ဆရာသစ်ခန့်အပ်ပွဲ (၁)
Vol. 6 Ch. Chapter 24
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 24 - ဆရာသစ်ခန့်အပ်ပွဲ (၁)
နောက်တစ်နေ့ရောက်လာပြန်ပြီ။
မနက်ရှစ်နာရီထိုးတာနဲ့ မနက်စာစားပြီးပြီဖြစ်တဲ့ မက်ဒါနာက ကျောင်းတိုက်ပွဲခန်းမဆီ အေမီနဲ့အတူ ရောက်လာတယ်။ ကျောင်းတိုက်ပွဲခန်းမထဲမှာတော့ မက်ဒါနာ တစ်ခါမှမမြင်ဖူးသေးတဲ့ လူတစ်ဒါဇင်လောက်ပြည့်နေတယ်။ အားလုံးက မြူတန့်တွေဖြစ်ကြပုံပေါ်ပြီး ဟီးရိုးဝတ်စုံတွေကို သေသေချာချာဝတ်ထားကြတယ်။
ဆရာအာသာနဲ့ဆရာမဟဲရိုးက အလုပ်လာလျှောက်တဲ့ ဟီးရိုးအားလုံးအတွက် ထိုင်စရာခုံတွေ ပြင်ဆင်ပေးထားပြီး အလုပ်လျှောက်လွှာတွေကို စီစစ်နေကြတယ်။ မက်ဒါနာက အခန်းထဲဝင်လာတာနဲ့ သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြပါတယ်။ ဆရာမဟဲရိုးကလည်း လည်ချောင်းရှင်းလိုက်ပြီး အလုပ်လျှောက်လာတဲ့သူတွေကို မက်ဒါနာနဲ့မိတ်ဆက်ပေးလိုက်လေရဲ့။
"အားလုံးပဲ၊ ကျွန်မတို့ရဲ့ကျောင်းအုပ်ကြီး ပေါ်လီယာနာ ရောက်လာပါပြီ။ မကြာခင်မှာ ဆရာအဖြစ်ဝင်ခွင့်စာမေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။"
ဆရာမဟဲရိုးစကားပြောပြီးတဲ့အချိန်မှာပဲ တိုက်ပွဲခန်းမထဲကို နောက်ထပ်လူတစ်ယောက် ဝင်လာပြန်တယ်။ အဝတ်အစားကို သေသေသပ်သပ်ဝတ်ထားတဲ့ ဖရက်ပါ။ ဖရက်က ဟန်ပါပါနဲ့လျှောက်လာပြီး မက်ဒါနာဘေးမှာ ဝင်ရပ်တယ်။ အေမီကတော့ ရန်သူကြီးကို မြင်တွေ့လိုက်ရတဲ့အတိုင်း ဖရက်ကိုစောင့်ကြည့်တယ်။ ဆရာမဟဲရိုးကတော့ ခေါင်းကိုခါယမ်းလိုက်ရင်း ကျန်တဲ့သူတွေနဲ့ အလုပ်လာလျှောက်တဲ့ ဆရာတွေကို ဆက်မိတ်ဆက်ပေးတယ်။
"ကျွန်မကတော့ ဒီကျောင်းရဲ့ဝါရင့်ဆရာတစ်ယောက်ဖြစ်တဲ့ ဟဲရိုးပါ၊ ဒီဖက်က အမျိုးသားကတော့ ဆရာအာသာပါ။ ကျောင်းအုပ်ကြီးနောက်မှာ ရပ်နေတဲ့လူနှစ်ယောက်ကတော့ ဆရာဖရက်နဲ့ဆရာမအေမီပါ။ ကျောင်းအုပ်ကြီးက စစ်မေးမှုအသေးစိတ်ကို ရှင်းပြပါလိမ့်မယ်။"
မက်ဒါနာက ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောသေးခင် အခန်းထဲမှာရှိနေတဲ့ အလုပ်လျှောက်တဲ့သူတွေကိုသေချာရေကြည့်တယ်။ အားလုံးပေါင်း ဆယ့်ငါးယောက်ရှိပါတယ်။ မက်ဒါနာက ပြုံးလိုက်ပြီး မေးကိုလက်နဲ့ထောက်ထားလိုက်တယ်။
'စဥ်းစားကြည့်မှ ငါထင်ထားတာထက် များတာပဲ။' မက်ဒါနာသိထားသလောက် ဟီးရိုးကျောင်းအများစု ဥပဒေအသစ်ကြောင့် ပိတ်လိုက်ရတဲ့အတွက် အလုပ်ရှာနေတဲ့ ဆရာတွေအများကြီးရှိပေမဲ့ နယူးယောက်ဟီးရိုးကျောင်းကို လာလျှောက်မယ့်ကျောင်းဆရာတော့ အများကြီးမရှိနိုင်ဘူးလို့ သူတွက်ထားတာပါ။ ဒီကျောင်းက ဂုဏ်သိက္ခါပိုင်းအရ အတော်ထိခိုက်ထားတယ်မဟုတ်လား။ အခုလိုစုပြုံရောက်လာတာ မေဆင်စနက်မပြီးနိုင်ဘူးလို့ မက်ဒါနာတွေးလိုက်တယ်။ နောက်တော့ သူပြုံးလိုက်ပြီး စကားစပြောတယ်။
