လျို့ဝှက်နတ်နယ်မြေ
Vol. 163 Ch. 2327
သူ၏စကားကိုကြားလျှင် လူတိုင်းက ခေါင်းညိတ်ကြသည်။ ထိုစဉ် ရုတ်တရက် လူတစ်ယောက်က ပြောသည် “ကျုပ်တို့က ဒီလျို့ဝှက်နယ်မြေမှာ ကျင့်ကြံလို့ရလား”
ချက်ချင်း အားလုံးက တိတ်ဆိတ်သွားသည်။ တန်ခိုးရှင်များအားလုံး၏အာရုံက အဖိုးအိုထံသို့ ရောက်သွား၏။ သူတို့က စွန့်ပစ်ခံကလန်၏ကျင့်ကြံနယ်မြေကို အသုံးပြုနိုင်သလား မေးခြင်းနှင့် တူပေသည်။
ဤသည်ကပင် တန်ခိုးရှင်များအားလုံးက သည်နေရာသို့ ရောက်လာသည့် ရည်ရွယ်ချက်ဖြစ်ပေသည်။ မူလဘုံတွင် ကုန်းမြေတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ လူတိုင်းက ထိုကုန်းမြေကို မောင်ပိုင်စီးလိုသော ရည်ရွယ်ချက်ရှိ၏။ ယခု ရတနာသိုက်သည် သူတို့ရှေ့တွင် ရောက်နေလေပြီ။ သူတို့က မည်သို့ လက်လွှတ်နိုင်မည်နည်း။
ထို့ကြောင့် သူတို့က ဤထူးဆန်းသော နယ်မြေအား ရှာဖွေလေ့လာလိုသည်။ အကယ်၍ မဟာအင်ပါယာတစ်ပါး၏အမွေအနှစ်များကို တွေ့ရှိပါက ၎င်းအား ရယူလိုကြသည်။
ပို၍ အရေးကြီးသည်ကား ဤထူးဆန်းသောနယ်မြေတွင် တခြားသော ရတနာများကိုလည်း ဝှက်ထားနိုင်သေးပေသည်။
သူ၏တောင်းဆိုချက်ကို ကြားလျှင် အဖိုးအိုက ခေါင်းယမ်းသည် “စွန့်ပစ်ခံကလန်ရဲ့ တန်ဖိုးရှိတဲ့အရာတွေအကုန်လုံးက ဒီနေရာမှာ ရှိနေတယ်။ ကျုပ်တို့က ဘယ်လိုလုပ် လူတိုင်းကို ခွင့်ပြုနိုင်မလဲ။ မဟုတ်ရင် စွန့်ပစ်ခံကလန်က ကလန်တစ်ခု ဟုတ်ပါတော့မလား။ ဒီနေရာမှာ တချို့ဂူတွေ အဆောက်အဦတွေဟာ တားမြစ်နယ်မြေတွေ ဖြစ်တယ်။ ကျုပ်တို့ ကလန်သားတွေတောင်မှ ဝင်ခွင့်မရှိတဲ့ နေရာတွေရှိတယ်။ ခင်ဗျားတို့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်”
“ဒီလျှို့ဝှက်နယ်မြေက တကယ်က ထူးခြားကောင်းမွန်လှတယ်။ ဒါဟာ ကောင်းကင်နဲ့မြေပြင်အကြားက လေဟာနယ်ထဲမှာ တည်ရှိတယ်။ ဒီလို ထူးခြားတဲ့ လေဟာနယ်ကို တည်ဆောက်ဖို့ဆိုတာ တကယ်မလွယ်လှဘူး” တစ်ယောက်က ပြောသည် “ဒါပေမဲ့ ကျုပ်တို့က အဝေးက လာခဲ့ကြတယ်။ မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ ဘာလို့ ကျုပ်တို့ကို ဒီမှာ ကျင့်ကြံဖို့ ခွင့်မပြုပေးတာလဲ”
သိသာစွာပင် သူက စွန့်ပစ်ခံကလန်၏ပညာရပ်များကို လေ့လာလိုသည်။ သူ၏စကားကိုကြားလျှင် တခြားတန်ခိုးရှင်များကလည်း စိတ်အားထက်သန်စွာ ခေါင်းညိတ်ကြသည်။
စွန့်ပစ်ခံကလန်၏သမိုင်းကြောင်းကို ကြားသိပြီးနောက် သူတို့က အမှန်တကယ် လေးစားအံ့အားသင့်ရ၏။ တစ်ဘက်တွင်လည်း သူတို့၏အလိုလောဘများကို မထိန်းချုပ်နိုင်ပေ။
