← Chapters

ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်လှန်မည့်သူ

Vol. 74 Ch. 1032

ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်လှန်မည့်သူ

Vol. 74 Ch. 1032

နှင်းဒေသတွင် အမှန်ပင် ‌ဗြောင်းဆန်သွားလေသည်။ ဆယ်ရက်အတွင်းမှာပင် လူထောင်ကျော် အသတ်ခံလိုက်ရပြီဖြစ်သည်။

ထိုလူထောင်ကျော်ထဲမှ အများစုမှာ ကျားနိုင်ဂိုဏ်း၊ မီးနဂါးမျိုးနွယ်၊ အမွေးရှည်ဆင်မျိုးနွယ်နှင့် ဓားခုတ်ကောင်ဂိုဏ်းတို့မှ ဖြစ်ကြသည်။ သူတို့အားလုံးသည် ဦးခေါင်းများကြေမွ၍ သေဆုံးနေကြခြင်းပင်။ နှင်းဒေသတွင် လှည့်ပတ်သွားလာနေသော အခြားမျိုးနွယ်များမှ တပည့်များ၏ ပြောပြချက်အရ ထိုလူများကို သတ်ခဲ့သူမှာ လူပုမျိုးနွယ်၏ သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိရ၏။ ထိုလူပုက အလွန်စွမ်းအားကြီးပြီး မြင်မြင်သမျှလူတိုင်းကို သတ်ဖြတ်နေသည်။ လူပုသည် သူ၏မျိုးနွယ်ခေါင်းဆောင်ငယ်နှစ်ယောက်အတွက် လက်စားချေမည်ဟု တတွတ်တွတ် ရွတ်နေသည်။

ထိုသတင်းပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် နှင်းဒေသမှ လူအားလုံး စိုးရိမ်သွားကြသည်။ မျိုးနွယ်အားလုံးသည် သူတို့၏လူများအားလုံးကို ပြန်ခေါ်လိုက်ကြ၏။ အသတ်ခံခဲ့ရသူများထဲတွင် ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များပင် ပါဝင်သည်။ သူတို့အားလုံးက တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်းပင်။  ထိုလူပုသည် အလွန်စွမ်းအားကြီးသဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ပင် ရောက်နေလောက်ပြီဟု ယူဆရပေသည်။

ကျားနိုင်ဂိုဏ်း၊ မီးနဂါးမျိုးနွယ်၊ အမွေးရှည်ဆင်မျိုးနွယ်နှင့် ဓားခုတ်ကောင်ဂိုဏ်းတို့က ဒေါသူပုန်ထနေကြသည်။ သူတို့သည် ချက်ချင်း လူပုတောင်သို့ လူများစေလွှတ်လိုက်ပြီး လူပုမျိုးနွယ်နှင့် ထိပ်တိုက်တွေ့ကာ ရှင်းပြချက် တောင်းလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် သိုင်းပညာရှင်များနှင့် စစ်တပ်များကို စေလွှတ်၍ လက်လွတ်စပယ်သတ်ဖြတ်နေသော လူပုမျိုးနွယ်မှ သိုင်းပညာရှင်ကို သတ်ခိုင်းလိုက်သည်။

လူပုမျိုးနွယ်လည်း နားမလည်နိုင်ဖြစ်သွားသည်။

လူပုမျိုးနွယ်တွင် မည်သည့်အချိန်က ထိုကဲ့သို့ စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ခြင်းနည်း။ သို့သော် ပြီးခဲ့သော တိုက်ပွဲများတွင် သေဆုံးသွားသော၊ ပျောက်ဆုံးသွားသော လူပုမျိုးနွယ်မှ ပညာရှင်များနှင့် အကြီးအကဲများ များစွာရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ ထို့ပြင် သတ်ဖြတ်နေသော လူပုက မည်သည့်ပုံစံရှိကြောင်း မည်သူမှ မသိပေ။ ဝိညာဉ်မျိုးနွယ်ကဲ့သို့ အခြားမျိုးနွယ်များမှ မျိုးနွယ်ဝင်များ၏ မျက်လုံးများထဲတွင် လူပုများက တစ်ပုံစံတည်းဖြစ်သည်။ လူပုများသည် အရပ်ပုကာ မျက်လုံးပြူးပြီး လွန်စွာခက်ထန်သည့်ပုံ ပေါက်ပေသည်။

