← Chapters

-

Vol. 6 Ch. 21

-

Vol. 6 Ch. 21

ဖရန့် မျက်လုံးဖွင့်လိုက်တယ်။ ထင်ထားတဲ့အတိုင်းပဲအပြင်မှာ အချိန်သိပ်ကုန်မသွားသေးဘူး။ ကြောင်ရဲ့လက်သည်းက ပန်းသီးလေးပေါ်ကို ကျလုဆဲဆဲအချိန်မှာပဲ ရှိနေသေးတယ်။ ဖရန့်က ဟိုဆံပင်ဖြူနဲ့ကောင်လေး အသုံးပြုခဲ့တဲ့ အပ်သိုင်းပညာကို ပြန်တွေးပြီး မြေပြင်ကို ညာလက်နဲ့ဆုပ်ကိုင်လိုက်တယ်။

သူ့ညာလက်က မြေကြီးထဲမှာကျန်နေသေးတဲ့ နောက်ဆုံးအသက်ဓာတ်တွေကို စုပ်ယူပစ်လိုက်တာကြောင့် ဆယ်ပေပတ်လည်မြေဆီလွှာက သုံးမရအောင်ခြောက်သွ့သွားပြီ။ တစ်ဖက်မှာလည်း ဖရန့်က ပြန်လှုပ်ရှားဖို့ ခွန်အားအနည်းငယ်ရရှိလာတယ်။

ရရှိလာတဲ့ အသက်စွမ်းအားကို အသုံးပြုပြီး ဖရန့်က အသံမြန်နှုန်းကိုချိုးဖျက်ကာ ပန်းသီးလေးရှေ့ကို ရောက်သွားတယ်။ သူ့ကိုယ်သူလည်း ဘယ်လိုကနေ ဘယ်လိုဒီလောက်ကြီးမားတဲ့ စွမ်းအားမျိုးကို ထုတ်သုံးနိုင်တာလဲမသိပေမဲ့ အနည်းဆုံးတော့ ဒီခွန်အားက လိပ်နက်ရဲ့အစွမ်းလိုမဟုတ်ဘဲ သူထိန်းချုပ်နိုင်တဲ့စွမ်းအားပါ။

ဖရန့်က သူ့လက်ဝါးကိုဆန့်ထုတ်လိုက်တယ်။ သူ့ရဲ့ထူးဆန်းတဲ့အိပ်မက်ထဲက ကောင်လေးလိုမျိုး အပ်မပါပေမဲ့ သူ့လက်ဝါးက အပ်လိုမျိုးအလားတူအလုပ်လုပ်နေတယ်။ ကြောင်နက်ရဲ့လျှပ်စီးလက်သီးနဲ့သူ့ရဲ့သေခြင်းရှင်ခြင်းလက်ဝါးက ထိပ်တိုက်ထိတွေ့မိသွားတယ်။

ရှီး....

လျှပ်စီးတန်းက ဖရန့်ရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီး သူ့ရဲ့ဘယ်ဘက်လက်ထဲမှာ ကြောင်နက်ရဲ့တိုက်ကွက်နဲ့ တစ်ပုံစံတည်းတူတဲ့ လျှပ်စီးလက်သီးကိုဖရန့်ဖန်တီးလိုက်နိုင်တယ်။ အဲဒီနောက် ကြောင်အနေတဲ့ ကြောင်ရဲ့ရင်ဘတ်ကို ထိုးချလိုက်တယ်။

ဘုန်း....

"အား....." ကြောင်နက်က နာကျင်စွာနဲ့ အော်ဟစ်လိုက်ပြီး မီတာဒါဇင်နဲ့ချီ မြေပြင်မှာတရွတ်တိုက်ဆွဲပါသွားတယ်။ ဖရန့်ကတော့ သူရရှိထားတဲ့ စွမ်းအားအကုန်ကို သုံးလိုက်ရပြီဖြစ်တာကြောင့် တစ်ကိုယ်လုံးဖြူဖပ်နေပြီး လဲကျတော့မလိုဖြစ်နေပေမဲ့ ပင်ပန်းမှုကို အံ့တုပြီး မတ်မတ်ရပ်နေတယ်။

"တော်လောက်ပြီ၊ ငါ့ရှေ့မှာ ငါချစ်တဲ့သူတွေ နာကျင်နေတာကို မမြင်ချင်တော့ဘူး။ ဒီစွမ်းအားတွေနဲ့အတူ ငါချစ်တဲ့သူတွေကို ကာကွယ်မယ်။"

ပန်းသီးလေးကလည်း သူ့ရှေ့မှာ တကယ့်ယောက်ျားတစ်ယောက်လို မားမားမတ်မတ်ရပ်နေတဲ့ ဖရန့်ကိုကြည့်လိုက်တယ်။ သူ့ရဲ့ကြီးမားတဲ့ကျောပြင်က အတိတ်က သူသိခဲ့တဲ့ တစ်စုံတစ်ယောက်နဲ့သွားဆင်တူနေသလိုပဲ။ ပန်းသီးလေးရဲ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာပြီး ဖရန့်ရဲ့ခါးကို သူ့ရဲ့လက်အစုံနဲ့ပွေ့ဖက်လိုက်တယ်။

