ကျိုးရိရှန်က အိမ်မွေးတိရစ္ဆာန်တစ်ကောင်လား
Vol. 56 Ch. 772
ဝမ်ပေါင်လဲ့မှာ သူမွေးထားသည့် သူ၏သား လက်ချက်ဖြင့် နာမည်ပျက်ရတော့မည့်အကြောင်း တွေးရင်း သက်ပြင်းချမိသွား၏။ သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် လတ်တလောအတွင်းတွင် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကိုသာ အာရုံစိုက်၍ ဖန်တီးသန့်စင်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ထိုအခွင့်အရေးကို အသုံးပြုကာ ရေခဲဖီးနစ်ငှက်တပ်ရင်းထဲ၌ ခြေကုပ်ယူပြီးလျှင် စစ်တပ်ထဲ၌ ရာထူးအဆင့်အတန်း မြင့်မားလာအောင် ကြိုးစားမည်ဖြစ်သည်။
" ငါ ကြိုးစားမှဖြစ်မယ်။ အမျိုးသမီးတွေ ကြီးစိုးနေတဲ့ စစ်တပ်ထဲမှာ ရာထူးအဆင့်အတန်း မြင့်မားနေမှရမယ်။ ပြီးရင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းဆီမှာလည်း တမူထူးခြားတဲ့ အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်တွေ ရှိနေလောက်သေးတယ်။ တကယ်လို့ ငါ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာ ကြီးပွားချင်ရင် အရင်ဆုံး နာမည်ကျော်ကြားလာအောင်လုပ်ပြီး ကိုယ့်ရဲ့တန်ဖိုးကို လူတိုင်းသိအောင် ထုတ်ပြနိုင်မှဖြစ်မယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် သူ၏ ကိုယ်ပိုင်စစ်တပ်တစ်ခုကို ဖွဲ့စည်းကာ ထိုစစ်တပ်အား ရာထူးအဆင့်အတန်း မြင့်မားလာအောင်လုပ်ရန် ဆန္ဒရှိနေသည်။ သို့မှသာ သူသည် ထာဝရကြယ်မျက်လုံးဆီမှ နတ်ဆိုးမျက်လုံးပညာရပ်အတွက် လိုအပ်သည့် အဆင့်မြင့်ပညာရပ်များကို ရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် သူသည် ထိုအခွင့်အရေးကို အသုံးပြုကာ တော်ဝင်မိသားစုအား ချဉ်းကပ်ပြီး ထိုကဲ့သို့သော ကျင့်ကြံခြင်းပညာရပ်များကို ဖြတ်လမ်းနည်းဖြင့် ရယူနိုင်ဦးမည်ဖြစ်သည်။
" ဝမ်ပေါင်လဲ့ဆိုတဲ့ ကိုယ်ကျင့်တရား ဖြောင့်မတ်တဲ့ ငါလေးက ငါ့ရဲ့ ရုပ်ရည်ကို အလွဲသုံးစား မလုပ်တတ်တာ နာတယ်ကွာ။ အဲလိုသာ လုပ်တတ်နေရင် ဘာမှ အပင်ပန်းခံနေစရာ လိုမှာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ဖြောင့်မတ်မှန်ကန်သည့် လူတစ်ယောက်အဖြစ် မှတ်ယူလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး ထိုအတွေးများအားလုံးကို မေ့ပျောက်ထားလိုက်တော့သည်။ သူသည် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ချက်ချင်း ဖန်တီးသန့်စင်လိုက်ခြင်းမရှိဘဲ ၎င်း၏ အတွင်းပိုင်းတည်ဆောက်ပုံအား လိုရမယ်ရ လေ့လာလိုက်ပြီး သန့်စင်ခြင်း လုပ်ငန်းစဉ်အား စိတ်ကူးထဲ၌ ပုံဖော်ကြည့်လိုက်တော့သည်။
