ဝိညာဉ်ဓား ပြောင်းလဲခြင်း
Vol. 74 Ch. 1026
ရွှီး...
စွမ်းအားနှစ်မျိုးက ကျန်းရီ၏ ဝိညာဉ်အတွင်းသို့ ဝင်သွားသောအခါ မူလဝိညာဉ်နှင့် ဝိညာဉ်ဓား (၇၂)ချောင်းတို့ လင်းလက်လာသည်။ ဝံပုလွေ(၇၃)ကောင်က ၎င်းတို့ထံ ပြေးလာသော သိုးများကို ငေးကြည့်နေသကဲ့သို့ပင်။
‘အဲ့ဒါတွေက တကယ် ဝိညာဉ်စွမ်းအားတွေပဲ’
ကျန်းရီ စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။ သူသည် ဝိညာဉ်ဓားများကို ထိန်းချုပ်၍ စွမ်းအားတစ်မျိုးစီကို အနည်းငယ် စုပ်ယူစေလိုက်သည်။ ဝိညာဉ်ဓားများက ထိုစွမ်းအားများကို စုပ်ယူနိုင်ကြောင်း အတည်ပြုပြီးသောအခါမှ သူ့ရင်ထဲရှိ အလုံးကြီး ကျသွားလေသည်။ သူသည် ထိုစွမ်းအားများကို သူ၏မူလဝိညာဉ်ဆီသို့ ပို့ဆောင်ရန် အာရုံစိုက်လိုက်၏။ နတ်ဘုရားဝိညာဉ်အတွက် သူ အဆင့်သင့်ဖြစ်နေပေပြီ။
သို့သော်...
မူလဝိညာဉ်နှင့် အမြုတေမှ ရေခဲစွမ်းအားတို့ ထိတွေ့သွားသည့်အခိုက်တွင် ကျန်းရီ အေးစက်မှုကို ခံစားလိုက်ရ၏။ သူ၏ဝိညာဉ်က ရေခဲတုံးကြီးတစ်တုံးအဖြစ် ပြောင်းလဲသွားသည်ဟု သူ ခံစားလိုက်ရသည်။ ထိုရေခဲတုံးကြီးက အချိန်မရွေး အက်ကွဲပျက်စီးသွားနိုင်ပေသည်။
ကျန်းရီ၏ ဝိညာဉ်က အေးခဲသွားပေပြီ။ သူသည် ထိုစွမ်းအားကို ဆက်ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ အမြုတေမှ ရေခဲစွမ်းအားက သူ့ခန္ဓာကိုယ်အတွင်းသို့ ဆက်စီးဝင်နေဆဲဖြစ်၍ သူ၏မူလဝိညာဉ်က ပို၍ပင် အေးခဲလာလေသည်။ ကျန်းရီသည် သူသေရန် သိပ်မလိုလောက်တော့ဟု ခန့်မှန်းလိုက်၏။
ရွှီ...ရွှီ...