တစ်ဖက်မှာတော့ ကြောင်နက်က ဒေါသအပြည့်နဲ့ ပြန်ထလာတယ်။ အဲဲဒီနောက် ဖရန့်ကိုကြည့်လိုက်ပြီး ပိုများတဲ့ မိုးကြိုးစွမ်းအားတွေကို ထုတ်ဖော်လိုက်တယ်။

"သိပ်ကောင်းတယ် လိပ်နက်။ မင်းကို အထင်သေးလို့တော့ မရဘူးပဲ။" ဒါပေမဲ့ ကြောင်နက် ဘာမှဆက်မလုပ်နိုင်သေးခင်မှာပဲ ကိုင်းတိုက မီးကြာပန်းကြီးတစ်ခုကို ကြောင်နက်ရှေ့မှာတင် ဖန်တီးပြီးလက်ပိုက်ရပ်နေလိုက်တယ်။

"ငါပြောရဲတယ်၊ မင်းခြေတစ်လှမ်းဆက်တိုးတာနဲ့ မင်းကိုအဆုံးသတ်ပစ်မယ်။"

ကိုင်းတိုရဲ့မျက်နှာကိုကြည့်ရုံနဲ့တင် သူဘယ်လောက်ဒေါသထွက်နေလဲဆိုတာ တွေ့နိုင်တယ်။ ကြောင်နက်လည်း သူပြောမယ့်စကားလုံးတောင် လည်ချောင်းနားမှာတင် တစ်သွားတယ်။ ကိုင်းတိုအပြင် ဖရာလီတာတို့အုပ်စုကပါ သူ့ကို မသိမသာလေးဝိုင်းထားကြပြီ။

ကိုင်းတိုတစ်ယောက်တည်းသာဆိုရင် သူတင်ကိုယ်တင် သူတိုက်နိုင်ပေမဲ့ အများနဲ့တစ်ယောက်ဆိုရင် ပြောရခက်ပါတယ်။ ပြီးတော့ ပန်းသီးလေးနဲ့ဖရန့်ကလည်း သူ့ကိုသတ်ချင်တဲ့အကြည့်နဲ့ ကြည့်နေသေးတယ်။

"မင်းက သူလိပ်နက်ကို မထိန်းချုပ်နိုင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား။ အခုတော့ သူ့မှာထိန်းချုပ်နိုင်တဲ့ နည်းလမ်းကို ရခဲ့ပြီလို့ပြောရမယ်။ မင်းရင်ဘတ်ကိုမင်း ငုံကြည့်လိုက်လေ။"

ကိုင်းတိုက ကြောင်ရဲ့ရင်ဘတ်ကို လက်ညိုးထိုးပြလိုက်တယ်။ ကြောင်ရဲ့ရင်ဘတ်မှာ လက်ဝါးရာကြီးတစ်ခုထင်နေပြီး အသားတွေကို မိုးကြိုးလျှပ်စီးတွေက လောင်ကျွမ်းနေတယ်။

"ငါပြန်မှတ်မိလာသလောက် ငါတို့တွေမှာ ငါတို့သားရဲဝိညာဥ်တွေကို ထိန်းချုပ်နိုင်တဲ့ ဝှက်ဖဲတွေရှိတယ်။ မင်းအခုတပ်ထားတဲ့ မျက်နှာဖုံးလိုပဲ သူ့အတွက် အဲဒီသိုင်းပညာက အလုပ်လုပ်တယ်။"

ကြောင်က သူ့မျက်နှာပေါ်က မျက်နှာဖုံးကိုထိလိုက်တယ်။ အဲဒီနောက် သူပြုံးလိုက်ပြီး ကိုင်းတိုကို လက်ညိုးညွန်လိုက်ပါတယ်။

"ကြည့်ရတာ မင်းက အဲဒီလူနဲ့တူပေမဲ့ အဲဒီလူမဟုတ်ဘူးပဲ။ ငါ့မျက်နှာဖုံးကို မင်းပြန်မတောင်းခဲ့ဘူး။"

ကိုင်းတိုလည်း ပြုံးလိုက်တယ်။ သူတို့နှစ်ယောက်ကြားမှာ မမြင်နိုင်တဲ့ ဆက်နွယ်မှုတစ်ခုရှိနေပုံပဲ။ တကယ်တော့ သူတို့နှစ်ယောက်တင်မကဘဲ ဖရန့်ကပါ သူတို့ချင်းဆက်နွယ်မှုရှိနေတယ်လို့ ခံစားနေရတယ်။