"ကျွန်မရဲ့စစ်ဆေးမှုစည်းမျဥ်းကတော့ ရှင်းပါတယ်။
ဆရာတစ်ယောက်က တပည့်တွေကို မသင်ခင်မှာ ဟီးရိုးတွေကိုလေ့ကျင့်ပေးမယ့် အရည်အချင်းပြည့်မီဖို့လိုအပ်တယ်။ ဒီအတွက် ကျွန်မက စစ်ဆေးမှုသုံးခုနဲ့ ရှင်တို့ကိုစစ်ဆေးမှာဖြစ်တယ်။ ပထမဆုံးစစ်ဆေးမှုကတော့ ရှင်သန်နိုင်စွမ်းပဲ။"
မက်ဒါနာစကားမဆုံးခင်မှာပဲ အေမီက ချက်ချင်းခုန်ထွက်လာပြီး အလုပ်လျှောက်လာသူတစ်ယောက်ရှေ့ကို ရောက်သွားတယ်။ အနောက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားတဲ့ ဆရာတစ်ယောက်ပါ။ ဆရာက ရုတ်တရက်ထိတ်လန့်သွားပြီး ခုခံဖို့ကြိုးစားလိုက်ပေမဲ့ အေမီက သူ့ခေါင်းကို ဆုပ်ကိုင်လိုက်ပြီး စားပွဲခုံနဲ့မျက်နှာနဲ့ကို ရိုက်ချလိုက်တယ်။
ဘုန်း...။
"အား...." စားပွဲခုံက လုံးဝကျိုးကျသွားပြီး သစ်သားအစအနတွေ ပြန့်ကျဲကုန်တယ်။ သစ်သားစတချို့က အလုပ်လာလျှောက်တဲ့ဆရာရဲ့မျက်နှာမှာ စိုက်ဝင်နေပြီး သွေးတွေပန်းထွက်လာတယ်။
ကျန်တဲ့ဆရာတွေအားလုံးလည်း အခြေအနေကိုခန့်မှန်းမိသွားပြီး အေမီနဲ့ဝေးရာကို ရှောင်ထွက်လိုက်ကြတယ်။ မက်ဒါနာနဲ့ဆရာတွေကတော့ တိုက်ပွဲကွင်းထဲကနေ ဖြည်းဖြည်းချင်းထွက်သွားပြီး ပွဲကြည့်စင်မှာ တက်ထိုင်ကြတယ်။
ဘယ်မြူတန့်မှ အေမီကို ဆက်မတိုက်ရဲသေးဘဲ အေမီကို ဝိုင်းရုံပဲဝိုင်းထားသေးတယ်။ သူတို့က အေမီရဲ့စွမ်းအားကို မသိကြသေးတာကြောင့် ဘယ်သူမှအလောတကြီး ဝင်မတိုက်ချင်သေးပါဘူး။
"ငါတို့ကျောင်းရဲ့ဆရာအေမီက သူ့စွမ်းအားကိုထိန်းချုပ်ပြီး B rankတစ်ယောက်ရဲ့ခွန်အားကိုပဲ ထုတ်သုံးလိမ့်မယ်။ သူက နင်တို့အားလုံးနဲ့အဆင့်တူပြီး တစ်ယောက်တည်းဖြစ်ပေမဲ့ နင်တို့အလွယ်တကူအနိုင်ယူလို့ရတယ်ဆိုတဲ့ သဘောတော့မဟုတ်ဘူး။ အေမီကို အနိုင်ယူနိုင်တဲ့သူ ဒါမှမဟုတ် ငါးမိနစ်ကြာတဲ့အထိ အသက်ဆက်ရှင်နေနိုင်သေးတဲ့သူ အနိုင်ရမယ်။"
အလုပ်လာလျှောက်တဲ့ ဆရာတွေရဲ့မျက်လုံးလည်း ပြောင်းလဲသွားတယ်။ အခုအလုပ်လာလျှောက်တဲ့သူတွေက အနည်းဆုံး B- တော့ရှိတဲ့သူတွေချည်းပါ။ ဒါပေမဲ့ အေမီဖော်ပြခဲ့တဲ့စွမ်းအားအရ သာမန်ဆရာတစ်ယောက်ကို လွယ်လွယ်လေးအနိုင်ယူနိုင်တဲ့ ခွန်အားမျိုးရှိမှန်း သူတို့သိပါတယ်။
ဆံပင်ထောင်ထောင်နဲ့အမျိုးသားဆရာတစ်ယောက်က ဗလကောင်းကောင်းနဲ့ဆရာတစ်ယောက်ကို လှမ်းမျက်ခုံးပင့်ပြလိုက်တယ်။ "ဟေ့လူ၊ အဲဒီကျောင်းအုပ်ပြောတာကြားလား။ သူ့ကိုတစ်ယောက်ချင်းစီ တိုက်စရာမလိုဘူး၊ အဖွဲ့ဖွဲ့ကြတာပေါ့။"
