← Chapters

လူမှားပေးမိခြင်း 

Vol. 56 Ch. 771

လူမှားပေးမိခြင်း 

Vol. 56 Ch. 771

နတ်သမီးလင်ယိုမှာ သူမ၏ လူယုံတော်လက်အောက်ငယ်သား၏ စကားများကို ပို၍ ယုံကြည်နေသည်။ လုံနန်ကျစ်မှာ အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်အပိုင်းတွင် အထူးတလည် ပါရမီ ပါနေလိမ့်မည် မဟုတ်ဟု သူမက မှတ်ယူထား၏။ မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စတစ်ခုလုံးမှာ သူမအတွက် အသေးအဖွဲလေးတစ်ခုသာ ဖြစ်ပေသည်။

လက်ရှိတွင် သူမအတွက် အရေးအကြီးဆုံးမှာ စစ်တပ်၏အဆင့်ကို မြှင့်တင်ရန်ဖြစ်သည်။ သူမ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် သူမ ပိုင်ဆိုင်ထားသည့် ဓမ္မစစ်သင်္ဘောကြီးတို့ကြောင့် သူမ၏ စစ်တပ်မှာ လက်ရှိ သတ္တမအဆင့်စစ်တပ်အား အနိုင်ယူကာ ၎င်း၏နေရာသို့ အစားထိုးဝင်ရောက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

သို့သော် နတ်သမီးလင်ယို၏ ရည်မှန်းချက်များမှာ ထိုမျှလောက် ရိုးစဉ်းနေခြင်း မရှိပေ။ သူမသည် သတ္တမအဆင့်မဟုတ်ဘဲ ဆဋ္ဌမအဆင့်ကို စိတ်ဝင်စားနေ၏။ ထိုအဆင့်နှစ်ဆင့်မှာ တစ်ဆင့်သာ ခြားပါသော်လည်း လက်ခံရရှိနိုင်မည့် အထောက်ပံ့ပစ္စည်း ပမာဏမှာ မိုးနှင့်မြေလို ကွာခြားနေသည် မဟုတ်ပါလော။

ထို့ကြောင့် သူမသည် ထိုကိစ္စကြီးအတွက် သေသေချာချာ ပြင်ဆင်ထားရန် လိုအပ်ပေသည်။ ဝမ်ပေါင်လဲ့ကိုမူ နတ်သမီးလင်ယိုမှာ အာရုံထဲပင် ထည့်ထားခြင်း မရှိပေ။ သူသည် သူ၏ ပြောဆိုပြုမူပုံများကို အစကတည်းက သဘောမကျခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူမသည် ဂိုဏ်းခေါင်းဆောင်ကြီး၏ အမိန့်များကို ငြင်းဆန်၍ မရပေ။ ထို့အပြင် သူမသည် လုံနန်ကျစ်၏ လက်ထဲသို့ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား အပ်လိုက်ရသည်ကို တွေးပူနေခြင်း မရှိပေ။ သူသည် ထို အဆောင်ပစ္စည်းအား သန့်စင်နိုင်ရန် အနည်းဆုံး အချိန်တစ်နှစ်မှ နှစ်နှစ်အထိ ပေးရလိမ့်မည်ဟု သူမက မှတ်ယူထား၏။ ထို့ကြောင့် သူမသည် စိုးရိမ်ပူပန်နေခြင်းမရှိဘဲ လက်ကိုဝှေ့ယမ်းကာ အစည်းအဝေးပွဲအား အဆုံးသတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာများကို သိထားခြင်းမရှိဘဲ ရေခဲဖီးနစ်ငှက်တပ်ရင်းထဲ၌ လှည့်လည်သွားလာနေ၏။ သူ ကြည့်လိုက်သည့် နေရာတိုင်းတွင် အမျိုးသမီး ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်သာ ဖြစ်သည်။ သူတို့မှာ တစ်နေရာမှ အခြားတစ်နေရာသို့ ပျံသန်းသွားလာနေကြ၏။

