ပွင့်ပွင့်လင်းလင်းလှုပ်ရှားခြင်း
Vol. 70 Ch. 967
နွေလယ်ခေါင်က ချစ်ချစ်တောက်ပူနေပြီး ကမ္ဘာကြီးက အတွင်းရှိ လူသားအားလုံးအား အရည်ဖျော်ချင်နေသည်အလား ခံစားရသည်။ ဆိုက်ကပ်လာသည့်သင်္ဘောများ၊ ရွက်လွှင့်နေသောသင်္ဘောများ၊ အလျင်စလိုဖြစ်နေသောလူအုပ်ကြီးများနှင့် ဆိပ်ကမ်းက ရှုပ်ထွေးပြွတ်သိပ်နေ၏။
"သူဌေး"
ကြိုတင်အကြောင်းကြားထားသည့်အတွက် တွမ်ရက်ဂျီက သူယုံကြည်ရသည့်လူအနည်းငယ်နှင့် စောင့်နေလေသည်။ လွန်ခဲ့သောရက်အနည်းငယ်က ထန်ရှုနှင့်အတူ နဂါးကိုးကောင်ကျွန်းသို့ ရောက်သွားပြီး ထန်ရှုလက်အောက်ရှိထာဝရခန်းမမှကျွမ်းကျင်သူများ၏စွမ်းအားတို့အား မြင်တွေ့ပြီးကတည်းက သူ၏တစ်ဘဝလုံး ထန်ရှုနောက်လိုက်ပြီး သူ့အားပိုသန်မာစေမည့်ကျင့်ကြံခြင်းပညာရပ်တစ်ခုအား ရယူရန် ပြတ်ပြတ်သားသားဆုံးဖြတ်ထားခဲ့၏။ အလွန်အရေးကြီးသောသတင်းတစ်ခုအား ရရှိခဲ့သောကြောင့် လွန်ခဲ့သောနှစ်ရက်လောက်က သူ အရင်ပြန်လာခဲ့သည်။
ထန်ရှုက တွမ်ရက်ဂျီအရှေ့သို့ လျှောက်လာပြီး သူ့မျက်လုံးများက ပတ်ဝန်းကျင်အား ရိုက်ခတ်သွား၏။ ထို့နောက် သူက မေးလိုက်သည်" ငါ မင်းကို ခိုင်းထားတဲ့အလုပ်အခြေအနေ ဘယ်လိုရှိလဲ"
"တစ်ဖက်အဖွဲ့ရဲ့အဆင့်အတန်းကို ငါ အတည်ပြုပြီးပြီ။ ဒါပေမယ့် သူတို့ကို သတိမပေးမိစေဖို့ ငါတို့ ဒီအတိုင်းပဲ ငြိမ်နေသေးတယ်"တွမ်ရက်ဂျီက ပြန်ဖြေ၏"စမ့်...အာ၊ မင်း စိုင်းဖန်ကို ရောက်လာမှ ဆုံးဖြတ်ချက်ချဖို့ မစ္စတာစုန့်က ငါ့ကို ပြောခဲ့တယ်"
"ဟမ့်၊ သူတို့က ငါ့ကို စုံစမ်းနေတာကို လက်မလျော့ကြဘူးပဲ"ထန်ရှုက မျက်လုံးဝေ့စောင်းလျက် နှာခေါင်းရှုံ့လိုက်သည်"နေ့ဘက်မှာ လုပ်ရင် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်၊ ဒါကြောင့် ပြဿနာတွေကို ရှောင်ဖို့ ညဘက်မှ လုပ်ကြမယ်။ ဒါနဲ့ မင်း ဦးလေးစုန့်ရဲ့လိပ်စာကို သိလား။ ငါ့ကို လိပ်စာပြောပြ။ ငါ သူ့ဆီ သွားလည်အုံးမယ်"
