ကျောင်းဝတ်စုံ
Vol. 6 Ch. 23
ကျောင်းစမ်းသပ်ခန်းထဲမှာ ရှိနေတဲ့ မက်ဒါနာက ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း ခေါင်းညိတ်လိုက်တယ်။ မစ်ရှင်အဖွဲ့ဆီက သတင်းက သူ့ဆီရောက်လာပြီ။ ရုရှားမှာ မဟာမိတ် S rankတစ်ယောက်ကို ဆုံးရှုံးလိုက်ရပေမဲ့ လိပ်နက်ကို အနိုင်ယူနိုင်ခဲ့ပြီး မြူတန့်မဟာမိတ်ကိုလည်း နောက်ဆုတ်အောင်လုပ်နိုင်ခဲ့တယ်။
"ငါတို့ ဘာတွေ့ထားလဲ နင်စဥ်းစားကြည့်၊ မြူတန့်မဟာမိတ်ရဲ့ဖာရာဒေးဆေးနဲ့ အဆင့်တက်ထားတဲ့နှစ်ကောင်က ဒဏ်ရာနည်းနည်းရတာနဲ့ အရည်ပျော်ကျသွားတယ်။ ဆေးဆိုးကျိုးကြောင့်ဆိုတာ အသိသာကြီးပဲ။"
ဖရာလီတာ မက်ဆေ့လှမ်းပို့တဲ့ အရိုးဖြူဖြူပုံတွေကြောင့် မက်ဒါနာမျက်နှာရှုံ့လိုက်တယ်။ တကယ့်ကို မသတီစရာကောင်းလွန်းတယ်။ ဖရာလီတာက ဆက်ပြီး မက်ဆေ့ပို့ထားသေးတယ်။ အလုပ်ကလည်း ပြီးခါနီးပြီဖြစ်လို့ စာဖတ်ရင်း လက်တစ်ဖက်တည်းနဲ့ ထွင်စရာရှိတာ ဆက်ထွင်နေတယ်။ ဖရာလီတာက လက်ရှိအခြေအနေကြောင့် အတော်လေးပျော်နေပုံပေါက်တဲ့ လေသံနဲ့ရေးထားတယ်။
"အစက ငါတို့မဟာမိတ်တစ်ခုတည်း S rank တွေမဖန်တီးနိုင်တာမလို့ စိုးရိမ်ခဲ့ပေမဲ့ ကြည့်ရတာ သူတို့တွေမှာလည်း ပြဿနာတချို့ရှိနေပုံပဲ။ သူတို့ကိုနည်းနည်းလောက်ရိုက်ရုံနဲ့ အရည်ပျော်ကျသွားမယ်ဆိုရင် ငါက သူတို့S rank ဆယ့်ငါးယောက်လောက်ကို ပျော်ပျော်ကြီး သတ်ပေးလိုက်ဦးမယ်။"
မက်ဒါနာလည်း ဖရာလီတာရဲ့မက်ဆေ့ကိုဖတ်ရင်း ရယ်မောလိုက်မိတဲ့အတွက် လက်ထဲက ဖုန်းပြုတ်ကျမလိုတောင် ဖြစ်သွားသေးတယ်။ ဒါပေမဲ့ ဘေးမှာရှိနေတဲ့ အေမီက ဖုန်းကိုအသာလေးဖမ်းပြီး မက်ဒါနာကို ပြန်ပေးလိုက်လို့ ဘာမှဖြစ်မသွားဘူး။
ဖုန်းကို အောက်ဆက်ဆွဲချကြည့်တော့ ဖရာလီတာရဲ့နောက်ဆုံး မက်ဆေ့တစ်စောင်ကို တွေ့ရတယ်။ ကြည့်ရတာ ဖရာလီတာတို့အုပ်စုက မသင်္ကါစရာကိစ္စတစ်ခုနောက်ကို ဆက်လိုက်နေကြပုံပဲ။
"ငါတို့လိပ်နက်ပူးခံနေရတဲ့ ဖရန့်ကိုပြန်တွေ့ပြီ။ သူပြောတဲ့အတိုင်းဆိုရင် လူတွေပျောက်နေတဲ့ ရွာတစ်ရွာကို တွေ့ခဲ့တယ်ဆိုတယ်။ ဗီးနပ်စ်ကိုလည်း အဲဒီရွာမှာ တွေ့ခဲ့ပေမဲ့ ရွာက လူတွေပျောက်နေတဲ့ တရားခံတော့မဟုတ်ဘူး။ ဒါကြောင့် ငါတို့အဲဒီကိစ္စကို စုံစမ်းဖို့ ဆုံးဖြတ်ထားတယ်။"
