အနံ့ဆိုး
Vol. 70 Ch. 969
သူ့ရှေ့တွင်လဲလျောင်းနေသောဝမ်ကျင်းအား တည်ငြိမ်စွာ ကြည့်ရင်း ထန်ရှုက သူ၏မူလဖရိုဖရဲစွမ်းအားကို ထိန်းချုပ်ကာ သူ့လက်ဖဝါးထဲ၌ လှည့်ပတ်စီးဆင်းစေသည်။
ထွေနော်နှိပ်နယ်ခြင်းက ယင်ယန်စွမ်းအင်ကို ဟန်ချက်ညီစေနိုင်သလို သူတို့အား ရောနှောထိန်းကျောင်းကာ အားဖြည့်ပေးနိုင်သည်။ ၎င်းက မရီဒျာန်များထဲရှိစွမ်းအင်လမ်းကြောင်းများအား ဖွင့်ပေးပြီး အရေးကြီးအကျိုးသက်ရောက်မှုများဖြစ်သည့် ကိုယ်ခံအားစနစ်အားထိန်းချုပ်သောအာရုံကြောများနှင့်ခန္ဓာကိုယ်လုပ်ဆောင်ချက်များအား ထိန်းညှိပေးခြင်း၊ ကိုယ်တွင်းအင်္ဂါကျန်းမာရေးနှင့်လှပ းသောအရေပြားဖြစ်လာစေရန် မြှင့်တင်ပေးခြင်းစသည့်အရာများအား အသက်သွင်းလုပ်ဆောင်ပေး၏။ အသေအချာဆိုရလျှင် ၎င်းယူဆောင်လာပေးသည့်အဓိကရလဒ်က သွေးလည်ပတ်ခြင်းအား တိုးတက်စေခြင်း၊ မောပန်းမှုများအား ဖြေဖျောက်ပေးပြီး အားကစားလုပ်နိုင်စွမ်းအား မြှင့်တင်ပေးခြင်းတို့ပင် ဖြစ်သည်။
ဝမ်ကျင်း၏ခန္ဓာကိုယ်လုပ်ဆောင်ချက်များက အခြေအနေဆိုးရွားနေသည်၊ သူမခန္ဓာကိုယ်ထဲရှိဆဲလ်များအား ကင်ဆာဆဲလ်က အဆက်မပြတ်ဝါးမျိုနေပြီး သူမ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေအား အလွန်ဆိုးရွားသွားစေ၏။ ကုသမှုမစတင်ခင် သူမ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေတိုးတက်အောင် အရင်လုပ်ထားခြင်းက အကောင်းဆုံးဖြစ်သည်၊ ဤနည်းလမ်းအားဖြင့် သူမခန္ဓာကိုယ်က ကုသမှုအား ခံနိုင်ရည်ရှိလာနိုင်ပေမည်။
ထွေနော်နှိပ်နယ်ခြင်းအတွက် နည်းလမ်းအမျိုးမျိုးရှိပြီး ခန္ဓာကိုယ်ထဲရှိမရီဒျာန်များနှင့်သွေးကြောမှတ်များအား နိုးဆွပေးရန် ရည်ရွယ်သည်။ နည်းလမ်းတစ်ရာကျော်ရှိပြီး အသုံးများဆုံးက လေးခုသာ ရှိကာ ဖိခြင်းအခြေခံ၊ နှယ်ခြင်းအခြေခံ၊ တွန်းခြင်းအခြေခံနှင့် ဆုပ်ကိုင်ခြင်းအခြေခံတို့ဖြစ်၏။ ပွတ်ခြင်းကို အခြေခံသည့် အပြားလိုက်တွန်းခြင်း၊ လှိမ့်ခြင်းနှင့် ပွတ်ခြင်းနည်းလမ်းများရှိသည်။ အခြားနည်းလမ်းများတွင် ပုတ်ခြင်း၊ ရိုက်ခြင်းနှင့် လှုပ်ခါခြင်း စသဖြင့် ခန္ဓာက်ိုယ်လှုပ်ခါခြင်းနည်းလမ်းများ ပါဝင်၏။ ဆွဲလှည့်ခြင်း၊ ဆွဲဆန့်ခြင်းတို့လို ခန္ဓာကိုယ်လှုပ်ရှားခြင်းနည်းလမ်းများလည်း ရှိသည်။