ဖရန့်က သူ့ခါးကိုဖက်ထားတဲ့ လက်ဖဝါးနုနုလေးကို ထိတွေ့လိုက်မိတယ်။ ပန်းသီးလေးက အခုထိငိုကြွေးနေတုန်းပဲ။ ပြီးတော့ သူနားမလည်နိုင်လောက်အောင်တိုးညှင်းတဲ့ စကားတွေကို တီးတိုးရေရွတ်ရင်း ငိုရှိုက်နေခဲ့တာ။

"ပန်းသီးလေးက... ပန်းသီးလေးက သခင့်ကို လုံးဝဆုံးရှုံးလိုက်ရပြီလို့ ထင်နေတာ။" အတန်ကြာတဲ့အထိ ငိုကြွေးနေပြီးတဲ့နောက် ပန်းသီးလေးက မော့ကြည့်ရင်း ဖရန့်ကိုပြောလိုက်တယ်။ အခုပန်းသီးလေးရဲ့မျက်လုံးတွေက လင်းလက်နေပြီး ကောင်းကင်ပေါ်က ကြယ်တာရာတွေလိုပဲ။ ဖရန့်က ပန်းသီးလေးရဲ့လက်တွေဆီက ရုန်းထွက်ပြီး ပန်းသီးလေးခေါင်းကို ဖွဖွလေးခေါက်လိုက်တယ်။

"ငတုံးမလေး၊ ငါနင့်ကို ဘယ်လောက်စိတ်ပူလိုက်ရလဲသိလား။"

ဒါပေမဲ့ သူတို့နှစ်ယောက် ကြည်နူးချိန် သိပ်မရလိုက်ဘူးဆိုရမှာပဲ။ စက္ကန့်ပိုင်းလောက်ကြာတော့ သူတို့အုပ်စုရပ်နေတဲ့ နေရာတစ်ခုလုံး မှောက်ကျသွားတဲ့အတွက် ဖရာလီတာက ဝတ်စုံထဲကနေ အပေါ်ကိုမော့ကြည့်လိုက်တယ်။

"မဖြစ်နိုင်တာ၊ ငါ့ရဲ့သင်္ဘောပျံလေး။" ဖရာလီတာရဲ့မိသားစု မျိုးဆက်အစဥ်အဆက်တည်ဆောက်ခဲ့တဲ့ သင်္ဘောပျံကြီးက အားပြင်းထန်လှတဲ့ ရေဘောလုံးကြီးထဲမှာ ချာလည်လည်နေပြီး သူတို့အပေါ်ကိုပြုတ်ကျလာနေပါပြီ။

"လူစုခွဲကြ..." အိခဲဒက ပထမဆုံးသတိဝင်လာပြီး အရိပ်နဲ့လွတ်တဲ့နေရာအထိ ခုန်ထွက်လိုက်တယ်။ တခြားသူတွေလည်း အလားတူပဲပြုမူကြတယ်။

ဘုန်း....

နောက်ဆုံးမှာတော့ အလင်းဒြပ်စင်တံတိုင်းက ကာကွယ်ပေးထားပေမဲ့ များပြားလွန်းတဲ့ ရေဒြပ်ထုကြီးကို မတားဆီးနိုင်တော့တဲ့ စစ်သင်္ဘောကြီးက မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး မြက်ခင်းလွင်ပြင်ထဲနစ်ဝင်သွားတယ်။ ရေတွေလည်း ဘေးကိုဖိတ်စင်သွားပြီး နောက်ဆုံးကျန်နေခဲ့တဲ့ ကြောင်နက်ကိုယ်ပေါ်ကို ရေတွေစိုသွားတယ်။

ရေစိုပြီးအမွှေးတွေ ကြည့်မကောင်းရှုမကောင်းဖြစ်သွားတဲ့ ကြောင်နက်က စစ်သင်္ဘောကြီးကို မဲ့ရွဲ့ပြီး ကြည့်လိုက်တယ်။ အနားမှာရှိနေတဲ့ ဥစာကီကတော့ စိတ်မထိန်းနိုင်ဘဲ ပါးစပ်ကိုလက်ဝါးနဲ့အုပ်ပြီး ရယ်နေတယ်။

ဒါပေမဲ့ သူတို့အုပ်စုလည်း သိပ်ကြာကြာမရယ်လိုက်ရပါဘူး။ အကြောင်းကတော့ စစ်သင်္ဘောကြီးကို ဒီလိုဖြစ်သွားစေတဲ့ အုပ်စုရောက်လာလို့ပါ။

"ဒီတော့ နင်တို့က ငါ့နယ်မြေထဲမှာ လိပ်နက်ကိုအမဲလိုက်ချင်တယ်ပေါ့။ ငါ့ဆီက ခွင့်တောင်းပြီးပြီလား။"

