အနက်ရောင်မုသား
Vol. 6 Ch. 22
ကြောင်နက် အေးအေးဆေးဆေးရှိနေတုန်း တစ်ဖက်မှာတော့ ကိုင်းတိုက မအေးဆေးနိုင်အောင် ရှိနေလေရဲ့။ ရုတ်တရက် ပြောင်းလဲသွားတဲ့ အဖြစ်အပျက်တွေကို သူလိုက်မမီတော့ဘူး။ အခုသူ့ကို အိခဲဒနဲ့ အရိပ်သခင်က ဝိုင်းတိုက်နေတယ်။
အိခဲဒက ကြိုးကိုင်ခံထားရတဲ့ ရုတ်သေးတစ်ရုပ်လိုမျိုး တောင့်တောင့်ကြီးလှုပ်ရှားနေပြီး စစ်ပွဲနှင်းဆီက သူ့ကို ကျီးကန်းတွေကို ထိန်းချုပ်သလို ထိန်းချုပ်နေတာပါ။ ပြီးတော့ သူ့ရဲ့အထိအတွေ့အာရုံက ထုံကျင်နေပြီး ပါးကဓားခြစ်ရာလေးတစ်ခုကနေ သွေးစတချို့စီးကျနေတယ်။
ကိုင်းတိုကို မီးမုန်တိုင်းတစ်ခုက ဗဟိုပြုတိုက်ခိုက်နေပြီး အရေအတွက်အသာစီးနဲ့ တိုက်ခိုက်နေတဲ့ ရန်သူတွေကို တားဆီးဖို့ ကြိုးစားနေရပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ငွေရောင်ကြိုးမျှင်တချို့က အထက်ကနေ ကျဆင်းလာတဲ့အတွက် ကိုင်းတိုသတိထားပြီး ရှောင်ရှားလိုက်ရတယ်။ ဒီကြိုးတွေက အိခဲဒကို ချုပ်နှောင်ခဲ့တဲ့ ရုပ်သေးကြိုးတွေပါ။
ကိုင်းတိုက ကြိုးတွေလာရာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တယ်။ စစ်ပွဲနှင်းဆီက မီးမုန်တိုင်းရဲ့မျက်လုံးထဲကို ကျီးကန်းတွေခြံရံပြီး ဆင်းသက်လာတယ်။ ရုပ်သေးမြူတန့်အစွမ်းက စစ်ပွဲနှင်းဆီကို ပျံသန်းနိုင်အောင် မကူညီနိုင်သလို အသံမြန်နှုန်းထက်လည်း သွားနိုင်အောင် မကူညီပေးနိုင်ပါဘူး။ ဒါပေမဲ့ သူ့ထက်စွမ်းတဲ့ ရန်သူတွေကို ထိန်းချုပ်နိုင်အောင်တော့ ကူညီပေးတယ်။
ဥစာကီကလည်း ဝံပုလွေလက်သည်းရဲ့တိုက်ကွက်ကို ဓားနဲ့တားဆီးလိုက်တယ်။ ဝံပုလွေလက်သည်းက ခွန်အားပိုကြီးတဲ့အတွက် သူ့ခန္ဓာကိုယ် တရွတ်တိုက်ဆွဲပါသွားပြီး မြေပြင်မှာစွတ်ကြောင်းကြီးကျန်ရစ်ခဲ့ကာ ဒူးထောက်ကျသွားတယ်။ သွေးစတချို့ကိုလည်း အန်ထုတ်လိုက်ရတာပေါ့။ ဒါပေမဲ့ သူ့ကိုယ်သူ သတိမထားနိုင်သေးဘဲ အဖိုးဖြစ်သူကိုသာ အော်ခေါ်နေပါတယ်။
"အဖိုးကြီး၊ ရှင်သတိပြန်မရလာရင် ကျွန်မရှင့်ကို ခွင့်မလွှတ်ဘူး။"
ဒါပေမဲ့ အိခဲဒက ရုပ်သေးကြိုးတွေကနေ ရုန်းထွက်နိုင်တဲ့ပုံမပေါ်ဘဲ ဓားကိုဝေ့ယမ်းပြီး ကိုင်းတိုရဲ့မီးမုန်တိုင်းကို ဖျက်ဆီးဖို့ကြိုးစားနေတယ်။ တစ်ဖက်မှာတော့ ဖရာလီတာက ဝါးဖရိန်ရင်ဘတ်ကိုဖွင့်ပြီး ဒြပ်စင်အလင်းတန်းနဲ့ အမြွှာနှစ်ယောက်ကို ပစ်ခတ်နေပေမဲ့ အမြွှာတွေက စည်းချက်ညီညီကခုန်ရင်း ခုခံနေကြတယ်။ ဖရာလီတာက အမြွှာတွေထက် ပိုပြီးသာလွန်ပေမဲ့ အမြွှာနှစ်ယောက်ကို အနိုင်မယူနိုင်ဘူးဖြစ်နေတယ်။
"ကိုင်းတို၊ ကျွန်မသာ ရှင့်ကိုထိန်းချုပ်နိုင်ရင် ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းနိုင်မှာပဲသေချာတယ်။ ကဲ၊ ကျွန်မရဲ့အရုပ်လေး ဖြစ်လိုက်စမ်းပါ။"
မီးမုန်တိုင်းထဲမှာ ကန့်သတ်ခံထားရပြီဖြစ်တဲ့ ကိုင်းတိုနဲ့ စစ်ပွဲနှင်းဆီက အနီးကပ်တိုက်ပွဲတစ်ခုကို စတင်ဆင်နွှဲရတယ်။ ကိုင်းတိုအနေနဲ့ မီးမုန်တိုင်းကို ဖယ်လိုက်မယ်ဆိုရင် အရိပ်သခင်ထပ်ရောက်လာပြီး သူ့ရဲ့အာရုံတစ်ခုခုကို ထပ်ယူသွားနိုင်တယ်။ ပြီးတော့ ထိန်းချုပ်ခံနေရတဲ့ အိခဲဒကိုလည်း ဂရုစိုက်ရပါဦးမယ်။
"ဟိတ်..."
