← Chapters

ရှန်းယိကုန်းမြေ 

Vol. 163 Ch. 2320

ရှန်းယိကုန်းမြေ 

Vol. 163 Ch. 2320

စီဝေ့ကြယ်ကမ္ဘာသည် စီဝေ့မဟာအင်ပါယာ၏ ကာလရှည်ကြာ ချိပ်ပိတ်ခြင်းကို ခံခဲ့ရသော လောကတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် လူသားကျင့်ကြံသူများ ဖော်ထုတ်နိုင်ခဲ့သည့် လောကက မည်သို့သော နေရာမျိုး ဖြစ်လိမ့်မည်နည်း။

"အခုလက်ရှိ လောကအသီးသီးက ကျင့်ကြံသူတွေနဲ့ ထိပ်သီးအင်အားစုတွေကို ပေါ်ပေါက်လာတဲ့ အဲဒီကုန်းမြေအမွေအနှစ်က ဆွဲဆောင်နေခဲ့တယ်။ လူသားကျင့်ကြံသူတွေ ရှိနေတဲ့ လောကက စူးစမ်းရှာဖွေချင်တဲ့ ဆန္ဒတွေကို အားကောင်းလာစေတဲ့ ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခု ဖြစ်တယ်။ ပြီးတော့ သတင်းတွေ့ရဆို အဲဒီလောကမှာ ရှိတဲ့ ကျင့်ကြံသူတွေက ထူးချွန်ကြတယ်တဲ့။" အင်ပါယာနန်က ပြောလိုက်သည်။

သူ့ဘေးမှ ရန်ဟောင်ချန်းက ရီဖူရှင်းကို မေးလိုက်သည်။ "ကျုပ်တို့ သွားကြည့်ကြမလား။"

ရီဖူရှင်းက ခေတ္တမျှ တွေဝေနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ "သွားကြည့်ကြတာပေါ့။"

ယခင်က မူလဘုံ၌ အမွေအနှစ်အမျိုးမျိုး ပေါ်ပေါက်လာနေသော်လည်း သူ့တွင် သွားရောက်ရန် ဆန္ဒမရှိခဲ့ဘဲ အခြားလူများကို အခွင့်အရေး ပေးချင်ခဲ့သည်။ သို့သော် ယခု သူသည် မူလဘုံအတွင်း ထွက်ပေါ်လာသည့် ထိုကုန်းမြေကို သိချင်စိတ်ဖြစ်နေခဲ့လေသည်။

"ဒါဆိုလည်း အခုပဲ သွားကြတာပေါ့။"ရန်ဟောင်ချန်းက ပြောလိုက်သည်။

"ကျေးဇူးပြုပြီး လမ်းပြပါ စီနီယာ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး သူတို့လူစုက ချက်ချင်းပင် ခရီးစလိုက်ကြသည်။ သူတို့က ကောင်းကင်သို့ ခုန်တက်လိုက်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထွက်ခွာ၍ အဆုံးမဲ့လေဟာနယ်သို့ ဦးတည်လိုက်သည်။

မူလဘုံ၏ နယ်မြေသည် ကောင်းကင်လမ်းစဥ် ပြိုကျပြီးနောက် ဖြစ်တည်လာသော လေဟာနယ်ကမ္ဘာဖြစ်သည်။ မဟာလမ်းစဥ်ဘုံသုံးထောင်သည် လူသားများ၏ ကျင့်ကြံရေး နယ်မြေများ ဖြစ်သည်။ ဤနေရာက ကျယ်ပြောသည်ဟု မသတ်မှတ်နိုင်သော်လည်း မဟာလမ်းစဥ် ဘုံသုံးထောင်၏ အလွန်တွင် မသိနိုင်သော အရာများနှင့် ပြည့်နေသည့် အဆုံးမဲ့ လေဟာနယ်တစ်ခု ရှိပေသည်။

ဥပမာအနေနှင့် စီဝေ့ကြယ်ကမ္ဘာက အဆုံးမဲ့လေဟာနယ်အတွင်း ထွက်ပေါ်လာခဲ့ပြီး အခြားသော အမွေအနှစ်များကလည်း တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။

ရီဖူရှင်းသည် မူလဘုံ၏ အရွယ်အစားအမှန်ကို မသိရှိသလို အခြားမည်သူမှလည်း မူလဘုံအကြောင်း အမှန်တကယ် သိရှိခြင်း မရှိပေ။ အရှင်ဒွန်ဟောင် နှင့် အခြား မဟာအင်ပါယာများသည်သာ ၎င်း၏ သမိုင်းကြောင်းအချို့ကို သိရှိပေလိမ့်မည်။