ကျန်းရီ အလွန်ကံကောင်းသွားသည်။ သူ၏ဝိညာဉ်အတွင်းသို့ ယန်ဓာတ်စွမ်းအား ဝင်ရောက်လာ၏။ သူခံစားနေရသော စူးရှရှနာကျင်မှု ပျောက်ကွယ်သွားသည်။ သူ၏ မူလဝိညာဉ်လည်း အေးခဲမနေတော့ပေ။ သို့သော် ပွင့်ဖတ်သုံးဖတ်ကြာပန်း၏ ယန်ဓာတ်စွမ်းအားက ကျန်းရီ၏ မူလဝိညာဉ်အတွင်း ဆက်ဝင်သွားပြီး လောင်မြိုက်လိုက်သည်။ ထို့ကြောင့် ကျန်းရီတစ်ယောက် နာကျင်မှုအသစ်တစ်ခုကို ခံစားလိုက်ရပြီး သတိလစ်မလိုပင် ဖြစ်သွားလေသည်။
‘တောင့်ထား... ငါ သတိလစ်သွားရင် သေချာပေါက် သေသွားလိမ့်မယ်’
သေခြင်းနှင့် ရှင်ခြင်းကို ခြားထားသော အလွှာပါးလေးပေါ်တွင် ကျန်းရီတစ်ယောက် ပြင်းစွာသော နာကျင်မှုကို တောင့်ခံနေရသည်။ သူသည် စွမ်းအားအကုန်လုံးကို မူလဝိညာဉ်ထဲမှ ပြန်ထုတ်လိုက်ပြီး ဝိညာဉ်ဓား(၇၂)ချောင်းဆီသို့ ပို့ဆောင်ရန်သာ အာရုံစိုက်နေသည်။ ထို့ပြင် သူသည် ဝိညာဉ်ဓား(၇၂)ချောင်းအား ထိန်းချုပ်၍ သူ၏မူလဝိညာဉ်ကို လှည့်ပတ်နေစေသည်။ သူ့မူလဝိညာဉ်အတွင်းသို့ စွမ်းအားတစ်ခု ထပ်ဝင်သွားလျှင် သူ သတိလစ်သွားနိုင်ပေသည်။
ရှဲ...ရှဲ...
မီးဝိညာဉ်ပုလဲထဲတွင် ထူးဆန်းသော အားတစ်ခု လှုပ်ရှားလာ၏။ သူ့မူလဝိညာဉ်မှ စူးရှသောနာကျင်မှုလည်း ပျောက်ကွယ်သည်။ နောက်ဆုံးတွင် သူ စတင် သက်တောင့်သက်သာ ဖြစ်လာပေပြီ။ သူ၏ကောင်းကင်စိတ်အာရုံက ဝိညာဉ်ဓားများ၏ စုပ်ယူမှုကို ခံနေရသော စွမ်းအားနှစ်မျိုးကို စောင့်ကြည့်နေ၏။ ထိုစွမ်းအားနှစ်ခုက နတ်ဆိုးနှစ်ကောင်ကဲ့သို့ပင်။ အစောတွင် သူသာ သတိလစ်သွားခဲ့ပါက ပြန်၍ သတိလည်လာနိုင်တော့မည် မဟုတ်ချေ။ သူက အလွန်ကံကောင်း၍သာ သေမင်းခံတွင်းဝမှ ပြန်လှည့်လာနိုင်ခဲ့ခြင်းဖြစ်သည်။
ကျန်းရီ ခေတ္တ အနားယူရန် ဆုံးဖြတ်လိုက်၏။ ထိုမှ ဝိညာဉ်ဓားများကို ပြန်မသိမ်းခင်တွင် သူ၏မူလဝိညာဉ်မှ နာကျင်မှုက အနိမ့်ဆုံးအဆင့်သို့ ရောက်သွားမည်ဖြစ်သည်။ ကျန်းရီသည် သူ၏ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်က ကြီးမားသော သက်ရောက်မှုတစ်ခုကို ခံနေရကြောင်း သိလိုက်ရ၏။ သူ၏ဝိညာဉ်ဓားများက စွမ်းအားများကို အလွန်လျင်မြန်စွာ စုပ်ယူခဲ့ရသည်။ ယခုတွင် ၎င်းတို့က အရွယ်ကျုံ့လာနေသည်။
ဟုတ်၏။ ဝိညာဉ်ဓားများက အရွယ်ကြီးမလားဘဲ အရွယ်ကျုံ့လာနေသည်။
ယခင်တွင် ဝိညာဉ်ဓားသုံးချောင်းက နတ်ဘုရားပိုးကောင်၏ ပိုးကောင်အဆီကို စုပ်ယူပြီးနောက်တွင်လည်း အရွယ်ကျုံးသွားခဲ့ဖူးသည်။ သို့သော် ၎င်းတို့က ပို၍ ခိုင်ခံ့လာက ပို၍ စွမ်းအားကြီးလာပေသည်။ ယခု စွမ်းအားနှစ်မျိုးက ပိုးကောင်အဆီထက် များစွာပို၍ စွမ်းအားကြီးသည်။ ထို့ကြောင့် သူ၏ဝိညာဉ်ဓား(၇၂)ချောင်းက ပို၍လျင်မြန်သောနှုန်းဖြင့် အရွယ်ကျုံ့လာနေခြင်းပင်။ ဝိညာဉ်ဓား(၇၂)ချောင်းစလုံးက မူလအရွယ်ထက် တစ်ဆမျှ ကျုံ့သွားပေပြီ။