စစ်ပွဲနှင်းဆီက မာန်သွင်းလိုက်ရင်း လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ကိုင်းတိုကို ကုပ်ဆွဲဖို့ကြိုးစားလိုက်တယ်။ ငွေရောင်ကြိုးတွေကို ကိုင်းတိုမြင်နေရပြီး ထိမိတာနဲ့ ရုပ်သေးဘဝရောက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ကိုင်းတိုက ကိုယ်ကိုတိမ်းရှောင်ကာ လက်ကိုမြှောက်ပြီး မီးကြာပန်းနဲ့ တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ မီးမုန်တိုင်းအပြင်မှာ အိခဲဒက ရပ်နေတယ်။ မီကြာပန်းရဲ့မီးတန်းတွေက မုန်တိုင်းကိုဖောက်ပြီး အိခဲဒကို ထိမှန်သွားနိုင်ပါတယ်။ ကိုင်းတိုက ရှူထောင့်ပြောင်းဖို့ကြိုးစားပေမဲ့ အိခဲဒကလည်း လိုက်ပြောင်းနေတယ်။
"ရှင့်မီးတန်းတွေကိုသုံးရင် ရှင့်မိတ်ဆွေသေသွားလိမ့်မယ်။" ကိုင်းတို အာရုံပြောင်းသွားတုန်း စစ်ပွဲနှင်းဆီက သူ့ခြေထောက်ကိုမြှောက်ပြီး ကိုင်းတိုရဲ့မျက်နှာကို ကန်လိုက်တယ်။ နဂိုကတည်းက အထိအတွေ့အာရုံ ပျောက်နေပြီးသားဖြစ်လို့ နာကျင်မှုကိုမခံစားရပေမဲ့ ရုတ်တရက်အကန်ခံရတာကြောင့် ထူပူသွားပြီး ကိုယ်က နောက်ကိုယိုင်သွားတယ်။ အဲဒီအချိန်မှာပဲ စစ်ပွဲနှင်းဆီက ကိုင်းတိုရဲ့ဘယ်ဖက်လက်ကို ကိုင်လိုက်နိုင်တယ်။ ငွေရောင်ကြိုးမျှင်တွေက ကိုင်းတိုရဲ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားပေမဲ့ ကိုင်းတိုက အဲဲဒီကြိုးအများစုကို ဖျက်ဆီးပစ်လိုက်နိုင်တယ်။ ဒါပေမဲ့ ဘယ်လက်မှာတော့ ငွေကြိုးတွေ တအားသိပ်နည်းနေပြီး အချိန်မီဖျက်ဆီးဖို့မမီတော့ဘူး။
"သေစမ်း..." ကိုင်းတိုရေရွတ်လိုက်တယ်။ သူ့ဘယ်လက်က အလိုလိုလှုပ်ရှားလာပြီး မီးကြာပန်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲဒီနောက် ကိုင်းတိုရဲ့ရင်ဘတ်ကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားတယ်။ ကိုင်းတိုက ဘယ်လက်နဲ့ ကြာလက်ကိုဖမ်းပြီး လမ်းကြောင်းလွှဲလိုက်ပေမဲ့ မီးကြာပန်းက မီးတန်းက အပြင်ကိုထွက်လာကာ မီးမုန်တိုင်းကို ပျက်ပြယ်သွားစေတယ်။
"မကောင်းတော့ဘူး။" မီးမုန်တိုင်းပျောက်သွားတာနဲ့ အရိပ်သခင်က ဓားကိုဝေ့ယမ်းပြီးပြေးဝင်လာတယ်။ ထိန်းချုပ်လို့မရသေးတဲ့လက်ကလည်း သူ့ကိုနေရာမှာဆက်နေစေဖို့ ဖိအားပေးနေတယ်။ တကယ်လို့ နောက်အာရုံတစ်ခု ထပ်ပျောက်သွားမယ်ဆိုရင် ကိုင်းတို ဒီတိုက်ပွဲကို သေချာပေါက်ရှုံးတော့မှာပါ။ ဒါပေမဲ့ ကိုင်းတိုက လူတိုင်းထင်မထားတဲ့ လုပ်ရပ်တစ်ခုကို လုပ်လိုက်တယ်။
သူက ဘယ်လက်နဲ့ ညာလက်ကို လက်မောင်းရင်းကနေ ဆုပ်ကိုင်ပြီး ဆွဲဖြုတ်ပစ်လိုက်တယ်။ သွေးတွေက ပခုံးကနေ ဖြာထွက်လာပြီး လက်မောင်းအရိုးက အဆစ်ပါပြုတ်ထွက်သွားတယ်။ သွေးတွေပန်းထွက်နေဆဲဖြစ်ပေမဲ့ အဲဒီသွေးတွေထဲမှာ ရွှေရောင်သွေးတချို့လည်းပါပြီး မကြာခင်မှာပဲ ရွှေရောင်အလွှာတစ်ခုဖြစ်လာကာ သွေးထွက်တာရဏ်သွားတယ်။
ပြီးတော့ ထုံကျင်မှုကြောင့် နာကျင်မှုကိုလည်း ခံစားရတဲ့ပုံမပေါ်ဘူး။ အရိပ်သခင်ရဲ့ဓား ကိုင်းတိုရပ်နေတဲ့နေရာကို ကျရောက်လာချိန်မှာတော့ ကိုင်းတိုမရှိတော့ဘူး။ ကိုင်းတိုက အတောင်ပံခြောက်ခုကိုခတ်ကာ မိုးကောင်းကင်ပေါ်ရောက်နေပါပြီ။ ပြီးတော့ လှံတံမြောက်များစွာကို ဖန်ဆင်းလိုက်ပြီး အရိပ်သခင်နဲ့ စစ်ပွဲနှင်းဆီကို ပစ်ခတ်လိုက်တယ်။
....
