← Chapters

အကြံအစည်အတွင်း အကြံအစည်

Vol. 70 Ch. 973

အကြံအစည်အတွင်း အကြံအစည်

Vol. 70 Ch. 973

လောင်ပင်လယ်အော်အပန်းဖြေစခန်း။

တွမ်ရက်ဂျီ စီစဉ်ပေးထားသော စံအိမ်သို့ ပြန်ရောက်လာပြီးနောက် ထန်ရှုက စတင်ကျင့်ကြံခဲ့သည်။ နောက်ပိုင်းတွင် သူက ကျင့်ကြံခြင်းအား မရပ်တန့်ခဲ့သော်လည်း စွန့်ပစ်ကျွန်းနှင့်ပင်လယ်ပြင်တိုက်ပွဲပြီးနောက် အများကြီးတိုးတက်လာခြင်းမရှိပေ။

မနေ့ညအဖြစ်အပျက်ပြီးနောက် သူက အားနည်းနေသေးသည်ကို ထန်ရှုက ထပ်မံသတိဝင်လာပြန်သည်။ သူက လက်ရှိထက် အနည်းဆုံးနှစ်ဆပိုသန်မာလျှင် ယန်ကူချွန်းက အဝေးထိန်းကိရိယာကိုင်လျက် သူ့အား ခြိမ်းခြောက်သည့်အချိန်၌ ကြံရာမရဖြစ်မည်မဟုတ်ပေ။

သူက လက်ရှိတွင် မှော်ကျောက်တုံးအနည်းငယ်သာ ကျန်တော့၏။ မည်သို့ပင်ဆိုစေကာမူ မှော်ကျောက်တုံးက လျော့ပါးနေသော်ငြား သူက အပိုင်းအစနှစ်ခုအား ယူထုတ်ကာ သူတို့အား စတင်စုပ်ယူသန့်စင်ခဲ့သည်။

မနက်ခင်းသို့ ရောက်လာပြီး ထန်ရှုက ကျင့်ကြံခြင်း၌ နစ်မြုပ်နေချိန်တွင် ငလျင်လှုပ်သလို ကြီးမားသောတုန်ခါမှုတစ်ခုအား ခံစားလိုက်ရပြီး သူ့မျက်လုံးများက ရုတ်တရက် ပွင့်သွား၏။

ကရင်း၊ ကရင်း၊ ကရင်း.....

သူ့ဖုန်းက မြည်လာ၏။

ထန်ရှုက ဖုန်းကိုင်ကာ ဖုန်းမျက်နှာပြင်ပေါ်ရှိ ခေါ်သူအမည်အား တစ်ချက်ကြည့်၏။ အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ချက်ချင်းထွက်ပေါ်လာပြီး သူက ပြောလိုက်၏"ပြီးသွားပြီလား"

"ပြီးသွားပြီ၊ သူဌေး"

မိုအားဝူ၏အသံက ဖုန်းမှ ထွက်လာ၏။

"ကောင်း‌ကောင်းလုပ်ခဲ့တာပဲ"ထန်ရှုက ပြော၏"မင်းတို့ပြန်လာမှာကို ငါ စောင့်နေတယ်"

ထိုသို့ ပြောပြီးနောက် သူက ဖုန်းချလိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် တွမ်ရက်ဂျီက အလျင်စလိုဝင်လာသည်။ ထန်ရှုက ဒုတိယထပ်ရှိလေသာခန်းပေါ်တွင် ရပ်လျက် ပင်လယ်ပြင်အား ကြည့်ရှုနေသည်ကို မြင်ပြီး သူက ချက်ချင်း အော်ပြောလိုက်သည်"တစ်ခုခုဖြစ်သွားတယ်၊ သူဌေး...."

