← Chapters

အချစ်က အပြင်းဆုံးအဆိပ်ပင်

Vol. 74 Ch. 1029

အချစ်က အပြင်းဆုံးအဆိပ်ပင်

Vol. 74 Ch. 1029

ကျန်းရီ မိုယောင်အာကို လုံးဝ လက်မထပ်နိုင်ပေ။ သူ ချစ်သော မိန်းမမှာ စုလောရွှယ်တစ်ယောက်သာ ရှိသည်။ သူသည် ဖုန်းလန်နှင့် ချင်းယွီတို့ကိုပင် သင့်တော်သော ဂုဏ်ပုဒ်မပေးခဲ့ပေ။ သူက သူမတို့ကို ကိုယ်လုပ်တော်အဖြစ်သာ အမည်တပ်မည်ဖြစ်သည်။ သူ၏ တရားဝင်ဇနီးမယားက အမြဲ စုလောရွှယ်သာ ဖြစ်နေပေမည်။

ပြီးခဲ့သော လများအတွင်း မိုယောင်အာက ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့သဖြင့် ကျန်းရီ သူမကို မမုန်းတော့ပေ။ သို့သော် သူ သူမကို အများကြီးလည်း မနှစ်သက်သေးပေ။ ထို့ကြောင့် သူ သူမကို လက်မထပ်လိုချေ။

အတိတ်တွင် ကျန်းရီသည် စုလောရွှယ်ကို တင့်တောင်းတင့်တယ် လက်ထပ်ယူမည်ဟု ကတိပေးခဲ့၏။ သို့သော် သူသည် လက်ထပ်ခြင်းထက် ပိုအရေးကြီးသော ကိစ္စများ ရှိနေသေးသည်ဟု တွေးခဲ့ကာ လက်ထပ်ပွဲကို အချိန်ဆွဲထားမိခဲ့သည်။ ကျီထင်ယွီက စုလောရွှယ်ကို အရှေ့ဘက် တော်ဝင်နယ်မြေသို့ ခေါ်သွားပြီးနောက်တွင် ကျန်းရီ သူမကို နှစ်ကြိမ်သာ ပြန်တွေ့ရပေသေးသည်။

ထို့ကြောင့် ကျန်းရီသည် စုလောရွှယ်အပေါ် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ သူ သူမကို ကယ်တင်မည်ဟု ကျိန်ဆိုထားသည်။ သူမကို ကယ်တင်ပြီးသည်နှင့် ရှန်းစီမျိုးနွယ်စုသို့ ပြန်ကာ မင်္ဂလာပွဲကြီးတစ်ပွဲ ခမ်းခမ်းနားနား ကျင်းပရန်လည်း သူ ကြံရွယ်ထားသည်။

သို့ဖြစ်၍ မိုယောင်အာက လက်ထပ်ပွဲအကြောင်း ပြောလိုက်သောအခါ ကျန်းရီ တိတ်ဆိတ်သွားလေသည်။ သူ မည်သို့ တုံ့ပြန်လိုက်ရမည်ကို မသိပေ။ သူသည် ခေါင်းငုံ့၍ သူမ၏စကားကို မကြားလိုက်သလိုသာ တုံ့ပြန်လိုက်သည်။

မိုယောင်အာက အတော်ကြာ စောင့်နေ၏။ ကျန်းရီက သူမကို ပြန်ပြောမည့်ပုံမပေါ်ကြောင်း တွေ့လိုက်သောအခါ သူမ သံသယဖြင့် ‌မော့ကြည့်လိုက်ပြီး ကျန်းရီ၏ လေးနက်နေသော မျက်နှာထားကို လေ့လာလိုက်သည်။ သူမ၏ မျက်နှာထားလည်း ပြောင်းသွားသည်။

“ဘာလဲ... ရှင်က လက်မထပ်ချင်ဘူးလား”

