ရှေးဟောင်းကျင့်ကြံသူ၊ ဝိညာဉ်ဖွဲ့စည်းခြင်းပညာရှင်
Vol. 12 Ch. 161
ဓားသမားယွမ်ထျန်း။
ကြယ်တာရာများရစ်ပတ်လျှက် အင်အားကြီးဓားဆန္ဒအရှိန်အဝါဖြင့် ပုံရိပ်အား ဟန်မူယဲ့က ကြည့်နေသည်။
ထိုသူကား ဓားသမားယွမ်ထျန်းအပြင် တခြား မည်သူ ဖြစ်မည်နည်း။
ရှေးခေတ်က အနောက်ဘက်နယ်စပ်ကုန်းမြေကို ဓားတာအိုဖြင့် အုပ်စိုးခဲ့သော ပညာရှင်သည် နေမင်းရောင်ဝါနန်းတော်အား ဖျက်ဆီးခြင်း၌ ပါဝင်ပတ်သက်နေသည်။
“ရူးမိုက်တာပဲ…”
ဓားသမားယွမ်ထျန်းက လက်မြှောက်လိုက်လျှင် ဓားဆေးလုံးတစ်လုံး ပေါ်လာသည်။
“ဟုန်ချောင်ယန်… မင်း ငါ့ရဲ့ ဓားချက်သုံးချက် ခံနိုင်ရင် မင်းတို့ နေမင်းရောင်ဝါနန်းတော်ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့ အခွင့်အရေးတစ်ခုပေးလိုက်မယ်”
လေဟာနယ်ကိုယ်ပျောက်ဓားသိုင်း။
ဟန်မူယဲ့သည် ထိုဓားသိုင်းအား သူ၏ဒန်ထျန်တွင် သန့်စင်ထားသော ဓားဆေးလုံးထံမှ သင်ယူရရှိခဲ့သည်။
ထိုဓားသိုင်းဖြင့် ဓားသမားယွမ်ထျန်းသည် မရေမတွက်နိုင်သော ပညာရှင်များအား သတ်ဖြတ်ခဲ့၏။
ဓားဆေးလုံးသည် ခန့်မှန်းရခက်ခဲ၏။ ၎င်းသည် လေဟာနယ်ကို ဖြတ်သန်းကာ တစ်ဘက်လူထံသို့ လျပ်တပြက်အတွင်း ရောက်ရှိလာသည်။
“ခင်ဗျားက ဓားသုံးချက်ဆိုမှတော့ ကျုပ် ဟုန်ချောင်ယန် ဓားသုံးချက်ကို လက်ခံပေးမယ်”
ဓားကို ကိုင်ထားရင်း ဟုန်ချောင်ယန်က ရယ်မောလိုက်သည်။ သူ၏လက်မှ ဓားသည် နဂါးတစ်ကောင်အလား ဓားဆေးလုံးကို ရစ်ပတ်သွား၏။
နေမင်းရောင်ဝါနန်းတော်၏ မူပိုင်ဓားသိုင်း ကောင်းကင်နဂါးဓားသိုင်း။
လေဟာနယ်ကိုယ်ပျောက်ဓားသိုင်း ဖြစ်စေ၊ ကောင်းကင်နဂါးဓားသိုင်း ဖြစ်စေ ၎င်းတို့မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ သိုင်းပညာများထက် များစွာ အဆင့်မြင့်သည်။
ဟန်မူယဲ့၏အမြင်တွင် လေဟာနယ်ကိုယ်ပျောက်ဓားသိုင်းသည် ဓားထိန်းချုပ်ခြင်း၌ အမြင့်ဆုံးစွမ်းရည်ကို ပြသကာ ကောင်းကင်နဂါးဓားသိုင်းသည် ချီထိန်းချုပ်ခြင်း၏အမြင့်ဆုံးစွမ်းရည်ကို ပြသ၏။
ယွမ်ထျန်း၏ဓားကျင့်ကြံခြင်းသည် အလွန်အားကောင်း၏။ ဟုန်ချောင်ယန်၏ ချီကျင့်ကြံခြင်းသည် သိပ်သည်း၏။ သူ၏ဓားပေါ်လာသောအခါ မီးနဂါးသည် လောကကြီးအား ဝါးမျိုတော့မည့်အလား ထင်မှတ်ရသည်။