'ဒီတော့ ဗီးနပ်စ်၊ မသေသေးဘူးပေါ့။' ဗီးနပ်စ်က ထွက်ပြေးတဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်လို့ ခုလိုအသက်ရှင်နေသေးတာကို မက်ဒါနာမအံ့ဩဘူး။ ပြီးတော့ ဆိုးကျိုးမရှိတဲ့ ဖာရာဒေးဆေးကို သောက်ခွင့်ရတဲ့သူဆိုလို့ ဗီးနပ်စ်တစ်ယောက်ပဲ အသက်ရှင်လျက်ရှိတော့တာ။ မြူတန့်မဟာမိတ်က ဖာရာဒေးကိုပြန်
ဖော်စပ်ထားပေမဲ့ မူရင်းဆေးလောက် မကောင်းတဲ့ပုံပဲ။
မက်ဒါနာက စာအကုန်ဖတ်ပြီးသွားပြီဖြစ်လို့ ဖုန်းကိုလက်ထဲကချပြီး တီထွင်မှုကို အပြီးသတ်တယ်။ ပြီးတော့ ကိုယ့်တီထွင်မှုကိုကိုယ် ယုံကြည်ချက်အပြည့်နဲ့ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။
စားပွဲပေါ်မှာ သာမန်အနောက်တိုင်းဝတ်စုံနဲ့မခြားတဲ့ ဝတ်စုံနှစ်ခုရှိနေတယ်။ မိန်းမဝတ်ဝတ်စုံနဲ့ ယောက်ျားဝတ် ဝတ်စုံပါ။ ပြီးတော့ အဲဲဒီသာမန်ဝတ်စုံတွေရဲ့ဘေးနားမှာ နယူးယောက်ဟီးရိုးကျောင်းတံဆိပ်ပါတဲ့ ရင်ထိုးနှစ်ခုကိုလည်း ထားထားသေးတယ်။ ကျောင်းယူနီဖောင်းနဲ့တွဲသုံးမယ့် ပစ္စတိုတစ်လက်စီနဲ့ ဓားရှည်တစ်ချောင်းလည်းရှိသေးတယ်။
"ထင်ထားတာထက်တောင် ပိုကောင်းသွားတာပဲ၊ အေမီကို စက်ချုပ်နည်းဒေါင်းခိုင်းလိုက်တာ မှန်သွားတယ်။" မက်ဒါနာက ခါးကိုထောက်ပြီး ဂုဏ်ယူစွာနဲ့ အေမီကို ခေါင်းညိတ်ပြလိုက်တယ်။
ဒေါက်... ဒေါက်...
"ဝင်ခဲ့ပါ။"
အဲဒီအချိန်မှာပဲ တံခါးခေါက်သံထွက်လာတဲ့အတွက်
ဝင်လာခိုင်းလိုက်တယ်။ အဝတ်အစားကို ကြွကြွရွရွလေး ဝတ်ထားတဲ့ ဖလေရာက စမ်းသပ်ခန်းထဲကိုဝင်လာတယ်။ ဖလေရာက ဒေါက်ဖိနပ်အနီရောင်စီးထားပြီး ဆံပင်ကိုတောက်ပြောင်နေရောင် သံလွင်ဆီနဲ့ဖြီးသင်ထားတယ်။ အဝတ်အစားကတော့ မင်းလွင်တွေ့နေကျ စီအီးအိုဝတ်စုံပေမဲ့ ဒါကလည်း ဝယ်ထားတာမကြာသေးတဲ့ အသစ်ဖြစ်ပုံပဲ။
"ဟေး၊ မက်ဒါနာ။ နင့်ကျောင်းက ဆရာတွေက နင်စမ်းသပ်ခန်းထဲမှာ ရှိနေတယ်ပြောလို့ လိုက်လာတာ။"
မက်ဒါနာက ဖလေရာကို လှည့်ကြည့်လိုက်ချိန်မှာပဲ အေမီက မက်ဒါနာရှေ့မှာပိတ်ရပ်လိုက်ပြီး သခင်မလေးကို ကာကွယ်ပေးမယ့် ကျောက်ရုပ်ကြီးစတိုင်နဲ့ ပြောလိုက်တယ်။
"သတိပေးချက်: ဘလက်လစ်သွင်းခံထားရသူတွေ မမလေးအနားကို ငါးပေထက်ပိုကပ်လာမယ်ဆိုရင် အလိုလျောက် ခုခံတိုက်ခိုက်ပါမယ်။"
