သက်တန့်ဝိညာဉ်လှံ
Vol. 74 Ch. 1027
ရွှီး...
ကျန်းရီသည် သူ၏ဝိညာဉ်ပင်လယ်အတွင်း၌ သက်တန့်ရောင်ဓားက ယိမ်းထိုးနေသည်ကို တွေ့လိုက်၏။ သူ ထိုဝိညာဉ်ဓားကို မထိန်းချုပ်နိုင်ပေ။ ၎င်းက သူ့အလိုလို လှည့်ပတ်နေခြင်းပင်။ ထို့ပြင် ဝိညာဉ်ဓားက ဆက်၍ ပြောင်းလဲနေသည်။ အစတွင် ၎င်းသည် မီးနဂါးတစ်ချောင်းနှင့် ဆင်တူခဲ့သော်လည်း ယခုတွင် လှံတစ်ချောင်းနှင့် ဆင်တူနေပေပြီ။
‘ငါ့ရဲ့ ဝိညာဉ်ဓားက ဝိညာဉ်လှံ ဖြစ်သွားတာလား’
ကျန်းရီသည် အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လုပ်နေသော်လည်း မလှုပ်ရှားလိုက်ပေ။ ယခုတွင် ဝိညာဉ်ဓားက သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။ အကယ်၍ ၎င်းက သူ၏မူလဝိညာဉ်နှင့် သွားထိတိုက်မိပါက သူ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။ ၎င်းက သူ့မူလဝိညာဉ်ကို သွားမထိလျှင်ပင် ပေါက်ကွဲသွားပါက ပေါက်ကွဲမှုအဟုန်ကြောင့် မူလဝိညာဉ် ထိခိုက်သွားနိုင်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ဝိညာဉ်ဓားက ပို၍လျင်မြန်စွာ ယိမ်းထိုးလာ၏။ နောက်ဆုံးတွင် ကျန်းရီသည် ၎င်းကို ရှင်းရှင်းလင်းလင်းပင် မမြင်နိုင်တော့ဘဲ ခပ်ရေးရေးပုံရိပ်တစ်ခုအဖြစ်သာ မြင်ရတော့သည်။ ဝိညာဉ်ဓားက လျင်မြန်စွာ ပုံစံပြောင်းလဲနေသည်။ အမှန်တွင် ၎င်းက ဓားတစ်ချောင်းနှင့်ပင် မတူတော့ချေ။ လှံရှည်တစ်ချောင်းနှင့် တူနေပြီဖြစ်သည်။ လှံရှည်ပတ်လည်တွင် သက်တန့်ရောင်အလင်း တောက်ပနေသည်။ ထို့ပြင် လှံရှည်သည် ထူးဆန်းသော အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေပေရာ ဖျက်ဆီး၍မရနိုင်သော မဟာလှံတစ်ချောင်းကဲ့သို့ ထင်ရလေသည်။
သက်တန့်ရောင်ဝိညာဉ်လှံက ပို၍ပင် လျင်မြန်စွာ လှည့်ပတ်လာ၍ ကျန်းရီ ရင်ခုန်မြန်လာသည်။ ၎င်းက သူ၏မူလဝိညာဉ်အနီးမှ အကြိမ်အနည်းငယ် ဖြတ်ပျံသွား၏။ ထို့ကြောင့် သူ လိပ်ပြာလွင့်မတတ် ကြောက်သွားမိသည်။ သူ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေသို့ လျင်မြန်စွာ ဝင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ငြိမ်နေအောင် လုပ်လိုက်သည်။
ရွှီး...