မြူတန့်မဟာမိတ်အဖွဲ့ရဲ့တွဲဖက်ဥက္ကဋ္ဌလည်းဖြစ် ကြေးစားစစ်တပ်ရဲ့မာရှယ်လည်းဖြစ်တဲ့ စစ်ပွဲနှင်းဆီက တခြားအဖွဲ့ဝင်တွေကို ခြံရံပြီးရောက်ရှိလာတယ်။ အယ်လိုဟင်တို့အုပ်စုက ဒီအုပ်စုကို မတားဆီးနိုင်ခဲ့တာ အသိသာကြီးရယ်။ ဒါပေမဲ့ မြူတန့်မဟာမိတ်ကလည်း စစ်သင်္ဘောကို ဖိအားပေးပြီး အနိုင်ယူခဲ့တယ်ဆိုပေမဲ့ လုံးဝတော့မဖျက်ဆီးပစ်နိုင်ခဲ့ဘူး။ ရန်သူကို အနိုင်ယူနိုင်တာနဲ့ ဖျက်ဆီးပစ်နိုင်တာက ကွာခြားတဲ့ စွမ်းအားအဆင့်တစ်ခုပါ။

တိုက်ပွဲတစ်ခု ပြီးသွားတာ မကြာသေးပေမဲ့ နောက်တိုက်ပွဲတစ်ခုက စတင်ဖို့ပြင်နေပြန်ပါပြီ။ ဖရန့်က ပန်းသီးလေးလက်ကိုဆွဲပြီး ဒီနေရာကနေ ထွက်သွားဖို့လုပ်တယ်။

"ငါတို့ ဒီကနေ လစ်ကြစို့။" ဖရန့်က ကြောင်နက်ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပေမဲ့ ဆက်တိုက်ဖို့ ခွန်အားမရှိတော့တာကြောင့် ဘေးကင်းရာကို ထွက်သွားဖို့ ကြံနေတာပါ။ ဒါပေမဲ့ အရိပ်သခင်က ချက်ချင်းသတိထားမိသွားပြီး သူ့ဓားကို ဆွဲထုတ်ကာ ချက်ချင်းဖရန့်နားကို ရောက်လာတယ်။

"တိုက်ပွဲမှာ ထွက်ပြေးလို့ရမယ်ထင်နေတာလား၊ ငချွတ်လေး။" အရိပ်သခင်က ဖရန့်ကို လိပ်နက်သယ်ဆောင်သူမှန်းမသိပါဘူး။ အဲဒီအစား ရန်သူ့အဖွဲ့ထဲက အားနည်းပြီး သူရဲဘောကြောင်တဲ့သူလို့ မြင်သွားပုံပါပဲ။ သူရဲဘောကြောင်တို့သူတွေကို ပထမဆုံးပစ်မှတ်ထားတိုက်ရင် အောင်နိုင်ခြေပိုမြင့်ပါတယ်။

ကလန်...

ဒါပေမဲ့ အရိပ်သခင်ရဲ့အနက်ရောင်အရိပ်ကို အဖြူရောင်အရိပ်တစ်ခုက ဝင်တားဆီးလိုက်ပြီး ကာတာနာနှစ်လက်ခတ်ရာကနေ မီးတချို့ပွင့်ထွက်လာတယ်။

"ဒီတစ်ခါတော့ မရတော့ဘူး၊ အရိပ်သခင်။ ဒီကောင်လေးက ငါတို့အဖွဲ့ရဲ့ကာကွယ်မှုအောက်မှာပဲ။"

အရိပ်ဖြူရဲ့ပိုင်ရှင်က အိခဲဒပါ။ အရင်ဂျပန်ဝန်ကြီးချုပ်ကို အရိပ်သခင်က အိခဲဒရှေ့မှာတင် သတ်ခဲ့တဲ့အတွက် သူတို့ကြားမှာ ကမ္ဘာမကျေနိုင်တဲ့ ရန်ငြိုးတွေရှိနေပြီးပါပြီ။

ဖရာလီတာကလည်း ဒေါသတကြီးနဲ့ သူ့အလင်းဗုံးတွေကို ပစ်ခတ်ရင်း ရန်သူ့အုပ်စုထဲကို ပြေးဝင်သွားလိုက်တယ်။ "နင်တို့တွေ ငါ့သင်္ဘောအတွက် ပြန်ပေးဆပ်ရမယ်။"

မြူတန့်သိပ္ပံရဲ့အမြွှာနှစ်ယောက်က ကကြိုးကကွက်ညီစွာကရင်း ရေစီးကြောင်းတစ်ခုကိုဖန်တီးကာ ဖရာလီတာကို ရိုက်ထုတ်လိုက်တယ်။ ဒါပေမဲ့ ဖရာလီတာက အတောင်ပံကိုဖွင့်ပြီး ပြန်လာပြီဖြစ်တဲ့အတွက် အမြွှာနှစ်ယောက်လည်း ဗျာများသွားတယ်။