‘လခွမ်းပဲ... ပွင့်ဖတ်သုံးဖတ်ကြာပန်းနဲ့ အမြုတွေကို သုံးပုံတစ်ပုံလောက်ပဲ သန့်စင်ရသေးတယ်။ ကြည့်ရတာ ငါ့ရဲ့ ဝိညာဉ်ဓားတွေက စွမ်းအားတွေကို ထပ်ပြီးစုပ်ယူနိုင်မယ့်ပုံမပေါ်ဘူး။ သူတို့ရဲ့အရွယ်က အသေးဆုံး အနေအထားကို ရောက်သွားရင် သူတို့ စပြီး အက်ကွဲလာနိုင်တယ်...’
ရူပဗေဒဥပဒေသများအရ ဝိညာဉ်ဓားများသာ ဆက်၍ ကျုံ့နေလျှင် အလွန်သိပ်သည်းမာကြောလာကာ ပေါက်ကွဲသွားမည်ဖြစ်သည်။ ထိုဝိညာဉ်ဓားများက ဝိညာဉ်ပင်လယ်အတွင်း၌ ရှိနေခြင်းဖြစ်၍ ၎င်းတို့သာ ပေါက်ကွဲသွားလျှင် သူ၏ဝိညာဉ်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် ဝိညာဉ်ဓားများက စွမ်းအားများကို မစုပ်ယူပါက ကိုယ်တွင်း၌ စွမ်းအားများ စုပုံလာမည်ဖြစ်သည်။ သို့ဆိုလျှင် သူ၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပေလိမ့်မည်။
‘ငါ ဘာလုပ်သင့်လဲ။ ငါ ဘာလုပ်သင့်လဲ။ ငါ ဘာလုပ်သင့်လဲ’
ကျန်းရီသည် အစောတွင် ခံစားခဲ့ရသော မူလဝိညာဉ်မှ နာကျင်မှုကို လုံးဝမေ့သွားပေပြီ။ ယခု သူ့ခေါင်းထဲတွင် ဝိညာဉ်ဓားများ အသေဆုံးအရွယ်သို့ ရောက်သွားပြီး ပေါက်ကွဲထွက်သွားသည့် ပုံရိပ်များနှင့်သာ ပြည့်နှက်နေလေသည်။ သို့ဆိုလျှင် သူလည်း အမှန်တကယ် သေသွားမည်ဖြစ်သည်။
ကျန်းရီသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်ရန် ဖိအားပေးလိုက်ပြီး သေခြင်းတရားကို တည်ငြိမ်သောစိတ်ဖြင့် ရင်ဆိုင်ရန် သတိကပ်လိုက်သည်။ ထို့နောက်တွင် သူ၏ ဦးနှောက်က ဖြေရှင်းနည်းကို လျင်မြန်စွာ စတင်ရှာဖွေလေတော့သည်။
ကြည့်ရသည်မှာ ကျန်းရီက ထိုစွမ်းအားနှစ်ခုကို မည်သို့မှ မထိန်းချုပ်နိုင်ကြောင်း အရင်ဆုံး ဝန်ခံရမည် ပုံပင်။ သူသည် လက်နှစ်ဘက်စလုံးကို မခံစားမိတော့ပေ။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်နိုင်လိမ့်မည်ဟုလည်း သူ မမျှော်လင့်ဝံ့ချေ။ အကယ်၍ သူသာ ထိုအခြေအနေသို့ ဝင်လိုက်ပါက သူ့ခန္ဓာကိုယ်သည် ခံစားလိုက်ရသော ဖိအားများ၊ နာကျင်မှုများကြောင့် ပျက်ပြားသွားပေလိမ့်မည်။ သို့ဆိုလျှင် သူ သတိလစ်သွားမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်လာသော စွမ်းအားအကုန်လုံးကို သိုလှောင်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာရပေမည်။ သို့သော် ကြယ်စက်လုံးများက စွမ်းအားနှစ်မျိုးကို လုံးဝ မစုပ်ယူနိုင်ချေ။ ယင်းတို့က ဝိညာဉ်စွမ်းအားများဖြစ်၍ ဝိညာဉ်ဓားများကသာ စုပ်ယူနိုင်ပေလိမ့်မည်။
မူလဝိညာဉ်...
