← Chapters

စွန့်ပစ်ခံကလန်၏သမိုင်းကြောင်း

Vol. 163 Ch. 2326

စွန့်ပစ်ခံကလန်၏သမိုင်းကြောင်း

Vol. 163 Ch. 2326

မကြာခင် စွန့်ပစ်ခံကလန်သို့ ဖိတ်ကြားခံရသော တန်ခိုးရှင်များမှာ အတူစုစည်းမိကြသည်။ တစ်ဦးချင်းစီတိုင်းမှာ နေရာဒေသအသီးသီးမှ ထိပ်သီးတန်ခိုးရှင်များဖြစ်ကြသည်။ တချို့မှာ ပါရမီရှင်များဖြစ်ကြပြီး တချို့မှာ ဘုံအသီးသီးမှ ထိပ်သီးများဖြစ်ကြသည်။ တချို့သည် နတ်ဘုရားကဒ်ဘေးအဆင့်များဖြစ်ကြသည်။

ထိုလူများအားလုံးမှာ စွန့်ပစ်ခံကလန်၏ဖိတ်ကြားခံရသူများဖြစ်ကြသည်။ ယခု သူတို့သည် တားမြစ်အဆောက်အဦရှေ့သို့ ရောက်လာကြသည်။

ရီဖူရှင်းသည် သူ့ရှေ့မှ တားမြစ်နယ်မြေကို ကြည့်သည်။ ထိုနေရာမှ လေဟာနယ်သည် ကြီးမားစွာ ပုံပျက်နေဟန်ရှိသည်။ ထိုနေရာကား စွန့်ပစ်ခံကလန်၏ဗဟိုချက်မဖြစ်ကာ အဆောက်အဦးများသည် ထိုနေရာကို ဝန်းရံထားကြသည်။ ထိုနေရာက စွန့်ပစ်ခံကလန်အတွက် အလွန်အရေးပါရပေမည်။

တခြားတန်ခိုးရှင်များက ပိုသိကြပေသည်။ သူတို့က ထိုနေရာမှ ထွက်လာသော စွန့်ပစ်ခံကလန်သားများအား မြင်ဖူးကြသည်။

“အားလုံး ကျေးဇူးပြုပြီးတော့…” စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များက ရှေ့ကို တက်လာကာ လမ်းပြကြသည်။ ရုတ်တရက် သူတို့ရှေ့မှ ပုံပျက်လေဟာနယ်တွင် တံခါးတစ်ချပ် ပေါ်လာသည်။ ရီဖူရှင်းနှင့် တခြားလူများသည် ရှေ့ကို တက်သွားရာ သူတို့သည် တခြားသော အချိန်နှင့်လေဟာနယ်တစ်ခုကို ဖြတ်သန်းသွားသလို ခံစားရပြီး နောက်ကမ္ဘာတစ်ခုသို့ ရောက်လာသည့်အလား ထင်မှတ်ရသည်။

သည်နေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အာကာသစွမ်းအားများ ရှိနေသည်။ သူတို့က အတွင်းမှ ပုံပျက်နေသော လေဟာနယ်များကို ခံစားမိကြ၏။

၎င်းသည် နက်ရှိုင်းလွန်းရကား အဆုံးမရှိဟု ထင်မှတ်ရ၏။

ဤနေရာတွင် သူတို့၏နတ်အာရုံမှာလည်း တွန့်လိမ်နေကာ များစွာ ဝေးဝေး မကြည့်နိုင်ပေ။ သူတို့မြင်ရသလောက်ဆိုပါက ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံဆင့်များဖြင့် တန်ခိုးရှင်အများအပြား ရှိနေကြသည်ကို သတိထားမိခြင်းပင်။ သူတို့၏အကြည့်မျှက ကြောက်မက်ဖွယ် အငွေ့အသက်များကိုပေးသည်။

“ဒီနေရာက ဘယ်နေရာလဲ…” အသက်သုံးဆယ်အရွယ်ခန့်ရှိကာ ထူးခြားသော အရှိန်အဝါဖြင့် လူတစ်ဦးက မေးသည်။ သူသည် လူသားဘုံမှ ပါရမီရှင်တစ်ဦးဖြစ်သည်။

“စွန့်ပစ်ခံကလန်ရဲ့ဗဟိုချက်မပဲ။ ခင်ဗျားတို့က စွန့်ပစ်ခံကလန်ရဲ့ လျှို့ဝှက်ချက်အတွက် လာကြတာမလား” စွန့်ပစ်ခံကလန်မှ အကြီးအကဲတစ်ဦးက ပြောသည် “ကျုပ်တို့က လမ်းလျှောက်ရင်း ပြောကြတာပေါ့”