ဖလေရာလည်း အေမီပြောတဲ့စကားကို နားမလည်နိုင်တဲ့အတွက် ခွန်းတုံ့ပြန်ပြီး မေးလိုက်တယ်။ "နေပါဦး၊ နင်က ငါ့ကိုဘာကိစ္စ ဘလက်လစ်သွင်းထားတာလဲ။"
"ဖလေရာ ဘယ်ရီဂရင်း၊ အသက် ၃၀ ပြည့်ဖို့နှစ်လအလို။ လူမျိုး၊ အိုင်းရစ်ကပြား။ သတ်မှတ်ချက်အဆင့်- ဘလက်လစ်။ အကြောင်းအရာ - သခင်မလေးကို ကိုယ်ထိလက်ရောက်စော်ကားရန် ကြိုးစားမှု။"
အေမီရဲ့စက်ရုပ်ဆန်ဆန် ရှင်းပြချက်ကိုလည်းကြားရော ဖလေရာလည်း ကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်မိတော့တယ်။ ကိုယ့်အပြစ်နဲ့ကိုယ်ပဲဆိုတော့ ဖလေရာလည်း ဘာမှဆက်မပြောတော့ဘဲ သူနဲ့အတူပါလာတဲ့ဖိုင်ကို ထုတ်ပြီးပြောလိုက်တယ်။
"ဒါက နင်တို့ကျောင်းအကောင့်ထဲကို ငါအလှူငွေထည့်တဲ့အကြောင်း သက်သေခံလက်မှတ်။ နင် လက်မှတ်ထိုးလိုက်တာနဲ့ အတည်ဖြစ်ပြီ။"
ဖလေရာက မက်ဒါနာနားကို ကပ်ပြီးစာချုပ်ပေးဖို့လုပ်ပေမဲ့ အေမီက ဖလေရာရှေ့ကိုရောက်လာပြီး ပိတ်ရပ်တယ်။ အဲဒီနောက် လက်နှစ်ဖက်ကိုဆန့်ထုတ်ပြတယ်။ ဖလေရာလည်း သက်ပြင်းချရင်း စာချုပ်ကို အေမီလက်ထဲ ထည့်ပေးလိုက်တယ်။ အေမီက စာချုပ်ကို တစ်ဆင့်ယူပြီး မက်ဒါနာကိုသွားပေးတဲ့အတွက် မက်ဒါနာက စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်တယ်။
"မက်ဒါနာရေ၊ နင်ငါ့ကို မကျေနပ်တာနဲ့ ဒီအရုပ်မလေးကို တမင်သက်သက် အဲဒီလိုပရိုဂရမ်သွင်းပေးထားတာမဟုတ်လား။"
ဖလေရာက လက်ကိုပိုက် နှုတ်ခမ်းကိုကိုက်ပြီး ပြောလိုက်တယ်။ မက်ဒါနာကတော့ ခေါင်းခါတယ်။ "အဲဒီလိုတော့ မဟုတ်ပါဘူး၊ ငါသတိလွတ်နေတုန်း ငါ့ကိုကာကွယ်ပေးနိုင်အောင်လို့ အေမီကို နည်းနည်းပါးပါးသင်ပေးထားရုံပါ။"
မက်ဒါနာက အေမီလက်ထဲ စာချုပ်ထည့်ပေးလိုက်တယ်။ အေမီက ဖလေရာဆီကို ပြန်သယ်လာတယ်။ ဒီလိုနဲ့ စာချုပ်မှာလက်မှတ်ထိုးတဲ့ လုပ်ငန်းစဥ်ပြီးဆုံးသွားတယ်။ ဒါပေမဲ့ ဖလေရာက မပြန်သေးဘဲ မက်ဒါနာစူးစမ်းနေတဲ့ စားပွဲပေါ်က ဝတ်စုံတွေကို ကြည့်ကာမေးလိုက်တယ်။
"ဒါက နင်တို့ကျောင်းဝတ်စုံလား၊ ရိုးရိုးဟီးရိုးကျောင်းတစ်ခုအနေနဲ့ဆိုရင် အတော်လေးကောင်းသားပဲ။"