"ကောင်းပြီလေ။" ဗလကြီးက ခေါင်းညိတ်တယ်။ ဆံပင်ထောင်က နောက်ထပ် အဖွဲ့ဝင်နှစ်ယောက်ထပ်ရှာတယ်။ ဓားရှည်ကိုင်ထားတဲ့ လူငယ်တစ်ယောက်နဲ့ လူမည်းအမျိုးသမီးတစ်ယောက်လည်း ဝင်ပါကြတယ်။ ကျန်တဲ့ဆရာတွေကတော့ ဝင်မတိုက်ကြသေးဘူး။ သူတို့က အုပ်စုလိုက်ဝင်မယ့်သူတွေရဲ့ရလဒ်ကို သိချင်နေကြတဲ့အတွက် စောင့်ကြည့်နေပါတယ်။
"ငါနဲ့ဒီညီလေးက ရှေ့ကဝင်မယ်။ မင်းတို့နှစ်ယောက်က အကူမြူတန့်တွေဆိုတော့ နောက်တန်းကနေ ကူညီပေး။"
ဗလကြီးနဲ့ဓားကိုင်ထားတဲ့ လူငယ်က ရှေ့ဆုံးကနေ ပြေးတက်သွားတယ်။ လူငယ်က သူ့လက်ဖဝါးကို ဓားနဲ့ဖြတ်လိုက်ပြီး သွေးစက်တချို့ကို ဓားသွားပေါ်ချလိုက်တယ်။ ဓားပေါ်က သွေးစက်တွေက စိမ်းပြာရောင် မီးတောက်တွေအဖြစ်ပြောင်းသွားတယ်။
ဗလကြီးကတော့ သာမန်လူတွေထက် နှစ်ဆနီးပါး ကြီးထွားလာပြီး အေမီကို လက်သီးနဲ့ထိုးချလိုက်ပါတယ်။ အေမီက လက်နှစ်ဖက်ကိုမြှောက်ကာ ညာဖက်လက်ဝါးနဲ့လက်သီးကိုတားဆီးလိုက်ပြီး ဓားကိုတော့ ဘယ်ဘက်လက်သီးနဲ့ ဆုပ်ကိုင်ထားလိုက်တယ်။
"ဘာ... ဓားက သူ့အသားကို တိုးမပေါက်ဘူး။"
"ဘာလို့ သူက တအားသန်နေရတာလဲ။" သူတို့ထိတ်လန့်သွားချိန်မှာပဲ အေမီက ခြေထောက်ကိုမြှောက်ပြီးဓားသမားလူငယ်ရဲ့ဗိုက်ကို ကန်လိုက်တယ်။ လူငယ်က တိုက်ပွဲကွင်းအဆုံးထိ လွင့်သွားပြီး ခုံတန်းတွေကိုဝင်တိုက်မိကာ သတိမေ့သွားတယ်။ အခုထိ အေမီက B rank တစ်ယောက်ရဲ့ခွန်အားနဲ့သာ တိုက်ကွက်တွေကို ထုတ်ဖော်နေတာဖြစ်ပေမဲ့ မြန်ဆန်ပြီး အားကြီးပါတယ်။
"ငါ့ကိုကူပေးကြ။" ဗလကြီးက အော်ဟစ်လိုက်တယ်။ လူမည်းအမျိုးသမီးက လက်ဖဝါးကိုမြှောက်ပြီး ဗလကြီးရဲ့ကိုယ်ပေါ်မှာ ရွှေရောင်အလွှာတစ်ခုခြုံပေးလိုက်တယ်။ အကာအကွယ်အနေနဲ့ပါ။ ဆံထောင်ကလည်း လေထုစွမ်းအားကိုအသက်သွင်းပြီး အေမီကို ဟန့်တားပေးဖို့ကြိုးစားတယ်။ အေမီက ခြေကိုဆောင့်နင်းကာ ဗလကြီးဆီကို အားကုန်ပြေးလာပြီး ထိုးနှက်လိုက်တယ်။
"သူက သန်တယ်ဟ။" လက်သီးချက် ဗလကြီးပေါ် ကျတာနဲ့ ရွှေရောင်အကာအကွယ်က ချက်ချင်းပျောက်သွားတယ်။ အေမီက ဗလကြီးကို တိုက်ဖို့ဆက်မလုပ်တော့ဘဲ ဗလကြီးရဲ့ဘောင်းဘီခွကြားကနေ လျှောတိုက်သွားကာ နောက်ကွယ်က ကူညီနေသူနှစ်ယောက်ဆီ ရောက်လာတယ်။
"ခံစစ်ပေါက်သွားပြီ... ငါတို့ကိုပြန်လာကူဦး။" ဆံထောင်က ဗလကြီးကို လှမ်းခေါ်ပေမဲ့ နောက်ကျသွားပြီ အေမီက သူတို့နှစ်ယောက်လုံးကို လည်ပင်းကနေ ဆုပ်ကိုင်ပြီး တိုက်ပွဲကွင်းအပြင်ကို ပစ်ထုတ်လိုက်တယ်။ ဗလကြီးရောက်လာချိန်မှာတော့ အေမီက အားနေပြီဖြစ်လို့ ဒူးနှစ်ဖက်ကို ကွေးညွှတ်ကာ ခုန်တက်လိုက်ပြီး ဗလကြီးနဲ့ခေါင်းကို လက်သီးနဲ့ထိုးချလိုက်တယ်။
ခွက်...