ထိုသို့ဖြင့် သုံးရက်တိတိ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့တစ်ယောက် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ ဖန်တီးသန့်စင်ခြင်းနည်းလမ်းများကို ရရှိထားသည်မှာ ဆယ်ရက်တိတိ ကြာမြင့်သွားပြီ ဖြစ်သည်။ သူသည် ကြိမ်ဖန်များစွာ လေ့လာသုံးသပ်ကာ အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးနောက် ထိုအဆောင်ပစ္စည်း၏ အလုပ်လုပ်ပုံကို နှံ့စပ်စွာ သိရှိနားလည်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ လေ့လာမှုများကို အဆုံးသတ်လိုက်ပြီး ခေါင်းမော့လာ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။
" နဝမအဆင့် ဓမ္မလက်နက်တွေက တကယ်ကိုထူးခြားတာပဲ။ ငါ ပထမဆုံး အဆင့်နှစ်ဆင့်ကို လေ့လာနိုင်ဖို့အတွက် အချိန်ဆယ်ရက်တောင် ပေးခဲ့ရတာ... ဒီ အဆောင်ပစ္စည်းတွေထဲမှာ ကိန်းအောင်းနေတဲ့ ဗဟုသုတွေက တော်တော်ကို နက်နဲကျယ်ပြန့်တယ်။ ငါ တခြားလူတွေကို ထပ်ပြီးတော့ အထင်သေးလို့မဖြစ်တော့ဘူး " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ရေရွတ်လိုက်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သောအခါ သူ၏ သိုလှောင်လက်ကောက်ထဲမှ ကုန်ကြမ်းပစ္စည်းပေါင်း မြောက်မြားစွာမှာ အပြင်သို့ ပျံထွက်လာကြပြီး သူ၏ရှေ့တွင် မျောလွင့်နေကြတော့သည်။ ဝမ်ပေါင်လဲ့မှာ အာရုံစုစည်းလိုက်ပြီးနောက် သူ၏ လေ့လာမှုများမှ ရရှိထားသည့် ဗဟုသုတများကို အခြေခံ၍ သန့်စင်ခြင်းလုပ်ငန်းစဉ်အား စတင်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် လူမှုအဖွဲ့အစည်းသုံးခု၏ အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်များကို တတ်မြောက်ထား၏။ သူသည် ထိုပညာရပ်များကို ပေါင်းစည်းထားသောကြောင့် သူ၏ ကျွမ်းကျင်မှုအဆင့်အတန်းမှာ မြင့်မားနေပြီဖြစ်သည်။ သူကိုယ်တိုင်ပင်လျှင် မည်သည့်အဆင့်သို့ ရောက်နေမှန်း အတိအကျ မသိတော့ပေ။
ထိုသို့ဖြင့် နှစ်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် ခုနစ်လက်မခန့် ရှည်လျားသည့် ကျောက်စိမ်းတုံးကြီးတစ်တုံးမှာ ဝမ်ပေါင်လဲ့၏ရှေ့၌ ပေါ်ပေါက်လာ၏။
၎င်းမှာ အလျားလိုက် လှဲထားပါက သမ္ဗန်တစ်စင်းနှင့်တူပြီး ဒေါင်လိုက်ထောင်ထားလျှင်မူ သစ်ရွက်ပုံစံ ဒိုင်းကာတစ်ခုနှင့် တူသည်။
ထို အဆောင်ပစ္စည်းမှာ အရောင်တလက်လက်တောက်ပနေပြီး ၎င်းဆီမှ ထွက်ပေါ်နေသည့် တမူထူးခြားသော စွမ်းအားတစ်မျိုးမှာလည်း အခန်းတစ်ခန်းလုံးထဲ၌ ပြည့်နှက်နေ၏။ ထို ကျောက်စိမ်းတုံးကြီးထဲတွင် ကမ္ဗည်းစာလုံးပေါင်း မြောက်မြားစွာမှာ အရည်တစ်မျိုးကဲ့သို့ စီးဆင်းနေသည်ကို မြင်နိုင်သည်။ ၎င်းမှာ အမှန်တကယ်ပင် တမူထူးခြားသော အဆောင်ပစ္စည်းတစ်ခု ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင် ထို ကျောက်စိမ်းဒိုင်းကာအား ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အတွင်းပိုင်းတည်ဆောက်ပုံကို နားလည်ထားသည့်တိုင်အောင် ၎င်း၏ ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသောအခါ အံ့ဩမှင်တက်သွားရဆဲပင်။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏လက်ညှိုးဖြင့် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းဒိုင်းကာမှာ ၎င်းအား ချက်ချင်းဆိုသလိုပင် စုပ်ယူလိုက်ပြီး မှုန်ဝါးဝါး ကမ္ဗည်းစာလုံးများအဖြစ် အလင်းယိုင်သွားအောင် ပြုလုပ်လိုက်၏။ ထို့နောက် ထို ကမ္ဗည်းစာလုံးများမှာ ဝမ်ပေါင်လဲ့အား ဗဟိုပြုထားသည့် အကြည်ရောင် ဒိုင်းကာတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ပတ်ပတ်လည်တွင် ရှိနေသည့် ဒိုင်းကာကြီးအား အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် အတွေးများထဲတွင် နစ်မျောသွား၏။ ထို့နောက် သူသည် ခြေတစ်လှမ်းလှမ်းကာ ဒိုင်းကာကြီး၏ အပြင်ဘက်၌ပေါ်ပေါက်လာပြီး သူ၏ညာဘက်လက်ဖြင့် ၎င်းအား တို့ထိကြည့်လိုက်သည်။ ထိုအခါ စွမ်းအားတစ်မျိုးမှာ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာကာ သူ၏ လက်ချောင်းထဲသို့ စီးဝင်သွားပြီး သူ့အား နောက်သို့ တွန်းထုတ်လိုက်တော့သည်။
" ဒီ အဆောင်ပစ္စည်းကို သန့်စင်ရတာ တော်တော်ခက်ခဲတာပဲ။ စပြီးတော့ လေ့လာတဲ့အချိန်ကနေ လုပ်ငန်းစဉ်ပြီးတဲ့အထိ နှစ်ပတ်နီးပါး အချိန်ပေးခဲ့ရတာ။ ဒါက တော်တော်လေးကို တမူထူးခြားတဲ့ အဆောင်ပစ္စည်း တစ်ခုပဲကွ " ဝမ်ပေါင်လဲ့မှာ သူ့အား တွန်းထုတ်နေသည့် စွမ်းအားကို စမ်းသပ်ကြည့်လိုက်ပြီးနောက် မျက်ဝန်းများ အရောင်လက်သွားရ၏။ ထို့နောက် သူသည် ၎င်းအား ဆက်လက်သန့်စင်ကာ အဋ္ဌမအဆင့်အထိရောက်အောင် မြှင့်တင်ရန် ဆုံးဖြတ်လိုက်တော့သည်။
ထို သန့်စင်ခြင်း လုပ်ငန်းစဉ်များမှာ တဖြည်းဖြည်းနှင့် ပို၍ခက်ခဲလာပါသော်လည်း ဝမ်ပေါင်လဲ့မှာ လုံ့လဝီရိယအပြည့်ဖြင့် ကြိုးစားလေ့လာခဲ့ပြီးနောက် အခက်အခဲများအားလုံးကို ကျော်လွှားနိုင်ခဲ့သည်သာ ဖြစ်သည်။ ထိုသို့ဖြင့် သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ဒုတိယအဆင့်အထိ အဆင့်မြှင့်တင်နိုင်သွားတော့သည်။
ထိုအဆင့်တွင် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ ပုံပန်းသွင်ပြင်မှာ ပထမအဆင့်တွင် ရှိနေခဲ့စဉ်တုန်းကထက် သိသိသာသာ ပြောင်းလဲသွားပြီ ဖြစ်သည်။ ၎င်းဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာ ပို၍ တောက်ပလာပြီဖြစ်သလို ၎င်းထဲတွင် စီးဆင်းနေကြသည့် ကမ္ဗည်းစာလုံးများမှာလည်း အရေအတွက် ပို၍များပြားလာပြီ ဖြစ်ပြီး ၎င်းအား အသုံးပြုလိုက်သည့်အချိန်တွင် အတူတကွ စုဝေးသွားကြပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ အစွမ်းထက်အငွေ့အသက်တစ်မျိုးကိုလည်း ထုတ်လွှတ်နေသေးသည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ကျေနပ်အားရမှုမရှိသေးပေ။