မက်ဒါနာက လက်မထောင်ပြလိုက်ပြီး ဝတ်စုံတွေအကြောင်း စရှင်းပြတယ်။ "တကယ်တော့ ဒီဝတ်စုံတွေက ဟီးရိုးအထောက်အကူပြုဝတ်စုံတွေ။ ငါလေ့လာကြည့်သလောက် နာမည်ကြီးဟီးရိုးကျောင်းတွေမှာ လက်တွေ့တိုက်ပွဲချိန်အတွက် D rank အဆင့်ရှိတဲ့ နည်းပညာဝတ်စုံတွေကို ပံပိုးလေ့ရှိတာတွေ့ရတယ်။ ဒါပေမဲ့ ငါတို့ကျောင်းကတော့ အဲဒါမျိုးမရှိဖူးသေးဘူး။"
ဖလေရာက မယုံသင်္ကါနဲ့ ဝတ်စုံအသားကို ကိုင်ကြည့်ပြီး မေးလိုက်တယ်။ ဝတ်စုံအသားက သာမန်အဝတ်ထက် နည်းနည်းပိုထူပေမဲ့ ကျည်ကာမယ့်ရုပ်နည်းနည်းလေးမှကိုမရှိဘူး။ "ဒီလောက်ပါးပါးလေးတွေက ဒဏ်ခံနိုင်ပါ့မလား။"
မက်ဒါနာက စိန်ခေါ်တဲ့ပုံစံနဲ့ မျက်ခုံးပင့်ပြရင်း ပြန်ဖြေလိုက်တယ်။ "ဆီလီကာစူပါကာဗွန်ချည်လို့ခေါ်တဲ့ အထူးချည်သာကနေ ငါထုတ်ထားတာ။ အက်စစ်ဒဏ်ကိုခံနိုင်ပြီး ကျည်အများစုကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်။ ဒါပေါ့၊ တကယ့်တိုက်ပွဲမှာ ဒီကျောင်းဝတ်စုံအပြင် အပေါ်ပိုင်းကျည်ကာဝတ်စုံလည်းတွဲဝတ်ရမယ်။"
"စမ်းကြည့်လို့ရမလား။" ဖလေရာက မေးလိုက်တော့ မက်ဒါနာက ခေါင်းညိတ်ပြတယ်။ မက်ဒါနာက စမ်းသပ်ခန်းက ခလုတ်တစ်ခုကို နှိပ်လိုက်တာနဲ့ လူပုံတူ စမ်းသပ်ရေးအရုပ်တစ်ခုက ကြမ်းပြင်ကနေထွက်လာတယ်။ အေမီက နမူနာဝတ်စုံတစ်စုံကို ယူပြီးအရုပ်မှာ ဝတ်ပေးလိုက်တယ်။
"နင်သေနတ်ယူဦးမလား။" မက်ဒါနာက ပြောလိုက်ပြီး ခလုတ်နောက်တစ်ခုကိုနှိပ်လိုက်တာနဲ့ နံရံတွေပွင့်လာပြီး ဟီးရိုးနဲ့စစ်ဘက်ဆိုင်ရာသုံး သေနတ်မော်ဒယ်စုံ ထွက်လာတယ်။
"မက်ဒါနာ၊ နင်ဒါတွေ ဘယ်ကရလာတာလဲ။" ဖလေရာမေးလိုက်တော့ မက်ဒါနာက ကောက်ကျစ်တဲ့အပြုံးနဲ့ ပြုံးပြီးပြန်ဖြေတယ်။
"ဆိုဖီယာရဲ့အိမ်လှေကားရင်းအောက်က သေနတ်တွေလေ။ သူမရှိဘူးဆိုတော့၊ ငါခနယူသုံးနေတာ။"
မက်ဒါနာက ပြောပြောဆိုဆိုနဲ့ ဝှီးချဲကို မောင်းသွားလိုက်ပြီး ပစ္စတိုသေနတ်တစ်လက်ကို ဖြုတ်ပေးလိုက်တယ်။ အေမီက ဖလေရာကို သခင်မလေးနားမကပ်စေချင်ပေမဲ့ သခင်မလေးကိုယ်တိုင်က ကပ်သွားတာမလို့ မျက်မှောင်ကုပ်ပြီး စိုက်ကြည့်နေရုံကလွဲလို့ ဘာမှဆက်မလုပ်ဘူး။
ဖလေရာလည်း ပခုံးတွန့်ပြလိုက်ပြီး သေနတ်ကိုယူကာ ဝတ်စုံဝတ်ပေးထားတဲ့ ဒမ်မီရုပ်ကို ကျည်ကပ်ကုန်တဲ့အထိ ပစ်တယ်။
ဒိုင်း... ဒိုင်း... ဒိုင်း....