တွမ်ရက်ဂျီက ထန်ရှုအား လိပ်စာပြောပြခဲ့သော်လည်း သူ့မျက်နှာက တုံ့ဆိုင်းနေကာ ထပ်မံတင်ပြလိုက်သည်"မစ္စတာစုန့်ရဲ့နေအိမ်က အမှောင်လေအဖွဲ့အစည်းရဲ့ထောက်လှမ်းမှုအောက်မှာ ရှိတယ်၊ သူဌေး။ မင်းက အခုလို ပွင့်ပွင့်လင်းလင်းသွားရင် မင်းလဲ သူတို့ရဲ့မျက်စိအောက်ထဲ ရောက်သွားနိုင်တယ်။ မင်းနဲ့ အခြားတစ်နေရာမှာ တွေ့ဖို့ ငါ မစ္စတာစုန့်ကို လူလွှတ်ပြီး အကြောင်းကြားခိုင်းရမလား"
"အမှောင်လေအဖွဲ့အစည်းက ကမ္ဘာ့အကြီးမားဆုံးသတင်းအချက်အလက်စုဆောင်းရေးအေဂျင်စီပဲ၊ နေရာတိုင်းမှာ သူတို့ရဲ့စပိုင်တွေ ရှိကြတယ်"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"ဒီနေရာကသူတို့ရဲ့အကိုင်းအခက်တွေက ငါ စိုင်းဖန်ကို ပြန်ရောက်လာတဲ့သတင်းကို မရဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။ ငါ ဒီကို ရောက်နေတာကြောင့် သူတို့ကို ဖုံးကွယ်နေစရာမလိုဘူး။ ငါက ဦးလေးစုန့်ဆီ ပွင့်ပွင့်လင်းလင်းသွားရင် သူတို့ရဲ့သံသယကိုတောင် ပြေပျောက်စေနိုင်တယ်"
တွမ်ရက်ဂျီက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေ၏"ဒါ မှန်တယ်။ ရှောင်နေရင် ပိုသံသယရှိသွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်း လာနေတာကို သူတို့ သိရင် မင်းနဲ့မစ္စတာစုန့်ကြားမှာ တစ်ခုခုရှိတာကို အမှောင်လေအဖွဲ့က ကောက်ချက်ချနိုင်လိမ့်မယ်"
"မင်းရဲ့ယခင်ကျောထောက်နောက်ခံက အမှောင်လေအဖွဲ့ကတစ်ယောက်ယောက်ကို သွားမရှာဘူး၊ ပြီးရင် သူတို့ရဲ့စပိုင်တွေက မင်းနဲ့ဦးလေးစုန့်တို့ လျှို့ဝှက်တွေ့ဆုံတာကို သူ့ကို ကြိုတင်မပြောပြဘူးလို့ မင်း ထင်လား"ထန်ရှုက ထူးမခြားနားစွာ မေးလိုက်သည်။
"မဟုတ်လောက်ဘူး။ သူတို့အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး ငါ နည်းနည်းသိတယ်"တွမ်ရက်ဂျီ က ခေါင်းခါယမ်းကာ ပြောလိုက်သည်"တစ်ယောက်ယောက်က အရင်မဝယ်ဘဲနဲ့ သူတို့က သတင်းအချက်အလက်ကို ကြိုတင်မရောင်းဘူး။ ဒါပေမယ့် ငါ စိုးရိမ်နေရတဲ့ကိစ္စနဲ့စပ်လျဉ်းပြီးတော့ ဖြစ်နိုင်ချေတစ်ခုရှိတယ်"
"ဘာဖြစ်နိုင်ချေလဲ"ထန်ရှုက မေး၏။
"ငါ့ရဲ့အရင်နောက်ခံကိုယ်တိုင်က အမှောင်လေအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ၊ သူဌေး"တွမ်ရက်ဂျီက ပြောလိုက်သည်။
ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ သို့သော် သူက ခေါင်းခါယမ်းကာ ပြောလိုက်၏"သူက အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်တာကြောင့် အစိုးရမဟုတ်တဲ့အဖွဲ့တွေကို အလွယ်တကူအားကိုးမှာ မဟုတ်ဘူး။ သို့မဟုတ်ရင် သူက လျှို့ဝှက်လုပ်ခဲ့ရင်တောင် သူ့အမြီးကို ဖော်ထုတ်ခဲ့ရမယ့်တစ်နေ့ ရှိလာမှာပဲ။ စိုင်းဖန်ရဲ့အာဏာပိုင်တွေက ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေမှာ မဟုတ်ဘူး"
"မင်း ပြောတာ မှန်ပါတယ်၊ သူဌေး"တွမ်ရက်ဂျီက ခေါင်းညိတ်ကာ ပြော၏"ငါ မင်းနောက် မလိုက်နိုင်တာကြောင့် မစ္စတာစုန့်ဆီ သွားတဲ့အခါ ဂရုစိုက်ပါ၊ သူဌေး"
"ငါ့နောက်လိုက်စရာမလိုပါဘူး၊ တွမ်"ထန်ရှုက ပြုံးလျက် ပြော၏"ပြင်ဆင်ရမှာကိုပဲ ကောင်းကောင်းဂရုစိုက်ပါ၊ ဦးလေးစုန့်က စိုင်းဖန်ရဲ့သူဌေးကြီး ဖြစ်လာတဲ့အခါ မင်းရဲ့အခန်းကဏ္ဍက မရှိမဖြစ်လိုအပ်တယ်"
"ငါ ဂရုစိုက်ပါ့မယ်။ မင်း စိတ်ချပါ၊ သူဌေး"တွမ်ရက်ဂျီက ခေါင်းညိတ်လိုက်သည်။
ထန်ရှုက ခေါင်းညိတ်ကာ စင်းလုအန်တို့အဖွဲ့အား လောင်ပင်လယ်အော်အပန်းဖြေစခန်းသို့ ခေါ်သွားရန် တွမ်ရက်ဂျီအား အမိန့်ပေးခဲ့သည်။ ထို့နောက် မိုအားဝူလက်အောက်ရှိသူ၏ကိုယ်ရံတော်ဆယ့်တစ်ယောက်ကို ခေါ်ကာ ကျင်းရှီ၏ဦးဆောင်မှုနှင့်အတူ စုန်ကွမ်းဟွေ၏နေထိုင်ရာသို့ ဦးတည်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ထန်ကွမ်းနှင့်ထန်အန်းတို့အား ခေါ်လာခဲ့သည်။ သို့သော် ကျင်းရှီနှင့်သူ့အဖွဲ့ကဲ့သို့ ထန်ရှုအနောက် တိုက်ရိုက်မလိုက်လာခဲ့ဘဲ အနီးနားတွင်သာ စောင့်နေ၏။ ထန်ရှုက မဆင့်ခေါ်လျှင် သူတို့က ထွက်ပေါ်လာမည်မဟုတ်ပေ။
ကျင်းလာစံအိမ်။
ရိပ်သာလမ်းအနီးတွင်တည်ရှိကာ လှပသောပတ်ဝန်းကျင်နှင့် အဆောက်အဦးအစုအဝေးတစ်ခုဖြစ်ပြီး သယ်ယူပို့ဆောင်ရေးက အဆင်ပြေချောမွေ့ကာ အဆင့်အတန်းမြင့်မားသူတို့၏နေထိုင်ရာဖြစ်၏။ ကျင်းလာစံအိမ်က ဤအဆောက်အဦးအစုအဝေးထဲတွင် ဈေးအကြီးဆုံးစံအိမ်ဖြစ်ပြီး လျှို့ဝှက်စောင့်ကြပ်နေသူများအပါအဝင် စစ်သားဒါဇင်ကျော်က တစ်နှစ်ပတ်လည် စောင့်ကြပ်နေလျက်ရှိသည်။
"မင်းက ဘယ်သူလဲ။ ဒါက အရာရှိတစ်ယောက်ရဲ့နေအိမ်တစ်ခုပဲ။ တစ်ယောက်မှ ဝင်လာလို့မရဘူး......"
