မည်မျှရဲရင့်သော သူရဲကောင်းနည်း
Vol. 74 Ch. 1020
ကျန်းရီသည် ဤတစ်ခေါက်တွင် စီစဉ်ထားသည့်အတိုင်း မလုပ်နိုင်ခဲ့ပေ။ သူ တိုက်ပွဲအလယ်သို့ မရောက်နိုင်ခင်မှာပင် တောင်ဘက်မှနေ၍ ထူးဆန်း၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာလေသည်။ သူသည် တောင်ကဲ့သို့သော ထိုအရှိန်အဝါကို အကြိမ်များစွာ ခံစားခဲ့ဖူးပေသည်။ ထိုကဲ့သို့သော အရှိန်အဝါတစ်ခုအောက်တွင် သူ၏ အမြန်နှုန်းက နှေးလာသည်။ သူ၏စိတ်ဓာတ်သာ မခိုင်မာလျှင် ယခု သူ၏ ခြေထောက်များက တုန်ယင်နေလောက်ပေသည်။
နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်တစ်ယောက်...
နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်တစ်ယောက် ရှိနေလျှင် ကျန်းရီ အနားသို့ သိပ်မကပ်ဝံ့ပေ။ ထိုသို့သော သိုင်းပညာရှင်များက အလွန်ခက်ထန်ကာ ရက်စက်ပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် စွမ်းရည်များ ပိုင်ဆိုင်ကြသည်။ အကယ်၍ အခြေအနေ ဆိုးဝါးလာပါက သူ ထွက်ပြေးနိုင်မည်ပင် မဟုတ်ချေ။
‘သူက လူပုမျိုးနွယ်က နတ်ဘုရားတစ်ပိုင်း ပညာရှင်လား’
ကျန်းရီ တိတ်တဆိတ် တွေးတောလိုက်၏။ မကြာခင်မှာပင် ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။
“ဓားခုတ်ကောင်ဂိုဏ်း... အခုချက်ချင်း ရပ်လိုက်။ မဟုတ်ရင်တော့ ငါ့ကို မညှာဘူးဆိုပြီး အဆိုးမဆိုနဲ့”
“မျိုးနွယ်ခေါင်းဆောင်...”
“မျိုးနွယ်ခေါင်းဆောင်... ဓားခုတ်ကောင်ဂိုဏ်းက ကျွန်တော်တို့ လူတွေအများကြီးကို သတ်ပစ်လိုက်ပါတယ်။ ခေါင်းဆောင် ကျွန်တော်တို့အတွက် လက်စားချေပေးပါ”
“မျိုးနွယ်ခေါင်းဆောင်... ဓားခုတ်ကောင်ဂိုဏ်းက မောက်မာလွန်းပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ရေခဲသားရဲဘုရင်ကို လိုချင်ရုံတင်မကဘူး ကျွန်တော်တို့ကိုလည်း သတ်ချင်နေတာပါ”
ဝမ်းနည်းစွာပြောလိုက်သံများ၊ ဒေါသတကြီးပြောလိုက်သံများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။ ရောက်လာသူမှာ လူပုမျိုးနွယ်က မျိုးနွယ်ခေါင်းဆောင်ဖြစ်ကြောင်း ကျန်းရီ ချက်ချင်း သဘောပေါက်သွားလေသည်။ ထို့ကြောင့် သူ မြောက်ဘက်သို့ မသိမသာ သွားလိုက်ပြီး လူအုပ်ကြားထဲရောကာ ပုန်းကွယ်နေလိုက်သည်။ မြောက်ဘက်တွင် ကျားနိုင်ဂိုဏ်းမှ လူများစွာ ရှိနေပြီး အခြားမျိုးနွယ်မှ လူများလည်း ရှိနေသည်။ သူသာ ထိုဘက်တွင် ပုန်းအောင်းနေလျှင် အလွယ်တကူ ပေါ်သွားမည် မဟုတ်ပေ။
