေလဲအပိုပါပဲ။ အားလုံးရဲ့ရှေ့မှာတင် လိပ်က မီတာသုံးရာအထိမြောက်တက်သွားတယ်။

ကြောင်နက်ကလည်း ခုန်တက်လိုက်တယ်။ အခုဆိုရင် သူ့အမြန်နှုန်းက မြန်လွန်းလို့ ဒါဇင်နဲ့ချီတဲ့အရိပ်တွေကိုသာ မြင်ရတယ်။ ကြောင်နက်က တစ်ချိန်တည်းမှာ စကားတွေလည်းမနားတန်းပြောနေသေးတယ်။ ဒါပေမဲ့ သူ့ပုံရိပ်က တအားမြန်လွန်းပြီး စကားလုံးတွေကတော့ နောက်ကျနေတယ်။

"အသံမြန်နှုန်းလေးဆအစွမ်းကို ကြိုက်လားကွ၊ လိပ်စုတ်။ မင်းခန္ဓာကိုယ်အကြီးကြီးနဲ့ ဒီလိုမသွားနိုင်ဘူးမဟုတ်လား။ သေလိုက်တော့။"

စကားဆုံးတာနဲ့ အရိပ်တွေအားလုံးက တစ်ပြိုင်နက်တည်း လိပ်နက်ကိုထိုးချလိုက်တယ်။ လက်သီးချက်တွေက အများကြီးဖြစ်ပေမဲ့ တစ်ခုနဲ့တစ်ခုကြား သိပ်ပြီး ကွာဟချက်မရှိတာကြောင့် အားလုံးရဲ့မျက်လုံးထဲမှာ လိပ်နက်က ကိုယ်ပွားတွေအများကြီးပွားပြီး လျှပ်စီးလက်သီးတစ်ဒါဇင်လောက်နဲ့ ထိုးချလိုက်တယ်လို့ကို ထင်ရတာ။ သာမန်မြူတန့်တစ်ယောက်ဆိုရင်တော့ ဒီလိုတိုက်ကွက်မျိုးအတွက် နာမည်ရှိနေမှာပဲ။ ဒါပေမဲ့ ကြောင်နက်ကတော့ နာမည်ပေးမထားဘူး။ ပေးဖို့အကြံကုန်နေလို့တဲ့။

လက်သီးချက်တွေ လိပ်နက်ကိုထိမှန်သွားချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး နှေးကျသွားသလိုပဲ။ အင်အားပြင်းထန်လှတဲ့ လျှပ်စစ်စက်ကွင်းကြီးက တစ်ကီလိုမီတာပတ်လည်အထိ ပြန့်နှံသွားပြီး လိပ်နက်ဖန်တီးထားတဲ့ လေမုန်တိုင်းကိုပါ လုံးဝပျက်ပြယ်သွားစေတယ်။

နောက်တော့ လိပ်နက်ရဲ့လိပ်ခွံက အက်ကွဲသွားပြီး စူးစူးဝါးဝါးအော်သံကြီး ထွက်ပေါ်လာပါတယ်။ အဲဒီနောက်တော့ လိပ်နက်ရဲ့ခန္ဓာကိုယ်က ချက်ချင်းကျုံဝင်သွားပြီး လူငယ်လေးတစ်ယောက်အဖြစ်ကို ပြောင်းလဲကာ မြေပြင်ပေါ်ကို ပြုတ်ကျလာတယ်။

တစ်ချိန်တည်းမှာပဲ တိုက်ပွဲကိုကြောင်ကြည့်နေခဲ့တဲ့ ပန်းသီးလေးက ပြေးလာပြီး ဖရန့်ရဲ့ခန္ဓာကိုယ်ကို လေထဲမှာတင် ဖမ်းယူထားလိုက်တယ်။ ကိုင်းတိုလည်း အနားကိုရောက်လာပြီး စူးစမ်းကြည့်ပါတယ်။

ဖရန့်က သိပ်ကိုအားနည်းတဲ့အခြေအနေမှာရှိနေပြီး အချိန်မရွေးသေဆုံးတော့မလိုပဲ။ ဒါပေမဲ့ ပန်းသီးလေးက သူ့ဒဏ်ရာတွေကို အမြန်ဆုံးကုသပေးနေတဲ့အတွက် တဖြည်းဖြည်းတည်ငြိမ်လာပါတယ်။