" ဒီပုံစံအတိုင်းဆို ဒီ အဆောင်ပစ္စည်းက တိုက်ပွဲထဲမှာ ထင်းနေမှာ။ မဖြစ်သေးပါဘူး။ တခြားလူတွေက ဒီဒိုင်းကာကို မြင်လိုက်ရတာနဲ့ လန့်သွားလောက်တယ်။ အဲတာဆို ထောင်ချောက်ဆင်လို့ရမှာ မဟုတ်တော့ဘူး " ဝမ်ပေါင်လဲ့မှာ ထို အဆောင်ပစ္စည်းအား တိုက်ပွဲထဲတွင် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေပြီ ဖြစ်သည်။ ထို အဆောင်ပစ္စည်းမှာ အဖက်ဖက်တွင် ပြီးပြည့်စုံနေပါသော်လည်း ၎င်း၏ ပုံပန်းသွင်ပြင်မှာ သူ၏ တမူထူးခြားသော တိုက်ခိုက်မှုပုံစံနှင့် လုံးဝ ကိုက်ညီမှူမရှိပေ။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ၎င်းအား အဆင့်မြှင့်တင်ခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် ကမ္ဗည်းစာလုံး အသစ်များကို ထုတ်ယူကာ ၎င်းတို့အား ထို အဆောင်ပစ္စည်း ပထမအဆင့်တွင် ရှိနေခဲ့စဉ်တုန်းက ပိုင်ဆိုင်ထားသော ကမ္ဗည်းစာလုံးများနှင့် ပေါင်းစည်းလိုက်သည်။ ထို့ကြောင့် ယခုတွင် ၎င်း၏ ပုံပန်းသွင်ပြင်မှာ ပထမအဆင့်တွင် ရှိနေခဲ့စဉ်တုန်းက ပုံပန်းသွင်ပြင်နှင့် ကွဲပြားခြားနားချက် သိပ်မရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာ ထိုရလဒ်များကို ကျေနပ်သွားသဖြင့် အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ချက်ချင်း ပြန်စတင်လိုက်တော့သည်။
ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူသည် ၎င်းအား တတိယအဆင့်အထိ အောင်မြင်စွာ သန့်စင်နိုင်သွား၏။ ဝမ်ပေါင်လဲ့မှာ ထို အဆောင်ပစ္စည်း ဒုတိယအဆင့်တွင် ရှိနေခဲ့စဉ်တုန်းက လုပ်ခဲ့သည့်အတိုင်း အသစ်ပေါ်ပေါက်လာသော ကမ္ဗည်းစာလုံးများကို ထုတ်ယူကာ မူရင်း ကမ္ဗည်းစာလုံးများနှင့် ပေါင်းစည်းလိုက်ပြန်သည်။ ထိုအခါ ထို အဆောင်ပစ္စည်းမှာ အပေါ်ယံတွင် ပြောင်းလဲသွားခြင်းမရှိသည့်ပုံ ပေါ်နေပါသော်လည်း ၎င်း၏ အစွမ်းကို စမ်းသပ်ကြည့်လိုက်မည်ဆိုပါက ၎င်း၏ တိုးတက်ပြောင်းလဲမှုများကို ချက်ချင်း သတိထားမိလိုက်မည်သာ ဖြစ်သည်။
၎င်း၏ တန်ပြန်စွမ်းအားမှာ နဂိုမူလတိုက်ကွက်၏ ဆယ့်ငါးရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်ရာ ၎င်း၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ သိသိသာသာ မြင့်တက်လာပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ နတ်ဘုရားစွမ်းရည်များမှာလည်း ဆယ့်ခါးရာခိုင်နှုန်းတိတိ ပို၍ အစွမ်းထက်လာတော့မည်ဟု သတ်မှတ်နိုင်ပေသည်။ ထို ဆယ့်ငါးရာခိုင်နှုန်းမှာ တိုက်ပွဲထဲတွင် သေရေးရှင်ရေးအား အဆုံအဖြတ်ပေးနိုင်၏။
ဝမ်ပေါင်လဲ့မှာ ထိုရလဒ်များကြောင့် အလွန်အင်မတန်မှ ကျေနပ်နေရပြီဖြစ်သည်။ သို့သော်လည်း သူသည် ၎င်းအား စတုတ္ထအဆင်သို့ မြှင့်တင်ရန် ကြိုးစားရာတွင် ပြဿနာတစ်ခုနှင့် ကြုံတွေ့လိုက်ရ၏။