သူသည် သူ၏ ချောမောလှပသော ရုပ်ရည်လေးမှာ သူ၏ ဝှက်ဖဲဖြစ်သည်ဟု ယုံကြည်ထားပါသော်လည်း ဤစခန်းထဲတွင်မူ မည်သူကမှ သူ့အား အထူးတလည် ဂရုစိုက်နေကြခြင်း မရှိပေ။ ထို့အပြင် သူ့ဘက်မှ စ၍ နှုတ်ဆက်ခဲ့သည့် အချိန်များတွင်လည်း မည်သူကမှ သူ့အား ပြန်၍ နှုတ်ဆက်ခဲ့ကြခြင်း မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်ကာ ထွက်ခွာလာရသည်သာ ဖြစ်သည်။ သူသည် သူ၏ နေအိမ်သို့ ရောက်သွားသောအခါမှ တစ်ခုခု လွဲနေသည်ကို သတိထားမိသွားတော့သည်။

" ကြည့်ရတာ ယောက်ျားတွေက ဒီမှာ လုပ်ပိုင်ခွင့်အာဏာ သိပ်မရှိတဲ့ပုံပဲ " ဝမ်ပေါင်လဲ့မှာ သူ၏ နေအိမ်အား အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် လမ်းတစ်လျှောက်တွင် သူ ဖြတ်ကျော်ခဲ့သည့် အခြားနေအိမ်များကို ပြန်၍တွေးမိသွား၏။ ရေခဲဖီးနစ်ငှက်တပ်ရင်းထဲတွင် အမျိုးသမီးကျင့်ကြံသူများမှာ အမျိုးသားကျင့်ကြံသူများထက် ရာထူးအဆင့်အတန်း ပို၍မြင့်မားပြီး ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များကို ရရှိထားကြသည်မှာ သိသာထင်ရှားပေသည်။

" ရှိပါစေတော့။ သူတို့ရဲ့ ခေါင်းဆောင်ကြီးက နှလုံးသားမရှိတဲ့ မိန်းမတစ်ယောက် ဖြစ်နေတာကိုး " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် သူ၏ အသိအမှတ်ပြု တံဆိပ်ပြားဖြင့် ဂူဗိမာန်အား ဖွင့်လိုက်ပြီး သူ၏နေအိမ်ထဲသို့ ဝင်သွားလိုက်တော့သည်။ သူသည် နေရာအကျယ်ကြီး မရသဖြင့် စိတ်ကျေနပ်နေခြင်း မရှိပါသော်လည်း အစကတည်းက အများကြီး မျှော်လင့်ထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူသည် အောက်သို့ ထိုင်ချလိုက်ပြီးနောက် သူ၏အတွေးများကို စနစ်တကျ ပြန်လည်စုစည်းလိုက်၏။

" အခု ငါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်သွားပြီဆိုတော့ ပြဿနာအကြီးကြီး မရှာသရွေ့ နဂါးနက်တပ်ရင်းကို အရမ်းကြီး စိတ်ပူနေစရာ မလိုတော့ပါဘူး "

" ငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်အသစ်က ရေခဲဖီးနစ်ငှက်တပ်ရင်းမှာ ခြေကုပ်ကောင်းကောင်း ယူနိုင်ဖို့ပဲ။ ပြီးမှ ငါ့ရဲ့ ကိုယ်ပိုင်စစ်တပ်ကို ဖွဲ့စည်းနိုင်ဖို့ ကြိုးစားပြီး ထာဝရကြယ်မျက်လုံးဆီက ပညာရပ်တွေကို ထပ်ယူနိုင်အောင် လုပ်ရမယ် "

" အခွင့်သာရင်တော့ တော်ဝင်မိသားစုနဲ့လည်း အဆက်အသွယ်လုပ်နိုင်ဖို့ ကြိုးစားရဦးမယ်။ အဲတာဆိုရင် ငါ့အတွက် အကျိုးအမြတ် ပိုရှိနိုင်မှာပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ အနာဂတ်အတွက် အစီအစဉ်များ ရေးဆွဲချမှတ်နေတော့သည်။ လက်ရှိတွင် သူ၏ ဘေးပတ်ဝန်းကျင်၌ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများသာမက ဂြိုဟ်အဆင့် ဂိုဏ်းခေါင်းဆောင်ကြီးပါ ရှိနေသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ဂိုဏ်းဌာနချုပ်ဖြစ်သည့် ဧကရာဇ်ဂြိုဟ်ပေါ်တွင် ရောက်နေသည်လည်း ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ရွေးချယ်စရာ မရှိတော့သည့် အချိန်မှသာ အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသည့် စွမ်းရည်အား အသုံးပြုရန် ဆုံးဖြတ်ထား၏။

