ဂိုဏ်းမှ ပါရမီရှင်တစ်ယောက်
Vol. 74 Ch. 1023
ဝီ...ဝီ...
ကောင်းကင်နတ်ဆိုးတောင်၏ အရှေ့ဘက် မိုင်တစ်သောင်းအကွာတွင် ရုတ်တရက် လေပြင်းများ တိုက်ခတ်လာသည်။ ထို့နောက် လေထဲတွင် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ထွက်ပေါ်လာလျှင်လာချင်း ကောင်းကင်စိတ်အာရုံထုတ်လွှတ်ကာ အာရုံခံ၍ သူ့နောက်သို့ မည်သူမှ လိုက်မလာကြောင်း အတည်ပြုလိုက်သည်။ သူသည် လေထဲတွင် ကြာရှည်မနေဘဲ သူပုန်းအောင်းနိုင်မည့် မြေအောက်လိုဏ်ခေါင်းတစ်ခုကို လျင်မြန်စွာ ရှာလိုက်လေသည်။
“ဟားဟားဟား...”
ထိုလူက ကျန်းရီပင်။ သူသည် မြေအောက်ထဲသို့ ရောက်သွားသော်လည်း စိတ်မအေးနိုင်သေးဘဲ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ထပ်မံ အာရုံခံလိုက်သည်။ သူ့အရှေ့ဘက် မိုင်တစ်ရာတွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ လူများ ရှိနေကြောင်း အာရုံခံမိလိုက်၍ သူ ရယ်မောလိုက်လေသည်။
ကျန်းရီသည် ရေခဲသားရဲဘုရင်၏ အမြုတေကို ရယူနိုင်ခဲ့၏။ ထို့ပြင် မီးနဂါးမျိုးနွယ်က ချောင်တွမ်ထျန်းတို့ထံသွား၍ စာရင်းရှင်းသည်ကို သူ ထွက်မသွားခင်လေးတွေ မြင်ခဲ့ရသည်။ သူ မည်သို့မပျော်ဘဲနေမည်နည်း။
မျိုးနွယ်သုံးခုနှင့် ဓားခုတ်ကောင်ဂိုဏ်းကြားတွင် ရန်ငြိုးတစ်ခု ရှိသွားပေပြီ။ နောက်ဆိုလျှင် မျိုးနွယ်သုံးခုသည် စိုးရိမ်စရာပိုများလာတော့မည်ဖြစ်သည်။ ရေခဲသားရဲဘုရင်၏ အမြုတေကလည်း ကျန်းရီကို အရည်ကျို နတ်ဘုရားမီးဖို နှိုးနိုင်ရန် ကူညီပေးနိုင်လောက်သည်။ ထို့ကြောင့် ရလဒ်က ကောင်းသည်ဟု ဆိုနိုင်ပေသည်။ ကျန်းရီ၏ တစ်ခုတည်းသော နောင်တမှာ ချောင်တွမ်ထျန်းကို မသတ်နိုင်ခဲ့ခြင်းသာ။
ချောင်တွမ်ထျန်းနောက်တွင် ချောင်ဖေးဝမ် ရှိနေပေသည်။ ကျန်းရီ နှင်းဒေသတွင် ဆက်နေလိုသေးလျှင် လောလောဆယ်တွင် ချောင်တွမ်ထျန်းကို ထိ၍မဖြစ်ပေ။
“အဟင်း... ငါ လူပုမျိုးနွယ်ကို ဖျက်ဆီးပစ်ပြီးလို့ နှင်းဒေသက ထွက်သွားဖို့ အသင့်ဖြစ်နေပြီဆိုရင် ငါ မင်းကို သတ်ပစ်မယ် ချောင်တွမ်ထျန်း...”
