လျှို့ဝှက်ဆန်းကြယ် အပျက်အစီးများ
Vol. 56 Ch. 774
ကျိုးရိရှန်မှာ လုံနန်ကျစ်ဆီမှ မည်သည့်အချက်အလက်ကိုမှ ထိမ်ချန်မထားရဲပေ။ သူသည် ရေခဲဖီးနစ်ငှက်တပ်ရင်းမှ လုံနန်ကျစ်ဆိုသည့်လူမှာ မည်သူမည်ဝါ ဖြစ်ကြောင်းသိရှိထားခြင်း မရှိပါသော်လည်း သူ၏ သခင်ဟောင်း ထိုကျင့်ကြံသူနှင့် အရောင်းအဝယ်လုပ်ခဲ့သည့် ပုံများနှင့် အခြား အမျိုးသမီးကျင့်ကြံသူများ သူ့အား ပြောဆိုဆက်ဆံခဲ့သည့် ပုံများကိုကြည့်လျှင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲ၌ အတော်အသင့် နာမည်ကျော်ကြားမည် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
ထို့အပြင် သူ မေးမြန်းနေသည့် အရာများမှာ အရေးကြီးသော လျှို့ဝှက်ချက်များမဟုတ်ပေ။ ကျိုးရိရှန်မှာ ဖမ်းဆီးခံခဲ့ရစဉ်ကတည်းက ဝိညာဉ်ရှာဖွေခံခဲ့ရပြီးသား ဖြစ်သည်။ သူ၏ သခင်ဟောင်းမှာ ထိုသို့ရှာဖွေခဲ့ခြင်း ဖြစ်ပြီး သူမသည် အတော်အသင့် အဆင့်မြင့်သည့် ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုသို့ ဝိညာဉ်ရှာဖွေခံခဲ့ရစဉ်တုန်းက ဒဏ်ရာအချို့ ရခဲ့ပါသော်လည်း သူ၏ အသိစိတ်မှာ အများကြီး ထိခိုက်သွားခဲ့ခြင်းမရှိပေ။ သို့သော် သူ သိရှိထားသည့် လျှို့ဝှက်ချက်များအားလုံးမှာ ပေါ်သွားခဲ့၏။
ထို မှတ်ဉာဏ်များကြောင့် ကျိုးရိရှန်မှာ နောက်ထပ်တစ်ကြိမ် ထပ်၍ သက်ပြင်းချလိုက်ရပြန်သည်။ သူသည် သူ၏ နောက်ကြောင်းရာဇဝင်နှင့် သူသိထားသမျှ အချက်အလက်အားလုံးကို ဝမ်ပေါင်လဲ့အား ရိုးရိုးသားသား ပြောပြလိုက်ပြီး သူ၏ နာမည်ရင်းကိုသာမက သူ၏ မိသားစုမျိုးနွယ်စုနှင့် သူ၏ဇာတိမြေအကြောင်းကိုပါ ထုတ်ပြောလိုက်၏။ သူ၏ စကားများထဲတွင် ပြည်ထောင်စုကြီး၏ အကြောင်း၊ ကမ္ဘာဂြိုဟ်၏ အကြောင်းနှင့် နေအဖွဲ့အစည်းတို့၏ အကြောင်းများ ပါသည်။ ထို့အပြင် ရှေးဟောင်းဓားကြီးပေါ်ရှိ ကျယ်ပြန့်တာအိုနန်းတော်အကြောင်းလည်း ပါနေသေးသည်။ သူသည် ထိုအကြောင်းအရာများ အားလုံးကို ပြောသင့်မပြောသင့် စဉ်းစားမနေတော့ဘဲ ဝမ်ပေါင်လဲ့အား အကုန်ပြောပြလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ အပေါ်ယံတွင် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပါသော်လည်း စိတ်ထဲတွင်မူ အတွေးမျိုးစုံ ပေါ်ပေါက်လာရပြီဖြစ်သည်။ ကျိုးရိရှန်တစ်ယောက်တည်းသာ ပြည်ထောင်စုကြီးမှ ပျောက်ကွယ်သွားခဲ့ခြင်းမဟုတ်ပေ။ ကျိုးရိဖန်းလည်း ပျောက်ကွယ်သွားခဲ့သေးသည် မဟုတ်ပါလော။ သို့သော် ကျိုးရိရှန်၏ ပြောစကားများအရဆိုလျှင် သူသည် ဖမ်းဆီးခံခဲ့ရစဉ်တုန်းက တစ်ယောက်တည်း ရှိနေခဲ့သည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ ဟန်ဆောင်မှုအား ဖုံးကွယ်ထားနိုင်ရန် ကျိုးရိရှန်အား စကားဖြတ်ပြောလိုက်ပြီး သူ့အား နေအဖွဲ့အစည်း၏ တည်နေရာအတိအကျနှင့် ထူးဆန်ထွေလာ ရှေးဟောင်းဓားကြီးတို့၏ အကြောင်းကို မေးမြန်းလိုက်တော့သည်။ ထို့နောက် သူသည် ကျိုးရိရှန်၏ ဖြေကြားချက်များကို နားထောင်ရင်း အံ့အားသင့်သွားပြီး လောဘတက်လာသည့်ပုံစံ ဟန်ဆောင်လိုက်၏။ ကျိုးရိရှန်မှာမူ ဝမ်ပေါင်လဲ့၏ အမူအရာများကို သတိထားမိလိုက်သောအခါ နှလုံးသားထဲ၌ ပို၍ပင် နာကြည်းသွားရတော့သည်။
သို့သော် သူသည် ထိုနာကြည်းမှုများအား ချက်ချင်း မေ့ပျောက်လိုက်၏။ သူ၏ သခင်ဟောင်းမှာ ထိုအကြောင်းများအားလုံးကို သိထားပြီးသားမဟုတ်ပါလော။ ထို့အပြင် လက်ရှိတွင် သူသည် သူ့ကိုယ်သူမှလွဲ၍ အခြားမည်သူ့ကိုမှ စိတ်ပူပေးနိုင်သည့် အနေအထား၌ ရှိမနေပေ။
ဝမ်ပေါင်လဲ့မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း နေအဖွဲ့အစည်းအကြောင်း သိထားနိုင်ခြေ ရှိမရှိ စဉ်းစားတွေးတောနေ၏။ နေအဖွဲ့အစည်းနှင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ သိပ်၍ မကွာဝေးသောကြောင့် ထိုဖြစ်နိုင်ခြေအား မေ့ထား၍မရပေ။ သို့သော် စကြဝဠာကြီးမှာ ကြီးမားကျယ်ပြန့်သော နေရာကြီးတစ်ခုဖြစ်ရာ လမ်းခရီးစဉ်တစ်လျှောက်၌ အနည်းငယ်ခန့် လွဲမှားသွားရုံဖြင့် ခရီးပန်းတိုင်နှင့် အဝေးကြီးသို့ ရောက်သွားမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ နေအဖွဲ့အစည်း၏ တည်နေရာအား အတိကျရှာတွေ့လိုပါက အချိန်ပေးကာ စူးစမ်းရှာဖွေမှု များပြုလုပ်ရမည်ဖြစ်သည်။
ထိုအချက်မှာ ဝမ်ပေါင်လဲ့အတွက် သတိပေးခေါင်းလောင်းသံတစ်သံ ကဲ့သို့ပင်။ အကယ်၍ နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ နေအဖွဲ့အစည်းနှင့် ပြည်ထောင်စုကြီးတို့၏ တည်နေရာကိုသာ သိရှိသွားမည်ဆိုပါက အစာငတ်နေသည့် မြေခွေးများကဲ့သို့ နေအဖွဲ့အစည်းဆီသို့ ချက်ချင်းရောက်လာကြမည်ဖြစ်ကြောင်း သူက သိထားသည်။
ကျိုးရိရှန်မှာ သူ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲတွင် ပေါ်ပေါက်လာသည့် အကြောင်းနှင့် ပတ်သက်၍လည်း အသေးစိတ် ရှင်ပြလိုက်သေးသည်။ သူသည် ရှေးဟောင်းဓားကြီးပေါ်ရှိ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ရေအောက်ရှိ အပျက်အစီးများကြား၌ စူးစမ်းရှာဖွေမှုများ ပြုလုပ်နေရင်း ရုတ်ခြည်းဆိုသလို တည်နေရာပြောင်းရွှေ့ခံခဲ့ရခြင်း ဖြစ်သည်။ သူ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည့် အချိန်တွင် သူသည် သူ လုံးဝမရောက်ဖူးသည့် နေရာတစ်ခု၌ ပြန်လည် ပေါ်ပေါက်လာခဲ့၏။
