← Chapters

စွန့်ပစ်ခံကလန်သို့ ဝင်ရောက်ခြင်း

Vol. 163 Ch. 2325

စွန့်ပစ်ခံကလန်သို့ ဝင်ရောက်ခြင်း

Vol. 163 Ch. 2325

ရီဖူရှင်းသည် သေရည်ဆိုင်၌ ငြိမ်သက်စွာ စောင့်နေသည်။ အရာအားလုံးသည် ငြိမ်သက်နေ၏။ သူတို့ကလည်း စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်ပေသည်။

သူတို့ စကားပြောနေစဉ်မှာပင် သေရည်ဆိုင်တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ရီဖူရှင်းတို့က သတိထားလိုက်ကြသလို တခြားတန်ခိုးရှင်များကလည်း ထိုင်နေရာမှ ထလိုက်ကြသည်။ သူတို့၏အပြုအမူက ရီဖူရှင်းတို့အား အံ့အားသင့်စေသည်။

မြောက်မြားစွာသော တန်ခိုးရှင်များသည် စွန့်ပစ်ခံကလန်ကို သစ္စာရှိမည်ဟု သူမထင်ထားပေ။

သေရည်ဆိုင်အပြင်ဘက်တွင် သည်နေရာသို့ လျှောက်လာသော လူတစ်စု ရှိနေသည်။ ရုတ်တရက် ထရပ်သော တန်ခိုးရှင်များအားလုံးသည် အသစ်ရောက်လာသော လူစုအား တလေးတစား နှုတ်ဆက်ကြသည်။ သူတို့၏လေးစားမှုမှာ စိတ်နှလုံးအတွင်းမှ လာဟန်ဖြစ်ကာ ဟန်ပြင်မဟုတ်သည်မှာ သေချာ၏။

လူစုခေါင်းဆောင်က ရီဖူရှင်းတို့ထံသို့ ရောက်လာသည်။ ထိုလူစုကိုမြင်လျှင် သူတို့မှာ စွန့်ပစ်ခံကလန်မှဖြစ်ကြောင်း ရီဖူရှင်း သိသည်။ သူတို့က အဘယ်ကြောင့် သူ့ထံသို့ လာသည်ကိုတော့ နားမလည်ပေ။

သူ၏အကဲဖြတ်မှုအရ သည်လူများမှာ စွန့်ပစ်ခံကလန်မှ ဖြစ်ကြသည်။ သူတို့အားလုံးမှာ သူတို့ကျင့်ကြံခြင်းအဆင့်၌ အလွန်အားကောင်းသူများဖြစ်ကြသည်။ သူတို့မှာ ရိုးရှင်းသော ဝတ်စုံများကိုသာ ဝတ်ထားသော်လည်း သူတို့၏ထူးခြားသော အရှိန်အဝါကိုမူ ဖုံးကွယ်ခြင်း မပြုနိုင်။ သူတို့က သည်အတိုင်းရပ်နေသော်လည်း ဖြိုဖျက်မရသော ကျောက်ဆောင်များအလား သန်မာသော ခံစားချက်ကို ပေးသည်။

“ကျုပ်တို့က စွန့်ပစ်ခံကလန်ကပါ။ အင်ပါယာရီနဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်၊ စီဝေ့ကောင်းကင်နဲ့ လေးမျက်နှာကျေးရွာတို့ကို လာကြိုဆိုတာပါ”  လူစုခေါင်းဆောင်က ရီဖူရှင်းတို့အား ပြောသည်။ ခေါင်းဆောင်ကား ဗုဒ္ဓကဲ့သို့ ဝတ်ဆင်ထားသော်လည်း လုံးဝ တူညီခြင်းတော့ မရှိချေ။ သူက လက်အုပ်မိုးကာ ပြောဆိုခြင်းဖြစ်ကာ  သူ့အမူအရာက စိတ်ရင်းဖြင့် လာခြင်းဖြစ်ကြောင်း သိနိုင်သည်။

ထို့အပြင် သည်လူများသည် ရီဖူရှင်းတို့၏အကြောင်းကို သိနေကာ တမင်လာရောက် နှုတ်ဆက်ခြင်းပင်။

ရှန်းယိကုန်းမြေမှလူများကလည်း အပြန်အလှန်အနေဖြင့် မူလဘုံကို စူးစမ်းလေ့လာပြီးသည်မှာ ထင်ရှားသည်။