ဘန်း…
ဓားဆေးလုံးကို ဝါးမျိုသော မီးနဂါးမှာ ပေါက်ကွဲထွက်သွားသည်။ ဓားဆေးလုံးသည် ဘေးအသွားနှစ်ဖက်ပါ ဓားစက်လုံးအသွင်သို့ ပြောင်းလဲသွားကာ ဟုန်ချောင်ယန်ထံသို့ ပျံသန်းသွား၏။
၎င်းကား အလွန်မြန်သည်။
ဓားဆေးလုံး၏အားသာချက်ကား ပြိုင်စံရှားအမြန်နှုန်းကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။
တုန့်ပြန်ရန် အလွန်မြန်လွန်း၏။
ကလင်…
ဟုန်ချောင်ယန်က သူ၏ဓားဖြင့် ကန့်လန့်ဖြတ် ကာကွယ်လိုက်စဉ်မှာပင် သူ၏ဓားသည် ထက်ပိုင်းကျိုးသွား၏။
ဟုန်ချောင်ယန်သည်လည်း လွင့်စင်သွားကာ သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။
“ဟားဟား… နောက်တစ်ချက်…”
ဟုန်ချောင်ယန်က ကောင်းကင်ကို မော့ကာ အားပါးတရ ရယ်မောလိုက်၏။ သူ၏ခန္ဓာကိုယ်မှ ချီအလင်းများသည် မိုးထိအောင် ထိုးတက်သွားသည်။
သူ့ခေါင်းထက်တွင် ပေတစ်ထောင်ခန့် ကြီးမားသော ရွှေရောင်ချပ်ဝတ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။
“ကျုပ် ဟုန်ချောင်ယန်က ယွမ်ထျန်းဆီက ဓားသုံးချက်ကို ခံနိုင်ပြီး မသေခဲ့ရင် အနာဂတ်မှာ ကျုပ် ဂုဏ်ယူဝင့်ကြွားပြီး ရယ်မောနိုင်ပြီ”
သူ ပြောပြီးသည်နှင့် ရွှေရောင်ချပ်ဝတ်ပုံရိပ်သည် ပေါက်ကွဲသွားကာ အဆုံးမဲ့သော အားလှိုင်းအဖြစ် ပြောင်းလဲလျက် သူ့ရှေ့သို့ ပျံသန်းလာသော ဓားဆေးလုံးနှင့် ထိပ်တိုက်တွေ့သည်။
“မင်းရဲ့ ဗီဇဝိညာဉ်ကို ဖျက်ဆီးတော့မလို့လား။ ကောင်းပြီ ဟုန်ချောင်ယန်… တကယ်လို့ မင်း မသေခဲ့ရင် မင်းတို့ နေမင်းရောင်ဝါနန်းတော်ကို နှစ်သုံးထောင်အတွင်း လာမနှောင့်ယှက်တော့ဘူး”
ယွမ်ထျန်း၏အသံကို ကြားရသည်။ ဓားဆေးလုံး ဖြတ်သန်းသွား၍ ဖြစ်လာသော အလင်းတန်းသည် ပေတစ်ထောင်ရှည်လျား၏။
သူသည် ဓားဆန္ဒကို အဆုံးစွန်အထိ ထိန်းချုပ်လိုက်၏။ ချက်ချင်းပင် လေဟာနယ်တစ်ခုလုံးသည် ကြယ်တာရာများဖြင့် ပြည့်လျှံသွားသည်။
လှေဝမ်းထဲတွင် ပုံရိပ်များကို ကြည့်နေသော ဟန်မူယဲ့သည် ဆတ်ခနဲ တုန်သွားသည်။
၎င်းသည် နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်သော်လည်း ထိုသို့သော ဓားသိုင်းကို မြင်တွေ့ရခြင်းက သူ့သွေးများအား ဆူပွက်စေသည်။
ဤသည်ကား စစ်မှန်သော ပညာရှင် ဖြစ်သည်။