၎င်းမှာ မျက်စိတစ်စုံး ကျယ်ပြောနေသော အနက်ရောင် ကန္တာရကြီးတစ်ခု ဖြစ်ပြီး လူသူကင်းမဲ့ကာ နေထိုင်ကျက်စားနေကြသည့် သက်ရှိများလည်း မရှိကြပေ။ သူသည် ထို ကန္တာရထဲ၌ အချိန်မည်မျှအထိ လမ်းလျှောက်နေခဲ့ရမှန်း မသိပေ။ ထိုနေရာတွင် အချိန်ကုန်ဆုံးမှုနှုန်းမှာ ပြင်ပကမ္ဘာနှင့်မတူဘဲ ကွဲပြားနေသကဲ့သို့ပင်။
လွန်ခဲ့သည့်တစ်လခန့်တုန်းက သူသည် ထို အနက်ရောင်ကန္တာရကြီးထဲ၌ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းကာ လက်လျှော့လိုက်တော့မည့်အချိန်တွင် အလင်းတန်းတစ်ခုကို လှမ်းမြင်လိုက်ရ၏။ ၎င်းမှာ သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲကာ သူ့အား နောက်ထပ်တစ်ကြိမ် ထပ်၍ တည်နေရာပြောင်းရွှေ့ခဲ့ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် ဂူတစ်လုံးထဲသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရခြင်းဖြစ်၏။
သူသည် တည်နေရာပြောင်းရွှေ့ခြင်း အလင်းတန်းထဲမှ ထွက်လာကာ ဂူတစ်လုံးထဲသို့ ရောက်နေသည်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူ၏ သခင်ဟောင်းဖြစ်သူ ဖီးနစ်ငှက်တပ်ရင်းမှ အမျိုးသမီကျင့်ကြံသူကြီးနှင့် ဆုံတွေ့လိုက်ရခြင်းဖြစ်သည်။
သူမသည် သူ့အား ဖမ်းဆီးကာ သူ၏ဝိညာဉ်အား ရှာဖွေခဲ့ပြီးနောက် သူ့အား သူမ၏ အိမ်မွေးတိရစ္ဆာန်အသစ်အဖြစ် သတ်မှတ်၍ ရေခဲဖီးနစ်ငှက်တပ်ရင်းဆီသို့ ပြန်ခေါ်လာခဲ့၏။
ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်ပြောပြသည့် စကားများကို နားထောင်ရင်း မျက်လုံးများပြူးသွားရသည်။ အစတွင် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေပါသော်လည်း ကျိုးရိရှန်အား အကဲခတ်ကာ သူ၏ ပြောစကားများကို ချင့်ချိန်သုံးသပ်ကြည့်လိုက်ပြီးနောက် သူသည် လိမ်ညာနိုင်ခြေ လုံးဝမရှိကြောင်း ကောက်ချက်ချလိုက်တော့သည်။ ဝိညာဉ် ရှာဖွေမှုတစ်ခု ပြုလုပ်လိုက်မည်ဆိုပါက သူ လိမ်ညာနေခြင်း ရှိမရှိကို အလွယ်တကူ သိရှိနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအနက်ရောင်ကန္တာရကြီးအား စိတ်ဝင်စားသွားရ၏။ သူသည် ကျိုးရိရှန်အား ထိုကန္တာရကြီး၏ အကြောင်း အသေးစိတ် မေးမြန်းလိိုက်ပါသော်လည်း သူသည်လည်း ထိုနေရာအကြောင်းကို များများစားစား သိမထားသည့်ပုံပင်။ သူသည် ၎င်း၏ နေရာအတိအကျကို မသိပါသော်လည်း ခန့်မှန်းပေးလိုက်၏။
" သခင်။ ကျွန်တော့် အမြင်အရဆိုရင်.. အဲဒီ အနက်ရောင် ကန္တာရကြီးက ဘာမှမရှိဘဲ ပြောင်သလင်းခါနေတာ မဟုတ်ဘူး။ ကြည့်ရတာ အဲဒီနေရာက တည်နေရာ ပြောင်းရွှေ့နိုင်စွမ်းရှိတဲ့ ကမ္ဘာကြီးတစ်လို ဖြစ်နေတဲ့ ပုံပဲ "
