← Chapters

အမြုတေကို ရရှိခြင်း

Vol. 74 Ch. 1022

အမြုတေကို ရရှိခြင်း

Vol. 74 Ch. 1022

ကျန်းရီအတွက် ရေခဲသားရဲဘုရင်၏ ဝမ်းဗိုက်ကို ဖောက်ရခြင်းက အလွယ်လေးဖြစ်သည်။ လွန်ခဲ့သည့် နှစ်က သူသည် ထိပ်တန်း ကောင်းကင်ကံကြမ္မာသင်္ဘော၏ အကာအရံအလွှာကိုပင် ဝိညာဉ်လေတစ်ချက်ဖြင့် ဖျက်ဆီးနိုင်ခဲ့သည်။ ထို့ကြောင့် ရေခဲသားရဲဘုရင်၏ ဝမ်းဗိုက်ကို ဖောက်ရခြင်းက သူ့အတွက် အသေးအဖွဲပင်။

မီးတောက်များက ရေခဲသားရဲဘုရင်၏ ခန္ဓာကိုယ်ကို ဆက်ရစ်ပတ်ထား၏။ သို့သော် ကျန်းရီသည် ၎င်းကို အရေးမစိုက်ပေ။ ဤလောကထဲတွင် မီးဝိညာဉ်ပုလဲက စွမ်းအားအကြီးဆုံး မီးဒဏ်ခံရတနာဖြစ်သည်။ အပြစ်ဆေးကြောဒေသ၏ ချော်ရည်ကန်သည်ပင် ထိုပုလဲကို မဖျက်ဆီးနိုင်ခဲ့ရာ သာမန်မီးတောက်များကို စာရင်းထဲပင် ထည့်ရန်မလိုပေ။

ကျန်းရီသည် ရေခဲသားရဲဘုရင်၏ ဝမ်းဗိုက်အတွင်းသို့ ဝင်ပြီးနောက် မျက်လုံးများမှိတ်ကာ အရှေ့သို့ ဆက်တိုးသွားလိုက်၏။ သူသည် ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ သားရဲ၏ နှလုံးသားအနားရှိ နတ်မက်မွန်သီးလောက်ကြီးသည့် အသားလုံးတစ်လုံးကို ရှားလိုက်လေသည်။ ထိုအသားလုံးကြီးမှနေ၍ အားကောင်း၍ သန့်စင်သော စွမ်းအင်များ ထွက်နေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ယင်းက ရေခဲသားရဲဘုရင်၏ အမြုတေပင်။

“ဝူး...ဝူး...”

ရေခဲသားရဲဘုရင်၏ အရှိန်အဝါက တဖြည်းဖြည်း ပျောက်ကွယ်လာ၏။ နောက်ဆုံးအခိုက်အတန့်တွင် ၎င်းသည် ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ တစ်စုံတစ်ယောက် ဝင်လာပြီး အမြုတေထံသို့ သွားနေကြောင်း သိလိုက်၍ ဆွဲဆွဲငင်ငင် အော်လိုက်လေသည်။ သို့သော် ကျန်းရီသည် ဝိညာဉ်လေဓားများကို အသုံးပြု၍ သားရဲ၏ ဝိညာဉ်ကို အပိုင်းပိုင်း ပိုင်းဖြတ်လိုက်ပေပြီ။ သူ့တွင် အချိန်မရှိတော့ပေ။ သူ သတိလက်လွတ်ဖြစ်၍လည်း မရချေ။ အကယ်၍ ရေခဲသားရဲဘုရင်က ၎င်း၏ အမြုတေကို ပေါက်ကွဲသွားစေလိုက်လျှင် တစ်ကိုယ်လုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

ဝှစ်...

ကျန်းရီသည် အမြန်ဆုံးနှုန်းဖြင့် သွား၍ သားရဲ၏ အမြုတေကို ယူကာ သူ၏ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်စိတ်အာရုံဖြင့် အပြင်သို့ အာရုံခံကြည့်လိုက်သည်။

“မင်းတို့ရဲ့ တုံ့ပြန်မှုက မြန်သားပဲ”

ကျန်းရီသည် တစ်ချက်အာရုံခံပြီးနောက် မျက်နှာပျက်သွား၏။ မီးနဂါးမျိုးနွယ်မှ ပညာရှင်နှစ်ဆယ်ကျော်က သူ့ထံသို့ ဦးတည်လာနေပေသည်။ ယခုတွင် သူတို့က သူနှင့် တစ်မိုင်သာ ကွာတော့သည်။ သူတို့အယောက်တိုင်းက မီးတောက်များကို ဆင့်ခေါ်ထား၍ ကောင်းကင်တွင် မီးတောက်လုံးများနှင့် ပြည့်နှက်နေသည်။ ကြောက်မက်ဖွယ် တာအိုပုံသဏ္ဌာန်နှစ်ခုကလည်း သူ့ထံသို့ ဦးတည်လာနေလေသည်။

‘ပြေးရတော့မယ်...’