ထိုအချိန်တွင် ကုန်းမြေအသစ်တစ်ခုက မူလဘုံ၏ အဆုံးမဲ့လေဟာနယ်အတွင်း မျောလွင့်နေခဲ့သည်။

ဤကုန်းမြေက လေဟာနယ်အတွင်း လဲလျောင်းတည်ရှိနေကာ ဖျော့တော့သော အလင်းတချို့ အထဲမှ ထုတ်လွှတ်နေသည်။ ၎င်းသည် အစကတည်းက တည်ရှိနေပြီး ဤကျယ်ပြောသော လေဟာနယ်ကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသလိုပင် ဖြစ်၏။

ရီဖူရှင်းနှင့် အခြားလူများသည် ကုန်းမြေအစွန်းကို ဖြတ်သန်းသွားပြီး အထက်သို့ ဆက်လက်ရွေ့လျားသွားသည်။ ထိုစဥ်၌ ကုန်းမြေအစွန်းတွင် ကျင့်ကြံသူများရှိနေသည်ကို မြင်လိုက်ရသော်လည်း ထိုသူများက အရာအားလုံးကို ကျင့်သားရနေပုံရကာ အံ့သြခြင်းမရှိကြပေ။

"ဒီကုန်းမြေ ဘယ်လိုပေါ်လာတာလဲ။" ရီဖူရှင်းက သူ့ရှေ့မှ မြင်ကွင်းကို မြင်သောအခါ မေးလိုက်သည်။

"သတင်းတွေအရတော့ ဒီကုန်းမြေက အဆုံးမဲ့လေဟာနယ်မှာ မရေတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းသွားလာနေပြီး အခုမှသာ ထွက်ပေါ်လာတာတဲ့။" အင်ပါယာနန်က တုန့်ပြန်လိုက်သည်။ ရီဖူရှင်းက အတွေးထဲတွင် နစ်နေခဲ့ပုံရသည်။ ထိုသို့ဆိုလျှင် ကုန်းမြေပေါ်မှ ကျင့်ကြံသူများ၏ တုန့်ပြန်မှုကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မည်။

အဆုံးမဲ့ လေဟာနယ်အတွင်း ဖယ်ထုတ်ခံထားရသည့် လောကတစ်ခုက ဤအရာအားလုံးနှင့် အသားကျနေပြီး သူတို့သည် ယခု မြင်နေရသည့် အရာများအပေါ် စိတ်ဝင်စားမှု မရှိသလိုပင် ခံစားနေရနိုင်ပေသည်။

သို့သော် ကုန်းမြေတစ်ခုလုံးကို ဖယ်ထုတ်ပစ်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းရည်မျိုး နည်သူ့ထံ၌ ရှိပါသနည်း။

ရီဖူရှင်းနှင့် အခြားလူများသည် ရှေ့သို့ ဆက်လက်လျှောက်လာခဲ့ပြီး ကုန်းမြေဆီသို့ ဦးတည်လိုက်သည်။  ကုန်းမြေပေါ်ရှိ ကျင့်ကြံသူများက ရီ​ဖူရှင်းနှင့် အခြားလူများကို မော့ကြည့်လိုက်ကြပြီးနောက် ခေါင်းများကို ပြန်ငုံ့ကာ သူတို့အလုပ်သူတို့ ဆက်လုပ်နေကြသည်။  လတ်တလောတွင် ပြင်ပမှ ကျင့်ကြံသူများက သူတို့၏ ကုန်းမြေသို့ ရောက်လာကြသဖြင့် ထိုကဲ့သို့သော အဖြစ်အပျက်များက မကြာမကြာ ဖြစ်ပျက်နေသည့်အတွက်ကြောင့် ကျင့်သားရနေကြပြီ ဖြစ်သည်။

"ဒီလူတွေရဲ့ ကျင့်ကြံခြင်းက အံ့သြစရာပဲ။" ရီဖူရှင်းက ရှေ့သို့ ဆက်လျှောက်ရင်း တီးတိုးရွတ်လိုက်သည်။ ဤကုန်းမြေမှ ကျင့်ကြံသူများ၏ ထူးချွန်လှသော စွမ်းအားကို ခံစားမိပေသည်။ ကုန်းမြေအစွန်းမှ ထိုလူများသည်ပင် ကျင့်ကြံဆင့်က မနိမ့်ပါးလှဘဲ အနိမ့်ဆုံး ရှန့်ထိုအဆင့်၌ ရှိကြသည်။

"ဒါက ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ကုန်းမြေတစ်ခုသာ ဖြစ်ရင် အဲဒါက ကျိန်းသေ ထူးခြားတဲ့ ကုန်းမြေတစ်ခု ဖြစ်ရမယ်။" ရန်ဟောင်ချန်းက ရေရွတ်လိုက်သည်။ လူတိုင်းက သဘောတူလိုက်၏။