ထန်ရှု၏ထွေနော်နှိပ်နယ်ခြင်းကုထုံးက နှိပ်နယ်ခြင်းနည်းလမ်းဒါဇင်ကျော်အား ပေါင်းစပ်ထားကာ တုနှိုင်းမဲ့သောနှိပ်နယ်ခြင်းနည်းလမ်းတစ်ခု ဖြစ်၏။
ခြေလက်များနှင့်ခါးများက ထန်ရှုအဓိကနှိပ်နယ်သည့်အစိတ်အပိုင်းများ ဖြစ်ကြသည်။ ဝမ်ကျင်းက ငိုက်မျဉ်းနေသည်ကို တွေ့လိုက်ရပြီး ယခင်ကဖုံးကွယ်ရန်ခက်ခဲသည့် သူမခန္ဓာကိုယ်ပေါ်ရှိနာကျင်မှုက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။ သူက မူလဖရိုဖရဲစွမ်းအားအား ချက်ချင်းထုတ်လွှတ်လျက် သူမ၏ခြေလက်များနှင့်ခါးအား ရစ်ပတ်ကာ သူမအား မီတာအနည်းငယ်မတင်လျက် အနှိပ်စားပွဲပေါ်၌ လဲစေလိုက်သည်။
ခြေ၊ လက်၊ တင်ပါး၊ ခါး၊ နောက်ကျော၊ လက်မောင်း၊ လည်ပင်းနှင့် ဦးခေါင်း။
ထန်ရှုက မူလဖရိုဖရဲစွမ်းအားကို ထုတ်လွှတ်လျက် သူမ၏မရီးဒျာန်များထဲ၌ လှည့်ပတ်စေကာ သူမ၏သွေးကြောမှတ်များအား ရှာဖွေလျက် အားဖြည့်ပေးသည်။ အိမ်ပျော်နေသောဝမ်ကျင်းက မပြောပြတတ်လောက်အောင် သက်သောင့်သက်သာရှိသည့်အခြေအနေတစ်ခု၌ နစ်မျောနေကာ ထန်ရှု၏ဆက်တိုက်နှိပ်နယ်နေမှုအတွင်း အနည်းငယ်ညည်းတွားနေမိသည်ကိုပင် သတိမထားမိခဲ့ပေ။
တစ်နာရီကြာပြီးနောက် ထန်ရှုက နှိပ်နယ်ခြင်းကို ရပ်ကာ သူ၏သိုလှောင်လက်စွပ်မှ ငွေအပ်များအား ယူထုတ်လိုက်သည်။ ဝမ်ကျင်း၏အဝတ်များက တားဆီးထားသော်လည်း ငွေအပ်အားလုံးက သူမ၏ခန္ဓာကိုယ်ထဲရှိအရေးကြီးသွေးကြောဆုံမှတ်များဆီသို့ တိတိကျကျထိုးဖောက်သွားခဲ့သည်။
အသက်တစ်ခါရှုတိုင်း သွေးများအား အားဖြည့်လန်းဆန်းစေရင်း ထန်ရှုက မူလဖရိုဖရဲစွမ်းအားအမျှင်တစ်ခုအား သွေးကြောစုံမှတ်များအားထိုးစိုက်ထားသောအပ်များထံ ပို့လွှတ်လိုက်သည်။ အရာအားလုံးပြုလုပ်ပြီးနောက် သူက သူမလက်မောင်းအား ကိုင်ကာ သွေးခုန်နှုန်းအား စမ်းသပ်စစ်ဆေးပြီးနောက် သူ့စွမ်းအားအား သူမ၏မရီဒျာန်ထဲသို့ ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်သည်။
အခြားအမြင်တစ်ခုဖြင့် ပြောရလျှင် လူသားခန္ဓာကိုယ်အား ပိုက်ကွန်တစ်ခုဟု ပြောနိုင်ပြီး စွမ်းအင်များက ကြိုးများနှင့် တူ၏။ သူ၏မူလဖရိုဖရဲစွမ်းအားဖြင့် ရှုပ်ထွေးသောစွမ်းအင်ကြိုးများအား ဝမ်ကျင်း၏ခန္ဓာကိုယ်ထဲရှိမရီဒျာန်ပိုက်ကွန်တစ်လျှောက် သယ်ဆောင်လျက် သူမ၏ခြေလက်နှစ်စုံနှင့်အတွင်းအင်္ဂါငါးခုအား ဆွဲဆန့်ပေးသည်။
