တကယ်ပဲ သူက လူပုမျိုးနွယ်က မဟုတ်ဘူး
Vol. 74 Ch. 1033
နှင်းဒေသ၏ မြောက်ပိုင်းတွင် သူတောင်စင်တောင်ဟုခေါ်သော တောင်ငယ်လေးတစ်လုံးရှိ၏။
နှင်းဒေသမှ လူများအတွက် သူတော်စင်တောင်က ကန့်သတ်နေရာဖြစ်သည်။ မျိုးနွယ်တိုင်းတွင် သူတို့၏ ဘိုးဘေးများက ချမှတ်ခဲ့သော ကိုယ်ပိုင်စည်းမျဉ်းများရှိကြသည်။ ထိုစည်းမျဉ်းတိုင်းတွင် နှင်းဒေသ၏ မြောက်ဘက်ရှိ သူတော်စင်တောင်သို့ မသွားရန် တားမြစ်ထားသည်။ အဘယ်ကြောင့် တားမြစ်ထားခြင်း၊ ထိုတောင်က ဘာကြောင့် ကြောက်စရာကောင်းခြင်းကို လူအများစုက မသိကြပေ။
သို့သော် မျိုးနွယ်ကြီးများမှ မျိုးနွယ်ခေါင်းဆောင်များကမူ အကြောင်းကို ရှင်းရှင်းလင်းလင်း သိကြသည်။ သူတော်စင်တောင်က နှင်းဒေသ၏ အာဏာရှင် ကောင်းကင်လျှို့ဝှက်ဂိုဏ်း တည်ရှိနေရာ နေရာဖြစ်၍ပင်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ဝင်လိုသူတိုင်း သူတော်စင်တောင်မှ ဝင်ရမည်ဖြစ်သည်။
လူတိုင်း ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို ဝင်နိုင်သည် မဟုတ်ပေ။ မိုရှန်းသည်ပင် ဝင်လိုလျှင် လေးလေးစားစား ခွင့်တောင်းရမည်ဖြစ်သည်။ အကယ်၍ ကောင်းကင်လျှို့ဝှက်ဂိုဏ်းချုပ်က သူ့ကို မတွေ့လိုလျှင် မိုရှန်းက လှည့်ပြန်ရမည်ဖြစ်သည်။
ယခုတွင် သူတော်စင်တောင်၏အောက် ပေတစ်သောင်းအကွာတွင် လူတစ်ယောက်က တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေပေသည်။ လူဒါဇင်အနည်းငယ်က သူတော်စင်တောင်ကို စောင့်ကြပ်နေသော်လည်း ထိုအစောင့်များ၏ ကောင်းကင်စိတ်အာရုံများက စွမ်းအားမကြီးကြသဖြင့် ပေထောင်ဂဏန်းအနည်းငယ်အထိသာ အာရုံခံနိုင်ကြသည်။ ထို့ကြောင့် အစောင့်များသည် ထိုလူ၏ အရှိန်အဝါကို လုံးဝ သတိမပြုမိကြချေ။ မည်သူကလည်း ကောင်းကင်လျှို့ဝှက်ဂိုဏ်းကို လာပြဿနာရှာဝံ့ပါမည်နည်း။
သူတော်စင်တောင်ကို စောင့်ကြပ်နေကြသော အစောင့်များက အင်အားမကြီးကြပေ။ အကယ်၍ တစ်စုံတစ်ယောက်က အားသုံး၍ အတင်းဝင်လိုလျှင် သိပ်မခက်ချေ။ သို့သော် သူတို့ ဝင်နိုင်သွားလျှင်လည်း မည်သို့ဆက်လုပ်မည်နည်း။ သူတော်စင်တောင်တွင် နတ်ဘုရားတစ်ပိုင်း တစ်ဒါဇင်ကျော် နေထိုင်နေသည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း ဧကရာဇ်ကိုးပါးနှင့်ပင် ယှဉ်နိုင်သူဖြစ်သည်။ သူတော်စင်တောင်ထဲသို့ အတင်းဝင်သူတိုင်းက ကိုယ့်သေတွင်းကိုယ်တူးသလိုသာ ဖြစ်ပေမည်။