ထန်ရှုက မျက်မှောင်ကြုတ်ကာ သူ့ပုံရိပ်က ပျံသန်းလျက် ဆင်းသွားလေ၏။ တွမ်ရက်ဂျီအရှေ့သို့ ရောက်ရှိလာပြီးနောက် သူက မေးလိုက်သည်"ဘာဖြစ်လို့လဲ"

"ကမ်းခြေဧရိယာမှာရှိတဲ့တောထူထပ်တဲ့တောင်ကုန်းမှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားတယ်၊ သူဌေး"တွမ်ရက်ဂျီက ပြော၏"ပေါက်ကွဲမှု က ပြင်းထန်လွန်းတာကြောင့် သစ်တောအားလုံးနီးပါး ပျက်ဆီးသွားတယ်။ ငါ့လူတွေကို လွှတ်ပြီး မေးမြန်းခဲ့တယ်။ တောင်ကုန်းပေါ်မှာ စိုင်းဖန်ရဲ့အမှောင်လေဌာနခွဲတစ်ခုရှိခဲ့တယ်လို့ ငါ ကြားသိခဲ့ရတယ်"

"ဒါပဲလား"ထန်ရှုက မေးလိုက်သည်။

"'ဒါပဲလား'က မင်း ဘာဆိုလိုတာလဲ၊ သူဌေး။ ဒါက အ‌သေးအဖွဲကိစ္စတစ်ခုလား"တွမ်ရက်ဂျီက အလျင်စလိုမေးလိုက်သည်"အမှောင်လေက ကမ္ဘာအကြီးမားဆုံးသတင်းအချက်အလက်အေဂျင်စီပဲ၊ သူတို့ရဲ့စိုင်းဖန်ဌာနခွဲက ပေါက်ကွဲသွားတယ်။ ပြင်းထန်တဲ့သေကျေပျက်ဆီးတာတွေနဲ့ဆိုရင် ဒီကိစ္စက ကမ္ဘာကိုတောင် တုန်လှုပ်စေလိမ့်မယ်"

"တိတ်စမ်း"ထန်ရှုက ပြန်ပြော၏"စိုင်းဖန်ရဲ့အမှောင်လေဌာနခွဲလောက်က ဘာမှမဟုတ်ပါဘူး၊ ဘာလို့ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ။ ပြီးတော့ အဲဒါကို လုပ်ခဲ့တာ မိုအားဝူတို့ပဲ"

"အမ်။ ဘာ"

တွမ်ရက်ဂျီက အံ့ဩလွန်းကာ သူ့မေးရိုးက ဖြဲကားသွားပြီး သူက မယုံကြည်နိုင်ဖြစ်နေတော့သည်။

"အမှောင်လေအဖွဲ့အစည်းက မင်းနဲ့စုန့်ကွမ်းဟွေတို့ကို စောင့်ကြည့်နေတာ ဒါပေမယ့် မင်းတို့နှစ်ယောက်က မသိသေးဘူး"ထန်ရှက ပေါ့ပေါ့ပါးပါးပြော၏"မနေ့က မင်းတို့နားမှာရှိတဲ့အမှောင်လေထောက်လှမ်းရေးသမားအားလုံးကို ဖယ်ရှားဖို့ ကျင်းရှီတို့အဖွဲ့ကို ငါ အမိန့်ပေးခဲ့တယ်၊ ပြီးတော့ ငါကိုယ်တိုင်ဦးဆောင်ပြီး မနေ့ညက အမှောင်လေအဖွဲ့ဆီ သွားခဲ့တယ်။ ငါ့ရဲ့ကိုယ်ရေးကိုယ်တာရန်သူတစ်ယောက်က စိုင်းဖန်ဌာနခွဲရဲ့ကြီးကြပ်ရေးမှူးဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါနဲ့ ငါက သူတို့ကို တစ်ချက်တည်းနဲ့ အပြီးသုတ်သင်ခိုင်းလိုက်တာပဲ"

တွမ်ရက်ဂျီက တံတွေးမြိုချလိုက်ရပြီး သူ့နှလုံးသားက ဗလာဖြစ်နေကာ သူ့ခံစားချက်များအား စကားနှင့် မဖော်ပြနိုင်တော့ပေ။ သူပြောခဲ့သည့်ပေါက်ကွဲမှုက အနည်းဆုံးလူတစ်ရာအား သေဆုံးစေခဲ့သည်။ သို့သော် ထိုသို့ကြီးမားသောအရာအား ထန်ရှုလွှတ်လိုက်သူများက လုပ်ဆောင်ခဲ့သည်လား။

