မိုးကောင်းကင်ခုံရုံးမှထိပ်တန်းအဆင့်ရတနာပစ္စည်း
Vol. 58 Ch. 812
အခန်း (၈၁၂) မိုးကောင်းကင်ခုံရုံးမှထိပ်တန်းအဆင့်ရတနာပစ္စည်း
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်ဝန်းများအတွင်းမှ မြောက်မြားစွာသော ပုံရိပ်များစွာထွက်ပေါ်လာပြီး လေထုအလယ်တွင်ပေါင်းစပ်ကာ နောက်ဆုံးတွင် ပြီးပြည့်စုံသော ရုပ်ပုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုရုပ်ပုံများက ရန်ကျောက်ကဲကို လမ်းပြပေးသည့် မြေပုံတစ်ခု ဖြစ်ပေသည်။
မြင့်မားသောတောင်တန်းကြီးများနှင့် တောင်ထွတ်ကြီးများ ၊ နေအလင်းရောင်ကို လုံးဝမမြင်ရနိုင်သော တောင်စောင်းများ...။
ထို့နောက် ထူးဆန်းသော ကျောက်တုံးကြီးများအလယ်တွင် နက်ရှိုင်းစွာဖုံးကွယ်နေသည့် တစ်ခုတည်းသော ကျောက်ဂူကြီးတစ်ခု ထီးတည်းတည်ရှိနေသည်။
ရှောင်အိုက် သဘောပေါက်သွားသည်။
“သိပြီ... စောစောက ‘ရှဲ့’ အိမ်တော်မှာ စွန်းကျုန်းတာ့လက်ထဲက ကျောက်စိမ်းလက်ဝတ်ကိုယူလိုက်ပြီး ‘ရှဲ့လျန်’ ကိုပြန်ပေးလိုက်ကတည်းက သခင်လေးက အဲဒီပစ္စည်းရဲ့လျှို့ဝှက်ချက်ကို လေ့လာပြီးသွားပြီ မဟုတ်လား”
ရန်ကျောက်ကဲက ရယ်မောရင်း...
“အမှန်ပဲ ၊ အဲဒါက နည်းနည်းတော့ ရှုတ်ထွေးပေမယ့် ငါ့အတွက်တော့ ပြဿနာမရှိပါဘူး”
“ဒီပစ္စည်းရဲ့မူလပိုင်ရှင်က ကျောက်စိမ်းနေဝန်းတောင်ကပြန်လာပြီးတဲ့နောက် ကပ်ဘေးကျရောက်ပြီး သေဆုံးသွားခဲ့တယ် ၊ သူ့ရဲ့အဆက်အနွယ်တွေကို အသိပေးဖို့အတွက် ဒီ ကျောက်စိမ်းလက်ဝတ်လေးကို ချန်ထားခဲ့တာ ၊ ကံမကောင်းတာက သူ့ရဲ့အဆက်အနွယ်တွေက ဒီကျောက်စိမ်းလက်ဝတ်ရဲ့လျှို့ဝှက်ချက်ကို မသိကြဘဲ ဆည်းဆာကျွန်းက ‘ရှဲ့’ အိမ်တော်ကို ရောင်းစားလိုက်ကြတယ်”
သူက အလင်းပုံရိပ်ကို လက်ညှိုးညွှန်ပြရင်း...
“ဒီကျောက်ဂူက ကျောက်စိမ်းလက်ဝတ်မူလပိုင်ရှင် ဆေးလုံးတွေရှာဖွေတွေ့ရှိခဲ့တဲ့နေရာ ဖြစ်ရမယ်”
ဖန်းယွင်ရှန်းက...