ထို့ကြောင့် လက်ရှိ သူတော်စင်တောင်အောက်ရှိ လူက အသက်နှင့်စွန့်စားဝံ့သည်အထိ အလွန်ရဲရင့်သည်ဟု ဆိုနိုင်ပေသည်။
ဆိုရလျှင် ထိုလူကလည်း အမှန်ပင် ရဲရင့်ပေသည်။ မြောက်ဘက်ဧကရာဇ်နှင့် ရန်သူဖြစ်ဝံ့သူမှာ သူရဲဘောကြောင်သူတစ်ယောက်ဖြစ်မည် မဟုတ်ပေ။ သို့သော် ဤတစ်ခေါက်တွင် ကျန်းရီက ပါးနပ်နေပေပြီ။ သူ သူတော်စင်တောင်အောက်တွင် ပုန်းနေပါက ချောင်ဖေးဝမ်တို့ နှင်းဒေသကို မြေလှန်ရှာလျှင်ပင် သူ့ကို ရှာတွေ့မည် မဟုတ်ချေ။ သူတို့သည် ကျန်းရီက ဤနေရာတွင် ပုန်းနေလိမ့်မည်ဟု သူတို့ထင်မည် မဟုတ်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်းသည်ပင် ကျန်းရီက သူတော်စင်တောင်အောက်တွင် ပုန်းအောင်းနေမည်ဟု ခန့်မှန်းမိမည် မဟုတ်ပေ။
လဝက်...
ချောင်ဖေးဝမ်တို့သည် နှင်းဒေသတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း လက်ဗလာဖြင့်သာ ပြန်ခဲ့ရသည်။ သူတို့အားလုံးက မျိုးနွယ်ကြီးများ၊ ဂိုဏ်းကြီးများ၏ ခေါင်းဆောင်များဖြစ်ကြပြီး နှင်းဒေသ၏ ထောက်တိုင်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့ ဆင်ကန်းတောတိုးသကဲ့သို့ လျှောက်သွားနေ၍ မဖြစ်ပေ။ သို့ဆိုလျှင် သူတို့သည် ကျန်နတ်ဘုရားတစ်ပိုင်းများ၏ ဟားစရာဖြစ်သွားပေလိမ့်မည်။ သူတို့က အဆင့်အတန်းမြင့်သူများဖြစ်၍ နေ့တိုင်း အပြင်ဘက်တွင် နေနေ၍မဖြစ်ပေ။
ငါးရက်ကြာပြီးနောက် ကျန်းရီ ထပ်မံ ပြန်ထွက်ပေါ်လာသည်။ သူသည် မြေအောက်မှနေ၍ သူတော်စင်တောင်နှင့် ဝေးရာသို့ သွားပြီးနောက် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ ထွက်ခွာသွားလေသည်။ ဤတစ်ခေါက်တွင် သူ မီးနဂါးတောင်သို့ သွားလိုက်သည်။ သူသည် တောင်အပြင်ဘက်တွင် တစ်ရက်နှင့်တစ်ည စောင့်ပြီးနောက် ကောင်းကင်သိမြင်နားလည်ခြင်းကို အသုံးပြုကာ သူ့ရန်သူများ ရှိနေသောနေရာကို ထောက်လှမ်း၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သူ ပစ်မှတ်ကို အလွယ်တကူ ရှာတွေ့ခဲ့သည်။ ပစ်မှတ်မှာ အင်အားငါးရာရှိသော ကင်းလှည့်အဖွဲ့လေးတစ်ဖွဲ့ပင်။
“သတ်...”
ကျန်းရီ ထွက်ပေါ်မလာခင်မှာပင် သက်တန့်ဝိညာဉ်လှံက အရှေ့မှ ပျံထွက်သွားသည်။ ၎င်းသည် သေမင်း၏ တံစဉ်းကဲ့သို့ လူငါးရာ၏ ဦးခေါင်းကို ထိုးဖောက်သွားလေသည်။ လူအများစုသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ စိတ်ဝိညာဉ် အဖျက်ဆီးခံလိုက်ရသည်။ သူတို့သည် ဘာဖြစ်သွားမှန်းပင် မသိလိုက်ဘဲ လဲကျ သေဆုံးသွားကြလေတော့သည်။
ဝုန်း...