"အာ။ သူက စစ်မှန်တဲ့သေမင်းနတ်ဘုရားတစ်ယောက်ပဲ"တွမ်ရက်ဂျီက စိတ်ထဲ၌ တီးတိုးပြောရင်း ထန်ရှုအား ကြောက်ရွံ့ရိုသေစွာနှင့် ကြည့်လိုက်လေသည်။

"ငါ့ကို ဒီလိုအကြည့်နဲ့ လာမကြည့်နဲ့"ထန်ရှုက ပြုံး၍ ပြော၏"ငါ့ရဲ့ရန်သူအားလုံးက သူတို့ရဲ့ဖန်တီးရှင်ဘုရားကို တွေ့ရမယ်၊ ငါ့ရဲ့မိတ်ဆွေတွေအားလုံးက ငြိမ်းချမ်းမှုနဲ့အောင်မြင်ကြီးပွားမှုကို ရမယ်။ လက်ရှိမှာ အမှောင်လေအဖွဲ့က ကမ္ဘာ့အကြီးမားဆုံးသတင်းအချက်အလက်အေဂျင်စီဆိုပေမယ့် အနာဂတ်ကျရင် ငါတည်ထောင်ထားတဲ့အေဂျင်စီက သူ့နေရာကို သေချာပေါက် အစားထိုးလိမ့်မယ်"

"မင်းက မင်းရဲ့ကိုယ်ပိုင်သတင်းအချက်အလက်အေဂျင်စီကို တည်ထောင်ခဲ့တာလား၊ သူဌေး"တွမ်ရက်ဂျီက ထိတ်လန့်တုန်လှုပ်နေသောမျက်နှာနှင့် အလျင်စလို‌မေးလိုက်သည်။

"ဒါပေါ့၊ မင်းက မင်းရဲ့ကိုယ်ပိုင်လျှို့ဝှက်ချက်ကို ထိန်းသိမ်းချင်ရင် အခြားသူတွေ စုံစမ်းတာကို တားဆီးချင်ရင် မင်းကိုယ်တိုင် သတင်းအချက်အလက်ကွန်ရက်ရဲ့အရှင်သခင်ဖြစ်အောင် လုပ်ရမယ်"ထန်ရှုက ပေါ့ပေါ့ပါးပါးပြောလေသည်"အခု ငါ့နောက်လိုက်ရတာ ကောင်းချီတစ်ခုဆိုတာ မင်း သဘောပေါက်ပြီမလား။ ဒါက မိုအားဝူနဲ့အခြားသူတွေအတွက်လဲ အတူတူပဲ။ ငါက မင်းကို ခွန်အားပေးရုံသာမက အခွင့်အလမ်းတွေလဲ ပေးနိုင်တယ်၊ ဒါပေမယ့် မင်းက ငါနဲ့အတူပြောင်မြောက်တဲ့ရန်သူတွေကို ရင်ဆိုင်ရလိမ့်မယ်။ မင်းက အဆုံးထိ ရှင်သန်နိုင်မယ်ဆိုရင် ကမ္ဘာ့အသန်မာဆုံးလူတွေထဲကတစ်ယောက်ဖြစ်အောင် မင်းကိုယ်တိုင် ကြိုးစားလို့ရတယ်။ ဒါပေမယ့် မင်းက စောစောသေသွားရင်တော့ ငါတို့အဖွဲ့အစည်းရဲ့အထိမ်းအမှတ်ကျောက်ပြားပေါ်မှာသာ မှတ်တမ်းတင်ခံရလိမ့်မယ်"

အခွင့်အလမ်းနှင့်စိန်ခေါ်မှုများက ဒင်္ဂါးပြား၏မျက်နှာနှစ်ဖက်လိုပင်၊ တွမ်ရက်ဂျီက ဤအမှန်တရားကို သိသည်။ ဤနှစ်များတစ်လျှောက် သူက အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများအား မျှဝေခံစားခဲ့ရ၏။ သူက ကြောက်စရာကောင်းသောတည်ရှ်ိမှုများအား ကြားဖူးသော်လည်း တစ်ယောက်မှ ထန်ရှုနှင့် မယှဉ်နိုင်ပေ။