ထို့ကြောင့် လူပုမျိုးနွယ်သည်လည်း အပြင်တွင် သတ်ဖြတ်နေသူမှာ မည်သူဖြစ်ကြောင်း မသိကြပေ။ ချိုးရှန်သည် ထိုကိစ္စကို ကိုယ်တိုင်စုံစမ်းခဲ့ပြီး လူပုမျိုးနွယ်မှ မဟာအကြီးအကဲကိုလည်း သိုင်းပညာရှင်ငါးဆယ် ခေါ်ဆောင်စေ၍  ထိုလူပုကို သွားရှာခိုင်းလိုက်သည်။ လူပုတစ်ယောက်က ထိုမျှစွမ်းအားကြီးနေခြင်းမှာ လူပုမျိုးနွယ်အတွက် ကောင်းသောကိစ္စဖြစ်သည်။ သူတို့သည် ထိုလူပုကို အခြားမျိုးနွယ်များက သတ်မည်ကို ခွင့်မပြုနိုင်ပေ။

သို့ရာတွင် ထိုလူပုက ရူးသွပ်နေပုံပေါ်၍ ချိုးရှန် ခေါင်းကိုက်နေသည်။ ချိုးမင်နှင့် ချိုးပိုင်တို့အတွက် လက်စားချေခြင်းက အဆင်ပြေ၏။ သို့သော် အဘယ်ကြောင့် သူက မီးနဂါးမျိုးနွယ်ဝင်များနှင့် အမွေးရှည်ဆင်မျိုးနွယ်ဝင်များကိုလည်း သတ်ရသနည်း။ ထိုမျိုးနွယ်နှစ်ခုက လူပုမျိုးနွယ်၏ မဟာမိတ်များဖြစ်သည်။ အကယ်၍ ထိုလူပုကြောင့် သူတို့၏ မဟာမိတ် ပျက်သွားပါက နောက်ဆက်တွဲပြဿနာများစွာ ရှိလာပေလိမ့်မည်။

ထို့ကြောင့် ချိုးရှန်သည် မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်ဆီသို့ ချက်ချင်း လူများစေလွှတ်လိုက်ပြီး အခြေအနေကို ရှင်းပြစေကာ ထိုလူပုကို ရှာတွေ့သည်နှင့် ချိုးရှန်ကိုယ်တိုင် သူ့ကို မီးနဂါးမျိုးနွယ်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့ထံ ခေါ်လာ၍ အပြစ်ခံယူစေမည်ဟု ပြောစေလိုက်သည်။ ကျားနိုင်ဂိုဏ်းကိုမူ လူသတ်သမားက လူပုမျိုးနွယ်မှ လူပုမဟုတ်ကြောင်း သတင်းပို့လိုက်သည်။ ဓားခုတ်ကောင်ဂိုဏ်းကိုမူ ချိုးရှန် အရေးမစိုက်ပေ။ သူတို့က ရန်သူများ ဖြစ်လာပြီးပြီဖြစ်၍ အရေးစိုက်ရန်လိုသည်ဟုလည်း သူမထင်ချေ။

လူအားလုံးသည် လူပုမျိုးနွယ်မှ သိုင်းပညာရှင်ကို နေရာအနှံ့တွင် ရှာဖွေနေကြသည်။ သို့သော် ထိုလူပုက ရုတ်တရက်ကြီး ပျောက်ကွယ်သွားခဲ့သည်။ သောင်းချီသော လူများက နှင်းဒေသတစ်ခွင်လုံးကို မြေလှန်ရှာသော်လည်း မည်သူမှ ထိုလူပု၏ ခြေရာလက်ရာကိုပင် ရှာမတွေ့ခဲ့ကြပေ။

ရက်ပေါင်းများစွာ ရှာပြီးနောက် လူများ လက်လျှော့တော့မည့် အခိုက်တွင် ဆန်းကြယ်သော လူပုက ထပ်မံ ထွက်ပေါ်လာသည်။ သူသည် ကျားနိုင်ဂိုဏ်းမှ တပ်ဖွဲ့လေးတစ်ဖွဲ့ကို ယခင်ကကဲ့သို့ပင် တစ်ချက်တည်းဖြင့် အသေသတ်ခဲ့သည်။ ကျားနိုင်ဂိုဏ်းသားများ၏ ဦးနှောက်များက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။ ကျားနိုင်ဂိုဏ်းမှ သိုင်းပညာရှင်များက အခင်းဖြစ်ရာနေရာသို့ ရောက်သောအခါ ထိုလူပုက သဲလွန်စပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