တစ်ဘက်လူမှ တလေးတစားဆက်ဆံသည်တွင် ရီဖူရှင်းကလည်း ထရပ်ကာ ပြန်ပြောသည် “အကြီးအကဲက အရမ်းယဉ်ကျေးနေပါပြီ။ ကျုပ်တို့ ရုတ်တရက် လာလည်ပတ်တာက စွန့်ပစ်ခံကလန်ကို  နှောင့်ယှက်မိပြီ။ ကျုပ်တို့ကို ခွင့်လွှတ်ပေးစေချင်ပါတယ်”

“ဘယ်က အနှောင့်အယှက်ဖြစ်ရမှာလဲ။ ကျုပ်တို့က အာကာသမှာ မြောလွင့်နေခဲ့တာ ကြာလှပြီ။ အခု ပြင်ပလောက,ကနေပြီးတော့ ဧည့်သည်တွေ အများကြီး တွေ့ရတယ်။ စွန့်ပစ်ခံကလန်က ဒီလောက် မရိုင်းပါဘူး။ ကျုပ်တို့က အင်ပါယာရီကို စွန့်ပစ်ခံကလန်သို့ လာဖိတ်တာဖြစ်ပြီးတော့ ကျုပ်တို့အကြောင်းကို ပိုနားလည်ဖို့ မျှော်လင့်ထားပါတယ်” ထိုလူက ဆက်ပြောသည်တွင် ရီဖူရှင်း အံ့အားသင့်သွားသည်။

စွန့်ပစ်ခံကလန်က သူတို့အား လာရောက်ဖိတ်ကြားနေသည်။

သူတို့က ဝံပုလွေများအား အိမ်ထဲသို့ ဖိတ်ကြားမိမည်ကို မစိုးရိမ်ပေဘူးလား။

မူလဘုံနှင့် တခြားဒေသမှ အင်အားစုများသည် အလိုလောဘများဖြင့် ရောက်လာကြသည်ကို သူတို့ သတိမထားမိပေဘူးလား။

ရီဖူရှင်းက ထိုလူကို မေးသည် “အကြီးအကဲက ကျုပ်တို့ကို စွန့်ပစ်ခံကလန်သို့ ဖိတ်ကြားချင်တာလား”

“မှန်တယ်။ ဒါပေမဲ့ ကျုပ်တို့က ခင်ဗျားတို့အကြောင်း အသေးစိတ်မသိသေးဘူး။ ဒါကြောင့် အင်ပါယာရီကိုပဲ အရင်ဆုံး ကလန်သို့ ဖိတ်ကြားပြီးတော့ ကျုပ်တို့နဲ့ ရင်းနှီးမှု တည်ဆောက်ချင်တယ်” ထိုလူက တက်ကြွစွာ ပြောသည်။ သူ့အနီးမှ လူများကလည်း ရီဖူရှင်းကို ကြည့်နေကြသည်။ စွန့်ပစ်ခံကလန်က ရီဖူရှင်းအား သီးသန့်ဖိတ်ကြားနေသည်။ သူက လိုက်ပါလိုမည်လော။

သို့သော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များက မျက်မှောင်ကြုတ်လိုက်ကြသည်။ စွန့်ပစ်ခံကလန်သည် ပုံမှန်မဟုတ်သလို သူတို့မှာ အလွန်သန်မာသည်ကိုလည်း သိကြသည်။ ရီဖူရှင်းကိုထားဦး၊ ကောင်းကင်အာဏာစက်ကျောင်းတောသည်ပင် သူတို့အား ယှဉ်နိုင်ရန် မသေချာပေ။

ရီဖူရှင်းက စွန့်ပစ်ခံကလန်သို့ ဝင်ပြီးသည်နှင့် တစ်ဘက်လူ၏လက်တွင်းသို့ ကျသွားမည် စိုးရသည်။ တစ်ဘက်လူများသာ မကောင်းသော အကြံအစည်ရှိပါက အခြေအနေက ဆိုးဝါးသွားနိုင်ပေသည်။

“ခင်ဗျားတို့က ကျုပ်တို့အကြောင်း သိပ်မသိဘူး။ ကျုပ်တို့ကလည်း ခင်ဗျားတို့အကြောင်း သိပ်မသိဘူးလေ။ သူ့အတွက် ခင်ဗျားတို့ဆီကို တစ်ယောက်တည်း လိုက်ရမှာ အဆင်မပြေမှာ စိုးတယ်” ဖန်းကိုင့်က တက်လာကာ ပြောသည်။ ရီဖူရှင်း၏ဘေးကင်းမှုက အလွန်အရေးကြီးပေသည်။