သန်မာရန်အတွက် လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အားကိုးရမည်၊ ကမ္ဘာ့ထိပ်ဆုံးတွင်ရပ်တည်နိုင်သူများက သွေးခင်းလမ်းများ၊ အလောင်းကောင်များအား ဖြတ်လျှောက်လာရသည်သာ ဖြစ်၏။

ပြင်းထန်သောတိုက်ခိုက်လိုစိတ်က တွမ်ရက်ဂျီ၏နှလုံးသားထဲ၌ မွေးဖွားလာသည်။ ထန်ရှုကဲ့သို့ကြမ်းကြုတ်ရက်စက်သောလူတစ်ယောက်အား သစ္စာစောင့်သိရန် သူက ဆန္ဒရှိ၏။ သူ့စိတ်ထဲ၌ ဤရည်ရွယ်ချက် တဖွားဖွားပေါ်လာသည့်နှင့်အတူ သူက ပိုသန်မာပြီးအဆုံးမဲ့သောအောင်မြင်မှုများအား အလိုရှိလျှင် ထန်ရှုနောက်လိုက်ရမည်ကို သဘောပေါက်လာသည်။

"ဒါဆို ငါ့အသက်ကို မင်းထံ အပ်နှင်ထားပါ့မယ်၊ သူဌေး"

"သူတို့ရဲ့အသက်ကို ငါ့ဆီ အပ်နှံတဲ့အထိ သစ္စာစောင့်သိသူတွေက ငါ့ရဲ့ညီအကိုတွေပဲ"ထန်ရှုက ပြုံးကာ ပြော၏"ခရီးလမ်းတစ်လျှောက် ငါနဲ့အတူ မရေမတွက်နိုင်တဲ့အန္တရာယ်တွေ၊ သေရေးရှင်ရေးအခြေအနေတွေကို ရင်ဆိုင်ရမှာဆိုပေမယ့် ငါ့ညီအကိုတွေ အသက်ဆက်ရှင်နေအောင် ငါ အကောင်းဆုံးကြိုးစားသွားမှာပါ။ ငါ မင်းကို မြင့်မြင့်တွေးထားတာကြောင့် ကြိုးစားအလုပ်လုပ်ပါ"

"ငါ ဆန္ဒရှိပါတယ်"တွမ်ရက်ဂျီက ပြတ်သားစွာ ခေါင်းညိတ်လိုက်လေသည်။

ထန်ရှုက စီးကရက်တစ်လိပ် ထုတ်လိုက်သည်၊ သူက မီးခြစ်အား မယူထုတ်ရသေးခင် တွမ်ရက်ဂီက မီးခြစ်တစ်ခုအား လျင်မြန်စွာ ထုတ်လျက် သူ့အတွက် မီးညှိပေးလိုက်သည်။

"တွမ်၊ အန်ကယ်စုန့်ကို ချက်ချင်းဆက်သွယ်ပါ။ စိုင်းဖန်ရဲ့ပေါက်ကွဲမှုကြီးက ငါတို့တွေအခွင့်ကောင်းယူနိုင်မယ့် အခွင့်အလမ်းတစ်ခုပဲ"ထန်ရှုက ပြော၏"ခါစစ်ထ်က ဒီည အသက်ရှိတော့မှာ မဟုတ်ပါဘူး၊  ဒါပေမယ့် ပေါက်ကွဲမှုကို သူ့အပေါ် အပြစ်တင်ရမယ်၊ မင်းရဲ့စွမ်းရည်ကို ဘယ်လို အသုံးချမလဲ ငါ ကြည့်မယ်"

တွမ်ရက်ဂျီ၏အမူအရာက အနည်းငယ်ရှုပ်ထွေးသလိုဖြစ်သွားသော်လည်း သူက ခေါင်းညိတ်ကာ ပြောလေ၏"ဒါဆို ငါ သူ့ကို ဆက်သွယ်လိုက်ပါ့မယ်"