" တည်နေရာပြောင်းရွှေ့နိုင်တဲ့ ကမ္ဘာကြီးတစ်ခု ဟုတ်လား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရ၏။ ထို့နောက် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် မေးခွန်းအချို့ကို ထပ်၍ မေးမြန်းလိုက်တော့သည်။ သူသည် ကျိုးရိရှန် ဖမ်းဆီးခံခဲ့ရသည့် ဂူကြီးအကြောင်း အဓိကထား မေးမြန်းလိုက်ခြင်းဖြစ်၏။ ကျိုးရိရှန်၏ ရှင်းပြချက်များကြောင့် ထို ဂူကြီးမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင် မဟုတ်ဘဲ သူတို့ရှာမတွေ့သေးသည့် ဥက္ကာပျံတစ်လုံးပေါ်တွင် ရှိနေခြင်းဖြစ်ကြောင်း သူက သိလိုက်ရတော့သည်။
ကျိုးရိရှန်မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် ၎င်း၏ ပတ်ပတ်လည်ရှိ အာကာသကြီးတို့အား အကျွမ်းတဝင် မရှိသေးသောကြောင့် ထိုဥက္ကာပျံ၏ တည်နေရာအား အတိအကျပြောပြနိုင်စွမ်း မရှိပေ။ ဝမ်ပေါင်လဲ့မှာလည်း ထိုအချက်အား ဂရုစိုက်နေခြင်းမရှိဘဲ မြေပုံတစ်ခုကို ရေးဆွဲကာ ကျိုးရိရှန်ဆီအား ပြလိုက်၏။ ထိုအခါ သူတို့မှာ ထိုဥက္ကာပျံ၏ ခန့်မှန်းခြေတည်နေရာအား ရှာတွေ့သွားကြတော့သည်။ ထို့ကြောင့် သူသည် ထိုဥက္ကာပျံအား တွေ့အောင်ရှာကာ သွားရောက်ကြည့်ရှုလိုသည့် အတွေးများ ပေါ်ပေါက်လာရ၏။
သို့သော် သူသည် လောလောဆယ်တွင် ထိုအတွေးများကို မေ့ပျောက်ထားရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ၏ စစ်ဆေးမေးမြန်းမှုအား အဆုံးသတ်လိုက်ပြီးနောက် ကျိုးရိရှန်အား ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်တော့သည် " ဒီလောက်ဆိုရပြီ။ ဒီနေ့ကစပြီးတော့ မင်း ငါ့ရဲ့တံခါးပေါက်စောင့်အဖြစ် တာဝန်ထမ်းဆောင်ရမယ်။ အခု သွားလို့ရပြီ "
သူသည် ထိုသို့ဆိုကာ ကျိုးရိရှန်၏ လည်ပင်းမှ ကြိုးအား ဖြုတ်ပေးလိုက်၏။ သူတို့မှာ ရေခဲဖီးနစ်ငှက်တပ်ရင်း၏ ဌာနချုပ်ထဲတွင် ရောက်နေသည်ဖြစ်ရာ ကျိုးရိရှန်မှာ စဉ်းစားဆင်ခြင်ဉာဏ် ရှိပါက လမ်းသလားနေမည် မဟုတ်ပေ။
ကျိုးရိရှန်မှာ သူ၏တာဝန်အား ချက်ချင်းပင် လက်ခံလိုက်ပြီးနောက် ဂူအပြင်ဘက်သို့ ထွက်သွားလိုက်၏။ အပြင်ဘက်သို့ ရောက်သွားသောအခါမှ သူသည် ဒူးထောက်ချကာ စိတ်အေးသွားရသည့် အမူအရာအဖြင့် သက်ပြင်းချလိုက်တော့သည်။ သူ၏ လက်ရှိသခင်အသစ်မှာ သခင်ဟောင်းထက် ပို၍ ရင်းနှီးဖော်ရွေမှုရှိသည့်ပုံ ပေါ်ပါသော်လည်း ကျိုးရိရှန်မှာ နှလုံးသားထဲ၌ စိုးရိမ်ကြောင့်ကြစိတ်များဖြင့် ပြည့်နှက်နေရသလို မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ့အား မနှစ်မြို့သလို ခံစားနေရ၏...