ကိုင်းတိုက မျက်မှောင်ကြုတ်လိုက်ပြီး ဖရန့်ကိုကြည့်ကာ ပြောလိုက်တယ်။ "ကြည့်ရတာ မင်းစွမ်းအားတွေအပြည့်ရသေးတဲ့ပုံမပေါ်ဘူး။" သူ့စကားက ဖရန့်ကို ဦးတည်ပြီးပြောတာမဟုတ်မှန်း အသိသာကြီးပါ။

ကြောင်နက်ကတော့ အနားရောက်လာပြီး လက်သီးကိုဆန့်ထုတ်လိုက်တယ်။ ဖရန့်ကို လုံးဝသတ်ဖြတ်ပစ်ဖို့ သူဆုံးဖြတ်ထားပြီး ဖြစ်တဲ့ပုံပါပဲ။ လျှပ်စီးစွမ်းအင်တွေက စုစည်းသွားပြီး ဖရန့်နဲ့ပန်းသီးလေးပေါ်ကို ကျဆင်းသွားတော့မယ့်အချိန်မှာပဲ ကိုင်းတိုက ကြောင်ရဲ့လက်ကို ဖမ်းဆွဲလိုက်တယ်။ သူ့မျက်လုံးတွေက ဒေါသထွက်နေတာ အသိသာကြီးပါ။

ကြောင်နက်က ဒီစကားကိုကြားတော့ သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ ရယ်မောလိုက်တယ်။ အဲဒီနောက် ကိုင်းတိုကို အဖြေပြန်ပေးတယ်။

"သားရဲဝိညာဥ်ကို မထိန်းချုပ်နိုင်တဲ့သူက ငါတို့ထဲကတစ်ယောက် ဖြစ်ခွင့်မရှိဘူး၊ ဖီးနစ်။"

တခြားလူတွေလည်း ရောက်လာကြပြီ။ ပန်းသီးလေးကတော့ ဖရန့်ကိုသယ်သွားပြီး ထွက်ပြေးဖို့ ကြိုးစားနေတယ်။ ဖရာလီတာက ပန်းသီးလေးကိုတားလိုက်ပြီးပြောတယ်။

"ပန်းသီးလေး၊ ငါတို့က သူ့ကိုကူညီပေးချင်ရုံပါ။"

မူလကတော့ သူတို့တာဝန်က လိပ်နက်ကို သတ်ဖြတ်ဖို့ဖြစ်ပေမဲ့ လိပ်နက်က ဖရန့်ကိုယ်ထဲမှာဖြစ်ကြောင်း သူတို့သိလိုက်ရပါပြီ။ ဒါကြောင့် သူတို့အနေနဲ့ လိပ်နက်ကိုသတ်မယ်ဆိုရင် ဖရန့်ကိုသတ်မှဖြစ်မှာပါ။

ပန်းသီးလေးကတော့ လူတွေရဲ့မျက်နှာကိုကြည့်ရင်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူးဖြစ်နေတယ်။ ဖရန့်လည်း ပြန်သတိရလာပြီး သွေးတချို့ကို အန်ထုတ်လိုက်တယ်။ သူရထားတဲ့ ဒဏ်ရာတွေက သိပ်ပြင်းပါတယ်။ ကြောင်နက်ကတော့ ကိုင်းတိုလက်ထဲကနေ ရုန်းထွက်လိုက်ပြီး ပြောပါတယ်။

"မင်းတို့က သားရဲဝိညာဥ်မထိန်းချုပ်နိုင်တဲ့သူကို ကာကွယ်ပေးချင်နေတာလား။ မင်းတို့ရူးနေကြပြီပဲ၊ ငါမပါရင် မင်းတို့သူ့ကို အနိုင်မယူနိုင်မှာမဟုတ်ဘူး။ နောက်တစ်ကြိမ် လူကြားထဲမှာ လိပ်နက်ထပ်သောင်းကျန်းရင် ဘာဖြစ်သွားမှာထင်လဲ။"

ကြောင်နက်က လိပ်သောင်းကျန်းတဲ့ သတင်းတွေကို တစ်ချိန်လုံးသတင်းကနေ ကြည့်နေခဲ့တဲ့သူပါ။ ဒါကြောင့် သူက လိပ်နက်ကို လုံးဝသဘောမကျဘူး။ ကိုင်းတိုကတော့ ဆန့်ကျင်တယ်။