ဝိညာဉ်ဓားက ဝိညာဉ်လှံအဖြစ် အပြည့်အဝပြောင်းလဲမသွားခင်လေးတွင် လှံပေါ်မှ သက်တန့်ရောင်က မည်းမှောင်သွားလေသည်။ လှံသည်လည်း ကျန်းရီ၏ ဝိညာဉ်ပင်လယ်ထဲတွင် ငြိမ်သွားသည်။ ထိုအခိုက်တွင် ကျန်းရီသည် သက်တန့်ဝိညာဉ်လှံနှင့် လွန်စွာ အချိတ်အဆက်ကောင်းနေလေသည်။ သူနှင့် လှံတို့က တစ်သားတည်း ဖြစ်သွားသလိုမျိုးပင်။
‘အခု အကုန် အဆင်ပြေသွားပြီလား’
ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သူသည် သက်တန့်ဝိညာဉ်လှံကို ဖြည်းဖြည်းချင်း ထိန်းချုပ်၍ သူ့ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်မပျံသန်းနိုင်အောင် ကာကွယ်လိုက်၏။ သူ့ခေါင်းထဲတွင် ထိုအတွေးများ ထွက်ပေါ်လာသောအခါ ဝိညာဉ်လှံကလည်း လှုပ်ရှားသွားသည်။ သူသာ ဝိညာဉ်လှံကို ထိန်းချုပ်ထားနိုင်လျှင် ၎င်းကို ကြောက်ရန်လိုတော့မည် မဟုတ်ပေ။
ကျန်းရီသည် ဝိညာဉ်လှံကို သူ၏ဝိညာဉ်ပင်လယ်ထဲတွင် အပတ်ပေါင်းများစွာ ပတ်ပျံသန်းစေလိုက်၏။ သူ ထိုဝိညာဉ်လှံကို အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း သေချာသွားပေပြီ။ ကျန်းရီ မျက်လုံးများ ဖွင့်လိုက်ပြီး သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူက ငရဲတံခါးဝမှ လှည့်ပြန်ခဲ့နိုင်ခြင်းဟု သူခံစားနေရသည်။
‘ဘာလို့ ဝိညာဉ်ဓားက ပုံစံပြောင်းသွားတာလဲ။ ပြီးတော့ ဘာလို့ သက်တန့်ဝိညာဉ်လှံပုံစံ ပြောင်းသွားရတာလဲ။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ’
ကျန်းရီသည် အဘယ်ကြောင့် ဝိညာဉ်ဓားများ ဖြစ်ပေါ်လာခြင်းကိုပင် နားမလည်ပေ။ သို့ဖြစ်ရာ ဝိညာဉ်ဓားက အဘယ်ကြောင့် ဝိညာဉ်လှံအဖြစ် ပြောင်းလဲသွားရကြောင်းကို ပို၍ပင် နားလည်မည် မဟုတ်ချေ။ သူသည် မိစ္ဆာတစ်ကောင်ကဲ့သို့ ခံစားနေရသည်။ ယခုတွင် သူ၏ဒန်တျန်သာမက ဝိညာဉ်ကလည်း ပြောင်းလဲသွားပေပြီ။ ထိုအရာအားလုံးက အမည်မဲ့ကျင့်စဉ်နှင့် သက်ဆိုင်နေလောက်ပေသည်။
‘ဘယ်သူက ငါ့ရဲ့ဝိညာဉ်ထဲမှာ အမည်မဲ့ကျင့်စဉ် ထည့်ပေးခဲ့တာလဲ။ ငါ့အမေကတော့ သူ မဟုတ်ဘူးလို့ ပြောတာပဲ... ယွီဝမ်များ ဖြစ်နေမလား။ ဗုဒ္ဓတောင်ရဲ့ မြောက်ဘက်က ရေကန်မှာ ငါးမျှားနေတဲ့ အဘိုးအိုများလား။ ယွီဝမ်က ဘယ်သူလဲ။ ဆန်းကြယ်တဲ့အဘိုးအိုကရော ဘယ်သူလဲ’
ကျန်းရီသည် ခေါင်းကိုက်လာသည်အထိ တွေးလိုက်၏။ ထို့နောက် သူ လက်လျှော့လိုက်သည်။ သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်လျှင် ဆန်းကြယ်သော အဘိုးအိုကို သွားရှာနိုင်သည်။ ထိုအခါကျ သူ့မေးခွန်းများ၏ အဖြေများကို ရပေလိမ့်မည်။
ကျန်းရီသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းရန် တွေးမိသည်နှင့် အခြားအရာများစွာကို ဆက်တွေးမိသွား၏။ ဤတစ်ခေါက်တွင် သူသည် အမြုတေ၏ ရေခဲစွမ်းအားကို အသုံးပြု၍ အရည်ကျို နတ်ဘုရားမီးဖိုကို နှိုးလိုခဲ့ခြင်းပင်။ သူ၏ဝိညာဉ်ဓားများက ရေခဲစွမ်းအားများကို စုပ်ယူနိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့မိပေ။ အမြုတေထဲတွင် သူသုံးနိုင်မည့် ရေခဲစွမ်းအားအနည်းငယ်ပင် မကျန်ခဲ့တော့ချေ။