ကျည်ကပ်ကုန်သွားပြီးတဲ့နောက် ဖလေရာက အနားကိုကပ်လာပြီး ဝတ်စုံမှာ ကျည်ပေါက်ရာရှိမရှိကြည့်တယ်။ တကယ်ပဲ ဘာမှရှိမနေပါဘူး။ ဒါပေမဲ့ ဝတ်စုံကိုလှန်ပြီး ဒမ်မီရုပ်ရဲ့ဗိုက်ကိုကြည့်တော့ နည်းနည်း ချိုင့်ဝင်နေတယ်။
"အင်း၊ ဒီဝတ်စုံမှာ အပေါ်ကနေ ကျည်ကာတစ်ထပ်ဝတ်ခိုင်းတာ မအံ့ဩတော့ဘူးပဲ။ ကျည်ရဲ့ကန်အားကို မတားဆီးနိုင်ဘူးပဲ။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ဝှီးချဲကို တခြားတစ်နေရာဆီ မောင်းထွက်သွားတယ်။ နောက်တော့ ရင်ဘတ်နဲ့ကျောနေရာလုံတဲ့ ကျည်ကာတစ်ခုကိုလာပေးတယ်။
"ဒါလည်း ငါလုပ်ထားတာပဲ၊ ကာဘွန်ဖိုက်ဘာနဲ့ဆီလီကွန်ကိုသုံးထားတဲ့ ကျည်ကာပျော့ပေါ့။ ထုတ်လုပ်စရိတ်လည်း အတော်လေးသက်သာတယ်။"
အဲဒီရင်ဘတ်ကျည်ကာကို တပ်ပေးပြီးနောက် ထပ်ပြီးစမ်းကြပြန်တယ်။ ဒီတစ်ခါတော့ ဖလေရာက မောင်းပြန်ရိုင်ဖယ်ထဲကို ကျည်ကာဖောက်ပွိုင့်ကျည်တွေထည့်ပစ်တယ်။ ဒါပေမဲ့ မက်ဒါနာရဲ့တီထွင်မှုက တကယ်ပဲ ကာကွယ်နိုင်ခဲ့တယ်။
"အံ့ဩစရာပဲ၊ ငါ့ကုမ္ပဏီမှာထုတ်ရောင်းမယ်ဆိုရင်တောင် အတော်လေးအောင်မြင်လောက်တယ်။"
D Rankအဆင့် နည်းပညာချပ်ဝတ်အနေနဲ့ ဒီကျောင်းဝတ်စုံတွေက ခွန်အားနဲ့တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ခုခံနိုင်စွမ်းကတော့ တကယ့်ကို အထင်ကြီးစရာပါပဲ။ ပြီးတော့ လက်နက်နှစ်ခုလည်း တွဲပါနေသေးတယ်။ ဖလေရာက ဝတ်စုံနဲ့တွဲမယ့် ဓားနဲ့သေနတ်ကို ကောက်ကိုင်ကြည့်တယ်။
"ကြည့်ရတာ ဒါတွေကလည်း နင်ကိုယ်တိုင်လုပ်ထားတာဖြစ်ရမယ်။"
မက်ဒါနာက ခေါင်းညိတ်ပြပြီး ဓားအကြောင်းရှင်းပြတယ်။ "ဓားက စျေးသက်သာတဲ့ ဇက်သတ္တုစပ်တစ်မျိုးနဲ့လုပ်ထားတာ။ အတော်လေးထက်ပြီး C rank ချပ်ဝတ်တွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်။ ဒါပေါ့၊သတ္တုကတော့ ငါတစ်ယောက်ပဲတတ်နိုင်တဲ့ ရီဆိုက်ကယ်နည်းနဲ့ ကြိုချက်ရတာ။"
ဖလေရာက ဓားကိုဝေ့ယမ်းပြီး ထိုင်ခုံတစ်ခုကို ပိုင်းချလိုက်တယ်။ ထိုင်ခုံက တိတိကျကျပြတ်သွားပြီး တအိအိနဲ့ပြိုလဲသွားတယ်။
"တကယ့်အဆင့်မီပဲ၊ C rank အထောက်အကူလက်နက်တွေထဲမှာတောင် အကောင်းဆုံးဖြစ်လောက်တယ်။"
နောက်တော့ ဖလေရာက မက်ဒါနာထွင်ထားတဲ့ ပစ္စတိုရဲ့ကျည်ကပ်ကို ဖြုတ်ကြည့်တယ်။ အထဲမှာဓာတုအရည်တစ်မျိုးကို ကျည်ဖူးအဖြစ်သုံးထားတဲ့ ကျည်တွေကို တွေ့လိုက်ရတယ်။ မက်ဒါနာကလည်း ရှင်းပြတယ်။