“ဒီလိုဆိုရင်တော့ ကျုပ်တို့က အင်ပါယာရီကို ဖိတ်ကြားဖို့ အဆင်မပြေပါဘူး။ ကျုပ်တို့အတွက်တော့ အင်ပါယာရီတစ်ယောက်တည်းကိုပဲဖြစ်ဖြစ်၊ တခြားလူတွေပါရင်ပဲဖြစ်ဖြစ် အတူတူပါပဲ” ထိုလူက ဦးညွတ်ကာ ပြောသည်။ သူ၏လေသံအရ တခြားလူများက ရီဖူရှင်းနှင့်အတူ လိုက်ပါလာလျှင်လည်း သူတို့ကသာ မကောင်းသော ရည်ရွယ်ချက်များ ရှိပါက အတူတူပင်ဖြစ်ကြောင်း ဆိုလိုသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံး တိတ်ဆိတ်နေသည်။ ထိုစဉ် ရီဖူရှင်းက ပြုံးလျှက်ပြောသည် “ကျုပ်က အကြီးအကဲကို ယုံကြည်ပါတယ်။ ကျွန်တော် လိုက်ခဲ့ပါ့မယ်”

သူသည်လည်း စွန့်ပစ်ခံကလန်ကို စိတ်ဝင်စားရာ တစ်ဘက်လူက လာရောက်ဖိတ်ကြားမှတော့ သွားကြည့်လိုပေသည်။

“အင်ပါယာရီက နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” စွန့်ပစ်ခံကလန်က ဆက်ပြောသည် “ဒီလိုဆိုတော့ အင်ပါယာရီ ကြွပါ…”

“အကြီးအကဲ လမ်းပြပေးပါ” ရီဖူရှင်းက ပြန်ပြောသည်။ စွန့်ပစ်ခံကလန်မှ လူများက ဦးဆောင်ကာ သွားလျှင် ရီဖူရှင်းလည်း နောက်မှ လိုက်ပါသွားသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများက သူ့အား သေရည်ဆိုင်အပြင်ဘက်သို့ လိုက်ပို့ကြ၏။ သူတို့က နတ်အာရုံကို ဖြန့်ကျက်ကြည့်လျှင် တခြားသော ဖိတ်ကြားခံရသော တန်ခိုးရှင်များမှာလည်း စွန့်ပစ်ခံကလန်သို့ ဦးတည်နေကြောင်း သိကြရသည်။

ကြည့်ရသည်မှာ စွန့်ပစ်ခံကလန်က တခြားသော အင်အားစုများကိုလည်း ဖိတ်ကြားခဲ့ဟန်ရှိသည်။ သူတို့က အင်အားစုတစ်ခုစီတိုင်းမှ လူတိုင်းကို မဖိတ်ကြားလိုသည်မှာ သိပ်မထူးဆန်းတော့။

အတန်ကြာလျှင် ရီဖူရှင်းတို့သည် စွန့်ပစ်ခံကလန်၏အပြင်ဘက်သို့ ရောက်လာကြ၏။ တန်ခိုးရှင်များမှာ ကွဲပြားသော အရပ်များမှ လာကြကြောင်း သူ သတိထားမိသည်။ သူတို့က နတ်အာရုံများမှတစ်ဆင့် အချင်းချင်း သတိထားမိကြသည်။

“အင်ပါယာရီ… ကျေးဇူးပြုပြီးကြွပါ” ထိုလူက စွန့်ပစ်ခံကလန်အတွင်းသို့ ဝင်ရင်းဖြင့် ပြောသည်။ တခြားအင်အားစုများမှာလည်း ဖိတ်ကြားခံရသည်ကို တွေ့ရရာ ရီဖူရှင်းလည်း သံသယသိပ်မဝင်တော့။ စွန့်ပစ်ခံကလန်သည် မည်မျှ အင်အားကောင်းပါစေ၊ သူတို့က ထိပ်သီးအင်အားစုများအားလုံးကို အပြစ်လုပ်ရန် မတတ်နိုင်ပေ။

သို့ဆိုလျှင် သူတို့တွင် မည်သည့်ရည်ရွယ်ချက်များ ရှိသနည်း။

စွန့်ပစ်ခံကလန်အတွင်း၌ကား ဧရာမကြီးမားသော အဆောက်အဦများနှင့် ကျယ်ပြောသော မြေနေရာများ တည်ရှိသည်။ ရိုးရှင်းသော အဆောက်အဦများမှာလည်း နေရာအနှံ့တွင်ရှိနေကာ ၎င်းတို့မှ တန်ခိုးရှင် အများအပြား အပြင်ကို ထွက်လာကြ၏။ ရုတ်တရက် ရီဖူရှင်းသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားရသည်။ ၎င်းသည် သူ့အား ရည်ရွယ်ခြင်းမဟုတ်ဘဲ စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များအားလုံး ခံစားကြရခြင်းဖြစ်သည်။

All Chapters