← Chapters

ညီမလေးတို့၊ ခဏစောင့်ပါဦး

Vol. 56 Ch. 773

ညီမလေးတို့၊ ခဏစောင့်ပါဦး

Vol. 56 Ch. 773

ထို အရပ်ထောင်ထောင်မောင်းမောင်းနှင့် အမျိုးသမီးကျင့်ကြံသူ ကြိုးနှင့်ဆွဲကာ ခေါ်လာသည့် စတုတ္ထမြောက် အိမ်မွေးတိရစ္ဆာန်မှာ... ပြည်ထောင်စုကြီးထဲမှ ကျိုးရိရှန် ဖြစ်နေသည်။

ကျိုးရိရှန်မှာ ရှေးဟောင်းဓားကြီးပေါ်သို့ ပြည်ထောင်စုပျိုးပင်တစ်ရာ ဒုတိယအသုတ်နှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူသည် တာအိုနန်းတော်ထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့၏။ တာအိုနန်းတော်နှင့် ပြည်ထောင်စုကြီး၏ တိုက်ပွဲကြီးထဲတွင်လည်း သူ့ကို မ‌တွေ့ခဲ့ရပေ။ ဝမ်ပေါင်လဲ့သည် ကျိုးရိရှန်မှာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မှတ်ယူခဲ့ပါသော်လည်း ပြည်ထောင်စုကြီးထဲမှ ထွက်ခွာမလာခင် လျှို့ဝှက်မှတ်တမ်းများကို ဖတ်ရှုခဲ့သဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ပြည်ထောင်စုကြီးထဲ‌မှ လူအချို့မှာ ပဟေဠိဆန်ဆန် ပျောက်ကွယ်သွားခဲ့ကြသည်ဖြစ်ကြောင်း သိခဲ့ရသည်။

ထိုကဲ့သို့ ပျောက်ဆုံးသွားသည့် လူများထဲတွင် ကျိုးရိရှန်လည်း ပါပေသည်။

ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်အား နောက်ထပ်တစ်ကြိမ်ထပ်၍ မြင်တွေ့ရတော့မည် မဟုတ်ဟု မှတ်ယူထားခဲ့၏။ သို့ဖြစ်ရာ သူသည် သူတို့မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင် ယခုလို ထူးဆန်းစွာ ပြန်လည်ဆုံတွေ့ကြလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားပေ။

ကျိုးရိရှန်မှာ အရိုးပေါ်အရေတင်ဖြစ်ကာ အလွန်အင်မတန်မှ သနားစရာကောင်းနေပြီး သူ ယခင်တုန်းက ပိုင်ဆိုင်ခဲ့သည့် မောက်မာဝင့်ကြွားမှု အငွေ့အသက်များမှာလည်း အနည်းငယ်လေးပင် မကျန်ရစ်တော့ပေ။ သူသည် အားအင်များနုံးချည့်ကာ အသက်မဲ့နေသည့်ပုံ ပေါက်နေ၏။ သို့ရာတွင် သူ၏အဝတ်အစားများမှာ ကြည့်ပျော်ရှုပျော် ရှိနေဆဲဖြစ်ပြီး သူသည်လည်း သန့်သန့်ပြန့်ပြန့် ရှိနေဆဲပင်။ သို့သော် သူ၏လည်ပင်းပေါ်ရှိ ကြိုးကိုကြည့်လျှင် သူသည် အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် သတ်မှတ်ခံထားရသည်ဖြစ်ကြောင်း သိနိုင်ပေသည်။