ထန်ရှုနှင့်မိုအားဝူတို့က ကျင်းလာစံအိမ်ဂိတ်ပေါက်သို့ ရောက်ရှိသည်နှင့် စစ်တပ်ယူနီဖောင်းဝတ်ထားသောလူကြီးတစ်ယောက်က ချက်ချင်းအော်ပြောလိုက်ပြီး အခြားလက်နက်ကိုင်စစ်သားလေးယောက်က နောက်မှ လိုက်လာ၏။
"ဒါက ဗိုလ်ချုပ်စမ့်ဟွေရဲ့စံအိမ်မလား"ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည်"ငါက ဗိုလ်ချုပ်စမ့်ဟွေရဲ့အသိအကျွမ်းဖြစ်ပြီး သူနှင့် နီးကပ်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်။ ထန်ရှုလာလည်တယ်လို့ သူ့ကို သတင်းပို့ပေးပါ"
စစ်သားက ထန်ရှုအား လေ့လာလိုက်ပြီး သူ့သေနတ်ပြောင်းဝအား မြှောက်လျက် အေးစက်စွာ ပြန်ဖြေ၏"မင်းက ဗိုလ်ချုပ်ရဲ့စံအိမ်ကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မှီမယ်ထင်တာလား။ လူတိုင်းက မင်းလိုပဲဆိုရင် သူ့ရဲ့စံအိမ်က မြို့လယ်ကောင်လို ဖြစ်သွားမှာပေါ့။ ချက်ချင်းထွက်သွား၊ မဟုတ်ရင် မင်းကို ဖမ်းဆီးတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့"
ထန်ရှုက မျက်ခုံးတွန့်သွားလျက် ဖုန်းထုတ်ကာ ပြောလိုက်၏"မင်းက မင်းရဲ့ဥပဒေကို ဒီလောက်တင်းကျပ်နေမှတော့ ဗိုလ်ချုပ်စမ့်ဟွေကို ငါ တိုက်ရိုက်ခေါ်ရင် ပြဿနာမရှိဘူးမလား"
စစ်သားထံမှတုံ့ပြန်ချက်က အထင်သေးသောအကြည့်တစ်ခုသာ ဖြစ်၏၊ သို့သော် သူက ထန်ရှုအား ထွက်သွားရန် ဖိအားမပေးခဲ့ပေ။ သို့အစား ရုတ်တရက်တိုက်ခိုက်မှုအား ကာကွယ်ရန်အတွက် ထန်ရှုအား နိုးနိုးကြားကြားနှင့် သတိဝီရိယထားလျက် စောင့်ကြည့်နေခဲ့၏။
ထို့နောက် ထန်ရှုက စုန့်ကွမ်းဟွေ၏သီးသန့်နံပါတ်အား ခေါ်လိုက်သည်။ အကြိမ်အနည်းငယ် ဖုန်းမြည်သွားပြီးနောက် သူ့အခေါ်အား ကိုင်လိုက်ပြီး အခြားတစ်ဖက်မှ စုန့်ကွမ်းဟွေ့၏ရယ်သံက သူ့အား နှုတ်ဆက်လာခဲ့၏။
"မင်း ပြန်လာပြီလား၊ ထန်ရှု"
"အမ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ငါ အခုပဲ စိုင်းဖန်ကို ပြန်ရောက်လာတာ၊ ဒါကြောင့် ငါ ဦးလေးအိမ်ကို လာလည်တာ။ဒါပေမယ့် ဂိတ်ပေါက်မှာ မင်းရဲ့စစ်သားက ငါ့ကို တားနေတယ်"
