ငြင်းပယ်ခြင်း
Vol. 163 Ch. 2324
ရီဖူရှင်းသည် ငြိမ်သက်စွာ နားထောင်နေသည်။ သူသည် ထိုအချက်ကို တွေးထားပြီးဖြစ်ကာ သူတို့မှာ ယခု ရောက်လာသူများထဲတွင် အင်အားကြီးအဖွဲ့တစ်ခုဖြစ်သည်။ တခြားသော ထိပ်သီးအင်အားစုများသည် ကွဲပြားသောနေရာများတွင် အသီးသီး နေရာယူထားကြသည်။ သူတို့သည် မူမမှန်သောကုန်းမြေအတွင်း သွားမလေ့လာရသေးပေ။ သိသာစွာပင် တန်ခိုးရှင်များသည် ထိုဒေသအတွင်းသို့ မဝင်ရဲလောက်အောင် ထူးခြားသောကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။
ထို့ကြောင့်ပင် ရှန်ချင်းကုန်းမြေသခင်က သူ့အား လာတွေ့သည့်ကိစ္စကို ရီဖူရှင်းက ခန့်မှန်းမိပေသည်။
ကုန်းမြေသခင်ကျောက်က ပြောသည် “ကျုပ်ရတဲ့သတင်းအရ ရှန်းယိကုန်းမြေက စွန့်ပစ်ခံရပြီးနောက်ပိုင်းမှာ ကုန်းမြေဟာ လေဟာနယ်ထဲမှာ မြောလွင့်နေပြီးတော့ အာကာသမုန်တိုင်းအတော်များများကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ သူတို့က ကဒ်ဘေးတွေ အများအပြား ဖြတ်ကျော်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့က ဒီနေ့အထိ ရှင်သန်နေခဲ့ကြတယ်။ အဓိက ထောက်ပံ့ပေးထားတာက စွန့်ပစ်ခံကလန်ပဲ”
သူက ရီဖူရှင်းအား ဆက်လက်၍ ရှင်းပြသည် “စွန့်ပစ်ခံကလန်က မိသားစုကလန်မဟုတ်ဘူး။ သူတို့က ရှန်းယိကုန်းမြေတစ်ခုလုံးက ရွေးချယ်ခံလူတွေ စုပေါင်းထားတာပဲ။ စွန့်ပစ်ခံကလန်ကို ဝင်တဲ့လူတွေဟာ သူတို့ရဲ့အသက်ကို ပေးအပ်ထားရတယ်။ သူတို့က ကုန်းမြေကို ကာကွယ်ဖို့ သစ္စာပြုရတယ်။ စွန့်ပစ်ခံကလန်က အပြင်ပန်းမှာ မိသားစုကလန်ပုံစံဖြစ်ပေမဲ့ ဒါက ရှန်းယိကုန်းမြေတစ်ခုလုံးရဲ့အသက်သွေးကြောပဲ။ သူတို့ကို ဖျက်ဆီးလို့ မရဘူး။ ဒီအကြောင်းကြောင့်ပဲ ငါတို့ အခု မြင်နေရတဲ့ အခြေအနေ ဖြစ်နေတာပဲ”
တစ်ဘက်လူ၏စကားမှ ရီဖူရှင်းသည် ပတ်ဝန်းကျင်မှ တန်ခိုးရှင်များ၏မလိုလားသော အမူအရာများအား နားလည်လိုက်သည်။ တချိန်တည်းတွင် တခြားသော တန်ခိုးရှင်များလည်း သည်နေရာသို့ လာနေကြသည်အား နားလည်လိုက်၏။
ကြည့်ရသည်မှာ ဤနေရာသည် သူတို့ ယုံကြည်မှု၏ဗဟိုချက်မနေရာဖြစ်ကာ ကုန်းမြေတစ်ခုလုံး ကာကွယ်ပေးလိုသောနေရာလည်း ဖြစ်သည်။
ကြည့်ရသည်မှာ စွန့်ပစ်ခံကလန်သည် ရှန်းယိကုန်းမြေအား ကဒ်ဘေးများနှင့် အခက်အခဲများစွာတို့မှ ကာကွယ်ပေးခဲ့သည်။ အဆုံးသတ်၌ ကုန်းမြေသည် မူလဘုံသို့ ရောက်လာခဲ့၏။ ထိုအချက်ကိုကြည့်ကာ စွန့်ပစ်ခံကလန်မှ လူများမှာ အထင်ကြီးလေးစားဖွယ်ကောင်းသည်ကို တွေ့နိုင်သည်။ ရီဖူရှင်းက သူတို့အား လေးစားသော စိတ်များ ဖြစ်ပေါ်လာသည်။
ထိုသို့သော စိတ်သဘောထားကား အသိအမှတ်ပြုသင့်ပေသည်။ ၎င်းသည် သူတို့က မူလဘုံကို ကာကွယ်လိုခြင်းနှင့် အတူတူဖြစ်သည်။ သူတို့၏ယုံကြည်မှုသည် အရာရာထက်ပို၍ သန်မာအားကောင်းသည်။