ကျန်းရီ ရေရွတ်လိုက်သည်။ သူသည် ဘယ်တုန်းကမှ လူကြီးလူကောင်း မဟုတ်ခဲ့ပေ။ ပြန်တုံ့ပြန်ရမှ ကျေနပ်တတ်သူဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် ရေခဲကျွန်း၌ သေမလိုဖြစ်ခဲ့သည်။ ပဉ္စမအကြီးအကဲကြောင့်သာ မဟုတ်လျှင် သူ နှင်းဒေသရှိ နတ်ဘုရားတစ်ပိုင်း ပညာရှင်များလက်မှ ထွက်ပြေးနေရဆဲ ဖြစ်ပေလိမ့်မည်။
‘အမြုတေကို သန့်စင်ရမယ်’
ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် သူ့လက်စွပ်ကို အာရုံခံလိုက်၏။ သူသည် နတ်မက်မွန်သီးမျှ ကြီးသော အသားလုံးကြီးကို ကြည့်ရင်း ပြဿနာတစ်ခုကို တွေ့သွားသည်။ အမြုတေကို မည်သို့သန့်စင်ရမည်ဖြစ်ကြောင်း သူမသိပေ။ အကယ်၍ သူ အမှားလုပ်မိသွားပါက အမြုတေအတွင်းရှိ ဧရာမစွမ်းအားက သူ၏ဒန်တျန်ကို ထိခိုက်သွားစေပေလိမ့်မည်။
‘အရင်ဆုံး ကောင်းကင်နတ်ဆိုးတောင်ကို ပြန်တာပေါ့’
ကျန်းရီ အကြံတစ်ခု ရလိုက်၏။ ယခုဆိုလျှင် မိုယောင်အာနှင့် အခြားသူများက ကောင်းကင်နတ်ဆိုးတောင်သို့ ပြန်ရောက်နေလောက်ပေပြီ။ ရေခဲကျွန်းက အန္တရာယ်များခဲ့၍ မိုဖူ၊ မိုချီနှင့် အခြားသူများက ကောင်းကင်နတ်ဆိုးတောင်သို့ အမြန်ဆုံး ပြန်သွားခဲ့လောက်သည်။ ကျန်းရီ၏ တွက်ချက်မှုအရ ယခုဆိုလျှင် သူတို့ ပြန်ရောက်နေလောက်ပေပြီ။
‘သွားမယ်...’
မိုယောင်အာက မိုရှန်း၏သမီးဖြစ်သည်။ ထို့ကြောင့် သူမက လျှို့ဝှက်ချက်များစွာကို နားလည်ထားပေသည်။ ကျန်းရီ အမြုတေကို ကောင်းကင်နတ်ဆိုးတောင်တွင် သန့်စင်ခြင်းက အဆတစ်ထောင်ပို၍ လုံခြုံပေလိမ့်မည်။ ထို့ကြောင့် သူသည် မိုရှင်းအဖြစ် ပြန်ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပြီး မြေအောက်လမ်းကြောင်းများမှနေ၍ ကောင်းကင်နတ်ဆိုးတောင်ဆီသို့ သွားလိုက်လေသည်။
တစ်ရက်ကြာ သွားပြီးနောက် ကျန်းရီ ကောင်းကင်နတ်ဆိုးတောင်သို့ ရောက်သွား၏။ သူ ရောက်သွားချိန်မှာ ညအချိန်ဖြစ်သည်။ သူ မြေပြင်ထက်သို့ ထွက်လိုက်သောအခါ ကင်းလှည့်နေသော တပ်သားများ လန့်သွားကြ၏။
“ဘယ်သူလဲ...”
စိတ်လှုပ်ရှားနေသော တပ်သားတစ်ယောက်က အော်မေးလိုက်သည်။ ကျန်းရီသည် သူ့အပေါ်သို့ ကောင်းကင်စိတ်အာရုံများ ရောက်လာကြောင်း ခံစားလိုက်ရ၏။ တပ်သားသည် မြေကြီးထဲမှ ထွက်လာသူက မည်သူဖြစ်ကြောင်း သတိပြုမိသွားသောအခါ တုန်ယင်သွားပြီး ချက်ချင်း အော်ပြောလိုက်လေသည်။
“အကြီးအကဲမိုရှင်း ပြန်လာပြီ။ မြန်မြန်... တော်ဝင်သခင်မလေးနဲ့ တခြားအကြီးအကဲတွေကို သွားအကြောင်းကြားလိုက်”
ဝှစ်...ဝှစ်...