သူသည် အခြား အိမ်မွေးတိရစ္ဆာန် သုံးကောင်နှင့်အတူ လမ်းလျှောက်လာရင်း တအီအီနှင့် ညည်းနေ၏။ သူတို့၏ ညည်းသံများကြောင့် အမျိုးသမီးကျင့်ကြံသူများ၏ ရယ်မောသံများမှာ ပို၍ ကျယ်လောင်လာရသည်။ လူအချို့မှာဆိုလျှင် ထို အိမ်မွေးတိရစ္ဆာန်များအား အနီးကပ် ကြည့်ရှုနိုင်ရန် ထိုအဖွဲ့၏အနီးသို့ သွားရောက်လိုက်ကြ၏။ ထို သတ္တဝါများအား ပွတ်သပ်ပေးနေသည့် လူများပင် ရှိနေသေးသည်။ ထိုမြင်ကွင်းမှာ ထူးဆန်းနေပါသော်လည်း ကျိုးရိရှန်ကိုသာ အိမ်မွေးခွေးတစ်ကောင်အဖြစ် သဘောထားလိုက်မည်ဆိုပါက သူတို့၏ လုပ်ရပ်များမှာ သာမန်ကဲ့သို့ပင်။

ကျိုးရိရှန်မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှ အခြား ကျင့်ကြံသူများနှင့် တစ်ပုံစံတည်းနီးပါး တူနေသောကြောင့် ထို အမျိုးသမီးကျင့်ကြံသူများ၏ သူ့အပေါ် ဆက်ဆံပုံမှာ အခြား သတ္တဝါများနှင့် မတူပေ။ သူသည် ထိုအိမ်မွေးတိရစ္ဆာန် လေးကောင်ထဲမှ ခေါင်းဆောင်ဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ထို့အပြင် သူသည် ကြည့်ကောင်းသည့် ရုပ်ရည်တစ်ခုကိုပိုင်ဆိုင်ထားသည်ဖြစ်ရာ လူအများမှာ သူ့အား သဘောကျနှစ်သက်ကြ၏။

ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်အား အဝေးမှလှမ်း၍ အကဲခတ်နေရင်း အထူးတဆန်း ဖြစ်သွားရ၏။ ထို့နောက် သူသည် သက်ပြင်းချကာ သူ၏မေးစေ့ကို ပွတ်လိုက်တော့သည်။ ကျိုးရိရှန်မှာ သူနှင့် တစ်ပြည်တည်းသား ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ကျိုးရိရှန်တစ်ယောက် သနားစရာကောင်းသည့်အခြေအနေသို့ ရောက်နေသည်ကို လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ကျိုးရိရှန်ကို ကယ်တင်ချင်စိတ်များ ပေါ်ပေါက်လာ၏။

သို့သော် သူ့အား ကယ်တင်ရန် ပေးဆပ်ရမည့် အဖိုးအခမှာ များနေမည်‌ဆိုပါက ထိုက်တန်မှု မရှိပေ။ ဝမ်ပေါင်လဲ့မှာ ထို အမျိုးသမီးကျင့်ကြံသူအဖွဲ့ တဖြည်းဖြည်းနှင့် အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်ပြီးနောက် နောက်ဆုံးတွင် ချောင်းဟန့်ကာ သူတို့၏နောက်သို့ ပြေးလိုက်သွားလိုက်တော့သည်။

" ညီမလေးတို့၊ ခဏစောင့်ပါဦး။ ညီမလေးတို့တွေ သိုလှောင်အိတ်တွေ ကျကျန်ခဲ့လို့ပါ "

တတွတ်တွတ် စကားပြောဆိုနေကြသည့် အမျိုးသမီးကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့၏ စကားသံအား ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ရပ်တန့်သွားကြပြီး သူ့အား လှည့်ကြည့်လိုက်ကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား မမြင်ဖူးပါသော်လည်း ‌ခရမ်းရောင်ရွှေတာအိုသစ်ဂိုဏ်း သူ့အတွက် ထုတ်ပြန်ထားသည့် ဆုကြေးငွေအကြောင်းကို နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးက သိထားကြပြီးဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ သူ၏ရုပ်ကို မြင်ဖူးထားကြပြီးသား ဖြစ်သလို သူသည် ရေခဲဖီးနစ်ငှက်တပ်ရင်းထဲသို့ ရောက်လာပြီဖြစ်ကြောင်းကိုလည်း သိရှိထားကြ၏။