တတိယမြောက်နေ့တွင် မီးနဂါးမျိုးနွယ်မှနေ၍ သတင်းတစ်ခု ထွက်လာ၏။ မီးနဂါးတောင်၏ မြောက်ဘက်တွင် ကင်းလှည့်နေခဲ့သော လူရာကျော် အသတ်ခံလိုက်ရသည်။ သတ်ဖြတ်သွားသည့်ပုံစံမှာ လူပု၏လက်ရာနှင့် တစ်ပုံစံတည်းဖြစ်သည်။

မီးနဂါးမျိုးနွယ်ခေါင်းဆောင် ဒေါသူပုန်ထသွားသည်။ သူသည် ကီလိုမီတာငါးရာပတ်လည်အတွင်း ကိုယ်တိုင်လိုက်ရှာခဲ့သော်လည်း မည်သည်ကိုမှ ရှာမတွေ့ခဲ့ပေ။ ထိုလူပုက မြေရှိုးမိုးပျံသွားခြင်းလော။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ပင် သူ့ကို မရှာနိုင်ချေ။

ငါးရက်မြောက်နေ့တွင် ဓားခုတ်ကောင်ဂိုဏ်းအပြင်၌ အင်အားကြီးသော တပ်သားတစ်ထောင် အသတ်ခံလိုက်ရသည်။ လူပု ထပ်မံထွက်ပေါ်လာပေပြီ။

ရှစ်ရက်မြောက်နေ့တွင်မူ အမွေးရှည်ဆင်တောင်အပြင်ဘက်တွင် လူရှစ်ရာ သတ်ဖြတ်ခံခဲ့ရသည်။ အမွေးရှည်ဆင်မျိုးနွယ်ခေါင်းဆောင်က သွားရောက်စစ်ဆေးသောအခါ ထိုလူပုက ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

ဆယ့်တစ်ရက်မြောက်နေ့တွင်မူ ကျားနိုင်တောင်၏ တောင်ဘက် ကီလိုမီတာတစ်ထောင်အကွာတွင် ဆန်းကြယ်သော လူပု ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် သူက ပို၍ ရက်စက်လာသည်။ သူသည် အကြီးအကဲသုံးယောက်နှင့် ကြယ်ငါးပွင့် သိုင်းပညာရှင်များအပါအဝင် လူတစ်ထောင့်ငါးရာကို သတ်ပစ်ခဲ့သည်။

ထို့ကြောင့် ကျားနိုင်တောင်တစ်တောင်လုံး လှုပ်ခတ်သွားသည်။ ထိုသတင်း ပျံ့နှံ့သွားသောအခါတွင်လည်း နှင်းဒေသတစ်ခွင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လူပုတစ်ယောက်က မျိုးနွယ်ကြီးအချို့မှ စစ်တပ်များနှင့် တစ်ကိုယ်တော် ရင်ဆိုင်နေလေသည်။ သူက လူများစွာကို သတ်ခဲ့သော်လည်း နတ်ဘုရားတစ်ပိုင်းအချို့ပင် သူ့ကို မရှာနိုင်ကြချေ။

ထိုလူပုက နတ်ဘုရားတစ်ပိုင်းအဆင့် စွမ်းအားများကို ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သည်။ မဟုတ်လျှင် သူက သိုင်းပညာရှင်များစွာကို မည်သို့ သတ်ပစ်နိုင်မည်နည်း။ ကြယ်ငါးပွင့် ပညာရှင်များပင် တစ်ချက်တည်းနှင့် သတ်ပစ်ခံခဲ့ရခြင်းဖြစ်သည်။ အခင်းနေရာများမှ အလောင်းများ၏ပုံစံအရ ထိုသူများသည် ပြန်ပင် မခုခံနိုင်ခဲ့ကြသည့်ပုံပင်။ သူတို့သည် လူပု၏ ဆူးချွန်တစ်ချက်ကြောင့် အလွယ်တကူ အသတ်ခံလိုက်ရခြင်းပင်။ ထို့ကြောင့် စွမ်းအားကြီး သိုင်းသမားများစွာပင် တုန်လှုပ်ကြောက်ရွံ့နေကြလေသည်။