"အထဲက ဓာတုရည်ကတော့ ငါထွင်ထားတာမဟုတ်ဘူး၊ ဆရာမဟဲရိုးရဲ့ဖော်မြူလာ။ ကျည်က ၉မီလီမီတာ အေးခဲကျည်နဲ့ပေါက်ကွဲကျည်ဆိုပြီးတော့ နှစ်မျိုးရှိတယ်။ ရိုးရိုးကျည်လည်း ထည့်သုံးလို့ရတယ်။"
ဖလေရာက သဘောတကျနဲ့ မက်ဒါနာကို ပြုံးပြပြီး ပြောလိုက်တယ်။ "မက်ဒါနာရေ၊ ဒီပစ္စည်းတွေအားလုံးကို နင့်ကျောင်းအတွက် ငါ့စက်ရုံတွေကနေ စရိတ်သက်သက်သာသာနဲ့ ထုတ်ပေးမယ်လေ။ နင်နည်းပညာတွေ မပေါက်ကြားစေရဘူး၊ စိတ်ချ။ ငါ တခြားသူတွေကိုမရောင်းဘဲ နင့်ကျောင်းအတွက်ပဲ သီးသန့်ထုတ်ပေးမှာ။"
မက်ဒါနာလည်း ဖလေရာရဲ့စကားကို မယုံနိုင်စွာနဲ့ မျက်ခုံးပင့်လိုက်တယ်။ နယူးယောက်ဟီးရိုးကျောင်းအတွက်ပဲ ဒီလက်နက်တွေကို ထုတ်ပေးမယ်ဆိုတာက အတော်ကောင်းတဲ့ ကမ်းလှမ်းချက်ဖြစ်ပေမဲ့ ဖလေရာအတွက် သိပ်အမြတ်ရမှာမဟုတ်ဘူး။ အရင်နှစ်တွေမှာ ကျောင်းသားဦးရေ အတော်လေးနည်းတာမလို့ တစ်နှစ်ကို ဝတ်စုံအပြည့်ငါးဆယ်လောက် ရောင်းရရင်တောင် အတော်များလှပြီပြောရမယ်။ မက်တယ်ပလာဒင်အတွက် ဒီပမာဏက အကျိုးမဖြစ်ထွန်းနိုင်ဘူး။
"နင်ငါ့ကို ဖားချင်တယ်ဆိုပေမဲ့ အဲဒီလောက်ကြီးကျ မများဘူးလား၊ ဖလေရာ။"
မက်ဒါနာက မေးလိုက်တော့ ဖလေရာက ခေါင်းခါပြတယ်။ သူ့မှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိတဲ့ပုံပဲ။ "ငါကြိုသိနေတယ်၊ နင့်ကျောင်းသာ ဒီနှစ်ဒီဝတ်စုံကြောင့် နာမည်ကြီးသွားမယ်ဆိုရင် နောင်နှစ်ကျရင် ဝတ်စုံအပြည့်ကို ထောင်နဲ့ချီပြီးရောင်းရလိမ့်မယ်။"
'ပြောချင်တာက နောက်စာသင်နှစ်တွေမှာ ငါ့ကျောင်းက ကျောင်းသားရာထောင်နဲ့ချီပြီးရနိုင်တယ်လို့လား။' မက်ဒါနာက ကိုယ့်ကိုယ်ကိုယ်အထင်သေးတာတော့မဟုတ်ပေမဲ့ ဒီစာသင်နှစ်အောင်မြင်ဖို့ကတောင်အတော်လေး ခက်ခဲနေပြီလေ။ ပြီးတော့ သူ့အနေနဲ့ ဒီကျောင်းကို နှစ်ရှည်တာဝန်ယူဖို့လည်း အစီအစဥ်ရှိမနေဘူး။
"စဥ်းစားကြည့်စမ်း မက်ဒါနာရေ။ အနာဂတ်မှာ နယူးယောက်ဟီးရိုးကျောင်းကို ရုပ်ဖျက်ထားတဲ့ဟီးရိုးကြီး Silverknightက ကျောင်းအုပ်တာဝန်ယူခဲ့ပါတယ်လို့ လူတွေသိလာရင် ဒီကျောင်းကို ရှိသမျှ လူတွေလာတက်ကြမှာပဲ။ အဲဒီအချိန်မှာ ငါ့ကုမ္ပဏီက ဝတ်စုံထုတ်လုပ်ရေးကို တစ်ဦးတည်းမူပိုင်ယူထားမယ်ဆိုရင်..."
