နိုးထလာသည့် အလောင်းရုပ်ကြွင်း
Vol. 162 Ch. 2294
ကြောက်မက်ဖွယ် မုန်တိုင်းများက ကျင့်ကြံသူများအား ဆက်လက် ဖြတ်သန်းတိုက်ခတ်နေသည်။ လိပ်နက်က လေဟာနယ်ကို စုတ်ဖြဲလိုက်သည့်အခါ အက်ကြောင်းများ ဖြစ်တည်လာပြီး ၎င်းတို့မှ ဖျက်ဆီးခြင်းမုန်တိုင်းများ အဆက်မပြတ် တိုးထွက်လာသည်။ အော်မြည်နေသော မုန်တိုင်းများက ကျင့်ကြံသူများအပေါ် သက်ရောက်စေသည်။ ၎င်းသည် သူတို့က လိပ်နဂါးကို မည်သည့်အတွက်ကြောင့် ရပ်တန့်ရန် ကြိုးစားရသနည်းဟူသည့် အကြောင်းပြချက် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ယခုထိတိုင် မည်သူကမှ ရပ်တန့်ရန် မအောင်မြင်ခဲ့ကြပေ။ ၎င်းသည် ရှေးလွန်လေပြီးသော အချိန်ကတည်းကပင် လေဟာနယ်အတွင်း ရွေ့လျားနေသလို ထင်မှတ်ရသည်။
အားလုံးသော ကျင့်ကြံသူများက မဟာလမ်းစဥ်နတ်အလင်းနှင့် လွှမ်းခြုံထားခဲ့သည်။ သူတို့၏ အကြည့်များက သူတို့ရှေ့မှ အလောင်းများပေါ်တွင် ကျရောက်နေခဲ့ပြီး သေဆုံးပြီး အလောင်းအများစုက ပုံပျက်ပန်းပျက် ဖြစ်နေသည်။ အချို့က သေးငယ်သည့် အစိတ်အပိုင်းလေးသာ ကျန်ရစ်ပေသည်။ ထိုသည်မှာ ပြင်းထန်သည့် တိုက်ပွဲတစ်ခုက သူတို့ကို ပါဝင်ပတ်သတ်စေပြီး ဤနေရာ၌ သုတ်သင်ခံခဲ့ရစေပုံရှိသည်။
တိုက်ပွဲပြီးနောက် မရေတွက်နိုင်သော ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ယနေ့ထိတိုင် သေဆုံးနေပြီးသော လိပ်နက်ကြီးက ထိုအလောင်းများကို ကျောပေါ်တွင် တင်ကာ လေဟာနယ်အတွင်း ခြေဦးတည့်ရာ လျှောက်သွားနေခဲ့ပေသည်။ ထိုလိပ်နက်ကြီးက မည်သည့်နေရာကို ဦးတည်နေကြောင်း မည်သူမှ မသိကြပေ။
ဖျက်ဆီးခြင်း မုန်တိုင်းတို့ ထွက်ပေါ်လာသည်နှင့် လူတိုင်းသည် စိတ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။ သို့သော်လည်း သူတို့က မျှော်စင်သဏ္ဌာန်အရာဝတ္ထုကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်၏။ သူတို့သည် သင်္ချိုင်းက ပွင့်လာလျှင် အထဲ၌ မည်သည့် လျှို့ဝှက်ချက်တို့ ရှိနေမည်ကို သိချင်နေခဲ့၏။ လူတိုင်းကို ကြောက်ရွံ့စေသည့် အစွမ်းထက် စွမ်းအားက အထဲမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ထိုအထဲ၌ မဟာအင်ပါယာအဆင့် ရုပ်အလောင်းကို မြှုပ်နှံထားခြင်း ဖြစ်နိုင်သည်။
၎င်းက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းနှင့် အလားတူနိုင်ပေသည်။
လိပ်နက်ကြီးက ဆက်လက်ကာ ဝမ်းပန်းတနည်း မြည်တမ်းနေပြီး ကျင့်ကြံသူများအား သက်ရောက်စေသည်။ ထိုအချိန်တွင် မျှော်စင်သဏ္ဌာန် သင်္ချိုင်းမှ ဖျော့တော့သော အရှိန်အဝါကို ခံစားမိလိုက်သည်။ ဖျော့တော့သော အလင်းက အနည်းငယ် တောက်ပလာ၏။ ထို့နောက် ကျင့်ကြံသူအားလုံး၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် ကျန်သည့် အလောင်းများက တောက်ပလာကာ စတင် ရွေ့လျားလာသည်။
အလောင်းအချို့က လေထဲ၌ မျောလွင့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် လိပ်နက်ကျောပေါ်၌ ရပ်နေသော ကျင့်ကြံသူများသည် ထိုအလောင်းများက သူတို့ကို ကြည့်နေသလို ခံစားလိုက်ရသည်။ ၎င်းက မနှစ်မြို့ဖွယ် ခံစားချက်ကို ရရှိလာစေသည်။ သူတို့၏ မျက်လုံးများရှေ့၌ ရှိနေသည်မှာ အသက်မဲ့သော အလောင်းများ ဖြစ်သော်လည်း ထိုအလောင်းများသည် ယခုတွင် အသက်ရှိနေသလို ခံစားချက်ကို ပေးစွမ်းသည်။ ထိုလိပ်နက်ကြီးသည်လည်း အလောင်းများ၏ အခြေအနေနှင့် တူညီပေသည်။ ၎င်းက သံသယဖြစ်ဖွယ်မရှိ သေဆုံးပြီးသား ဖြစ်နေသော်လည်း ဤ ပျက်စီးပြီးသားနယ်မြေတစ်ခုကို ကျောပေါ်တင်ကာ ဆက်လက်ရွေ့လျားနေခဲ့သည်။
ဘုန်း...