ကျန်းရီက ခါးသက်သက်ပြုံးလိုက်ပြီး မိုယောင်အာကို မော့ကြည့်လိုက်သည်။

“ငါက လက်မထပ်ချင်တာ မဟုတ်ပါဘူး... ငါတို့က အဆင့်တက်တာ မြန်လွန်းနေတယ်လို့ ခံစားနေရလို့ပါ။ ငါ မိုရှင်းက မိဘမဲ့တစ်ယောက်... ငါက တစ်ယောက်တည်းနေရတာကို အသားကျနေပြီ။ အခု မင်းက ငါ့ကို လက်ထပ်ပွဲကြီးတစ်ပွဲ ကျင်းပပေးစေချင်နေတယ်။ ငါ အဲ့ဒါတွေနဲ့ အသားကျဖို့ အချိန်တစ်ခုလိုတယ်”

“အို့... ကျွန်မ သိပြီ”

မိုယောင်အာ၏ မျက်နှာထားက ပြန်နွေးထွေးသွားသည်။ သူမသည် ကျန်းရီ၏လက်ကို ကိုင်ကာ ပြောလိုက်သည်။

“မိုရှင်း... ကျွန်မတို့က ငယ်လာမှာ မဟုတ်ဘူး။ ကျွန်မလည်း လက်ထပ်ပွဲကို အကြီးအကျယ် မလုပ်ချင်ပါဘူး။ ရှင် ကောင်းကင်နတ်ဆိုးနန်းတော်ထဲကို ပြောင်းလာပါလား။ အရင်လတွေတုန်းက ရှင့်ကို မတွေ့ရတာ ကျွန်မအတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ ရှင်သိရဲ့လား။ ကျွန်မ အဖေ့ကို ခြောက်လလုံးလုံး တောင်းဆိုပြီးမှ သူက ကျွန်မကို ရှင်နဲ့တွေ့ခွင့် ပေးခဲ့တာပဲ။ မိုရှင်း... ကျွန်မ ရှင်မရှိဘဲ မနေနိုင်ဘူး။ တကယ်လို့ ရှင် ထွက်သွားရင်... ကျွန်မ သေလိမ့်မယ်”

“အာ...”

ကျန်းရီ တုန်ယင်သွား၏။ ထူးထူးဆန်းဆန်း သူ့ရင်ထဲတွင် နွေးထွေးသွားသည်။ သို့သော် ကောင်းကင်နတ်ဆိုးနန်းတော်တွင် နေရမည့်ကိစ္စက သူ့နှလုံးသားကို ပြန်အေးစက်သွားစေလေသည်။ မိုရှန်းနှင့် တစ်မိုးအောက်ထဲတွင် ရှိနေလျှင် သူ ကျင့်ကြံရန်မဆိုထားနှင့် ထိုင်မရ၊ ထမရဖြင့် မသက်မသာ ဖြစ်နေမည် ဖြစ်သည်။ ထို့ကြောင့် သူ စိတ်တင်းလိုက်ပြီး ပြောလိုက်သည်။

“ယောင်အာ... ငါ့ကို အချိန်နည်းနည်းပေးပါ။ ငါ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကိုရောက်ဖို့ အချိန်နှစ်လလောက် လိုပါသေးတယ်။ ပြီးတော့မှ မင်းနဲ့ လက်ထပ်ခွင့်ပေးဖို့ ငါ မင်းအဖေကို တောင်းဆိုလိုက်မယ်”

“တကယ်လား...”