" ငါ ဂိုဏ်းထဲမှာ ရာထူးတည်မြဲချင်ရင် နတ်ဘုရား တရားမျှတမှုဒိုင်းကာဆိုလား ဘာဆိုလား ဆိုတဲ့ အဆောင်ပစ္စည်းကို သန့်စင်ဖို့လိုအပ်တယ်။ ဒီအခွင့်အရေးကို အသုံးချပြီးတော့ နတ်မျက်လုံးလူမှုအဖွဲ့အစည်းရဲ့ အဆင့်မြင့် အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်တွေကို လေ့လာရမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် သူသည် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ ဖန်တီးသန့်စင်နည်းများအား မှတ်တမ်းတင်ထားသည့်‌ ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် စတင်လေ့လာဖတ်ရှုကြည့်လိုက်တော့သည်။

သူသည် ပထမဆုံးအကြိမ်တုန်းက ထိုကျောက်စိမ်းပေလွှာအား အပေါ်ယံမျှသာ အကဲခတ်ကြည့်ခဲ့သည့်တိုင်အောင် ထို အဆောင်ပစ္စည်း ပိုင်ဆိုင်ထားသည့် တမူထူးခြားသော အရည်အသွေးများကို သတိထားမိခဲ့ဆဲပင်။ သို့သော် ယခုတွင်မူ သူသည် ၎င်းအား သေသေချာချာ လေ့လာဖတ်ရှုကြည့်လိုက်သည်ဖြစ်ရာ မျက်လုံးများပြူးသွားရတော့သည်။ သူသည် ထိုကျောက်စိမ်းပေလွှာထဲရှိ ညွှန်ကြားချက်များအား ဖတ်ရှုရင်း တဖြည်းဖြည်းနှင့် ပို၍ စိတ်လှုပ်တရှားဖြစ်လာရ၏။ နောက်ဆုံးတွင် သူသည် ပင့်သက်ရှိုက်မိသွားတော့သည်။

" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက တကယ်ပဲ ဒီလောက်ကြီး ချမ်းသာနေတာတာဟ။ ဒါက... ထာဝရဝိညာဉ်အဆင့် အဆောင်ပစ္စည်းတစ်ခုလေ " ဝမ်ပေါင်လဲ့မှာ မှင်တက်နေရပြီဖြစ်သည်။ အဝါရောင်ဂါဝန်နှင့် အမျိုးသမီး ကျင့်ကြံသူမှာ ဤ အဆောင်ပစ္စည်းသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲရှိ အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်အား လေ့လာသည့် ဂိုဏ်းသားများအားလုံး ဂိုဏ်း၏ အရည်အချင်း စမ်းသပ်ပွဲများထဲ၌ သန့်စင်ရသော အဆောင်ပစ္စည်းတစ်ခုဖြစ်သည်ဟု ပြောပြခဲ့သည် မဟုတ်ပါလော။

" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်အပိုင်းမှာ ဘယ်အဆင့်အထိများ ရောက်နေပြီလဲမသိဘူး... အရည်အချင်းစမ်းသပ်ပွဲထဲ ဝင်ပြိုင်တဲ့ ဂိုဏ်းသားတွေအကုန်လုံးက ထာဝရဝိညာဉ်အဆင့် အဆောင်ပစ္စည်းတစ်ခုကို မဖြစ်မနေ သန့်စင်ရတာလား " ဝမ်ပေါင်လဲ့မှာ သူသည် အထင်လွဲနေခြင်း ဖြစ်ရမည်ဟု တွေးလိုက်၏။ သို့သော် သူသည် ညွှန်ကြားချက်များအား နောက်ထပ်တစ်ကြိမ်ထပ်၍ အာရုံစိုက်ကာ လေ့လာဖတ်ရှုလိုက်ပြီးနောက် သေချာသွားရတော့သည်။ ထို့အပြင် သူသည် ထိုသို့ လေ့လာဖတ်ရှုလိုက်ပြီးနောက် ပို၍ပင် အံ့ဩမှင်တက်စရာကောင်းသည့် အချက်တစ်ချက်အား ထပ်၍ သိလိုက်ရပြန်သည်။