"ဒီလူငယ်လေးသာ ကြိုးစားမယ်ဆိုရင် ဖြစ်နိုင်ခြေရှိသေးတယ်၊ ကျားဖြူ။"

ကိုင်းတိုကလည်း ကြောင်နက်ရဲ့သရုပ်မှန်ကို သတိထားမိသွားပုံပဲ။ ကြောင်နက်က ကျားဖြူဝိညာဥ်ရဲ့သယ်ဆောင်သူပါ။ ဒါကြောင့်လည်း သူ့စွမ်းအားက သိပ်ကိုကြီးမားနေပြီး လိပ်နက်ကို အနိုင်ယူနိုင်ခဲ့တာပါ။ ကျားဖြူက ခွန်အားနဲ့အမြန်နှုန်းအရာမှာ အားအကောင်းဆုံးမဟုတ်လား။

ဒါပေမဲ့ ကြောင်နက်ကတော့ ခေါင်းကိုခါယမ်းလိုက်ပါတယ်။ သူလက်ခံပုံမရဘူး။

"ကြည့်ရတာ ငါတို့တွေ သဘောထားမတိုက်ဆိုင်ဘူးပဲ၊ ဖီးနစ်။ မင်းတားနိုင်ရင်တားလေ။"

ကြောင်နက်က ချက်ချင်းအမြန်နှုန်းကို ချိုးဖောက်ပြီး ဒဏ်ရာကြောင့်မလှုပ်ရှားနိုင်ဖြစ်နေတဲ့ ဖရန့်ဆီကို ဦးတည်သွားတယ်။ ကိုင်းတိုကလည်း တောင်ပံခတ်ပြီး ကြောင်ကိုတားဖို့လုပ်တယ်။ ဒါပေမဲ့ ပစ်မှတ်က အနီးအနားမှာရှိနေတာဖြစ်ပြီး ကိုင်းတိုကနောက်မှလိုက်တာဖြစ်တာမလို့ တစ်ပန်းရှုံးနေပါတယ်။

"သေလိုက်တော့၊ လိပ်နက်။" ကြောင်နက်က လျှပ်စီးအပြည့်နဲ့ လက်သီးချက်နဲ့အတူ ဖရန့်ကိုတိုက်ခိုက်ဖို့ကြိုးစားတယ်။ ပန်းသီးလေးက သစ်သားတံတိုင်းတွေကို ဆက်တိုက်ဖန်တီးပြီး တားဆီးပေမဲ့ အချည်းအနှီးပါပဲ။ ကြောင်နက်လိုပြိုင်ဖက်မျိုးကို သူ့မှာရင်ဆိုင်နိုင်တဲ့ ခွန်အားမျိုးရှိမနေဘူး။

နောက်ဆုံးတော့ ဖရန့်နဲ့ကြောင်နက်ကြားမှာ ခြေငါးလှမ်းစာပဲ ကွာခြားတော့တယ်။ ပန်းသီးလေးမှာ တခြားနည်းလမ်းမရှိတော့တဲ့အတွက် လက်သီးချက်ကို သူ့ခန္ဓာကိုယ်နဲ့တားဆီးဖို့ ဆုံးဖြတ်ကာ ရှေ့မှာဝင်ရပ်လိုက်တယ်။

"ပန်းသီးလေး..."

ဒဏ်ရာကြောင့် မလှုပ်ရှားနိုင်ဖြစ်နေတဲ့ ဖရန့်လည်း အဲဒီမြင်ကွင်းကို မြင်နေရတယ်။ ပန်းသီးလေးက သူ့ဘဝမှာ နောက်ဆုံးကျန်တဲ့ တစ်ခုတည်းသော အလင်းရောင်ပါ။

ဖရန့်က မြေပေါ်ကနေ ကုန်းထပြီး ပန်းသီးလေးကို ဆွဲဖယ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူ့ရဲ့လှုပ်ရှားမှုတွေက သာမန်လူတွေထက်တောင် နှေးနေတာကြောင့် သူလှုပ်ရှားဖို့တွေးနေချိန်မှာပဲ လက်သီးချက်က ပန်းသီးလေးပေါ်ကို ကျရောက်လာတော့မှာပါ။ အခြေအနေက မျှော်လင့်ချက်မဲ့လုနီးနီးပါး။