မိုယောင်အာ၏ မျက်လုံးလေးများက‌ ကျေနပ်စွာ ပြူးကျယ်သွား၏။ ထို့နောက် သူမသည် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“မိုရှင်း... ရှင် ကျွန်မကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ ရှင် တကယ်ပဲ ကျွန်မကို လက်ထပ်ချင်တာလား”

“ဟီးဟီး... မဟုတ်ဘူး”

ကျန်းရီသည် ပြုံးနေသော်လည်း ရင်ထဲတွင် စိတ်မကောင်းဖြစ်နေပေသည်။ နှစ်လကြာပြီးလျှင် သူ ထွက်သွားရပေတော့မည်။ သူ၏ ဆဋ္ဌမမြောက် ကြယ်စက်လုံးက မကြာခင်တွင် ဆင့်ကဲပြောင်းလဲတော့မည်ဖြစ်သည်။ သို့ဆိုလျှင် မိုရှန်းက သေချာပေါက် သတိပြုမိသွားပေလိမ့်မည်။ သို့သော် ကျန်းရီသည် ကြယ်စက်လုံး၏ ဆင့်ကဲပြောင်းလဲမှုကို တားထားနိုင်မည် မဟုတ်ပေ။ မိုရှန်းက သူ့ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံလိုက်သည်နှင့် သူမည်သူဖြစ်ကြောင်း ပေါ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဆဋ္ဌမမြောက်ကြယ်စက်လုံးက ကောင်းကင်နတ်ဆိုးတောင်ပေါ်တွင် ဆင်ကဲ့ပြောင်းလဲမည်ကို သူ ခွင့်မပြုနိုင်ချေ။ သူ ထွက်သွားရပေမည်။

ယခုတွင် ကျန်းရီက အသက်(၂၄)နှစ်ရှိပြီဖြစ်သည်။ သူသည် အရှေ့ဘက်တော်ဝင်နယ်မြေနှင့် နှင်းဒေသတွင် သုံးနှစ်ကြာ နေခဲ့ပြီးပေပြီ။ ဆန်းကြယ်နတ်ဘုရားနန်းတော်ပွင့်ရန် တစ်နှစ်ခွဲသာ လိုတော့သည်။ ထို့ကြောင့် သူ ဆန်းကြယ်နတ်ဘုရားတောင်သို့ မသွားခင် လူပုမျိုးနွယ်ကို အမြန်ဆုံး ရှင်းပစ်ခဲ့ရမည်ဖြစ်သည်။

ကျန်းရီသည် အ‌ရှေ့ဘက် တော်ဝင်နယ်မြေထဲတွင် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ မဖြစ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကိုတွေ့သွားလျှင် မြောက်ဘက်ဧကရာဇ်က သေချာပေါက် သူ့ကို လိုက်သတ်ပေလိမ့်မည်။ ဆန်းကြယ်နတ်ဘုရားတောင်ကလည်း ဆန်းကြယ်ကောင်းကင်မြို့နားတွင် တည်ရှိသည်။ ဆန်းကြယ်ကောင်းကင်မြို့သည် ဂိုဏ်းများစွာ၏ အခြေစိုက်ရာဖြစ်သည်။ ထိုမြို့တွင် ကြယ်ကိုးပွင့် ပညာရှင်များလည်း နေထိုင်ပေသည်။ အကယ်၍ သူမည်သူဖြစ်ကြောင်းသာ ပေါ်သွားလျှင် သူ ဆန်းကြယ်နတ်ဘုရားတောင်သို့ မရောက်ခင်မှာပင် အသတ်ခံလိုက်ရပေမည်။

ထို့ကြောင့် ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ နှင်းဒေသနှင့် အရှေ့ဘက် တော်ဝင်နယ်မြေ နယ်စပ်ကိုသွားကာ ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးပေါ်တွင် ခိုးလိုက်ပြီး ဆန်းကြယ်နတ်ဘုရားတောင်သို့ သွားရမည်ဖြစ်သည်။ သူသည် ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် အနည်းဆုံး တစ်နှစ်အချိန်ကုန်ရမည်ဖြစ်သည်။ သူ့တွင် ဖြုန်းရန် အချိန်မရှိပေ။