ထို့ကြောင့်လည်း သူတို့မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် သူ့အား ချက်ချင်းပင် မျက်မှန်းတန်းမိသွားကြသည်။

အမျိုးသမီးကျင့်ကြံသူများ သူ့ဘက်သို့ လှည့်လာကြသောအခါ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ အပြေးအလွှား လှမ်းသွားလိုက်၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ သိုလှောင်အိတ်အလုံးရေ တစ်ဒါဇင်ခန့် ထုတ်ယူလိုက်တော့သည်။ ထို အိတ်များထဲတွင် ကုန်ကြမ်းပစ္စည်းအချို့ ပါ၏။ ၎င်းတို့မှာ အထူးတလည် တန်ဖိုးကြီးမားနေသည့် ပစ္စည်းများမဟုတ်ကြပါသော်လည်း မိတ်ဖွဲ့လက်ဆောင်များအဖြစ် ပေးရန် သင့်တော်ပေသည်။

ဝမ်ပေါင်လဲ့မှာ နှစ်လိုဖွယ်ကောင်းစွာပြုံးကာ သို့လှောင်အိတ်များကို ထုတ်ယူလိုက်ပြီး ထိုအဖွဲ့၏ အနီးသို့ ချဉ်းကပ်သွားလိုက်၏။ ထို့နောက် သူသည် အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ချင်းစီအား သိုလှောင်အိတ်တစ်အိတ်စီ လက်ဆောင်ပေးလိုက်သည်။

အမျိုးသမီးကျင့်ကြံသူများမှာ ထိုလက်ဆောင်များကို လက်ခံရရှိလိုက်သောအခါ မျက်ဝန်းများ အရောင်လက်သွားရပြီး ဝမ်ပေါင်လဲ့အား အကဲခတ်နေလိုက်တော့သည်။ သူတို့မှာ ထိုသိုလှောင်အိတ်များကို လက်ထဲတွင် ကိုင်ထားပါသော်လည်း ထိုလက်ဆောင်များကို လက်ခံကြောင်း ထုတ်မပြောကြသေးပေ။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ နောက်ဆုံး သိုလှောင်အိတ်အား သူတို့အဖွဲ့ထဲ၌ အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့် အရပ်ထောင်ထောင်မောင်းမောင်းနှင့် အမျိုးသမီးကျင့်ကြံသူဆီသို့ လှမ်းပေးလိုက်တော့သည်။ ထိုအခါ သူမသည် သူမ၏ နတ်ဘုရားအာရုံဖြင့် ထို သိုလှောင်အိတ်များထဲတွင် ပါသော ပစ္စည်းများကို အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် တည်ကြည်စွာ ပြန်ပြောလိုက်၏။

" တာအိုရောင်းရင်း လုံနန်ကျစ်ပါလား။ ကျွန်မတို့က အခုမှ စတွေ့ဖူးတာကို ရှင်က လက်ဆောင်တွေတောင် ပေးနေရတယ်လို့။ ကျွန်မတို့တွေ ဒီလိုလက်ဆောင်မျိုးကို လက်မခံရဲပါဘူးရှင် " ထိုအမျိုးသမီးမှာ ထို့သို့ဆိုကာ သိုလှောင်အိတ်အား ဝမ်ပေါင်လဲ့ဆီသို့ ပြန်ပေးလိုက်၏။

ဝမ်ပေါင်လဲ့မှာ သူမ၏စကားများကို ကြားလိုက်ရသောအခါ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားရသည်။ ထို့နောက် သူသည် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည့် အမူအရာဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွား၏။ နောက်ဆုံးတွင် သူသည် ညာဘက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဂါရဝပြုလိုက်တော့သည်။