ကိုင်းတိုကလည်း ဝင်ပါဖို့ကြိုးစားပေမဲ့ များပြားလှတဲ့ ကျီးကန်းနဲ့သိမ်းငှက်တွေက သူ့ကိုတိုက်ခိုက်လာပါတယ်။ တစ်ကောင်ချင်းစီက ဒီလောက်အင်အားမရှိပေမဲ့ အကောင်ရေက ရာနဲ့ချီနေတဲ့အတွက် စိတ်ရှုပ်စရာအတော်ကောင်းပါတယ်။ ပြီးတော့ ဒီငှက်တွေက အသိစိတ်ရှိကြပုံမပေါ်ဘဲ ရုပ်သေးတွေလိုဖြစ်နေတယ်။ စစ်ပွဲနှင်းဆီက သူ့လက်တွေကို ရုပ်သေးဆရာတစ်ယောက်လို လှုပ်ရှားရင်း ရှေ့တက်လာတယ်။

"အာကိုင်းဂါမီ ကိုင်းတို၊ ကျွန်မရှင့်ကို စိန်ခေါ်ချင်ခဲ့တာကြာပြီ။ ဒီနေ့တို့နှစ်ယောက် တိုက်ကြရင်ရော။"

ကိုင်းတိုက မျက်မှောင်ကြုတ်လိုက်တယ်။ စစ်ပွဲနှင်းဆီက အထင်သေးလို့မရတဲ့ပြိုင်ဘက်တစ်ယောက်ပါ။

ဝံပုလွေအိုကြီး ဝံပုလွေလက်သည်းကလည်း ရန်သူ့ဖက်မှာကျန်တဲ့ နောက်ထပ်ရန်သူဆီကို ပြေးဝင်လာတယ်။ ဥစာကီဆီကိုပါ။ ဥစာကီက သူ့ရဲ့ကာတာနာကိုမြှောက်လိုက်ပြီး သမန်းဝံပုလွေရဲ့လက်သည်းတွေကို ခုတ်ပယ်တားဆီးနေတယ်။ သူ့မျက်နှာပေါ်မှာတော့ အနက်ရောင်သံကြိုးတွေ မပျောက်သေးပါဘူး။ ဒါကြောင့် သူက အကောင်းဆုံးအခြေအနေမှာရှိနေသေးတယ်။

ထန်း... ထန်း... ထန်း...

သတ္တုချင်းထိခတ်သံတွေ ထွက်ပေါ်လာပြီးတဲ့နောက်နှစ်ယောက်လုံး ပြိုင်တူနောက်ဆုတ်လိုက်တယ်။ ဝံပုလွေလက်သည်းက ဥစာကီရဲ့ဓားရေးကို အထင်ကြီးစွာနဲ့ ပြောလိုက်တယ်။

"အိခဲဒရဲ့ဆက်ခံသူက ဒီလောက်စွမ်းအားကြီးလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ ဒါပေမဲ့ မလုံလောက်သေးဘူး။" သမန်းဝံပုလွေကြီးက ပြောပြောဆိုဆိုနဲ့ အသံမြန်နှုန်းကိုချိုးဖောက်ပြီး ဥစာကီဆီ တည့်တည့်ဝင်လာတယ်။ ဝံပုလွေအိုကြီးက ဥစာကီထက်စာရင် ခွန်အားပိုင်းမှာ အများကြီးသာလွန်ပါတယ်။

ဥစာကီကတော့ ဓားကိုကန့်လန့်ဖြတ်တောင်ထားပြီး စွမ်းအားကင်းမဲ့နယ်မြေကို အသက်သွင်းလိုက်တယ်။ဝံပုလွေရဲ့မြူတန့်စွမ်းအားက နယ်မြေထဲမှာ ကန့်သတ်ခံလိုက်ရတယ်။ ဒါပေမဲ့ အဆင့်တူချင်းဖြစ်ပြီး ဝံပုလွေအိုကြီးက ကိုင်းတိုလိုပဲ ဥစာကီရဲ့နယ်မြေကိုအတိုင်းအတာတစ်ခုအထိ လစ်လျူရှုနိုင်တာကြောင့် ဝံပုလွေကြီးရဲ့ခွန်အားကို အနည်းငယ်ပဲလျှော့ချပေးနိုင်တာပါ။ ဒါပေမဲ့ ဒီအနည်းငယ်ပမာဏကကို ဥစာကီအတွက် လိုအပ်တဲ့အခွင့်အရေးကို ဖန်တီးပေးဖို့ လုံလောက်နေပါပြီ။

"ရှင်ဘယ်လောက်မြန်နိုင်မလဲ ကြည့်ရအောင်။ တောင်ဖြိုဓားသိုင်း၊ ကြယ်ကြွေ။"

ဥစာကီရဲ့ဓားသွားက ဆက်တိုက်လှုပ်ရှားနေပြီး နေရောင်အောက်မှာ ငွေရောင်တလဲ့လဲ့တောက်ပနေတယ်။ ဝံပုလွေလက်သည်းနဲ့ဓားချက်တွေက စည်းချက်ညီညီ ကခုန်နေကြပြီ။

တိုက်ပွဲထဲမှာ မပါဝင်ဘဲရှိနေသေးတဲ့ ကြောင်နက်ကတော့ သက်ပြင်းချရင်း ခေါင်းကိုခါယမ်းလိုက်ပါတယ်။ "ဒီတိုက်ပွဲက ငါနဲ့တော့မဆိုင်ဘူး၊ ဒါပေမဲ့..."