ထို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်မှာ အလွန်အင်မတန်မှ ခဲယဉ်းပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ ကျွမ်းကျင်မှုဖြင့် သာမန် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့၏။ သူ ကြုံတွေ့နေရသည့် ပြဿနာမှာ ဤ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်ထဲ၌ မီးဆေးဝိညာဉ်သစ်ရွက်ဆိုသည့် ကုန်ကြမ်းပစ္စည်းတစ်ခု လိုအပ်နေသည့်အချက်ပင်။ မီးဆေးဝိညာဉ်သစ်ရွက်၏ ရောင်းဝယ်မှုများကို နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက ထိန်းချုပ်ထားသည့်ဖြစ်ရာ ၎င်းအား ဂိုဏ်းပြင်ပ၌ ဝယ်ယူနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့ဖြစ်ရာ ၎င်းအား ပိုင်ဆိုင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဂိုဏ်းထဲ၌ ဝယ်ယူရန်ဖြစ်ပြီး ထိုသို့ ဝယ်ယူနိုင်ရန်အတွက်မူ လုပ်ပိုင်ခွင့်အလုံအလောက် ရှိနေရန် လိုအပ်ပေသည်။
လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ အဆင့်အနိမ့်ဆုံး လုပ်ပိုင်ခွင့်ကိုသာ ပိုင်ဆိုင်ထားသည်ဖြစ်ရာ ထို ကုန်ကြမ်းပစ္စည်းအား ဝယ်ယူခွင့်မရှိပေ။ ထို့ကြောင့် သူသည် ခေါင်းကုတ်ကာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား အကဲခတ်လိုက်၏။ ထို့နောက် သူသည် ရွေးချယ်စရာမရှိတော့သဖြင့် သူ၏ တံခါးပိတ်ကျင့်စဉ်အား အဆုံးသတ်လိုက်ပြီး နတ်သမီးလင်ယို၏ နေအိမ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
နတ်သမီးလင်ယိုမှာ ရေခဲဖီးနစ်ငှက်တပ်ရင်း၏ ခေါင်းဆောင်ကြီးဖြစ်သောကြောင့် အမြဲတစေ အလုပ်ရှုပ်နေသည်သာ ဖြစ်သည်။ ယခုတွင် သူမသည် သူမ၏ စစ်တပ်အား အဆင့်မြင့်တင်နိုင်ရန်အတွက် ပြင်ဆင်နေရသည်ဖြစ်ရာ ပို၍ပင်အလုပ်ရှုပ်နေ၏။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့ ရုတ်ခြည်းဆိုသလို ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ အနည်းငယ်ခန့် စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး မကျေမနပ် ဖြစ်နေသည့်လေသံဖြင့် မေးမြန်းလိုက်တော့သည်။
" လုံနန်ကျစ်။ နင် ဘာလိုချင်လို့လဲ "
" ခေါင်းဆောင်ကြီးခဗျား။ ကျွန်တော် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကို ဖန်တီးသန့်စင်ပြီးသွားပါပြီ။ ဒါပေမဲ့ အဲဒီ အဆောင်ပစ္စည်းကို အဆင့်မြှင့်တင်နိုင်ဖို့အတွက်ဆိုရင် ကျွန်တော် ဝယ်ယူခွင့်မရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကို လိုပါတယ်။ အဲတာကြောင့် ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ကို အဆင့်မြှင့်တင်ပေးဖို့ တောင်းဆိုချင်လို့ ကျွန်တော် ရောက်လာခဲ့တာပါ... " ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်းဖြစ်နေရ၏။ သူသည် ထို အဆောင်ပစ္စည်းအား တတိယအဆင့်အထိသာ အဆင့်မြှင့်တင်ရသေးသည်ဖြစ်ရာ ၎င်းမှာ အထင်ကြီးစရာမဟုတ်ကြောင်း မှတ်ယူထားသည်။ သို့သော်ငြားလည်း သူသည် သူ သန့်စင်ထားသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ထုတ်ယူလိုက်ပြီး ခေါင်းဆောင်ကြီးအား ကြည့်ရှုစစ်ဆေးခိုင်းလိုက်၏။