ကျိုးရိရှန် ဂူထဲမှ ထွက်ခွာသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။ သူသည် ကျိုးရိရှန်မှာ ကျိုးရိဖန်းအကြောင်း လုံးဝ သိထားခြင်းမရှိကြောင်း ယုံကြည်နေသည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် သက်ပြင်းချလိုက်တော့သည်။
ထို့နောက် သူသည် သူ၏မြည်းလေးအား ပြန်၍သတိရသွား၏။ ကျိုးရိရှန်မှာ ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက ထိုမြည်းလေးအား မြင်ဖူးခဲ့ရပေမည်။ သို့သော် ယခုတွင် ထိုမြည်းလေးမှာ အရွယ်ရောက်လာခဲ့ပြီးနောက် ယခင်တုန်းကနှင့် လုံးဝမတူတော့သဖြင့် ပြဿနာမရှိလောက်ပေ။ ထို့အပြင် သူတို့မှာ အခြားလူမှုအဖွဲ့အစည်းတစ်ခုထဲ၌ ရောက်နေသည့်တိုင်အောင် ပုံသဏ္ဍာန်ဆင်တူသည့် သတ္တဝါများမှာ လူမှုအဖွဲ့အစည်းနှစ်ခု စလုံးထဲတွင် ရှိနေနိုင်သည် မဟုတ်ပါလော။ ထိုအချက်တစ်ချက်တည်းနှင့် သူ အလိမ်ပေါ်သွားနိုင်သည့် ကိစ္စကို တွေးပူနေစရာ မလိုတော့ပေ။
သို့သော်ငြားလည်း သူသည် မြည်းလေးဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ သတိဝီရိယရှိရှိနေရန် လှမ်း၍ သတိပေးလိုက်ဆဲပင်။ ထို့နောက် သူသည် ထိုကိစ္စများကို မေ့ထားလိုက်ပြီး တရားစထိုင်လိုက်တော့သည်။ သူသည် သူ၏စိတ်ကို တည်ငြိမ်အောင် ထားပြီးသွားသောအခါ တတိယအဆင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကို ထုတ်ယူလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ထိုအဆောင်ပစ္စည်းအား စတင် အဆင့်မြှင့်တင်နေလိုက်တော့သည်။
သူသည် ယခုတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအားလုံးကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထို့အပြင် သူသည် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ စတုတ္ထအဆင့်ကိုလည်း အစအဆုံး နားလည်နေအောင် လေ့လာထားပြီးဖြစ်၏။ ထို့ကြောင့် သူသည် တစ်ရက်တည်းနှင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား စတုတ္ထအဆင့်သို့ အဆင့်မြှင့်တင်နိုင်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အဆင့်မြှင့်တင်ပြီးနောက် ပေါ်ပေါက်လာခဲ့သည့် ကမ္ဗည်းစာလုံးအသစ်များကိုလည်း ယခင်တုန်းကအတိုင်း ကမ္ဗည်းစာလုံးအဟောင်းများနှင့် ပေါင်းစည်းလိုက်ပြန်သည်။ ထိုအခါ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာထဲရှိ ကမ္ဗည်းစာလုံး အရေအတွက်မှာ တစ်ထောင်ကျော်စွန်းစွန်းတွင်သာ ရှိနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ထို အဆောင်ပစ္စည်းထဲ၌ ကမ္ဗည်းစာလုံးရေ အလုံးငါးထောင်နီးပါး ရှိနေပြီဖြစ်သည်။