အဲဒီနောက် ကြောင်နက်က လိပ်နက်ရဲ့သယ်ဆောင်သူ ဖရန့်နဲ့ပန်းသီးလေးကို ကြည့်လိုက်တယ်။ ဒီနေရာကနေ သူဒီအတိုင်းထွက်သွားလို့မရသေးပါဘူး။ ပြီးတော့ သူ့ဆီကို လူနှစ်ယောက်လျှောက်လာနေသေးတယ်။ ယပ်တောင်ကိုင်ထားတဲ့ မိန်းမတစ်ယောက်နဲ့ ဖဲချပ်တွေကိုကိုင်ထားတဲ့ ယောက်ျားတစ်ယောက်ပါ။

"ကြောင်အိုကြီး၊ ရှင်ကရော ဘယ်ဖက်ကလဲ။ ပြီးတော့ အဲဒီကောင်လေးနဲ့ကောင်မလေးကြည့်ရတာ သာမန်ဟုတ်ပုံမပေါ်ဘူးနော်။ ကျွန်မတို့ခေါ်သွားလို့ရမလား။"

သူ့အနားကို တိုက်တော့ခိုက်တော့မယ့်ပုံစံနဲ့ကပ်လာနေတဲ့ ကြေးစားစစ်တပ်က တပ်သားနှစ်ယောက်ကိုကြည့်ရင်း ကြောင်နက်က ခပ်ဟဟရယ်မောရင်း ပြောလိုက်ပါတယ်။

"ငါးကြော်မကြိုက်ရင် ကြောင်မိုက်ဖြစ်သွားမှာပေါ့ကွ။" ကြောင်ကြီးက အခုလိုပြောလိုက်ရင်း ရပ်နေတဲ့နေရာကနေ ချက်ချင်းအသံမြန်နှုန်းကို ချိုးဖောက်ကာ စီစီလီယာရှေ့ကို ရောက်လာတယ်။ စီစီလီယာလည်း လန့်သွားပြီး ယပ်တောင်ကိုခတ်ကာ ကြောင်ကိုတားဆီးလိုက်တယ်။ လေပြင်းက ကြောင်ကိုခဏတာတားဆီးလိုက်ပြီး ကားလ်ကတော့ သူ့ဖဲချပ်တွေနဲ့ ကြောင်ကို ဆက်တိုက်ပစ်ခတ်လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ပင်ကိုယ်သိစိတ်က ဒီကြောင်ဟာသိပ်ကို အန္တရာယ်များကြောင်း အသိပေးနေပါတယ်။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း....

ပေါက်ကွဲမှုတစ်သီတစ်တန်းကြီး ပြီးသွားတဲ့နောက် ကြောင်ကို သူတို့မတွေ့ရတော့ဘူး။ သူတို့နှစ်ယောက် စိတ်ချလက်ချဖြစ်လောက်တဲ့ အချိန်မှပဲ သူတို့ရဲ့နောက်ကနေ ခန့်ညားတဲ့ကြောင်သခင်ကြီးရဲ့အသံ ထွက်ပေါ်လာပါတယ်။

"ဒီကသခင်ကြီးကို လိုက်ရှာနေတာလား။" ကြေးစားစစ်တပ်က S rankနှစ်ယောက် နောက်ကိုလှည့်ကြည့်တော့ ကပွဲသွားတော့မယ့်ပုံစံနဲ့ မျက်နှာဖုံးကိုလက်နဲ့ကိုင်ပြီး ခါးထောက်ထားတဲ့ကြောင်ကို သူတို့မြင်လိုက်ရတယ်။

"ဘယ်လိုလုပ်ပြီး သူငါတို့ရှေ့မှာတင် ပျောက်သွားပြီး နောက်ရောက်လာတာလဲ။" စီစီလီယာက အလန့်တကြားပြောလိုက်တယ်။ အံ့ဩလွန်းလို့ သူ့မျက်နှာတောင် တွန့်လိမ်နေပြီ။

"ငါကြောင်နက်သခင်ကြီးက အမြန်နှုန်းအရာမှာ ဒုတိယလို့ပြောရင် ဘယ်သူမှပထမနေရာဝင်မယူရဲဘူး။"

