သမီး ကျိန်တယ်
Vol. 74 Ch. 1030
“မိုရှင်း...မိုရှင်း...”
ကောင်းကင်နတ်ဆိုးတောင်၏ တောင်ဘက် မိုင်နှစ်ဆယ်အကွာတွင် မိုယောင်အာသည် စာတစ်စောင်ကိုကိုင်၍ အရူးတစ်ယောက်ကဲ့သို့ ပြေးလွှားနေ၏။ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ ရွှဲနေပြီး သူမ၏မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ၊ အကြောက်တရားများနှင့် ပြည့်နှက်နေသည်။ သူမသည် မြန်နိုင်သမျှအမြန်ဆုံး ပြေးနေပြီး မိုရှင်း၏အမည်ကို တကြော်ကြော်အော်ခေါ်နေပေသည်။ သူမ၏အသံတွင် ငိုရှိုက်သံလေးများလည်း ပါနေ၏။ သူမသည် အတွင်းအားသုံး၍ အသံကို မြှင့်တင်ထားသည်။ ထို့ကြောင့် သူမ၏အသံကို ဆယ်မိုင်အကွာမှပင် ကြားနိုင်နေသည်။
“တော်ဝင်သခင်မလေး... တော်ဝင်သခင်မလေး...”
မိုချီနှင့် မိုဖူတို့က လူတစ်စုကိုခေါ်၍ မိုယောင်အာအနောက်သို့ လိုက်လာသည်။ သူတို့သည် မည်သည့်ကိစ္စဖြစ်သွားကြောင်း မသိပေ။ အဘယ်ကြောင့် မိုယောက်အာက ရင်ကွဲပက်လက်ဖြင့် ငိုကြွေးနေရသနည်း။ အဘယ်ကြောင့် သူမက ညလယ်ကြီးတွင် ပြေးလွှားကာ မိုးရှင်၏အမည်ကို ခေါ်နေသနည်း။ မိုရှင်းကလည်း ရဲတိုက်ထဲတွင် မရှိဘဲ ဘယ်သို့သွားခြင်းနည်း။ သူ အပြင်သို့ ထွက်သွားလျှင်ပင် ပြန်လာမည် မဟုတ်လော။
“တော်ဝင်သခင်မလေး... ဘာဖြစ်တာပါလဲ။ စိတ်ကိုထိန်းပါ။ မိုရှင်း ပျောက်သွားလို့လား။ ကျွန်တော်တို့ လူလွှတ်ပြီး သူ့ကို ရှာလို့ရပါတယ်။ သခင်မလေးက အရင်ဆုံး တောင်ကို ပြန်သွားလိုက်ပါ။ အပြင်ဘက်မှာက အန္တရာယ်များပါတယ်”
မိုဖူသည် မိုယောင်အာက တောင်ဘက်သို့ ဆက်ပြေးရန်ကြံရွယ်ထားကြောင်း တွေ့လိုက်သောအခါ မြန်မြန် အရှိန်မြှင့်လိုက်ပြီး သူမကို တားလိုက်လေသည်။ မိုချီကလည်း လျင်မြန်စွာ လိုက်လာပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
“တော်ဝင်သခင်မလေး... သခင်မလေး သူ့ကို ဒီလိုရှာလို့ တွေ့မှာ မဟုတ်ပါဘူး။ ဘာဖြစ်ခဲ့တာလဲဆိုတာ ကျုပ်တို့ကို ပြောပြပါလား။ ကျွန်တော်တို့ သူ့ကို ကူရှာပေးမှာပါ”
“မိုရှင်း ထွက်သွားပြီ။ မိုရှင်းက ကျွန်မကို မလိုချင်တော့ဘူး”
မိုယောင်အာ ရပ်တန့်လိုက်၏။ သို့သော် သူမ၏ ကိုယ်လုံးလေးက တုန်ယင်နေပေသေးသည်။ သူမသည် တုန်ယင်သောနှုတ်ခမ်းများဖြင့် ပြောလိုက်၏။
“ရှင်တို့ သူ့ကို ရှာနိုင်မှာ မဟုတ်ပါဘူး။ ရှင်တို့ သူ့ကို ရှာနိုင်မှာ မဟုတ်ဘူး”
မိုယောင်အာ၏ အမူအယာက မိုဖူ၊ မိုချီနှင့် အခြားသူများကို စိုးရိမ်သွားစေ၏။ မိုဖူက ခပ်သွက်သွက် ပြောလိုက်သည်။
“တော်ဝင်သခင်မလေး... မိုရှင်းက အရမ်းမမြန်ပါဘူး။ ကျုပ်တို့ တပ်သားတွေ စေလွှတ်ပြီး ကီလိုမီတာငါးရာပတ်လည်ကို ပိတ်ဆို့ထားလိုက်လို့ ရပါတယ်။ ကျုပ်တို့ သူ့ကို သေချာပေါက် ရှာတွေ့မှာပါ”
“တကယ်လား...”