"အာ၊ မင်းက ငါ့အိမ်မှာလား"စုန့်ကွမ်းဟွေက အံ့အားသင့်သောလေသံနှင့် ပြောလာ၏"ဒါ အရမ်းကောင်းတယ်။ အစောင့်ကို မင်းရဲ့ဖုန်းပေးလိုက်။ လောလောဆယ် ငါ အလုပ်များနေတယ်၊ ဒါကြောင့် နှစ်နာရီလောက်မှပဲ ငါ အိမ်ကို ပြန်လာနိုင်မယ်။ ဒါပေမယ့် မင်းရဲ့အန်တီက အိမ်မှာ ရှိတယ်၊ ဒါကြောင့် မင်းကို ဧည့်ခံထားဖို့ ငါ သူမကို ဖုန်းခေါ်ထားလိုက်မယ်"
"ကောင်းပါပြီ၊ ငါ စောင့်နေပါ့မယ်၊ ဦးလေး"ထန်ရှုက ပြန်ဖြေပြီးနောက် ဖုန်းအား စစ်သားထံ ကမ်းပေးကာ ပြောလိုက်သည်"ရော့၊ ဗိုလ်ချုပ်စမ့်ဟွေဆီက။ သူ မင်းနဲ့ စကားပြောချင်တယ်"
မယုံတစ်ဝက်ယုံတစ်ဝက်မျက်နှာနှင့် စစ်သားက ဖုန်းယူလိုက်သည်။ ဖုန်းမှ စုန့်ကွမ်းဟွေ၏အသံအား သူ သိလိုက်သည့်အခါတွင် သူ့အမူအရာက ရိုသေလေးစားမှုတို့ ပြောင်းလဲသွားပြီး သူက ထပ်ခါတလဲလဲခေါင်းညိတ်လိုက်၏။ ဖုန်းချပြီးနောက် သူက ထန်ရှုအား ကြည့်ကာ တောင်းပန်လိုက်သည်"ငါ တကယ် တောင်းပန်ပါတယ်၊ မစ္စတာထန်။ မင်းက ဗိုလ်ချုပ်ရဲ့ဂုဏ်သရေရှိဧည့်သည်တစ်ယောက်မှန်း ငါ မသိလို့ပါ၊ ဒါကြောင့် ငါ မင်းအပေါ် ကြမ်းတမ်းမိပါတယ်။ ဒါနဲ့ မင်းက ဗိုလ်ချုပ်ရဲ့နေအိမ်ကို တန်းသွားနိုင်ပြီး သူ့ကို စောင့်နေဖို့ ဗိုလ်ချုပ်က ပြောခိုင်းလိုက်တယ်"
ထန်ရှုက ခေါင်းညိတ်ကာ မိုအားဝူအား ဦးဆောင်လျက် စံအိမ်၏အရှေ့တံခါးထဲသို့ ဝင်ရောက်သွားခဲ့သည်။ ကျင်းလာစံအိမ်က ကြီးမားသောဧရိယာတစ်ခု ရှိပြီး မြေဧကအနည်းငယ်နှင့် ပါဝင်ဖွဲ့စည်းထား၏။အပြင်ဘက်ခြံဝင်းထဲရှိဥယျာဉ်တစ်ခုအား ဖြတ်ကျော်ရန်အတွက်ပင် ထန်ရှနှင့်မိုအားဝူတို့က အချိန်ဆယ်မိနစ်ကျော် ယူခဲ့ရသည်။
ရုတ်တရက် စစ်တပ်ဝတ်စုံအပြည့်နှင့်လူငယ်စစ်တပ်အရာရှိတစ်ယောက်က အတွင်းခြံဝင်းမှ ထွက်လာ၏။ ထန်ရှုနှင့်မိုအားဝူတို့အား မြင်တွေ့ပြီးနောက် သူက ချက်ချင်းမေးလိုက်သည်"အာ။ မင်းတို့ကောင်တွေက ဘယ်သူတွေလဲ"
"ငါက တရုတ်က ထန်ရှုပါ"ထန်ရှုက ပြုံးလျက် ပြန်ဖြေ၏"မင်းရဲ့ပုံပန်းက ဦးလေးစုန့်နဲ့ တူတယ်။ မင်းရဲ့အသက်အရွယ်နဲ့ ကျင်းလာစံအိမ်ထဲမှာ သာမန်ကာလျှံကာသွားလာနေပုံအရ မင်းက ဦးလေးစုန့်ရဲ့သားပဲဖြစ်ရမယ်။ မင်းက စုန့်ရှန်းလားဒါမှမဟုတ်စုန့်ယန်လား"
"အာ၊ ဒါဆို မင်းက အဖေပြောခဲ့တဲ့ထန်ရှုဆိုတာလား"လူငယ်အရာရှိက အံ့အားသင့်စွာ ပြောလိုက်သည်"ငါက စုန့်ရှန်းပါ"