" ပြည်ထောင်စုကြီးထဲက စံနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ဒီ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာက နဝမအဆင့် ဓမ္မလက်နက်တစ်ခုထက်တောင်မှ ပိုပြီးတော့အဆင့်မြင့်တာပဲ။ နတ်ဘုရားလက်နက် အဆင့်လောက်ကို ရောက်နေပြီ... ပြီးရင် ဒီ အဆောင်ပစ္စည်းရဲ့ တိုးတက်ပြောင်းလဲနိုင်စွမ်းကလည်း မှင်တက်စရာပါလား။ နတ်ဘုရားလက်နက်တစ်ခုထက်ကို ပိုပြီးအစွမ်းထက်တဲ့ အဆောင်ပစ္စည်းတစ်ခုအဖြစ် ထပ်ပြီးတော့ ပြောင်းလဲသွားနိုင်ခြေ ရှိသေးတယ်... ဘုရားရေ။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက တကယ်ကို ဒီလောက်ကြီး အစွမ်းထက်နေတာလားဟ " ဝမ်ပေါင်လဲ့မှာ တံတွေးများ မျိုချမိသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူ‌ရော် ဖြစ်နေရပြီဖြစ်သည်။

မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကို အဓိကအားဖြင့် ခုခံကာကွယ်ရေးနှင့် တန်ပြန်တိုက်ခိုက်ရေး အဆောင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုကြ၏။ ၎င်းတွင် အဆင့်ရှစ်ဆင့်ရှိပြီး တစ်ဆင့်တက်သွားတိုင်း ၎င်း ထုတ်လွှတ်နိုင်သည့် တန်ပြန်တုန်ခါမှုလှိုင်းများမှာ ငါးရာခိုင်နှုန်းတိတိ ပို၍အားကောင်းလာမည် ဖြစ်သည်။ သို့ဖြစ်ရာ အဋ္ဌမအဆင့်သို့ ရောက်ပါက ၎င်းမှာ တိုက်ကွက်တစ်ကွက်ထဲရှိ ပြင်းအားများ၏ လေးဆယ်ရာခိုင်နှုန်းတိတိအား ရန်သူဆီသို့ ပြန်လည်လွှဲပြောင်းနိုင်စွမ်း ရှိနေမည် ဖြစ်သည်။ ထို့အပြင် အဋ္ဌမအဆင့်သို့ ရောက်ပြီးသွားလျှင်လည်း ၎င်းမှာ ဆက်လက်တိုးတက်ပြောင်းလဲနိုင်‌ခြေ ရှိနေသေးသည်။ ကျောက်စိမ်းပေလွှာထဲတွင် ထိုအကြောင်းများကို ဖော်ပြထားခြင်းမရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ အတွေ့အကြုံများအရ ဤ အဆောင်ပစ္စည်းအား အဋ္ဌမအဆင့်ထက် ပို၍ မြှင့်တင်နိုင်ဦးမည်ဖြစ်ကြောင်း ယုံကြည်နေ၏။

ထို ရှာဖွေတွေ့ရှိချက်ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားရပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအား အထင်မသေးရဲတော့ပေ။ ထို့အပြင် သူသည် ဖိအားများကိုပင် စတင်ခံစားလာရပြီဖြစ်သည်။ သူသည် တောင်ကြီးတစ်လုံးအား ပခုံးတင်ထမ်းထားရသကဲ့သို့ ခံစားနေရသဖြင့် အသက်ပင်ဘကောင်းကောင်းမရှုနိုင်တော့ပေ။

" ငါ ကြိုးစားမှဖြစ်မယ် " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏လက်ထဲ မှကျောက်စိမ်းပေလွှာအား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် ၎င်းထဲရှိ ညွှန်ကြားချက်များကို စတင်လေ့လာနေလိုက်တော့သည်။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။

သူသည် ထိုခုနစ်ရက်အတွင်းတွင် အအိပ်ပျက် အစားပျက်ခံ၍ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ အကြောင်းများကို လေ့လာနေခဲ့သည်။ နောက်ဆုံးတွင် သူသည် ပြည်ထောင်စုကြီး၊ ရှေးဟောင်းဓားကြီးနှင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းတို့ထဲ၌ လေ့လာသိရှိခဲ့ရသည့် အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်နှင့် ပတ်သတ်သော ဗဟုသုတ အတွေ့အကြုံများအားလုံးကို စုပေါင်းလိုက်ပြီးနောက် ထို အဆောင်ပစ္စည်း ဖန်တီးသန့်စင်နည်း၏ ပထမအဆင့်အား နားလည်သွားတော့သည်။