လူအရေအတွက်က ရာကျော်သဖြင့် သက်တန့်ဝိညာဉ်လှံသည်ပင် အားလုံးကို သတ်ဖြတ်နိုင်ရန် အချိန်တစ်ခဏလိုခဲ့သည်။ ထို့ကြောင့် လူတစ်ယောက်က ကောင်းကင်ထက်သို့ အချက်ပြမီးပန်း ပစ်လွှတ်နိုင်ခဲ့သည်။ မီးပန်းက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ပေါက်ကွဲထွက်သွား၏။ ကောင်းကင်တစ်ခြမ်းလုံး လင်းလက်သွားသည်။ သို့သော် ထိုလူသည်လည်း အချက်ပြမီးပန်းကို ပစ်လွှတ်ပြီးနောက် သေဆုံးသွားလေသည်။
ဝှစ်...
ကျန်းရီသည် ဆူးချွန်နှစ်ချောင်းကိုကိုင်၍ မြေအောက်ထဲမှ ထွက်လာ၏။ သူသည် လေအလျင်ဖြင့် လှုပ်ရှားကာ သေဆုံးသွားသူအားလုံး၏ ဦးခေါင်းများကို ဆူးချွန်ဖြင့် ထိုးစိုက်လိုက်သည်။ ဦးနှောက်ငါးရာစလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားပေပြီ။ ထို့နောက် သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ အာကာပြင်ကို စုတ်ဖြဲ၍ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ ထွက်ပြေးလိုက်သည်။
ဝှစ်...
ကျန်းရီထွက်သွားပြီးနောက် တဒင်္ဂအကြာတွင် အနီရောင်အလင်းတန်းတစ်တန်းက ကောင်းကင်ကို ဖြတ်သန်းလာသည်။ မီးနဂါးမျိုးနွယ်ခေါင်းဆောင် ဟော်ရန်က မြန်နိုင်သမျှ အမြန်ဆုံး လာခဲ့၏။ သို့သော် ထိုနေရာက မီးနဂါးတောင်နှင့် ဆယ်ကီလိုမီတာဝေးသည်။ သူက နတ်ဘုရားအစစ်အမှန်တစ်ပါး မဟုတ်ပေ။ သူသည် အချက်ပြမီးပန်းကို မြင်လျှင်မြင်ချင်း ထွက်လာခဲ့သော်လည်း ထိုနေရာသို့ရောက်ရန် အချိန်တစ်ခုယူရပေသည်။
ထို့ပြင် ကျန်းရီ စတင်တိုက်ခိုက်ပြီး ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံး၍ ထွက်ပြေးသွားသည်အထိ ကြာချိန်က အသက်ဆယ်ရှူစာမျှသာ ရှိပေသည်။ ထို့ကြောင့် ဟော်ရန်က မည်မျှ လျင်မြန်သည်ဖြစ်စေ အချိန်မီရောက်လာနိုင်မည် မဟုတ်ချေ။
“ဒါက လွန်လွန်းတယ်... လွန်လွန်းတယ်”
ဟော်ရန်သည် အလောင်းများ ပြန့်ကျဲနေသော မြေပြင်ကို ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။ သူသည် သက်တန့်အလင်းတန်းတစ်ခုအလား ကီလိုမီတာငါးရာအတွင်း လှည့်ပတ်လိုက်သည်။ သူ၏ကောင်းကင်စိတ်အာရုံကိုလည်း အမြင့်ဆုံး မြှင့်တင်ထားသည်။ သို့သော် ယခင်ကဲ့သို့ပင် သူ မည်သူ့ကိုမှ ရှာမတွေ့ခဲ့ချေ။
သုံးရက်ကြာပြီးနောက် ကျန်းရီက ဓားခုတ်ကောင်တောင်မှ လူငါးရာကို ထပ်မံသတ်ဖြတ်ခဲ့သည်။ ဆယ်ရက်ကြာပြီးနောက်တွင်မူ ကျားနိုင်ဂိုဏ်းက လူတစ်ထောင် ဆုံးရှုံးခဲ့သည်။ ချောင်ဖေးဝမ်က အခင်းဖြစ်ရာသို့ ချက်ချင်း သွားခဲ့သော်လည်း ကျန်းရီက ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။
ဝုန်း...