မက်ဒါနာရှေ့မှာတင် မရသေးတဲ့ပိုက်ဆံတွေကို စိတ်ကူးယဥ်နေပြီဖြစ်တဲ့ ဖလေရာရဲ့မျက်လုံးတွေက အစွမ်းကုန်တောက်ပလာတယ်။ ကာတွန်းကမ္ဘာမှာဆိုရင် သူ့မျက်လုံးထဲမှာ "$" အမှတ်အသားကိုတောင် မြင်ရမလားပဲ။ မက်ဒါနာကတော့ ယဥ်ယဥ်လေးရူးနေတဲ့ ဖလေရာကိုကြည့်ရင်း သက်ပြင်းချလိုက်လေရဲ့။ 'ငါ့ရဲ့မန်နေဂျာပီသပါရဲ့။'
မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်တော့ ဖလေရာပြန်သတိဝင်လာပြီ။ အခု သူက မက်ဒါနာနဲ့တစ်စားပွဲထဲမှာထိုင်နေပြီး အေမီက နှစ်ယောက်လုံးအတွက် ကော်ဖီဖျော်ပေးနေတယ်။
"စဥ်းစားကြည့်ခါမှ၊ မနက်ဖြန်ဆိုရင် နင်တို့တွေ ကျောင်းဆရာအင်တာဗျူးလုပ်မှာမလား။ မေဆင်ကလူတွေလည်း ရောက်လာမယ်ထင်တယ်။"
မက်ဒါနာက ခေါင်းညိတ်ပြတယ်။ ကော်ဖီဖျော်ပြီးသွားပြီဖြစ်တဲ့ အေမီက နှစ်ယောက်လုံးကို တကယ့်အိမ်စေလေးလိုမျိုး ကြွကြွလေးလျှောက်လာပြီး ကော်ဖီခရားကိုကိုင်ကာ လက်ဖက်ရည်ခွက်တွေထဲ အသာအယာငှဲ့ပေးတယ်။ နောက်တော့ စားပွဲအလယ်မှာ ထောပတ်ကွက်ကီးပန်းကန်လေး လာချတယ်။
မေဆင်က ကျောင်းဆရာရောက်လာမယ့်အကြောင်းစဥ်းစားမိတော့ မက်ဒါနာက ကော်ဖီကိုတစ်ငုံသောက်လိုက်ရင်း သူစီစဥ်ထားတဲ့ အင်တာဗျူးအစီအစဥ်ကို စပြီးရှင်းပြတယ်။ ဒါပေမဲ့ အသေးစိတ်တော့မဟုတ်ဘူး။
"အဲဒီကိစ္စကတော့ မပူနဲ့၊ ငါတို့အေမီက မေဆင်ကောင် စာမေးပွဲမအောင်အောင်လို့ ရအောင်လုပ်လိမ့်မယ်။"
ဖလေရာလည်း မျက်ခုံးပင့်လိုက်တယ်။ "ဒီတော့ နင်က နင့်ကျောင်းကို ဘာမှန်းမသိတဲ့ အေးဂျင့်တစ်ယောက် ပေးမဝင်ချင်တာ တကယ်ပဲပေါ့။ ဘယ်လိုလုပ်မယ် စဥ်းစားထားလဲ။"
"နင့်လို မေဆင်တွေနဲ့ အဆက်အသွယ်ရှိတဲ့ Trust ကြီးကို ပေးသိစရာလား။" မက်ဒါနာက ဖလေရာကို Trustဆိုတဲ့ စကားကိုသုံးပြီး ပြောလိုက်တဲ့အတွက် ဖလေရာရဲ့မျက်နှာက ချက်ချင်းမှိုင်းညို့သွားပြီး ပြိုတော့မယ့်မိုးလိုဖြစ်သွားတယ်။ (Trust: သမ္မတ သီအိုဒို ရုစပဲ့လက်ထက် အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို မတရားလက်ဝါးကြီးအုပ် အမြတ်ထုတ်ခဲ့တဲ့ အရင်းရှင်တွေကိုခေါ်တဲ့ဝေါဟာရ။)
"မက်ဒါနာရေ၊ နင်ရက်စက်လိုက်တာ။ ငါဘယ်တုန်းက စျေးကွက်ကို လက်ဝါးကြီးအုပ်ဖူးလို့လဲဟ။"
"နင်ခုနလေးတင် ဟီးရိုးကျောင်းဝတ်စုံစျေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ စိတ်ကူးယဥ်လိုက်သေးတယ်မဟုတ်လား။"
"....." မက်ဒါနာရဲ့စကားကြောင့် ဖလေရာဆွံအသွားတယ်။ လက်ညိုးလေးထောင်ပြီး တစ်ခုခုပြောချင်ပေမဲ့ အထစ်ထစ်နဲ့ဖြစ်သွားတဲ့အတွက် ရူးချင်ယောင်ဆောင်ပြီး ကွက်ကီးတစ်ခုကိုကောက် ကော်ဖီနဲ့မျှောချလိုက်တယ်။ အဲဒီနောက် မက်ဒါနာကို မေဆင်တွေနဲ့အဆက်အသွယ်ရှိနေရတဲ့အကြောင်း စရှင်းပြတယ်။