သူ၏ ကိုယ်ရေးရာဇဝင်များကို ရေခဲဖီးနစ်ငှက်တပ်ရင်း မှတ်တမ်းများထဲ၌ ထည့်သွင်းထားပြီးသားဖြစ်၏။ သို့သော် သူ၏ ရာထူးအဆင့်အတန်းမှာ မြင့်မားနေခြင်း မရှိသောကြောင့် သူ၏ လုပ်ပိုင်ခွင့်များမှာလည်း အနိမ့်ဆုံးအဆင့်တွင်သာ ရှိပေသည်။ သူ၏ လက်ရှိလုပ်ပိုင်ခွင့်များနှင့်ဆိုလျှင် သူသည် ရေခဲဖီးနစ်ငှက်တပ်ရင်းထဲ၌ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရုံမှလွဲ၍ အခြားမည်သည့်အရာကိုမှ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

သူသည် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူလိုက်ပြီးနောက် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား စတင် ဖန်တီးသန့်စင်လိုက်၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုဖန်တီးသန့်စင်ခြင်း လုပ်ငန်းစဉ်အတွက် တံခါးပိတ်ကျင့်စဉ်ထဲသို့ မဝင်ခင် မြည်းလေးအား သတိတရနှင့် အပြင်ဘက်သို့ထုတ်ပေးခဲ့သည်။

" သား။ ဒီတစ်ခေါက် ဖေဖေကြီး မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်နော်။ အေး။ လိမ်လိမ်မာမာနေခဲ့။ ပြဿနာတွေ ရှာလာမယ်ဆိုရင် မင်းကို နှစ်တစ်ရာတိတိ ပိတ်လှောင်ထားလိုက်မယ် " ဝမ်ပေါင်လဲ့မှာ မြည်းလေးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်၏။ ထို့နောက် သူသည် ထပ်၍ သတိပေးစကားများပြောရန် ပြင်လိုက်စဉ်မှာပင် မြည်းလေး၏ အမူအရာကို မြင်လိုက်ရသဖြင့် မှင်တက်သွားရ၏။

မြည်းလေးမှာ ယခင်တုန်းက ဝမ်ပေါင်လဲ့၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည့် အချိန်များတွင် သနားစရာကောင်းသည့်ပုံပေါက်အောင် အမြဲတမ်း ဟန်ဆောင်ခဲ့သည်သာဖြစ်သည်။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့အား ဖားယားနိုင်ရန်လည်း အမြဲတမ်းကြိုးစားခဲ့၏။ သို့သော် ယနေ့တွင်မူ ထိုကဲ့သို့မဟုတ်တော့ပေ။ ၎င်းမှာ ဂနာမငြိမ်နှင့် စိုးရိမ်တကြီးဖြစ်နေသည့်ပုံ ပေါက်နေသည့်အပြင် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ အသံကုန် အော်ဟစ်မြည်တမ်းနေသေးသည်။

" သား၊ သား၊ သား "

၎င်းမှာ အလွန်အင်မတန်မှ သောကရောက်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့ဆီမှ တစ်စုံတစ်ခုအား တောင်းဆိုနေသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား တအံ့တဩနှင့် စိုက်ကြည့်နေလိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ကိုဖွင့်ကာ ကုန်ကြမ်းပစ္စည်းအချို့အား ထိုမြည်းလေးဆီသို့ လှမ်းပစ်ပေးလိုက်၏။ သို့သော် မြည်းလေးမှာ ထိုပစ္စည်းများအား တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် လက်နှင့်ပင် မတို့ဘဲ ဆက်လက်အော်ဟစ်မြည်တမ်းနေလိုက်ပြန်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်မကျေမနပ်ဖြစ်သွားရ၏။

" မင်း ကြေးများနေပြန်ပြီနော်။ ငါ မင်းကို အလကား ကျွေးနေတာလေ။ မင်းရှာထားတဲ့ ပစ္စည်းတွေ တစ်ခုမှ မပါဘူး "

" သား "

" အခုထိကို အတွန့်တက်နေတုန်းလား "

" သား "

ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏နဖူးအား လက်ဝါးဖြင့်ရိုက်ကာ ပိုကောင်းသည့် ပစ္စည်းများကို ထုတ်ပေးလိုက်၏။ သို့သော်လည်း မြည်းလေးမှာ ၎င်းတို့အား တစ်ချက်မျှသာကြည့်လိုက်ပြီးနောက် ကျေနပ်အားရနေသည့်ပုံ မပေါ်သေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အထူးတဆန်းဖြစ်သွားရပြီး သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်ကာ မြည်းလေးနှင့် အပြန်အလှန် စကားပြောလိုက်တော့သည်။

ထိုသို့ စကားပြောပြီးသွားသောအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွားရတော့သည်။