အဲဒီနောက် ကြောင်က လျှပ်စီးတန်းလိုမျိုးလှုပ်ရှားပြီး စီစီလီယာရှေ့ကိုရောက်လာတယ်။ အရင်တစ်ခါလို ယပ်တောင်နဲ့တားဖို့လုပ်ပေမဲ့ ကြောင်သခင်ကြီးက စီစီလီယာယပ်တောင်ကိုမမြှောက်ခင်တည်းက ယပ်တောင်ကို ခြောက်ချက်လောက်ကုန်ပြီးပြီးမလို့ ဇကာပေါက်ဖြစ်နေပြီး လေမုန်တိုင်းထွက်မလာတော့ဘူး။

"ဘာရယ်..." နောက်တော့ ကြောင်သခင်ကြီးက စီစီလီယာကို ပါးပိတ်ရိုက်လိုက်တယ်။ သေချာတာတော့အားကုန်ထုတ်သုံးထားတဲ့ ရိုက်ချက်မဟုတ်ဘူး။ ဒါပေမဲ့ စီစီလီယာရဲ့မေးရိုးက နေရာလွဲသွားပြီး ဘေးကိုစောင်းသွားတယ်။ ခန္ဓာကိုယ်ကတော့ ခြောက်သွေ့နေတဲ့ မြက်ခင်းပြင်ပေါ်ကို ဘုန်းခနဲလဲကျသွားပြီး ပြန်မထနိုင်တော့ဘူး။

ကားလ်ကလည်း ဖဲချပ်တွေနဲ့ ကြောင်ကိုပစ်ခတ်တယ်။ ဒါပေမဲ့ ကြောင်က မျက်လှည့်ပြသလိုမျိုး ပစ်သမျှဖဲချပ်တွေအကုန်လုံးကို ဖမ်းလိုက်ပြီး မေးလိုက်တယ်။

"ကောင်လေး၊ မင်းဖဲဆော့တာ ငါလောက်မကျွမ်းသေးဘူး။"

ကားလ်လည်း မျက်လုံးပြူးသွားပြီး ထွက်ပြေးဖို့လုပ်တယ်။ ကြောင်နောက်ထပ်လုပ်မယ့်အရာကို သူသိနေပြီ။ ဒါပေမဲ့ သူဘယ်လိုလုပ် ပြေးလို့လွတ်မှာလဲ။ ကြောင်က ချက်ချင်းသူ့ရှေ့ရောက်လာပြီး သူ့ဆီက ရထားတဲ့ ခဲချပ်တွေနဲ့ သူ့ကိုပစ်ခတ်လိုက်တယ်။

"သောက်ချီးထဲမှ..."

ဘုန်း....။

ပေါက်ကွဲသံကြီးတစ်ခုနဲ့အတူ ကားလ်လေပေါ်ကို မီတာလေးဆယ်လောက် မြောက်တက်သွားတယ်။ သူမသေသေးတာ ကံကောင်းပြီး ပေါက်ကွဲခါနီးမှာ ကာကွယ်ရေးဖဲချပ်ကို အသက်သွင်းနိုင်ခဲ့လို့။ မဟုတ်ရင် သေနေလောက်ပြီ။ အခုတော့ သူ့လက်မောင်းတစ်ဖက်မရှိတော့ဘဲ သွေးတွေစီးကျနေပြီ။ ဖဲချပ်ကို အသက်သွင်းခဲ့ပေမဲ့ နည်းနည်းလေးနောက်ကျသွားတာကိုး။

"ကယ်ကြပါ... ကယ်ကြပါ..." ကားလ်တစ်ယောက် မြေပေါ်ကိုပြန်ရောက်တာနဲ့ မြေပြင်မှာတွားသွားရင်း အော်ဟစ်အကူအညီတောင်းနေတယ်။ ကြောင်ကတော့ တိုက်ချင်ခိုက်ချင်စိတ် ကုန်သွားပြီဖြစ်လို့ လက်ဝါးချင်းရိုက်ကာ ဖုန်တွေခါရင်း မြေပေါ်ကိုတံထွေးပျစ်ခနဲထွေးလိုက်တယ်။

"ဒါတွေလား S rankတွေ။ လူလုပ်ဆေးဝါးနဲ့အဆင့်မြှင့်ထားတဲ့ကောင်တွေက တကယ့်ကိုမစွံတာ။"

....