“ကျွန်မတို့ အခု စကြတော့မလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အင်းလေ... ဝေလငါးမျှားမြို့တော်မှာ အမေ့ရဲ့သဲလွန်စများရမလားဆိုပြီး လာရှာတာ ၊ ဒါပေမဲ့ ဘာမှမသိခဲ့ရဘူး ၊ ဒီတော့ ဒီကနေထွက်ခွာပြီး ကျောက်စိမ်းနေဝန်းတောင်တန်းက ကုရှင်းတောင်ထွတ်ကိုပဲ ခရီးဆက်ကြတာပေါ့”
ယခင်က သိရှိခဲ့ရသောအချက်အလက်များအရ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ကောင်းကင်မီးတောက်သစ်ပင်များပေါက်ပွားရာနေရာမှာ ကုရှင်းတောင်ထွတ်သာလျှင် ဖြစ်သည်။
ချီဝေချန်ထားခဲ့သောမှတ်စုထဲမှ သဲလွန်စများအရ ‘မီလောဆေးလုံး’ ရရှိခဲ့သည့်နေရာက ထိုနေရာနှင့် ဆက်စပ်နေသည်။
အစပိုင်းတွင် သိပ်မသေချာသော်လည်း ယခုတော့ စွန်းကျုန်းတာ့၏စကားများနှင့် အပြုအမူများကိုအခြေခံပြီး ကျောက်စိမ်းလက်ဝတ်ထဲတွင် မှတ်တမ်းတင်ထားသည့် အချက်အလက်များကို ဆက်စပ်ကြည့်လိုက်သည့်အခါ ကျောက်စိမ်းနေဝန်းတောင်တန်းမှ ကုရှင်းတောင်ထွတ်သည် ရန်ကျောက်ကဲ၏ဦးတည်ရာအတိအကျ ဖြစ်လာသည်။
ယခင်အစီအစဉ်အတိုင်းဆိုလျှင်လည်း ရန်ကျောက်ကဲက ဝေလငါးမျှားမြို့တော်တွင်တစ်ထောက်နားပြီး ကျောက်စိမ်းနေဝန်းတောင်တန်းမှ ကုရှင်းတောင်ထွတ်သို့ ခရီးထွက်မည်ဖြစ်သည်။
ယခုတော့ ဤမြေပုံကိုရရှိသဖြင့် လျှို့ဝှက်ကျောက်ဂူသို့တိုက်ရိုက်သွားရောက်နိုင်မည်ဖြစ်ရာ များစွာအချိန်ကုန်သက်သာသွားပေပြီ။
“အဲဒီနေရာမှာရှိနေတာ... ‘ရွှမ်ရှောက်ကျိယင်း’ မီးပြင်းဖိုများလား”
ရန်ကျောက်ကဲ တွေးလိုက်သည်။
သူ၏ များပြားလှစွာသော အတိတ်မှတ်ဉာဏ်များထဲမှ အမှတ်တရအချို့က စိတ်အာရုံထဲသို့ ထွက်ပေါ်လာသည်။
သူက ‘ရွှမ်ရှောက်ကျိယင်း’ မီးပြင်းဖိုကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဖူးခြင်းမရှိသော်လည်း အဂ္ဂိရတ်ပညာရပ်အတွက် အလွန်အဖိုးတန်သော ရတနာပစ္စည်းတစ်ခုဖြစ်ကြေင်း သိရှိထားသည်။
ထို မီးပြင်းဖိုက မဟာကပ်ဘေးကြီးမတိုင်ခင်က လောကပထမ အဖိုးတန် အဂ္ဂိရတ်မီးပြင်းဖိုတစ်ခု ဖြစ်၏။
လက်ရှိတွင် လက်နက်များပြုလုပ်ရန်အတွက် ရန်ကျောက်ကဲအသုံးပြုနေသည့် ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ ဆိုသည်က ဤ ‘ရွှမ်ရှောက်ကျိယင်း’ မီးပြင်းဖို၏ မူကွဲတစ်ခုသာဖြစ်သည်။ ဆေးလုံးဖော်ဆပ်မည့်အစား လက်နက်ပြုလုပ်ရန်အတွက် ပြောင်းလဲပြုပြင်ထားခြင်းပင်။
သို့သော် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို၏လုပ်ဆောင်ချက်က ရိုးရှင်းပြီး ထိရောက်မှုလည်းအားနည်းသဖြင့် လူအများ အသုံးပြုရပိုမိုလွယ်ကူသည်။ ရန်ကျောက်ကဲအမြင်အရ ဤ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက လူအများကိုအကျိုးပြုနိုင်သော အသုံးပြုရလွယ်ကူသည့် ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ဟုတ်ပေ၏။ ရွှမ်ရှောက်ကျိယင်းမီးပြင်းဖိုကတော့ လောကတွင် (၂)ခုမရှိနိုင်သော ထူးခြားသည့်ရတနာပစ္စည်းဖြစ်ပြီး တုပပြုလုပ်ရန်လည်း ခက်ခဲသည်။