ထို့ပြင် ယင်းလူပုက အလွန်လျင်မြန်သည်။ ကျားနိုင်တောင်နှင့် မီးနဂါးတောင်က အလွန်ဝေးသည်။ ကြယ်ငါးပွင့် ပညာရှင်တစ်ယောက်ပင် ထိုခရီးကို နှစ်ရက်၊ သုံးရက်အတွင်း သွားနိုင်မည် မဟုတ်ပေ။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကသာ ထိုသို့သော အမြန်နှုန်းကို ပိုင်ဆိုင်ထားနိုင်သည်။

နတ်ဘုရားတစ်ပိုင်းများသည် အခင်းဖြစ်ပြီးပြီးချင်း ချက်ချင်းသွားရောက် စုံစမ်းကြသော်လည်း ထိုလူပုကို အရိပ်အယောင်ပင် မမြင်ရခဲ့ပေ။ ထို့ကြောင့် ယင်းလူပု၏ အမြန်နှုန်းက မယုံနိုင်စရာပင်။

လူပုတောင်ကလည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသည်။ သူတို့သည် လူပုမျိုးနွယ်တွင် ထိုသို့သော် စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက် ရှိလာ၍ ပျော်ကြ၏။ သို့သော် ထိုလူပုက အရူးတစ်ယောက်ဖြစ်နေသည်။ လူပုမျိုးနွယ်သည် သူ့ကို ပြန်ခေါ်ရန်မဆိုထားနှင့် ရှာပင်မတွေ့ချေ။ အကယ်၍ သူသာ ဤကဲ့သို့ မဆင်မခြင် ဆက်သတ်နေပါက သူတို့နှင့် မျိုးနွယ်နှစ်ခုကြားက မဟာမိတ် ပျက်သွားပေလိမ့်မည်။ ကျားနိုင်ဂိုဏ်းနှင့် ဓားခုတ်ကောင်ဂိုဏ်းတို့ကလည်း လူပုမျိုးနွယ်ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။

ထို့ကြောင့် ချိုးရှန်သည် ဆက်ငြိမ်မနေနိုင်တော့ဘဲ လူပုအားလုံးကို လူပုတောင်သို့ ပြန်ဆင့်ခေါ်လိုက်သည်။ သူသည် လူပုများကို ကိုယ်တိုင်ဦးဆောင်၍ လူပုသိုင်းပညာရှင်ကို ရှာလိုက်သည်။ သူ ထိုလူပုကို အမြန်ဆုံး ပြန်ခေါ်လိုနေသည်။

ထိုလူပုက စိတ်ပြန်ကောင်းလာနိုင်သည်ဟု ချိုးရှန် မျှော်လင့်နေသည်။ သို့ဆိုလျှင် လူပုမျိုးနွယ်၌ နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက် ရှိလာမည်ဖြစ်ပြီး လူပုမျိုးနွယ်က များစွာအင်အားကြီးလာမည်ဖြစ်သည်။ သူတို့သည် အခြားမျိုးနွယ်များကိုလည်း ကြောက်ရန်လိုတော့မည် မဟုတ်ပေ။

ချောင်ဖေးဝမ်နှင့် ဓားခုတ်ကောင်တို့က အမှန်ပင် စွမ်းအားကြီးသော်လည်း လူပုတောင်သို့ လာဝံ့ပါသလော။ သူတို့လာဝံ့လျှင် ချိုးရှန်က လူပုတောင်တွင် နေ၍ သူတို့ကို ထိန်းထားကာ ထိုလူပုပညာရှင်က ကျားနိုင်တောင်နှင့် ဓားခုတ်ကောင်တောင်ကို သွားဖျက်ဆီးပစ်နိုင်ပေသည်။ ထိုအခြေအနေအောက်တွင် နှစ်ဘက်စလုံး အဆုံးအရှုံးများပေလိမ့်မည်။ ထို့ကြောင့် ချောင်ဖေးဝမ်နှင့် ဓားခုတ်ကောင်တို့သည် အကျိုးဆက်များကို တွေး၍ သေချာပေါက် သတိကြီးကြီးဖြင့် ပြုမူမည်ဖြစ်သည်။

ချောင်ဖေးဝမ်၊ ဓားခုတ်ကောင်၊ မီးနဂါးမျိုးနွယ်ခေါင်းဆောင်နှင့် အမွေးရှည်ဆင်မျိုးနွယ်တို့သည် သူတို့၏တောင်များတွင် ဆက်မနေနိုင်ကြတော့ပေ။ သူတို့အားလုံးသည် တပ်သားများကို ကိုယ်တိုင်ဦးဆောင်၍ ထိုလူပုကို လိုက်ရှာကြသည်။ သူတို့သည် သူ့ကိုသတ်ရန် ကျိန်ဆိုထားကြသည်။ နတ်ဘုရားတစ်ပိုင်းများက နှင်းဒေသကို မြေလှန်၍ ရှာနေရာ ထိုလူပုက ပုန်းအောင်းနေနိုင်လိမ့်မည်ဟု သူတို့ မထင်ပေ။

ကောင်းကင်နတ်ဆိုးတောင်၊ ကောင်းကင်နန်းတော်တွင်...