လက်အောက်ငယ်သားတစ်ယောက်က ကောင်းကင်နတ်ဆိုးတောင်ပေါ်သို့ ပျံတက်သွားလိုက်သည်။ ခေတ္တကြာပြီးနောက်တွင် တပ်မှူးတစ်ယောက်က စစ်တပ်တစ်ခုလုံးကို ဦးဆောင်ကာ ပျံဆင်းလာ၏။ သူတို့သည် ကျန်းရီနှင့် ဆယ်ပေအကွာသို့ ရောက်သောအခါ ဒူးထောက်လိုက်ကြပြီး နွေးထွေးမှုနှင့် လေးစားမှုတို့ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်ကြသည်။
“အကြီးအကဲမိုရှင်းကို နှုတ်ခွန်းဆက်သပါတယ်၊ ကောင်းကင်နတ်ဆိုးတောင်ကနေပြီး ပြန်လည်ကြိုဆိုပါတယ်”
“တောင်ကနေ ပြန်လည်ကြိုဆိုပါတယ် အကြီးအကဲ”
ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ တပ်သားများကလည်း တညီတညွတ်တည်း အော်ပြောလိုက်ကြသည်။ ကျန်းရီသည် အဘယ်ကြောင့် တပ်သားများက ရုတ်တရက်ကြီး သူ့ကို လေးလေးစားစား ဆက်ဆံလာကြောင်း နားမလည်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်လေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီသည် တပ်သားများကို ထရန် လက်ဝှေ့ယမ်းပြလိုက်၏။ သူ ကောင်းကင်နတ်ဆိုးတောင်ပေါ်သို့ တက်ရန် ဟန်ပြင်လိုက်ချိန်တွင် တောင်ပေါ်မှနေ၍ လူဆယ်ယောက်ကျော် ဆင်းလာလေသည်။ ထိုလူစုကို ဦးဆောင်လာသူမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိုယောင်အာဖြစ်သည်။ သူမသည် မျက်ရည်ဝဲကာ တုန်ယင်နေပြီး အဝေးမှနေ၍ ငိုသံဖြင့် အော်ပြောလိုက်လေသည်။
“မိုရှင်း... တကယ်ပဲရှင်လား”
“ဟင်းဟင်း...”
ကျန်းရီသည် ပြုံး၍ မိုယောင်အာအနောက်မှ လူစုကို ကြည့်လိုက်သည်။ မိုဖူနှင့် မိုချီတို့ကလည်း စိတ်လှုပ်ရှားနေကြောင်း သူ တွေ့လိုက်သည်။ သူတို့၏ မျက်နှာများပေါ်တွင် အပြစ်ရှိသည့် အရိပ်အယောင်နှင့် ရှက်သည့် အရိပ်အယောင်တို့ ပြည့်နှက်နေသည်။ သူတို့သည် ကျန်းရီနှင့် မျက်လုံးချင်း မဆုံဝံ့ကြပေ။
ဝှစ်...