မိုးကောင်ကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ရတနာတစ်ပါးအဖြစ် အဂ္ဂိရတ်ခန်းမတွင် ဤမီးပြင်းဖိုကို သိမ်းဆည်းထားပြီး အဂ္ဂိရတ်ပညာနှင့်ပတ်သက်သည့် ထူးခြားဖြစ်စဉ်များရှိချိန်မှာသာလျှင် ဖွင့်လှစ်အသုံးပြုတတ်သည်။
ထိုမီးပြင်းဖိုဖြင့် သန့်စင်ထားသည့် ဆေးလုံးများ ၊ နတ်ဆေးများ ၊ ပြဒါးဆေးများက အလွန်တရာ မှော်ဆန်ပြီး အံ့သြစရာ ကောင်းလှသည်။
အစွမ်းထက်နတ်ဆေးလုံးဖြစ်သည့် ‘မီလောရွှေဆေးလုံး’ ကဲ့သို့သော ဆေးလုံးမျိုးကို ပြုလုပ်ချင်လျှင်တော့ အရေအတွက် အကန့်အသတ်ရှိသည်။
သို့ရာတွင် အနည်းငယ် အဆင့်နိမ့်သော ဆေးလုံးများထုတ်လုပ်ရန်အသုံးပြုမည်ဆိုလျှင်တော့ အံ့သြလောက်စရာ များပြားလှသည့်အရေအတွက်ကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ကောင်းကင်ဘုံနန်းတော်ရှိ အဂ္ဂိရတ်ခန်းမတွင် သိမ်းဆည်းထားသော သမုဒ္ဒရာပမာ များပြားလှသည့် ဆေးလုံးပမာဏများသည် အမှန်တကယ်ပင် ရိုးရှင်းခြင်းမရှိကြောင်း သိသာနိုင်သည်။
ထို့ပြေင် အဆင့်နိမ့်ဆေးလုံးများဟု ခေါ်ဆိုရာတွင် ထိုဆေးများမှာ အလွန်တရာအစွမ်းထက်သော ရွှေဆေးလုံးများသာ ဖြစ်ကြသည်။ ဤဆေးလုံးများသည် မဟာကပ်ဘေးအလွန်ကာလ ၊ အထက်ဘုံကမ္ဘာမှာပင် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်နေဆဲပင်။
ထိုရတနာများသာ အထက်ဘုံကမ္ဘာတွင် ထွက်ပေါ်လာပါက လူပေါင်းများစွာ လောဘဇောဖြင့် တိုက်ခိုက်ကြမည် ဖြစ်၏။
ပြောကြသည်ကတော့ အဂ္ဂိရတ်ဆေးလုံးပညာကျင့်ကြံခြင်းဆိုသည်က အခြေခံမခိုင်မာပါက ရှေ့ဆက်ရန် မဖြစ်နိုင်ပေ။ အခြားလမ်းစဉ် ကျင့်ကြံသူများနှင့်ဆာလျှင် ဆေးလုံးပညာကျင့်ကြံသူများက အခက်အခဲများစွာ ပိုမိုရင်ဆိုင်ရလေ့ရှိသည်။
သို့ပေသိ သမုဒ္ဒရာပမာများပြားလှစွာသော ရွှေဆေးလုံးများ၏အစွမ်းက အရည်အချင်းမရှိသူတစ်ယောက်ကို တုနှိုင်းမဲ့ပါရမီရှင်အဖြစ် ပြောင်းလဲမပေးနိုင်သော်ငြား ၊ ပါရမီရှင်များကိုတော့ အထွတ်ထိပ်အဆင့်တက်လှမ်းနိုင်စေရန် ကူညီပေးမည်မှာ အသေအချာပင်။
သူစဉ်းစားနေစဉ်မှာပင် အားဟူ အပြင်မှပြန်ရောက်လာသည်။
သူက ပြုံးလိုက်ရင်း...
“သခင်လေး... ရှဲ့လျန်တို့အုပ်စု သခင်လေးကိုတွေ့ဖို့ရောက်လာကြပြီ”
ရန်ကျောက်ကဲက ပခုံးတွန့်ရင်း...
“ငါ့မှာ သူနဲ့စကားပြောစရာ ဘာမှမရှိဘူး ၊ သူ့ရဲ့ ကျောက်စိမ်းလက်ဝတ်ထဲက သဲလွန်စကို ရယူလိုက်ပေမယ့် ပစ္စည်းကို သူ့ဆီပြန်ပေးလိုက်တာပဲလေ ၊ အဲဒီအထဲကလျှို့ဝှက်ချက်ကို သူ သိနိုင်မလား မသိနိုင်ဘူးလားဆိုတာကတော့ သူ့အရည်အချင်းပေါ်ပဲ မူတည်တယ်”
“ကျောက်စိမ်းလက်ဝတ်ထဲက လျှို့ဝှက်ချက်ကို ရှာမတွေ့လည်း သူ့အနေနဲ့ ဘာတစ်ခုမှ ဆုံးရှုံးသွားစရာမရှိဘူး ၊ အရင်အတိုင်း ပိုနေမြဲ ကျားနေမြဲပဲလေ”
ရန်ကျောက်ကဲက...