"သူရဲကောင်းဆန်တဲ့ကိုယ်ဟန်ကိုယ်ထား၊ ခန့်ညားတဲ့အသွင်အပြင်။ ကျားအဖေက ခွေးနဲ့တူတဲ့သားတစ်ယောက်ကို ဘယ်တော့မှ မမွေးဘူးဆိုတဲ့ တရုတ်ဆိုရိုးတစ်ခုကို မင်းက သရုပ်ဖော်နေသလိုပါပဲ"ထန်ရှုက ပြံးလျက် ပြော၏"မင်းက ငါ့ထက် ခြောက်လလောက် ပိုကြီးမယ်ထင်တယ်။ ဒါကြောင့် ငါ မင်းကို အကိုရှန်းလို့ ခေါ်မယ်။ တွေ့ရတာ ဝမ်းသာပါတယ်"
ပြန်ဖြေမည့်အစား စုန့်ရှန်းက ဘေးဘက်ဝဲယာအား ကမန်းကတန်းကြည့်လိုက်သည်၊ ပတ်ဝန်းကျင်တွင် ဘယ်သူမှ မရှိသည်ကို တွေ့ပြီးမှ သူက ထန်ရှုအား လက်တွဲနှုတ်ဆက်ကာ ဖော်ရွေစွာ ပြောလိုက်လေသည်"ညီအကိုထန်ရှု၊ ဦးလေးထန်နဲ့ပတ်သက်တာတွေကို အဖေက ငါနဲ့ငါတို့မိသားစုကို ပြောပြခဲ့တယ်။ အကြိမ်အရေအတွက်က ရေလို့တောင် မနိုင်တော့ဘူး။ မင်း ငါတို့ဆီ လာလည်တဲ့အတွက် တကယ်ဝမ်းသာတယ်။ လာ....အထဲဝင်ပြီး စကားပြောကြရအောင်"
ထန်ရှုက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့လက်များက အိတ်ကပ်ထဲသို့ ရောက်သွားပြီး လက်ဆောင်သေတ္တာငယ်တစ်လုံးအား ယူထုတ်လိုက်သည်။ သူက စုန့်ရှန်းအား ကမ်းပေးကာ ပြောလိုက်၏"အကိုရှန်း၊ ဒါက ငါတို့ရဲ့ပထမဆုံးတွေ့ဆုံမှုအတွက် လက်ဆောင်ပါ။ မင်း လက်ခံမယ်လို့ ငါ မျှော်လင့်ပါတယ်"
စုန့်ရှန်း၏အပြုံးက ပိုကျယ်သွားပြီး လက်ခံပြီးနောက် သူက ပြောလိုက်၏"ဒါက မင်းရဲ့ကြင်နာမှုပဲ၊ ညီအကိုထန်။ ငါ ဒါကို ဖွင့်လို့ရမလား"
"ရပါတယ်"ထန်ရှုက ခေါင်းညိတ်ပြလိုက်၏။
စုန့်ရှန်းက လက်ဆောင်သေတ္တာငယ်အား လျင်မြန်စွာ ဖွင့်လိုက်လေသည်။ လှပစွာထွင်းထုထားသာကျောက်စိမ်းပြားတစ်ခုအား မြင်သောအခါ သူက ချက်ချင်းပြုံးလျက် ပြောလိုက်၏"ဒါက အရမ်းဈေးကြီးတဲ့လက်ဆောင်တစ်ခုပဲ။ ညီအကိုထန် ဒါကို ရဖို့ အတော်လေး ကုန်ခံရမှာပဲ။ ဒါနဲ့ သူနဲ့မင်းရဲ့အဖေက သေဖော်ရှင်ဖက်သွေးသောက်ညီအကိုတွေလို့ ငါ့အဖေက ပြောခဲ့တယ်၊ ဒါကြောင့် ငါတို့ကလဲ ညီအကိုတွေပဲ။ ငါတို့က မိသားစုဖြစ်တာကြောင့် နောက်ကျရင် မင်း ငါတို့ကို သူစိမ်းလို ဆက်ဆံစရာမလိုပါဘူး"
"ငါ့ရဲ့စိတ်ကူးလဲ အတူတူပါပဲ"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