ကျန်းရီသည် ပြင်းစွာသော နာကျင်မှုကို မြည်းစမ်းဖူးလိုက်ပြီဖြစ်၍ ထပ်မစမ်းဝံ့တော့ပေ။ သူ၏ မူလဝိညာဉ်အား ထိုစွမ်းအားများကို ထပ်စုပ်ယူစေလိုက်လျင် သူ သေချာပေါက် သေသွားမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီ ကြိုးစားကြည့်ရန် နည်းလမ်းတစ်ခုသာ ကျန်တော့သည်။ စွမ်းအားအကုန်လုံးကို ဝိညာဉ်ဓားများအတွင်းသို့ ပို့နိုင်မည့်နည်းလမ်းတစ်ခုကို သူ ရှာရပေမည်။
‘ဝိညာဉ်ဓား၊ ဝိညာဉ်ဓား...ဝိညာဉ်ဓား...’
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ထပ်မံ၍ ဝိညာဉ်ဓားများကို အာရုံခံလိုက်၏။ ဝိညာဉ်ဓား(၇၂)ချောင်းက ဆက်ကျုံ့နေဆဲပင်။ ယခုတွင် ၎င်းတို့သည် မူလအရွယ်အစား၏ သုံးပုံတစ်ပုံခန့်သာ ကျန်တော့ပေသည်။ သို့ဖြစ်ရာ ၎င်းတို့က အချိန်မရွေး အက်ကွဲလာနိုင်လေသည်။
ထိုဝိညာဉ်ဓားများက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ဒုတိယအထပ်ရှိ အဝါရောင်စမ်းချောင်းတွင် မရေမတွက်နိုင်သော ဝိညာဉ်ဝါးမျို မိကျောင်းများက ကျန်းရီကို တိုက်ခိုက်ခဲ့သည်။ ကျန်းရီသည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဝိညာဉ်ဝါးမျိုမိကျောင်းများကို မျိုချခဲ့သည်။ ထို့နောက် ရုတ်ခြည်းပင် သူ၏ဝိညာဉ်က ကွဲထွက်သွားခဲ့ပြီး ဝိညာဉ်ဓားများ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
အချို့ဝိညာဉ်ဓားများက နောက်ပိုင်းတွင် ဖျက်ဆီးခံခဲ့ရသည်။ သို့သော် ရှန်းစီမြို့၏ နတ်ဘုရားငိုကြွေးသံကြောင့် သူ ဝိညာဉ်ဓားများ ထပ်မံရရှိခဲ့သည်။ ထို့ပြင် လိပ်ပြာသခင်မမျိုးနွယ်၏ လိပ်ပြာရေစင်ကြောင့် ဝိညာဉ်ဓား(၇၂)ချောင်းက ပိုအဆင့်မြင့်သွားခဲ့သည်။ သူ၏ဝိညာဉ်ဓားသုံးချောင်းကလည်း ကျောက်မျက်နတ်ဘုရားပိုးကောင်ကြောင့် ထပ်မံအဆင့်မြင့်သွားခဲ့ပြန်သည်။
ကျန်းရီသည် သူ၏ဝိညာဉ်ဓားများအကြောင်းကို များစွာ နားမလည်ပေ။ ထိုကိစ္စများက သူ့အတွက် ထူးဆန်းနေသည်။ ထိုအကြောင်းများအကြောင်းကို အခြားသူများက ပြောသည်ကိုလည်း သူ မကြားဖူးခဲ့။ အနာဂတ်တွင် ထိုဝိညာဉ်ဓားများက မည်သို့ဆက်တိုးတက်လာမည်ဖြစ်ကြောင်းကိုလည်း သူ မသိပေ။
‘အဲ့ဒါတွေ ပေါက်ကွဲသွားတော့မယ်... ပေါက်ကွဲတော့မယ်’