ဤသန့်စင်ခြင်းဖြစ်စဉ်က သူမခန္ဓာကိုယ်ထဲရှိ ကင်ဆာဆဲလ်များအား ဖယ်ရှားပေးရန် အသုံးပြုပြီး သူတို့အား ခန္ဓာကိုယ်ဖွဲ့စည်းပုံမှ ဖြည်းဖြည်းချင်း ဖယ်ရှားပေးသည်။ သူမ၏ချည့်နဲ့သောရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် လိုအပ်သည့်ထက် စွမ်းအားများစွာ ပိုသုံးရန် မရဲသောကြောင့် ကုသမှုအစောပိုင်းအဆင့်အတွက် ထန်ရှုက စွမ်းအင်အမြောက်အများ သုံးစွဲခဲ့ရသည်။ သူ၏ရည်ရွယ်ချက်က ဤသန့်စင်ခြင်းနည်းလမ်းကို တစ်ဆင့်ပြီးတစ်ဆင့် အသုံးပြုကာ ကင်ဆာဆဲလ်များအား ဖြည်းဖြည်းချင်း ဖယ်ရှားရန် ဖြစ်၏။
အချိန်က တရွေ့ရွေ့သွားနေပြီး စုန့်ရှန်းက ဂနာမငြိမ်ဖြစ်နေလျက် အပြင်ဘက်၌ စောင့်နေတုန်းပင်။ သူ့ညီလေးစုန့်ယန်ဝင်ရောက်မည်ကိုပင် သူက အကြိမ်အနည်းငယ်တားဆီးခဲ့သည်။ ထန်ရှုက ထူးချွန်သောအရည်အသွေးရှိသည်ဟု သူ့အဖေထံမှ ကြားခဲ့၏။ ထို့ကြောင့် သူ့အမေ၏ကင်ဆာအား ထန်ရှုကုသနိုင်မည်ကို မယုံကြည်သော်လည်း သူက စိတ်ထိန်းထားနိုင်နေတုန်းပင်။
"ဂရုစိုက်ပါ၊ အကို.....။ မင်း ငါ့ကို ထပ်တားရဲရင် ငါ့ရဲ့ဒေါသနဲ့ ရင်ဆိုင်ရလိမ့်မယ်"စုန့်ယန်က ဒေါသထွက်သောမျက်နှာနှင့် ကြမ်းဝါလိုက်လေ၏။
"စုန့်ယန်၊ ဒီကမ္ဘာက ဘယ်လောက်ကြီးမားတယ်ဆိုတာ မင်း သိရမယ်။ ထူးဆန်းတဲ့ဖြစ်ရပ်တွေ၊ အရာတွေက တည်ရှိနိုင်တယ်"စုန့်ရှန်းက လေးနက်စွာ ပြောချေသည်"ငါတို့က ထန်ရှုအကြောင်း အများကြီး မသိဘူး၊ သူက ထိုထူးဆန်းတဲ့စွမ်းရည်တွေရှိတဲ့သူတစ်ယောက် ဖြစ်ချင်ဖြစ်နိုင်တယ်။ အမေ့ရဲ့ရောဂါအကြောင်း မင်းလဲ ရှင်းရှင်းလင်းလင်း သိမှာပါ။ ငါတို့ရဲ့အားထုတ်မှုက ထပ်ခါတလဲလဲကျရှုံးနေရင်တောင် သူမကို ကုသဖို့အတွက် အရာအားလုံးကို ကြိုးပမ်းရမှာပဲ"
"အဲဒီထန်မျိုးနွယ်ကောင်က လူလိမ်ဆိုတာ မင်း မမြင်နိုင်ဘူးလား"စုန့်ယန်က ဒေါတကြီးအော်လိုက်ချေသည်"သူ့လိုငယ်ရွယ်တဲ့တရုတ်တိုင်းဆေးပညာရှင်တွေကို မင်း မြင်ဖူးလား။ ဒီကောင်ကအကြွားသက်သက်ပဲ ရှိရမယ်။ သူ့မှာ ဒီလိုကျွမ်းကျင်မှူတစ်ခုရှိစရာအကြောင်းရင်း မရှိနိုင်ဘူး"