ထိုကုန်းမြေက အဆုံးမဲ့လေဟာနယ် အတွင်းမှ အမှန်တကယ် ဖယ်ထုတ်ခံခဲ့ရခြင်းဖြစ်လျှင် ယနေ့ထိတိုင် ရှင်သန်နိုင်ခဲ့ခြင်းမှာ ဤကုန်း​မြေပေါ်တွင် နေထိုင်ကြသော ကျင့်ကြံသူများနှင့် ဤကုန်းမြေက သာမန်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် ၎င်းက ဤမျှရှည်လျားသော သမိုင်းကြောင်းတလျှောက်၌ အမြစ်ဖြတ်သုတ်သင်ခံရပြီး ဖြစ်ပေလိမ့်မည်။

သူတို့အဖွဲ့က ဦးတည်ရာမဲ့စွာ လျှောက်သွား​နေခဲ့သည်။ ဤကုန်းမြေက အသစ်ရှာဖွေတွေ့ရှိခဲ့သော ကျင့်ကြံသူများ နေထိုင်နေသည့် ကုန်းမြေတစ်ခု ဖြစ်သော်လည်း ကြယ်များ၏ နယ်မြေဖြစ်သော စီဝေ့ကြယ်ကမ္ဘာနှင့် မတူညီပေ။ ဤနေရာသည် ကုန်းမြေတစ်ခုမျှသာ ဖြစ်လေသည်။ နောက်ထပ်ရှုထောင့်တစ်မျိုးမှ ကြည့်လျှင် ထိုကုန်းမြေသည် ရှေးခေတ်အခါမှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များအတွက် နေရာတစ်ခု ဖြစ်သည်။

ရီဖူရှင်း၏ အဆင့်မှ တစ်စုံတစ်ယောက်ကို မဆိုထားနှင့်ထိပ်သီးအဆင့် ရန်ဟောင်အတွက်ပင် ထိုကုန်းမြေက ကြီးမားနေဆဲ ဖြစ်သည်။ သူတို့သည် ကုန်းမြေတစ်ခွင် ဆက်လက်ကာ ခရီးဆက်နေသော်လည်း အလယ်ဗဟိုသို့ ရောက်ရှိသေးပုံမပေါ်ပေ။

ရီဖူရှင်းနှင့် အခြားလူများက အောက်ဘက်ရှိ ကုန်းမြေပေါ်မှ အရာအားလုံးကို ကြည့်နေကြသည်။ ဤကုန်းမြေအတွင်းရှိ ကျင့်ကြံသူများ၏ ထူးခြားလှသော အရှိန်အဝါတို့မှအပ မြို့များ၊ တောင်တန်း၊ တောအုပ်နှင့် ကျင့်ကြံသူများ ရှိနေခြင်းက ကောင်းကင်ဒေသ၊ မဟာလမ်းစဥ်ဘုံသုံးထောင်တို့နှင့် အလွန်ကွာခြားခြင်း မရှိပေ။ ယေဘုယျအားဖြင့် သူတို့၏ ဘုံက အနည်းငယ် ပို၍ မြင့်မားပေသည်။

"ကျုပ် သွားပြီး စုံစမ်းကြည့်ရမလား။" ရန်ဟောင်ချန်းက ရီဖူရှင်းကို မေးလိုက်သည်။

"ကောင်းပြီ။" ရီဖူရှင်းက ရန်ဟောင်ချန်း၏ ဆိုလိုရင်းကို နားလည်ကာ သဘောတူလိုက်သည်။ ချက်ချင်းပင်ရန်ဟောင်ချန်းက လှုပ်ရှားလိုက်ပြီး ကောင်းကင်အောက်ဘက်သို့ သွားရောက်ရန် ရည်ရွယ်လိုက်သည်။ သိပ်မကြာခင်မှာပင် ရန်ဟောင်ချန်းက ပြန်ရောက်လာပြီး ပြောလိုက်သည်။ "ကောလာဟလတွေနဲ့ အတူတူပဲ။ ဒီနေရာက နေတဲ့ ကျင့်ကြံသူတွေကတော့ ဒီကုန်းမြေကို ရှန်းယိကုန်းမြေလို့ ခေါ်ကြတယ်။ သူတို့ပြောတာတော့ ဒီကုန်းမြေက ဟိုရှေးခေတ်အခါကတည်းက နတ်ဘုရားတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတာတဲ့။ ဒီကုန်းမြေမှာ လေဟာနယ်ထဲမှာ နှစ်ပေါင်းများစွာ မျောလွင့်ပြီး အဆက်မပြတ် ရွေ့လျားနေတာ အခု မူလဘုံမှာ ထွက်ပေါ်လာတဲ့အထိပဲ။ အကြောင်းပြချက်အနေနဲ့တော့ ဘယ်သူမှ သေချာမသိကြဘူး။ ကျုပ်တို့ အမှန်တရားကို သိချင်ရင် ဒီကုန်းမြေရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ ရှန်းယိမြို့ကို သွားမှရမယ်။ အဲဒီမှာ အစွမ်းထက်ဆုံး ကျင့်ကြံသူတွေ ရှိတယ်။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ဤကုန်းမြေကို ရှန်းယိကုန်းမြေဟု ခေါ်သည်လား။

