← Chapters

ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်

Vol. 74 Ch. 1031

ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်

Vol. 74 Ch. 1031

ရေခဲပင်လယ်အောက် ပေတစ်သောင်းအကွာရှိ ရေခဲလွှာအတွင်းမှ လိုဏ်ခေါင်းထဲတွင် လူတစ်ယောက် သွားလာနေသည်။ သူသည် တစ်ရက်နှင့်တစ်ည သွားခဲ့ပြီးပေပြီ။ သူ၏ဦးတည်ရာကား ရေခဲကျွန်းပင်။ ထိုနေရာတွင် ရေခဲသားရဲများနှင့် ရေခဲမှင်စာများ များစွာ ရှိနေသည်။ သို့သော် လက်ရှိအချိန်တွင် နှင်းဒေသတစ်ခွင်လုံး၌ ထိုနေရာက အလုံခြုံဆုံးနေရာဖြစ်သည်ဟု သူ ယုံကြည်ပေသည်။

ရေခဲပင်လယ်က တော်ဝင်တောင်ဆယ်လုံး၏ အလယ်တွင်ရှိသည်။ ရေခဲပင်လယ်သည် ပရမ်းပတာနိုင်သဖြင့် ပုံမှန်ဆိုလျှင် မည်သည့် နတ်ဘုရားတစ်ပိုင်း ပညာရှင်မှ ထိုသို့ မသွားကြချေ။ တော်ဝင်တောင်တစ်လုံးမှ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်က ရေခဲကျွန်းသို့ သွားမည်ဆိုလျှင်လည်း အချိန်တစ်ခုတော့ ယူရပေလိမ့်မည်။ ထိုအချိန်အတွင်း သူ အလွယ်တကူ ထွက်ပြေးနိုင်သည်။

ထိုလူက ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ကောင်းကင်နတ်ဆိုးတောင်မှ ထွက်လာခဲ့သော ကျန်းရီပင်။ သို့သော် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ရေခဲကျွန်းသို့ တိုက်ရိုက်မသွားလိုက်ဘဲ ရေခဲပင်လယ်အပြင်ဘက်သို့သာ သွားလိုက်ပြီး လမ်းကြောင်းတစ်ခု ရှာခဲ့သည်။ ရေခဲပင်လယ်ထဲတွင် သိုင်းသမားများစွာ ရှိသဖြင့် သူ့ကို အလွယ်တကူ တွေ့သွားနိုင်သည်။ ထို့ကြောင့် မိုရှန်းက သူ့အား လာသတ်၊ မသတ် သိရန် တစ်ရက်၊ နှစ်ရက်တော့ စောင့်ကြည့်ရမည်ဖြစ်သည်။

နှင်းဒေသတွင် ကောင်းကင်နတ်ဆိုးမျိုးနွယ်သည်သာ မြေအောက်ထဲမှ သွားလာနိုင်သည်။ ကျန်းရီသည် ရေခဲလွှာထဲတွင် တစ်ရက်နှင့်တစ်ညသွားခဲ့သည်။ သူသည် ကောင်းကင်နတ်ဆိုးမျိုးနွယ်က မည်သူနှင့်မှ မဆုံခဲ့သလို အခြားမျိုးနွယ်များနှင့်လည်း မဆုံခဲ့ချေ။ မိုရှန်းကလည်း သူ့အ‌နောက်သို့ လိုက်မလာခဲ့ပေ။

ကျန်းရီသည် နောက်တစ်ရက် ဆက်လျှောက်ပြီးနောက် ညနေစောင်းအချိန်တွင် ရေခဲကျွန်းအနားသို့ ရောက်လာလေသည်။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူသည် လမ်းကြောင်းမှတဆင့် အထက်သို့ တက်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ မည်သည့် နတ်ဘုရားတစ်ပိုင်းမှ ရှိမနေကြောင်း အတည်ပြုပြီးသောအခါ သူ မျက်လုံးများဖွင့်လိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

နတ်ဘုရားတစ်ပိုင်း ပညာရှင်များ၏ အမြန်နှုန်းက လွန်စွာမြန်သည်။ အကယ်၍ မိုရှန်းက ကျန်းရီကို သတ်လိုလျှင် အလွယ်လေး ခြေရာခံလိုက်လာနိုင်သည်။ သို့ဆိုလျှင် မိုရှန်းက ထိုနေရာသို့ ရောက်နေလောက်ပေပြီ။ သို့သော် ထိုနေရာတွင် မိုရှန်းရှိမနေသဖြင့် ကျန်းရီအတွက် လုံခြုံသည်ဆိုသော အဓိပ္ပာယ်ပင်။

“ဟူး...”