" အစ်ကို ဘောင်ကျော်မိသွားတာပါ။ အစ်ကို ညီမလေးတို့တွေ ဘေးနားက ဖြတ်လျှောက်သွားတုန်း လေထဲမှာကျန်ခဲ့တဲ့ ကိုယ်သင်းနံ့လေးတွေကို ရှူရှိုက်မိလိုက်တော့ နတ်ပြည်ရောက်သွားသလို ခံစားလိုက်ရလို့ မနေနိုင်တော့ဘဲ ညီမလေးတို့နဲ့ ခင်မင်ရင်းနှီးခွင့်ရအောင် လာပြီး မိတ်ဆက်တာပါ။ ဒါပေမဲ့ အစ်ကို ညီမလေးတို့ရဲ့ မျက်နှာလေးတွေကိုလည်း မြင်လိုက်ရရော ဘာကြောင့်မှန်းမသိပေမဲ့ ရုတ်တရက်ကြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရတာ... " ဝမ်ပေါင်လဲ့မှာ ပျာယာခတ်ကာ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းနိုင်ရန် ကြိုးစားနေသည့်ပုံ ပေါက်နေ၏။ လုံနန်ကျစ်၏ ချောမောလှပသောရုပ်ရည်၊ သန့်ပြန့်နေသော အဝတ်အစားများနှင့် သူ နဂါးနက်တပ်ရင်းအား တိုက်ခိုက်ခဲ့ပြီးနောက် ရရှိခဲ့သည့် ဂုဏ်သတင်းများကြောင့် သူ့အား မနှစ်မြို့သည့်လူ ရှိကြမည် မဟုတ်ပေ။

ထို့အပြင် သူ၏ မျက်နှာအမူအရာများကြောင့် သူ၏စကားများမှာ ရိုးသားမှု အပြည့်ရှိသည့်ပုံ ပေါက်နေ၏။ အမျိုးသမီးအများစုမှာ ထိုကဲ့သို့သော ချီးမွမ်းစကားများကို ကြားလိုက်ရပါက နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားသလို ခံစားလိုက်ကြရသည်သာ မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ သူ့အား သဘောကျနှစ်သက်သွားကြတော့သည်။

အရပ်မြင့်မြင့်နှင့် အမျိုးသမီးကျင့်ကြံသူမှာလည်း ရယ်မောလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို နောက်ထပ်တစ်ကြိမ်ထပ်၍ စစ်ဆေးကြည့်ရှုလိုက်ပြန်သည်။ ထိုအခါ သူမသည် နှလုံးသားထဲ၌ ဆတ်ခနဲ တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့ သူမအား ပေးခဲ့သည့် လက်ဆောင်မှာ သူ အခြားသူများအား ပေးခဲ့သည့် လက်ဆောင်များထက် ပို၍ တန်ဖိုးရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် တစ်အောင့်ခန့်ကြာပြီးနောက် သူမသည် ပြုံးမိသွားပြီး ခေါင်းညိတ်ကာ ဆိုလိုက်တော့သည်။

" ချစ်ညီမလေးတို့။ သဘောကောင်းတဲ့ တာအိုရောင်းရင်း လုံနန်ကျစ်က အခုလို လက်ဆောင်ပေးနေမှတော့လည်း လက်ခံလိုက်ကြတာပေါ့ "

သူမ၏ စကားကြောင့် အခြား အမျိုးသမီးကျင့်ကြံသူများမှာ ရယ်မောလိုက်ကြတော့သည်။ သူတို့မှာ ထိုသိုလှောင်အိတ် အသစ်များကို သိမ်းဆည်းလိုက်ကြပြီးနောက် ဝမ်ပေါင်လဲ့အား စိတ်ဝင်တစားဖြစ်နေသည့် မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ မိတ်ဆွေအသစ်များ ဖွဲ့ရာ၌ ကျွမ်းကျင်မှုရှိပေသည်။ သူသည် စက္ကန့်အနည်းငယ်အတွင်း ထိုအမျိုးသမီးကျင့်ကြံသူများအား နည်းလမ်းမျိုးစုံဖြင့် ချီးမွမ်းခန်း ဖွင့်ခဲ့၏။ ထို့အပြင် သူသည် လက္ခဏာဆရာတစ်ယောက်အသွင် ဟန်ဆောင်ကာ သူတို့၏ လက်ဖဝါးများကို ကိုင်၍ လက္ခဏာဖတ်ရှုပေးခဲ့သေးသည်။ ထိုသို့ဖြင့် ခဏအကြာတွင် သူတို့မှာ ပျော်ရွှင်မြူးထူးစွာဖြင့် စကားစမြည် ပြောနေကြတော့သည်။ သူတို့၏ အိမ်မွေးတိရစ္ဆာန်များမှာမူ ထောင့်တစ်ထောင့်တွင် လျစ်လျူရှုခံထားရပြီ ဖြစ်သည်။