ဝုန်း…
ဟုန်ချောင်ယန် ကြောင့် ဖြစ်လာသော ဗီဇဝိညာဉ်ပေါက်ကွဲအားလှိုင်းသည် ဓားအလင်းကွန်ချာနှင့် ရင်ဆိုင်တွေ့ကာ တစ်စစီ ပျက်စီးလာခဲ့၏။
ဆယ်စက္ကန့်ကြာပြီးနောက် ဓားအလင်းများနှင့် အားလှိုင်းများ ကွယ်ပျောက်သွားခဲ့သည်။
ဟုန်ချောင်ယန်၏မျက်နှာမှာ စက္ကူအလား ဖြူဖျော့နေ၏။
“နေမင်းရောင်ဝါနန်းတော်ကို နှစ်သုံးထောင်အတွင်း လာမနှောင့်ယှက်တော့ဘူး”
ယွမ်ထျန်းက ပြောသည်။
“နန်းတော်သခင်…”
“နန်းတော်သခင်…”
ဒေါသသံ၊ စိုးရိမ်သံများအား ကြားရသည်။
လူရိပ်တချို့ ဟုန်ချောင်ယန်ဘေးသို့ ရောက်လာကာ သူ၏ယိမ်းထိုးနေသော ခန္ဓာကိုယ်အား တွဲထူပေးကြသည်။
“ဟားဟား… ဘာဝမ်းနည်းစရာရှိလဲ။ ဓားဘုရင်ယွမ်ထျန်းရဲ့ ဓားသုံးချက်ကို လက်ခံပြီးနောက်ပိုင်း သေသွားရင်တောင်မှ ငါ နောင်တမရတော့ဘူး။ နေမင်းရောင်ဝါနန်းတော်ဟာ နောက် နှစ်သုံးထောင်အထိ ဘေးကင်းတယ်။ ငါ သေရတာ ထိုက်တန်တယ်”
ဟန်မူယဲ့၏အာရုံထဲတွင် ဟုန်ချောင်ယန်၏အသက်ဓာတ်မှာ တဖြေးဖြေးကုန်ဆုံးသွားခဲ့သည်။
နောက်ပိုင်းတွင် ဓားကျိုးသည် နေမင်းရောင်ဝါနန်းတော်၌ ထိန်းသိမ်းထားခဲ့၏။
ထို့နောက်တွင် နန်းတော်သည် ပေါက်ကွဲမှုတစ်ခုကြောင့် ပျက်စီးသွားကာ ဓားကျိုးမှာလည်း မြေကြီးထဲ နစ်မြုတ်သွားခဲ့သည်။
နောက်ပိုင်းတွင် ကွမ်ချောင်ရှန့်တို့ လူတစ်စုသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုနေရာကို တွေ့ရှိခဲ့ကြ၏။
သူတို့က ရတနာအတွက် အချင်းချင်း တိုက်ခိုက်ခဲ့ကြကာ ကွမ်ချောင်ရှန့်သည်လည်း သူ့အပေါင်းအဖော်တချို့ကို သတ်ဖြတ်ပြီး ထိုဓားကျိုးနှင့်အတူ ပြန်ရောက်လာခဲ့သည်။
သူကား နောက်ဆုံးအနိုင်ရသူ ဖြစ်သည်။
နောက်ပိုင်းတွင် သူသည် ထိုအပျက်အစီးနေရာသို့ သွားရောက်ရှာဖွေသေးသော်လည်း တခြားဘာမှ ရှာမတွေ့တော့ပါ။
ဓားသည် သူ၏လက်ထဲတွင် သာမန်သာ ဖြစ်သည်။
ယခုကား ဟန်မူယဲ့ရှေ့တွင် ထိုဓားသည် လုံးဝ ပြောင်းလဲသွားပြီး ဖြစ်သည်။
ဓားသည် နှစ်ပေခန့်သာ ရှည်ကာ ကြည်လင်သန့်စင်သော အရောင်အဝါ တောက်ပနေ၏။
ဓားဆန္ဒနှင့် နေမင်းရောင်ဝါကျင့်စဉ်စွမ်းအားတို့ကြောင့် ဓားသည် နှစ်ပေါင်းများစွာ တိတ်ဆိတ်နေပြီးနောက် ယခင် စွမ်းအားများကို ပြန်လည်ပြသနေ၏။
