← Chapters

ကျားပါးစပ်မှ အစာကို လုယူခြင်း

Vol. 74 Ch. 1021

ကျားပါးစပ်မှ အစာကို လုယူခြင်း

Vol. 74 Ch. 1021

မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့မှ သောင်းကျော်သောလူများ ရောက်ရှိလာခြင်းက တိုက်ပွဲအခြေအနေကို ပြောင်းပြန်ဖြစ်သွားစေသည်။ ဓားခုတ်ကောင်ဂိုဏ်းက လူပုမျိုးနွယ်နှင့် တိုက်ခိုက်‌နေစဉ်တွင် အသာစီးရထားသော်လည်း ယခုတွင်မူ သ‌ရေဖြစ်လာလေသည်။

အ‌မွေးရှည်ဆင်မျိုးနွယ်မှ လူများက ခြေလှမ်းကျဲကြီးများဖြင့် လူပုစစ်တပ်၏ အရှေ့သို့ သွားလိုက်ကြသည်။ သူတို့၏ ခုခံစွမ်းအားက ကြီးလှသဖြင့် သာမန်ဦးချိုဓားများက သူတို့ကို မသတ်နိုင်ကြပေ။ ထို့ပြင် မီးနဂါးမျိုးနွယ်က နှင်းဒေသ၏ မီးပါရဂူများဖြစ်ကြသည်။ သူတို့၏ မီးတောက်များက ကြောက်မက်ဖွယ်ကောင်းသည်။ ထိုမီးတောက်များက မီးမြွေများအဖြစ် ပြောင်းလဲနိုင်ကြသည်။ ထိုမီးမြွေများ၏ ရစ်ပတ်မှုကို ခံရပါက ပြာကျလျှင်ကျ၊ မကျလျှင် အပြင်းအထန် အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်သည်။

ဓားခုတ်ကောင်ဂိုဏ်းသားများအားလုံး စုဝေးထားကြ၏။ ထိုသို့စုဝေးမှသာ သူတို့၏ ဓားကွက်များကို အကောင်းဆုံး သက်ရောက်မှုရှိအောင် အဆက်မပြတ် ထုတ်လွှတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မီးနဂါးမျိုးနွယ်မှ မီးမြွေများအတွက် အကောင်းဆုံးပစ်မှတ်များ ဖြစ်နေသည်။ မီးနဂါးမျိုးနွယ်က သူတို့၏ မီးမြွေများကို ဓားခုတ်ကောင်ဂိုဏ်သားအုပ်ထဲသို့ တစ်ချက်ပစ်လွှတ်လိုက်လျှင် အနည်းဆုံး လူ တစ်ယောက်၊ နှစ်ယောက် သေဆုံးသွားနေသည်။

လူပုများကလည်း အမွေးရှည်ဆင်မျိုးနွယ်၏ အနောက်သို့ ဆုတ်ကာ နှင်းနဂါးများနှင့် မြေတုန်ထုချက်များကို စတင်ထုတ်လွှတ်လိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုများက ရန်သူများ၏ အရှိန်နှင့် ခုခံနိုင်စွမ်းကို လျှော့ချပစ်နိုင်ပြီး ရန်သူများ၏ ဆင်ခြင်နိုင်စွမ်းကိုလည်း အားနည်းသွားစေလေသည်။

အမှန်တွင်…

ထိုမျိုးနွယ်သုံးခု မဟာမိတ်ဖွဲ့ခဲ့ခြင်းမှာ သူတို့၏ ထူးခြားသော စွမ်းရည်များကြောင့် ဖြစ်သည်။ ထိုစွမ်းရည်များသည် ပူးပေါင်းလိုက်သောအခါ အလွန်စွမ်းအားကြီးသွားပေသည်။