"ထူးဆန်းလိုက်တာ၊ မင်းတို့က ဒဏ်ရာကြီးကြီးမားမားရတာနဲ့ ဒီလိုမျိုးဖြစ်သွားတာလား။"
တစ်ဖက်မှာတော့ ကြောင်နက်က ဆောင့်ကြောင့်ထိုင်ရင်း ဆေးနဲ့အဆင့်တက်လာတဲ့ S rank နှစ်ယောက်ရဲ့အခြေအနေကို ကြည့်နေပါတယ်။ ကားလ်ရဲ့စီစီလီယာတို့ရဲ့အသားတွေက နီရဲလာပြီး ရေနွေးငွေ့တွေလေထုထဲကို ပြန့်နှံလာနေတယ်။ အရှင်လတ်လတ်မီးတိုက်ခံနေရတာနဲ့ ဆင်တူပြီး ထူးဆန်းတာတစ်ခုက အပူဓာတ်က သူတို့ခန္ဓာကိုယ်ထဲကနေ လာနေတာပါ။
"ပူတယ်.... ကယ်ကြပါ... ကယ်ကြပါ...." ကားလ်ရဲ့ဒဏ်ရာတွေက မြင်နိုင်တဲ့နှုန်းနဲ့ ပြန်ကောင်းလာပါတယ်။ ဒါပေမဲ့ သူ့တစ်ကိုယ်လုံးက အရေပြားတွေ လောင်ကျွမ်းနေပြီး မနေနိုင်တော့တဲ့အတွက် အဝတ်တွေကို ဆွဲဖြဲပစ်လိုက်တယ်။ နောက်တော့ ကျောရိုးနေရာကနေ အရိုးချွန်တွေဖောက်ထွက်လာပြီး အရိုးအတိပြီးတဲ့ ကင်းလိပ်ချောလို အမြီးတစ်ခုလည်း ကြီးထွားလာတယ်။ နောက်တော့ သူ့မျက်လုံးတွေက အနီရောင်ပြောင်းသွားတယ်။
စီစီလီယာရဲ့အခြေအနေလည်း အတူတူပဲ။ သူ့ခန္ဓာကိုယ်ပေါ်က အရေပြားတွေပျော်ကျသွားပြီး ကြောက်စရာကြီးဖြစ်လာတယ်။ ကားလ်လိုပဲ ပူလွန်းလို့ အဝတ်အစားတွေချွတ်ပစ်ပြီးနောက်တော့ သူ့လက်သည်းတွေနဲ့သွားတွေရှည်ထွက်လာတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့ကြွက်သားတွေပါ အရည်ပျော်ကျကုန်ပြီး အရိုးဖြူဖြူတွေပဲ ကျန်ရစ်တယ်။
"ဒီလောက်ဆိုရင် တကယ်သေလောက်ပြီထင်ပါတယ်။" ကြောင်က သက်ပြင်းချရင်း ပြောလိုက်တယ်။ သူက ရန်သူတွေပုံစံပြောင်းနေလို့ တစ်ခုခုပိုဆိုးတာ လာတော့မယ်ထင်ထားတာပါ။ ဒါပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူးရယ်။
ကိုင်းတိုကို မထိန်းချုပ်နိုင်တော့တဲ့ စစ်ပွဲနှင်းဆီကလည်း သူ့လူနှစ်ယောက်ကျန်နေသေးတာကို သတိထားမိသွားပြီး အကူအညီရမလားမျှော်လင့်ချက်နဲ့ လှမ်းကြည့်တယ်။ ဒါပေမဲ့ အရိုးဖြူဖြူတွေနဲ့ အရည်ပျော်ကျနေတဲ့ ကြွက်သားအပျစ်အချွဲတွေကိုတွေ့တော့ ထိတ်လန့်သွားပြီး နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်။ ကြည့်ရတာ ရာသီဥတုက ကြေးစားတွေဘက် မပါတော့တဲ့ပုံပဲ။
"အားလုံး၊ ပြန်ဆုတ်ကြစို့။" စစ်ပွဲနှင်းဆီက အမိန့်ပေးလိုက်ပြီးနောက် ကြေးစားစစ်တပ်က မတိုက်တော့ဘဲ အားလုံးစတင်ဆုတ်ခွာတယ်။ စစ်ပွဲနှင်းဆီလက်ထဲမှာတော့ ကိုင်းတိုရဲ့လက်ပြတ်ကို ကိုင်ထားတယ်။
"ဒါတွေကိုတော့ နှစ်သိမ့်ဆုအနေနဲ့ သတ်မှတ်ရမှာပေါ့။"
...