ဓားသည် ကျိုးနေလျှင်ပင် သူ၏စွမ်းအားမှာ အထင်သေး၍ မရပါ။
ဓားမကျိုးခင်က ၎င်းသည် ဓမ္မရတနာအဆင့်၌ ရှိခဲ့ပေလိမ့်မည်။
ထို့အပြင် ၎င်းသည် အဆင့်မြင့် ဓမ္မရတနာ ဖြစ်ပေလိမ့်မည်။
ဓားကျိုးထံမှ ပြင်းထန်အားကောင်းသော စွမ်းအားကို ခံစားမိကာ ဟန်မူယဲ့ အနည်းငယ် စိတ်လှုပ်ရှားမိသည်။
ကွမ်ချောင်ရှန့်သည်သာ ဓား၏စွမ်းအားကို အသက်သွင်းနိုင်ခဲ့ပါက သူသည် ကမ္ဘာမြေအဆင့်၌ ပြိုင်ဘက်ကင်းနိုင်လောက်ပေသည်။
ဟူး…
ဟန်မူယဲ့ တွေးတောနေစဉ်မှာပင် သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူ၏ဒန်ထျန်မှ ဓားဆေးလုံးသည် ရုတ်တရက် တုန်ခါလာ၏။ သူ၏လက်မှ ဓားကျိုးသည်လည်း ကြောက်လန့်ဟန်ဖြင့် တုန်ခါလာ၏။
ကောင်းပြီလေ…
သူက သူ့ဒန်ထျန်၏မောက်မာသော တုန့်ပြန်မှုကို ခံစားမိကာ မျက်လုံးပြူးသွားရသည်။ ဟန်မူယဲ့ မသက်မသာ ခေါင်းယမ်းမိ၏။
ကြည့်ရသည်မှာ သည်ဓားကား သူနှင့် ကံမစပ်ပေ။
ဓားဘုရင်ယွမ်ထျန်း၏ဓားဆေးလုံးသည် နေမင်းရောင်ဝါနန်းတော်သခင်၏ဓားအား ပြိုင်ဘက်အဖြစ် ရှုမြင်ရာ ဟန်မူယဲ့က သူတို့ထဲမှ တစ်ခုကိုသာ ရွေးနိုင်တော့သည်။
ဟန်မူယဲ့အတွက်ကား ရွေးချယ်စရာ သိပ်မလိုပါ။
သူ၏ဓားဆေးလုံးသည် ဓားကျိုးထက် များစွာ အသုံးဝင်ကာ စွမ်းအားကြီး၏။ နောက်ပိုင်းတွင် သူက ဓားကျိုးကို ပြန်လည်ရောင်းချခြင်း သို့မဟုတ် ဂိုဏ်းမှ အကျိုးဆောင်မှတ်များနှင့် လဲလှယ်၍ ရပေသည်။
သက်ပြင်းတစ်ချက်ချကာ ဟန်မူယဲ့က ဓားကျိုးကို ပြန်လည်သိမ်းဆည်းလိုက်သည်။
လှေပျံသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းသို့ ပြန်ရောက်သောအခါ နေဝင်နေပြီ ဖြစ်သည်။
ဟန်မူယဲ့ ဓားစံအိမ်ထဲကို ဝင်လာလျှင် ဟွမ်လောင်လျှို၊ ကောင်းရှောင်ရွှမ်နှင့် လုကောတို့သည် ဓားစံအိမ်ရှေ့တွင် စားပွဲဝိုင်းချလျက် ထိုင်နေသည်ကို တွေ့ရ၏။
“ပြန်လာပြီလား။ မြန်လှချည်လား”
ဟန်မူယဲ့အား မြင်လျှင် ဟွမ်လောင်လျှိုက ခေါင်းယမ်းသည်။
“မင်း ဒီည ပြန်မလာတော့ဘူး ထင်နေတာ”
ဟန်မူယဲ့က စားပွဲရှေ့တွင် ထိုင်ကာ ကောင်းရှောင်ရွှမ်ထံမှ တူကို လုကာ အစားအသောက်များကို နှိုက်စားလိုက်ရာ မြေခွေးဖြူလေးက သူ့အား ဒေါသတကြီး သွားဖြဲပြသည်။