“ဓားခုတ်ကောင်ဂိုဏ်း... မင်းတို့က ငါ့လူတွေကို သတ်ရဲတယ်ပေါ့လေ။ ဒီနေ့ မင်းတို့ ရှင်းပြချက် မပေးဘူးဆိုရင် မင်းတို့အကုန်လုံး ဒီမှာပဲ သေရလိမ့်မယ်”
လူပုမျိုးနွယ်ခေါင်းဆောင်၏ ကျယ်လောင်သောအသံကြီး ထပ်မံ ထွက်ပေါ်လာသည်။ သူ့အရှိန်အဝါ၏ ဖိအားကလည်း ပိုအားကောင်းလာသည်။ ထို့ကြောင့် ကျန်းရီ၏ အမြန်နှုန်းက ထပ်မံလျော့ကျသွားလေသည်။ ကျန်းရီသည် သူ့အရှေ့ရှိ နှင်းဒေသမှ မျိုးနွယ်များစွာက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်ကို တွေ့လိုက်၏။ သူတို့၏ မျက်နှာများပေါ်တွင်လည်း အကြောက်တရားနှင့် ပြည့်နှက်နေသည်။ ဤပွဲက ကြည့်၍ကောင်းသော်လည်း အကယ်၍ လူပုမျိုးနွယ်ခေါင်းဆောင်က ရူးသွပ်သွားပြီး ဤနေရာရှိ လူအားလုံးကို သတ်ပစ်မည်ဆိုပါက သူတို့ မြေစာပင် ဖြစ်ရပေလိမ့်မည်။
သို့သော် ချောင်တွမ်ထျန်းတို့က နောက်မဆုတ်လိုက်ကြပေ။ လူပုမျိုးနွယ်ခေါင်းဆောင်က ရဲတင်းလျှင်ပင် ကျားနိုင်ဂိုဏ်းက မည်သူ့ကိုမှ ထိဝံ့မည် မဟုတ်ချေ။
“ဟွန်း...”
ထိုအခိုက်တွင် အနောက်မြောက်ဘက်မှနေ၍ လေးလံ၊ အေးစက်သော နှာမှုတ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ထက်ရှသော ဓားသွားများအလား လူအားလုံး၏ ရင်ဘတ်အတွင်းသို့ ဖောက်ဝင်သွားသည်။ ကျန်းရီသည်လည်း သူ့စိတ်ဝိညာဉ်ထဲမှ နာကျင်မှုကို ခံစားလိုက်ရပြီး ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့နှုတ်ခမ်းစွန်းမှနေ၍လည်း သွေးများစီးကျလာသည်။
ထွက်ပြေးနေသော နှင်းဒေသမျိုးနွယ်များထဲမှ တစ်ဝက်ကျော်ကျော်သည်လည်း မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ အချို့ဆိုလျှင် မြေပြင်ပေါ်တွင် နာကျင်တကြီး လူလှိမ့်နေလေသည်။ စွမ်းအားကြီး သိုင်းသမားများက ကြောက်ရွံ့တုန်လှုပ်ဟန်ဖြင့် အနောက်မြောက်ဘက်သို့ ကြည့်လိုက်ကြသည်။ ထိုစဉ် တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်လိုက်သည်။
“ဓားခုတ်ကောင် ရောက်လာပြီ”
ဓားခုတ်ကောင်ဆိုသည်မှာ လူတစ်ယောက်၏အမည် မဟုတ်ပေ။ ယင်းက ဓားခုတ်ကောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို ခေါ်ခြင်းဖြစ်သည်။
နှင်းဒေသ၏ တတိယအင်အားအကြီးဆုံးသူ ထွက်ပေါ်လာပေပြီ။ သူ၏ နှာမှုတ်သံတစ်ချက်ကပင် ဤနေရာရှိ လူတစ်ဝက်ကျော်လောက်ကို မြေပြင်ပေါ် လဲကျသွားစေနိုင်သည်။ ကျန်းရီသည် ထိုစွမ်းအားအဆင့်ကို လေးစားနေလေသည်။ သူသည် အရှေ့သို့ ခြေတစ်လှမ်းပင် မတိုးဝံ့တော့ဘဲ တောင်ငယ်လေးတစ်လုံး၏ အခြေတွင် ပုန်းအောင်းကာ အနောက်မြောက်ဘက်သို့ ကြည့်လိုက်သည်။
ဝှစ်...