"ဟမ့်၊ သူ့မှာ မရှိဘူးဆိုတာ မင်းက ဘယ်လိုလုပ်သိလဲ"စုန့်ရှန်းက နှာခေါင်းရှုံ့လိုက်သည်"ဒါက ငါတို့ကောက်ချက်ချနိုင်တဲ့အရာတစ်ခုမဟုတ်ဘူး။ ဒါ့အပြင် ငါ့အနေနဲ့ပြောရင် အချို့ကဏ္ဍတွေမှာ သူက မင်းထက် အများကြီး ပိုတော်တယ်"
"ငါ့ထက် ပိုတော်တာလား"စုန့်ယန်က လက်သီးဆုပ်ကာ ဒေါသတကြီး ပြောလိုက်လေသည်"သူ ငါ့ထက် ဘယ်နေရာမှာ ပိုတော်လဲ မင်း ငါ့ကို ပြောရဲလား"
"သူ့အထောက်အထားနဲ့ပတ်သက်ပြီး အဖေ ငါ့ကို ပြောခဲ့တုန်းက ငါ မှတ်မိတာ မှန်ရင် သူက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးကြီးပဲ။ သူက သူ့ကုမ္ပဏီကို ထန်မိသားစုရဲ့အဆက်အသွယ်တစ်ခုမှ မသုံးဘဲ တည်ထောင်ခဲ့တယ်"စုန့်ရှန်းက ပြော၏"အခု မင်း ငါ့ကို ပြော။ အခု မင်းမှာ မင်းရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့တည်ထောင်ထားတဲ့သူ့ကိုယှဉ်နိုင်တဲ့အရာ ရှိလား။ မင်း သူ့လို အချိန်တိုအတွင်း ဒေါ်လာသန်းရာချီ ရှာဖူးလား"
"ဒါက......"
စုန့်ယန်၏ဒေါသက အထဲသို့ ပြန်ဝင်သွားလေသည်။ သူက ပါးစပ်ဟလိုက်သော်လည်း ပြန်ချေပစရာမရှိ။ ထန်ရှုအကြောင်း သူ မသိသော်လည်း ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအကြောင်း သူ သိ၏၊ ထိုထန်ရှုက ၎င်း၏တည်ထောင်သူဖြစ်၏။
"ထန်ရှုမှာ အခြားအထောက်အထားတစ်ခုရှိသေးတယ်။ သူ့ကို တရုတ်တိုင်းရင်းဆေးလောကရဲ့လူငယ်နတ်ဆေးဆရာလို့ ခေါ်ကြတယ်"စုန့်ရှန်းက မျက်နှာခပ်တည်တည်နှင့် ပြောလေသည်"အဲဒါ ဟုတ်မဟုတ်တော့ ငါ မသိဘူး၊ ဒါပေမယ့် အဲဒါကို မင်း အင်တာနက်ပေါ်မှာ စစ်ဆေးလို့ရတာပဲလေ။ သူက တကယ်ပဲ ကျော်ကြားရင် အင်တာနက်ပေါ်မှာ သူနဲ့ပတ်သက်ပြီး အချက်အလက်တွေ ရှိမှာပဲ"
"လူငယ်နတ်ဆေးဆရာလား၊ ဟမ့်"
စုန့်ယန်က အထင်သေးစွာနှင့် နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ဖုန်းအား ယူထုတ်ကာ "လူငယ်နတ်ဆေးဆရာထန်ရှု"အား ရိုက်ရှာလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်း သူ့မျက်နှာပေါ်ရှိအထင်သေးသောအကြည့်က ချက်ချင်းအေးခဲသွားပြီး မျက်အိမ်မှ ဖောင်းပွလာမတတ် သူ့မျက်လုံးများက ပြောင်းလဲသွားတော့၏။
"ဘာဖြစ်လို့လဲ"