"အစ်...." အရိုးကွဲအက်သံသဲ့သဲ့နဲ့အတူ ဗလကြီးခေါင်းကွဲသွားတယ်။ B rank ခွန်အားအထူးပြုမြူတန့်တစ်ယောက်ရဲ့ခေါင်းကို ခွဲဖို့ဆိုတာ တခြားB rank တစ်ယောက်သာ တတ်နိုင်တဲ့အရာပါ။ ဗလကြီးလဲကျပြီးနောက် ကျောင်းဆရာအလုပ်အတွက်လာတဲ့သူ ဆယ်ယောက်ပဲကျန်တော့တယ်။
စက္ကန့်အတော်ကြာတဲ့အထိ စိန်ခေါ်မယ့်သူမရှိသေးတဲ့အတွက် အေမီက သာမန်အိမ်စေလေးလိုမျိုး ပြန်ရပ်နေလိုက်တယ်။ ပေါ်လီယာနာအဖြစ်ဟန်ဆောင်ထားတဲ့ မက်ဒါနာကတော့ တိုက်ပွဲကိုကြည့်ရင်း ပျင်းလာပြီဖြစ်လို့ သန်းဝေလိုက်ပါတယ်။ ဆရာမဟဲရိုးက ရှေ့တက်လာပြီး လက်ကျန်အချိန်ကို သတိပေးတယ်။
"ပထမမိနစ် ကုန်လွန်သွားပါပြီ။" အေမီက ချက်ချင်းပဲ ကျန်နေသေးတဲ့သူတွေကို စိုက်ကြည့်လိုက်တယ်။ ရွှေရောင်ဆံပင်နဲ့ ကောင်မလေးတစ်ယောက်က လန့်ဖြန့်ပြီး ရေစွမ်းအင်နဲ့အမိုးခုံးတစ်ခုကို ဖန်တီးကာ သူ့ကိုယ်သူ ကာကွယ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ အေမီက စက္ကန့်ဝက်လောက်အတွင်းမှာတင် သူ့ရှေ့ကိုရောက်လာပြီး ရေဒိုင်းကို အသာလေးဖြိုခွင်းကာ ရင်ဝကို ခြေနဲ့ဆောင့်ကန်လိုက်တယ်။
ဘုန်း...။
"ဝေါ့...." အဲဒီမိန်းကလေးလည်း နံရံနဲ့ဝင်တိုက်မိသွားပြီး သွေးတစ်လုပ်ကို အန်ထုတ်ကာ သတိလစ်သွားလေရဲ့။
ကျန်နေတဲ့အထဲက နည်းနည်းသာမန်ပုံရတဲ့ ကတုံးပြောင်ကြီးနဲ့သေနတ်ကိုင်ထားတဲ့လူက ပြောလိုက်တယ်။ "ကြည့်ရတာ ဒီအေမီဆိုတဲ့ ကလေးမလေးက ကဏ္ဍတိုင်းမှာ B rankရောက်နေပုံပဲ။ သူ့ခွန်အားနဲ့ခုခံနိုင်စွမ်းနှစ်ခုလုံးက B rankဆိုတာ ငါတို့မြင်နေရတာပဲ။"
"အမြန်နှုန်းဆိုရင်ရော..." ကတုံးစကားကို ငွေရောင်မျက်လုံးနဲ့ အနက်ရောင်လျှပ်စီးသင်္ကေတပါတဲ့ဟီးရိုးဝတ်စုံဝတ်ထားတဲ့သူက မေးလိုက်တယ်။ သူက B rank အမြန်နှုန်းဟီးရိုးပါ။ ပြီးတော့ ဒီလူအုပ်ထဲမှာ သူက အတော်လေးနာမည်ကြီးပုံပဲ။ အဖွဲ့ထဲမှာကျန်နေသေးတဲ့ မိန်းကလေးဆရာတချို့က အဲဒီဟီးရိုးကို စတင်အော်ဟစ်ပြီး အားပေးကြတယ်။ "Blackbolt Blackbolt.."