အချိန်ကုန်လာ၏။ ကျန်းရီ၏ ဝိညာဉ်ဓားများကလည်း သေး၍၊ သေး၍ လာသည်။ မကြာခင်တွင် ၎င်းတို့ ပေါက်ကွဲသွားတော့ပေမည်။ ကျန်းရီသည် မည်မျှပင် ကြိုးစားတွေးတောပါစေ လုံလောက်အောင် ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုကို မတွေးနိုင်ပေ။
‘အဲ့ဝိညာဉ်ဓားတွေက အကြီးကြီးတွေဆို ကောင်းမယ်။ အဲ့ဒါဆို အသေဆုံးအရွယ်အထိ ကျုံ့သွားဖို့ အချိန်ပိုလိုမှာပဲ’
ရုတ်တရက် ကျန်းရီ၏ခေါင်းထဲတွင် အတွေးတစ်ချက်လက်သွား၏။ သူ ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့ပေပြီ။ သူသာ ဝိညာဉ်ဓားများကို ပြန့်ကားစေလိုက်လျှင် ပေါက်ကွဲသွားတော့မည် မဟုတ်ပေ။
ယခုတွင် ဝိညာဉ်ဓားများက သာမန်စွမ်းအားများကို စုပ်ယူနေခြင်း မဟုတ်ချေ။ ၎င်းတို့ စုပ်ယူနေသော စွမ်းအားနှစ်ခုက လိပ်ပြာရေစင်နှင့် ပိုးကောင်အဆီတို့ကဲ့သို့ အလွန်စွမ်းအားကြီးသည်။ ၎င်းတို့က သူ၏ဝိညာဉ်ဓားများကို မပြန့်ကားစေဘဲ ကျုံ့လာစေသည်။ ကျန်းရီသည် ထိုအကြောင်းများကို တွေးတောကာ ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိလိုက်သည်။ ဝိညာဉ်ဓားများ၏အရွယ်အစားကို ကြီးစေလိုလျှင် ၎င်းတို့ကို ပေါင်းစည်းရမည်ဖြစ်သည်။ ၎င်းတို့သာ အရွယ်အစားကြီးလာပါက အသေးဆုံးအရွယ်သို့ ရောက်တော့မည် မဟုတ်ချေ။
ဝိညာဉ်ဓားများက အက်ကွဲနိုင်၍ ပေါင်းစည်း၍လည်း ရနိုင်ပေသည်။ သူက ဝိညာဉ်ဓား(၇၂)ချောင်းကို (၃၆)ချောင်း၊ (၁၈)ချောင်း စသဖြင့် တစ်ဝက်စီ ပေါင်းစည်းသွားပြီး နောက်ဆုံးတွင် ဝိညာဉ်ဓားကြီးတစ်ချောင်းတည်းကျန်တော့သည်အထိ ပေါင်းစည်းလိုက်ရုံသာ။ သို့ဆိုလျှင် ဝိညာဉ်ဓားက ပေါက်ကွဲသွားတော့မည်မဟုတ်ဟု သူ ယူဆပေသည်။
အရေးပေါ်အခြေအနေတွင် အရေးပေါ်ဖြေရှင်းနည်းများ လိုအပ်သည်။
ယခုတွင် ကျန်းရီသည် သေမင်းနှုတ်ခမ်းဝသို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူ ဆက်တွေးတောမနေနိုင်ပေ။ သူသည် ဝိညာဉ်ဓားများကို စုစည်းစေလိုက်ပြီး တစ်ချောင်းနှင့်တစ်ချောင်း ပေါင်းစည်းသွားအောင် ဖိအားပေးလိုက်သည်။ သို့သော် သူ ဝိညာဉ်ဓားများကို ပေါင်းစည်းရန် ကြိုးစားလေလေ၊ ၎င်းတို့ကို ပေါင်းစည်း၍ မဖြစ်နိုင်ဟု သူ ခံစားလာရလေလေပင်။
‘ငါ အစွမ်းကုန်သုံးပြီကွာ...’