မိုယောင်အာ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး ပြန်လက်လာ၏။ သူမသည် မိုဖူ၏လက်ကို ဆွဲကိုင်ကာ စိတ်လှုပ်တရှားဖြင့် ပြောလိုက်သည်။
“သူ့နောက်ကို လိုက်ပါ။ မြန်မြန် တပ်သားတွေ စေလွှတ်လိုက်ပါ။ အကြီးအကဲတို့ မိုရှင်းကို ရှာတွေ့မှရမယ်”
“ဟုတ်ကဲ့ပါ တော်ဝင်သခင်မလေး... အရင်ဆုံး တောင်ကို ပြန်လိုက်ပါ”
မိုဖူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထိုကောင်မလေးက နတ်ဆိုးမလေးဖြစ်သော်လည်း မိုဖူတို့သည် သူမ ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရသည် မဟုတ်ပါလား။ သူတို့အားလုံးသည် သူမကို မြေးမလေးတစ်ယောက်အဖြစ် မြင်ကြသည်။ ထို့ကြောင့် သူမက ထိုသို့ဖြစ်နေသည်ကို မြင်ရသောအခါ မိုဖူနှင့် မိုချီတို့ကို နာကျင်စေပေသည်။ မိုချီက အမိန့်ပေးလိုက်သည်။
“ငါတို့ရဲ့ တပ်သားတွေအကုန်လုံးကို စေလွှတ်လိုက်။ ကီလိုမီတာငါးရာပတ်လည်ကို ပိတ်ဆို့ထား။ ငါတို့ မိုရှင်းကို ရှာရမယ်”
“ရှာဖို့ မလိုတော့ပါဘူး”
ထိုအခိုက်တွင် အေးစက်စက်အသံတစ်သံ ပဲ့တင်ထပ်လာ၏။ လေထဲတွင် လူတစ်ယောက် ထွက်ပေါ်လာလေသည်။ မိုဖူ၊ မိုချီနှင့် အခြားသူများသည် ထိုလူကို မြင်လိုက်သောအခါ ချက်ချင်း ဒူးထောက်ကာ ပြောလိုက်ကြသည်။
“ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်ပါတယ်”
“အဖေ...အဖေ...”
မိုယောင်အာသည် သူမ၏အဖေကို တွေ့လိုက်သောအခါ မျက်ရည်ဖြိုင်ဖြိုင်ကျလာပြီး သူ့ထံသို့ ပျံတက်သွားလိုက်သည်။ သူမသည် လေထဲရှိ ဝိညာဉ်လေများကိုလည်း အရေးမထားပေ။
မိုရှန်းက မျက်ခုံးပင့်လိုက်ပြီး ဝိညာဉ်လေများကို လျင်မြန်စွာဖယ်လိုက်ကာ မိုယောင်အာကို စီးပွေ့လိုက်သည်။ ထို့နောက် သူ ပြောလိုက်သည်။
“ကောင်းပြီ... မင်းတို့ ပြန်ကြတော့။ ဒီကိစ္စကို ငါ ရှင်းလိုက်မယ်”
မိုဖူတို့ ထွက်သွားသည်နှင့် မိုယောင်အာက သူမလက်ထဲမှစာကို မိုရှန်းဆီ ပေးလိုက်သည်။ ထို့နောက် သူမ ငိုယိုကာ ပြောလိုက်သည်။
“အဖေ... မိုရှင်း ထွက်သွားပြီ။ သူက အရေးတကြီးလုပ်စရာကိစ္စရှိလို့ ထွက်သွားပြီဆိုပြီး စာချန်ခဲ့တယ်... သမီးက ငါးနှစ်ကြာတဲ့အထိ သူ့ကို မမေ့သေးရင်၊ သမီးတို့ ပြန်ဆုံဖြစ်မယ်ဆိုရင် သူ သမီးကို စိတ်မပျက်စေရပါဘူးတဲ့”
မိုရှန်းက စာကို ဖတ်ပင်မဖတ်လိုက်ဘဲ ပြောလိုက်သည်။
“အဖေသိပါတယ်... သူ ထွက်သွားတာကို အဖေမြင်လိုက်တယ်”
“အာ...”