ယခုတွင် အမွေးရှည်ဆင်မျိုးနွယ်သည် ရှေ့တန်းကို ထိန်းထားပြီး စစ်ရထားလုံးများကဲ့သို့ အရှေ့သို့ ချီတက်နေသည်။ လူပုမျိုးနွယ်က အနောက်မှနေ၍ နှင်းနဂါးများကို ထုတ်လွှတ်ကာ ရန်သူများ၏ အရှိန်ကို လျှော့ချနေပြီး မြေတုန်ထုချက်များဖြင့် ရန်သူများကို တုန်ခါစေ၍ အချိန်မီ ပြန်မတုံ့ပြန်နိုင်အောင် လုပ်နေလေသည်။ အဓိက တိုက်ခိုက်သူမှာ မီးနဂါးမျိုးနွယ်ဖြစ်သည်။ သူတို့၏ မီးတောက်များက ကြောက်မက်ဖွယ်ကောင်းလောက်အောင် လောင်ကျွမ်းနိုင်သည်။ ကြယ်ငါးပွင့် ပညာရှင်တစ်ယောက်ပင် ထိုမီးတောက်များ၏ လောင်ကျွမ်းမှုကို အချိန်တစ်ခုအထိ ခံရပါက သေဆုံးသွားပေလိမ့်မည်။

ဓားခုတ်ကောင်ဂိုဏ်း၏ တိုက်ခိုက်နိုင်စွမ်းက မြင့်သော်လည်း ခုခံနိုင်စွမ်းမှာ သာမန်သာဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်သုံးခုက ပူးပေါင်းတိုက်ခိုက်လိုက်သောအခါ သူတို့ အရေးနိမ့်လာလေသည်။ တဖြည်းဖြည်းဖြင့် နှစ်ဘက်စလုံး အထိအခိုက်များလာသည်။ ဓားခုတ်ကောင်ဂိုဏ်း၏ ဦးချိုဓားများက ‌အမွေးရှည်ဆင်မျိုးနွယ်၏ ခံစစ်ကို ဖြတ်ကျော်ကာ လူပုမျိုးနွယ်နှင့် မီးနဂါးမျိုးနွယ်တို့ကို တိုက်ခိုက်လိုက်သည်။ ဓားခုတ်ကောင်ဂိုဏ်းသည် အနောက်သို့ အဆက်မပြတ်ဆုတ်နေပြီး အမွေးရှည်ဆင်မျိုးနွယ်နှင့ အနီးကပ်တိုက်ပွဲ ဆင်နွှဲရမည်ကို ရှောင်ရှားနေသည်။ သို့ပင်လျှင် ဓားခုတ်ကောင်ဂိုဏ်းဘက်မှ အကျအဆုံးက အတော်လေးများနေသည်။ နှစ်ဘက်စလုံးက အစွမ်းကုန်တိုက်ခိုက်နေပေရာ နှစ်ဘက်စလုံး အထိနာနေပေပြီ။ မည်သည့်ဘက်က အရင်ဆုံး ကျရှုံးသွားမည်ကိုသာ စောင့်ကြည့်ရမည်ဖြစ်သည်။

ဟိန်း…ဟိန်း…

မီးနဂါးမျိုးနွယ်က ရေခဲသားရဲဘုရင်ကိုသတ်ရန် လူတစ်ထောင်ကျော် ချန်ခဲ့သည်။ ရေခဲသားရဲက အပြင်းအထန် ဒဏ်ရာရထားပြီးဖြစ်သည်။ ယခုတွင် မီးနဂါးမျိုးနွယ်၏ ရက်စက်သော မီးတောက်တိုက်ခိုက်မှုများအောက်၌ ၎င်း အခြေအနေ ဆိုးဝါးနေပေသည်။ ၎င်း၏တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများပြည့်နှက်နေသည်။ ၎င်း အချိန်မရွေး သေဆုံးသွား‌ပေ‌တော့မည်။

ဟိန်း...ဟိန်း...