ကျန်းရီသည် အစွမ်းကုန်သုံး၍ ဝိညာဉ်ဓားနှစ်ချောင်းကို ထိန်းချုပ်လိုက်၏။ ၎င်းတို့က အတူယိမ်းထိုးနေသည်။ ထို့နောက်တွင် ကျန်းရီက ၎င်းတို့ကို ပူးကပ်သွားစေလိုက်သည်။
ဝုန်း...
ကျန်းရီသည် သူ၏စိတ်ဝိညာဉ်က တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။ ဝိညာဉ်ဓားနှစ်ချောင်းသည် ထိတွေ့မှုအဟုန်ကြောင့် အက်ကွဲလာပေပြီ။ သို့သော် ထိုအခိုက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်လာ၍ ကျန်းရီ စိတ်လှုပ်ရှားသွားသည်။ ထိုဝိညာဉ်ဓားနှစ်ချောင်းအတွင်းမှ စွမ်းအားများကို အခြားဝိညာဉ်ဓားများက စုပ်ယူလိုက်ကြ၏။ ထိုအခါ အခြားဝိညာဉ်ဓားများက အရွယ်အစား အနည်းငယ်ကြီးလာလေသည်။
‘ငါ ဝိညာဉ်ဓားတွေကို အချင်းချင်း ပြန်တိုက်ခိုင်းရမယ်’
ကျန်းရီ စိတ်အားတက်သွားပြီး ဝိညာဉ်ဓားများကို အချင်းချင်း ထိတိုက်စေလိုက်သည်။ ထိတိုက်၍ အက်ကွဲသွားသော ဝိညာဉ်ဓားများမှ စွမ်းအားများကို ကျန်ဝိညာဉ်ဓားများက စုပ်ယူကာ အရွယ်အစား ကြီးလာကြသည်။ ဝိညာဉ်ဓားများ နည်းနည်းပဲကျန်လေလေ၊ ကျန်နေသော ဝိညာဉ်ဓားများက အရွယ်အစား ကြီးလာလေလေဖြစ်သည်။
မူလတွင် ဝိညာဉ်ဓား(၇၂)ချောင်းရှိခဲ့သည်။ သို့သော် အချိန်တစ်ခဏအတွင်းမှာပင် ဝိညာဉ်ဓားငါးချောင်းသာ ကျန်တော့သည်။ အစောတွင် အသေဆုံးအရွယ်အစားသို့ ရောက်တော့မည့် ဝိညာဉ်ဓားများက ယခုတွင် သုံးဆ၊ လေးဆ ကြီးလာကြသည်။ သို့သော် ၎င်းတို့က စွမ်းအားနှစ်မျိုးကို စုပ်ယူပြီးနောက် ထပ်မံ၍ ကျုံ့လာပြန်သည်။
‘ဆက်လုပ်မယ်...’