ရှန်းယိကုန်းမြေသည် အမြဲတမ်းအားဖြင့် ပျက်စီးတော့မည့် အခြေအနေနှင့် ကြုံတွေ့နေရခြင်းကြောင့် ဖြစ်သည်။ ကုန်းမြေသည် အာကာသထဲတွင် ရွေ့လျားနေခဲ့ကာ စွန့်ပစ်ခံကလန်မှာလည်း မည်သည့်အခါကမှ လုံခြုံသောစိတ်အား မခံစားခဲ့ကြရပေ။ သူတို့မှာ အချိန်မရွေး ပျက်စီး ပျောက်ကွယ်သွားနိုင်သည်။
“အထဲမှာ ရှေးဟောင်းမဟာအင်ပါယာတစ်ဦးဦးနဲ့သက်ဆိုင်တာများ ရှိနေမလား။ ကျုပ်တို့ ဒေသတွင်းထဲကို ဝင်ရင် သေချာပေါက် ကြီးကြီးမားမားတစ်ခုတွေ့မှာပဲ” ကုန်းမြေသခင်ကျောက်က ပြောသည် “ဒါကြောင့် ကျုပ်က မင်းဆီ လာခဲ့တာ။ ကျုပ်နဲ့မင်းနဲ့ မဟာမိတ်ဖွဲ့ရင် သေချာပေါက် အခွင့်အရေး ပိုများမှာပဲ”
ရှန်ချင်းကုန်းမြေသခင်အိမ်တော်က ရီဖူရှင်းနှင့် မဟာမိတ်ဖွဲ့လိုသည်။
အကြောင်းအရင်းကား ရီဖူရှင်း၏ကျင့်ကြံခြင်းကြောင့် မဟုတ်ပေ။ သူ၏နောက်ခံအင်အားနှင့် ကြီးမားသော အလားအလာကြောင့် ဖြစ်သည်။ ရီဖူရှင်းကိုယ်တိုင်က ၎င်းကို အကြိမ်ကြိမ် သက်သေပြပြီးဖြစ်သည်။ ရီဖူရှင်းက မဟာအင်ပါယာများ၏အမွေအနှစ်များကို အကြိမ်ကြိမ် ရယူပိုင်ဆိုင်နိုင်ခဲ့သည်။
ဤကိစ္စက အစစ်အမှန်ဟုပင် ယုံရန် ခက်သည်။ ရီဖူရှင်းသည် ရှန်ချင်းကုန်းမြေသို့ ရောက်စက ကုန်းမြေသခင်က သူ့အား အာရုံစိုက်ရန်ပင် မထိုက်တန်ဟု သတ်မှတ်ခဲ့သည်။ ယခင်က သူသည် ကျောက်မုဟွမ်နှင့် ကျောက်လင်းရှီတို့ကိုသာ ရီဖူရှင်းနှင့်အဖော်ပြုစေလျှက် ကုန်းမြေသခင်အိမ်တော်သို့ ဝင်ရန် ဆွဲဆောင်ခဲ့သည်။
ယခု သူသည် ရီဖူရှင်းနှင့် မဟာမိတ်ဖွဲ့လိုသည်။
ရီဖူရှင်းက ကုန်းမြေသခင်ကျောက်ကို ကြည့်ကာ ခေါင်းယမ်းသည်။ သူက တစ်ဘက်လူ၏ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်၏။ ထိုအဖြစ်က ကုန်းမြေသခင်ကျောက်၏အမူအရာကို ပြောင်းလဲသွားစေသည်။ ရီဖူရှင်းက အမှန်တကယ် သူ့အား ငြင်းပယ်ခဲ့သည်။ ကျောက်မုဟွမ်၏အမူအရာကလည်း ပျက်သွားသည်။ သူက ရီဖူရှင်းအား စူးရဲစွာ ကြည့်လိုက်၏။
ရီဖူရှင်း၏အင်အားမှာ တောင့်တင်းသော်လည်း သူတို့၏အဆင့်အတန်းမှာလည်း မနိမ့်ပေ။ ရှန်ချင်းကုန်းမြေသခင်အိမ်တော်သည် ထိပ်သီးအင်အားစုတစ်ခုဖြစ်သည်။ သူတို့က မဟာမိတ်ဖွဲ့ရန် ကနဦး ကမ်းလှမ်းခဲ့သော်လည်း ရီဖူရှင်းက အမှန်ကတယ် ငြင်းပယ်ခဲ့သည်။
“ကုန်းမြေသခင်… အမွေအနှစ်တစ်ခု ပေါ်လာတိုင်း ကျုပ်က ထိပ်သီးအင်အားစုတွေကို အပြစ်လုပ်မိတယ်။ ဒီတစ်ခေါက် လူသားလောက၊ နတ်ဆိုးလောကနဲ့ ကောင်းကင်ဒေသ ရှေးဟောင်းနတ်ဘုရားကလန်က လူတွေလည်း ရောက်လာကြတယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့အင်အားနဲ့တောင်မှ သူတို့ကို ထိန်းချုပ်နိုင်မယ်လို့ ကျုပ်မထင်ဘူး။ ကုန်းမြေသခင်ကျောက်က သူတို့ကို ရင်ဆိုင်နိုင်မလား” ရီဖူရှင်းက မေးသည်။ ထိုအဖြစ်က ကုန်းမြေသခင်ကျောက်အား မျက်မှောင်ကြုတ်သွားစေသည်။