" နင် အဲဒီ အဆောင်ပစ္စည်းကို သန့်စင်ပြီးသွားပြီ ဟုတ်လား " နတ်သမီးလင်ယိုမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ မှင်တက်သွားရသည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့ ထုတ်ပြထားသည့် အဆောင်ပစ္စည်းအား ကြည့်ရှုစစ်ဆေးလိုက်သောအခါ ၎င်းမှာ အမှန်တကယ်ပင် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ ဖြစ်နေကြောင်း သိလိုက်ရ၏။ သူမသည် ဝမ်ပေါင်လဲ့မှာ ယခုလောက် မြန်ဆန်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့သောကြောင့် အံ့အားသင့်သွားခဲ့ရပါသော်လည်း ထိုအံ့အားသင့်မှုမှာ ကြာကြာမခံလိုက်ပေ။ ဝမ်ပေါင်လဲ့မှာ အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်တွင် အခြေခံအုတ်မြစ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ထိုအခန်းကဏ္ဍ၌ ထူးချွန်နေသည်မှာ အံ့အားသင့်စရာ မရှိပေ။ ထို့ကြောင့် သူမသည် သူ ပထမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ဖန်တီးသန့်စင်နိုင်သည့် အချက်ကြောင့် အံ့ဩတုန်လှုပ်နေစရာ မရှိဟု မှတ်ယူလိုက်၏။
သူမသည် ဂိုဏ်းကြီး၏ လက်အောက်တွင်ရှိသော ဂိုဏ်းငယ်များမှ ဂိုဏ်းသားများအား သူမထက် တစ်ဆင့်နိမ့်နေသည်ဟု မှတ်ယူထားဆဲပင်။ သူမ၏ အမြင်တွင် သူတို့မှာ ရိုးသားဖြောင့်မတ်မှုမရှိသော နည်းလမ်းများနှင့် လှည့်ကွက်များကိုသာ အားကိုးကြသည့် ကျင့်ကြံသူများ ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ပထမအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ဖန်တီးသန့်စင်နိုင်ခဲ့ပါသော်လည်း ထိုအဆင့်ထက်ပို၍ သန့်စင်နိုင်လိမ့်မည်မဟုတ်ဟု သူမက ယုံကြည်နေ၏။ အကယ်၍ သူသည် နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းလိုပါက အနည်းဆုံး နှစ်အနည်းခန့် အချိန်ပေးရလောက်ပေသည်။
ထို့အပြင် လက်ရှိတွင် သူမအတွက် အရေးအကြီးဆုံးမှာ သူမ၏ စစ်တပ်အား အဆင့်မြှင့်တင်ရမည့် ကိစ္စပင် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်ကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်လေးများကို ဂရုမစိုက်နိုင်သဖြင့် သူ၏ တောင်းဆိုချက်အား အသေးစိတ် စစ်ဆေးနေခြင်း မရှိတော့ပေ။ သို့ဖြစ်ရာ သူမသည် သူ၏ လုပ်ပိုင်ခွင့်အား ချက်ချင်းဆိုသလိုပင် အဆင့်မြှင့်တင်ပေးလိုက်ပြီး သူ့အား နှင်ထုတ်လိုက်၏။
ဝမ်ပေါင်လဲ့မှာမူ သူမ၏ အပြုအမူများကို စိတ်ကွက်နေခြင်းမရှိဘဲ ခန်းမကြီးထဲမှ ပြန်ထွက်လာ၏။ သူကိုယ်တိုင်သည်လည်း တတိယအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ အထင်ကြီးစရာ အဆောင်ပစ္စည်းတစ်ခု မဟုတ်ဟု မှတ်ယူထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မီးဆေးဝိညာဉ်သစ်ရွက်အား ချက်ချင်း ဝယ်ယူလိုက်ပြီးနောက် သူ၏ နေအိမ်သို့ ချက်ချင်းပြန်ကာ တံခါးပိတ်ကျင့်စဉ်အား ပြန်လည်စတင်ရန် ဆုံးဖြတ်လိုက်၏။ ထိုသို့ဖြင့် သူသည် အပြန်လမ်းတစ်လျှောက်လုံးတွင် ရေခဲဖီးနစ်ငှက်တပ်ရင်းထဲမှ အမျိုးသမီး ကျင့်ကြံသူများအား လိုက်ကြည့်နေခဲ့ပါသော်လည်း သူ၏ အာရုံမှာမူ အခြားတစ်နေရာသို့ ရောက်နေ၏။ သူသည် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ပဉ္စမအဆင့်အထိ မြှင့်တင်နိုင်ရန် စဉ်းစားတွေးတောနေခြင်း ဖြစ်သည်။