ကျန်းရီသည် မျက်နှာထားတည်သွားပြီး ဝိညာဉ်လေများကို ထုတ်၍ ဝိညာဉ်လေနတ်ဘုရားဒိုင်း ပြုလုပ်လိုက်သည်။ ထို့နောက် သူသည် ခန္ဓာကိုယ်ထဲမှ ပြန်ထွက်၍ မြေအောက်ထဲသို့ ဝင်သွားလိုက်သည်။ အနီးနားတွင် မြေအောက်လိုဏ်ခေါင်းများ များစွာရှိနေ၍ တော်ပေသေးသည်။ ထိုလိုဏ်ခေါင်းများကို ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များက တူးထားခြင်းပင်။ သို့ဖြစ်ရာ ကျန်းရီ သူ့ဘာသာ လိုဏ်ခေါင်းအသစ်များ တူးရန် မလိုတော့ပေ။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီက သားရဲအမြုတေကို ယူသွားပြီဖြစ်၍ မီးနဂါးမျိုးနွယ်သည် သူ့နောက်သို့ လိုက်သင်၊ မလိုက်သင့် စနိုးစနောင့်ဖြစ်နေစရာ မလိုတော့ပေ။ ယခုတွင် သူတို့သည် သူတို့၏ အပြင်းထန်ဆုံး တာအိုပုံသဏ္ဌာန်များကို ထုတ်သုံးနေပေပြီ။ ရေခဲသားရဲဘုရင်က သေဆုံးသွားပြီဖြစ်၍ ၎င်းကိုယ်၎င်း မကာကွယ်နိုင်တော့ရာ ၎င်း၏ခန္ဓာကိုယ်ကြီးက ဧရာမ အသားစကြီး လေးစ၊ ငါးစ အဖြစ် ပေါက်ကွဲထွက်သွားလေသည်။ ထိုအသားစကြီးများက ကောင်းကင်ထက်တွင် ခေတ္တမျှ ဝဲလွင့်သွားသည်။ ထို့နောက်တွင် ပိုများသော တာအိုပုံသဏ္ဌာန်များ ထွက်ပေါ်လာ၏။ မီးမြွေများက ရေခဲသားရဲဘုရင် လဲလျောင်းနေခဲ့သော မြေပြင်ကို ပေါက်ကွဲသွားစေလေသည်။ ရုတ်ခြည်းပင် လေထဲ၌ မြေမှုန့်များ ဝဲလွင့်သွားသည်။ မြေပြင်တွင်လည်း သုံးလက်မနက်သော တွင်းတစ်တွင်း ဖြစ်ပေါ်လာသည်။

“သူက မသေသေးဘူးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများက ထိုနေရာသို့ အာရုံခံလိုက်ကြသည်။ သို့သော် မည်သူကမှ ကျန်းရီ၏အလောင်းကို ရှာမတွေ့ပေ။ သူတို့ မြေအောက်ထဲသို့ အာရုံခံကြည့်လိုက်မှ လူရိပ်တစ်ခုက မြောက်ဘက်သို့ ဦးတည်သွားနေကြောင်း သိလိုက်ရလေသည်။

“သူက ကျားနိုင်ဂိုဏ်းကလား”

တစ်စုံတစ်ယောက်က ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားရှိ ကြာပန်းပုံ အမှတ်အသားကို အာရုံခံမိလိုက်သည်။ ကျန်းရီက ချမ်တွမ်ထျန်းတို့ ပုန်းအောင်းနေသော မြောက်ဘက်သို့ ဦးတည်နေခြင်းပင်။ ထိုအကြောင်းကို လူတစ်ယောက်ပြီးတစ်ယောက် အာရုံခံမိလာသောအခါ ကျန်းရီက ကျားနိုင်ဂိုဏ်းမှဖြစ်ရမည်ဟု သူတို့ ပိုသေချာလာလေသည်။