သူက ကြောက်ရွံ့မိ၏။ ထန်ရှုအား လေးစားခြင်းနှင့်အတူ ကြောက်ရွံ့စိုးထိတ်ခြင်းက ကောင်းကင်ထိတိုင် မြင့်တက်သွားသည်။ ထန်ရှု၏လုပ်ဆောင်ချက်တစ်ခုစိိီက အခြားတစ်ခုနှင့် ချိတ်ဆက်နေပြီး အခြားရည်ရွယ်ချက်များအား ပုံဖော်နေလေသည်။ လူအချို့က အကြံအစည်များချကာ ထိုအပေါ်တွင် အောင်မြင်မှုများရလာပြီး အကျိုးအမြတ်များအား ရိတ်သိမ်းလျက် ချမ်းသာလာကြသည်။ သို့သော် ထန်ရှုက အကြံအစည်အောင်မြင်ကာ အကျိုးအမြတ်ရရုံမျှနှင့် မရပ်တန့်ပေ၊ အခြားသူများအား ကတုံးပေါ်ထိပ်ကွက်ကြားသင့်ခံစေ၏။

.

ခြံဝင်းတွင် ရပ်နေလျက် တွမ်ရက်ဂျီထွက်ခွာသည်အား ကျေနပ်သောအမူအရာနှင့် စောင့်ကြည့်နေလေသည်။ ယခု တွမ်ရက်ဂျီက သူ့အပေါ် လုံးလုံးလျားလျားသစ္စာခံလာသည်ကို သူ ပြောနိုင်၏။

တွမ်ရက်ဂျီအား တန်ဖိုးထားရသည့်အကြောင်းရင်းက သူ၏အသုံးဝင်မှုအား သိသောကြောင့်ပင်၊ ထိုအသုံးဝင်မှုက မိုအားဝူထက် သာလွန်သည်။ သို့သော် တိုက်ခိုက်ရေးစွမ်းပကားမဟုတ်၊ ကိစ္စရပ်များအား စီမံခန့်ခွဲနိုင်သည့်စွမ်းရည်ဖြစ်၏။

မိုအားဝူက အလွန်သန်မာပြီး သူ၏အသတ်အဖြတ်စွမ်းရည်က ထူးချွန်သည်။ သို့သော်ကိုယ်ပိုင်စွမ်းရည်ကို အားကိုးကာ ကိုယ်ပိုင်အင်အားများဖွဲ့စည်းထားနိုင်သော တွမ်ရက်ဂျီကဲ့သို့ အောင်မြင်မှုရရန် မျှော်လင့်ထားခြင်းက သူ့အတွက် အလွန်အမင်းမြင့်မားသောအမိန့်တစ်ခုပင်။

အခြားတစ်နည်းဖြင့်ဆိုလျှင် မိုအားဝူက စစ်သည်တော်တစ်ယောက်သို့မဟုတ်ဗိုလ်ချုပ်တစ်‌ယောက်ဖြစ်သော်လည်း စစ်သေနာပတိတစ်ယောက်မဖြစ်လာနိုင်ပေ။ အခြားတစ်ဖက်တွင် တွမ်ရက်ဂျီက ဗိုလ်ချုပ်တစ်‌ယောက်အဖြစ် တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နိုင်ရုံသာမက စစ်သေနာပတိတစ်ယောက်အဖြစ် နည်းဗူဟာများများ ချမှတ်နိုင်ပေသည်။

****

ကြည်လင်သောကောင်းကင်ပြာအောက်တွင် ဇိမ်ခံရွက်လှေတစ်စီးက ပင်လယ်လှိုင်းလုံးများပေါ်တွင် ခုတ်မောင်းလာရင်း ရုတ်တရက် ရပ်လိုက်၏။ သာယာနာပျော်ဖွယ်ရယ်သံများက ပျံ့နှံ့လာနေပြီး ရွှက်လှေပေါ်တွင် အလှလေးများက ရှန်ပိန်၊ ဝိုင်နှင့် အခြားအရသာရှိသည်များအား ဧည့်ခံပေးနေလေသည်။

သူ့လက်နှစ်ဖက်က လှုပ်ရှားနေလျက် ‌ကျေနပ်သဘောကျသောအသွင်တစ်ခုက ခါစစ်ထ်၏မျက်နှာပေါ်တွင် ကပ်ငြိနေ၏။ သူက ဘီကီနီသာဝတ်ထားသည့်အချောအလှဒါဇင်ကျော်နှင့် ရယ်မောကျီစယ်ကစားနေလျက်ရှိသည်။