"ကျုပ်ကြိုးစားလိုက်ဦးမယ်။" Blackboltက သူ့ဒူးကိုကွေးလိုက်ပြီး သူ့ဘက်ကိုလှည့်လာတဲ့ အေမီကိုကြည့်လိုက်တယ်။ အဲဒီနောက် ပြိုင်ကားနီးပါးမြန်တဲ့သူ့အမြန်နှုန်းနဲ့ အေမီကိုစတင်တိုက်ခိုက်ဖို့ကြိုးစားတယ်။
ဒါပေမဲ့ အေမီရဲ့မျက်လုံးအိမ်က အမြန်အဆန်လှုပ်ရှားနေပြီး Blackboltရဲ့လှုပ်ရှားမှုတိုင်းကို အနှေးပုံရိပ်နဲ့ဖမ်းယူနေတယ်။ အဲဒီနောက် နေရာမှာရပ်နေရင်း သူ့လက်တွေခြေတွေကို စတင်လှုပ်ရှားကာ Blackboltကို တန်ပြန်ခုခံတယ်။ သိပ်မကြာခင်မှာပဲ အေမီရဲ့ဉာဏ်ရည်တုက တိုက်ကွက်နဲ့လှုပ်ရှားမှုအားလုံးကို သဘောပေါက်သွားပြီး ပြေးနေတဲ့Blackboltရဲ့ခါးကို ကောင့်ကန်ပစ်လိုက်တယ်။
ချွတ်...
"အား...." နောက်ထပ် အရိုးကျိုးသံကြီးနဲ့ ငိုသံပါပါအော်သံကြီးထွက်လာကာ နာမည်ကြီးBlackbolt တစ်ယောက် ကြမ်းပြင်မှာတွားသွားနေရပြီ။ ကြည့်ရတာ ခါးကျိုးသွားပုံပဲ။
"အား... ငါ့ခါး... ငါ့ခါးကျိုးသွားပြီ... ဒဏ်ရာကြောင့်ငါဟီးရိုးမလုပ်နိုင်တော့ရင် မင်းတို့ကျောင်းမလွယ်ဘူးမှတ်။"
ဒီစကားကိုကြားတော့ စာမေးပွဲအခြေအနေကိုကြည့်နေတဲ့ မက်ဒါနာက ပြုံးလိုက်ပြီး သာသာလေးပြောလိုက်တယ်။ "မပူပါနဲ့၊ စာမေးပွဲပြီးရင် ကျွန်မတို့က ရှင့်ကို အကောင်းဆုံးဆေးပညာမြူတန့်ဆီမှာ ကုသခွင့်ရအောင် ကူညီပေးမှာပါ။ လောလောဆယ်တော့ စာမေးပွဲပြီးတဲ့အထိ စောင့်လိုက်ဦး။"
မက်ဒါနာ စကားဆုံးတာနဲ့ အေမီက အပြေးသမားကို ကုတ်ကနေဆွဲပြီး ပွဲကြည့်စင်ပေါ် ပစ်တင်လိုက်တယ်။ အခုပွဲကြည့်စင်က လူနာတွေနဲ့ပြည့်နေပြီ။ အပြေးသမားက ကြမ်းကြမ်းတမ်းတမ်းပစ်တင်ခံရတာကြောင့် နာကျင်စွာအော်ဟစ်နေပေမဲ့ စာမေးပွဲစစ်တဲ့အဖွဲ့က ဘယ်သူမှ သူ့ကိုဂရုမစိုက်ကြဘူး။
ကျန်နေသေးတဲ့ကိုးယောက်လည်း တံထွေးကိုမျိုးချလိုက်တယ်။ သူတို့ထဲက ကတုံးက ခက်ခက်ခဲခဲပြောလိုက်လေရဲ့။
"ကြည့်ရတာ ဒီတိုက်ပွဲမှာ တကယ်အသက်သေဆုံးတာတို့ ဘာတို့ဖြစ်နိုင်တဲ့ပုံပဲ။ ကျောင်းအုပ်က ငါတို့ကို အသက်ရှင်အောင်နေလို့ ပြောလိုက်သေးတယ်မဟုတ်လား။" ကျန်တဲ့ပါဝင်သူတွေလည်း အေမီကို မလွယ်ကူတဲ့မျက်နှာထားမျိုးနဲ့ ကြည့်လိုက်ကြလေရဲ့။
ဆရာမဟဲရိုးက လက်ကျန်အချိန်ကို ထပ်ပြီးကြေညာတယ်။ "သုံးမိနစ်ကျန်မယ်။"
တစ်ချိန်တည်းမှာပဲ အေမီက ကျန်နေသေးတဲ့သူတွေကို အိမ်စေတစ်ယောက်လို ဦးညွှတ်လိုက်ပြီး ချိုသာပေမဲ့ ကြောက်စရာကောင်းတဲ့ စကားမျိုးနဲ့ခြိမ်းခြောက်လာတယ်။