ကောင်းကင်မှနေ၍ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက် ပျံသန်းလာ၏။ သူ၏ အရှိန်က မြန်လွန်းသဖြင့် ကျန်းရီသည် သူ့ကို ရှင်းရှင်းလင်းလင်းပင် မမြင်နိုင်လိုက်ပေ။ သူက အဖြူရောင်အလင်းတန်းတစ်ခုအလား ကောင်းကင်ကို ဖြတ်သန်းသွားခြင်းပင်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလူက ကျန်းရီ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားပေပြီ။ ကျန်းရီသည် ရှိန်လောက်ဖွယ်ကောင်းသော လူရိပ်တစ်ခုကိုသာ မြင်လိုက်ရပေသည်။
“ချိုးရှန်... မင်းက ငါ့လူတွေကို သတ်ချင်နေတာလား။ မင်း ငါ့ကိုရော သတ်နိုင်ပါ့မလား”
မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။ ကျန်းရီသည် နားပင်အူသွား၏။ ထို့နောက် သူသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ လေထဲရှိ လူနှစ်ယောက်ကို အာရုံခံလိုက်၏။ ထိုလူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ရှစ်မိုင်ခြားနေသည်။
လူပုမျိုးနွယ်ခေါင်းဆောင်သည် နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက် ဖြစ်သော်လည်း အရပ်က သုံးပေလောက်သာ ရှိပေသည်။ သူသည် ရွှေဝါရောင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မျက်လုံးကျယ်ကာ မျက်ခုံးထူးသည်။ သူ၏ပုံစံက အလွန်မောက်မာပုံပေါ်သော်လည်း အရပ်က ပုနေသဖြင့် အတန်ငယ် ရယ်ရွှင်ဖွယ်ဖြစ်နေလေသည်။
လူပုမျိုးနွယ်ခေါင်းဆောင်နှင့် ရှစ်မိုင်အကွာရှိ လေထဲတွင် ရှိန်လောက်ဖွယ် လူတစ်ယောက် ရပ်နေသည်။ ထိုလူ၏ ဦးခေါင်းပေါ်တွင် ဓားကဲ့သို့သော ငွေရောင်ဦးချိုတစ်ချောင်း ရှိပေသည်။ သူ၏မျက်လုံးများက တြိဂံပုံဖြစ်ပြီး ငွေရောင်လင်းလက်နေလေသည်။ ထိုငွေရောင်မျက်ဝန်းများနှင့် ငွေရောင်ဦးချိုတို့က ကြည့်မိသူအားလုံး၏ ရင်ထဲသို့ အကြောက်တရား ရိုက်သွင်းနိုင်လေသည်။
လူပုမျိုးနွယ်ခေါင်းဆောင် ချိုးရှန်၏ မျက်ဝန်းများထဲတွင် ဒေါသခိုးများ ပြည့်နှက်သွားသည်။ ချိုးပိုင်၊ အကြီးအကဲသုံးဆယ်၊ တပ်မှူးနှစ်ဆယ်နှင့် တပ်သားနှစ်ထောင်ကျော်တို့က ရေခဲကျွန်းပေါ်တွင် သေခဲ့သည်။ ယခုတွင် နောက်ထပ် လူပုလေးထောင်ကျော် ငါးထောင်နီးပါး ထပ်သေသွားပေပြီ။ သေသွားသူများထဲတွင် သိုင်းပညာရှင်များစွာ ပါဝင်သည်။ လူပုမျိုးနွယ်တွင် လူပုများစွာ ရှိသော်လည်း သိုင်းပညာရှင်များကတော့ အနည်းငယ်သာ ရှိသည်။ အကယ်၍ သိုင်းပညာရှင်များသာ ထိုအတိုင်း ဆက်သေနေပါက သူသည် အမိန့်ပေးစရာလူ မရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
ချိုးရှန်သည် လူများစွာ၏ အရှေ့တွင် သူရဲဘောကြောင်သူတစ်ယောက်ဟု အထင်မခံလို၍ ခက်ခက်ထန်ထန် ပြောလိုက်လေသည်။
“ဓားခုတ်ကောင်... ငါက မင်းကို ကြောက်မယ်လို့ ထင်လို့လား။ မင်းတို့လူတွေက ငါ့လူတွေအများကြီးကို သတ်ခဲ့တာ။ ဒီနေ့ မင်းတို့ ရှင်းပြချက် မပေးနိုင်ဘူးဆိုရင် ငါ မင်းတို့ကို သတ်ပစ်ရမှာပဲ”
ဓားခုတ်ကောင်သည် လက်နောက်ပစ်လိုက်ပြီး ဝံ့ကြွားစွာ ပြောလိုက်၏။
“မင်းလိုကောင်ကလား... မလုံလောက်သေးဘူး...”