" နှာဗူးကောင် " ဝမ်ပေါင်လဲ့မှာ စိတ်ဆိုးမာန်ဆိုးနှင့် အော်ပြောမိလိုက်၏။ မြည်းလေး၏ ပြောစကားများအရဆိုလျှင် ၎င်းမှာ ပစ္စည်းတစ်ခုအား လိုက်ရှာနေခြင်းဖြစ်သည်။ ၎င်းမှာ သူ နဂါးနက်တပ်ရင်းနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်တုန်းက ထိုပစ္စည်းအား ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ မြည်းလေးမှာ ထိုပစ္စည်း၏ ပိုင်ရှင်ကို မသိပေ။ ၎င်းမှာ အသုံးတစ်မျိုးသာရှိသော ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ပေသည်။ ၎င်း၏ ပုံပန်းသွင်ပြင်မှာ သာမန်သာဖြစ်ပါသော်လည်း ၎င်းအား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်မည်ဆိုပါက အ‌တွေးများ ယောက်ယက်ခတ်သွားရမည်သာဖြစ်သည်။ ထို့အပြင် ၎င်းကိုကြည့်၍ ထိုပစ္စည်း၏ ပိုင်ရှင်ဟောင်း၏ အကျင့်စရိုက်နှင့် အာသီသများကိုလည်း သိရှိနိုင်ပေသည်...

ထိုပစ္စည်းအား အသုံးပြုလိုက်မည်ဆိုပါက မြည်းလေးမှာ ၎င်း၏ စွမ်းအင်များကို အတိုင်းအတာတစ်ခုအထိ မမောမပန်း ထုတ်သုံးကာ ကာမရာဂဆန္ဒများကို ဖြေဖျောက်နိုင်စွမ်းရှိသွားမည်ဖြစ်သည်။ ထို့နောက် ၎င်းမှာ ထိုပစ္စည်းအား စွဲသွားပြီး ထပ်ခါတလဲလဲ အသုံးပြုချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာမည်သာဖြစ်သည်...

ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ ရွံရှာစက်ဆုပ်မိသွားပါသော်လည်း မြည်းလေးမှာ တိရစ္ဆာန်တစ်ကောင်သာ ဖြစ်ကြောင်း သိထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် သက်ပြင်းသာချလိုက်ပြီး သူ၏သိုလှောင်အိတ်များထဲ၌ စတင်ရှာဖွေနေလိုက်တော့သည်။ သို့သော် သူသည် သူ၏ သိုလှောင်အိတ်များအားလုံးကို အိတ်သွန်ဖာမှောက် ရှာဖွေခဲ့သည်တိုင်အောင် ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် မြည်းလေးမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည့်ပုံ ပေါက်နေတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းအား ဆက်ရှာနေရန် အချိန်မရှိတော့သောကြောင့် လက်လျှော့လိုက်ရ၏။ ထို့နောက် သူသည် မြည်းလေးအား မောင်းထုတ်လိုက်ပြီး အောက်သို့ထိုင်ချလိုက်သည်။ နောက်ဆုံးတွင် သူသည် အသက်ပြင်းပြင်းရှူကာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကို စတင် သန့်စင်ရန် ပြင်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ကုန်ကြမ်းပစ္စည်းများကိုထုတ်ယူကာ သန့်စင်ခြင်းလုပ်ငန်းစဉ်အား စတင်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ဖြစ်ရပ်တစ်ခုအား ပြန်၍ မှတ်မိသွား၏။ သူသည် သတင်းအချက်အလက်များ ရယူနိုင်ရန် မျက်နှာပေါ်၌ မှဲ့လေးတစ်လုံး ရှိနေသည့် အမျိုးသမီးကျင့်ကြံသူအား လက်ဆောင်ပေးခဲ့သော သိုလှောင်အိတ်လေးကို ပြန်၍သတိရသွားခြင်းဖြစ်သည်။ ထိုအခါ သူသည် မျက်လုံးများပြူးသွားရ၏။ ခဏအကြာတွင် သူသည် အထူးတဆန်း ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ရေရွတ်လိုက်တော့သည်။

" ငါ လူမှားပေးမိပြီကွာ။ အခုလို ဖြစ်လာလိမ့်မယ်ဆိုတာ ကြိုသိခဲ့ရင် အဲဒီ သိုလှောင်အိတ်ကို နတ်သမီးလင်ယိုဆီ ပေးလိုက်မှာပေါ့... "

All Chapters