သူ့ညီလေး၏အမူအရာကို မြင်ပြီး စုန့်ရှန်းက ပဟေဠိဖြစ်သွာကာ စုန့်ယန်၏ဖုန်းအား ဆွဲယူလိုက်သည်။ သူက ဖုန်းစခရင်အား တစ်ချက်ကြည့်လိုက်ပြီး မယုံကြည်နိုင်မှုက သူ့မျက်နှာအား ဖုံးလွမ်းသွားတော့သည်၊ အင်တာနက်ပေါ်တွင် ထန်ရှုနှင့်ပတ်သက်ပြီး ဆောင်းပါးများစွာ ရှိနေသောကြောင့်ပင်၊ အထူးသဖြင့် လူနာများစွာ၏အသက်အား ကယ်တင်ခဲ့သည့် အံ့ဖွယ်နတ်ဆေးဆရာအဖြစ် သူ့အား အသိအမှတ်ပြုခဲ့ကြခြင်းပင်။ သူ့အား ချီးကျူးမှုများစွာ ရှိပြီး ပျောင်ချွယ်ပြန်ဝင်စားလာပြီး အသက်ရှင်နေသောဟွားထို့ဟု တင်စားခဲ့ကြသည်။
"ဟုတ်ရဲ့လား။ အင်တာနက်ပေါ်ကဒီအချက်အလက်တွေအားလုံးက မှန်ရဲ့လား"စုန့်ယန်က တစ်ခုခုထူးဆန်းသလိုလေသံနှင့် ရေရွတ်လိုက်သည်"သူ....သူက တကယ်ပဲ တရုတ်တိုင်းရင်းဆေးပညာကို တတ်ကျွမ်းတာလား။ ဒါပေမယ့်.....ဒါပေမယ့် ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူ့ဘေးနားတွင်ရပ်နေသောစုန့်ရှန်းက အံ့ဩတုန်လှုပ်နေသော်လည်း ပျော်ရွှင်သောအမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ထင်ဟပ်လာ၏။ သူက လေးနက်စွာ ပြောလိုက်ချေသည်"ဘာတစ်ခုမှ အလွယ်တကူမခန့်မှန်းနဲ့လို့၊ သူတို့ရဲ့ပုံပန်းကို ကြည့်ပြီး လူတစ်ယောက်ကို မဆုံးဖြတ်နဲ့လို့ ငါ မင်းကို ပြောခဲ့တာပဲမလား။ လူတစ်ယောက်ကို အသွင်အပြင်ကြည့်ပြီး ကောက်ချက်ချလို့မရဘူး၊ ပင်လယ်ကို တင်းတောင်းနဲ့ တိုင်းတာလို့မရဘူးဆိုတဲ့ တရုတ်ဆိုရိုးတစ်ခုကို မင်း မေ့နေပြီလား။ သူက တရုတ်လို လူ တစ်ဘီလီယံကျော်တဲ့ တိုင်းပြည်၊ ပုန်းကွယ်နေတဲ့နဂါးတွေ မျိုးဆက်တိုင်းမှာ အမြဲလိုလို ထွက်ပေါ်လေ့ရှိတဲ့ တိုင်းပြည်က လာခဲ့တာ။ ထန်ရှုက တကယ်ပဲ တရုတ်တိုင်းရင်းဆေးပညာရပ်မှာ ပါရမီရှိတာ ဖြစ်နိုင်တယ်"
စုန့်ယန်က ဖုန်းပြန်ဆွဲယူပြီး ဖုန်းမျက်နှာပြင်အား ပွတ်ကာ သတင်းအား ဆက်ဖတ်လိုက်သည်။ အချိန်တစ်ခုကြာပြီးမှ သူက ရပ်သွားပြီး စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်၏။ ဤအချိန်တွင် သူ့မျက်နှာပေါ်တွင် ဒေါသမရှိတော့ဘဲ ရှက်ရွံ့သောအမူအရာသာ ရှိနေလေသည်။ သူက ခြောက်ကပ်ကပ်ပြုံးလျက် ပြောလိုက်သည်"မင်း ပြောတာ မှန်တယ်၊ အကို။ ငါ သူ့ကို အထင်သေးခဲ့မိတာ"