မဟုတ်လျှင် သူတို့က ဤနေရာသို့ ရောက်လာစရာ မရှိချေ။
စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များသည် သူတို့၏စကားကိုကြားလျှင် မျက်နှာများ နက်မှောင်သွားကြသည်။ သူတို့၏မျက်နှာများတွင် သဘောမကျသော အရိပ်အယောင်များဖြစ်လာကြ၏။ ရုတ်တရက် အားကောင်းသော ဖိအားတစ်ခု လေဟာနယ်ထဲ ဖြစ်ပေါ်လာသည်။ မမြင်ရသော ဖိအားများသည် တန်ခိုးရှင်များအား သတိထားမိစေ၏။
သူတို့မှာ ထိပ်သီးအင်အားစုများဖြစ်သော်လည်း သူတို့ ဆန္ဒအတိုင်း ဖြစ်မြောက်ရန်မှာ လွယ်ကူမည်တော့ မဟုတ်ပေ။
“စွန့်ပစ်ခံကလန်က လူတိုင်းနဲ့ မိတ်ဆွေဖြစ်ချင်တယ်။ ဒါပေမဲ့ ကျုပ်တို့က ခင်ဗျားတို့ အကျိုးအမြတ်အတွက် စတေးပေးမယ်၊ ခစားပေးမယ်လို့ မဆိုလိုဘူး။ ခင်ဗျားတို့အားလုံးက ထိပ်သီးအင်အားစုတွေက လာကြတာပဲ။ ခင်ဗျားတို့ ကလန်က ရတနာတွေ၊ ပညာရပ်တွေကို ပြင်ပလူတွေဆီ ပေးနိုင်ကြလို့လား”
အဖိုးအို၏စကားက လူတိုင်းကို ဆွံ့အစေသည်။ သူတို့က မငြင်းနိုင်ပေ။ သူတို့က အပြင်လူများကို သူတို့၏ကလန်တွင် ကျင့်ကြံခွင့်မပြုနိုင်သည်မှာ သေချာ၏။
“ဒီလိုဆိုရင်လည်း ကျုပ်တို့ကို ဘာရည်ရွယ်ချက်နဲ့ ဖိတ်ခေါ်ခဲ့တာလဲ” တစ်ယောက်က မေးသည်။ သူကား နတ်ဆိုးဘုံမှ ရှောင်းမုဖြစ်သည်။ သူသည် ရီဖူရှင်း၏လက်အောက်တွင် ရှုံးနိမ့်ခဲ့သော်လည်း သူကဲ့သို့သော အဆင့်တွင် မြန်ဆန်စွာ အရှုံးမှ ရုံးထနိုင်သည်။
“ကျုပ် ပြောခဲ့သလိုပါပဲ စွန့်ပစ်ခံကလန်က လူတိုင်းနဲ့ မိတ်ဆွေဖြစ်ချင်တယ်။ ခင်ဗျားတို့ကို ကျုပ်တို့အကြောင်း ပိုသိစေချင်တယ်” အဖိုးအိုက ရှောင်းမုကို ကြည့်ကာ ပြောသည် “တကယ်လို့ ဒါက မလုံလောက်ဘူးဆိုရင် ခင်ဗျားတို့က ဂူတွေထဲက ပညာရပ်တွေကို မြင်ဖူးတွေ့ဖူးအောင် ကျုပ်တို့နဲ့ လက်ရည်စမ်းနိုင်တယ်”
စွန့်ပစ်ခံကလန်က နောက်တစ်လှမ်း ဆုတ်ပေးပြီးဖြစ်သည်။ သူတို့က သည့်ထက် နောက်ဆုတ်ရန် မရှိတော့ချေ။
စွန့်ပစ်ခံကလန်တွင် သူတို့၏ကိုယ်ပိုင် အမွေအနှစ်များရှိသည်။ ယခင်ကလည်း အင်အားစုများက သူတို့ကို အတင်းတိုက်ခိုက်လုယက်လိုခဲ့၏။ သို့သော် စွန့်ပစ်ခံကလန်သည် ယနေ့အထိ အားကောင်းစွာ ရှိနေသေးသည် မဟုတ်ပါလား။
“ဘယ်လိုလဲ…” တစ်ယောက်က မေးသည်။
“စွန့်ပစ်ခံကလန်က ဝင်္ကပါအစီအရင်တစ်ခု ပြုလုပ်ပြီးတော့ လူတိုင်းကို စိန်ခေါ်မယ်။ ကျင့်ကြံဆင့်က အတူတူပဲ” စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်က ပြောသည်။
“ရလဒ်ကို ခင်ဗျားတို့က ဘယ်လိုသတ်မှတ်မှာလဲ” တစ်ယောက်က မေးသည် “စွန့်ပစ်ခံကလန်ရှုံးရင် ကျုပ်တို့က လျို့ဝှက်နယ်မြေကို ဝင်ပြီး ကျင့်ကြံနိုင်မှာလား”