"ငါတကယ်ပဲ ဘာမှမလုပ်နိုင်တော့ဘူးလား။"

ရုတ်တရက်၊ ဖရန့်ရဲ့ခန္ဓာကိုယ်ကို အမှောင်ထုတစ်ခုက ဖုံးလွှမ်းသွားတယ်။ မွန်းကျပ်ပြီး မျှော်လင့်ချက် ကင်းမဲ့နေတဲ့ခံစားချက်မျိုး။ သူ့စိတ်ဝိညာဥ်ကို တစ်ခုခုက ဆွဲယူသွားသလိုမျိုး ခံစားချက်မျိုး။

....

သူမျက်လုံးဖွင့်လိုက်တယ်။ အခုသူက တခြားတစ်ယောက်လို ဖြစ်နေပြီး သူ့ရှေ့မှာ စားလို့ကောင်းပုံမရတဲ့ ဟင်းရွက်ကြော်ပန်းကန်နဲ့ ထမင်းပန်ကန်လုံးလေးတစ်ခုရှိနေတယ်။ သူ့လက်တွေက သေးငယ်နေပြီး ကလေးမလေးတစ်ယောက်ရဲ့နူးညံ့တဲ့ လက်ကလေးတွေလိုပဲ။

'ငါဘာဖြစ်သွားတာလဲ၊ သေပြီးနောက်ဘဝကိုရောက်နေတာလား။' ဖရန့်ဒီလိုတွေးမိပေမဲ့ ကလေးမလေးရဲ့ခန္ဓာကိုယ်ကို သူထိန်းချုပ်လို့မရဘူး။

"ဘာဖြစ်လို့လည်း ညီမလေး၊ စားလို့မကောင်းလို့လား။" ဒီစကားကြောင့် ကောင်မလေးက ဘေးကိုလှည့်ကြည့်လိုက်တယ်။ ငယ်ရွယ်ပေမဲ့ တစ်ခေါင်းလုံးဖြူဖွေးနေကြတဲ့ ညီအစ်ကိုနှစ်ယောက်ကို သူတွေ့လိုက်ရတယ်။ သူတို့နှစ်ယောက်က အတော်လေးတန်ဖိုးကြီးမယ့်ပုံပေါ်တဲ့ ရှေးခေတ်တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားကြပြီး သူ့ကိုခင်မင်တဲ့မျက်နှာမျိုးနဲ့ ကြည့်နေကြတာ။

နည်းနည်းကြီးတဲ့ ကောင်လေးရဲ့မျက်လုံးထဲမှာထင်နေတဲ့ ပုံရိပ်ကနေတစ်ဆင့် ဖရန့်က သူ့ကိုယ်သူ ဆံပင်အနက်နဲ့ ချစ်စရာကလေးမလေးတစ်ယောက်ကိုယ်ထဲရောက်နေမှန်း သတိထားမိလိုက်တယ်။

အဲဒီနောက် ကောင်မလေးရဲ့ခန္ဓာကိုယ်အပူချိန်က ရုတ်တရက် ထိုးကျသွားပြီး ပတ်ဝန်းကျင်ကို အအေးဓာတ်တွေ ကူးစက်သွားတယ်။ အကြီးလေးနှစ်ယောက်က စိုးရိမ်ပြီး ကောင်မလေးလက်ကိုဆွဲကာ အိမ်ခန်းမကြီးအပြင်ဖက်က အခြားအခန်းတစ်ခန်းဆီကို ခေါ်သွားပြီး တံခါးခေါက်တယ်။

"ဆရာမချန်၊ အားမိန်ထပ်ပြီးဖျားနေပြန်ပြီ။"

မကြာခင်မှာပဲ အခန်းတံခါးပွင့်သွားပြီး ယဥ်ယဥ်လေးနဲ့လှတဲ့ အမျိုးသမီးတစ်ယောက် ထွက်လာပြီး ကလေးမလေးရဲ့အခြေအနေကို ကြည့်တယ်။ နောက်တော့ ထူးဆန်းတဲ့ဆေးရည်ပူပူကို သူ့ကိုသောက်ခိုင်းတယ်။