ဖရာလီတာက ညပ်နေတဲ့သင်္ဘောပျံတံခါးကို ဆွဲဖြုတ်ပစ်ပြီးမှ ဒရုန်းဇုန်နဲ့အယ်လိုဟင်ထွက်လာနိုင်တယ်။ သူတို့ဒဏ်ရာကြီးကြီးမားမား ရထားတာမရှိဘူး။ ဒရုန်းဇုန်နဖူးပေါက်သွားတာပဲရှိပြီး အယ်လိုဟင်က ပက်တီးစည်းပေးထားတယ်။ အိခဲဒကိုယ်ပေါ်က ငွေကြိုးမျှင်တွေကိုလည်း ကြောင်နက်က ဖြတ်ပေးပြီးပြီ။
ယာဥ်ကို ပြန်တည့်မတ်ပြီးတဲ့နောက် ဖရန့်ကို ယာဥ်ထဲခေါ်ပြီး ဖရန့်ကြုံတွေ့ခဲ့သမျှကို သူတို့နားထောင်ကြတယ်။ နာရီနဲ့ချီ ကြာပြီးတဲ့နောက် အဖြစ်အပျက်အစုံအလင်ကို သူတို့နားလည်လာကြတယ်။ လူတွေပျောက်နေတဲ့ ရွာအကြောင်းနဲ့ဗီးနပ်စ် မသေသေးတဲ့အကြောင်းကိုကြားတော့ ဖရာလီတာ မျက်ခုံးပင့်လိုက်တယ်။
"ငါတို့အဲဒီရွာကို စစ်ဆေးလို့ရဦးမယ်ထင်လား။" ဖရာလီတာက အယ်လိုဟင်ကို မေးလိုက်တော့ အယ်လိုဟင်က ခေါင်းခါပြတယ်။
"ဆိုက်ဘေးရီးယားရဲ့ဒီအပိုင်းက ဒီနေ့ဖြစ်ခဲ့တဲ့ တိုက်ပွဲပေါင်းစုံကြောင့် စုတ်ပြတ်သတ်နေပြီလေ။ ရွာလည်း ပြာကျသွားပြီ၊ ဘာသဲလွန်စမှ ရှိတော့မယ်မထင်ဘူး။"
ဒီစကားကြောင့် ဖရာလီတာအပါအဝင် ရှိသမျှလူတွေအားလုံး ကိုယ့်နဖူးကိုယ် လက်နဲ့ဆုပ်ကိုင်ထားမိလိုက်ကြတယ်။ ကြည့်ရတာ သူတို့အရေးကြီးတဲ့ကိစ္စတစ်ခုကို သိခွင့်ရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပုံပဲ။
"ဘာပဲဖြစ်ဖြစ် ဒီမှာဖြစ်ခဲ့သမျှကို မက်ဒါနာကိုပေးသိဖို့လိုမယ်ထင်တယ်။" ဖရာလီတာက အခြေအနေကို သုံးသပ်ပြီးနောက် ပြောလိုက်တယ်။
....