“ကျားနိုင်ဂိုဏ်းက လူတွေက ဗိုလ်ကျတာပဲ”

မီးနဂါးမျိုးနွယ်မှ လူတစ်ယောက်က အော်ပြောလိုက်သည်။ သူတို့သည် ရေခဲသားရဲဘုရင်နှင့် နေ့တစ်ဝက်ခန့် တိုက်ခိုက်ခဲ့ရသည်။ သို့သော် သူတို့ နိုင်တော့မည့် အချိန်တွင် ကျားနိုင်ဂိုဏ်းမှ လူတစ်ယောက်က ရုတ်တရက် ထွက်လာကာ အကျိုးအမြတ်ကို ခိုးယူသွားခဲ့လေသည်။ မည်သူမဆို ထိုရလဒ်အပေါ် ဒေါသထွက်ကြမည်သာ။

“ငါတို့ ဘာလုပ်ကြမလဲ”

မီးနဂါးမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က ညည်းတွားလိုက်သည်။ ကျန်မျိုးနွယ်ဝင်များက ပါးရည်တွံ့နေသော အကြီးအကဲကို လှည့်ကြည့်လိုက်ကြသည်။ ထိုအကြီးအကဲ၏ မျက်ဝန်းများထဲတွင် အမုန်းတရားနှင့် ပြည့်နှက်နေပေသည်။ အကြီးအကဲက လက်ဝှေ့ယမ်း၍ ပြောလိုက်၏။

“မင်းတို့ဆယ်ယောက် သူ့နောက်ကို လိုက်သွားလိုက်။ ကျန်တဲ့သူတွေက ငါနဲ့အတူလိုက်ခဲ့ပြီး ချောင်တွမ်ထျန်းဆီက ဖြေရှင်းချက် သွားတောင်းမယ်။ သူတို့ရဲ့ ကျားနိုင်ဂိုဏ်းက အင်အားကြီးတယ်ဆိုပေမယ့် ငါတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်က အဲ့ရေခဲသားရဲဘုရင်ကြောင့် သေခဲ့ရတာ။ ပြီးတော့ ဒီတိုက်ပွဲမှာလည်း ငါတို့ဘက်က လူသုံးရာကျော်လောက်လည်း သေခဲ့တယ်။ သူတို့က ကြားကနေ အချောင်အခွင့်အရေးဝင်ယူတာပဲ။ ဂိုဏ်းချုပ်ချောင်ကလည်း အခုအထိ ထွက်မလာသေးဘူး။ သူက ကျားနိုင်တောင်မှာ အခန်းအောင်းကျင့်ကြံနေတာ ဖြစ်မယ်။ မဟုတ်ရင် ရေခဲသားရဲဘုရင်သေတာ ကြာလောက်ပြီ။ ဂိုဏ်းချုပ်ချောင် မရှိမှတော့ ကြောက်နေစရာ မလိုပါဘူး”

“ဟုတ်ကဲ့ပါ...”

ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်ဆယ်ယောက်က ကျန်းရီနောက်သို့ မြေအောက်လိုဏ်ခေါင်းအတိုင်း လိုက်သွားကြ၏။ သူတို့သည် ကောင်းကင်နတ်ဆိုးမျိုးနွယ် မဟုတ်သဖြင့် မြေအောက်လိုဏ်ခေါင်း မတူးနိုင်ကြပေ။ ထို့ကြောင့် ကျန်းရီနောက်သို့ ရှိသမျှလူအကုန်လုံး လိုက်သွားလျှင် မြေအောက်လိုဏ်ခေါင်းထဲ၌ ပြည့်ကြပ်နေပေလိမ့်မည်။ သူတို့ ချောင်တွမ်ထျန်းတို့ကို သွားဝိုင်းခြင်းက ပို၍ အကျိုးရှိမည်ဖြစ်သည်။ ချောင်တွမ်ထျန်းတို့ကိုသာ ဝိုင်းထားလိုက်လျှင် အမြုတေကို လာခိုးသွားသော ကျားနိုင်ဂိုဏ်းသားလည်း ပြေးစရာမြေရှိတော့မည် မဟုတ်ပေ။

“သွားမယ်...”