သူက ပြောရင်းဖြင့် လူတိုင်းကို အတွင်းသို့ ခေါ်သွားသည်။ တချိန်တည်းမှာ သူက ပြောသည် “ရှန်းယိကုန်းမြေက ရှေးခေတ်ကတည်းက နတ်ဘုရားတွေ စွန့်ပစ်ခဲ့တာပဲ။ နှစ်ပေါင်းများစွာ ဦးတည်ရာမဲ့၊ ဘယ်သောင်ဘယ်ကမ်း ဆိုက်မယ်မသိဘဲ မြောလွင့်နေခဲ့ကြတာ။ ကျုပ်တို့က အဆုံးမရှိတဲ့ ညနက်ကို ကျော်ဖြတ်နေရသလိုပါပဲ။ သမိုင်းကြောင်းအရတော့ ရှန်းယိကုန်းမြေဟာ အရင်တုန်းက ဒီထက် အဆမတန် ကြီးမားပြီးတော့ အောင်မြင်ထွန်းကားတဲ့ ကုန်းမြေတစ်ခုလည်း ဖြစ်ခဲ့တယ်။ အခုတော့ တစ်စတစ်စ ပြိုကွဲပြီးတော့ လက်ရှိ အခြေအနေ ဖြစ်လာတာပဲ”

“ပြီးတော့ ကုန်းမြေက တန်ခိုးရှင် အမြောက်အမျာလည်း သေဆုံးသွားခဲ့တယ်။ အဲဒီတုန်းက အချိန်တွေကို ကျုပ်တို့က မှောင်မိုက်တဲ့ကာလတို့ ခေါ်ခဲ့ကြတယ်” စွန့်ပစ်ခံကလန်မှ အဖိုးဘိုက ဖြေးလေးစွာ ပြောသည် “နောက်ပိုင်း စွန့်ပစ်ခံကလန်ကို တည်ထောင်ခဲ့တဲ့ဘိုးဘေး ရောက်လာပြီးတော့ အားလုံးကို စုစည်းခဲ့တယ်။ ပြီးတော့ အခက်အခဲတွေကို အတူတူရင်ဆိုင်ဖို့ သင်ကြားပေးခဲ့တယ်။ ကုန်းမြေကလူတွေကို စုစည်းခဲ့တဲ့ နံပါတ်၁ တန်ခိုးရှင်ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့က မှောင်မိုက်တဲ့ကာလကို ကျော်ဖြတ်အောင်မြင်ခဲ့ကြတယ်။ ဒီလိုနဲ့ ရှန်းယိကုန်းမြေဟာ ဒီနေ့အထိ ရှင်သန်နေခဲ့တာပဲ”

ရီဖူရှင်းနှင့် တခြားလူများကလည်း ငြိမ်သက်စွာ နားထောင်နေကြသည်။ သူတို့အားလုံးက စွန့်ပစ်ခံကလန်၏သမိုင်းကြောင်းကို စိတ်ဝင်စားကြ၏။ ကြည့်ရသည်မှာ စွန့်ပစ်ခံကလန်၏ဘိုးဘေးသည် အလွန်ထူးခြားပြောင်မြောက်သူဖြစ်ရပေမည်။ သူသည် မည်သည့်အဆင့်ဖြစ်သည်၊ မည်သို့ဖြစ်ပျက်ခဲ့သည်၊ သေသည် ရှင်သည်ကိုတော့ မည်သူမှ မသိသေးပေ။

“စွန့်ပစ်ခံကလန်ကို တည်ထောင်ပြီးနောက်ပိုင်းမှာ ကုန်းမြေက ထက်မြက်တဲ့လူတွေ အဆက်မပြတ် ပူးပေါင်းခဲ့ကြတယ်။ ဒါကြောင့် အချိန်တိုအတွင်းမှာ စွန့်ပစ်ခံကလန်က ရှန်းယိကုန်းမြေရဲ့ အကောင်းဆုံးတော်ဝင်မြေဖြစ်လာခဲ့တယ်။ လူတိုင်းကလည်း ကလန်ကို ယုံကြည်ခဲ့ကြတယ်။ ပြီးတော့ ကလန်ကို ဝင်တဲ့လူတိုင်းဟာလည်း ကုန်းမြေကိုအသက်နဲ့ရင်းပြီး ကာကွယ်ဖို့ ကတိသစ္စာပြုကြရတယ်။ သူတို့က ကုန်းမြေကို ခေတ်အဆက်ဆက် ကာကွယ်သူများဖြစ်ကြတယ်။ ဒီနေ့ ရှန်းယိကုန်းမြေဟာ အဆုံးမဲ့တဲ့ အမှောင်ထုကနေ လွတ်မြောက်ပြီးတော့ မူလဘုံကို ရောက်လာခဲ့တယ်။ ကျုပ်တို့က နောက်ထပ် မုန်တိုင်းတစ်ခုနဲ့ ရင်ဆိုင်ရမယ်လို့ ထင်ခဲ့ပေမဲ့ ဒီနေရာကို ရောက်လာတဲ့အခိုက်မှာ ကျုပ်တို့ဟာ အရင်လို  အမှောင်ခေတ်ကို ပြန်သွားစရာမလိုတော့ဘူးဆိုတာ သိလိုက်ရတယ်”