မိုယောင်အာက အတော်လေး ရိုး၏။ သူမသည် ကျန်းရီပြောသောစကားကို များစွာ မတွေးဘဲ ချိုသာစွာပြုံး၍သာ ကျန်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ရုတ်တရက် သူမ ထခုန်လိုက်ပြီး သူ၏ပါးကို နမ်းလိုက်သည်။ ထို့နောက် သူမ နောက်လှည့်ကာ ပြေးထွက်သွားလိုက်သည်။ သူမသည် တံခါးဝရောက်မှ သမင်လည်ပြန်ကြည့်လိုက်ပြီး ရှက်သွေးဖြာသော မျက်နှာလေးဖြင့် ပြောလိုက်သည်။

“ဆက်ကျင့်ကြံပါ မိုရှင်း... ရှင်က အတော်ဆုံးပဲ။ ယောင်အာ ရှင် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီး ကျွန်မရဲ့ အဖေကို ကျွန်မနဲ့လက်ထပ်ပေးဖို့ တောင်းဆိုမယ့်နေကို စောင့်နေမှာပါ”

မိုယောင်အာ ထွက်သွားပြီးနောက် ကျန်းရီ ပြန်စိတ်တည်ငြိမ်လာ၏။ သူသည် မိုယောင်အာ ပြောခဲ့သော ‘ရှင်ထွက်သွားရင် ကျွန်မသေလိမ့်မယ်’ဟူသော စကားကို ထပ်ခါထပ်ခါ ပြန်တွေးမိနေသည်။ ကျန်းရီ အပြစ်ရှိသလို ခံစားလိုက်ရ၏။ အချစ်က အပြင်းဆုံးအဆိပ်ပင်။ သူ ထွက်သွားလျှင် မိုယောင်အာတစ်ယောက် မည်သို့ဖြစ်သွားမည် မသိပေ။ သူမ ပြန်မှ နာလန်ထူလာနိုင်ပါမည်လော။

‘ဆက်ကျင့်ကြံပါ... ရှင်က အတော်ဆုံးပဲ’

ကျန်းရီသည် ထိုစကားကို တွေးမိသောအခါ သူ့ကို အမြဲအားပေးခဲ့သော အစေခံမလေးကို အမှတ်ရသွားသည်။ ယခုတွင် သူမသည် အဆုံးမဲ့ပင်လယ်နက်ထဲရှိ ရွှမ်ဝူနန်းတော်တွင် အထီးကျန်စွာ နေထိုင်နေရပေသည်။ သူမက သူလာခေါ်မည့်အချိန်ကို စောင့်နေဆဲဖြစ်ရမည်ဟု သူ တွေးလိုက်သည်။

ကျန်းရီသည် ဖုန်းလန်၊ ချင်းယွီ၊ နန်ကုန်းချီလင်းနှင့် ချမ်ဝမ်ကွမ်းတို့ကိုလည်း သတိရသွား၏။ ကျန့်ဝူရွှမ်းကရော သူ၏ခရီးကို စတင်နေပြီလောဟု သူ တွေးလိုက်သည်။ ကျန့်ဝူရွှမ်းက အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားကာ သူ၏လူများကို ရှာတွေ့သွားပြီလော။

နောက်ဆုံးတွင် ကျန်းရီသည် သူ၏ဆန်းကြယ်သောအမေ ရီဖျောင်ဖျောင်အကြောင်းကို တွေးလိုက်သည်။ အရိပ်ဧကရာဇ်က သူမကို ရှာတွေ့ပြီလော။ ရီဖျောင်ဖျောင်က သူ အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဖြစ်စေခဲ့သော ကိစ္စကြီးများကို သိသလော။ ယခုတွင် သူမက လူများစေလွှတ်၍ သူ့ကို ရှာနေသလော။