"ပွဲချိန်တစ်ဝက်နီးနီး ကုန်ဆုံးသွားပါပြီ။ သခင်မလေးပေးထားတဲ့ အမိန့်အတိုင်းပဲ ရှင်တို့ကို ညှာတာနေတဲ့အချိန် ကုန်သွားပြီမလို့ အခုကနေစပြီး B rank တစ်ယောက်ရဲ့အစွမ်းကုန်သုံးပြီး ရှင်တို့ကိုတိုက်တော့မှာပါ။"
နောက်တော့ အေမီက ကိုးယောက်အုပ်စုဆီကို စပြေးလာတယ်။ အစက ပုံမှန်အပြေးနှုန်းနဲ့ပြေးနေတာပေမဲ့ မကြာခင်မှာပဲ Blackboltနီးပါး မြန်ဆန်လာတယ်။ ကတုံးလည်းထိတ်လန့်သွားပြီး အေမီကို လက်ထဲက သေနတ်နဲ့ဆက်တိုက်ပစ်တယ်။ သူ့ရဲ့အစွမ်းက တိကျခြင်းပါ။ သူပစ်တဲ့သေနတ်ကျည်တိုင်းက တစ်ချက်မှမလွဲဘူး။ ဒါပေမဲ့ အေမီကိုသတ်နိုင်ဖို့က အဝေးကြီးပါ။
ကတုံးကြီးထိတ်လန့်နေတုန်း အေမီရဲ့လက်သီးက သူ့ပေါ်ကို ကျဆင်းလာနေပြီ။ ကံကောင်းတာက ဒိုင်းကိုင်ထားတဲ့ ဟီးရိုးတစ်ယောက်က အေမီရဲ့လက်သီးကို ဒိုင်းနဲ့ဝင်တားဆီးလိုက်တာပဲ။
ဘန်း... သတ္တုချင်းထိခတ်မိသံ ထွက်ပေါ်လာပြီး ဒိုင်းနဲ့ဟီးရိုး ဒူးထောက်ကျသွားတယ်။ ဒိုင်းနဲ့ဟီးရိုးက အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး သူ့တစ်ကိုယ်လုံးမှာ အမာရွတ်တွေချည်းပဲ။ အဲဒီအမျိုးသမီးက ချက်ချင်းပဲ ကျန်တဲ့ဟီးရိုးတွေကို အမိန့်ပေးလိုက်တယ်။
"မသေချင်ရင် လူစုခွဲကြ။" ကတုံးအပါအဝင် ရှိသမျှဟီးရိုးတွေလည်း အေမီနဲ့ဝေးရာကို ထွက်ပြေးကြတယ်။ အခုသူတို့ရဲ့ဗျူဟာက အေမီကိုတိုက်ခိုက်ဖို့မဟုတ်တော့ဘဲ ထွက်ပြေးရင်း ငါးမိနစ်ပြည့်တဲ့အထိနေဖို့ပါ။
အေမီက လက်သီးကိုပြန်ရုပ်လိုက်တယ်။ ဒိုင်းဟီးရိုးရဲ့ဒိုင်းမှာ အေမီရဲ့လက်သီးရာကြီး ထင်ဟပ်နေပါတယ်။ ဒိုင်းဟီးရိုးရဲ့တစ်ကိုယ်လုံးလည်း အေမီရဲ့ခွန်အားကြောင့်ဖြစ်လာတဲ့ သက်ရောက်မှုကြောင့် တုန်ရင်နေတယ်။
"ကောင်မလေး၊ နင့်အဆင့်က B rank မဟုတ်ဘူးမလား။"
အေမီကတော့ ဘာမှဆက်မပြောဘဲ နောက်ထပ်လက်သီးချက်နဲ့ ထိုးချလိုက်ပေမဲ့ ဒိုင်းဟီးရိုးက သူ့ဒိုင်းနဲ့ကာထားတုန်းပဲ။ လွယ်လွယ်နဲ့ တိုက်လို့မရမှန်းသိတော့ အေမီက ဒိုင်းဟီးရိုးကို လစ်လျူရှုထားပြီး ကျန်တဲ့ဟီးရိုးတွေကို လိုက်အမဲဖြတ်တယ်။
တတိယမိနစ်ရဲ့တစ်ဝက်လောက်အတွင်းမှာပဲ အေမီက နောက်ထပ်ဟီးရိုးနှစ်ယောက်ကို ကွင်းထဲကထွက်ရအောင် လုပ်လိုက်နိုင်တယ်။ အခုတိုက်ပွဲကွင်းတစ်ခုလုံး သွေးရောင်လွှမ်းနေပြီ။ ဒါပေမဲ့ ဒိုင်းဟီးရိုးက အခုထိ မားမားမတ်မတ်ရပ်နေဆဲပါ။