ချောင်ဖေးဝမ်သည် ပတ်ဝန်းကျင်တွင် ရှာဖွေလိုက်သော်လည်း လူသတ်သမားကို ရှာမတွေ့ခဲ့ပေ။ သူသည်လည်း ဒေါသထွက်နေ၍ စွမ်းအားပြည့်နေသော လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်သည်။ ထို့ကြောင့် အဝေးရှိ တောင်ငယ်လေးတစ်လုံးက အမှုန့်ဖြစ်သွားသည်။ ကီလိုမီတာငါးဆယ်ပတ်လည်အတွင်း၌လည်း မြေတုန်ခါသွားသည်။
“ဂိုဏ်းချုပ် ဒေါသမထွက်ပါနဲ့”
ကျားနိုင်ဂိုဏ်းမှ အကြီးအကဲတစ်စုက လျင်မြန်စွာ ရောက်လာကြသည်။ ချောင်ဖေးဝမ်၏ နှင်းကဲ့သို့ ဖြူစွတ်သော မုတ်ဆိတ်မွေးက ဒေါသကြောင့် တုန်ယင်နေသည်။ သူ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“ဒီမှာပဲ ရပ်မနေကြနဲ့။ သူ့ကိုသွားရှာကြ။ သူ့ကို ရှာမတွေ့ရင် မင်းတို့ ပြန်မလာကြနဲ့”
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ”
အကြီးအကဲတစ်စုသည် ခပ်သွက်သွက် ပျံတက်သွားကြပြီး လူခွဲကာ ရှာဖွေလိုက်ကြ၏။ ထိုစဉ် အနောက်တွင် ခပ်ကုပ်ကုပ်ရပ်နေခဲ့သော ချောင်တွမ်ထျန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ရှာမနေကြပါနဲ့တော့။ ရှာလည်း တွေ့မှာ မဟုတ်ပါဘူး”
“အန်...”
ချောင်ဖေးဝမ်က ရေခဲတမျှအေးစက်သော မျက်ဝန်းများဖြင့် ချောင်တွမ်ထျန်းကို ကြည့်လိုက်ပြီး ချောင်တွမ်ထျန်း၏ ရှင်းပြချက်ကို စောင့်နေ၏။ ချောင်တွမ်ထျန်းက လက်ဆုပ်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်တော့်မှာ အကြံလေးတစ်ခု ရှိပါတယ်”
“ပြောပါ”
ချောင်ဖေးဝမ်၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ ချောင်ဖေးဝမ်သည် ချောင်တွမ်ထျန်းက သူ့အနောက်မှ အကြီးအကဲများကို ကြည့်နေကြောင်း မြင်လိုက်သောအခါ လက်ဝှေ့ယမ်းလိုက်၏။ အကြီးအကဲများက ခပ်သွက်သွက် ထွက်သွားကြသည်။ သူတို့နှင့်အတူ ချောင်ရှစ်ရွှေသာ ကျန်ခဲ့သည်။
ချောင်ရှစ်ရွှေက သူ၏ညီမဖြစ်သဖြင့် ချောင်တွမ်ထျန်း စိတ်မရှိပေ။ ထို့နောက် သူ ဦးညွှတ်ကာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်တော် တွေးနေခဲ့တာ အချိန်တစ်ခုလောက်ရှိပါပြီ။ ဘာလို့ အဲ့လူပုက ရူးသွပ်သွားပြီး မြင်မြင်သမျှ လူတိုင်းကို သတ်ပစ်နေတာပါလဲ။ ဘာလို့ သူက ကျားနိုင်ဂိုဏ်း၊ မီးနဂါးမျိုးနွယ်၊ အမွေးရှည်ဆင်မျိုးနွယ်နဲ့ ဓားခုတ်ကောင်ဂိုဏ်းက လူတွေကိုပဲ သတ်နေရတာလဲ။ သူက ရူးနေပြီးမှတော့ တခြားမျိုးနွယ်ကလူတွေကိုလည်း သတ်သင့်တယ်မလား။ ဘာလို့ သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်နဲ့ လူပုမျိုးနွယ်က လူတွေကိုကျ မသတ်ရတာလဲ”