စံအိမ်ငယ်လေးက နေ့စဥ်ဘဝက အတော်လေးပျော်စရာကောင်းပါတယ်။ နေ့တိုင်း ညီအစ်ကိုနှစ်ယောက်နဲ့ကလေးမလေးက စာသင်ရပြီး ဥယျာဥ်ထဲ အတူဆော့ကစားကြတယ်။ ကလေးမလေးက ခဏခဏနေမကောင်းဖြစ်တတ်ပေမဲ့ ထူးဆန်းတဲ့ ဆေးရည်ပူပူကို သောက်ပြီးပြန်ကောင်းလာတတ်တယ်။ ဒါပေမဲ့ နေမကောင်းတာက ကလေးမလေးကြီးလာလေ ပိုပြီးခပ်စိပ်စိမ်ဖြစ်လာလေပါပဲ။

တစ်နေ့တော့ ကလေးမလေး တစ်ယောက်တည်းဆော့နေတုန်း ဆရာမချန်နဲ့ညီအစ်ကိုနှစ်ယောက် လူရှင်းတဲ့ စာကြည့်ခန်းထဲမှာ ဆွေးနွေးနေတဲ့စကားတွေကို ကြားသွားတယ်။

"မင်လန်ကျီ၊ မင်ဖောင်း။ မင်းတို့ညီမလေးရဲ့စည်းတံဆိပ်က ပိုပိုပြီးအားနည်းလာပြီ။ သူအသက်၁၂ နှစ်ပြည့်မွေးနေ့ကလည်း မကြာခင်ရောက်လာတော့မှာ။ အဲဒီအချိန်ကျရင် သူ့ခန္ဓာကိုယ်ထဲ မကောင်းဆိုးဝါးလွတ်လာပြီး၊ လူတွေအားလုံးကို ဒုက္ခပေးလိမ့်မယ်။ မင်းတို့ဘာလုပ်မယ်စဥ်းစားထားလဲ။"

မင်လန်ကျီဆိုတဲ့ အကြီးကောင်လေးက ပြန်ဖြေလိုက်တယ်။ "ကျွန်တော် အဲဒီချိပ်ပိတ်စည်းထဲက မကောင်းဆိုးဝါးကို သတ်နိုင်တဲ့သိုင်းပညာထွင်မယ်။"

...

အဲဒီနောက် ထိုကောင်လေးက သေခြင်းရှင်ခြင်းမရဏအပ်ပညာလို့ခေါ်တဲ့ သိုင်းပညာတစ်ခုကို ကိုယ်တိုင်တီထွင်ပြီးလေ့ကျင့်တယ်။ ဆရာဖြစ်သူက ကူညီပေးပေမဲ့ သိပ်အများကြီးကူညီမပေးရဘဲ အောင်မြင်သွားတယ်။ ဒီအပ်သိုင်းပညာက အအေးဓာတ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီး ပြောင်းပြန်လှန်ပစ်နိုင်တာကိုပါ သတိထားမိတယ်။

အဲဒီနောက်တော့ အချိန်ရောက်လာတယ်။ လကွယ်နေ့တစ်ညမှာ ဆရာမချန်နဲ့ညီအစ်ကိုနှစ်ယောက်က တစ်ကိုယ်လုံးကနေ ရေခဲငွေ့တွေထွက်နေတဲ့ ကောင်မလေးကို လခြမ်းပုံသဏ္ဍာန်ရှိတဲ့ ရေကန်ဆီကို ခေါ်ထုတ်လာတာ ဖရန့်တွေ့ရတယ်။

အဲဒီနောက်တော့ ကောင်လေးက ကလေးမလေးကို ရေကန်အစပ်မှာထားပြီး ခန္ဓာကိုယ်ထဲကို အပ်တွေစိုက်သွင်းတယ်။ ဖရန့်က အပ်စိုက်သွင်းတဲ့ပညာကို သေချာမှတ်သားကြည့်တယ်၊ ဒီအပ်တွေက တကယ်ပဲရေခဲစွမ်းအားတွေကို အတိုင်းအတာတစ်ခုအထိ ချုပ်နှောင်ပြီး အသုံးပြုနိုင်စွမ်းရှိနေတယ်မဟုတ်လား။