“မှန်တယ်” စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်က ထိုလူကို ပြန်ပြောသည် “ခင်ဗျားတို့က ကျုပ်တို့ ကျင့်ကြံရေးနယ်မြေကို ဝင်ပြီး လေ့လာချင်တယ်ဆိုရင် တကယ်လို့ ခင်ဗျားတို့ ရှုံးရင်ကော ဘယ်လို လောင်းကြေးမျိုး ထည့်ချင်လဲ”
မေးခွန်းမေးလိုက်သော တန်ခိုးရှင် မှင်တက်သွားသည်။ သူက ထိုအချက်ကို မစဉ်းစားခဲ့ပေ။
သူတို့က ရှုံးနိမ့်ခဲ့လျှင်ကော…။
“မင်းတို့ နိုင်ရင် ကျုပ်တို့ လျို့ဝှက်နယ်မြေကို ဝင်မယ်။ မင်းတို့ ရှုံးရင်ကော မင်းတို့ရဲ့ ကျင့်ကြံခြင်းနည်းနစ်တွေကို ပြန်ပေးအပ်ဖို့ အစီအစဉ်ရှိလား” အဖိုးအိုက ပြန်မေးသည်။ အားလုံး တိတ်ဆိတ်သွားကြသည်။
အမှန်တကယ်၌ အဖိုးအိုမေးသည်မှာ သမာသမတ်ကျပေသည်။
“ကျုပ် ဒီအဆိုပြုချက်ကို မငြင်းဘူး” ရီဖူရှင်းက ပခုံးတွန့်သည်။ တခြားတန်ခိုးရှင်များကလည်း ခေါင်းညိတ်ကြသည်။ သူတို့အားလုံး၏မျက်လုံးများတွင် ယုံကြည်မှုပြင်းထန်သော အငွေ့အသက်များရှိသည်။ သူတို့အမြင်တွင် သူတို့က မည်သို့ ရှုံးနိုင်မည်နည်း။
“အားလုံး သဘောတူရင် အပြင်ထွက်ပြီး တိုက်ကြတာပေါ့။ ဒီမှာက တိုက်ခိုက်ဖို့ အဆင်မပြေဘူး” အဖိုးအိုက ပြောသည်။ အားလုံးက ခေါင်းညိတ်ကာ အပြင်ကို လိုက်ပါလာကြသည်။ တချိန်တည်းတွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်အများအပြားလည်း ထွက်ပေါ်လာကြသည်။ သူတို့အားလုံး၏အရှိန်အဝါမှာ အလွန်အားကောင်း၏။
ဥပမာအားဖြင့် အပေါ်ဝတ်ရုံမပါသော ကြေးနီရောင်အသားအရေဖြင့် တန်ခိုးရှင်တစ်ဦးဆိုလျှင် သူ့ထံမှ အဆုံးမဲ့သော ခွန်အားများ ထုတ်လွှတ်နေသည်ဟု ထင်မှတ်ရသည်။ သူ၏ရုပ်ခန္ဓာမှာ အလွန်သန်မာဟန်ရသည်။
လျှို့ဝှက်နယ်မြေမှ တန်ခိုးရှင်တစ်ဦးတွင် သူ၏ခေါင်း၌ ရောင်ဝါများ တောက်ပနေသည်။ သူကလည်း အပြင်ကို ထွက်လာသည်။
ဤနည်းဖြင့် လျှို့ဝှက်နယ်မြေမှ သန်မာသော တန်ခိုးရှင်များ တစ်ဦးပြီးတစ်ဦး ထွက်လာကြသည်။ အားလုံးက ထူးခြားထက်မြက်သူများဖြစ်မည်မှာ သေချာ၏။
နှစ်ပေါင်းများစွာကြအောင် သူတို့သည် စွန့်ပစ်ခံကလန်နှင့် ရှန်းယိကုန်းမြေအား ကာကွယ်လာခဲ့ကြသည်။ သူတို့သည် သေခြင်းတရားကို မကြောက်သလို နောင်တတရားလည်း မရှိကြပေ။ သူတို့က တိုက်ပွဲများ မကြာခဏ တိုက်ခိုက်လေ့မရှိရာ ဤသို့သော အခွင့်အရေးမှာ ရှားပါး၏။ သူတို့အားလုံးက ပြင်ပလောကမှ လူများနှင့် တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြသည်။