အပြုံးတစ်ခုက စုန့်ရှန်း၏မျက်နှာပေါ်တွင် ရစ်နွယ်လာပြီး သူက ခေါင်းညိတ်လိုက်၏"သူက ငါတို့အမေကို ကုသနိုင်တာ မကုသနိုင်တာ ရလဒ်က ဘာပဲဖြစ်ဖြစ် မင်း သူ့ကို တောင်းပန်ရမယ်။ သူက ဆန္ဒကောင်းရှိတဲ့အချက်ကို အသာထား၊ သူက ဦးလေးထန်ရဲ့သားဖြစ်တယ်ဆိုတာနဲ့တင် ငါတို့က သူနဲ့ တိုက်ခိုက်လို့မရဘူး"
"နောက်ကျရင် ငါ သူ့ကို ပိုယဉ်ကျေးပါ့မယ်"စုန့်ယန်က ပြန်ဖြေ၏"ဒါပေမယ့် သူ အမေ့ကို တကယ်ကုသနိုင်မယ်ဆိုရင် တောင်းပန်ဖို့အသာထား၊ သူ လိုချင်ရင် ငါ့နှလုံးသားကိုတောင် ထုတ်ပေးလိုက်အုံးမယ်။ သူက မကုသနိုင်ရင်တော့ ငါ ဘယ်တော့မှ သူ့ကို မတောင်းပန်ဘူး"
သူ့အဖြေက စုန့်ရှန်းအား မျက်မှောင်ကြုတ်သွားစေသည်။ သို့သော် သူက ပြစ်တင်မည့်ဆဲဆဲတွင် သူ၏နှာခေါင်းပေါက်က အကြိမ်အနည်းငယ်တွန့်သွားပြီး စင်္ကြံလမ်း၏အခြားတစ်ဖက်သို့ ကြည့်ကာ ရှုပ်ထွေးသောမျက်နှာနှင့် ပြောလေ၏"ဒီအနံ့ဆိုးက ဘယ်နေရာက လာတာလဲ"
စုန့်ယန်လည်း အနံ့ဆိုးအား ရပြီး အနှိပ်ခန်းတံခါးသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်"ဒီအနံ့ဆိုးက အဲအခန်းက ထွက်လာပုံပဲ။ ဒါပေမယ့် ဒါ ထူးဆန်းတယ်။ အိမ်ဖော်တွေက အနှိပ်ခန်းကို အမြဲတမ်း သန်ရှင်းပါတယ်၊ အပုပ်အဆွေးတွေ ဘာတစ်ခုမှ အဲနေရာမှာ မရှိပါဘူး။ ဘာလို့ ဒီအနံ့ဆိုးက အဲနေရာက လာတာလဲ"
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး အမူအရာများ ရုတ်တရက် ပြောင်းလဲသွားကြကာ အခန်းတံခါးသို့ တစ်ပြိုင်တည်း ပြေးသွားကာ တွန်းဖွင့်လိုက်တော့၏။
အဟွတ်၊ အဟွတ်.....
အနံ့ဆိုးက ပေါက်ကွဲထွက်လာပြီး သူတို့အား ကြိုဆိုလာသည်၊ ညီအကိုနှစ်ယောက်လုံး သတိပေါ့လျော့မိကာ မွန်းကျပ်သွားပြီး ချောင်းဆိုးသွားရ၏။
ထိုအချိန်တွင် ထန်ရှုက အနှိပ်ကုတင်ဘေးနား၌ ရပ်နေသည်။ သူက လှည့်ကြည့်ပြီး စုန့်ရှန်းနှင့်စုန့်ယန်တို့ ဝင်လာသည်ကို မြင်လိုက်ရ၏။ သူတို့၏သနားစဖွယ်အမူအရာကို မြင်ပြီး သူက ချက်ချင်းပြုံးကာ ပြောလိုက်သည်"မင်းတို့ကို အထဲမဝင်လာဖို့ ငါ ပြောခဲ့တာပဲ။ မင်းတို့က ဂရုမစိုက်တာကိုး။ ငါ့ရဲ့ကုသမှုနဲ့ပတ်သက်ပြီး မင်းတို့က တကယ်ပဲ သံသယဝင်နေတာလား"