"တကယ်တော့ ငါက သူတို့အကြောင်းသိပ်မသိသလိုသူတို့နဲ့လည်း သိပ်မပတ်သက်ဖူးပါဘူး။ ငါ့အဖိုးဟီးရိုးစလုပ်တုန်းက သူတို့အနည်းအပါးကူညီခဲ့တယ်။ အဲဒါပဲ၊ ဒီလိုလုပ်ရပ်မျိုးကလည်း သူတို့လုပ်နေကျပဲမဟုတ်လား။"
မက်ဒါနာလည်း ဖလေရာရဲ့အခြေအနေကိုကြားတော့ ခေါင်းညိတ်လိုက်တယ်။ မေဆင်တွေက သူတို့အတွက် အသုံးဝင်မယ့်သူတွေကို ကင်းထောက်ပြီး မြေတောင်မြှောက်ပေးတတ်ကြတယ်။ ဒါပေမဲ့ မက်တယ်ပလာဒင်ကလည်း အဲဒီလိုအကူအညီရခဲ့တဲ့သူဆိုတာတော့ အတော်လေးထူးဆန်းတယ်။
"နင့်အဖိုးအကြောင်း စကားစပ်မိခါမှ၊ နင့်အဖိုးဝတ်စုံရော။ ငါနင့်ကို အဆင့်မြှင့်ပေးဖို့ ကူညီရဦးမလား။"
မက်တယ်ပလာဒင်ဝတ်စုံက သူ့ခေတ်သူ့အခါက အကောင်းဆုံးဆိုပေမဲ့ မက်ဒါနာနဲ့တခြားနည်းပညာမြူတန့်တွေ မြင့်တက်လာချိန်မှာတော့ သိပ်ခေတ်မမီတော့ပါဘူး။ ပြီးတော့ ဖလေရာက မက်ဒါနာရဲ့မစ်ရှင်မှာ အရေးပါတဲ့မဟာမိတ်တစ်ယောက်ဖြစ်တဲ့အတွက်
အတတ်နိုင်ဆုံး ကူညီဖို့ဆုံးဖြတ်လိုက်တယ်။
လောလောဆယ် ဖရာလီတာတို့က ကမ္ဘာတစ်ဖက်ခြမ်းမှာ ရောက်နေတာမလို့ မက်ဒါနာရနိုင်တဲ့အကူအညီက အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် ဖလေရာကို တိုက်ပွဲကြီးတွေမှာ ပါဝင်နိုင်ဖို့ ကူညီပေးတာ မဆိုးတဲ့အကြံတစ်ခုပါ။
ဖလေရာကလည်း မက်ဒါနာပေးတဲ့ ကမ်းလှမ်းမှုကို အလွယ်တကူပဲ လက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ "ငါက နင်မေးမှမေးပါ့မလားလို့။"
အဲဒီနောက် ဖလေရာက တစ်ခုခုကို သတိထားမိသွားပြီး သူထိုင်နေတဲ့ ထိုင်ခုံကိုနည်းနည်းလေးမြှောက်ပြီး မက်ဒါနာနားကို တိုးထိုင်တယ်။
"ပြောခါမှ၊ ငါတို့နှစ်ယောက် အခုလိုမျိုး နင်ထွင်ထားတဲ့ ပစ္စည်းတွေကို အတူစမ်းမကြည့်ရတာ ကြာပြီလားလို့"
မက်ဒါနာကတော့ ဖလေရာကို ဂရုမစိုက်အားသေးဘဲ သူထွင်ထားပြီး ဖလေရာမစမ်းရသေးတဲ့ ကျောင်းဝတ်စုံက သတ္တုကျောင်းတံဆိပ်လေးကို လက်ထဲမှာ ကိုင်ကြည့်နေတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဖလေရာရဲ့စကားကို ပြန်ခွန်းတုံ့ပြန်တယ်။
"အင်း၊ ဒီတစ်ခုနင်စမ်းကြည့်ဖို့ကျန်သေးတယ်။ ဒါကတော့ ကျောင်းသားတွေကို အကာအကွယ်ပေးမယ့်စွမ်းအင်ဒိုင်းသေးသေးလေး ထုတ်ပေးနိုင်တယ်လေ။"
ဒါပေမဲ့ ဖလေရာက ပစ္စည်းသစ်ကိုစမ်းဖို့ စိတ်ကူးမရှိဘဲ သူ့လက်မောင်းကိုမြှောက်ကာ သူ့အနားကိုခိုးကပ်လာမှန်း သတိမထားမိသေးတဲ့ မက်ဒါနာရဲ့ပခုံးလေးကို ဖက်ဖို့ကြိုးစားလိုက်တယ်။
"အနှောင့်အယှက်ကို ရှာဖွေတွေ့ရှိပါသည်။ အင်အားသုံး ဖယ်ရှားမည်။"
တစ်ချိန်လုံးရပ်ကြည့်နေတဲ့ အေမီရဲ့မျက်လုံးတွေက ချက်ချင်းအနီရောင်ပြောင်းသွားတယ်။ ဖလေရာလည်း ကျောချမ်းသွားပြီး နောက်ကို ထိတ်လန့်တကြားလှည့်ကြည့်တယ်။ ကြောက်စရာသံမဏိအရုပ်မက သူ့နားကို တဖြည်းဖြည်းချင်း ချဥ်းကပ်လာနေပြီ။
"မက်ဒါနာရေ၊ သူငါ့ကို တကယ်မသတ်လောက်ပါဘူးနော်။"
"....."