ပါမောက္ခရူးဒေါ့ဖ်ရဲ့စားပွဲပေါ်မှာတော့ ကြွက်အရိုးဖြူဖြူတွေနဲ့ ရင်းနှီးနေတဲ့ အပျစ်အချွဲတွေရှိနေပါတယ်။ သူက အပျစ်အချွဲတချို့ကို ဖန်သားချပ်လေးပေါ်တင်ပြီး အနုကြည့်မှန်ပြောင်းအောက် ထားကြည့်တယ်။ နောက်တော့ သက်ပြင်းချလိုက်ပါတယ်။
"ပါမောက္ခဖိုးဖိုး...." ရုတ်တရက် စမ်းသပ်ခန်းတံခါးပွင့်လာပြီး လီနာနဲ့လီရာက ရူးဒေါဖ်ကိုပြေးလာဖက်ကြတယ်။ စစ်ပွဲနှင်းဆီကတော့ ဖြည်းဖြည်းချင်း နောက်ကနေ လိုက်လာတာပေါ့။ အမြွှာလေးနှစ်ယောက်က ရုပ်တည်နေတတ်တယ်ဆိုပေမဲ့ ပါမောက္ခအဖိုးကြီးကိုတော့ တကယ်ခင်တွယ်ကြတယ်လေ။
"ရူးဒေါ့ဖ်၊ ဒီအရိုးဖြူဖြူတွေကို ရှင့်စားပွဲပေါ်မှာ မြင်နေရပြီဆိုတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျွန်မကိုရှင်းပြနိုင်မယ့် အဖြေရှိပြီဆိုတဲ့ သဘောပဲမဟုတ်လား။"
ရူးဒေါ့ဖ်က ခေါင်းညိတ်လိုက်တယ်။ ကလေးမလေးနှစ်ယောက်ကို ချောကလက်သကြားလုံးဝေပေးပြီးတဲ့နောက် စမ်းသပ်ခန်းအပြင်ထွက်ပြီး ကစားခိုင်းတယ်။ နောက်တော့ စစ်ပွဲနှင်းဆီကို လေးလံတဲ့လေသံနဲ့ စရှင်းပြတယ်။
"ထင်ထားတဲ့အတိုင်းပဲ ငါတို့ဖာရာဒေးဆေးမှာ ပိုပြီးထူးဆန်းတဲ့ ဘေးထွက်ဆိုးကျိုးရှိနေတယ်။"
ဒေါက်တာစမစ်က ဖာရာဒေးလ်ဖော်မြူလာကို ဆိုးကျိုးမရှိအောင် ပြုလုပ်ထားပြီးသားပေမဲ့ ဖော်မြူလာကို ကြေးစားစစ်တပ်က အတိအကျမသိတဲ့အတွက် ကူးချရင်းပုံစံမတူတဲ့ ဖာရာဒေးလ်တစ်မျိုးကို သူတို့ရခဲ့တာ။ ဒါကြောင့် မတူညီတဲ့ဆိုးကျိုးတစ်ခုရှိနေတာမျိုးက သိပ္ပံပညာအရ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆိုးကျိုးတစ်ခုပါ။
"ဒီတော့ ဘယ်လိုဆိုးကျိုးမျိုးလဲ၊ လူတွေကနေ အသားနီနီမွန်းစတားအဖြစ် ပြောင်းလဲသွားပြီးတော့ အရည်ပျော်ကုန်တာမျိုးလား။"
စစ်ပွဲနှင်းဆီက ပြောလိုက်တော့ ပါမောက္ခရူးဒေါ့ဖ်က ခေါင်းညိတ်ပြလိုက််တယ်။ ဒါပေမဲ့ သူ့မှာစစ်ပွဲနှင်းဆီ သိထားတာထက် ပိုများတဲ့အချက်အလက်တွေ ရှိနေတယ်။ သူက စမ်းသပ်ခန်းမှတ်တမ်းတချို့ကို ကွန်ပျူတာနဲ့ ဖွင့်ပြလိုက်တယ်။ မှတ်တမ်းက နှစ်ခုဖြစ်ပြီး မှတ်တမ်းတစ်ခုတည်းက ကြွက်တစ်ကောင်က ကြောက်စရာမကောင်းဆိုးဝါးကြွက်အဖြစ် ပြောင်းသွားပြီး အစောင့်တွေကို တိုက်ခိုက်သတ်ဖြတ်ပစ်ပေမဲ့ တခြားတစ်ဖက်ကတော့ ပြောင်းနေစဥ်မှာပဲ အရည်ပျော်ကျသွားတယ်။
ရူးဒေါ့ဖ်က စပြောတယ်။ "မကောင်းဆိုးဝါးဖြစ်သွားတဲ့ကြွက်က အရိုးမျက်နှာကလုန်းနည်းပညာနဲ့လုပ်ထားတဲ့ မြူတန့်ကလုန်းကြွက်။ အသိစိတ်မရှိတဲ့ မကောင်းဆိုးဝါးအဖြစ် ပြောင်းသွားတာ။"
"အရည်ပျော်ကျသွားတဲ့ကြွက်ကတော့ သာမန်ကြွက်တစ်ကောင်ပဲ။ သူ့ခန္ဓာကိုယ်က မကောင်းဆိုးဝါးအဖြစ်ပြောင်းနေစဥ် ထွက်လာတဲ့ ဇီဝအပူဒဏ်ကို မခံနိုင်လို့ ပျက်စီးသွားတာ။ ပြောင်းလဲတဲ့ဖြစ်စဥ်စဖို့ဆိုရင် ပြင်ပဒဏ်ရာကြီးကြီးမားမား ရသွားဖို့ပဲလိုတယ်။"
နောက်တော့ ရူးဒေါ့ဖ်ရဲ့အကြည့်တွေက အရိုင်းဆန်သွားပြီး စစ်ပွဲနှင်းဆီပေါ်ကို ရုတ်တရက်ထခုန်တက်ပြီး လည်ပင်းညှစ်ဖို့ကြိုးစားတယ်။ မမျှော်လင့်ထားဘဲ ဖြစ်လာတာဖြစ်လို့ စစ်ပွဲနှင်းဆီလည်း မြေပေါ်ကိုလဲကျသွားပြီး ရူးဒေါ့ဖ်က အထက်က ဖြစ်သွားတယ်။ ရူးဒေါဖ်က စစ်ပွဲနှင်းဆီကို လည်ပင်းညှစ်ရင်း ဒေါသတကြီး အော်ဟစ်နေတယ်။
"ကောင်မ၊ နင်လုပ်လို့ ငါ့ကလေးတွေရဲ့အနာဂတ်မရှိတော့ဘူး။ နင့်ကြောင့် သူတို့အခုလိုကျိန်စာမိသွားရတာ။ ခွေးမ၊ သေစမ်း။"
မကြာခင်မှာပဲ စစ်ပွဲနှင်းဆီအသက်ရှူကျပ်လာပြီး တစ်ကိုယ်လုံးဖြူဖပ်လာတယ်။ ဒါပေမဲ့ သူ့လက်တစ်ဖက်က ခါးမှာချိတ်ထားတဲ့ သေနတ်ဆီရောက်သွားပြီး ရူးဒေါ့ဖ်ရဲ့ရင်ဝကိုထောက်ကာ ပစ်ချလိုက်တယ်။
ဒိုင်း.... ဒိုင်း....