မိုယောင်အာ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ လျှံတက်လာသည်။ ထို့နောက် သူမသည် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
“အဖေ ဘာလို့ သူ့ကို မတားလိုက်တာလဲ။ အဖေ... သူ့ကို ပြန်ခေါ်လာပေးနိုင်မလားဟင်။ သမီး ရင်နာရလို့ပါ”
မိုရှန်းက မိုယောင်အာ၏ ခေါင်းကို ပွတ်ပေးလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
“အဖေ သူ့ကို ပြန်ခေါ်မပေးနိုင်ဘူး။ အဖေ သူ့ကို ပြန်ခေါ်လာရင်တောင် သူ့ရဲ့နှလုံးသားက သမီးနဲ့အတူရှိမှာ မဟုတ်ဘူး။ အဲ့တော့ ဘာများ အကျိုးရှိမှာလဲ။ ယောင်အာ... သူ့အကြောင်းကို မေ့လိုက်ပါတော့။ သူက သမီးကို လှည့်စားပြီး သမီးရဲ့ ခံစားချက်ကို အသုံးချသွားခဲ့တာ။ အဖေ သူ့ကို သေချာပေါက် ပြန်ပေးဆပ်စေမှာ။ ဟွန်း... ဘယ်သူမှ ငါ့သမီးကို အနိုင်ကျင့်လိုမရဘူး”
“ဟင့်အင်း...”
မိုယောင်အာက ခေါင်းခါလိုက်ပြီး အကျောက်အကန် ပြောလိုက်သည်။
“မိုရှင်းက သမီးကို တကယ်သဘောကျပါတယ်။ သူ့မှာ အရေးကြီးတဲ့ လုပ်စရာကိစ္စတစ်ခု ရှိနေလို့ဖြစ်မှာပါ။ သူက သမီးကို အရေးမစိုက်ဘူးဆိုရင် ဒီစာ ချန်ခဲ့မှာ မဟုတ်ဘူး။ အဖေ... သူ့ကို ထိခိုက်အောင် မလုပ်ပါနဲ့။ သူသေသွားရင် သမီးလည်း အသက်မရှင်ချင်တော့ဘူး”
“အရူးမလေး...”
မိုရှန်း မျက်နှာထား ပြောင်းသွားသည်။
“သူက သမီးကို လိမ်ခဲ့တာ။ သူက အစကတည်းက သမီးကို လိမ်ခဲ့တာ။ သူက သမီးကို တကယ်ကြိုက်နေတာ ဖြစ်နိုင်လောက်တယ်လို့ တွေးမိလို့ သူဘယ်သူဆိုတာ အဖေ မဖော်ခဲ့တာ၊ သူ့ကို သတ်မပစ်ခဲ့တာ။ အခုတော့ သူက ဒီလိုပုံစံနဲ့ ထွက်သွားပြီ။ အဲ့တော့ သူက သမီးကို အသုံးချတဲ့တယ်ဆိုတာ သေချာသွားပြီ”
မိုယောင်အာသည် သူမအဖေ၏စကားကြောင့် နားမလည်နိုင်ဖြစ်သွားပြီး အငိုပင်တိတ်သွားလေသည်။ ထို့နောက် သူမ မေးလိုက်သည်။
“အဖေ... အဖေ ဘာတွေပြောနေတာလဲ။ သူက ဘယ်သူမို့လို့လဲ။ သူက သမီးကို အသုံးချသွားတာဆိုတာကရော ဘာလဲ”
“အဖေမှန်းတာသာ မမှားဘူးဆိုရင်...”