ရေခဲသားရဲဘုရင်သည် ၎င်း၏ ရှောင်လွှဲ၍ မရနိုင်သော အဆုံးသတ်ကို သိထားသည့်အလား အဆက်မပြတ် ဟိန်းနေသည်။ ထိုဟိန်းသံများက ကောင်းကင်နှင့်‌ မြေကြီးကို တုန်ခါနေစေ၏။ ဟိန်းသံများထဲတွင် နာကျင်မှုနှင့် ဒေါသထွက်မှုတို့ ရောယှက်နေသည်။ ဟိန်းသံများကြောင့် ဖြစ်‌ပေါ်လာသော တုန်ခါမှုများက အလွန်ပြင်းထန်သဖြင့် အဝေးရှိ ကျန်းရီတို့အပေါ်တွင်ပင် သက်ရောက်နေလေသည်။

‘ကြည့်ရတာ ရေခဲသားရဲဘုရင်က သေတော့မယ့်ပုံပဲ’

ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်ရာ ရေခဲသားရဲဘုရင်၏ တစ်ကိုယ်လုံးက မည်းနက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အကောင်းအတိုင်းရှိနေသော အသား မကျန်တော့ပေ။ အမြီးထိပ်ကလည်း မီးကျွမ်းကာ အရိုးပင် ပေါ်နေပြီဖြစ်သည်။

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ချောင်တွမ်ထျန်းကို ထပ်မံ အာရုံခံလိုက်၏။ နောက်ဆုံးတွင် ကျန်းရီသည် ချောင်တွမ်ထျန်းကို သတ်ရန်အတွက် အလစ်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ချောင်တွမ်ထျန်းအနားတွင် လူသုံးရာကျော် လေးရာနီးပါး ရှိနေသည်။ ထိုလူများက စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို တတ်မြောက်လောက်သည်။ သူ၏ ဝိညာဉ်ဓားများက ထိုတိုက်ခိုက်မှုများကို ခုခံနိုင်မှ ခုခံနိုင်ပေလိမ့်မည်။

အရေးအကြီးဆုံးမှာ ချောင်‌ဖေးဝမ်ပင်။ ထိုနတ်ဆိုးအိုကြီးက အနီးပတ်ဝန်းကျင်တွင် ရှိနေနိုင်သည်။ သူသည် နှင်းဒေသတွင် ဒုတိယ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ အကယ်၍ ကျန်းရီသာ သူ၏ရန်သူဖြစ်လာလျှင် နှင်းဒေသတွင် ဆက်ရပ်တည်နိုင်တော့မည် မဟုတ်ပေ။

‘တစ်ယောက်ယောက်လာနေပြီ’

မျိုးနွယ်တစ်ခုမှ သိုင်းသမားအုပ်စုလေးတစ်စုသည် ထိုဘက်သို့ ဆုတ်ခွာလာ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်၏။ သို့သော် သူ မည်သည့်သိုင်းပညာရှင်ကိုမှ မထောက်လှမ်းမိပေ။ ထို့ကြောင့် သူ လုံလုံခြုံခြုံ ပုန်းနေရန် မကြိုးစားလိုက်ဘဲ နှင်းထဲတွင်သာ ဝပ်နေလိုက်သည်။ လက်ရှိတွင် သူက ကျာနိုင်ဂိုဏ်းသားတစ်ယောက်အဖြစ် ဟန်ဆောင်ထားသဖြင့် ထိုလူစုက သူ့ကို တွေ့သွားလျှင်ပင် တိုက်ခိုက်ဝံ့မည် မဟုတ်ချေ။

“ဟူး... ကြည့်ရတာ ရေခဲသားရဲဘုရင်က မီးနဂါးမျိုးနွယ်ရဲ့ လက်ထဲကို ရောက်သွားတော့မယ့်ပုံပဲ။ ကျွတ်... ငါတို့က အကြာကြီးတိုက်ခိုက်ခဲ့ပြီး ညီနောင်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ သူတို့က အကျိုးအမြတ်ကို ယူသွားတော့မယ်”