သေနတ်သံနှစ်ချက်က စမ်းသပ်ခန်းထဲမှာ ပင့်တင်သံထွက်လာတယ်။ ဒါပေမဲ့ အသံလုံအခန်းဖြစ်လို့ သေနတ်သံကို အပြင်က ကြားရမှာမဟုတ်ဘူး။ အဲဒီ
သေနတ်သံနဲ့အတူ ပါမောက္ခရဲ့ရင်ဘတ်ကနေ သွေးတွေပန်းထွက်လာတယ်။ စစ်ပွဲနှင်းဆီရဲ့မျက်နှာကိုလည်း သွေးစတချို့လာစင်တယ်။
နောက်တော့ ပါမောက္ခရူးဒေါ့ဖ်ရဲ့ခန္ဓာကိုယ်က စစ်ပွဲနှင်းဆီရဲ့ကိုယ်ပေါ်ကို အရုပ်ကြိုးပျက် ပြုတ်ကျလာတယ်။ စစ်ပွဲနှင်းဆီက ပါမောက္ခအလောင်းကို ရွံရှာစွာနဲ့ဖယ်ထုတ်လိုက်ပြီး ရူးဒေါ့ဖ်ထိုင်နေကျ ထိုင်ခုံမှာ ဝင်ထိုင်ကာ စဥ်းစားတယ်။
ရူးဒေါ့ဖ်သေသွားပြီ၊ ဒါပေမဲ့ အကျိုးဆက်က ဘာလဲ။ ရူးဒေါ့ဖ်က သူ့ကိုသတ်ဖို့ကြိုးစားလို့ သူ့ဘာသာသူ ခုခံလိုက်တာဆိုပေမဲ့ သူက ကြေးစားစစ်တပ်ရဲ့ခေါင်းဆောင်မလို့ ရူးဒေါ့ဖ်လိုအဖွဲ့ဝင်တစ်ယောက်ကို အကြောင်းအရင်းခိုင်လုံရင် သတ်ခွင့်ရှိတာမှန်ပေမဲ့ သူလုပ်လိုက်တဲ့အရာရဲ့နောက်မှာ အကျိုးဆက်က ကြီးကြီးမားမားရှိနေတယ်။
မကြာခင်မှာပဲ စစ်ပွဲနှင်းဆီစိတ်ငြိမ်လာတယ်။ သူ့မျက်နှာပေါ်က သွေးတွေကို စမ်းသပ်ခန်းထဲက ဘေစင်မှာ ဆေးချလိုက်တယ်။ နောက်တော့ သွေးတွေပေကျံနေတဲ့ စစ်ယူနီဖောင်းနဲ့ကျည်ကာကို ဆွဲချွတ်လိုက်တယ်။ အခုသူ့ကိုယ်အပေါ်ပိုင်းမှာ မိန်းမဝတ်စစ်စွပ်ကျယ်ပဲရှိတော့တယ်။
အမြွှာနှစ်ယောက်နဲ့ရူးဒေါ့ဖ်ရဲ့ဆက်ဆံရေးကို သူတွေးမိတိုင်း တစ်ကိုယ်လုံးယိုင်နဲ့သွားပြီး မလှုပ်ရှားချင်တော့သလိုပဲ။ သူ့ကျောရိုးထဲ စိမ့်တက်သွားပြီး ရှိသမျှခွန်အားတွေ ဆုတ်ယုတ်သွားသလိုမျိုး။
"သူတို့နှစ်ယောက်လုံးက စွမ်းအားကြီးလွန်းတဲ့ ကလုန်းမြူတန့်တွေ၊ ငါသူတို့ကို လွယ်လွယ်နဲ့ထိန်းချုပ်လို့မရဘူး။" စစ်ပွဲနှင်းဆီက ကိုင်းတိုရဲ့လက်တစ်ဖက်ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်ပွဲနှင်းဆီက ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ကိုင်းတိုသာ အချိန်သေချာရခဲ့ရင် အဲဒီလက်ကို ပြန်ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
အမြွှာနှစ်ယောက်က ကိုင်းတိုလောက်အစွမ်းမထက်ပေမဲ့ သူ့အင်အားနဲ့ ထာဝရထိန်းချုပ်လို့ရတဲ့အထဲမှာ ပါဝင်မနေဘူး။ ဒီကိစ္စကိုတွေးမိပြီးတဲ့နောက် ရူးဒေါ့ဖ်စားပွဲက အံ့ဆွံကိုဖွင့်ကာ ချောကလက်တချို့ကို လက်ထဲဆုပ်ကိုင်လိုက်ပြီး ကြောက်ကြောက်ရွံရွံနဲ့ စမ်းသပ်ခန်းတံခါးနား ပြန်လျှောက်လာတယ်။
"ငါသူတို့ကို ကောင်းကောင်းဆက်ဆံမှဖြစ်မယ်၊ ဆက်ဆံမှဖြစ်တော့မယ်။ အဲဒီလိုမှမဟုတ်ရင်...."