ရွက်လှေ၏အခန်းငယ်တစ်ခုထဲတွင် အေးစက်သောအမူအရာများနှင့်လူသန်နှစ်ယောက်က တိတ်တဆိတ်စောင့်ကြပ်‌နေသည်။ အချောအလှလေးများက ဝန်းရံနေသော်လည်း သူတို့၏အမူအရာက လုံးဝပြောင်းလဲခြင်းမရှိပေ။

ကရင်း၊ ကရင်း၊ ကရင်း.....

ဖုန်းမြည်လာပြီး လူသန်တစ်ယောက်က သူ့ဖုန်းအား ထုတ်လိုက်သည်။ ဖုန်းမျက်နှာပြင်အား ကြည့်ပြီးနောက် အဖြေခလုတ်အား နှိပ်ကာ သူက မေးလိုက်၏"တစ်ခုခုဖြစ်လို့လား"

"......"

မိနစ်ဝက်ကြာပြီးနောက် လူသန်များက ခါစစ်ထ်ထံ လျင်မြန်စွာ တင်ပြလာ၏"ကြီးကြီးမားမားတစ်ခုခုဖြစ်ပျက်ခဲ့တယ်၊ သူဌေး......"

ခါစစ်ထ်၏အပြုံးက လျှောကျသွားပြီး စက္ကန့်အနည်းငယ်နှုတ်ဆိတ်သွားပြီးနောက် သူက မိန်းကလေးများအား ထွက်သွားရန် အမိန့်ပေးလိုက်သည်။ များမကြာမီ အခန်းထဲတွင် သူနှင့်သူ့လူများသာ ကျန်တော့၏။ အခန်းတံခါးအား ပိတ်လိုက်ပြီး သူက မျက်နှာမှုန်မှုန်ကုတ်ကုတ်နှင့် ပြောလေသည်"ငါ့ရဲ့ခံစားချက်ကောင်းကို အနှောင့်အယှက်လာပေးနေတာပဲ။ မင်းတို့ရဲ့တင်ပြချက်က အသေးအဖွဲသာဆိုရင် ရလဒ်ကို မင်းတို့ သိစေရမယ်"

"ကမ်းခြေဧရိယာရဲ့တောင်ကုန်းတစ်ခုမှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူတစ်ရာကျော်သေသွားခဲ့တယ်။ ပိုတိတိကျကျပြောရရင် ပေါက်ကွဲမှုရဲ့တည်‌‌နေရာက စိုင်းဖန်ရဲ့အမှောင်လေဌာနခွဲပဲ"

"ဘာ....."

တုန်လှုပ်သွားပြီး ခါစစ်ထ်က ဆိုဖာမှ ရုတ်တရက်ထရပ်လိုက်မိလေ၏။

"သတင်းအရ ပေါက်ကွဲမှုဖြစ်‌တဲ့‌နေရာမှာ ဒိုင်းနမိုက်တွေအများကြီး သိုလှောင်ထားတယ်တဲ့" လူသန်ကြီးက ဆက်ပြောလိုက်လေသည်"ထိုပေါက်ကွဲမှုကသာ မြို့ထဲမှာ ဖြစ်ခဲ့မယ်‌ဆိုရင် သေဆုံးမှုအရေအတွက်က လူတစ်သောင်းကျော်သွားလိမ့်မယ်"

ကရင်း၊ ကရင်း၊ ကရင်း....