ထို အိမ်မွေးတိရစ္ဆာန်လေးကောင်မှာ သက်ပြင်းများချနေကြ၏။ ကျိုးရိရှန်မှာ သူ ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက ရွှေထီးဆောင်းခဲ့ရသည့် နေ့ရက်များကို ပြန်၍ လွမ်းဆွတ်တမ်းတနေသည်။ သို့သော် ယခုတွင်မူ သူသည် သာမန် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဘဝသို့ ရောက်နေပြီဖြစ်ရာ နှလုံးသားထဲ၌ တဆစ်ဆစ် နာကြည်းနေရတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို အမျိုးသမီးကျင့်ကြံသူများနှင့် နာရီဝက်ခန့် စကားပြောခဲ့၏။ ထိုနာရီဝက်အတွင်းတွင် သူသည် အရပ်မြင့်မြင့်နှင့် အမျိုးသမီးကျင့်ကြံသူ၏ အကြောင်းများကို လေ့လာသိရှိခဲ့ရသည်။ သူမသည် အိမ်မွေးတိရစ္ဆာန်များ စုဆောင်းရသည်ကို ဝါသနာပါပြီး သူမ ပိုင်ဆိုင်ထားသည့် အိမ်မွေးတိရစ္ဆာန်များကိုလည်း အစွဲအလမ်း သိပ်မကြီးပေ။ ထိုအချိန်တွင် သူသည် စကားလမ်း‌ကြောင်းအား အိမ်မွေးတိရစ္ဆာန် လေးကောင်ဘက်သို့ ဖြည်းဖြည်းချင်း ပြောင်းလိုက်၏။ သူသည် သူတို့အား နောက်ထပ်တစ်ကြိမ် ထပ်၍ ချီးမွမ်းခန်း ဖွင့်လိုက်ပြီးနောက် သူ၏ ဂူဗိမာန်အား စောင့်ရှောက်နိုင်ရန်အတွက် အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဝယ်လိုကြောင်း ထုတ်ပြောလိုက်တော့သည်။

အရပ်မြင့်မြင့်နှင့် အမျိုးသမီးကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ အကယ်၍ သူသာ စကားပလ္လင်ခံနေခြင်း မရှိဘဲ သူမအား ထိုကဲ့သို့ ချက်ချင်းကြီး ကမ်းလှမ်းလာမည်ဆိုပါက သူမသည် သူမ၏ အိမ်မွေးတိရစ္ဆာန်များကို လုံးဝ ‌ထုတ်ရောင်းမည် မဟုတ်ပေ။ သို့သော် သူတို့နှစ်ယောက်မှာ ယခုမှ စတင် ဆုံတွေ့ဖူးခြင်းဖြစ်ပါသော်လည်း သူမသည် လုံနန်ကျစ်၏ ပြောဆိုပြုမူပုံများကို သဘောကျနှစ်သက်မိနေပြီဖြစ်သည်။ ထို့အပြင် သူမသည် သူ၏ ဂုဏ်သတင်းများကိုလည်း ကြားသိထားသေးသည်မဟုတ်ပါလော။ သူသည် အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်တွင်သာ ရှိနေသေးပါသော်လည်း စစ်တပ်တစ်ခုလုံးအား သူတစ်ယောက်တည်း ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ချုံခိုတိုက်ခိုက်ခဲ့ပြီး လှည့်ကွက်များကို အသုံးပြုခဲ့သည့်တိုင်အောင် မည်သည့် သာမန်ကျင့်ကြံသူကမှ ထိုကဲ့သို့ လိုက်လုပ်နိုင်မည် မဟုတ်ပေ။