ကျန်းရီ၏ အတွေးထဲတွင် မိုယောင်အာတစ်ယောက် ရင်ကွဲတကြီး ငိုနေသော ပုံရိပ်လေးက ထပ်ခါထပ်ခါ ထွက်ပေါ်လာနေသည်။ ကျန်းရီ အပြစ်ရှိသလို ခံစားလာရသည်။ သူက သွေးအေးသူတစ်ယောက် မဟုတ်ပေ။ သူသည် ခွေးတစ်ကောင်ကိုပင် အနေကြာလျှင် သံယောဇဉ်တွယ်တတ်သူဖြစ်၏။ မိုယောင်အာက သူ့ကို အလွန်ချစ်သော မိန်းကလေးတစ်ယောက်ဖြစ်ရာ ဆိုဖွယ်ရာ မရှိချေ။

“မိုယောင်အာ ငါ့ကို ခွင့်လွှတ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်”

ကျန်းရီသည် သူလုပ်တော့မည့်အရာများနှင့် မရေရာသောအနာဂတ်ကို တွေးမိသောအခါ စိတ်တင်းလိုက်လေသည်။ ထိုကောင်မလေးသည် သူ့အနောက်လိုက်လာလျှင် ပျော်ရမည် မဟုတ်ပေ။ သူမက သူနှင့်အတူပင် သေသွားနိုင်သည်။ ထို့ကြောင့် သူမ နှင်းဒေသတွင်သာ လုံလုံခြုံခြုံဖြင့် ဘဝကိုဖြတ်သန်းခြင်းက အကောင်းဆုံးဖြစ်ပေမည်။

“ထောက်လှမ်း...”

ကျန်းရီသည် အတွေးစများကို ဖြတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်လိုက်သည်။ သူသည် ကီလိုမီတာ(၂၅၀)ပတ်လည်အတွင်း ထောက်လှမ်းလိုက်ပြီး ရလဒ်အပေါ် ကျေနပ်သွားသည်။ အနီးနားတွင် အဖွဲ့အသေးလေး နှစ်ဖွဲ့လောက်သာ ရှိသည်။ သူ့အတွက် အန္တရာယ်ဖြစ်နိုင်သည့် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်များ တစ်ယောက်ပင် မရှိပေ။

“ကျင့်ကြံရမယ်...”

ကျန်းရီသည် ကျန်အရာများကို အရေးမစိုက်တော့ဘဲ စတင်ကျင့်ကြံလိုက်လေသည်။ သူသည် သူ၏ဆဋ္ဌမမြောက်ကြယ်စက်လုံးကို အတွင်းအားဖြင့် ဖြည့်တင်းပြီးပြီဖြစ်သည်။ အကယ်၍ သူ ဆက်ကျင့်ကြံလိုက်လျှင် ကြယ်စက်လုံးက သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။ သူ၏အတွင်းအားကလည်း ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားမည်ဖြစ်သည်။

ကြယ်စက်လုံး ပြောင်းလဲသွားလျှင် သူ၏စိတ်ဝိညာဉ်ကလည်း အနည်းနှင့်အများ တိုးတက်လာပေလိမ့်မည်။ ကြယ်တာရာစွမ်းအားအနည်းငယ်ကိုလည်း ရနိုင်သည်။ သူသည် ‘မိုင်တစ်ထောင် ရေခဲလွှမ်း’ကို သိမြင်နားလည်နိုင်ခဲ့၍ ကြယ်တာရာစွမ်းအားအနည်းငယ် ရခဲ့သည်။ ယင်းနှင့် ဤတစ်ခေါက်ရမည့် ကြယ်တာရာစွမ်းအားကို ပေါင်းလိုက်လျှင် သူ အရည်ကျို နတ်ဘုရားမီးဖိုကို စတင်နှိုးနိုင်ပေလိမ့်မည်။