သူတို့သုံးယောက်က အတွင်းခြံဝင်းသို့ မဝင်သေးခင် တင့်တယ်လှပပြီးဖြူဖတ်ဖြူရော်နှင့်အမျိုးသမီးတစ်ယောက်က ခြံဝင်းဂိတ်ပေါက်မှ ထွက်လာခဲ့သည်။ သူမ၏အသွင်အပြင်က လှပကာ နေမကောင်းဖြစ်သည့်ဟန်ရှိ၏၊ ထန်ရှုကို မြင်သောအခါ သူမ၏မျက်လုံးများက တောက်ပသွားပြီး ပြုံးလျက် နူးညံ့ညင်သာစွာ နှုတ်ဆက်လာသည်"မင်းက အကိုကြီးထန်ရဲ့သားပဲ ဖြစ်ရမယ်။ ငါက ကွမ်းဟွေရဲ့ဇနီးပါ။ ငါ့ကို အန်တီလို့ ခေါ်လို့ရပါတယ်"
"မင်္ဂလာပါ၊ အန်တီ။ ငါက ထန်ရှုပါ" ထန်ရှုက ကမန်းကတန်းပြန်နှုတ်ဆက်လိုက်၏။
ဝမ်ကျင်းက ပျော်ရွှင်သောမျက်နှာနှင့် ခေါင်းညိတ်လျက် ပြော၏"ငါ အကိုထန်ကို မတွေ့ရတာ တော်တော်ကြာပြီ။ မင်း သိလား၊ အစက သူက မတော်တဆတစ်ခုခု ဖြစ်သွားပြီးလို့ ငါတို့ တွေးထားခဲ့တာ၊ ဒါကြောင့် သူ အသက်ရှင်နေတဲ့အပြင် သူ့မှာ အရွယ်ရောက်နေတဲ့သားတစ်ယောက်ရှိတာ သိလိုက်ရတဲ့အချိန်မှာ ငါ အရမ်းအံ့ဩသွားတယ်။ ကျားအဖေမှာ ခွေးနဲ့တူတဲ့သားတစ်ယောက် တကယ်ကို မရှိဘူးပဲ။ အတိတ်တုန်းက မင်းအဖေက သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့တယ်၊ သူ့သားကလဲ သူ့ထက် မနိမ့်ကျပါဘူး။ သူ့အတွက် ငါ တကယ်ဝမ်းသာမိတယ်"
"အဖေလဲ အန်တီအကြောင်း ငါ့ကို ပြောပြခဲ့ပါတယ်"ထန်ရှုက ပြော၏"ပြည်ပမှာ တာဝန်တွေ ထမ်းဆောင်နေချိန်မှာ အန်တီက ဦးလေးနဲ့ အမြဲတမ်း အတူရှိနေခဲ့တာလို့ သူ ပြောတယ်။ သူတို့က အပြင်းအထန်ဒဏ်ရာရနေချိန်မှာ အန်တီရဲ့ဂရုစိုက်မှုသာ မရှိရင် သူနဲ့ဦးလေးစုန့်က အသက်ရှင်လိမ့်မှာမဟုတ်ဘူးလို့တောင် သူ ပြောခဲ့တယ်"
ဝမ်ကျင်းက ထန်ရှု၏လက်ကို ဆုပ်ကိုင်ကာ ဖော်ရွေစွာ ပြောလိုက်လေ၏"ဒါတွေအားလုံးက အတိတ်ကပါ၊ လက်ရှိအချိန်မှာ ပြောစရာမလိုပါဘူး။ မင်းရဲ့ဦးလေးက အပြင်မှာ အလုပ်လုပ်နေတုန်းပဲ၊ သူ ပြန်လာတော့မှ ငါတို့တွေ စားသောက်ပွဲ လုပ်ကြတာပေါ့။ ကောင်းပြီ၊ အထဲမှာ ဝင်ထိုင်ကြရအောင်။ အန်တီက မင်းအတွက် အရသာရှိတဲ့ဟင်းလျာအချို့ကို ချက်ပြုတ်ပေးမယ်"
"ဒါဆိုလဲ ကျေးဇူးတင်ပါတယ်၊ အန်တီ"
ထိုသို့ ပြောပြီးနောက် ကြိုတင်ပြင်ဆင်ထားသောလက်ဆောင်သေတ္တာအား မိုအားဝူထံမှ ယူကာ ဝမ်ကျင်းအား ကမ်းပေးလိုက်ပြီး ထန်ရှုက ပြောလိုက်၏"ငါ အန်တီအတွက် လက်ဆောင်တစ်ခု ဝယ်လာတယ်၊ ကျေးဇူးပြုပြီး လက်ခံပေးပါ။ အန်တီကြိုက်မယ်လို့ မျှော်လင့်ပါတယ်"
***