ထို အမျိုးသမီးကျင့်ကြံသူမှာ ထိုကဲ့သို့သော လူများနှင့် မိတ်ဆွေဖွဲ့ရသည်ကို သဘောကျနှစ်သက်ပေသည်။ သူမသည် အိမ်မွေးတိရစ္ဆာန်များ စုဆောင်းရသည်ကို ဝါသနာပါပါသော်လည်း ၎င်းတို့ထဲမှ အများစုမှာ နောက်ဆုံးတွင် ထွက်ပြေးသွားကြသည်သာ ဖြစ်သည်။ ထို့အပြင် သူမသည် မကြာခဏဆိုသလို သူမ၏ အိမ်မွေးတိရစ္ဆာန်များအား အခြားသူများဆီသို့ လက်ဆောင်ပေး‌လေ့ ရှိပေသည်။ ထို့ကြောင့် သူမသည် အနည်းငယ်ခန့် စဉ်းစားတွေးတော လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ကမ်းလှမ်းချက်အား လက်ခံရန်ဆုံးဖြတ်လိုက်တော့သည်။ သူမသည် သူ ကျိုးရိရှန်အား ရွေးချယ်ခဲ့ရသည့် အကြောင်းအရင်းကို သိချင်နေပါသော်လည်း အသေးစိတ်‌ မေးမြန်းနေခဲ့ခြင်းမရှိဘဲ သင့်တင့်လျောက်ပတ်သော စျေးနှုန်းတစ်ခုကိုသာ ပြန်၍ ကမ်းလှမ်းလိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း အရာအားလုံးမှာ အဆင်ပြေချောမွေ့နေသောကြောင့် ကျေနပ်နေ၏။ သို့သော် သူသည် လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်ရာ ယခုအခြေအနေအထိ ရောက်လာပြီးမှ အမှားခံတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ထို အမျိုးသမီးကျင့်ကြံသူနှင့် အနည်းငယ်ခန့်ထပ်၍ စကားပြောကာ ဆက်သွယ်ရေးနံပါတ်များကို ဖလှယ်လိုက်ပြီးနောက် အရောင်းအဝယ်ကိစ္စအား စတင်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ သူမ တောင်းဆိုထားသည့် ပမာဏထက် အများကြီးပို၍ ပေးခဲ့၏။

ထို့ကြောင့် ထိုအမျိုးသမီးကျင့်ကြံသူမှာ မျက်လုံးများ မှေးသွားရပြီး လုံနန်ကျစ်မှာ သူမ၏ အိမ်မွေးတိရစ္ဆာန်အား ဟန်ပြအဖြစ်သာ ဝယ်ယူနေခြင်းဖြစ်ကြောင်း မှတ်ယူလိုက်တော့သည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ သူမနှင့် ခင်မင်ရင်းနှီးလာအောင်လုပ်ပြီး သူမအား လက်ဆောင်များပေးရန် ဖြစ်သည်ဟု သူမက ယုံကြည်နေ၏။

ထို့ကြောင့် သူမသည် ကျေနပ်အားရစွာ ပြုံးကာ ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုအမျိုးသမီးကျင့်ကြံသူအဖွဲ့ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေလိုက်၏။ သူတို့အားလုံး ပျောက်ကွယ်သွားသောအခါမှ သူသည် သူ၏လက်ထဲတွင် ရှိနေသည့် ကြိုးအား ‌ငုံ့ကြည့်လိုက်တော့သည်။ ထို့နောက် သူသည် ဘေးသို့လှည့်သွားပြီး သူ၏ဘေးတွင် ဒူးတုပ်ကာ ထိုင်နေသည့် ကျိုးရိရှန်အား လှမ်းကြည့်လိုက်၏။ ဝမ်ပေါင်လဲ့မှာ အနေရခက်နေသည့် အမူအရာဖြင့် ချောင်းဟန့်ကာ ကျိုးရိရှန်အား အကဲခတ် ကြည့်ရှုနေလိုက်တော့သည်။ ကျိုးရိရှန်မှာမူ ဝမ်ပေါင်လဲ့၏ အကြည့်များကြောင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး အလိုလို ခေါင်းငုံ့မိသွား၏။