ကမ္ဗည်းစာလုံးများ၏ အရေအတွက်မှာ အဆင့်တစ်ဆင့် မြင့်တက်သွားတိုင်း အဆပေါင်းများစွာ တိုးပွားလာကြ၏။ မည်သူကမှ ထို အဆောင်ပစ္စည်း၏ စွမ်းအားအစစ်အမှန်ကို သိရှိနိုင်မည် မဟုတ်ပါသော်လည်း လက်ရှိတွင် ၎င်းမှာ တိုက်ကွက်များထဲမှ ပြင်းအားများ၏ နှစ်ဆယ်ရာခိုင်နှုန်းတိတိကို တွန်းလှန်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ပဉ္စမအဆင့်အထိ အဆင့်မြှင့်ပြီးသွားပါက ထိုအဆောင်ပစ္စည်းအား ဝိညာဉ်ကြားခံနယ်အဆင့်မှ ထာဝရဝိညာဉ်အဆင့်သို့ အဆင့်မြှင့်တင်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။ ထိုသို့ အဆင့်မြှင့်တင်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်း၏။ ဝမ်ပေါင်လဲ့မှာ ထိုအဆင့်တွင် ရက်ပေါင်းများစွာ ရပ်တန့်နေခဲ့ရပါသော်လည်း သူ၏ ကျွမ်းကျင်မှုများကြောင့် နောက်ဆုံးတွင် အောင်မြင်သွားတော့သည်။ ထိုသို့ဖြင့် သူသည် ထို မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ပဉ္စမအဆင့်အထိသာ မဟုတ်ဘဲ ဆဋ္ဌမအဆင့်အထိရောက်အောင် ဆက်တိုက် အဆင့်မြှင့်တင်နိုင်ခဲ့သည်။
ယခုတွင် ၎င်းမှာ တိုက်ကွက်တစ်ကွက်ထဲမှ ပြင်းအားများ၏ သုံးဆယ်ရာခိုင်နှုန်းတိတိကို တွန်းလှန်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ ရန်သူများဆီမှ တိုက်ကွက်များအား ခုခံကာ ပြန်လည်တုံ့ပြန်တိုက်ခိုက်လိုက်သည့် အချိန်တိုင်းတွင် သူ၏ စွမ်းအားများမှာ သုံးဆယ်ရာခိုင်နှုန်းတိတိ ပို၍မြင့်တက်လာမည် ဖြစ်သည်။ ထိုပမာဏမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ အကယ်၍ သူသာ ထိုအချက်အား ကောင်းကောင်းအသုံးချနိုင်မည်ဆိုပါက လက်ရည်တူ တိုက်ပွဲများကို သူ့အတွက် အသာစီးရနိုင်သည့် တိုက်ပွဲများအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသွားမည်သာ ဖြစ်သည်။
သို့သော် ဆဋ္ဌမအဆင့်သို့ အဆင့်မြှင့်တင်ခဲ့ပြီးနောက် ဝမ်ပေါင်လဲ့မှာ ပြဿနာတစ်ခုနှင့် ကြုံလိုက်ရ၏။ ၎င်းမှာ ကမ္ဗည်းစာလုံးများ၏ အရေအတွက်မှာ ရုတ်ခြည်းဆိုသလို ထိုးတက်သွားပြီး အလုံးရေ နှစ်သိန်းကျော်အထိ ရောက်ရှိသွားခြင်းပင်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော် သူသည် အခြားရွေးချယ်စရာမရှိသဖြင့် လက်ခံလိုက်ရ၏။ ထို့ကြောင့် နဂိုတုန်းက အလုံးရေ တစ်ထောင်ကျော်သာ ရှိခဲ့သည့် ကမ္ဗည်းစာလုံး အရေအတွက်မှာ ယခုတွင် အဆပေါင်းများစွာ ပိုများလာပြီဖြစ်သည်။ သူသည် ၎င်းတို့အား မူရင်း ကမ္ဗည်းစာလုံးများပေါ်သို့ တစ်လုံးပြီးတစ်လုံး ထပ်ကာ ထိုပြဿနာအား ဖြေရှင်းခဲ့ရ၏။
" အခု ဒီ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာက ဒုတိယအဆင့်မှာ ရှိခဲ့တုန်းကအတိုင်း တစ်ပုံစံတည်း ဖြစ်နေပြီ။ အဲတာမလို့ ထောင်ချောက်ဆင်တဲ့ နေရာမှာ သုံးလို့ရမှာမဟုတ်တော့ဘူး။ ဒါပေမဲ့ ဒိုင်းကာတစ်ခုလို့တော့ သုံးလို့ရပါသေးတယ်လေ " ဝမ်ပေါင်လဲ့မှာ နောင်တရနေသည့် လေသံဖြင့် သက်ပြင်းချလိုက်၏။ သူသည် ၎င်းအား သတ္တမအဆင့်အထိ ထပ်၍ အဆင့်မြှင့်တင်လိုပါသော်လည်း ထိုအဆင့်မှာ မီးဆေးဝိညာဉ်သစ်ရွက် အမြောက်အမြား လိုအပ်ပေသည်။ သူသည် ထိုအဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်၏ ကုန်ကျစရိတ်အား တွက်ချက်လိုက်ပြီးနောက် ဆွံ့အသွားရ၏။