“အမေ့ကိုရှာတဲ့ကိစ္စကလည်း သူ့ဆီအကူအညီတောင်းလို့မရဘူး ၊ အဲဒီကိစ္စက လျှို့ဝှက်ထားလေ ကောင်းလေပဲ ၊ မဟုတ်လို့ကတော့ အခန့်မသင့်ရင် မြို့တော်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တယ်”
အားဟူက...
“ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါပြီ”
သူက ခဏနားလိုက်ပြီးမှ လက်နှစ်ဖက်ဆုပ်လိုက်ရင်း...
“ပြီးတော့ စောစောက ဇနီးဖြစ်သူပြန်ပေးဆွဲခံရတဲ့လူငယ်လည်း ရောက်လာတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ၏ တည်ငြိမ်သောအကြည့်များက ကာဆီးထားသည့် နံရံများကိုထိုးဖောက်ဖြတ်ကျော်ကာ သေရည်ခန်းမ အဝင်တံခါးဆီသို့ ကျရောက်သွား၏။
သူ့အကြည့်များက အရာဝတ္ထုများနှင့် အတားအဆီးများကို ဖြတ်ကျော်သွားပြီးနောက် သေရည်ခန်းမတံခါးအပြင်ဘက်တွင်ရှိနေသည့် ၊ ဇနီးဖြစ်သူပြန်ပေးဆွဲခံရသောလူငယ်နှင့် ရှဲ့လျန်တို့အုပ်စုကို တွေ့လိုက်ရသည်။
သိုင်းသူတော်စင်အဆင့်ရှိသော ရန်ကျောက်ကဲအတုကို ရင်ဆိုင်ရသည့်တိုင် တစ်ချက်ဦးမညွှတ်ခဲ့သောလူငယ်သည် ယခုတော့ မြေပြင်ထက်ဒူးတစ်ဖက်ထောက်လျှက် သေရည်ခန်းမဧည့်ဆောင်သို့ ဦးညွှတ်လိုက်သည်။
လက်ရှိတွင် ရန်ကျောက်ကဲက သေရည်ခန်းမ၏ မည်သည့်နေရာတွင်ရှိနေကြောင်းကိုပင် ထိုလူငယ် သိရှိခြင်း မရှိပေ။
ဇနီးမောင်နှံ (၂)ယောက်က ဦးညွှတ်ဂါရဝပြုပြီးသည်နှင့် ရန်ကျောက်ကဲနှင့် တွေ့ဆုံရန်မကြိုးစားဘဲ ချက်ချင်းပင် လှည့်ထွက်သွားကြသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲမျက်နှာထက် လေးစားသည့်အရိပ်အယောင်ထင်ဟပ်သွား၏။
သူတို့ကိုကြည့်နေရာမှ ရန်ကျောက်ကဲက အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်း...
“သူက စိတ်ဓာတ်ခိုင်မာတယ်”
ထိုလူငယ်၏ဇနီးဖြစ်သူကို ပြန်ပေးဆွဲသွားသော ရန်ကျောက်ကဲအဖြစ်ဟန်ဆောင်ထားသည့် အနက်ရောင်ဝတ်လူငယ်က ကျောက်စိမ်းနေဝန်းတောင်မှ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။ သို့သော် သူ၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေအပေါင်းအသင်းများက အနက်ရောင်ဝတ်လူငယ်ကို သတ်ဖြတ်ခဲ့သူအား လက်စားချေရန် ဖြစ်နိုင်ချေ ရှိသည်။
ရန်ကျောက်ကဲက အခွင့်အရေးပေးခဲ့သည့်အတွက် ဇနီးဖြစ်သူ ပြန်ပေးဆွဲခံရသောလူငယ်က ထို အနက်ရောင်ဝတ်လူငယ်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သည်။
သို့ဖြစ်ရာ အနက်ရောင်ဝတ်လူငယ်၏ အသိုင်းအဝိုင်းက ရန်ကျောက်ကဲကို မစော်ကားရဲသည့်တိုင် ဒေါသဖြေဖျောက်ရန်အတွက် ဤလူငယ်ကို သတ်ဖြတ်ပစ်နိုင်သည်။ ဤသို့သော အခြေအနေမျိုးမှာပင် လူငယ်သည် ရန်ကျောက်ကဲကို ကျေးဇူးတင်ကြောင်းသာပြသခဲ့ပြီး ခိုလှုံခွင့်ရရန် မတောင်းဆိုခဲ့ပေ။
ရန်ကျောက်ကဲက...