သူ၏စကားများကို ကြားသောအခါ ရီဖူရှင်းသည် အလွန် စိတ်လှုပ်ရှားမိသည်။ ရှန်းယိကုန်းမြေမှ မျိုးဆက်များစွာက သူတို့ကုန်းမြေကို ခေတ်အဆက်ဆက် ကာကွယ်လာခဲ့ကြသည်လား။

ထို့အပြင် သူတို့က ထိပ်သီးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်က ပိုအထင်ကြီးစရာကောင်းသည်။

ယခု အရာအားလုံးက ရှင်းလင်းသွားပြီဖြစ်သည်။ စွန့်ပစ်ခံကလန်သည် ဒုက္ခသည်များနှင့် မခြားဖြစ်ကာ နယ်မြေအသီးသီးမှ အင်အားစုများသည် သူတို့ကို လုယက်ရန် ပြေးလာခဲ့ကြသည်။ ၎င်းက အမှန်ပင် အရှက်ရစရာကောင်းလှ၏။

“ခင်ဗျားတို့ ဘိုးဘေးတွေရဲ့ အမြော်အမြင်နဲ့ စတေးမှုတွေဟာ တကယ်ပဲ အထင်ကြီးလေးစားစရာကောင်းလှတယ်” တစ်ယောက်က တလေးတစားပြောသည်။ သူတို့၏သမိုင်းကြောင်းက အမှန်တကယ် လေးစားဖွယ်ကောင်းသည်။

သူတို့က ရှေ့ကို ဆက်သွားသည်။ အတွင်း၌ကား အလွန်နက်ရှိုင်းကာ အမြင်အားဖြင့် အဆုံးမရှိချေ။ များစွာသော ဂူပေါက်များနှင့် အဆောင်ငယ်များ နှစ်ဘက်လုံးတွင် ပေါ်လာကာ ၎င်းနေရာမှ နတ်အလင်းများ ထွက်ပေါ်နေသည်။ အဖိုးအိုက ပြောသည် “ကျုပ်တို့ဘိုးဘေးက စွန့်ပစ်ခံကလန်ကို တည်ထောင်ခဲ့ပြီးတော့ ဒီနေရာမှာ သန့်စင်တဲ့ကျင့်ကြံနယ်မြေအဖြစ် ဖန်တီးခဲ့တယ်။ ရှန်းယိကုန်းမြေ ပျက်စီးသွားရင်တောင် လူတွေဟာ ဒီနေရာမှာ နားခိုနိုင်ပြီးတော့ ဆက်လက်ရှင်သန်နိုင်မယ်။ ဒီဂူတွေဟာ ရှန်းယိကုန်းမြေပျက်စီးသွားရင်တောင် ဆက်လက်တည်ရှိနိုင်တဲ့နေရာတွေပဲ။ အဲဒါကတော့ အဆိုးဆုံး အခြေအနေပေါ့”

အားလုံးက ခေါင်းညိတ်ကြသည်။ အတွင်း၌ကား အမှန်ပင် ခိုအောင်းရာ နေရာတစ်ခုနှင့် တူပေသည်။ သည်နေရာက စွန့်ပစ်ခံကလန်၏နောက်ဆုံးသော နားခိုရာဖြစ်ပေသည်။

“တချို့သော ဂူတွေက လတ်တလောမှာ ကျင့်ကြံသူတချို့ အသုံးပြုနေကြတယ်။ သူတို့ဟာ ကျုပ်တို့ကလန်ရဲ့ မျိုးဆက်တွေပဲ။ ဂူတွေထဲမှာက ဘိုးဘေးအဆက်ဆက်တွေ သူတို့ရဲ့ ပညာရပ်တွေ၊ ဉာဏ်အလင်းတွေကို ချန်ထားခဲ့ကြတယ်။ ဒီနည်းနဲ့ ကျုပ်တို့ ကလန်ဟာ ခေတ်အဆက်ဆက် သန်မာတဲ့ တန်ခိုးရှင်တွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်” အဖိုးအိုက ပြောသည် “ဒါက စွန့်ပစ်ခံကလန်ရဲ့ လက်ရှိ အခြေအနေပဲ။ ခင်ဗျားတို့ ဟိုဟိုဒီဒီသွားလာပြီး လေ့လာနိုင်တယ်။ ရှန်းယိကုန်းမြေဟာ မူလဘုံကို ရောက်လာခဲ့တယ်။ ကျုပ်တို့က သေချာပေါက် ခင်ဗျားတို့နဲ့ ရန်သူ မဖြစ်ချင်ဘူး။ မိတ်ဆွေဖြစ်နိုင်ရင်တော့ အကောင်းဆုံးပေါ့”

All Chapters