မီးနဂါးမျိုးနွယ်မှ သိုင်းသမားတစ်ထောင်ကျော်သည် မျိုးနွယ်သုံးခုနှင့် ဓားခုတ်ကောင်ဂိုဏ်း၏ တိုက်ပွဲကို အာရုံမစိုက်တော့ဘဲ ချောင်တွမ်ထျန်းတို့ကို ဝိုင်းရန် မြောက်ဘက်သို့ ဦးတည်သွားလိုက်ကြသည်။ ချောင်တွမ်ထျန်းက မြောက်ဘက်တွင်ရှိနေပြီး ရေခဲသားရဲဘုရင်၏ အမြုတေကို ခိုးသွားသူက ကျားနိုင်ဂိုဏ်းမှ ဖြစ်နေရာ မီးနဂါးမျိုးနွယ်မှ အကြီးအကဲများသည် ထိုကိစ္စနောက်ကွယ်တွင် ချောင်တွမ်ထျန်းရှိနေရမည်ဟု သေချာနေကြသည်။ မဟုတ်လျှင် ကျားနိုင်ဂိုဏ်းမှ သာမန်တပည့်လေးတစ်ယောက်က ထိုသို့သော ကိစ္စမျိုးကို လုပ်ဝံ့မည် မဟုတ်ချေ။

“သူက ဘယ်မှာလဲ”

မီးနဂါးမျိုးနွယ်မှ ပညာရှင်ဆယ်ယောက်သည် မြေအောက်ထဲသို့ ရောက်သွားပြီးနောက် ကောင်းကင်စိတ်အာရုံကိုထုတ်၍ အာရုံခံလိုက်၏။ သို့သော် သူတို့ မည်မျှဝေးဝေးအထိ ကြိုးစားအာရုံခံပါစေ ကျန်းရီကို ရှာမတွေ့ချေ။ ထို့ကြောင့် သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ဒေါသတကြီးဖြင့် မြောက်ဘက်သို့သာ သွားလိုက်ရသည်။ လမ်းတွင် ကျန်းရီကို မီနိုင်၊ မမီနိုင်ကို ကံစမ်းကြည့်ရန် သူတို့ ဆုံးဖြတ်လိုက်ကြလေသည်။

ချောင်တွမ်ထျန်းကလည်း အလွန်နားမလည်နိုင်ဖြစ်နေသည်။ သူသည် ထိုနေရာမှ အခြေအနေများကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံနေခဲ့ခြင်းပင်။ ရေခဲသားရဲဘုရင်၏ မူလပိုင်ရှင်က သူ မဟုတ်ပါလား။ ကျန်းရီက သားရဲ၏ အမြုတေကို ခိုးသွားသည်ကိုလည်း သူ တွေ့ခဲ့သည်။ ရုတ်ခြည်းပင် သူ အနောက်ရှိ အကြီးအကဲများကို လှည့်ကြည့်လိုက်သည်။ မည်သည့်အကြီးအကဲကမှ ထိုသူအား သားရဲ၏ အမြုတေကို မခိုးခိုင်းခဲ့ပေ။

‘သူ့ကို ဘိုးဘေးတွေက စေလွှတ်လိုက်တာလား’

ချောင်တွမ်ထျန်း၏ ခေါင်းထဲတွင် အတွေးတစ်ချက် လက်သွား၏။ သူ ရုတ်ခြည်း စိတ်လှုပ်ရှားလာသည်။ ထိုအကြောင်းကို သူ ပိုတွေးကြည့်လေလေ၊ ဖြစ်နိုင်သည်ဟု ထင်မိလာလေလေပင်။ ကျားနိုင်ဂိုဏ်းမှ သာမန်ဂိုဏ်းသားတစ်ယောက်သည် အမိန့်မရဘဲနှင့် ထိုသို့လုပ်ဝံ့မည် မဟုတ်ပေ။ ထိုလူက သူစိမ်းတစ်ယောက်နှင့်တူသော်လည်း သူ၏ကြာပန်းပုံအမှတ်အသားက မှားနိုင်စရာအကြောင်းမရှိချေ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်အတွင်းရှိ လူတိုင်း ထိုအမှတ်အသားက ကျားနိုင်ဂိုဏ်းမှ တပည့်များ၏ အမှတ်အသားဖြစ်ကြောင်း သိကြသည်။ ယင်းအခြေအနေတွင် ရှင်းပြချက် တစ်ခုသာ ရှိသည်။ ထိုလူက ချောင်ဖေးဝမ်စေလွှတ်လိုက်သော သူလျှိုတစ်ယောက် ဖြစ်နိုင်ပေသည်။