မိုရှန်းသည် သတင်းများကို ကြားလိုက်သောအခါ ခါးသက်သက်ပြုံးလိုက်၏။ သူသည် သူ့ဘေးရှိ မိုယောင်အာကို ကြည့်၍ ပြောလိုက်သည်။

“ဒီတစ်ခေါက် သူက သမီးကို မလိမ်ခဲ့ဘူးပဲ။ သူက ကိစ္စကြီးတစ်ခုကို သွားလုပ်တာ။ အဲ့ကောင်လေးက တကယ့်ကို ကံဆိုးကြယ်ပဲ... သူ သွားရာနေရာတိုင်းမှာ အဖြစ်ဆိုးတွေ ဖြစ်လာတယ်။ အဲ့ဒါတင်မကဘူး... သူက ကောင်းကင်နဲ့မြေကြီးကို ပြောင်းပြန်လှန်မှာ”

မိုယောင်အာသည် တင်ပြချက်ကို အကြိမ်ကြိမ်ဖတ်လိုက်၏။ သူမ၏ မျက်နှာလေးပေါ်တွင် စိုးရိမ်သည့် အရိပ်အယောင်များ သမ်းလာလေသည်။ သူမသည် မိုရှန်း၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“အဖေ... ချိုးရှန်၊ ချောင်ဖေးဝမ်နဲ့ ဓားခုတ်ကောင်တို့အကုန်လုံး ထွက်သွားကြပြီ။ မိုရှင်း... ကျန်းရီ အန္တရာယ်ရှိနေပြီ။ အဖေ သူ့ကို သွားကူညီသင့်တယ်။ မဟုတ်ရင် သူ သေချာပေါက် သေသွားလိမ့်မယ်”

“ဟူး...”

မိုရှန်းက ခေါင်းခါ၍ သက်ပြင်းချကာ ပြောလိုက်သည်။

“အိမ်ထောင်ကျပြီးတဲ့သမီးက ဖိတ်သွားတဲ့ရေလိုပဲလို့ ပြောကြတယ်။ အဲ့ဆိုရိုးက တကယ်မှန်တာပဲ။ သူက သမီးကို ကြိုက်တောင်မကြိုက်ဘူး... ဒါပေမဲ့ သမီးက သူ့ဘက်ကနေပြီးတော့ အဖေ့ကိုတောင် သူ့ကို သွားကူညီခိုင်းနေတယ်ပေါ့လေ။ ချောင်ဖေးဝမ်၊ ဓားခုတ်ကောင်နဲ့ ချိုးရှန်တို့က သွားရှုပ်လို့ရတဲ့သူတွေ မဟုတ်ဘူး။ အဖေသာ သူတို့နဲ့ ရင်ဆိုင်ရမယ်ဆိုရင် အသက်ရှင်နိုင်ဖို့တောင် လွယ်မှာမဟုတ်ဘူး။ အဖေသေတာက အ‌ရေးမကြီးပါဘူး... ဒါပေမဲ့ အဖေသေသွားရင် ကောင်းကင်နတ်ဆိုးဂိုဏ်းက သန်းချီတဲ့လူတွေပါ ဒုက္ခရောက်သွားလိမ့်မယ်”

“အဖေ...”

မိုယောင်အာသည် သူမအဖေ၏စကားကို ကြားသောအခါ မျက်နှာလေး ဖြူရော်သွား၏။ သူမသည် အပြစ်ရှိသလို ခံစားရ၍ မျက်ရည်များ စီးကျလာသည်။ သူမ နှုတ်ခမ်းကိုက်ကာ ခေါင်းငုံ့လိုက်ပြီး မည်သို့ပြောရမည်မသိ ဖြစ်သွားသည်။ သူမသည် အပြစ်ရှိသလို ခံစားနေရသော်လည်း စိုးရိမ်နေဆဲပင်။ ထို့ကြောင့် သူမ၏ရင်ထဲတွင် ခံစားချက်များ ရောထွေးနေလေသည်။

“အရူးမလေး...”