“ဟုတ်တယ်... အဲ့သောက်မီးနဂါးမျိုးနွယ်နဲ့ လူပုမျိုးနွယ်။ အဲ့မျိုးနွယ်နှစ်ခုလုံး ဓားခုတ်ကောင်ဂိုဏ်းကြောင့် ပျက်စီးသွားဖို့ ငါ မျှော်လင့်တယ်”

“ရေခဲသားရဲဘုရင်ရဲ့ ခန္ဓာကိုယ်အမြုတေမှာရှိတဲ့ ရေခဲစွမ်အားတွေက ရေခဲသားရဲအကောင်တစ်ရာကျော်ရဲ့ ရေခဲစွမ်းအားတွေထက်တောင် ပိုစွမ်းအားကြီးတယ်။ အခု အဲ့အရူးတွေက အဲ့စွမ်းအားကို ရသွားတော့မယ်။ တပ်မှူး... ကျွန်တော်တို့ ခန္ဓာကိုယ်အမြုတေကို သွားခိုးရမလား။ မြေအောက်ထဲမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်က တူးထားတဲ့ လိုဏ်ခေါင်းတစ်ခုရှိတယ်”

“မင်း ရူးနေလား။ ရေခဲသားရဲဘုရင်ကို မီးနဂါးမျိုးနွယ်ရဲ့ မီးမြွေတွေက ရစ်ပတ်ထားတယ်။ အနားကို ကပ်သွားတဲ့သူမှန်သမျှ မီးလောင်ပြာကျသွားမှာပဲ။ မင်းသေချင်ရင် ကိုယ့်ဘာသာ သွားသေ”

တပ်သားများထံမှ မကျေမနပ်အသံများ ထွက်ပေါ်လာသည်။ ကောင်းကင်စိတ်အာရုံတစ်ခု၊ နှစ်ခုကလည်း ကျန်းရီကို အာရုံခံလိုက်သည်။ သို့သော် မည်သူကမှ ကျန်းရီအနားသို့ ကပ်မလာဝံ့ပေ။ သူတို့သည် ဝေးဝေးမှသာ ရှောင်ကွင်းသွားကြသည်။ ကျန်းရီသည် ထိုသူတို့ ထွက်သွားသည်အထိ စောင့်ပြီးမှ နှင်းတောထဲက ထွက်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် ဒေါသခိုးများ ထောင်းထောင်းထနေလေသည်။

“ရေခဲစွမ်းအားတွေလား...”

ကျန်းရီသည် မိုယောင်အာကို ရေခဲစွမ်းအားအကြောင်း မေးခဲ့ဖူး၏။ ထို့ကြောင့် သူ ရေခဲစွမ်းအားအကြောင်းကို အနည်းငယ် သိထားပေသည်။ သို့သော် ကောင်းကင်နတ်ဆိုးဂိုဏ်းရှိ ရေခဲသားရဲအလောင်းအားလုံးကို မိုးရှန်းအား ပေးရလေသည်။ မိုရှန်းက ၎င်းတို့ကို သုံး၍ ကျင့်ကြံသည်။ လက်တလောတွင် မဟာအကြီးအကဲများပင် ရေခဲသားရဲများကို အသုံးပြုခွင့် မရှိကြချေ။ ထို့ကြောင့် ကျန်းရီက ထိုကိစ္စကို အရေးမထားခဲ့ခြင်းဖြစ်သည်။

‘ရေခဲသားရဲဘုရင်ရဲ့ ခန္ဓာကိုယ်အမြုတေကို ခိုးရမှာလား’