ဖြစ်ပြီးသည့်ကိစ္စကို ပြောင်းလဲ၍ မရတော့ပေ။ သူ၏ ဝိညာဉ်ကို နတ်ဘုရားဝိညာဉ်အဖြစ် ပြောင်းလဲနိုင်လျှင်လည်း ကောင်းသောကိစ္စပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ သေဘေးမှ လွတ်မြောက်နိုင်ခဲ့ပေပြီ။ ထို့ကြောင့် အပိုဆုမှန်သမျှကို ကောင်းသောကိစ္စဟု ယူဆနိုင်ပေသည်။
‘အဲ... ဝိညာဉ်ဓား(၇၂)ချောင်းက တစ်ချောင်းတည်းအဖြစ် ပေါင်းစည်းသွားတာပဲ။ အဲ့ဓားက ပွင့်ဖတ်သုံးဖတ်ကြာပန်းနဲ့ အမြုတေက စွမ်းအားတွေအများကြီးကို စုပ်ယူလိုက်တာဆိုတော့ အခုဆို အရမ်းစွမ်းအားကြီးနေလောက်ပြီ မဟုတ်လား’
ကျန်းရီ ရင်ခုန်မြန်သွားသည်။ ဝိညာဉ်ဓား(၇၂)ချောင်းနှင့်ပင် လုံလောက်အောင် စွမ်းအားကြီးနေခဲ့ပြီဟု သူ ခံစားခဲ့ရသည်။ အပြစ်ဆေးကြောဒေသမှ ချော်ရည်ကန်တွင် သူသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကို ဝိညာဉ်ဓားများဖြင့် အလစ်တိုက်ခိုက်ခဲ့သည်။ သူသည် ထိုသူတစ်ယောက်ချင်းစီကို တစ်ချက်စီဖြင့် သတ်နိုင်ခဲ့သည်။ သူတို့က လေး၊ ငါးယောက် ရှိခဲ့သော်လည်း သူသည် ရှုပ်ထွေးသောနည်းလမ်းများကို သုံးရန်မလိုခဲ့ဘဲ ထိုသူအကုန်လုံးကို သတ်ပစ်နိုင်ခဲ့ပေသည်။
ဝှစ်...
ကျန်းရီ ထပ်မံ ရင်ခုန်မြန်သွားသည်။ သူသည် သက်တန့်ဝိညာဉ်လှံကို ထိန်းချုပ်၍ သူ၏မျက်ခုံးနှစ်ခုကြားမှ ပျံထွက်စေလိုက်၏။ ဝိညာဉ်လှံသည် တောက်ပသော အလင်းတန်းတစ်ခုအလား သူ့ခေါင်းထဲမှ ပျံထွက်လာပြီး အခန်းအပြင်သို့ ထွက်ကာ အကာအရံအားလုံးကို အလွယ်တကူ ဖောက်ထွက်သွားလေသည်။ ကျန်းရီ အံ့အားသင့်သွား၏။ သူ ဝိညာဉ်လှံကို လျင်မြန်စွာ ပြန်ရုတ်သိမ်းလိုက်ရသည်။
‘ဘာလို့ သက်တန့်ဝိညာဉ်လှံက အရမ်းမြန်နေရတာလဲ။ အပြင်က တစ်ယောက်ယောက်များ အဲ့ဒါကို တွေ့သွားသေးလား’
ကျန်းရီတစ်ယောက် သက်တန့်ဝိညာဉ်လှံ၏ အမြန်နှုန်းကြောင့် အံ့အားသင့်နေ၏။ ၎င်း၏အမြန်နှုန်းက သူ၏ဝိညာဉ်ဓားများအားလုံးထက် အနည်းဆုံး ဆယ်ဆပိုမြန်ပေသည်။ သူသည် သက်တန့်ဝိညာဉ်လှံကို သိမ်းပြီးနောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ သူ့ရဲတိုက်ဂိတ်တံခါး အပြင်ဘက်တွင် အစောင့်လေးယောက် ရှိနေသည်။ သူတို့ထဲမှ တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် ကျန်းရီ၏ ရဲတိုက်နံရံကို ငေးကြည့်နေလေသည်။ သူသည် သရဲတစ်ကောင်ကို မြင်လိုက်ရသည့်ပုံ ပေါက်နေ၏။ အခြားလူများက မည်သည်ကိုမှ သတိပြုမိလိုက်ပုံ မပေါ်ပေ။ ခေတ္တကြာပြီးနောက် ဝိညာဉ်လှံကို မြင်လိုက်ရသော အစောင့်သည် သူ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အမြင်မှားမှုများကို ဖယ်ထုတ်သကဲ့သို့ ခေါင်းခါလိုက်လေသည်။
ရွှစ်...