မိုရှန်းက တောင်ဘက်ကိုကြည့်လိုက်၏။ ထို့နောက် သူသည် သတ်ဖြတ်လိုသော အရှိန်အဝါဖြင့် ဆက်ပြောလိုက်သည်။
“သူက အရှေ့ဘက် တော်ဝင်နယ်မြေက လာခဲ့တာဖြစ်ဖို့များတယ်။ သူက မိုရှင်းမဟုတ်ဘူး။ သူက ဆန်းကြယ်တဲ့ စွမ်းရည်တစ်ခုကိုသုံးပြီး သူ့ရဲ့ ရုပ်သွင်နဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းထားတာ။ သူက ပုံစံပြောင်းထားလို့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်နဲ့ တစ်ပုံစံတည်း တူနေပေမယ့် အဖေကတော့ သူ ပုံစံပြောင်းထားတယ်ဆိုတာကို အလွယ်လေး မြင်နိုင်တယ်။ သူ့လက်ထဲမှာ ဘာနတ်ဆိုးအရိုးမှ မရှိဘူး”
“အာ...”
မိုယောင်အာ အံ့အားသင့်သွားသည်။ သူမသည် ပါးစပ်အဟောင်းသားဖြင့် မေးလိုက်၏။
“သူက မိုရှင်းမဟုတ်ဘူးဆိုတော့ ဘယ်သူလဲ”
“ကျန်းရီ...”
မိုရှန်းက အမည်တစ်ခုကို ပြောလိုက်သည်။ ထို့နောက် သူ ရှင်းပြလိုက်သည်။
“သူ ထွက်သွားတုန်းက အဖေ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ထားတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာ။ လေထဲမှာ တုန်ခါမှုနည်းနည်းဖြစ်သွားတာကို အဖေ အာရုံခံမိလိုက်တယ်။ အဲ့ဒါက ကောင်းကင်ရှောင်တိမ်းခြင်းဆိုတဲ့စွမ်းရည် ဖြစ်မှာပေါ့။ သူ ရေခဲကျွန်းမှာ ချိုးပိုင်တို့ကို သတ်ခဲ့တုန်းကလည်း ပတ်ဝန်းကျင်ကလူတွေ တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့ဘူး။ သူက သူဘယ်သူဆိုတာ ပေါ်သွားမှာကို စိုးရိမ်ခဲ့တာ နေမှာပေါ့။ ပြီးတော့ ချိုးမင်ကို သတ်ဖို့ သူ သုံးသွားခဲ့တဲ့ လေခွင်း လျှပ်တစ်ပြက်သတ်ကွက်ဆိုတာကလည်း သူ့ရဲ့ ဝိညာဉ်လေစွမ်းရည်ဖြစ်လိမ့်မယ်...”
“ဒါပေမဲ့ မိုင်တစ်ထောင် ရေခဲလွှမ်း တာအိုပုံသဏ္ဌာန်ကတော့ သူ နှင်းဒေသကို ရောက်ပြီးမှ တတ်တာဖြစ်လောက်တယ်။ ပြောကြတာကတော့ ကျန်းရီဆီမှာ ဘယ်ပုံစံမဆို ပြောင်းလဲနိုင်တဲ့ ဆန်းကြယ်တဲ့စွမ်းရည်တစ်ခုရှိတယ်တဲ့။ အသက်ငယ်ငယ်နဲ့ နှင်းဒေသကို ရှုပ်ထွေးသွားအောင် လုပ်နိုင်တဲ့သူဆိုတော့ သူက ကံဆိုးကြယ် ကျန်းရီပဲဖြစ်မယ်”
“ကျန်းရီလား...”