စားသောက်ပြီးသည်နှင့် ဟန်မူယဲ့က အိတ်ငယ်လေးတစ်လုံးကို ထုတ်လိုက်သည်။
“ဒီနေ့ အကျိုးအမြတ်ကြီးကြီးရလာတယ်… မြင်တဲ့သူ ဝေစုရမယ်”
သူက အိတ်ထဲမှ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများအား ထုတ်ယူလိုက်သည်။
မူလက ဒေါသတကြီး ကြည့်နေသော မြေခွေးဖြူလေးပင် မျက်လုံးများ စူးရှစွာဖြင့် ဝိညာဉ်ကျောက်တုံးများအား ကြည့်သည်။
ဟွမ်လောင်လျှိုက တစ်ချက်ရယ်မောလိုက်ကာ သူက ဦးဆုံး ဝိညာဉ်ကျောက်တုံး ၃တုံးအား လှမ်းယူလိုက်၏။
တခြားလူများကလည်း ဟန်ဆောင်နေခြင်းမရှိဘဲ ဝိညာည်ကျော်ကတုံးများကို အသီးသီးခွဲယူလိုက်ကြသည်။
ထို့နောက်တွင် ဟန်မူယဲ့သည် တတိယထပ်သို့ တက်သွားကာ စတင်၍ ကျင့်ကြံလိုက်၏။
သူက ယနေ့ ကုန်ခမ်းသွားသော ချီစွမ်းအားများကို ပြန်လည်ဖြည့်တင်းပြီးနောက် မျက်လုံးဖွင့်ကာ ပုလင်းငယ်တစ်လုံးအား ထုတ်လိုက်သည်။ ပုလင်းထဲတွင် ခရမ်းကျောက်စိမ်းဆေးလုံးတစ်လုံး ရှိနေ၏။
သူက ဆေးလုံးကို ထုတ်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ဝိညာဉ်နိုးထခြင်းအဆင့်များအတွက်မူ ခရမ်းကျောက်စိမ်းဆေးလုံးသည် ကောင်းကင်မြေပြင်စွမ်းအားတို့အား ဆွဲငင်ကာ ဆင်ခြင်နိုင်သော ဆေးလုံးဖြစ်၏။
သို့သော်လည်း ဟန်မူယဲ့အတွက်မူ ထိုဆေးလုံးသည် သူ၏စိတ်ဝိညာဉ်ကို ပိုမိုအားကောင်းစေသော ဆေးလုံးဖြစ်သည်။
ဆေးလုံးသည် သူ၏စိတ်နယ်ပယ်ထဲသို့ သက်ဆင်းသွားသည်။
ခရမ်းရောင်ဝိညာဉ်ချီအငွေ့အသက်များသည် သူ၏ဝိညာဉ်လိပ်ပြာဓားအား စတင်၍ ရစ်ပတ်လာခဲ့ကာ တဖြေးဖြေးသန့်စင်သည်။
၎င်းသည် အင်မော်တယ်အဆင့်ဆေးလုံးအား မှန်ကန်သော သုံးစွဲပုံဖြစ်သည်။
နောက်တစ်နေ့နံနက်တွင် ခေါင်းတုံးလူငယ်တစ်ဦး ဓားစံအိမ်ရှေ့သို့ ရောက်လာခဲ့သည်။
ကျောက်ဖူ။
“ညီလေးဟန်… ငါတို့ ရှေးဟောင်းအပျက်အစီးနေရာကို သွားရအောင်… ငါက ဒါပြီးရင် ဖုန်းရှို့တောင်ကို စစ်ကူသွားပေးရဦးမယ်။ ဖုန်းလင်ဓားဂိုဏ်းနဲ့တိုက်ပွဲကလည်း ပြီးတော့မယ်။ နှစ်ဖက်ပညာရှင်တွေက အင်အားကို တဖြေးဖြေးလျှော့ချနေကြပြီ”
ကျောက်ဖူက ဟန်မူယဲ့အား ကြည့်ကာ ပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ထို့နောက် သူက လင်းရှန်ကို မေးသည်။
“လေ့ကျင့်ရေးမှူးလင်း… ခင်ဗျား အဆင်သင့်ပဲလား”