ဝမ်ပေါင်လဲ့မှာ သူ၏အကြည့်ကြောင့် ကျိုးရိရှန်တစ်ယောက် ထိတ်လန့်ကြောက်ရွံ့သွားရသည်ကို မြင်လိုက်ရသောအခါ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် သူ၏ခေါင်းကို လက်ဖြင့်ပုတ်ကာ သူ့အား သူ၏ ဂူဗိမာန်ဆီသို့ ခေါ်ဆောင်သွားတော့သည်။

ကျိုးရိရှန်မှာ သူ၏ သခင်ဟောင်းနှင့် သခင်အသစ်တို့ သူ့အား အရောင်းအဝယ် လုပ်ခဲ့ကြသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရသဖြင့် အမျက်ချောင်းချောင်းထွက်ကာ ပူဆွေးသောက ရောက်နေခဲ့ရ၏။ သို့သော် သူ ဝမ်ပေါင်လဲ့၏ အကြည့်များကို မြင်လိုက်ရသောအခါ ထိုခံစားချက်များမှာ ကြောက်စိတ်များအဖြစ် ပြောင်းလဲသွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ဦးခေါင်းအား လက်ဖြင့် ပုတ်ပေးခဲ့သောကြောင့် သူသည် အနည်းငယ်ခန့် စိတ်အေးသွားခဲ့ရပါသော်လည်း စိုးထိတ်နေရဆဲဖြစ်ရာ သူ၏ သခင်အသစ်ဖြစ်သူ သူ့အား ကြိုးဖြင့် ဆွဲခေါ်သွားသည်ကို ရုန်းကန်ရဲခြင်း မရှိပေ။

ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်အား သူ၏နေအိမ်သို့ ခေါ်သွားလိုက်ပြီးနောက် သူ၏လက်ထဲမှ ကြိုးကို သစ်သားတိုင်တစ်လုံး၌ ချည်လိုက်၏။ ထို့နောက် သူသည် ကျိုးရိရှန်အား အကဲခတ်လိုက်ပြီး တည်ကြည်စွာ မေးလိုက်တော့သည် " မင်း နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာ သုံးတဲ့ ဘာသာစကားကို နားလည်လား "

ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ စိုးထိတ်သွားပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာ၏။ ထို့နောက် သူသည် ချက်ချင်းပင် ဒူးထောက်ချကာ ခေါင်းညိတ်ပြလိုက်တော့သည်။ သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲသို့ မကြာသေးမီကမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသော်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ ဘာသာစကားအသစ်များကို အလွယ်တကူ လေ့လာတတ်မြောက်နိုင်စွမ်းရှိပေသည်။ ထို့အပြင် သူ၏ သခင်ဟောင်းဖြစ်သူမှာ သူ့အား အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် လေ့ကျင့်ပေးခဲ့စဉ်တုန်းကလည်း သူ့အား ထိုဘာသာစကားကို လေ့လာခိုင်းခဲ့သေးသည်။

" ဟုတ်ပြီ။ မင်း ဘယ်ကလာတာလဲဆိုတာနဲ့ ဘယ်လို အဖမ်းခံခဲ့ရတာလဲဆိုတာကို ငါ့ကိုပြောပြ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ တင်ပျဉ်ခွေထိုင်ချလိုက်ပြီးနောက် မျက်ဝန်းများ ဝင်းလက်တောက်ပသွားတော့သည်။

All Chapters