" ငါ လက်နက်သဲကို အစားထိုးပစ္စည်းအနေနဲ့ သုံးလို့ရမလား မသိဘူး " ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာ၏။ သူ၏ လက်ရှိ လုပ်ပိုင်ခွင့်အဆင့်အတန်းနှင့် မီးဆေးဝိညာဉ်သစ်ရွက် အမြောက်အမြား ဝယ်ယူနိုင်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။ သူသည် ၎င်းတို့အား တစ်သုတ်ချင်းစီ ခွဲ၍ ဝယ်ယူလျှင်တောင် လောက်ငှမည် မဟုတ်ပေ။ ဂိုဏ်းမှာ လုပ်ပိုင်ခွင့် အဆင့်အတန်းပေါ် လိုက်၍ ဝယ်ယူခွင့်ရှိသော မီးဆေးဝိညာဉ်သစ်ရွက်များ၏ အရေအတွက်အား ကန့်သတ်ထားခြင်းဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ လက်နက်သဲအား အစားထိုးပစ္စည်းအနေနှင့် သုံးလိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်တော့သည်။ သူသည် ရွေးချယ်စရာမရှိမှသာ ထိုနည်းလမ်းအား အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ သူ့ဆီတွင် သူ၏သိုလှောင်အိတ်ထဲ၌ ဝှက်ထားသည့် ထူးဆန်းထွေလာ ဓမ္မလက်နက်အချို့ ရှိနေသေးသည်မဟုတ်ပါလော။ ၎င်းတို့ထဲတွင် လေထဲသို့ ပစ်လွှတ်လိုက်ပါက ရက်ပေါင်းများစွာ ပျောက်ကွယ်သွားတတ်သည့် ကြိုးကြီးနှင့် ရန်သူများ အပြင်းအထန် ဒဏ်ရာရနေသည့်အချိန်မှသာ တိုက်ခိုက်တတ်သော အချုပ်အနှောင်ကြီးတို့ ပါပေသည်။ ထို ဓမ္မလက်နက် နှစ်ခုစလုံးကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းခဲနေရ၏။ သူသည် လက်နက်သဲ၏ အစွမ်းများကြောင့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကြီး ပြောင်းလဲသွားပြီး ထို ဓမ္မလက်နက်များကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ ၎င်းမှာ သူ့အား ကာကွယ်ပေးခြင်း မရှိဘဲ သူ၏ရန်သူများကို သွား၍ ကာကွယ်ပေးနေမည်ဆိုပါက ဒုက္ခလှလှ တွေ့နိုင်ပေသည်။
" ကြည့်ရတာ ဟို နှလုံးသားမရှိတဲ့ မိန်းမကို နောက်ထပ်တစ်ခါ ထပ်သွားတွေ့ရဦးမယ်နဲ့ တူပါတယ်ကွာ။ ဒါပေမဲ့ ဒီအဆောင်ပစ္စည်းက အဋ္ဌမအဆင့်အထိ မရောက်သေးဘူးလေ။ သူများတွေရှေ့မှာ ထုတ်ပြရမှာ ရှက်စရာကြီး ... " ဝမ်ပေါင်လဲ့မှာ သူ ထိုအမျိုးသမီးဆီသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့စဥ်တုန်းက သူ့အား သူမ မည်ကဲ့သို့ ဆက်ဆံခဲ့သည်ကို မှတ်မိနေဆဲပင်။ ထို့ကြောင့် သူသည် သူမ၏ ခန်းမကြီးဆီသို့ မသွားတော့ဘဲ အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်ယူကာ နတ်သမီးလင်ယိုဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။
" ခေါင်းဆောင်ကြီး။ ကျွန်တော် လုံနန်ကျစ်ပါ... အဲ... ကျွန်တော် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကို ထပ်ပြီးတော့ အဆင့်မြှင့်တင်နိုင်သွားပြီ။ အဲတာမလို့ ကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်အဆင့်အတန်းကို ထပ်ပြီးတော့ အဆင့်မြှင့်တင်ပေးလို့ရမလား "
" အဆင့်မြှင့်တင်နိုင်သွားပြီ ဟုတ်လား " နတ်သမီးလင်ယိုမှာ ခန်းမကြီးထဲ၌ သူမ၏ လက်အောက်ငယ်သားများ၏ အစီရင်ခံစာများကို နားထောင်နေစဉ် ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်၏။ သူမသည် သူမ၏ ကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်ပြီးနောက် သူ၏ အသံလွှင့်အကြောင်းကြားစာကို နားထောင်ပြီးသွားသောအခါ တစ်ခဏမျှ ဆွံ့အသွားရတော့သည်။