ကျန်းရီ၏စိတ်ထဲတွင် အတွေးများစွာ ရှိနေပေသည်။ သူက လူများစွာကို သတိရနေသည်။ ကျန်းရီ ကာကွယ်ရမည့် လူများက များလွန်းသည်။ သူသည် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ပခုံးထမ်းထားရသကဲ့သို့ ခံစားနေရပြီး အသက်ရှူ မြန်လာလေသည်။ သူ မျက်လုံးများ မှိတ်လိုက်ပြီး လက်နှစ်ဘက်စလုံးဖြင့် ခေါင်းကို ကုတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အထီးကျန်မှု၊ ခါးသီးမှုတို့နှင့် ပြည့်နှက်နေသည်။

ကျန်းရီသည် တစ်ရက်အနားယူပြီးနောက် ဆက်ကျင့်ကြံလိုက်၏။ ဤတစ်ခေါက်တွင် သူသည် ဆဋ္ဌမမြောက်ကြယ်စက်လုံး ပြည့်သည်အထိ ကျင့်ကြံရန် ဆုံးဖြတ်ထားလိုက်သည်။ ဆဋ္ဌမမြောက်ကြယ်စက်လုံး ပြည့်သွားလျှင် သူ တောင်အောက်သို့ဆင်း၍ အဆင့်တက်မည်ဖြစ်သည်။

ကျန်းရီသည် အဆ(၂၅၀၀)ပိုမြန်သော ကျင့်ကြံနှုန်းဖြင့် ကျင့်ကြံနေရသဖြင့် လေးမှလွှတ်လိုက်သော မြှားတစ်စင်းကဲသို့ ခံစားနေရ၏။ ကျန်းရီသည် အခြားလူများ လပေါင်း(၂၅၀၀)ကျင့်ကြံမှ ရမည့်အစွမ်းကို တစ်လအတွင်းမှာပင် ရနိုင်နေသည်။ သို့သော် သူ၏ကျင့်ကြံနှုန်းက ထန်မျိုးနွယ်၏ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများသို့ စိတ်ကြိုက်ဝင်နိုင်ပြီး ဝိညာဉ်ဆေးပင်များကို စိတ်ကြိုက်သုံးနိုင်သည့် အ‌ရှေ့ဘက် တော်ဝင်နယ်မြေမှ သခင်လေးများ၏ကျင့်ကြံနှုန်းနှင့်တော့ ယှဉ်နိုင်မည် မဟုတ်ပေ။ သူတို့၏ကျင့်ကြံနှုန်းက ကျန်းရီ၏ကျင့်ကြံနှုန်းထက် များစွာပိုမြန်မည်ဖြစ်သည်။

မျိုးနွယ်ကြီးများမှ သခင်လေးများအတွက် အတွင်းအားကျင့်ကြံခြင်းက အခက်အခဲတစ်ခုပင် မဟုတ်ချေ။ သူတို့အတွက် တာအိုပုံသဏ္ဌာန်များက အခက်ခဲဆုံးဖြစ်သည်။ သူတို့သာ တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်နိုင်ပါက သူတို့၏ အတွင်းအားက အလွယ်တကူ လိုက်ပါတိုးတက်လာမည်ဖြစ်သည်။

ကျန်းရီသည် အခန်းအောင်းကျင့်ကြံနေခဲ့သော တစ်နှစ်အတွင်း အတွင်းအားကိုသာ အာရုံစိုက်နေခဲ့ခြင်း မဟုတ်ပေ။ သူသည် ကောင်းကင်နှင့်လူသား ‌ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ အရာများစွာကို တစ်ချိန်တည်း အာရုံစိုက်ခဲ့သည်။ တာအိုပုံသဏ္ဌာန်များကို မည်သို့ သိမြင်နားလည်အောင် လုပ်ရမည်ကိုလည်း သူ တွေးနေခဲ့သည်။ သူ နတ်ဘုရားတစ်ပိုင်း ဖြစ်လာရန် နောက်ထပ် ကြယ်သုံးပွင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ရန်သာ လိုတော့သည်။ သူ နတ်ဘုရားတစ်ပိုင်အဆင့်သို့ တက်လှမ်းနိုင်သွားသည်နှင့် ဗုဒ္ဓတောင်၏မြောက်ဘက်ရှိ ရေကန်ဘေးမှ အဘိုးအိုကို သွားရှာနိုင်ပေသည်။