မက်ဒါနာလည်း မျက်ခုံးပင့်လိုက်တယ်။ ဒိုင်းဟီးရိုးအမျိုးသမီးက တိုက်စစ်စွမ်းအားမရှိသလောက်ဆိုပေမဲ့ ခံနိုင်ရည်ကတော့ တကယ့်ကို အံ့အားသင့်စရာပါ။ ပြီးတော့ အဲဒီဒိုင်းတစ်ခုတည်းနဲ့တင် အေမီရဲ့လက်သီးတွေကို တောင့်ခံနိုင်စွမ်းမရှိမှန်းသိသာတဲ့အတွက် သူ့ရဲ့မြူတန့်စွမ်းအားကလည်း ထူးခြားတဲ့ပုံပဲ။
'စိတ်ဝင်စားစရာပဲ၊ ရောက်လာတဲ့လူတွေထဲမှာ သူတစ်ယောက်ပဲ တကယ့်စွမ်းအားကြီးဟီးရိုးဖြစ်ဖို့ ထိုက်တန်သေးတယ်။' မက်ဒါနာက သူ့ဘာသာတွေးရင်း ကောက်ချလိုက်တယ်။ ဆရာမဟဲရိုးကလည်း လူကဲခတ်တော်တဲ့အတွက် မက်ဒါနာရဲ့အတွေးကို ရိပ်စားမိပါတယ်။
"Shieldmaiden ဘရီစာက ကျွန်မထက်မျိုးဆက်တစ်ဆက်ပဲနိမ့်တဲ့ ကြယ်ပွင့်တစ်ယောက်ပဲ။ သူက နယူးယောက်ဟီးရိုးအစည်းအရုံးကမဟုတ်ပေမဲ့ ဘော့စတွန်မြို့မှာ အတော်လေးနာမည်ကြီးတယ်။ သူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုက အမေရိကန်စစ်တပ်ကနေ ထွက်ပြေးလာခါစ ဓားနတ်ဆိုးရဲ့ဓားကို တားဆီးနိုင်ခဲ့ပြီး ဆက်အသက်ရှင်နေနိုင်သေးတာပဲ။"
မက်ဒါနာက ဓားနတ်ဆိုးရဲ့ခွန်အားကို စဥ်းစားကြည့်တယ်။ ဓားနတ်ဆိုးက အတော်လေးခွန်အားကြီးတဲ့သူပါ။ အမေရိကန်စစ်တပ်ကနေ ထွက်ပြေးလာတုန်းက ဓားနတ်ဆိုးရဲ့မျက်လုံးတွေ အကောင်းအတိုင်းပဲရှိနေလောက်သေးတယ်။ အဲဒီဓားနတ်ဆိုးက အခုလိုA rankပြိုင်ဖက်ကင်း ဟုတ်ချင်မှဟုတ်မှာဖြစ်ပေမဲ့ ဘရီစာအတွက်တော့ အနိုင်ယူဖို့မဖြစ်နိုင်တဲ့ ပြိုင်ဖက်တစ်ယောက်ပါ။ ဒါကိုတောင် အသက်ရှင်ခဲ့သေးတယ်။
"ဒါပေမဲ့ အခုသူ့အသက်က ၄၇နှစ်ရှိနေပြီ။ ဒီတော့ သူ့ခံနိုင်ရည်နဲ့သက်လုံက အရင်ကနဲ့ယှဥ်ရင် တစ်ဝက်လောက်ပဲရှိတော့တာ။ ဒါကြောင့် ဟီးရိုးအဖြစ်ကအနားယူပြီး ဆရာအဖြစ်လာလျှောက်တာဖြစ်လိမ့်မယ်။" ဆရာမဟဲရိုးက ပြောလိုက်တယ်။
တစ်ဖက်မှာတော့ မက်ဒါနာက ဒိုင်းအပျိုစင်ဘရီစာနဲ့ပတ်သက်ပြီး အထင်အမြင်ကောင်းရှိနေတယ်။ သူကတွေးထားတဲ့အတိုင်းပဲ ပြောလိုက်ပါတယ်။
"သူက အသက်ကြီးပြီဆိုပေမဲ့ သူသုံးနေတဲ့ဒိုင်းက သာမန်သတ္တုနဲ့လုပ်ထားတဲ့ ဟီးရိုးအကူပစ္စည်းသက်သက်ပဲမဟုတ်လား။ နည်းပညာဟီးရိုးတစ်ယောက်ကသာ ပိုကောင်းတဲ့ဒိုင်းမျိုးလုပ်ပေးလိုက်ရင် သူပိုလက်စွမ်းပြနိုင်လိမ့်မယ်။ ဒါမှမဟုတ် သူနဲ့ကိုက်ညီမယ့် မှော်ရတနာတစ်ခုခုရခဲ့ရင်ပေါ့။"