ဆိုက်ဘေးရီးယားမှာ ကမ္ဘာ့ထိပ်သီးအင်အားစုနှစ်ခု သောင်းကျန်းနေကြတုန်း မက်ဒါနာကတော့ လင်ဒါနဲ့အတူ တစ်ညလုံးရုပ်ရှင်ကြည့်နေကြတာ။ ညနက်ခါနီးမှ ရုပ်ရှင်ပြီးသွားပြီး နှစ်ယောက်ရုပ်ရှင်ရုံအပြင် ထွက်လာကြတယ်။

လင်ဒါက မက်ဒါနာရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတုန်းပဲ။ အေမီကတော့ မျက်နှာသေကြီးနဲ့ ဝှီးချဲကို တွန်းနေပြီး လင်ဒါကိုမျက်နှာသေနဲ့စိုက်ကြည့်နေတယ်။

"မက်ဒါနာရေ၊ နင့်ဟာမလေးက ငါ့ကိုထရိုက်တော့မလိုကြည့်နေတယ်ဟ။" လင်ဒါက ပြောလိုက်တယ်။

ဒါပေမဲ့ မက်ဒါနာကတော့ လင်ဒါကိုမစိုးရိမ်အောင်လို့ ရှင်းပြလိုက်တယ်။ "စိတ်မပူပါနဲ့ဟ၊ ဖလေရာက ငါ့ကိုအပိုင်စီးဖို့လုပ်ထားတော့ ငါကလည်း အဲဒီလိုအဖြစ်မျိုးကနေ ကာကွယ်ဖို့အေမီကို ပရိုဂရမ်သွင်းပေးလိုက်တာ။ ဒီတော့ နင့်ကိုအန္တရာယ်ရှိသတ္တဝါလို့မြင်ပြီး စောင့်ကြည့်နေတာဖြစ်လိမ့်မယ်။"

လင်ဒါလည်းလန့်သွားပြီး အေမီနားကနေ ဝေးဝေးကို လျှောက်သွားလိုက်တယ်။ "နင်ပြောတဲ့ စိတ်မပူနဲ့ဆိုတာကြီးကလဲ။"

မက်ဒါနာလည်း လင်ဒါလန့်သွားတာလေးကြည့်ပြီး ဗိုက်ကိုနှိပ်ကာ တခိခိရယ်တယ်။ "ငါက နင့်ကိုနောက်တာပါဟဲ့၊ ဘာမှမဖြစ်ပါဘူး။"

လင်ဒါက ဒီစကားကိုကြားမှ သက်ပြင်းချလိုက်ပါတယ်။ ပြီးမှ တခြားကိစ္စတစ်ခုကိုတွေးမိပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ရုံထဲက ထွက်လာတဲ့သူတွေ ရှင်းသွားခါမှ မက်ဒါနာကို ပြောတယ်။

"ဒါနဲ့ နင်ကင်းပြန်လှည့်ဖို့ အစီအစဥ်မရှိဘူးလား။" နောက်တော့ လင်ဒါက သူဒီလိုမေးရတဲ့အကြောင်းကို အသေးစိတ်ရှင်းပြတယ်။ "အခုအစားထိုးထားတဲ့ ဟီးရိုးအဖွဲ့က တကယ်အလုပ်လုပ်မနေတော့ နင်နှိမ်နင်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေ ပြန်ခေါင်းထောင်လာကြပြီ။ ငါတို့ရဲတပ်ဖွဲ့လည်း သူတို့ကိုထိန်းဖို့ကြိုးစားနေပေမဲ့ ထင်သလောက်အရာမရောက်ဘူးဟ။"

"ကောင်းပြီလေ၊ ဒီတော့လည်း ငွေရောင်စစ်သည်တော်ကြီး မြို့ထဲမှာ ကင်းပြန်လှည့်ရမှာပေါ့။" မက်ဒါနာက အလွယ်တကူပဲ ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။

တကယ်တော့ မက်ဒါနာက နယူးယောက်မှာရှိနေတုန်း အေမီကို နေ့တိုင်းငွေရောင်စစ်သည်ဝတ်စုံဝတ်ပြီး ကင်းမလှည့်စေချင်ခဲ့ဘူး။ Silverknightကို ဝဲလ်ဆင်က ရန်သူတစ်ယောက်လိုမြင်တဲ့အတွက် မလိုလားအပ်တဲ့ အန္တရာယ်တွေကို ဖိတ်ခေါ်မိမှာ စိုးရိမ်တဲ့အတွက်ပါ။ ဒါပေမဲ့ လင်ဒါကိုယ်တိုင်က အကူအညီတောင်းနေတဲ့အပြင် ဟီးရိုးအစစ်တစ်ယောက်က အန္တရာယ်ကိုမကြောက်သင့်ဘူးမဟုတ်လား။

"နင် သဘောတူမယ်ဆိုတာ ငါသိသားပဲ။" လင်ဒါက ပြောပြောဆိုဆိုနဲ့ မက်ဒါနာရဲ့ပါးကို ပြွတ်ခနဲခိုးနမ်းလိုက်တယ်။ အဲဒီနောက် ခါးမော့ရင်ကိုကော့ပြီး သူတို့ကိုနှုတ်ဆက်ကာ ရုပ်ရှင်ရုံထဲကနေ ထွက်သွားတယ်။ မက်ဒါနာကတော့ သက်ပြင်းတချချနဲ့ကျန်ခဲ့တာပေါ့။

All Chapters