အလောင်းများက ရုတ်တရက် ကျင့်ကြံသူများထံ ပြေးဝင်လာသည်။ ထိုအလောင်းများအားလုံးက အသက်ရှိနေသလိုပင် ဖြစ်သည်။ အချို့သော အလောင်းများ၏ မျက်လုံးများက အချိန်အကြာကြီး မှိတ်ထားခဲ့ခြင်း ဖြစ်သော်လည်း ရုတ်တရက် ပွင့်ဟလာပြီး ကြောက်မက်ဖွယ် အလင်းများကို ထုတ်လွှတ်လာသည်။
"သတိထားကြ။" ရန်ဟောင်ချန်းက ဝန်းရံနေသည့် ကျင့်ကြံသူများကို သတိပေးလိုက်သည်။ အင်အားစုအသီးသီးမှ ကျင့်ကြံသူများ၏ အကြည့်တို့ပ လေးနက်လာသည်။ ထိုအလောင်းများက အမှန်တကယ် လှုပ်ရှားကာ သူတို့ထံ ခုန်ဝင်လာခဲ့သည်။ သူတို့ကို မည်သူက ထိန်းချုပ်နေသနည်း။
လိပ်နဂါး၏ ဝမ်းနည်းကြေကွဲဖွယ် အော်မြည်သံနှင့်အတူ အလောင်းများက ကျင့်ကြံသူများထံသို့ တိုးဝင်လာပေသည်။ ဆယ်ခုထက်မကသော အလောင်းများက ရီဖူရှင်းတို့အဖွဲ့ ရှိနေသည့်ဘက်သို့ ခုန်ဝင်လာသည်။ အလောင်းများ၏ အရှိန်က အံံ့သြလောက်ဖွယ်ပင်။ ထိုအလောင်းများက သူတို့ထံ တဟုန်ထိုး ပြေးဝင်လာ၏။
အရှေ့တွင် ရပ်နေသည့် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ယောက်က သူ့ရှေ့မှ လေဟာနယ်ကို လက်သီးနှင့် ထိုးလိုက်သည်။ ချက်ချင်းပင် ကြယ်အလင်းရောင်များက လှည့်ပတ်ကာ အပြင်ဘက်သို့ ထိုးထွက်လာခဲ့သည်။ အလောင်းများက ကြယ်အလင်းရောင်တို့နှင့် ထိပ်တိုက်တွေ့သွားကြသည်။ ကျယ်လောင်သည့် တုန်ခါသံများက မိုးချုန်းသကဲ့သို့ ထွက်ပေါ်လာ၏။ အနည်းငယ်သောအလောင်းများက အပိုင်းအစများအဖြစ် ကွဲထွက်သွားသော်လည်း အလောင်းအချို့က ကြီးမားသည့် ကြယ်များကို ဖြတ်ကျော်လာရန် လုပ်ဆောင်နေကြသည်။ အလောင်းများနှင့် ကြယ်များကြားမှ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကြယ်များက အဆက်မပြတ် တုန်ခါနေခဲ့သည်။
အလောင်းများက အလွန် အစွမ်းထက်လှသည်။
ထိပ်သီးအဆင့် ကျင့်ကြံသူသည်ပင် ထိတ်လန့်သွားခဲ့သည်။ အလောင်းများက အမှန်တကယ် သူ၏ တိုက်ခိုက်မှုကို ချိုးဖျက်နိုင်ပေသည်။ သူတို့က အလောင်းများဖြစ်နေလျက်ပင် ထိုမျှ အစွမ်းထက်နေပါက ထိုသူများ အသက်ရှင်လျက်ရှိစဥ်က မည်သည့်အဆင့်၌ ရှိခဲ့ကြသနည်း။
ဤမျှော်စင်သဏ္ဌာန်အရာဝတ္ထုအတွင်း မြှုပ်နှံခံထားရသော ကျင့်ကြံသူများက ရိုးရှင်းသော ဖြစ်တည်မှုများ မဟုတ်သည့်ပုံပင်။