သို့သော် ကျန်းရီသည် မည်သည့် ကြယ်သုံးပွင့် တာအိုပုံသဏ္ဌာန်ကိုမှ ထပ်မသိမြင်မနားလည်နိုင်သေးပေ။ သူက ပါရမီရှိသူဖြစ်သည်။ သို့သော် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ကျင့်ကြံခဲ့သည်ပင် တာအိုပုံသဏ္ဌာန်ကို မသိမြင်မနားလည်နိုင်ခဲ့ချေ။ ထို့ကြောင့် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်ရန်က လွယ်သောကိစ္စမဟုတ်ကြောင်း သိနိုင်ပေသည်။ အခွင့်အလမ်းတစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု မရလျှင် သူ မည်မျှကြာကြာ အခန်းအောင်းကျင့်ကြံနေပါစေ မည်သည့်တာအိုပုံသဏ္ဌာန်ကိုမှ သိမြင်နားလည်နိုင်မည် မဟုတ်ပေ။

‘ဟုတ်ပြီ... ငါ့ရဲ့ ဆဋ္ဌမမြောက်ကြယ်စက်လုံးက ပြည့်သွားပြီ။ ကြယ်စက်လုံးက အချိန်မရွေး ဆင့်ကဲပြောင်းလဲသွားတော့မယ်’

တစ်လနှင့်ရက်နှစ်ဆယ်ကြာပြီးနောက် ကျန်းရီ ကျင့်ကြံခြင်းကို ရပ်လိုက်၏။ သူသည် သူ့ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ်လေ့လာလိုက်ပြီး သူ၏ ဆဋ္ဌမမြောက်ကြယ်စက်လုံးက အမှန်ပင် ပြည့်သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထို့ကြောင့် သူ ထရပ်လိုက်ပြီး ထုပ်ပိုးလိုက်သည်။ ထို့နောက် သူ တံခါးမကြီးကို ကြည့်၍ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“ထွက်သွားဖို့ အချိန်ကျပြီ”

ဆဋ္ဌမမြောက်ကြယ်စက်လုံးက ဆင့်ကဲပြောင်းလဲပြီးသွားလျှင် ကျန်းရီ၏ ဝိညာဉ်က များစွာပို၍ သန်မာလာနိုင်ပေသည်။ သို့ဆိုလျှင် သူ့အတွက် သက်တန့်ဝိညာဉ်လှံကို ထိန်းချုပ်ရန် လွယ်ကူလာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူ စွန့်စားကာ ချိုးရှန်ကို သွားသတ်မည်ဖြစ်သည်။ ပြီးလျှင် သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားရပေမည်။

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ထပ်ဝင်လိုက်ပြီး အပြင်ဘက်မှ အခြေအနေကို စူးစမ်းလိုက်၏။ ယခုက ညအချိန်ဖြစ်သည်။ ကောင်းကင်နတ်ဆိုးတောင်ကိုလည်း အဝင်၊ အထွက် ဖွင့်ပေးလိုက်ပြီဖြစ်သည်။ မိုယောင်အာက ကောင်းကင်နတ်ဆိုးနန်းတော်ထဲတွင် ရှိနေသည်။ သူမသည် ကျန်းရီ အဆင့်တက်မည့်အချိန်ကို စောင့်နေခြင်း ဖြစ်မည်။

“သွားမယ်...”