ကျန်းရီသည် စိတ်ထဲတွင် အန္တရာယ်များသော အစီအစဉ်တစ်ခုကို ဆွဲလိုက်၏။ ထိုရေခဲစွမ်းအားက ကြယ်တာရာစွမ်းအားနှင့် ဆင်တူသည်။ ၎င်း အသုံးဝင်နေသည့်နေရာများကလည်း မရေမတွက်နိုင်အောင်ရှိသည်။ ၎င်းစွမ်းအားကို ကျင့်ကြံရန်နှင့် ကျန်းမာရေးအတွက် သုံးနိုင်သည့်အပြင် အရည်ကျိုနတ်ဘုရားမီးဖိုကို နှိုးရန်အတွက်လည်း အသုံးပြုနိုင်မည်ဆိုပါက သူ မီးဖိုကိုသုံး၍ နတ်ဘုရားတစ်ပိုင်းများကို သတ်ပစ်နိုင်မည်ဖြစ်သည်။

သို့သော်...

ဓားခုတ်ကောင်နှင့် ချိုးရှန်တို့သုံးယောက်က အနီးတွင် တိုက်ခိုက်နေကြသည်။ ဓားခုတ်ကောင်က ရေခဲသားရဲဘုရင်ကို လိုခြင်ကြောင်း ပြသခဲ့ပြီးဖြစ်သည်။ အကယ်၍ ကျန်းရီက သားရဲ၏ ခန္ဓာကိုယ်အမြုတေကို သွားခိုးလိုက်ပြီး ထိုအကြောင်း ပေါ်သွားလျှင် နတ်ဘုရားတစ်ပိုင်းပညာရှင်လေးယောက်က ပူးပေါင်း၍ သူ့ကို သတ်ပေလိမ့်မည်။ ထို့ပြင် အနီးပတ်ဝန်းကျင်၌လည်း အခြားနတ်ဘုရားတစ်ပိုင်းများ ပုန်းအောင်းနေနိုင်သေးသည်။

ဟိန်း...ဟိန်း...

ရေခဲသားရဲဘုရင်၏ ဟိန်းသံများက ပို၍ အားနည်းလာသည်။ ၎င်းသည် သေရန်နီးလာပြီဖြစ်ကြောင်း ထင်ရှားပေသည်။ ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ နောက်ဆုံးတွင် သူ အံကြိတ်ကာ ထထိုင်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်နားလည်သိမြင်ခြင်းကို အသုံးပြု၍ စတင်ထောက်လှမ်းလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် ကျန်းရီသည် ကီလိုမီတာနှစ်ရာ့ငါးဆယ်ပတ်လည်အတွင်း ထောက်လှမ်းပြီးသွားသည်။ ကီလိုမီတာတစ်ရာအကွာတွင် တိုက်ခိုက်နေသော နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးယောက်မှလွဲ၍ အခြားနတ်ဘုရားတစ်ပိုင်းများကို သူ မထောက်လှမ်းမိပေ။ သူ မျက်လုံးပင့်လိုက်ပြီး မိုရှင်းပုံစံအဖြစ် ပြန်ပြောင်းလဲလိုက်သည်။

ဝှစ်...ဝှစ်...

ကျန်းရီသည် ဝိညာဉ်လေများကို သုံး၍ မြေအောက်လိုဏ်ခေါင်းတူးလိုက်ပြီး မြေအောက်ပေတစ်ရာအနက်သို့ သွားလိုက်သည်။ ထို့နောက် သူ ရေခဲသားရဲဘုရင်ရှိရာသို့ လျင်မြန်စွာ သွားလိုက်လေသည်။ သူသည် ရေခဲသားရဲဘုရင်၏ ခန္ဓာကိုယ်အမြုတေကို ခိုးယူရန် ဆုံးဖြတ်ပြီးသွားပေပြီ။