ရီဖူရှင်းက ဆက်ပြောသည် “ကျုပ်တို့က ဘာမှ မရနိုင်မှတော့ မဟာမိတ် ဘာလို့ ဖွဲ့နေဦးမှာလဲ။ တကယ်လို့ ကျုပ်တို့က တစ်ခုခုရခဲ့ရင်လည်း ခင်ဗျားက ကျုပ်နဲ့အတူ ထိပ်သီးအင်အားစုတွေကို တကယ် ရင်ဆိုင်ပေးမှာလား။ ကုန်းမြေသခင်ကျောက်က ကိုယ့်ကိုယ်ကိုယ် ပိုနားလည်ပါလိမ့်မယ်”
ပွင့်လင်းစွာပြောရလျင် ရှန်ချင်းကုန်းမြေသခင်က ရီဖူရှင်း၏အင်အားကို အမှီပြုကာ အကျိုးဖြစ်ထွန်းလိုခြင်းဖြစ်သည်။ သို့သော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်သာ အမှန်တကယ် အန္တရာယ်နှင့်ကြုံပါက သူသည် ထိပ်သီးအင်အားစုကို အမှန်တကယ် ရင်ဆိုင်ရဲမည် မဟုတ်ပေ။
ထိုမဟာမိတ်ကိစ္စက အဓိပ္ပာယ်ကင်းမဲ့၏။
သူက ရီဖူရှင်း၏စကားကိုကြားလျှင် ကုန်းမြေသခင်ကျောက်၏အမူအရာက သုန်မှုန်သွားသည်။ သူက သဘောမကျပေ။ ရီဖူရှင်းက ထိုအချက်ကို ထောက်ပြခြင်းဖြင့် သူ့အား အရှက်ရစေသည်။
“ဒီလိုဆိုရင်လည်း နှုတ်ဆက်ပါတယ်” ကုန်းမြေသခင်ကျောက်က ပြောသည်။ ထို့နောက် သူက သူ့လူများကို ခေါ်ကာ ထွက်သွား၏။ ကျောက်လင်းရှီက ရီဖူရှင်းအား တစ်ချက်ကြည့်သည်။ သို့သော်လည်း သူမက မည်သို့မှ မပြောဘဲ ကုန်းမြေသခင်နောက်ကို လိုက်ပါသွားခဲ့သည်။
ရှန်ချင်းကုန်းမြေသခင်အိမ်တော်မှ လူများ ထွက်သွားသည်တွင် အင်ပါယာနန်က ပြောသည် “ဒီလို တိုက်ရိုက်ငြင်းပယ်တာမျိုးက တစ်ဘက်လူကို အပြစ်ပြုမိရာကျတယ်”
“ဒါက ပထမအကြိမ်လည်း မဟုတ်ဘူးလေ” ရီဖူရှင်းက ပြောသည်။ ရှန်ချင်းကုန်းမြေသခင်က ရီဖူရှင်းကို သဘောမကျသည်မှာ ပထမအကြိမ် မဟုတ်တော့ပေ။ မဟာအင်ပါယာရှန်ကျား၏ရုပ်ကြွင်းကိစ္စတွင်လည်း သူ့အား မကြေမနပ်ဖြစ်ခဲ့သည်။ ယခင်က ကျောက်မုဟွမ်သည် လေးမျက်နှာရွာသို့ ရောက်လာကာ ရုပ်ကြွင်းအား ပြန်တောင်းခဲ့သည်။
နှစ်ဘက်လုံးမှာ မူလကလည်းက ဆက်ဆံရေးကောင်းရှိသည် မဟုတ်ပေ။ ထို့ကြောင့် မဟာမိတ်ဖွဲ့သည်ဆိုခြင်းမှာလည်း ဟာသတစ်ခုထက် မပိုပေ။
“အင်း…” အင်ပါယာနန်က ခေါင်းညိတ်သည်။ သူက သိပ်တော့ စိတ်ထဲ မထားပေ။ ရီဖူရှင်းသည် တခြားသော ထိပ်သီးအင်အားစုများနှင့်လည်း သိပ်မတည့်ပေ။ အမွေအနှစ်များကို ယှဉ်ပြိုင်ကြရာ၌ ထိုသို့သော ကိစ္စရပ်များမှာ သာမန်ဖြစ်ပေသည်။
သူတို့ထံသို့ နတ်အာရုံများ ရောက်လာသည်။ ကြည့်ရသည်မှာ ကုန်းမြေသခင်ကျောက် ရောက်လာခြင်းက တခြားသော လူများ၏အာရုံကို ဖမ်းစားခဲ့သည်။ သူတို့က အခြေအနေကို စူးစမ်းကြခြင်းဖြစ်သည်။
ရီဖူရှင်းက သိပ်ဂရုမစိုက်ပေ။ သူက စွန့်ပစ်ခံကလန်ကိုသာ စိတ်ဝင်စား၏။