စုန့်ရှန်းက ချောင်းဆိုးရပ်သွားပြီး သူ့အစာအိမ်ထဲရှိ ပျို့တက်ခြင်းအား ထိန်းလိုက်သည်။ သူ့မျက်လုံးများက ထန်ရှုမှ သူ့အမေသို့ ရွေ့လျားသွားပြီး သူ့အမေ၏အဝတ်အစားများက စိုရွှဲနေပြီး စေးကပ်သောအမည်းရောင်အရာတစ်ခုက သူမ၏အရေပြားပေါ်၌ ဖုံးနေသည်ကိုသာ သတိပြုမိ၏။ ထိုအမည်းရောင်အရာက အနံ့ဆိုး၏လက်သည်တရားခံဖြစ်သည်။
"ထန် ....ညီအကိုထန်၊ ငါ့အမေ ဘယ်လိုရှိလဲ"
"ကုသမှုဖြစ်စဉ်ကိုတော့ ချောချောမွေ့မွေ့နဲ့ လုပ်ပြီးသွားပြီ၊ ဒါပေမယ့် အပြီးမပြတ်သေးဘူး"ထန်ရှုက ပြုံးကာ ပြော၏"မင်းတို့ညီအကိုနှစ်ယောက်လုံး အနံ့တွေကို သည်းခံနိုင်မယ်ဆိုရင် ဒီနေရာမှာ နေခဲ့လို့ရတယ်။ ဒါပေမယ့် ငါ့ကို မနှောင့်ယှက်နဲ့။ အနံ့မခံနိုင်ရင်တော့ အခန်းကနေ ထွက်သွားပြီး အပြင်မှာ စောင့်နေပါ"
စုန့်ယန်က နှာခေါင်းပိတ်ထားလျက် ထန်ရှု၏တည်ငြိမ်သောအမူအရာအား ကြည့်လိုက်သည်။ လေးစားမှုက သူ့နှလုံးသားထဲတွင် မွေးဖွားလာ၏။ အခန်းထဲရှိ အနံ့ဆိုးက သူ တစ်မိနစ်ပင် မနေနိုင်လောက်အောင်ပင်၊ သို့သော် ထိုအရာကြောင့် ဘာမှ မဖြစ်ပုံရ၏။ ဤကဲ့သို့စိတ်စွမ်းအားက သူမယှဉ်နိုင်သောအရာဖြစ်သည်။
"မင်းက တကယ် အံ့အားသင့်စရာပဲ"
သူက လက်မထောင်ပြလိုက်ပြီး ပြန်လှည့်ကာ အပြင်သို့ ပြေးထွက်သွားခဲ့သည်။
စုန့်ရှန်းက သူ၏အသက်ရှုခြင်းအား ထိန်းချုပ်ထားသော်လည်း အနံ့ဆိုးက သူ့နှာခေါင်း၌ ရစ်ဝဲနေတုန်းပင်။ ထန်ရှုက သူ့အမေအား ကုသသည်ကို မြင်ချင်သော်လည်း အနံ့ဆိုးက သူ့နှာခေါင်းအား ယားယံစေကာ သူ့မျက်လုံးများအား အရည်စိုလာစေသည်။ သူက အပြင်သို့ ပြန်သွားရန်သာ ရွေးချယ်နိုင်ပြီး မသွားခင် မှတ်ချက်ပေးလိုက်လေသည်"ကျေးဇူးတင်ပါတယ်၊ ညီအကို။ ငါ အမေ့ကို မင်းလက်ထဲမှာ ချန်ထားမယ်"
"ဒါတွေ ပြောစရာမလိုပါဘူး၊ ငါ သေချာပေါက် အကောင်းဆုံးလုပ်မှာပါ"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြုံးလျက် ပြော၏"ပြီးတော့ မင်း အပြင်ထွက်တဲ့အခါ တံခါးပိတ်ဖို့ မှတ်ထားပါ၊ ဘယ်သူ့ကိုမှ မဝင်လာစေနဲ့။ သူတို့က ငါ့ရဲ့ကုသရေးဖြစ်စဉ်ကို အနှောင့်အယှက်ပေးမှာ ငါ စိတ်ပူတယ်"
"သိပါပြီ...."စုန့်ရှန်းက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေ၏။ ထို့နောက် သူက တံခါးပိတ်လိုက်သည်။
***