‘ဘိုးဘေးတွေက တကယ် ငါ့ကို ကူညီပေးတာပဲ’

ချောင်တွမ်ထျန်း အလွန်ကျေးဇူးတင်မိသွား၏။ သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ရန် ရေခဲသားရဲဘုရင်၏ အမြုတေက အဓိကကျသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ရန် တာအိုပုံသဏ္ဌာန်များနှင့် အတွင်းအားအဆင့်ကို မြှင့်တင်ရုံသာမက လိပ်ပြာကိုလည်း သန်မာလာအောင်လုပ်ရမည်ဖြစ်သည်။ ရေခဲသားရဲဘုရင်၏ အမြုတေက လိပ်ပြာကို သန်မာလာစေနိုင်ပေသည်။

ချောင်တွမ်ထျန်းသည် အသက်သုံးဆယ်ပင် မပြည့်သေးချေ။ သို့သော် သူသည် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး ကြယ်သုံးပွင့် တာအိုပုံသဏ္ဌာန်နှစ်ခုကိုလည်း တတ်မြောက်ထားသည်။ နှင်းဒေသတွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ရန် အလားအလာအရှိဆုံးသူမှာ သူ ဖြစ်ပေသည်။ သူသည်  သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိ၏။ ဤဘဝတွင် သူ၏ မျှော်မှန်းချက်က သေချာပေါက် ပြည့်မည်ဖြစ်သည်။

“ကောင်းတယ်၊ ဦးလေး(၁၄)... ဦးလေးရဲ့လူတွေကို ခေါ်သွားပြီး အဲ့တပည့်ကို သွားကြိုလိုက်ပါ။ ပြီးတော့ အဲ့အမြုတေကို ကျားနိုင်တောင်ဆီ အထိအခိုက်မရှိ ပြန်ယူလာခဲ့ပါ”

ချောင်တွမ်ထျန်းက လက်ပွတ်ကာ စိတ်လှုပ်တရှား ဆိုလိုက်သည်။ သူ့ရင်ထဲတွင် ထိုအမြုတေက သူ့အတွက်ဟု ယူဆထားပေသည်။ ထို့ကြောင့် သူ၏ယုံကြည်မှုက ပိုတိုးလာပေသည်။

ဤတစ်ကြိမ်တွင် ချောင်တွမ်ထျန်း၏ မိုရှင်းကို ရှင်းပစ်မည့် အစီအစဉ်က ကျရှုံးခဲ့သည်။ သို့သော် ရေခဲသားရဲဘုရင်တစ်ကောင်က မျိုးနွယ်များစွာကို တိုက်ပွဲဖြစ်စေခဲ့ပြီး များစွာဆုံးရှုံးစေခဲ့သည်။ ထို့ပြင် နောက်ဆုံးတွင် သူက ထိုသားရဲ၏ အမြုတေကို ရဦးမည်ဖြစ်သည်။  ထို့ကြောင့် ဤအခြေအနေက သူ့အတွက် အဆိုးထဲမှ အကောင်းဖြစ်ပေသည်။

ဝှစ်...ဝှစ်...

ချောင်တွမ်ထျန်းတို့သည် တောင်ဘက်မှထွက်ပေါ်လာသော လေခွင်းသံများကို ကြားလိုက်ရ၏။ ချောင်တွမ်ထျန်းဘေးမှ အကြီးအကဲက ချက်ချင်း မျက်နှာတည်သွားလေသည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်... မီးနဂါးမျိုးနွယ်က လူတွေက ဒီဘက်ကို လာနေပါတယ်။ ကြည့်ရတာတော့ အခြေအနေ မကောင်းလောက်ဘူး”

“သူတို့ကိုတား... ကျွန်‌တော်တို့အတွက် အချိန်ဆွဲထားပေး။ အမြုတေကို ခိုးသွားတာ ကျွန်တော်တို့ဘက်က လူတစ်ယောက်ဆိုတာကို လုံးဝဝန်မခံပါနဲ့။ ဟွန်း... မီးနဂါးမျိုးနွယ်က လူတွေက ကျွန်တော်တို့ ကျားနိုင်ဂိုဏ်းကို တိုက်ခိုက်ရဲတာလား”