စစ်ပွဲနှင်းဆီရဲ့မျက်နှာက လုံးဝသွေးပျက်နေပြီး မျက်လုံးအိမ်တွေက ဆက်တိုက်လှုပ်ခါနေတယ်။ အခုလောလောဆယ် ကလေးနှစ်ယောက်က သူ့ထက်ပိုအစွမ်းထက်တယ်။ သူကိုယ်တိုင်လည်း S rank ပေမဲ့ သူက တိုက်ခိုက်ရေးအမျိုးအစားမဟုတ်နေဘူး။ ကလေးမလေးနှစ်ယောက်က တိုက်ပွဲမှာ သူ့ထက်ပိုပြီး ကြောက်ဖို့ကောင်းတယ်။
ရူးဒေါ့ဖ်ကို သူသတ်လိုက်မှန်း ကလေးနှစ်ယောက်သိသွားရင် သူ့အတွက်အန္တရာယ်ကျရောက်လာနိုင်ပါတယ်။ 'ကလေးနှစ်ယောက်သာ ငါ့ကိုတကယ်မုန်းသွားပြီး သူသေကိုယ်သေသတ်မယ်ဆိုရင်ရော။' ဒါက စစ်ပွဲနှင်းဆီရဲ့အတွေး။
အခုလိုကြေးစားစစ်တပ်ကွန်မန်ဒါနေရာရဖို့အတွက် စစ်ပွဲနှင်းဆီက ရှိသမျှနည်းလမ်းတွေကို အသုံးပြုခဲ့ရတာ။ အထက်အရာရှိတွေရဲ့အိပ်ရာကို နွေးအောင်လုပ်ပေးရဖူးသလို ပြိုင်ဘက်အရာရှိတွေကိုလည်း လုပ်ကြံခဲ့ဖူးတယ်။ ဒီနေရာအတွက် သေမလိုဖြစ်ခဲ့ရတဲ့ အကြိမ်ပေါင်းလည်းမနည်းလှဘူး။
'ငါက အခုမှအသက်ငယ်ငယ်လေးပဲရှိသေးတာ။ ငါမသေချင်သေးဘူး။' စစ်ပွဲနှင်းဆီရဲ့နဖူးကနေ ချွေးစတချို့ စီးကျလာတယ်။ တံခါးခလုတ်ကို ဖွင့်လိုက်ပြီးနောက် တံခါးနားမှာရပ်စောင့်နေတဲ့ အမြွှာလေးနှစ်ယောက်ကို စစ်ပွဲနှင်းဆီမြင်လိုက်ရတယ်။
"ပါမောက္ခဖိုးဖိုးရော...." လီနာက မေးလိုက်ပြီး လီရာကတော့ စမ်းသပ်ခန်းထဲကို လှမ်းကဲကြည့်တယ်။ ဒါပေမဲ့ စစ်ပွဲနှင်းဆီက ရူးဒေါ့ဖ်ကို သူတို့မြင်သွားမှာစိုးတဲ့အတွက် နှစ်ယောက်လုံးရဲ့ပခုံးကို ဆွဲဖက်လိုက်ပြီး စမ်းသပ်ခန်းနဲ့ဝေးရာကို ဆွဲခေါ်သွားလိုက်တယ်။
"ပါမောက္ခရူးဒေါ့ဖ်က အခုစမ်းသပ်ခန်းထဲမှာ အလုပ်ရှုပ်နေတယ်။ သူက မင်းတို့ကို ချောကလက်တွေအများကြီး ပေးလိုက်သေးတယ်။"
စစ်ပွဲနှင်းဆီက ကလေးနှစ်ယောက်ကို ချောကလက်တွေအများကြီးပေးပြီး အိပ်ဆောင်ရောက်တဲ့အထိ လိုက်ပို့တယ်။ အဆုံးအထိ သူက အပြုံးတုတစ်ခုကိုပြုံးထားတယ်။ အခုလိုအလုပ်မျိုးကို သူ့ရဲ့သာမန်အတွေးမျိုးနဲ့ ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။
'ဒီကလေးနှစ်ယောက်သာ သတိထားမိသွားရင် ငါ့ဘဝအဆုံးသတ်သွားလိမ့်မယ်။' ကလေးနှစ်ယောက်ကို ထားရစ်ခဲ့ပြီးနောက် စစ်ပွဲနှင်းဆီက လက်ထောက်ဖြစ်တဲ့ ဂွမ်ကိုလှမ်းဆက်သွယ်တယ်။
"ဂွမ်၊ စမ်းသပ်ခန်းထဲက ရူးဒေါ့ဖ်အလောင်းကို ငါးစာကျွေးပစ်လိုက်။ ဘာသဲလွန်စမှမကျန်အောင်လုပ်။ ရူးဒေါ့ဖ် အဖွဲ့ကနေထွက်ပြီး ပင်စင်ယူသွားပြီလို့လည်း သတင်းဖြန့်လိုက်ဦး။ ငါပြောမယ်၊ အလောင်းဖျောက်ရာမှာပါမယ့် လူတွေကိုပါ ဖျောက်ဖျက်ပစ်လိုက်။ မလွဲစေနဲ့နော်၊ ဟုတ်ပြီလား။"