အဘိုးမာနှင့် အခြားလူများကလည်း ဝင်ရောက်လာသည့် အလောင်းများကို ခုခံရန် မဟာလမ်းစဥ်နတ်အလင်းများ ထုတ်လွှတ်လိုက်သည်။ သို့သော် အလောင်းများက ခုခံမှု အားလုံးကို လျစ်လျူရှုကာ ရှေ့သို့ ဆက်လက် တိုးဝင်လာနေသည်။ သူတို့က အသက်မဲ့နေပြီး သေဆုံးခြင်းကို မကြောက်ရွံ့ကြသောကြောင့် ဆက်လက်၍ ရှေ့သို့ တွန်းထိုးလာနေ၏။
ကျင့်ကြံသူများ၏ တန်ပြန်တိုက်ခိုက်မှုများမှာ အလောင်းများမှ ကြောက်မက်ဖွယ် တွန်းတိုက်မှုတို့ကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ရီဖူရှင်းနှင့် သူ့လူများက တစ်ဦးတစ်ယောက်တည်း၏ တိုက်ခိုက်မှုကို ခံနေရခြင်း မဟုတ်ပေ။ ပို၍ များပြားသော အလောင်းများက မျှော်စင်သဏ္ဌာန် သင်္ချိုင်းမှ ထွက်ပေါ်လာကာ မတူညီသော အရပ်မျက်နှာများဆီ ပြေးဝင်သွားခဲ့သည်။ အလောင်းများ တိုက်ခိုက်မှု အရေအတွက်က မြင့်မားလာသည်။ သူတို့က သေမင်းတမန် စစ်တပ်ကဲ့သို့ပင် ဖြစ်သည်။ ထိုမြင်ကွင်းမှာ လွန်စွာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ဘုန်း...
ကြယ်အလင်းလွှာများက ရီဖူရှင်းနှင့်သူ့အဖွဲ့ကို ဗဟိုပြုကာ ပတ်ပတ်လည် ထွက်ပေါ်လာသည်။ ရန်ဟောင်ချန်းက သူ၏ တောင်ဝှေးကို မြှောက်လိုက်၏။ ဝန်းရံခံထားရသော လေဟာနယ်က သူ၏ အကြွင်းမဲ့နယ်မြေ ဖြစ်လာခဲ့သည်။ ပို၍ များပြားသော အက်ကြောင်းများက မျှော်စင်သဏ္ဌာန် သင်္ချိုင်းတွင် ပေါ်ပေါက်လာပြီး ပို၍ များပြားလှသော အလောင်းများကလည်း ကျင့်ကြံသူများအား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုက်ပွဲတွင် ပါဝင်လာသည်။ သို့သော် သူတို့အားလုံးက အလင်းလွှာ၏ အပြင်ဘက်၌ တားဆီးထားခြင်းကို ခံခဲ့ရသည်။ သူတို့ထဲက မည်သူကမှ ရန်ဟောင်ချန်း၏ ခုခံကာကွယ်မှုကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပေ။
သို့ဆိုလျှင်ပင် အလောင်းများသည် အလင်းလွှာကို သူတို့၏ ကိုယ်လုံးများဖြင့် အဆက်မပြတ် တိုးတိုက်နေပြီး အလင်းလွှာများအား တုန်ခါလာစေသည်။
ထိုအခိုက်အတန့်တွင် လိပ်နက်ကြီး၏ ဝမ်းနည်းကြေကွဲဖွယ် အော်မြည်သံက ထွက်ပေါ်လာပြန်၏။ ရီဖူရှင်းက ရှေ့သို့ ကြည့်လိုက်ကာ သင်္ချိုင်းအတွင်းမှ နတ်ရောင်ဝါအလင်းတန်းများ တောက်ပလာသည်ကို မြင်လိုက်ရသည်။ အရောင်အဝါများသည် ပြိုင်ဘက်ကင်း သံစဥ်တေးသွားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုတေးသွားက ပြင်းထန်လှသည့် ဝမ်းနည်းကြေကွဲမှုများကို ထုတ်လွှတ်နေခဲ့၏။
ဘုန်း...
ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး နောက်ထပ် အလောင်းတစ်ခု ပေါ်ပေါက်လာသည်။ ထိုအလောင်းက မည်သည့် ပျက်စီးမှုမှ ရှိမနေပေ။ သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဆံပင်က ပိတုန်းနက်ရောင် ဖြစ်ပြီး အချိန်ကာလ၏ တိုက်စားမှုကြောင့် ယိုယွင်းသွားခြင်း မရှိချေ။
တေးသွားက သင်္ချိုင်းမှ ထွက်ပေါ်လာပြီး အပြာရောင်ဝတ်အလောင်းထံ ဖောက်ဝင်သွားသည်။ ချက်ချင်းပင် အလောင်းက မျက်လုံးများ ပွင့်လာပြီး ၎င်းက နိုးထလာသကဲ့သို့ပင် ဖြစ်သည်။
သူ၏ အနက်ရောင်ဆံပင်များက လေထဲတွင် အရှိန်အဟုန်ဖြင့် ကခုန်နေခဲ့သည်။ မတူညီသော အရပ်မျက်နှာများတွင် အပြာရောင်ဝတ်စုံနှင့် အလောင်းကဲ့သို့ တူညီသော အဆင့်ရှိသည့် အခြားသော အလောင်းအနည်းငယ်လည်း ပေါ်ပေါက်လာသည်။ ထိုအလောင်းများမှ ထုတ်လွှတ်နေသော ဖိအားက အင်အားစုအသီးသီးမှ ထိပ်သီးကျင့်ကြံသူများကို ခြိမ်းခြောက်သလို ခံစားမိစေခဲ့သည်။
"ဂရုစိုက်။ ဒီအလောင်းတွေက အသက်ရှင်နေတဲ့ အချိန်မှာ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ တည်ရှိမှုတွေပဲ။" တည်ငြိမ်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး အသစ်နိုးထာလာသည့် အလောင်းများအား သတိထားရန် ကျင့်ကြံသူများကို သတိပေးလိုက်သည်။ ထိုအလောင်းများ၏ စွမ်းအားက နက်နဲလှသည်။
အပြာရောင်အလင်းတန်းက လင်းလက်လာပြီး အပြာရောင်ဝတ်စုံနှင့် အလောင်းက ရီဖူရှင်းတို့အဖွဲ့ ရှိရာသို့ ခုန်ဝင်လာသည်။ သူ၏ အမြန်နှုန်းက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။
သူက လက်ကို ဆန့်တန်းလိုက်ကာ ရန်ဟောင်ချန်း၏ မဟာလမ်းစဥ်စွမ်းအားများနှင့် ဖွဲ့စည်းထားသည့် ကြယ်အလင်းလွှာအား လက်ဝါးကို ဆန့်ထုတ်ကာ တိုက်ခိုက်လိုက်သည်။ ကြယ်အလင်းလွှာက သက်ရောက်ခံရကာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ထို့နောက် အက်ကြောင်းများက အလင်းလွှာပေါ်တွင် ပေါ်ပေါက်လာ၏။
ရန်ဟောင်ချန်းနှင့် ကျန်သည့်သူများ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ ထိုအလောင်းများက ရူးလောက်အောင် အစွမ်းထက်လှပေသည်။
အနက်ရောင်လိပ်၏ ကျောပေါ်မှ မြို့က ပျက်စီးယိုယွင်းနေသည့်အတွက်ကြောင့် လိပ်နက်က အချိန်ကြာမြင့်စွာကတည်းကပင် လေဟာနယ်တစ်ခွင်ကို လှည့်လည်သွားလာနေခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် ထိုမျှ နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ပင် အလောင်းများက အခြေအနေကောင်းသေးရုံမျှမက သူတို့၏ အဝတ်အစားများကပင် ယိုယွင်းသွားခြင်းမရှိခဲ့ပေ။