“ဒီလူငယ်က အရည်အချင်းမဆိုးလှဘူး ၊ အထက်တန်းစားအဆင့်မှာရှိတယ် ၊ ဒါပေမဲ့ ကျင့်ကြံခြင်းစတင်တာ နောက်ကျခဲ့လို့သာ အဆင့်နိမ့်ပါးနေရတာ ၊ ဒါပေမဲ့ ဖြည်းဖြည်းချင်းဆက်ပြီး ကျင့်ကြံသွားရင် အဆင့်တက်ဖို့ မျှော်လင့်ချက် ရှိနိုင်တယ်”
သူက အားဟူကိုလှမ်းကြည့်ရင်း...
“သူ့ရဲ့ပင်ကိုယ်စရိုက်က နည်းနည်းကြမ်းတမ်းသလို ရှိပေမယ့် စိတ်ဓာတ်ကတော့ကောင်းတယ် ၊ သူ့ကိုအခွင့်အရေးတစ်ခု ပေးလိုက်ပါ ၊ သူကိုယ်တိုင် ဆုံးဖြတ်ပါစေ”
အားဟူ သဘောပေါက်သွားသည်။
“ကျွန်တော် သူ့အတွက် လမ်းကြောင်းညွှန်ပြလိုက်ပါ့မယ် ၊ ပိုက်ဆံအချို့လည်းပေးလိုက်မယ် ၊ ကျူတောပင်လယ်ဒေသကိုသွားပြီး ဝါဒတောင်မှာခိုလှုံမလားဆိုတာကတော့ သူ့ဆန္ဒအတိုင်းပါပဲ”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီးနောက် အားဟူ ထွက်ခွာသွားသည်။
အပြင်ဘက်ရောက်တော့ အားဟူက ရှဲ့လျန်နှင့် စကားတစ်ခွန်းနှစ်ခွန်းဆိုလိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ သေရည်ခန်းမမှထွက်ခွာပြီး ရွှယ်ချူးချင် မည်သည့်နေရာတွင်ရှိသည်ကို ဆက်လက်စုံစမ်းရှာဖွေသည်။ စိတ်မကောင်းစရာမှာ ဝေလငါးမျှားမြို့တော်တွင် သူမသတင်း လုံးဝမရရှိခဲ့ခြင်းပင်။
ထို့နောက် ရန်ကျောက်ကဲတို့အုပ်စု ဝေလငါးမျှားမြို့တော်မှထွက်ခွာလာပြီး ကျောက်စိမ်းနေဝန်းတောင်တန်းဆီသို့ ဦးတည်ခဲ့ကြလေသည်။
‘ရှဲ့’ အိမ်တော်သခင် ရှဲ့လျန်မှာ နောက်ဆုံးတော့ ရန်ကျောက်ကဲနှင့် တွေ့ဆုံခွင့်မရခဲ့ပေ။
အားဟူ၏ ယဉ်ကျေးစွာြငင်းဆိုမှုအောက်တွင် အစောပိုင်း ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များအပေါ် ရန်ကျောက်ကဲက စိတ်ထဲထားသည်လား မထားသည်လားမသိခဲ့ရသဖြင့် ရှဲ့လျန် စိတ်မသက်မသာ ခံစားနေရဆဲ ဖြစ်၏။
ယုတ္တိကျကျဆိုရသော် ရန်ကျောက်ကဲက ဆည်းဆာကျွန်းတွင် လှုပ်ရှားနေသူတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ရှဲ့လျန်အနေဖြင့် ရန်ကျောက်ကဲနှင့် ဆက်ဆံရေးကောင်းတည်ဆောက်ရန် ပျက်ကွက်ခဲ့ခြင်းက သူ့အတွက် ဘာမှဆုံးရှုံးစရာ မရှိခဲ့ပေ။
သို့ပေသိ ဘာကြောင့်မှန်းမသိ ရှဲ့လျန်သည် အလွန်အရေးကြီးသောအရာတစ်ခု လွဲချော်သွားသည့်အလား ခံစားနေရလေတော့သည်။