စတုတ္ထအဆင့်အထိ အဆင့်မြှင့်တင်ဖို့က မခက်ပါဘူး။ အခု ငါ့ဆီမှာ မီးဆေးဝိညာဉ်သစ်ရွက် ရှိနေပြီဆိုတော့ နှစ်နာရီလောက်ပဲ ကြာမှာ။ ဒါပေမဲ့ ပဉ္စမအဆင့် သန့်စင်ခြင်းလုပ်ငန်းစဉ်က တော်တော်လေးကို ရှုပ်ထွေးတယ်ကွ။ ဝိညာဉ်ကြားခံနယ်အဆင့်ကနေ ထာဝရဝိညာဉ်အဆင့်ကို ကူးပြောင်းရသလိုမျိုးပဲ။ ငါ ထပ်ပြီးတော့ အသေးစိတ် လေ့လာဖို့လိုသေးတယ် " ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောနေရင်း သူ၏နေအိမ်အနီးသို့ ပြန်ရောက်လာ၏။ ထိုအချိန်တွင် သူသည် သူ၏ရှေ့၌ ရယ်မောသံများကို ကြားလိုက်ရသည်။ ထိုရယ်မောသံများ၏ နောက်တွင် ဆူပူကြိမ်းမောင်းသံများနှင့် ကြာပွတ်ရိိုက်သံများလည်း ထွက်ပေါ်လာ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တအံ့တဩနှင့် ခေါင်းမော့လာပြီး ထိုဆူညံသံများ ထွက်ပေါ်လာသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် စစ်တပ်ထဲမှ အမျိုးသမီးကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို မြင်လိုက်ရသည်။ သူတို့ထဲတွင် အရပ်မြင့်မြင့်နှင့် ထွားကျိုင်းသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ယောက်ပါပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့်တွင် ရှိနေသည်။ သူမ၏ ပုံပန်းသွင်ပြင်နှင့် ကျင့်ကြံခြင်းအဆင့်ကြောင့် သူမ၏ အငွေ့အသက်များမှာ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ သူမသည် သူမ၏လက်ထဲတွင် ကြိုလေးချောင်း ကိုင်ထားသည်...
ထို ကြိုးတစ်ချောင်းစီ၏ အဆုံးတွင် သတ္တဝါတစ်ကောင်စီ ချည်နှောင်ထား၏။ ၎င်းတို့မှာ လမ်းလျှောက်ထွက်ရန် အပြင်သို့ ခေါ်ထုတ်ခံလာရသည့် အိမ်မွေးတိရစ္ဆာန်များကဲ့သို့ပင်။ ထို အမျိုးသမီး ကျင့်ကြံသူအဖွဲ့မှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိလာသဖြင့် သူတို့၏ အော်ဟစ်ရယ်မောသံများမှာလည်း တဖြည်းဖြည်းနှင့် ပို၍ကျယ်လောင်လာ၏။
ထို အိမ်မွေးတိရစ္ဆာန်လေးကောင်မှာ တစ်ကောင်နှင့်တစ်ကောင် လုံးဝမတူကြပေ။ ပထမတစ်ကောင်မှာ လူပုံစံ အပင်ကြီးတစ်ပင်ဖြစ်ကာ ဒုတိယတစ်ကောင်မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် ခေါင်းသုံးလုံး ဖွတ်ကြီးတစ်ကောင်ဖြစ်ပြီး တတိယတစ်ကောင်မှာမူ အမျိုးသမီးဦးခေါင်းနှင့် စပါးအုံးမြွေတစ်ကောင် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ နောက်ဆုံးတစ်ကောင်အား မြင်လိုက်ရသောအခါ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ မျက်လုံးများ ပြူးသွားရတော့သည်။
" ကျိုးရိရှန်လားဟ "