“ဟားဟားဟား... ငါတို့ပါ ပါမယ်ဆိုရင်ရော”
တောင်ဘက်မှနေ၍ ကျယ်လောင်သော ရယ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက်တွင် ကောင်းကင်မှနေ၍ လူနှစ်ယောက် ဆင်းသက်လာ၏။ တစ်ယောက်က အနီရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူ၏ဆံပင်များကလည်း အနီရောင်ပင်ဖြစ်သည်။ သူ၏မုတ်ဆိတ်များသည်ပင် အနီရောင်ဖြစ်သည်။
ကျန်တစ်ယောက်မှာမူ ဧရာမလူကြီးတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် သာမန်အမွေးရှည်ဆင်မျိုးနွယ်ဝင်များထက် ပိုအရပ်ရှည်ကာ ပိုထွားကြိုင်းပေသည်။ သူက ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ပင်။ သူသည် ချိုးရှန်၏ဘေးတွင် ရပ်လိုက်ပြီး ရွှင်ပြသော မျက်ဝန်းများဖြင့် လက်ဆုပ်ကာ ပြောလိုက်လေသည်။
“ဓားခုတ်ကောင်... မင်းက တကယ်ပဲ သန်မာပါတယ်။ ဒါပေမဲ့ မင်း ငါတို့သုံးယောက်စလုံးကို တစ်ချိန်တည်း တိုက်ခိုက်နိုင်ပါ့မလား”
‘မီးနဂါးမျိုးနွယ်ခေါင်းဆောင်နဲ့ အမွေးရှည်ဆင်မျိုးနွယ်ခေါင်းဆောင် နှစ်ယောက်စလုံး ရောက်လာပြီ’
ကျန်းရီ တွေးလိုက်၏။ ထိုမျိုးနွယ်သုံးခုက နှင်းဒေသဂိုဏ်းဆယ်ဂိုဏ်းထဲတွင် အတော်လေး အဆင့်နိမ့်ပေသည်။ ထို့ကြောင့် သူတို့သည် မဟာမိတ်ဖွဲ့ခဲ့ပြီး အမြဲ အတူလှုပ်ရှားကြသည်။ ပြီးခဲ့သော ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် တိုက်ပွဲတွင်လည်း အမွေးရှည်ဆင်မျိုးနွယ်က တပ်သားသိန်းကျော်ခေါ်၍ ကောင်းကင်နတ်ဆိုးတောင်အနားတွင် တပ်ချထားခဲ့သည်။ ရေခဲကျွန်းတွင်လည်း မျိုးနွယ်ခေါင်းဆောင်ငယ် သုံးယောက်စလုံး ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ လူပုမျိုးနွယ်ကို ရှင်းပစ်လိုလျှင် ကျန်မျိုးနွယ်နှစ်ခုကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကလည်း ထိုအကြောင်းကို သိပုံပေါ်သည်။ ထို့ကြောင့် သူမတို့သည် လူပုမျိုးနွယ်ကို သူမတို့ဘာသာ ရှင်းမပစ်ဘဲ ကျန်းရီအား တာဝန်ပေးခြင်း ဖြစ်ပေမည်။
“ဟားဟားဟား...”