မိုယောင်အာသည် ကျန်းရီဆိုသော အမည်ကို ရင်းနှီး၏။ သူမသည် အရှေ့ဘက် တော်ဝင်နယ်မြေကို လှုပ်ခတ်သွားအောင် လုပ်ခဲ့သော ထိုလူငယ်ကို များစွာအာရုံစိုက်ခဲ့သည်။ သူမ၏ စိတ်ထဲတွင် လူနှစ်ယောက်က တစ်ယောက်တည်းအဖြစ် ပေါင်းစည်းသွားသည်။ သူမသည် အချိန်အတော်ကြာ တွေးလိုက်ပြီးမှ ပြောလိုက်၏။
“ကျန်းရီလား၊ မိုရှင်းလား။ သူတို့က တစ်ယောက်တည်းပဲ။ သူရဲ့ အရှိန်အဝါက ထူးခြားလွန်းတယ်။ ကောင်းကင်နတ်ဆိုးတောင်ထိပ်က လူတွေဆီမှာတောင် အဲ့လို အရှိန်အဝါမျိုး မရှိနိုင်ဘူး။ သမီး အရင်ကတည်းက ခန့်မှန်းမိခဲ့ဖို့ကောင်းတယ်။ ကျန်းရီလား... သူက ကျန်းရီလား၊ အား...”
မိုယောင်အာသည် ရုတ်တရက် ကိစ္စများစွာကို ပြန်တွေးမိသွား၏။ သူမ ကျန်းရီနှင့် ပထမဆုံးတွေ့ခဲ့သည့်အချိန်က ကျန်းရီ၏ မျက်နှာထားက ထီမထင်ဟန်ရှိခဲ့သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းက မည်သည့်သာမန်တပည့်ကမှ သူမကို ထိုသို့ကြည့်ဝံ့မည် မဟုတ်ပေ။ ထို့ပြင် ကျန်းရီက ချိုးမင်ကို သတ်ခဲ့သည်။ ထိုသို့ ပြတ်သားမှုနှင့် ရဲဝံ့မှုက သာမန်လူများ ပိုင်ဆိုင်နိုင်သောအရာများ မဟုတ်ချေ။
အရေးအကြီးဆုံးမှာ ကျားနိုင်တောင်ပေါ်တွင် ကျန်းရီက စုလောရွှယ်ကို ချစ်ရည်ရွှမ်းသော မျက်ဝန်းများဖြင့် ကြည့်ခဲ့ခြင်းပင်။ ထို့နောက်တွင် သူသည် အဆုံးမဲ့ ဝေဒနာများဖြင့် အရူးတစ်ယောက်ကဲ့သို့ ထွက်သွားခဲ့သည်။ ထို့ပြင် ကျန်းရီ၏ နတ်ဆိုးအပြုံးလည်း ရှိပေသေးသည်။ သူက သူမအပေါ် မောက်မောက်မာမာ ဆက်ဆံခဲ့သည်။ ထိုအရာအားလုံးသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သာမန်တပည့်တစ်ယောက်က လုပ်နိုင်သောအရာများမဟုတ်ပေ။
မိုယောင်အာသည် အပိုင်းအစများကို တစုတစည်းထဲ ပေါင်းစပ်နိုင်လိုက်၏။ သူမသည် အသိစိတ်ပျောက်သွားသူတစ်ယောက်ကဲ့သို့ ငိုင်ငိုင်ကြီး ရပ်နေမိလေသည်။
မိုရှန်းက မှန်ပေသည်။ ကျန်းရီ၏ နှလုံးသားက ဤနေရာတွင် မရှိပေ။ ထို့ကြောင့် သူ့ကို ပြန်ခေါ်လာလျှင်ပင် ဘာအကျိုးရှိမည်နည်း။ သူက သူမကို ဘယ်တုန်းကမှ မချစ်ခဲ့ပေ။ သူမကို အသုံးချခဲ့ရုံသာ။ လွန်ခဲ့သည့်နှစ်လက သူမ လက်ထပ်ပွဲအကြောင်းကို ပြောသောအခါ သူ မျက်နှာပျက်သွားခဲ့သည်ကို သူမ မှတ်မိနေသေးသည်။