ကုန်းမြေပေါ်မှ ကျင့်ကြံသူများသည်ပင် သူတို့က ရှေးခေတ်အချိန်အခါမှ နတ်ဘုရားတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်ဟု သိရှိကြပေသည်။ သို့သော် သူတို့၏ လက်ရှိအခြေအနေကို ကြည့်ကာ ဆုံးဖြတ်ရလျှင် ထိုစွန့်ပစ်ခြင်းဟူသည်မှာ ကာကွယ်ခြင်း၏ အခြားပုံစံတစ်မျိုး ဖြစ်နိုင်သည်လား။ စွန့်ပစ်ခံရခြင်းကြောင့် ကုန်းမြေက သုတ်သင်ဖျက်ဆီးခြင်းကို မခံခဲ့ရဘဲ နေ့၏အလင်းရောင်ကို မြင်နိုင်စွမ်း ရှိခဲ့ပေသည်။

"သွားကြစို့။" ရီဖူရှင်းက ပြောလိုက်သည်။ "ကုန်းမြေပေါက်က ကျင့်ကြံသူတွေကရော စီဝေ့ကြယ်ကမ္ဘာက လူတွေလိုမျိုး သူတို့ ကုန်းမြေရဲ့ မူလဇာစ်မြစ်ကို သိရှိကြလား။"

"ကျုပ်လည်း အဲဒါကို သိချင်လို့ စုံစမ်းကြည့်ခဲ့သေးတယ်။ သူတို့ပြောတဲ့စကားအရဆို ပြင်ပက ကျင့်ကြံခြင်းလောကတွေကို သွားပြီး တခြားကျင့်ကြံသူတွေနဲ့ တွေ့ဆုံချင်တာကြောင့် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ရဲ့ ဘိုးဘေးတွေက နှစ်ပေါင်းများစွာ ကုန်းမြေကို စူးစမ်းလေ့လာခဲ့ကြတယ်တဲ့။ အထွတ်အထိပ်အဆင့်ကို ရောက်တဲ့အခါမှာ သူတို့က ဒီကုန်းမြေမှာ ကြီးမားတဲ့ ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုတာ ရှာဖွေတွေ့ရှိလိမ့်မယ်။ ဒါပေမယ့် ရှေးပဝေသဏီကတည်းက အခုထိ ဘာကိုမှ ရှာမတွေ့ခဲ့ကြဘူး။ သူတို့က ဒဏ္ဍာရီတွေအားလုံးက အမှန်လို့ ယူဆထားကြတယ်။ သူတို့တွေက နတ်ဘုရားတွေရဲ့ ဖယ်ထုတ် စွန့်ပစ်ခြင်းကို ခံခဲ့ရပေမယ့် အခု  ပြင်ပလောကနဲ့ ထိတွေ့ဆက်ဆံဖို့ လာခဲ့ကြတာတဲ့။" ရန်ဟောင်ချန်းက ရှင်းပြလိုက်သည်။

ရီဖူရှင်းက စဥ်းစားတွေးတောနေပုံရသည်။ ထိုကုန်းမြေအကြောင်း သိချင်သည့်သူများသာ သူတို့သာမကပေ။ ​ကုန်းမြေပေါ်မှ ကျင့်ကြံသူများသည်လည်း မူလဘုံသို့ ရောက်ရှိလာပြီး အမှန်တရားကို ရှာဖွေတွေ့ရှိသည့်တိုင်အောင် ပြင်ပကမ္ဘာများအား ရှာဖွေရန် မည်သည့်အခါကမှ ရပ်တန့်ခဲ့ကြပုံမရပေ။ သူတို့သည် အခြားသူများကဲ့သို့ မူလဘုံအကြောင်း သိချင်နေကြပေလိမ့်မည်။

"ဒါဆို မူလဘုံရဲ့ ထိပ်သီးအင်အားစုတွေလည်း ရှန်းယိမြို့ကို ရောက်နေနှင့်ပြီး ဖြစ်မယ်ထင်တယ်။" ရီဖူရှင်းက ပြောလိုက်သည်။

ရန်ဟောင်ချန်းက ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့အဖွဲ့က  ဆက်လက် ခရီးဆက်ခဲ့ကြပေသည်။

All Chapters