ဓားခုတ်ကောင်က ကျယ်လောင်စွာ ရယ်လိုက်သဖြင့် ကျန်းရီ၊ ချောင်တွမ်ထျန်းနှင့် အခြားသူများ အံ့အားသင့်သွားလေသည်။ ဓားခုတ်ကောင်သည် မျိုးနွယ်ခေါင်းဆောင်သုံးယောက်ကို စိုက်ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်၏။
“အရူးတွေ...အရူးတွေ၊ မင်းတို့သုံးယောက်ကို ပေါင်းလိုက်လည်း အရူးတစ်စုပဲ ဖြစ်သွားမှာပဲ။ မင်းတို့က ငါနဲ့ ကစားချင်တာလား။ အဲ့လိုဆိုမှတော့ ငါ မင်းတို့သုံးယောက်နဲ့ ကစားပေးရတာပေါ့။ ဓားခုတ်ကောင်ဂိုဏ်း... ငါ ပြောတာကို နားထောင်ကြ။ ငါတို့ ရေခဲသားရဲဘုရင်ကို ရရမယ်။ ငါတို့ကို တားရဲတဲ့သူ မှန်သမျှကို အညှာအတာမရှိ သတ်ပစ်ကြ။ ချိုးရှန်နဲ့ ဟိုနှစ်ယောက်... မင်းတို့က ငါနဲ့လိုက်ခဲ့”
ဝှစ်...
ဓားခုတ်ကောင်သည် ပြောဆိုပြီးနောက် အနောက်တောင်ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။ ချိုးရှန်နှင့် အခြားမျိုးနွယ်ခေါင်းဆောင်နှစ်ယောက်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ လက်ရှိအခြေအနေတွင် သူတို့ နောက်ဆုတ်လိုက်ပါက နှင်းဒေသတွင် ဆက်၍ ရပ်တည်နိုင်တော့မည် မဟုတ်ပေ။ မျိုးနွယ်သုံးခုစလုံးလည်း ထပ်မံခေါင်းဖော်နိုင်တော့မည် မဟုတ်ချေ။
ဝှစ်...ဝှစ်...
မျိုးနွယ်ခေါင်းဆောင်သုံးယောက်သည် အလင်းတန်းများအလား ဓားခုတ်ကောင်နောက်သို့ လိုက်သွားကြလေသည်။ လက်ရှိပတ်ဝန်းကျင်တွင် လူပုမျိုးနွယ်ဝင်များနှင့် ဓားခုတ်ကောင်မျိုးနွယ်ဝင်များ များစွာရှိနေသည်။ ထို့ပြင် မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့၏ စစ်တပ်များက မကြာခင် ရောက်ရှိလာတော့မည်ဖြစ်သည်။ အကယ်၍ နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးယောက်က ထိုအနားတွင်သာ တိုက်ခိုက်လိုက်လျှင် ထိုနေရာရှိ လူအားလုံး အမှုန့်ဖြစ်သွားပေလိမ့်မည်။
“ဓားခုတ်ကောင်က ဘယ်လောက်တောင် ရဲရင့်လိုက်တဲ့ သူရဲကောင်းလဲ”
ကျန်းရီ၊ ချောင်တွမ်ထျန်းနှင့် အခြားသူများအားလုံး မှင်တက်သွားပေသည်။ သုံးယောက်တစ်ယောက် တိုက်ခိုက်မည်ဖြစ်၍ ဓားခုတ်ကောင်က ရှုံးသည်ဖြစ်စေ၊ နိုင်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အရေးမပါတော့ပေ။ သူ၏အမည်က နှင်းဒေသတစ်ခွင်လုံးတွင် ပို၍ပင် ကျော်ကြားသွားတော့မည်ဖြစ်သည်။ အကယ်၍ သူသာ အနိုင်ရလာခဲ့ပါက သူ၏ဂုဏ်သတင်းက ကျားနိုင်ဂိုဏ်းချုပ် ချောင်ဖေးဝမ်ထက် နိမ့်တော့မည် မဟုတ်ချေ။
“သတ်ကြ...”
နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးယောက် ထွက်သွားပြီးနောက် ဓားခုတ်ကောင်ဂိုဏ်းသားများက ချက်ချင်း ထပ်မံတိုက်ခိုက်လိုက်ကြသည်။ သူတို့၏ ဂိုဏ်းချုပ်က အမိန့်ပေးခဲ့ပြီးပေပြီ။ ရေခဲသားရင်ဘုရင်က သူတို့အပိုင် ဖြစ်ရပေမည်။ ထိုသို့ဖြစ်လာရန် သူတို့ လူပုများကို သတ်ပစ်ရမည်ဖြစ်သည်။
ဓားခုတ်ကောင်ဂိုဏ်းက တိုက်ခိုက်လိုက်ရာ ကျန်နေသေးသော လူပုမျိုးနွယ်ဝင်များ သေဆုံးသွားကြလေသည်။ သူတို့သည် အရေအတွက် ခုနစ်ထောင်ကျော် ရှစ်ထောင်ခန့်မှနေ၍ နှစ်ထောင်မပြည့်တပြည့်သာ ကျန်တော့ပေသည်။ သို့သော် ဓားခုတ်ကောင်ဂိုဏ်းဘက်ကမူ လူရာဂဏန်းအနည်းငယ်လောက်သာ ဆုံးရှုံးပေသေးသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးယောက်၏ တိုက်ပွဲက မကြာခင်မှာပင် ပြီးဆုံးသွားမည်ဖြစ်သည်။ သို့သော် လူပုမျိုးနွယ်များက ငါးမိနစ်ထက်ပို၍ တောင့်ခံနိုင်မည့်ပုံ မပေါ်ပေ။
“သတ်ကြ...”
မကြာခင်မှာပင် အရှေ့တောင်ဘက်နှင့် အရှေ့မြောက်ဘက်မှနေ၍ အော်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်မှ စစ်တပ်များ ရောက်လာပေပြီ။ စစ်တပ်နှစ်တပ်ပေါင်း လူတစ်သောင်းကျော် ပါလာသည်ကို တွေ့လိုက်ရ၍ လူပုမျိုးနွယ် ပြန်၍ စိတ်အားတက်သွားသည်။ ထို့ကြောင့် သူတို့သည် ဓားခုတ်ကောင်ဂိုဏ်းကို ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်ကြလေသည်။
“အာ...”
ကျန်းရီနှင့် ချောင်တွမ်ထျန်းတို့သည်လည်း မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်မှ စစ်တပ်များ ရောက်လာကြောင်း သိလိုက်၏။ သူတို့နှစ်ယောက်စလုံး သက်ပြင်းလေးလေး ချလိုက်ကြသည်။ ယနေ့၏ ပရမ်းပတာတိုက်ပွဲကြီးသည် ကျန်းရီက ရေခဲကျွန်းပေါ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့၍ ဖြစ်ပေါ်လာခြင်းပင်။ သို့သော် ချောင်တွမ်ထျန်း၏ ဆောင်ရွက်ပုံကိုလည်း ထည့်မတွက်၍ မဖြစ်ပေ။ သူတို့နှစ်ယောက်စလုံးသည် အခြေအနေများက ဤမျှအထိ ရှုပ်ထွေးလာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။
‘ချောင်တွမ်ထျန်းနားမှာ လူအများကြီး မရှိဘူး။ ငါ သူ့ကို သတ်ပစ်ပြီး ကျားနိုင်ဂိုဏ်းကိုပါ တိုက်ပွဲထဲ ဆွဲသွင်းလိုက်ရမလား။ မိုရှန်းကရော သိုင်းပညာရှင်တွေကိုခေါ်ပြီး ရောက်လာလောက်လား။ တကယ်လို့ မိုရှန်းသာ ရောက်လာရင် ကိစ္စတွေက ပိုစိတ်လှုပ်ရှားစရာ ကောင်းလာမှာပဲ’
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက မိုင်အနည်းငယ်အကွာရှိ ချောင်တွမ်ထျန်းကို အာရုံခံလိုက်၏။ သူ တိတ်တဆိတ် တွေးတောနေပေသည်။ ရေက နောက်နေပြီဖြစ်ရာ အဘယ်ကြောင့် ပိုနောက်သွားအောင် မလုပ်ဘဲ နေရမည်နည်း။
***