သူ့အသံက  ပျောက်ကွယ်သွားပြီး ဖုန်းက ထပ်မြည်လာ၏။

လူသန်ကြီးက ဖုန်းအား ထပ်ကိုင်ပြန်၏။ တင်ပြချက်အား ခဏနားထောင်ပြီးနောက် နေရာမှာတင် ငြိမ်သက်နေမိကာ ဖုန်းချပြီးနောက် သူက ပြောလိုက်သည်"မင်း ဒုက္ခများပြီးထင်တယ်၊ ဆရာ"

"ဘာဒုက္ခလဲ"ခါစစ်ထ်က အလျင်စလိုမေး၏။

"စိုင်းဖန်မှာ အမှောင်လေအဖွဲ့အစည်းရဲ့ဌာနခွဲ တည်ထောင်တာကို သည်းမခံနိုင်လို့ မင်းရဲ့လူတွေကို လွှတ်ပြီး ဖောက်ခွဲစေခဲ့တာလို့ သတင်းက ပြောတယ်"လူသန်ကြီးက ရှင်းပြ၏"ပြီးတော့ သံသယဖြစ်တာကို ရှောင်ဖို့ မင်းက အပန်းဖြေခရီးဟန်ပြထွက်ခဲ့တာတဲ့။ အတိုချုပ်ပြောရရင် မင်း အပန်းဖြေခရီးထွက်တဲ့သတင်းက ပျံ့နှံ့နေပြီ"

"ဒါက လုံးဝကို လုပ်ကြံတာပဲ"ခါစစ်ထ်က ဒေါသတကြီးပြောလိုက်သည်"တစ်ယောက်ယောက်က ငါ့ကို အကွက်ဆင်ပြီး ကြားသင့်ခံအောင် လုပ်နေတာပဲ"

"ဖြစ်နိုင်တယ်၊ အရေးကြီးတဲ့ပြဿနာက မင်းရဲ့ကိုယ်ရဲတော်တွေရဲ့အလောင်းအချို့ကို ပေါက်ကွဲတဲ့နေရာမှာ တွေ့ရတာပဲ"လူသန်ကြီးက ပြော၏"ထိုနေရာမှာ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တဲ့အရိပ်အယောင်တွေလဲ ရှိတယ်၊ ဒါကြောင့်....."

ချက်ချင်းပင် ပြဿနာ၏အရေးကြီးမှုအား ခါစစ်ထ်က သိသွားလေသည်။ သူ့စိတ်ထဲတွင် ပထမဆုံးဝင်ရောက်လာသည့်အတွေးက သူ၏နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့်စမ့်‌ဟွေပင်၊ ဤလူက သူ့အား အကောက်ကြံသည့်လက်သည်တရားခံဟု သူက သံသယရှိသည်။

သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုဆူပွက်လာလျက် ခါစစ်ထ်က အမိန့်ပေးလိုက်သည်"ဘလန့်နဲ့တွမ်ရက်ဂျီတို့ကို ဆက်သွယ်။ တစ်ယောက်ယောက်က ငါ့ကို လုပ်ကြံနေတာ၊ ဒါပေမယ့် ငါ ဒီအတိုင်း သေဖို့ ထိုင်စောင့်နေလို့မရဘူး။ သူက တိုက်ခိုက်ချင်တယ်ဆိုလဲ ငါက အရာအားလုံး ဆုတ်ဖြဲပြီး ဒင်းကို ငရဲပြည်ပို့ရတာပေါ့" ခါစစ်ထ်က သတ်ဖြတ်လိုစိတ်တို့ တလက်လက်ထလျက် အော်ပြောလိုက်သည်။

"အာ....."

ဘုရားသခင်.....ဒါက လူတစ်ယောက်လား"

"ငါ အိမ်မက်မက်နေတာလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

“…”

အံ့အားသင့်စွာရေရွတ်သံများက အခန်းအပြင်ဘက်ရှိမိန်းကလေးများထံမှ ပေါ်ထွက်လာနေ၏။

ခါစစ်ထ်နှင့်လူသန်ကြိီးနှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်က တစ်ခုခုအား ရုတ်တရက် သဘောပေါက်ကာ အခန်းမှ ချက်ချင်းပြေးထွက်သွား၏။ သူတို့က ကုန်းပတ်ပေါ်သို့ ရောက်လာသောအခါ မြင်ကွင်းတစ်ခုက သူတို့၏မျက်စိရှေ့မှောက်၌ ထွက်ပေါ်လာသည်၊ အဖြူရောင်ဝတ်ချောမောခန့်ညားသောလူငယ်တစ်ယောက်က ရေပြင်ပေါ်တွင် ခြေချနင်းလျက် သ‌င်္ဘောဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာနေ၏။

***

All Chapters