သုံးရက်ကြာပြီးနောက် ရေခဲကျွန်းအထက်တွင် လေပြင်းများ တိုက်ခတ်လာပြီး တိမ်များ ရစ်သိုင်းလာသည်။ ထို့ကြောင့် မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ သိုင်းသမားအားလုံး အံ့အားသင့်သွားကြသည်။ ကောင်းကင်ထက်တွင် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရေခဲကျွန်းဆီသို့ ကျဆင်းလာလေသည်။ လူအားလုံး အလွန်မနာလိုဖြစ်သွားကြ၏။

ကောင်းကင်နှင့်မြေကြီးက ကြယ်တာရာစွမ်းအား ချီးမြှင့်လိုက်ပေပြီ။ ယင်းက ကြယ်ငါးပွင့်နှင့်အထက် တာအိုပုံသဏ္ဌာန်ကို သိမြင်နားလည်မှ ဖြစ်ပေါ်လာသော ဖြစ်စဉ်တစ်ခုပင်။ ထို့ကြောင့် ရေခဲကျွန်းအနီးရှိ လူအားလုံးသည် တစ်စုံတစ်ယောက်က ရေခဲကျွန်းတွင် ပုန်းအောင်း၍ ကျင့်ကြံနေပြီး စွမ်းအားကြီး တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားခြင်းဖြစ်မည်ဟု တွေးလိုက်ကြသည်။

“သွားကြည့်ကြစို့...”

တိုက်တိုက်ဆိုင်ဆိုင်ပင် ကျားနိုင်ဂိုဏ်းမှ တပ်မှူးတစ်ယောက်က ရေခဲသားရဲများကို သတ်ရန် သိုင်းသမားတစ်စုနှင့် ရေခဲကျွန်းအနီးသို့ ရောက်နေသည်။ ထိုတပ်မှူးက လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီး သူ့လူများနှင့်အတူ မြေအောက်လမ်းကြောင်းအတွင်းသို့ ဝင်းသွားလိုက်သည်။ သူသည် ရေခဲကျွန်းပေါ်မှလူကို သိလိုနေ၏။ ထိုလူက ကျားနိုင်ဂိုဏ်း၏ ရန်သူဆိုလျှင် သူတို့သည် ဤအခွင့်အရေးကို အသုံးချ၍ ထိုလူကျင့်ကြံနေစဉ်တွင် သတ်ပစ်နိုင်ပေသည်။

ရွှီး...

ကျန်းရီ၏ ဒန်တျန်ထဲရှိ ကြယ်စက်လုံးကိုးလုံးက တောက်ပစွာ လင်းလက်နေသည်။ တစ်လုံးစီက အရောင်တစ်မျိုးစီ တောက်ပနေသည်။ ဆဋ္ဌမမြောက်ကြယ်စက်လုံးက အတောက်ပဆုံးဖြစ်ပြီး အရောင်မှာ အပြာရောင်ဖြစ်သည်။ ကျန်းရီသည် ကြယ်စက်လုံးအပေါ် အာရုံစိုက်လိုက်ပြီး ကြယ်တာရာစွမ်းအားက သူ့ကိုယ်တွင်းသို့ ဝင်လာသည်ကို ခံစားလိုက်သည်။ နောက်ဆုံးတွင် ကြယ်တာရာစွမ်းအားက သူ၏ဆဋ္ဌမမြောက် ကြယ်စက်လုံးအတွင်းသို့ ဝင်သွားလေသည်။

‘ကြယ်တာရာစွမ်းအား... အဲ့ဒါက ကောင်းတဲ့ဟာပဲ’

ကျန်းရီ စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်ကလည်း ဖြည်းဖြည်းချင်း တိုးတက်လာကြောင်း သူ သတိပြုမိလိုက်သည်။ ထို့ကြောင့် နောက်ဆိုလျှင် သက်တန့်ဝိညာဉ်လှံကို အပတ်လေးဆယ်မှ ငါးဆယ် သို့မဟုတ် ပေနှစ်သောင်းအထိ ပျံသန်းစေနိုင်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။

ရှပ်...ရှပ်...

ထိုအခိုက်တွင် အဝေးမှနေ၍ အသံသဲ့သဲ့ ထွက်‌ပေါ်လာ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် ထောက်လှမ်းလိုက်ပြီး အေးစက်စက် ပြုံးလိုက်လေသည်။ သူက သက်တန့်ဝိညာဉ်လှံကို စမ်းသပ်ရန် တွေးနေခြင်းပင်။ ချဉ်းကပ်လာသော ထိုလူစုက အကောင်းဆုံးပစ်မှတ်များ ဖြစ်ပေလိမ့်မည်။

“သွား...”

ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ သက်တန့်ရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ သက်တန့်ရောင်အလင်းတန်းသည် မြေကြီးအတွင်း ဖောက်ဝင်သွားပြီး ကျားနိုင်ဂိုဏ်းမှ တပ်မှူး၏ ခေါင်းအရှေ့တွင် ရုတ်ခြည်း ထွက်ပေါ်လာလေသည်။

“အာ... ဒါက ဘာလဲ”

ကျားနိုင်ဂိုဏ်းမှ တပ်မှူး မျက်မှောင်ကြုတ်သွားသည်။ သေနိုင်လောက်သော အန္တရာယ်ရောက်လာပြီဟု သူ တွေးမိသွားသည်။ ထို့ကြောင့် သူသည် တုံ့ဆိုင်းမှုမရှိဘဲ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်၍ သူ့ဦးနှောက်အတွင်းသို့ ဝင်လာတော့မည့် သက်တန့်ဝိညာဉ်လှံကို ကာလိုက်လေသည်။

ဝုန်း...

ကျားနိုင်ဂိုဏ်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုများတွင် ကျွမ်းကျင်သည်ဟု ကျော်ကြား၏။ သူတို့၏ စိတ်ဝိညာဉ်ခုခံစွမ်းရည်ကလည်း မဆိုးပေ။ သို့သော် သူတို့၏ စွမ်းရည်များက သက်တန့်ဝိညာဉ်လှံနှင့် မယှဉ်နိုင်ချေ။ သက်တန့်ဝိညာဉ်လှံက နဖူးအတွင်းသို့ ပျံဝင်သွားပြီး တပ်မှူး၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ကာ နောက်စေ့မှ ပြန်ထွက်လာလေသည်။ ထို့နောက် ၎င်းသည် တပ်မှူးအနောက်ရှိ ကျားနိုင်ဂိုဏ်းသားများဆီသို့ ဆက်ပျံသန်းသွားသည်။

ရွှစ်...ရွှစ်...

သက်တန့်ဝိညာဉ်လှံသည် တစ်ဖြောင့်တည်း ပျံသန်းသွား၏။ လှံကို မည်သူမှ မတားနိုင်လိုက်ပေ။ ၎င်း၏အရှိန်က အလွန်မြန်ပေသည်။ ကျားနိုင်ဂိုဏ်းသားများသည် ဘာဖြစ်သွားသည်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။ သူတို့အားလုံးသည် အရောင်စုံအလင်းတန်းတစ်တန်းက သူတို့ခေါင်းကို ဖောက်ဝင်သွားသည်ကိုသာ ခံစားလိုက်ရပြီး ရုတ်ခြည်း သေသွားကြလေတော့သည်။

ထိုတပ်စုတွင် လူသုံးဆယ်ကျော်ပါသည်။ သို့သော် အသက်နှစ်ရှူစာအချိန်အတွင်းမှာပင် သူတို့အားလုံး၏ စိတ်ဝိညာဉ်များ ဖျက်ဆီးခံလိုက်ရလေသည်။ ယခုတွင် သူတို့အားလုံး မြေပြင်ပေါ်တွင်လဲကာ သေသွားကြပေပြီ။

ရွှီ...ရွှီ...

သက်တန့်ဝိညာဉ်လှံက ပြန်လာ၏။ ကျန်းရီ လှံကို စစ်ဆေးလိုက်သည်။ ၎င်းတွင် မည်သည့်ထိခိုက်မှုမှမရှိကြောင်း သူ တွေ့လိုက်ရသည်။ သူ၏မျက်နှာက ချက်ချင်း ဝင်းပသွားသည်။ သက်တန့်ဝိညာဉ်လှံ၏ စွမ်းအားက အမှန်ပင် များစွာ တိုးတက်လာပေပြီ။ မည်မျှတိုးတက်လာကြောင်း သူ အတိအကျမသိသော်လည်း ကောင်းကင်ဧကရာဇ်အဆင့် သိုင်းသမားများကို အလွယ်တကူ သတ်ပစ်နိုင်သည်ကတော့ သေချာပေသည်။