ကျန်းရီသည် စိတ်ငြိမ်လာပြီးနောက် သက်တန့်ဝိညာဉ်လှံကို သူ့မျက်ခုံးနှစ်ခုကြားမှ ထပ်မံပျံထွက်လာစေလိုက်၏။ ဝိညာဉ်လှံက အခန်းထဲတွင် လှည့်ပတ် ပျံသန်းနေသည်။ သူ ထိုသက်တန့်ဝိညာဉ်လှံကို စိတ်ဝင်တစား ငေးကြည့်လိုက်သည်။ သူ ထပ်မံ ရင်ခုန်မြန်သွားသည်။ ထိုဝိညာဉ်လှံက ဝိညာဉ်ဓားများထက် ဆယ်ဆပိုမြန်သဖြင့် ပို၍လည်း စွမ်းအားကြီးပေလိမ့်မည်။ တစ်နည်းဆိုရလျှင် သက်တန့်ဝိညာဉ်လှံက ဝိညာဉ်ဓားများထက် ဆယ်ဆပို၍ စွမ်းအားကြီးနိုင်ပေသည်။
“အာ...”
ကျန်းရီသည် သက်တန့်ဝိညာဉ်လှံကို အခန်းထဲတွင် နောက်တစ်ပတ်ထပ်၍ လှည့်ပတ်ပျံသန်းစေပြီးနောက် ရုတ်တရက် အတော်လေး အားနည်းသွားလေသည်။ သူ၏အမြင်များလည်း ဝေဝါးသွားသည်။ သူ ခေါင်းမူးလာပေပြီ။ ထို့ကြောင့် သူ သက်တန့်ဝိညာဉ်လှံကို လျင်မြန်စွာ ပြန်သိမ်းလိုက်ပြီး အနားယူရန် မျက်လုံးများ မှိတ်လိုက်သည်။
‘ဘာတွေ ဖြစ်နေတာလဲ’
အချိန်အတော်ကြာပြီးနောက် ကျန်းရီ မျက်လုံးများ ပြန်ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်က အတော်လေး သန်မာတောင့်တင်းသည်။ ထို့ပြင် သူသည် အလွယ်တကူ မဖျားနာတတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် အစောတွင် သူ ရုတ်တရက်ကြီး မူးဝေသွားရသနည်း။
‘သက်တန့်ဝိညာဉ်လှံက အရမ်းစွမ်းအားကြီးလို့ ငါ အဲ့ဒါကို အချိန်အကြာကြီး မသုံးနိုင်တာလား’
ထိုသို့ဖြစ်ဖို့များကြောင်း ကျန်းရီ တွေးလိုက်သည်။ သက်တန့်ဝိညာဉ်လှံကို ထပ်မံစမ်းသပ်နိုင်ရန် သူ၏ဝိညာဉ် အပြည့်အဝပြန်ကောင်းလာသည်အထိ သူ စောင့်လိုက်၏။ ထို့နောက် သူ သက်တန့်ဝိညာဉ်လှံကို ထပ်ထုတ်လိုက်သည်။ ဝိညာဉ်လှံကို အခန်းထဲတွင် အပတ်များစွာ လှည့်ပတ်ပျံသန်းစေပြီးနောက် သူ၏ဝိညာဉ်က ထပ်မံ အားနည်းလာပြီး သူ၏အမြင်က ဝေဝါးလာလေသည်။
မျှော်လင့်ထားသလိုပင်။
ကျန်းရီ ခေါင်းကိုက်နေပေပြီ။ သက်တန့်ဝိညာဉ်လှံက အလွန်စွမ်းအားကြီးသဖြင့် သူသည် ၎င်းကို ခေတ္တသာ ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် သူသည် နတ်ဘုရားအသုံးအဆောင် အစစ်အမှန်တစ်ခုကို ရထားသော ကလေးတစ်ယောက်ကဲ့သို့ ခံစားနေရ၏။ နတ်ဘုရားအသုံးအဆောင်က စွမ်းအားကြီးသော်လည်း သူက ၎င်းကို စိတ်ကြိုက် အသုံးပြုနိုင်မည် မဟုတ်ပေ။