ကျန်းရီ စစ်ဆေးကြည့်လိုက်ရာ ပွင့်ဖတ်သုံးဖတ်ကြာပန်းနှင့် အမြုတေထဲတွင် စွမ်းအားထက်ဝက်ကျန်နေသေးကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ ဝိညာဉ်ဓားများကို အချင်းချင်း ထပ်ခါ ထပ်ခါ ထိတိုက်စေလိုက်သည်။ ယခုတွင် သူ အသက်ဆက်ရှင်နိုင်၊ မရှင်နိုင်က ကံကြမ္မာအပေါ်တွင်သာ မူတည်နေပြီဖြစ်သည်။
ဝုန်း...ဝုန်း...
ဝိညာဉ်ဓားလေးချောင်းက ထိတိုက်အက်ကွဲသွား၍ ဝိညာဉ်ဓားတစ်ချောင်းသာ ကျန်တော့လေသည်။ ကျန်ခဲ့သော ဝိညာဉ်ဓားက အက်ကွဲသွားသော ဝိညာဉ်ဓားလေးချောင်းမှ စွမ်းအားအကုန်လုံးကို စုပ်ယူလိုက်သည်။ သူ့ခန္ဓာကိုယ်ကလည်း အပြင်မှ စွမ်းအားများကို ဆက်စုပ်ယူနေသည်။ ယခု သူ့တွင် ရွေးချယ်စရာ ကုန်သွားပေပြီ။ ထို့ကြောင့် သူ ထိုင်စောင့်နေရုံသာ ရှိတော့သည်။
နောက်ဆုံးကျန်ခဲ့သော ဝိညာဉ်ဓား၏ အရွယ်အစား မူလဝိညာဉ်အရွယ်အစား၏ တစ်ဝက်ခန့်ရှိသည်။ နောက်ဆုံးတွင် ပွင့်ဖတ်သုံးဖတ်ကြာပန်းနှင့် အမြုတေတို့မှ စွမ်းအားအကုန်လုံး ကုန်သွားပေပြီ။ ကျန်ခဲ့သောဝိညာဉ်ဓားက ကျန်းရီ၏ ဝိညာဉ်ပင်လယ်ထဲတွင် တိတ်တဆိတ် ရှိနေသည်။ ၎င်းက အက်ကွဲပျက်စီးသွားမည့် အရိပ်အယောင် မပြပေ။ ကျန်းရီ ဝမ်းသာသွားသည်။ သူ အားနည်းစွာ မျက်လုံးများ ဖွင့်လိုက်ပြီး ကြမ်းပြင်တွင် လှဲချ၍ အသက်ပြင်းပြင်း ရှူလိုက်လေသည်။
ကျန်းရီသည် ဆယ့်ငါးမိနစ်ကြာပြီးမှ ပြန်အားပြည့်လာသည်။ ယခုတွင် သူ၏ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေပြီ။ သို့သော် သူ၏အဝတ်အစားများတွင်မူ ချွေးများ ရွှဲနစ်နေလေသည်။ သူ့နဖူးထက်တွင်လည်း ချွေးများ စီးကျနေဆဲဖြစ်သည်။
ကျန်းရီ တင်ပျဉ်ခွေထထိုင်လိုက်ပြီး သူ့ဝိညာဉ်ပင်လယ်အတွင်းသို့ ကြည့်လိုက်သည်။ သူ၏ ကောင်းကင်စိတ်အာရုံက ဝိညာဉ်ဓားကို အာရုံခံမိသောအခါ သူ ရင်ခုန်မြန်သွားသည်။ ဝိညာဉ်ဓားက သက်တန့်ရောင်အလင်းကို ဖြာထုတ်နေပြီး အလွန်ဆန်းကြယ်သည့်ပုံ ပေါ်နေလေသည်။ ၎င်းက ပုံစံပြောင်းလဲနေပုံပင်။ သို့မဟုတ် ပေါက်ကွဲမည့် လက္ခဏာ ပြနေခြင်းလည်း ဖြစ်နိုင်ပေသည်။
***