‘ငါ့စိတ်ဝိညာဉ်ရဲ့ အင်အားက တကယ် သိသိသာသာ တိုးတက်လာပြီ။ အင်း... အရင်ဆုံး ငါ ဒီက ထွက်သွားရမယ်။ အနားမှာ နတ်ဘုရားတစ်ပိုင်းတွေ ရှိနေရင် ပြဿနာတက်လိမ့်မယ်’

ကျန်းရီ ထရပ်လိုက်ပြီး အလောင်းများကို ငေးကြည့်လိုက်သည်။ သူ့လက်ထဲတွင် အနီရောင်အလင်း တောက်ပလာ၏။ သူက အလောင်းများကို ပြာချပစ်၍ သက်သေဖျောက်ရန် ပြင်ဆင်နေခြင်းပင်။ သက်တန့်ဝိညာဉ်လှံက လျှို့ဝှက်လက်နက်တစ်ခုပင်။ ထိုအကြောင်းကို အခြားသူများ သိသွား၍မဖြစ်ပေ။

‘မဟုတ်သေးဘူး...’

ကျန်းရီ၏လက်ထဲရှိ ကောင်းကင်ကိုးဘုံ နဂါးမီးတောက်များ ပြန်ပျောက်ကွယ်သွားသည်။ ထို့နောက် သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ် လင်းလက်လာပြီး ဆူးချွန်နှစ်ခု ထွက်ပေါ်လာသည်။ ထိုဆူးချွန်များက လူပုမျိုးနွယ်ပိုင်သောအရာများပင်။ ကျန်းရီသည် ပြီးခဲ့သောတိုက်ပွဲများတွင် ထိုဆူးချွန်များကို စုဆောင်းခဲ့ခြင်းဖြစ်သည်။ ချိုးပိုင်၏ သက်စောင့်ဆူးချွန်နှစ်ခုကိုပင် ယူလာခဲ့သည်။ သို့သော် ထိုဆူးချွန်နှစ်ခုက အလွန်သိသာလွန်းသည်။ ထို့ကြောင့် သူ ၎င်းတို့ကို မထုတ်ဝံ့ပေ။ အခြားလူများသာ မြင်သွားလျှင် လူပုမျိုးနွယ်ခေါင်းဆောင်က သေချာပေါက် သူ့ကို လိုက်သတ်ပေလိမ့်မည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီသည် ဆူးချွန်တစ်ချောင်းကိုကိုင်၍ ကျားနိုင်ဂိုဏ်းသားများ၏ ဦးခေါင်းများကို အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်အထိ ထိုးစိုက်လိုက်သည်။ သူတို့၏ ဦးနှောက်များက အပိုင်းပိုင်းအစစ ဖြစ်သွားပြီဖြစ်ရာ သူတို့မည်သို့ သေသွားကြောင်းကို မည်သူမှ ခန့်မှန်းနိုင်တော့မည် မဟုတ်ပေ။

“ဟင်းဟင်း...”

ကျန်းရီသည် ဦးခေါင်းများ ကြေမွနေသော အလောင်းများကို ကြည့်လိုက်ပြီး ရုတ်တရက် အကြံတစ်ခု ရသွား၏။ လူပုမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မည့် အကြံကောင်းတစ်ခုကို သူ တွေးမိခဲ့ပေသည်။

ရွှီး...

ကျန်းရီ၏ခန္ဓာကိုယ်က လင်းလက်သွားပြီး သုံးပေသာ မြင့်သည့် လူပုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူသည် ဆူးချွန်နှစ်ချောင်းကို ဆုပ်ကိုင်လိုက်၏။ သူ့မျက်ဝန်းများထဲတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ သူ၏အရှိန်အဝါက ကြီးသဖြင့် အဝေးမှ လူများသည် သူ့ကို လူပုမျိုးနွယ်မှ စွမ်းအားကြီးသိုင်းပညာရှင်တစ်ယောက်ဟု ထင်သွားပေလိမ့်မည်။

“သွားမယ်...”

ကျန်းရီသည် ဆူးချွန်နှစ်ချောင်းကိုကိုင်ကာ ခြေတိုလေးများဖြင့် အဝေးသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် နှင်းဒေသတစ်ခုလုံးကို ဗြောင်းဆန်သွားအောင်လုပ်ရန် ပြင်ဆင်ထားပေပြီ။

***

All Chapters