မိုယောင်အာသည် တောက်အောင်သို့ ရောက်ရောက်ချင်း ကျန်းရီ၏ ရင်ခွင်အတွင်းသို့ ပြေးဝင်ကာ တင်းတင်းကြပ်ကြပ် ဖက်လိုက်လေသည်။ သူမ၏ သေးသွယ်သောခန္ဓာကိုယ်လေးနှင့် သူ၏ခန္ဓာကိုယ်တို့က အကြားအလပ်မရှိအောင် ပူးကပ်နေသည်။ ထို့နောက် သူမ ငိုယို၍ ပြောလိုက်သည်။
“ကောင်းတယ်... ကောင်းတယ်။ မိုရှင်း... ကျွန်မ ရှင့်ကို ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာ။ ရှင် ပြန်လာနိုင်တာ အရမ်းကောင်းတယ်”
ကျန်းရီသည် သူ့ရင်ခွင်ထဲရှိ လှပသော မျက်နှာလေးကို ငုံ့ကြည့်လိုက်၏။ ထိုမျက်နှာလေးပေါ်တွင် မျက်ရည်များ ရွှဲနေပေသည်။ မိုယောင်အာက အမှန်ပင် ပိန်သွားကြောင်းလည်း သူ တွေ့လိုက်ရသည်။ ထို့ကြောင့် သူ့ရင်ထဲတွင် ကရုဏာစိတ်များ ထိန်းမနိုင်၊ သိမ်းမရ ထွက်ပေါ်လာလေသည်။ သူ၏အကြည့်ကလည်း သူ့နှလုံးသားကဲ့သို့ နွေးထွေးလာသည်။ သူ၏ ထိုနတ်ဆိုးမလေးအပေါ်ထားသည့် ချစ်ခင်စိတ်ကလည်း ပိုတိုးလာသည်။
ကျန်းရီသည် မိုယောင်အာကို နူးညံ့စွာ ပြန်ဖက်လိုက်၏။ ထို့နောက် သူသည် သူမ၏ကျောကို ပွတ်သပ်ပေးကာ ပြုံး၍ ပြောလိုက်လေသည်။
“ဟင်းဟင်း... ငါက မိုရှင်းပါ။ ငါ့မှာ အသက်ကိုးသက်ရှိတယ်။ ဘယ်သူက ငါ့ကို သတ်နိုင်မှာလဲ။ တိတ်တော့နော်... ငါတို့ကို လူတွေအများကြီး ကြည့်နေကြတယ်။ ငါတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်တွက်ရဦးမယ်လေ။ မင်းက မင်းရဲ့ ဂုဏ်သိက္ခာကို အရေးမစိုက်ပေမယ့် ငါကတော့ စိုက်တယ်...”
“အဟင်း...”
မိုယောင်အာ ရယ်လိုက်ပြီး ကျန်းရီကို တွန်းထုတ်လိုက်သည်။ သို့သော် သူမ၏ လက်တစ်ဘက်က ကျန်းရီ၏ လက်ကို ဆုပ်ကိုင်ထားဆဲပင်။ ကျန်းရီက မိုဖူနှင့် မိုချီတို့ကို ကြည့်လိုက်သည်။
မိုချီနှင့် မိုဖူတို့က ကျန်းရီကို အိုးတိုးအန်းတန်းဖြင့် ကြည့်၍ လက်ဆုပ်ကာ ပြောလိုက်ကြသည်။
“မိုရှင်း... ငါတို့က...”
ကျန်းရီသည် မိုချီ၏အတွေးကို နားလည်၏။ ရေခဲကျွန်းတွင် ကျန်းရီက တစ်ယောက်တည်း ခုခံတိုက်ခိုက်ပေးခဲ့သော်လည်း သူတို့က သူ့ကို ထားခဲ့ကာ ထွက်ပြေးခဲ့ကြသည်။ မိုဖူနှင့် မိုချီတို့သည် သူတို့က ကျန်းရီကို သစ္စာဖောက်ခဲ့သည်ဟု ခံစားနေရခြင်း ဖြစ်ပေမည်။ ထို့ကြောင့် သူတို့ အလွန်ရှက်ရွံ့နေခြင်းဖြစ်မည်။
ကျန်းရီ လက်ဝှေ့ယမ်းလိုက်ပြီး ထိုနှစ်ယောက်ကို ဆက်မပြောရန် တားလိုက်သည်။ ထို့နောက် သူ ပြုံးကာ ပြောလိုက်လေသည်။