‘ငါ သက်တန့်ဝိညာဉ်လှံကို မဆင်မခြင်သုံးလို့မရဘူး။ မဟုတ်လို့ ငါ့ရဲ့ဝိညာဉ်အားနည်းသွားရင် ငါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ မဟုတ်ဘူး’
ကျန်းရီ သူ့ကိုယ်သူ သတိပေးလိုက်၏။ တိုက်ပွဲအတွင်း၌ သိုင်းသမားတစ်ယောက်က ဝိညာဉ် အားနည်းသွားလျှင် တုံ့ပြန်နိုင်စွမ်း အလွန်ကျဆင်းသွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားပါက အသက်ပင် ဆုံးရှုံးရမည်ဖြစ်သည်။
‘ငါ့ရဲ့ ဝိညာဉ်ကို ပျိုးထောင်ပေးနိုင်မယ့် ရတနာတချို့ကို ရှာရမယ်’
ကျန်းရီသည် ရတနာသေတ္တာတစ်လုံးကို ရှာတွေ့သော်လည်း သော့မရှိသူတစ်ယောက်ကဲ့သို့ ခံစားနေရ၏။ သော့မရှိလျှင် သေတ္တာအတွင်းရှိ ရတနာများကို သူ မရနိုင်ပေ။ သက်တန့်ဝိညာဉ်လှံက အမှန်ပင် သူထင်ထားသလောက် စွမ်းအားကြီးပါက နတ်ဘုရားတစ်ပိုင်းများကိုပင် သတ်နိုင်ပေလိမ့်မည်။ သို့ဆိုလျှင် သူ လူပုတောင်သို့သွား၍ ချိုးရှန်ကို အလစ်တိုက်ခိုက်ကာ သတ်ဖြတ်ပစ်မည်ဖြစ်သည်။
ဝိညာဉ်ကို ပျိုးထောင်နိုင်ရန် ဝိညာဉ်ဆေးပင်များ သို့မဟုတ် ကျင့်စဉ်များကို သုံးရမည်ဖြစ်သည်။ ခန္ဓာကိုယ်က သန်မာလာလျှင် ဝိညာဉ်ကလည်း သန်မာလာမည်ဖြစ်သည်။ ယင်းက ကလေးငယ်တစ်ယောက် ကြီးပြင်းလာသကဲ့သို့ပင်။ သူ၏စွမ်းအားက သဘာဝအတိုင်း တိုးတက်လာမည်ဖြစ်သည်။
ကျန်းရီသည် ချော်ရည်ကန်တွင် ဝိညာဉ်ဆေးပင်များစွာ ရခဲ့၏။ သို့သော် ထိုဆေးပင်များက မည်သည့်နေရာတွင် အသုံးဝင်ကြောင်း သူမသိပေ။ ပွင့်ဖတ်သုံးဖတ်ကြာပန်းက သူ့ခန္ဓာကိုယ်ကို အရှင်လတ်လတ် လောင်ကျွမ်းပစ်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် ယခုတွင် ကျန်းရီသည် ထိုဝိညာဉ်ဆေးပင်များကို သန့်စင်ရန် ကြောက်နေပေပြီ။
‘ဘာပဲဖြစ်ဖြစ်ကွာ... တစ်လ၊ နှစ်လလောက် ကျင့်ကြံပြီး ငါ့ရဲ့ ကျင့်ကြံခြင်း တိုးတက်လာတဲ့အထိ စောင့်ရမှာပဲ။ အပြင်ဘက်မှာလည်း ပရမ်းပတာတွေ ဖြစ်နေတာပဲ။ ငါ ကိစ္စကြီးကြီးမားမားတစ်ခု မလုပ်ခင် အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ထားရမယ်’
ကျန်းရီ စိတ်ဆုံးဖြတ်လိုက်သည်။ ယခုတွင် သူ ဆက်ကျင့်ကြံ၍ ရေခဲကျွန်းမှ သတင်းကို စောင့်နေရုံသာရှိသည်။ အကယ်၍ သူ ယခု စွန့်စားလိုက်ပါက ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။
***