ချောင်ဖေးဝမ်က မျက်မှောင်ကြုတ်လိုက်ပြီး အတွေးနက်သွား၏။ သူသည် ဤတစ်လျှောက်လုံး ဒေါသထွက်နေခဲ့ပြီး ကျန်းရီကို ဖမ်းရန်သာ အာရုံစိုက်နေခဲ့သဖြင့် အချို့ကိစ္စများကို စေ့စေ့စပ်စပ် မတွေးမိခဲ့ချေ။
ချောင်ရှစ်ရွှေကလည်း မျက်ခုံးပင့်လိုက်သည်။ သူမက ချောင်ဖေးဝမ်အချစ်ဆုံး သခင်မလေးဖြစ်သည်။ သူမ ကျန်နေခဲ့သော်လည်း ချောင်ဖေးဝမ်က မည်သို့မှ မပြောခြင်းကိုကြည့်၍ အထက်ပါအချက်ကို မြင်နိုင်ပေသည်။
ချောင်ရှစ်ရွှေက တွေးတောကာ ပြောလိုက်၏။
“သူက ရူးမသွားခင်တုန်းက ကိစ္စတချို့ကိုပဲ မှတ်မိတာလား။ ဥပမာအနေနဲ့ သူက လူပုမျိုးနွယ်ကို သတ်လို့မဖြစ်ဘူးလို့ မှတ်မိနေတာမျိုးပေါ့။ သူက ရေခဲသားရဲဘုရင်နဲ့ တိုက်ခိုက်နေခဲ့တာကိုပဲ မှတ်မိတာဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် အဲ့တုန်းက ရှိနေခဲ့တဲ့ မျိုးနွယ်တိုင်းကို သူ့ရဲ့ရန်သူလို့ ထင်နေတာဖြစ်မယ်”
“ဟင်းဟင်း...”
ချောင်တွမ်ထျန်းက ခနဲ့တဲ့တဲ့ရယ်ကာ ပြောလိုက်သည်။
“မီးနဂါးမျိုးနွယ်နဲ့ အမွေးရှည်ဆင်မျိုးနွယ်က လူပုမျိုးနွယ်ရဲ့ မဟာမိတ်တွေပဲ။ အဲ့လူပုက ရူးသွားရင်တောင် အဲ့ဒါကို မမေ့လောက်ဘူးမလား။ ပြီးတော့ သူက တိုက်ခိုက်တဲ့အခါတိုင်း သတိကြီးကြီးထားတယ်။ သူက ဘယ်တော့မှ အဖွဲ့ကြီးတွေကို မတိုက်ဘူး... အဖွဲ့လေးတွေကိုပဲ ပစ်မှတ်ထားတာ။ သူက အရူးဆိုရင် ဘာလို့ အဲ့လိုလုပ်မှာလဲ။ ပြီးတော့ လူတစ်ယောက်က ဘယ်လောက်ပဲ ကံကောင်းပါစေ အကြိမ်တိုင်းတော့ လွတ်မသွားနိုင်ဘူးမလား”
ချောင်ရှစ်ရွှေတစ်ယောက် မျက်လုံးပြူးသွားပြီး အံ့ဩတကြီး မေးလိုက်သည်။
“အစ်ကို... သူက ရူးမနေဘူးလို့ အစ်ကို ဆိုလိုချင်တာလား။ ဒါပေမဲ့... သူက ရူးမနေရင် ဘာလို့ လက်လွတ်စပယ် သတ်ဖြတ်နေရတာလဲ။ ဘာလို့ သူက မီးနဂါးမျိုးနွယ်နဲ့ အမွေးရှည်ဆင်မျိုးနွယ်က လူတွေကိုပါ သတ်နေရတာလဲ”
ချောင်ဖေးဝမ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည်လည်း ထိုအကြောင်းကို နားမလည်ကြောင်း သိသာသည်။ ချောင်တွမ်ထျန်းက ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“တကယ်လို့ အဲ့လူက လူပုမျိုးနွယ်က မဟုတ်ဘူးဆိုရင်ရော”
“ဘယ်လို...”