“အကြီးအကဲမိုချီ၊ အကြီးအကဲမိုဖူ... အကြီးအကဲတို့က ဘာအမှားမှ မလုပ်ခဲ့ကြပါဘူး။ ကျွန်တော့်အတွက် တော်ဝင်သခင်မလေးရဲ့ လုံခြုံရေးက ပိုအရေးကြီပါတယ်။ ကဲပါ... အဲ့ကိစ္စတွေက ပြီးခဲ့ပြီပဲ။ အခု ကျွန်တော် အန္တရာယ်ကင်းကင်နဲ့ ပြန်ရောက်လာပြီပဲ မဟုတ်လား။ အဲ့ကိစ္စကို ထပ်မပြောဘဲ နေကြတာပေါ့”
မိုယောင်အာသည် ထိုစကားကို ကြားသောအခါ ထပ်မံ၍ မျက်ရည်ကျလာ၏။ သူမသည် မိုဖူနှင့် မိုချီတို့ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ကျန်းရီထံ အသံပို့လွှတ်လိုက်လေသည်။
“မိုရှင်း... မိုဖူက ကျွန်မကို သတိမေ့သွားအောင် လုပ်ခဲ့တာ။ မဟုတ်ရင် ကျွန်မ ရှင့်ကို သေချာပေါက် လာကယ်မှာပါ။ ကျွန်မ တောင်းပန်ပါတယ်”
“ကိစ္စမရှိပါဘူး။ အရင်ဆုံး ပြန်ကြတာပေါ့။ ငါ ပင်ပန်းနေပြီ။ အနားယူချင်နေပြီ”
အမှန်တွင် ကျန်းရီက အမြုတေကို သန့်စင်ရန် စိတ်အားထက်သန်နေခြင်းပင်။ သူသည် မိုယောင်အာတို့နှင့် ထပ်ငြင်းခုန်မနေလိုပေ။ ထို့ကြောင့် သူသည် မိုဖူ၊ မိုချီနှင့် အခြားသူများကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ကောင်းကင်နတ်ဆိုးတောင်ပေါ်သို့ ပျံတက်သွားလိုက်သည်။ တောင်လယ်သို့ရောက်သောအခါ သူ မျက်မှောင်ကြုတ်လိုက်ပြီး မိုယောင်အာထံ အသံပို့လွှတ်လိုက်သည်။
“တော်ဝင်သခင်မလေး... တောင်ပေါ်မှာ ဂိုဏ်းချုပ်ရှိလား”
“မရှိဘူး...”
မိုယောင်အာက ခေါင်းခါလိုက်သည်။
“ရေခဲကျွန်းမှာ ရေခဲသားရဲဘုရင်တစ်ကောင် ပေါ်လာခဲ့တယ်။ ရှင့်ကို သွားကယ်ပေးဖို့ ကျွန်မ တောင်းဆိုခဲ့လို့ အဖေက အဲ့ကို ထွက်သွားတာပဲ။ လမ်းမှာ ရှင် အဖေနဲ့ မတွေ့ခဲ့ဘူးလား”
ကျန်းရီ ခေါင်းခါလိုက်သည်။ မိုယောင်အာသည် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် ခေါင်းငုံ့ကာ အသံပို့လွှတ်လိုက်၏။
“ဟုတ်သား... မိုရှင်း... ချိုးပိုင်၊ ဟော်ကူးနဲ့ မုန့်တတို့အကုန်လုံး သေကုန်ကြပြီ။ သူတို့က ရေခဲသားရဲဘုရင်သတ်တာကို ခံလိုက်ရတာလို့ ကျွန်မကြားတယ်။ အဲ့တုန်းက ရှင်လည်း အနားမှာ ရှိခဲ့တယ်မဟုတ်လား။ အဲ့သတင်းက အမှန်ပဲလား”
“ဟုတ်တယ်... အမှန်ပဲ”
မိုဖူနှင့် အခြားသူများကလည်း စိတ်ဝင်တစား နားထောင်နေကြောင်း ကျန်းရီ တွေ့လိုက်၏။ ထို့ကြောင့် သူ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ရေခဲပင်လယ်အောက်မှာ တကယ် ရေခဲသားရဲဘုရင်တစ်ကောင် ရှိနေခဲ့တာပဲ။ ကျွန်တော်တောင် ကံကောင်းလို့ လွတ်လာနိုင်တာ။ ချိုးပိုင်နဲ့ တခြားသူတွေကတော့ ရေခဲသားရဲဘုရင်သတ်တာကို ခံလိုက်ရတယ်”