ကျန်းရီ စိတ်ဆုံးဖြတ်လိုက်၏။ သို့သော် သူ ရဲတိုက်ပတ်ပတ်လည်ရှိ အကာအရံကို မဖွင့်လိုက်ပေ။ တစ်စုံတစ်ခုက သူ့ကို ဆွဲထား၏။ သူ ထွက်သွားမည်ဆိုလျှင် အရင်ဆုံး မိုယောင်အာကို နှုတ်ဆက်သွားသင့်သည် မဟုတ်ပါလား။

“ထားလိုက်ပါတော့...”

မိုယောင်အာကို သွားနှုတ်ဆက်လိုက်လျှင် သူမက သူ့ကို သေချာပေါက် ဆွဲထားပေလိမ့်မည်။ ထို့ပြင် ကျန်းရီသည် သူမ၏ ဝမ်းနည်းပက်လက်မျက်နှာထားကို မမြင်လိုပေ။ သူ စက္ကူနှင့် စုတ်တံကို လျင်မြန်စွာ ယူလိုက်ပြီး စာအနည်းငယ် ရေးလိုက်သည်။ ထို့နောက် သူ ရဲတိုက်ထဲမှ ထွက်သွားလိုက်လေသည်။

ကောင်းကင်နတ်ဆိုးတောင်က အဝင်၊ အထွက် ဖွင့်ပေးထားပြီဖြစ်၍ ကျန်းရီ လွတ်လွတ်လပ်လပ် သွားလာနိုင်နေသည်။ သူ အမြန်ဆုံးနှုန်းဖြင့် တောင်ပေါ်မှ ဆင်းသွားလိုက်သည်။

လမ်းခရီးတစ်ခုလုံးက ချောမွေ့နေ၏။ မည်သူမှ သူ့ကို မတားပေ။ ကျန်းရီသည် တောင်ဘက်သို့ လျင်မြန်စွာ ဦးတည်သွားနေ၏။ မိုင်(၁၅၀၀)သွားပြီးနောက် သူရပ်တန့်လိုက်ကာ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးရန် ပြင်ဆင်လိုက်သည်။

“မိုရှင်း...မိုရှင်း...မိုရှင်း...”

ထိုအခိုက်တွင် ကျန်းရီသည် မြောက်ဘက်မှထွက်ပေါ်လာသော အော်သံတစ်သံကို ကြားလိုက်ရ၏။ အော်သံက အတွင်းအားထည့်၍ ‌အော်လိုက်ခြင်းဖြစ်၍ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါစေနေသည်။ ထို့ပြင် ထိုအသံက တုန်လှုပ်ကာ အသည်းကွဲနေသောလေသံ ပေါက်နေသည်။

အသံထဲတွင် ရှိုက်သံသဲ့သဲ့ပင် ပါလာသည်။ ကလေးတစ်ယောက်က လိုချင်သော အရုပ်ကို မရသဖြင့် အော်ငိုလိုက်သံကဲ့သို့ပင်။ ကျန်းရီသည် ထိုအသံကို ကြားလိုက်သောအခါ ရင်ကွဲသွား၏။ အသံက မိုယောင်အာ၏အသံပင်။

ကျန်းရီသည် စိတ်တင်း၍ မြောက်ဘက်သို့ မျက်နှာမူလိုက်၏။ သူသည် မိုယောင်အာ၏ မျက်ရည်လည်ရွှဲမျက်နှာလေးကိုပင် မြင်ယောင်နိုင်နေသည်။ သူမက သူ့ကို လိုက်ရှာနေလောက်သည်။ သို့သော် သူ အံကြိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ရေရွတ်ကာ ထွက်သွားလိုက်လေတော့သည်။

“ငါ တောင်းပန်ပါတယ် မိုယောင်အာ။ တကယ်လို့ နောက်ငါးနှစ်ကြာပြီးတဲ့အထိ မင်းငါ့ကို မမေ့သေးရင်၊ ငါတို့ ထပ်တွေ့မယ်ဆိုရင် ငါ မင်းကို သေချာပေါက် စိတ်မပျက်စေရပါဘူး”

***

All Chapters