တစ်ဖက်က နားထောင်နေတဲ့ ဂွမ်ကလည်း မျက်ခုံးပင့်လိုက်တယ်။ ခေါင်းဆောင်ရဲ့အမိန့်ကို သူတကယ်ပဲ နားမလည်ဘူး။ ရူးဒေါ့ဖ်ကို စစ်ပွဲနှင်းဆီက တကယ်သတ်လိုက်တာလား။ ဂွမ့်စိတ်ကူးအရဆိုရင် ဒီလိုအသုံးဝင်တဲ့ အဖွဲ့ဝင်တစ်ယောက်ကို စစ်ပွဲနှင်းဆီက သတ်မှာမဟုတ်ဘူးမလား။
"နင်ဘာတွေးနေလဲ ငါသိတယ်။ သူက ငါ့ကိုအရင်သတ်ဖို့လုပ်လို့ ငါရှင်းပစ်လိုက်တာ။ နင်တို့သေချာလှုပ်ရှား။ အထူးသဖြင့် ဟိုကောင်မလေးနဲ့ လော့ဒ်မာရှယ်မသိစေနဲ့။"
"ဟုတ်ကဲ့။" ဂွမ်က ပြန်ဖြေလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ သူက လျှောက်လမ်းတစ်ခုရဲ့ထောင့်ချိုးနားမှာဖြစ်ပြီး ဒီနားမှာ အစောင့်တွေရှိမနေသလို ဖြတ်သွားဖြတ်လာလည်းရှားတယ်။ ဘယ်သူမှမရှိကြောင်း အတည်ပြုပြီးနောက် ဂွမ်က ခေါင်းညိတ်လိုက်ပြီး သူ့လမ်းသူဆက်သွားတယ်။
ဒါပေမဲ့ သူထွက်သွားပြီး မကြာခင်မှာပဲ ဘာမှမရှိရာကနေ နင်ဂျာလိုဝတ်ဆင်ထားတဲ့ အနက်ရောင်ဝတ်စုံနဲ့လူတစ်ယောက် ဂွမ်ရှိနေခဲ့တဲ့ နေရာဘေးမှာပေါ်လာတယ်။ သူကလည်း ခေါင်းညိတ်လိုက်ပြီး တခြားဆန့်ကျင်ဘက်ကို ပုန်းကွယ်လျက် ထွက်သွားတယ်။
နောက်တော့ အဲဒီအနက်ရောင်ဝတ်က လော့ဒ်မာရှယ်ရဲ့ရုံးခန်းထဲကို လူမဝင်အောင်ခိုးဝင်လာပြီး သတင်းလာပို့တယ်။ လော့ဒ်မာရှယ်က ဒီသတင်းကိုကြားတော့ ခုံမှာထိုင်နေရင်း အားရပါးရရယ်မောကာ နင်ဂျာကို ပြောလိုက်တယ်။
"ကောင်းတယ်၊ ကျုပ်ကို အကူအညီပေးတဲ့အတွက် အရိပ်သခင်ကို ကျေးဇူးတင်စကား ပြောလိုက်ပါဦး။ ခင်ဗျားသွားလို့ရပါပြီ။"
နင်ဂျာက ဒီစကားကိုကြားတော့ ဦးညွှတ်ပြီး လေထုထဲမှာတင် ပျောက်ကွယ်သွားတယ်။ လက်ရှိကြေးစားစစ်တပ်ရဲ့မြူတန့်မဟာမိတ်အတွင်း ဦးဆောင်မှုအခြေအနေကို အရိပ်အဖွဲ့က မကျေနပ်တာသိသာပါတယ်။ သူတို့က အပေါ်ယံမှာ ပူးပေါင်းနေကြတယ်ဆိုပေမဲ့ အတွင်းပိုင်းမှာတော့ သူလျှိုတွေအပြန်အလှန်ထားနေကြတာပါ။ ကိုယ့်ရာထူးအတွက်စိုးရိမ်နေရတဲ့ လော့ဒ်မာရှယ်တစ်ယောက် အရိပ်အဖွဲ့နဲ့ပေါင်းမိသွားတာ မဆန်းလှပါဘူး။
"စစ်ပွဲနှင်းဆီ၊ စစ်ပွဲနှင်းဆီ။ နင့်ကိုဆွဲချနိုင်မယ့်အခွင့်အရေးက ဒီလောက်လွယ်လွယ်နဲ့ ရောက်လာမယ်ထင်မထားဘူး။" လော့ဒ်မာရှယ်က ခေါင်းကိုခါယမ်းလိုက်ရင်း ရေရွတ်လိုက်တယ်။