အဲဒီနောက်တော့ ကလေးမလေးရဲ့အမြင်တွေက စတင်ဝေဝါးလာပြီး အအေးဓာတ်က အရပ်မျက်နှာတိုင်းကို ပြန့်နှံသွားတယ်။ အပ်သိုင်းက ထိန်းချုပ်နိုင်တာထက်ကိုပေါ့။ နောက်ပိုင်းဘာဆက်ဖြစ်တယ်ဆိုတာ ဖရန့်မသိနိုင်တော့ပေမဲ့ မြင်ကွင်းနောက်တစ်ဖန် ပြန်ရှင်းလင်းသွားချိန်မှာတော့

အကြီးကောင်လေးက ဓားကိုကိုင်ပြီး ကလေးမလေးတစ်ဖက်မှာ ရပ်နေတယ်။ အနီးအနားမှာတော့ ဖရန့်ရင်းနှီးနေပြီးဖြစ်တဲ့ လိပ်နက်ရဲ့ရေခဲစွမ်းအားနဲ့ခဲသေနေတဲ့ လူတွေကိုတွေ့ရတယ်။ ဆရာမချန်နဲ့ညီအငယ်လေးကိုလည်း မတွေ့ရတော့ဘူး။ ကလေးမလေးရဲ့ဝမ်းနည်းမှုက ဖရန့်ဆီကို ကူးစက်လာတယ်။

ကလေးမလေးရဲ့လက်တွေက လှုပ်ရှားလာပြီး အကြီးကောင်လေးကို ရေခဲတွေနဲ့စတင်တိုက်ခိုက်တယ်။ ကလေးမလေးက ဖြစ်ပျက်နေတာတွေကို ရပ်ချင်ပေမဲ့ ရပ်တန့်လို့မရဘူး။ ကလေးမလေးရဲ့ရင်ထဲမှာ ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်လာပြီး ဖရန့်ဆီကိုတောင် အဲဒီဝမ်းနည်းမှုတွေက ကူးစက်လာတယ်။

နောက်ဆုံးတော့ လူငယ်လေးက ထူးဆန်းတဲ့ဓားသိုင်းတစ်မျိုးကို စတင်အသုံးချပြီး ကလေးမလေးကို အနိုင်ယူလိုက်နိုင်တယ်။ ဖရန့်ကတော့ ဒီဓားသိုင်းကို အကြီးကောင်လေး အမြဲလေ့ကျင့်နေတာကို မြင်ဖူးတယ်။ သိုင်းရဲ့နာမည်ကိုတော့ဖရန့်မသိပေမဲ့ ကောင်လေးက အစောပိုင်းက အပ်သိုင်းနဲ့ဓားသိုင်းကို ပေါင်းစည်းလိုက်နိုင်ပုံပဲ။ လိပ်နက်ရဲ့ရေခဲစွမ်းအားကို တန်ပြန်ယူသုံးပြီး အကြီးကောင်လေးက ကလေးမလေးရဲ့အရိုးတွေအားလုံးကို ချိုးဖျက်ပစ်လိုက်နိုင်တယ်။

ဒါပေမဲ့ ကလေးမလေးက လိပ်နက်ရဲ့တည်ရှိမှုကြောင့် သေဆုံးမသွားသေးဘူး။ အဲဒီအစား နာကျင်စွာညည်းညူရင်း အကြီးကောင်လေးကို မော့ကြည့်လိုက်တယ်။

"အစ်ကိုကြီး.... အဲဒါက အရမ်းနာတာပဲ။ ကျေးဇူးပြုပြီးတော့..... ကျေးဇူးပြုပြီးတော့...."

ကောင်လေးရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာတယ်။ နောက်တော့ မလှုပ်ရှားနိုင်တော့တဲ့ ကလေးမလေးနားကိုကပ်လာပြီး ဓားသိုင်းရဲ့နောက်ဆုံးအကွက်နဲ့ ကလေးမလေးရဲ့နှလုံးကို ဓားနဲ့စိုက်သွင်းလိုက်တယ်။ ကလေးမလေးရဲ့အသိစိတ်က တဖြည်းဖြည်းဝေဝါးလာပြီး သူ့ရဲ့နောက်ဆုံးစကားကို ပြောလိုက်တယ်။

"ကျေးဇူးတင်ပါတယ်...."

All Chapters