ချောင်တွမ်ထျန်းက ခက်ထန်စွာ လက်ဝှေ့ယမ်းလိုက်သည်။ သူ့အနောက်မှ လူရာကျော်က သူ့ကိုဖြတ်ကျော်ကာ ယပ်တောင်တစ်ခုကဲ့သို့ ဖြန့်ကျက်လိုက်ကြသည်။ အကြီးအကဲတစ်ယောက်က အရှေ့သို့ ပြေးထွက်သွားပြီး အချိန်ဆွဲထားရန် ပြင်ဆင်လိုက်သည်။ သို့သော် ချောင်တွမ်ထျန်းကတော့ နောက်တွင်ပင် ချန်နေခဲ့သည်။ သူ မျက်နှာထွက်မပြလိုပေ။ မီးနဂါးမျိုးနွယ်က တိုက်ခိုက်ဝံ့မည်မဟုတ်ဟု သူ ယုံကြည်နေပုံပင်။

မီးနဂါးမျိုးနွယ်သည် အမှန်ပင် မတိုက်ခိုက်ဝံ့ပေ။ သူတို့နှစ်ဘက် ဆုံသောအခါ တင်းမာမှု မြင့်တက်လာလေသည်။ နှစ်ဘက်စလုံးမှ ကိုယ်စားလှယ်များက ဒေါသထွက်နေသောလေသံများဖြင့် စတင်ငြင်းခုန်ကြ၏။ ချောင်တွမ်ထျန်းသည် ထိုအငြင်းအခုန်များကို ခေတ္တမျှနားထောင်ပြီးနောက် ဆက်၍ အရေးမစိုက်တော့ဘဲ အမြုတေကို ခိုးလာသည့် ‘သူတို့ဘက်မှလူ’ကိုသာ အာရုံစိုက်လိုက်လေသည်။ သူသည် လူများစေလွှတ်၍ ထိုလူ၏ တည်နေရာကို စုံစမ်းနေသည်။

“ဓားခုတ်ကောင်ဂိုဏ်းက တိုက်ပွဲကနေ ဆုတ်ခွာသွားပြီ။ သူတို့က ရှင်းပစ်မခံချင်လို့ အညံ့ခံသွားတာ”

ထိုအချိန်တွင် အနောက်တောင်ဘက်မှနေ၍ ကျယ်လောင်သော အော်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ အော်ပြောလိုက်သူများမှာ ချိုးရှန်တို့ နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်ဖြစ်သည်။ မျိုးနွယ်သုံးခုမှ စစ်သူကြီးသုံးဦးကလည်း စိတ်လှုပ်တရှားဖြင့် ပြိုင်တူ အော်ပြောလိုက်ကြသည်။ ဓားခုတ်ကောင်ဂိုဏ်းက ရှုံးနိမ့်သွားပေပြီ။

“အာ...”

ချောင်တွမ်ထျန်းသည် သူနားကြားမှားလေသလောဟုပင် တွေးမိသွား၏။ ထပ်တွေးကြည့်မှ ယင်းက အဓိပ္ပာယ်ရှိကြောင်း သူ သဘောပေါက်သွားသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်က အင်အားပူးပေါင်းခဲ့ခြင်းပင်။ ဓားခုတ်ကောင်ဂိုဏ်းတွင် ကြယ်ရှစ်ပွင့်တာအိုပုံသဏ္ဌာန် ပထဝီဒိုင်းပင် မရှိချေ။ သို့ဖြစ်ရာ သူတို့ မည်သို့ မရှုံးဘဲနေမည်နည်း။

ထိုအခိုက်တွင် မီးနဂါးမျိုးနွယ်မှ အကြီးအကဲများကလည်း အော်ပြောလိုက်သည်။

“အားလုံး နားထောင်... တိုက်ကြ... ချောင်တွမ်ထျန်းတို့ကို ဖမ်းကြ”

နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်က ဓားခုတ်ကောင်ဂိုဏ်းကို အနိုင်ယူခဲ့ပြီဖြစ်၍ မီးနဂါးမျိုးနွယ်ဝင်များ ယုံကြည်မှုတိုးလာကြသည်။ ထို့ကြောင့် သူတို့ ချက်ချင်း လှုပ်ရှားလိုက်ကြလေသည်။

***

All Chapters