ကျန်းရီက အလွန်ကျော်ကြားသည်။ နှင်းဒေသမှ မျိုးနွယ်ကြီးတိုင်းသည် သူ့အမည်နှင့် သူ၏လုပ်ဆောင်ချက်များကို ကြားဖူးကြသည်။ မိုယောင်အာကလည်း ကျန်းရီကို ကောင်းစွာသိသည်။ ထိုအခိုက်တွင် သူမက ထိုယောက်ျား၏ နှလုံးသားကို မည်သည့်အခါတွင်မှ ရမည်မဟုတ်ကြောင်း သူမ နားလည်သွားသည်။ သူက ကောင်းကင်ကိုးဘုံအထက်မှ နတ်နဂါးတစ်ကောင်ဖြစ်ပြီး သူမကမူ တောင်ပေါ်မှ ဒေါင်းတစ်ကောင်သာ။
အရှေ့ဘက် တော်ဝင်နယ်မြေတွင် ချောမောလှပသော သခင်မလေးများ များစွာရှိသည်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့လို မိန်းမပျိုလေးများသည်ပင် ကျန်းရီနှင့် ပတ်သတ်မှုရှိကြသည်။ ကျန်းရီက ရှန်းစီမျိုးနွယ်စုတွင်လည်း မိန်းကလေးများစွာနှင့် ပတ်သတ်ခဲ့သည်ဟူသော ကောလာဟလများလည်း ရှိသည်။ သို့ဖြစ်ရာ သူသည် သူမကဲ့သို့ ရှပ်ပြာပြာနိုင်၍ စရိုက်ကြမ်းသော မိန်းကလေးတစ်ယောက်ကို မည်သို့ သဘောကျပါမည်နည်း။
“အဖေ...”
မိုယောင်အာသည် အဝေးသို့ ကြာမြင့်စွာ ငေးကြည့်ပြီးနောက် သူမလက်ထဲမှ စာကိုမြှောက်၍ မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
“အဖေ... သမီး သူ့ကို ငါးနှစ်ကြာတဲ့အထိ မမေ့သေးရင်၊ သမီးတို့ ပြန်တွေ့ဆုံမယ်ဆိုရင် သူက သမီးကို စိတ်မပျက်စေရဘူးတဲ့။ သူ့စကားတွေက အမှန်ပဲလား”
မိုရှန်း သက်ပြင်းလေးလေးချလိုက်၏။ သူသည် မိုယောင်အာ၏အသည်းကို မခွဲလိုပေ။ ထို့ကြောင့် သူ ပြောလိုက်သည်။
“အဲ့ဒါက သူ့ရဲ့နောက်ဆုံးစကားတွေဆိုတော့ အမှန်ဖြစ်လောက်မှာပါ။ ယောင်အာ... သမီး သူ့ကို မေ့ပစ်သင့်တယ်။ သူရဲ့ ကံကြမ္မာက မကောင်းဘူး။ သူက အထွတ်အထိပ်ကိုရောက်ရင်ရောက်၊ မရောက်ရင် သေရမှာပဲ။ လောကထဲမှာ ယောက်ျားကောင်းတွေ အများကြီးရှိပါတယ်။ တကယ်လို့ သမီး သူ့ကိုစောင့်ဖို့ ဆုံးဖြတ်မယ်ဆိုရင် သမီးတစ်သက်လုံး အထီးကျန်၊ ခါးသီး နေရလိမ့်မယ်”
“ဟင့်အင်း... သမီးစောင့်မှာ၊ စောင့်မှာ”
မိုယောင်အာက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်၍ ပြတ်ပြတ်သားသား ပြောလိုက်၏။
“သမီး သူ့ကို ငါးနှစ်စောင့်မယ်။ အဲ့ငါးနှစ်အတွင်း သမီး နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်ဖို့လည်း ကြိုးစားကျင့်ကြံမယ်။ ငါးနှစ်ကြာပြီး သမီး သူ့ကို ရှာတွေ့ခဲ့လို့ သူက သမီးကို စိတ်ပျက်စေနေဦးမယ်ဆိုရင်... သမီး.. သူ့ကို ကိုယ်တိုင်သတ်ပစ်မယ်။ သမီး ကျိန်တယ်”
***