မက်ဒါနာရဲ့စကားကြောင့် ဆရာမဟဲရိုးလည်း မျက်ခုံးပင့်လိုက်တယ်။ ဒီငယ်ရွယ်တဲ့ကျောင်းအုပ်က ဘရီစာလိုဝါရင့်ဟီးရိုစတစ်ယောက်ကို အလုပ်ခန့်ဖို့ စိတ်ဝင်စားနေတဲ့ပုံပဲ။ အားလုံး အဆင်ပြေလာတော့မယ်လို့ ထင်နေတဲ့အချိန်မှာပဲ ဖရက်က မက်ဒါနာပခုံးကိုပုတ်ပြီး သတိပေးလိုက်တယ်။
"မင်း... အဲလေ၊ သခင်မလေး။ ဟိုကိစ္စကိုမမေ့ပါနဲ့ဦး။"
ဒီတော့မှ မက်ဒါနာလည်း ပြန်သတိဝင်လာပြီး ခေါင်းကိုခါယမ်းလိုက်မိတယ်။ မေဆင်အဖွဲ့ဝင်တွေ ဒီကျောင်းဆရာတွေထဲမှာပါနေတယ်။ အဲဒီအဖွဲ့ဝင်တွေက သေချာပေါက် မက်ဒါနာရဲ့အာရုံကို ဖမ်းစားနိုင်တဲ့အရည်အချင်းမျိုးရှိမှာပါ။ အခုလောလောဆယ် ဘရီစာက အဲဒီလိုလက္ခဏာမျိုးနဲ့ ပြည့်စုံနေတယ်။
မက်ဒါနာက ဖရက်ကို ခေါင်းညိတ်ပြလိုက်ပြီး အားလုံးကို ပြောလိုက်ပါတယ်။ "ဒီတော့ ငါတို့တွေ ဆက်စောင့်ကြည့်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် အခုမှ ပထမစစ်ဆေးမှုပဲ ရှိသေးတာမဟုတ်လား။ ဒီစစ်ဆေးမှုကို သူအောင်မှ ဆက်ပြောကြတာပေါ့။"
မကြာခင်မှာပဲ တိုက်ပွဲရဲ့အခြေအနေက ပိုပိုပြီးသိသာလာတယ်။ အေမီက လက်ကျန်စူပါဟီးရိုးခုနစ်ယောက်ထဲက သုံးယောက်ကို ထပ်ပြီးရှင်းထုတ်လိုက်တယ်။
ဒါပေမဲ့ ဘရီစာအပါအဝင် ကျန်နေသေးတဲ့သုံးဦးက အေမီကို ပြန်ခုခံဖို့အတွက် အစီအစဥ်ဆွဲပြီးနေပါပြီ။ ဘရီစာရဲ့ဒိုင်းကို အေမီဖျက်ဆီးဖို့ခက်ခဲနေမှန်း သိပြီးတဲ့နောက် ကျန်သုံးယောက်က ဘရီစာကို ကူညီရင်း ဘရီစာနောက်မှာ အကာအကွယ်ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။
သုံးယောက်ထဲက တစ်ယောက်က ကုသနိုင်စွမ်းရှိတဲ့ မိန်းကလေးဖြစ်ပြီး ဘရီစာရဲ့ဒဏ်ရာတွေကို နောက်ကနေ ကုသပေးနေတယ်။ အခုဘရီစာရဲ့ကိုယ်ပေါ်မှာအဝါရောင်ဝတ်မှုန်တွေ ပြန့်နှံနေပြီး ကြွက်သားပေါ်ကဒဏ်ရာတွေ အလျင်အမြန်ပျောက်ကွယ်လာနေတယ်။
ကျန်တဲ့နှစ်ယောက်ထဲက တစ်ယောက်က မွေထိုင်း လက်သီးသိုင်းပညာရှင်ဖြစ်ပြီး အေမီကိုခွန်အားပိုင်းအရ မယှဥ်နိုင်တာကြောင့် မထင်ရင်မထင်သလို အလစ်ချပြီးဒိုင်းနောက် ဝင်နေပါတယ်။ နောက်ဆုံးတစ်ယောက်က ကတုံးနဲ့သေနတ်သမားဖြစ်ပြီး အေမီကို ပေါက်ကွဲအားပြင်းထန်တဲ့ကျည်တွေနဲ့ နောက်ကိုပြန်ကန်အောင် ပစ်ခတ်ပေးကာ ဘရီစာကိုနားချိန်ရအောင် ကူညီပေးတယ်။
မကြာခင်မှာပဲ ဆရာမဟဲရိုးက အချိန်ပြည့်တဲ့အကြောင်း ကြေညာလိုက်တယ်။ အေမီကို ဒီလေးယောက် အောင်အောင်မြင်မြင်နဲ့ တောင့်ခံထားနိုင်ခဲ့ပါတယ်။