“ဟင်းဟင်း... သူတို့ သေကုန်တာ ကောင်းတယ်”
မိုယောင်အာက လက်သီးလေးဆုပ်၍ မုန်းတီးဟန်ဖြင့် ပြောလိုက်သည်။
“သူတို့ မသေရင် ကျွန်မက အဖေ့ကို စစ်တပ်ခေါ်ပြီး သွားသတ်ခိုင်းတော့မှာ။ ဟွန်း... သူတို့က ကျွန်မတို့ကို ထောင်ချောက်ဆင်ခဲ့တာ”
“အကြီးအကဲတို့... ပြန်ကြပါတော့။ ကျွန်တော် ဒဏ်ရာရလာလို့ အနားယူပြီး ဒဏ်ရာကုသချင်နေပါပြီ”
ကျန်းရီသည် သူ့ရဲတိုက်သို့ ရောက်သောအခါ မိုချီနှင့် အခြားသူများကို လက်ဝှေ့ယမ်း၍ ပြောလိုက်၏။ ထို့နောက် သူသည် မိုယောင်အာကိုခေါ်ကာ ရဲတိုက်ထဲသို့ ဝင်သွားလိုက်လေသည်။ မိုချီနှင့် မိုဖူတို့သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါကြည့်လိုက်ကြပြီး ခါးသက်သက်ပြုံးလိုက်ကြလေသည်။ မိုချီက ခပ်ဖြည်းဖြည်း ခေါင်းခါ၍ ပြောလိုက်သည်။
“ကျုပ်တို့ဂိုဏ်းထဲမှာ ပါရမီရှင်တစ်ယောက် ရှိတာပဲ။ ကျုပ်တို့က အိုပါပြီ။ အနာဂတ်က မိုရှင်းတို့လို လူငယ်တွေရဲ့ လက်ထဲမှာပဲ”
“ဟုတ်တယ်...”
မိုဖူက ကျန်းရီ၏ရဲတိုက်ကို ကြည့်ကာ ပြောလိုက်သည်။
“ချိုးပိုင်တို့ကို သူသတ်ခဲ့တာဆိုတာ အသိသာကြီးပဲ။ ကျုပ်တို့ကြားရသလောက်ကတော့ ရေခဲသားရဲဘုရင်က တိုက်ပွဲဖြစ်ပြီးလို့ နောက်ရက်နည်းနည်းလောက်နေမှ ထွက်ပေါ်လာခဲ့တာတဲ့။ ချောင်ဖေးဝမ်ကလည်း ရေခဲသားရဲဘုရင် ထွက်ပေါ်လာပေမယ့် ဘာမှ မလုပ်ခဲ့ဘူး။ အဲ့ရေခဲသားရဲဘုရင်ဆိုတာ အရင်နှစ်တွေတုန်းက ကျားနိုင်ဂိုဏ်းက ဖမ်းထားခဲ့တဲ့ သားရဲတွေထဲက တစ်ကောင်ဆိုတာ သိသာနေတာပဲ။ ကျားနိုင်ဂိုဏ်းက ရေခဲကျွန်းပေါ်က တိုက်ပွဲအကြောင်းကို ဘာလို့ ဖုံးကွယ်ချင်နေလဲဆိုတာကို မသိပေမယ့် ချိုးပိုင်၊ ဟော်ကူးနဲ့ တခြားသူတွေကို သတ်ပစ်ခဲ့တဲ့သူကတော့ မိုရှင်းဆိုတာ သေချာတယ်။ သူ့လက်မှာ သွေးတွေအများကြီး စွန်းနေပြီ...”
မိုချီက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ချိုးပိုင်တို့ကို သတ်ခဲ့တာ မိုရှန်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒီအကြောင်းကို ကျုပ်တိုးကြားမှာပဲ ထားရမယ်။ ရေခဲကျွန်းက ကိစ္စရဲ့ နောက်ကွယ်ကလူကလည်း အဲ့ကိစ္စကို လျှို့ဝှက်ထားချင်နေတာ။ အဲ့ကိစ္စအကြောင်းသာ ပေါက်ကြားသွားရင် တွေးမကြည့်နိုင်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်”
***