ယခု အလောင်းများက ပြန်လည်ရှင်သန်လာသကဲ့သို့ လှုပ်ရှားနေကြသည်။ အခြေအနေက အလွန် ထိတ်လန့်ဖွယ်ရာပင် ဖြစ်သည်။
ဘုန်း.. ပို၍ များပြားသော အက်ကြောင်းများက အလင်းလွှာပေါ်၌ ထွက်ပေါ်လာသည်။ ရန်ဟောင်ချန်းက တောင်ဝှေးကို မြှောက်ကာ ရှေ့သို့ ညွှန်လိုက်သည်။ ကျယ်လောင်လှသည့် အသံနှင့်အတူ ကြယ်အလင်းလွှာက အပိုင်းအစများအဖြစ် ပျက်စီးသွားခဲ့သည်။ အလင်းလွှာများက ကြီးမားလှသည့် ကြယ်နတ်ဓားအဖြစ် ပြောင်းလဲသွားပြီး အပြာရောင်ဝတ်အလောင်းထံ တည့်မတ်စွာ တိုးဝင်သွားသည်။
အပြာရောင်ဝတ်အလောင်းက ဓားကို ရှောင်မည့်ရည်ရွယ်ချက် ရှိပုံမရပေ။ သူက အမှန်တကယ်ပင် လက်ဗလာကို သုံးကာ ဓားကို ဖမ်းဆွဲလိုက်သည်။ နတ်ဓား၏ အရှိန်အဟုန်က အလောင်းကို နောက်သို့ ဆုတ်ခွာသွားစေသည်။ သို့သော် တစ်ချိန်တည်းတွင် နတ်ဓားကလည်း တစတစ ပျက်စီးလာခဲ့သည်။
ရီဖူရှင်းက နေရာ၌ လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေခဲ့သည်။ သူက ဂရုတစိုက် နားထောင်လိုက်သည်။
ထိုနေရာ၌ တေးသွားတစ်ပုဒ်ကို တီးခတ်နေပေသည်။
သူသည် သင်္ချိုင်းအတွင်းမှ ထွက်လာသည့် တေးသွားတစ်ပုဒ်ကို ကြားနေရပြီး ထိုတေးသွားက အလောင်းများကို သက်ရောက်စေသည်။ ကြည့်ရသည်မှာ အလောင်းများသည် ထိုတေးသွားမှနေ၍ သူတို့၏ တိုက်ခိုက်ရေးစိတ်ဝိညာဥ်များကို ရရှိကာ နိုးထလာခြင်း ဖြစ်နိုင်သည်။
ရီဖူရှင်းက တေးသွားကို အာရုံစူးစိုက်ကာ နားထောင်နေ၏။ ၎င်းက ပြင်းပြစွာ ဝမ်းနည်းစေသည့် တေးသွားမျိုး ဖြစ်သည်။ လိပ်နဂါး၏ မြည်တမ်းသံရ တေးသွားမှ ပဲ့တင်ထပ်လာခြင်း ဖြစ်သည်။ ရီဖူရှင်းက ဂရုတစိုက်နားထောင်လေ သူ့စိတ်ထဲမှ ပူဆွေးမှုက ပြင်းထန်လာလေဖြစ်ကာ သူ၏ ခံစားချက်များကို ထိန်းချုပ်ဖို့ရာ ခက်ခဲလာသလို ထင်မှတ်ရသည်။
မည်သူက ထိုတေးသွားကို တီးခတ်နေသနည်း။ ရီဖူရှင်းက သိချင်စိတ်နှင့် သင်္ချိုင်းအား စိုက်ကြည့်လိုက်သည်။ ထိုသင်္ချိုင်းအတွင်း၌ တိတိကျကျ မည်သည့်အရာ ပုန်းကွယ်နေသနည်း။
"ကျွန်တော် ခဏလောက် သွားကြည့်ဖို့လိုတယ်။ ဦးလေးမာ ကျွန်တော်နဲ့ လိုက်ခဲ့ပါ။" ရုတ်တရက် ရီဖူရှင်းက ကျယ်လောင်စွာ ပြောလိုက်သည်။ အဘိုးမာက သူ့ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ တောက်ပသည့် အလင်းတစ်ခုက ရီဖူရှင်းထံမှ တောက်ပလာသည်။ ထို့နောက် သူက စုတ်ပြဲနေသော လေဟာနယ်မှ ဖြစ်တည်လာသည့် အနက်ရောင်အက်ကြောင်း တစ်ခုအတွင်း ဝင်ရောက်သွားသည်။ အဘိုးမာက သူ့နောက်မှ နီးကပ်စွာ လိုက်ပါသွားခဲ့သည်။
ရီဖူရှင်းက ကောင်းကင်ဒေသသို့ ခရီးတစ်ခု ထွက်ချင်ခဲ့သည်။ သူသည် ရွာသို့ ပြန်ကာ ဤပျက်စီးနေသည့် မြေပေါ်ကို မဟာအင်ပါယာ ရှန်ကျား၏ ရုပ်ကြွင်း ယူလာချင်ပေသည်။