မိုရှန်းက မိုယောင်အာ၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့... အဲ့ကောင်လေးက ကြောင်လိုပဲ အသက်ကိုးသက်ရှိတယ်။ ချောင်ဖေးဝမ်တို့က သူ့ကို အရင်တုန်းကတောင် မသတ်နိုင်ခဲ့တာ အခုလည်း သတ်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်နှစ်ရက်တောင် ရှိသွားပြီလဲ။ အဲ့ကောင်လေးရဲ့ စွမ်းအားက အများကြီး ထပ်တိုးလာပြန်ပြီ။ သူက ကြယ်ငါးပွင့် သိုင်းပညာရှင်တွေနဲ့ လူတစ်ထောင့်ငါးရာကို ရုတ်ခြည်း သတ်ပစ်နိုင်နေပြီ။ သူ အဲ့လူတွေကို သတ်ပစ်ခဲ့တုန်းက ကျားနိုင်ဂိုဏ်းနဲ့ ကီလိုမီတာတစ်ထောင်ပဲ ဝေးတယ်။ ချောင်ဖေးဝမ်က ဘယ်လောက်မြန်လဲဆိုတာ သမီးလည်းသိတာပဲ...”

“ချောင်ဖေးဝမ် ရောက်မလာခင် ထွက်သွားနိုင်ဖို့ဆိုရင် ကြယ်ငါးပွင့် သိုင်းပညာရှင်တွေကို ပုရွက်ဆိတ်သတ်သလို အလွယ်လေး သတ်ပစ်နိုင်ခဲ့မှရမယ်။ ပြီးတော့ သူ့မှာ ကောင်းကင်ရှောင်တိမ်းခြင်းစွမ်းရည်လည်း ရှိတယ်။ သူ သတိလက်လွတ်ဖြစ်မသွားရင် ချောင်ဖေးဝမ်တို့က သူ့ကိုသတ်နိုင်မှာ မဟုတ်ပါဘူး”

မိုယောင်အာ စိတ်မသက်သာသေးပေ။ ထို့ကြောင့် သူမ စိုးရိမ်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ ချောင်ဖေးဝမ်က ကြယ်ရှစ်ပွင့် သိုင်းပညာရှင်မလား။ ကျန်းရီက နတ်ဘုရားတစ်ပိုင်းအဆင့်မှ မရောက်သေးတာ...”

“ဟင်းဟင်း...”

မိုရှန်းက ခပ်သဲ့သဲ့ရယ်ကာ ပြောလိုက်သည်။

“အဖေ့ကိုယုံပါ။ ချောင်ဖေးဝမ်းက တကယ်ပဲ ကြယ်ရှစ်ပွင့် ပညာရှင်တစ်ယောက်ဆိုပေမယ့် သူက ကြယ်ရှစ်ပွင့် တာအိုပုံသဏ္ဌာန် ပထဝီဒိုင်းကိုပဲ သုံးနိုင်တာပါ။ သူရဲ့ တခြားစွမ်းရည်တွေက သာမန်ပါပဲ။ အဲ့ကောင်လေးက သူတို့နဲ့ ထိပ်တိုက်မတွေ့ရင် ချောင်ဖေးဝမ်က သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး”

မိုရှန်းသည် ထိုသို့ပြောပြီးနောက် ထရပ်လိုက်ပြီး ပြတင်းပေါက်သို့ လျှောက်သွားလိုက်သည်။ သူသည် အဝေးရှိ ရေခဲပြင်ကြီးကိုကြည့်ကာ မျက်မှောင်ကြုတ်၍ သူ့ဘာသာ ရေရွတ်လိုက်လေသည်။

“ဘာလို့ အဲ့ကောင်လေးက လူပုမျိုးနွယ်ပုံစံ ဟန်ဆောင်ထားရတာလဲ။ သူက လူပုမျိုးနွယ်ကို အန္တရာယ်ဖြစ်အောင် လုပ်နေတာပဲ။ သူက ယောင်အာအတွက် လက်စားချေပေးဖို့ လုပ်နေတာများလား။ ဒါပေမဲ့ သူ နှင်းဒေသမှာ အတွင်းပဋိပက္ခတွေ ဖြစ်လာအောင် လုပ်နေတာက နှင်းဒေသအတွက် မကောင်းဘူး။ ငါ အဲ့ကောင်လေးက ဘယ်သူဆိုတာကို ဖော်လိုက်ရမလား။ ဟူး...”

***

All Chapters