ကျန်းရီသည် ခက်ခဲသောဘဝကို စိတ်ကုန်နေပေပြီ။ သူ ဆက်စောင့်မနေလိုတော့ပေ။ သူသည် လူပုမျိုးနွယ်ကို အမြန်ဆုံးရှင်းပစ်၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တွေ့လိုနေပြီဖြစ်သည်။ သူ စုလောရွှယ်၏ မှတ်ဉာဏ်များကို  ပြန်ချိပ်ဖွင့်ပေးလိုနေသည်။

လူပုမျိုးနွယ်က အလွန်အင်အားကြီးသည်။ ထို့ကြောင့် ထိုမျိုးနွယ်အား ကောင်းကင်နတ်ဆိုးမျိုးနွယ်ကိုသုံး၍သာ ရှင်းပစ်မည်ဆိုလျှင် အလွန်ခက်ခဲပေလိမ့်မည်။ လူပုမျိုးနွယ်က မီနဂါးမျိုးနွယ်၊ အမွေးရှည်ဆင်မျိုးနွယ်တို့နှင့် မဟာမိတ်ဖွဲ့ထားသဖြင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်က လူပုမျိုးနွယ်ကို ရှင်းပစ်နိုင်လောက်မည် မဟုတ်ချေ။

‘တခြားသူတွေရဲ့ အကူအညီကို ယူမယ့်အစား ဘာလို့ ငါ့ဘာသာ မလုပ်ရမှာလဲ’

အကယ်၍ ကျန်းရီသာ ရေခဲသားရဲဘုရင်၏ ခန္ဓာကိုယ်အမြုတေကို ခိုးယူနိုင်လိုက်ပြီး အမြုတေထဲမှ ရေခဲစွမ်းအားကို ရယူနိုင်လိုက်၍ အရည်ကျိုနတ်ဘုရားမီးဖိုကို နှိုးကာ နိဗ္ဗာန်မီးတောက်ကို ထုတ်နိုင်လိုက်လျှင် ချိုးရှန်ကို မီးမြှိုက်၍ သတ်ပစ်ရန်မှာ အလွန်လွယ်ကူသွားပေလိမ့်မည်။

‘မဟုတ်သေးဘူး...’

ကျန်းရီသည် ခေတ္တမျှသွားပြီးနောက် တစ်စုံတစ်ခုကို တွေးမိလိုက်၏။ လက်ရှိတွင် သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်၏ပုံစံ ဖြစ်နေသည်။ အကယ်၍ ထိုအကြောင်းသာ ပေါ်သွားပါက မီးနဂါးမျိုးနွယ်က သေချာပေါက် ဒေါသထွက်သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် မျိုးနွယ်သုံးခုက ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို ဖျက်ဆီးပစ်မည်ဖြစ်သည်။

“ဟီးဟီး...”

ကျန်းရီသည် ကျားနိုင်ဂိုဏ်းသားတစ်ယောက်၏ပုံစံအဖြစ် ပြန်ပြောင်းလိုက်၏။ သူ့မျက်ခုံးနှစ်ခုအကြားရှိ ကြာပန်းပုံက အလွန်ထင်ရှားနေပေသည်။ တစ်စုံတစ်ယောက်က သူ့ကို အာရုံခံကြည့်လျှင်ပင် သူက ကျားနိုင်ဂိုဏ်းသားတစ်ယောက်ဖြစ်သည်ဟုသာ သေချာပေါက် ယူဆသွားမည်ဖြစ်သည်။ ထိုကြာပန်းပုံအက ကျားနိုင်ဂိုဏ်း၏ ထူးခြားသော အမှတ်အသား မဟုတ်ပါလား။

ကျန်းရီသည် ရေခဲသားရဲဘုရင်ရှိနေသော နေရာသို့ လေအလျင်ဖြင့် ရောက်လာ၏။ သူသည် ၎င်းနှင့် ပေတစ်ထောင်ကွာသေးသော်လည်း ပြင်းထန်သော မြေတုန်မှုများကို မြေအောက်ထဲမှပင် ခံစားနေရလေသည်။ ရေခဲသားရဲဘုရင်၏ နာကျင်တကြီး အော်သံများကိုလည်း ရှင်းရှင်းလင်းလင်း ကြားနေရသည်။

‘ရောက်တော့မယ်...’

ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်ပြီး ထက်ရှသော ဓားတစ်ချောင်းအလား မြေပြင်ထက်သို့ ထိုးတက်သွားလေသည်။ ရေခဲသားရဲဘုရင်က မလှုပ်နိုင်တော့ပေ။ ၎င်းသည် အမြီးကိုသာ ဒေါသတကြီး ယမ်းနေသည်။ ၎င်း၏ ကျန်တစ်ကိုယ်လုံးကမူ မည်းနက်နေပြီး မီးခိုးမည်းများပင် ထွက်နေသည်။ ယခုအထိ ၎င်း အသက်ရှင်နေသေးခြင်းမှာ အသက်ရှင်လိုစိတ် ပြင်းပြလွန်း၍သာ ဖြစ်သည်။

ရေခဲသားရဲဘုရင်က လုံးလုံးမသေသေးသော်လည်း မလှုပ်နိုင်တော့သဖြင့် မီးနဂါးမျိုးနွယ်သည် ၎င်းကို သူတို့ပိုင်တော့မည်ဟု အပိုင်တွက်ကာ အရှေ့သို့ မဆင်မခြင် တိုးမသွားကြဘဲ အဝေးမှနေ၍ မီးတောက်များ၊ တာအိုပုံသဏ္ဌာန်များနှင့် ဆက်တိုက်ခိုက်နေကြလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

မီးနဂါးမျိုးနွယ်ဝင် တစ်ထောင်နီးပါးသည် တိုက်ခိုက်မှုများကို ‌နောက်တစ်ချီ ထပ်မံထုတ်လွှတ်လိုက်ကြ၏။ ရေခဲသားရဲဘုရင်၏ ခန္ဓာကိုယ်က ကင်ထားသော အသားကဲ့သို့ ဖြစ်နေပေပြီ။ နောက်ဆုံးတွင် ၎င်း၏ အမြီးကြီးကလည်း လှုပ်ရှားမှု ရပ်သွားသည်။ ၎င်း၏ မျက်လုံးများနှင့် ပါးစပ်လည်း ဖြည်းဖြည်းချင်း ပိတ်သွားပြီး ထွက်သက်၊ ဝင်သက်ကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ရေခဲသားရဲဘုရင် သေဆုံးသွားပေပြီ။

“မင်းတို့တွေ ငါနဲ့အတူ ခန္ဓာကိုယ်အမြုတေကို လိုက်တူးကြ”

အကြီးအကဲအိုကြီးတစ်ယောက်က အရှေ့သို့ သွားလိုက်၏။ သို့သော် သူ့ဘေးမှ အခြားအကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“အို့...သွားပြီ။ တစ်ယောက်ယောက်က ကျားပါးစပ်ထဲကအစာကို လုနေပြီ။ တစ်ယောက်ယောက်က ရေခဲသားရဲဘုရင်ရဲ့ ခန္ဓာကိုယ်အမြုတေကို ယူနေပြီ”

ဝှစ်...ဝှစ်...ဝှစ်...

မီးနဂါးဂိုဏ်းမှ သိုင်းပညာရှင်များစွာက သူတို့၏ ကောင်းကင်စိတ်အာရုံများဖြင့် အာရုံခံလိုက်ကြသည်။ သူတို့ ရုတ်ခြည်း မျက်နှာထားပြောင်းသွားကြ၏။ တစ်စုံတစ်ယောက်က မြေအောက်ထဲမှ ထွက်လာကာ ရေခဲသားရဲဘုရင်၏ ဝမ်းဗိုက်ကိုဖောက်၍ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသည်ကို သူတို့ အာရုံခံမိလိုက်ကြလေသည်။

***

All Chapters