ချောင်ရှစ်ရွှေ မယုံနိုင်ဖြစ်သွားသည်။ ထို့ကြောင့် သူမ ခေါင်းခါ၍ ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး။ သူ့ကို လူတွေအများကြီး မြင်ခဲ့ပြီးပြီ။ ပြီးတော့ အသတ်ခံရတဲ့ လူတွေရဲ့ ဦးခေါင်းတွေကလည်း ဆူးချွန်နဲ့ အထိုးခံရတယ်ဆိုတာ အသိသာကြီးပဲ”
“ဟားဟားဟား...”
ချောင်တွမ်ထျန်းက အတော်ကြာ ရယ်လိုက်ပြီးမှ ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
“အဲ့လူက ရူးလည်းမရူးသလို လူပုမျိုးနွယ်ကလည်း မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ သူက ဆန်းကြယ်တဲ့ စွမ်းရည်တစ်မျိုးမျိုးကိုသုံးပြီး သူ့ကိုယ်သူ လူပုတစ်ယောက်နဲ့တူအောင် လုပ်ထားတာဖြစ်ရမယ်။ အသတ်ခံခဲ့ရတဲ့ လူတွေရဲ့ အလောင်းတွေက အကောင်းဆုံးသက်သေပဲ။ လူတွေအများကြီး သေခဲ့ပေမယ့် သူတို့တွေအကုန်လုံးက ခေါင်းကြေမွပြီး သေခဲ့ကြတာ။ ပြီးတော့ သူက တခြားဆန်းကြယ်တဲ့စွမ်းရည်တွေကို သုံးထားတဲ့ လက္ခဏာတွေလည်း မတွေ့ရဘူး။ သေသွားတဲ့သူတွေကလည်း သူတို့ရဲ့နေရာကနေ သိပ်ရွေ့လိုက်ရတဲ့ပုံ မပေါ်ဘူး။ တွေးကြည့်ပါ... တကယ်လို့ ကျွန်တော်တို့က ဆူးချွန်ကြီးတွေကိုင်ပြီ လူတွေကို လိုက်သတ်နေတဲ့လူတစ်ယောက်ကို တွေ့မယ်ဆိုရင်၊ အဲ့လူကိုလည်း ကျွန်တော်တို့က မယှဉ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ အစွမ်းကုန် ပြန်တိုက်ခိုက်ရင်တိုက်ခိုက် ဒါမှမဟုတ် ထွက်ပြေးကြမယ်မလား။ ဒါပေမဲ့... ဘာလို့ အခင်းဖြစ်ခဲ့တဲ့နေရာတွေမှာ အဲ့လိုလုပ်ခဲ့ကြတယ်ဆိုတဲ့ အရိပ်အယောင်တွေကို မတွေ့ရတာလဲ။ အဲ့လူတွေက ထွက်တောင် မပြေးကြဘူးလား။ ဆူးချွန်တစ်ချောင်းက ဘယ်လောက်ပဲ မြန်ပါစေ လူအယောက်တိုင်းကို သတ်နိုင်ဖို့ အချိန်လိုတယ်မလား”
“စိတ်ဝိညာဉ်တိုက်ခိုက်မှု”
ချောင်ဖေးဝမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူ ပြောလိုက်လေသည်။
“အဲ့လူက စွမ်းအားကြီး စိတ်ဝိညာဉ်စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားတာ။ သူက သူ့ရဲ့ တိုက်ခိုက်မှုအစစ်အမှန်ကို ဖုံးကွယ်ဖို့ လူတွေရဲ့ ခေါင်းကို ခြေမွှပစ်ခဲ့တာပဲ။ တကယ်ပဲ သူက လူပုမျိုးနွယ်က မဟုတ်ဘူး”
***