အိမ်အပြန်လမ်း
Vol. 162 Ch. 2295
ရီဖူရှင်းနှင့် အဘိုးမာ ထွက်ခွာသွားပြီးနောက် အခြားကျင့်ကြံသူများက မဟာလမ်းစဥ် ရှေးဟောင်း အလောင်းများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ကျန်ရစ်နေခဲ့ကြသည်။ ဤအလောင်းများသည် သူတို့၏ ကိုယ်ပိုင်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ပြီး ကိုယ်ပိုင် စိတ်ဝိညာဥ်ရှိနေသလို ထင်မှတ်ရသည်။ သူတို့၏ တိုက်ပွဲစွမ်းရည်ကလည်း အံ့သြဖွယ် ကောင်းလှသည်။
သူတို့က မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို တွေ့ကြုံဖူးသော စစ်မှန်သည့် ကျင့်ကြံသူများကဲ့သို့ပင် ဖြစ်သည်။
စီဝေ့အင်ပါယာနန်းတော်မှ ရန်ဟောင်ချန်းနှင့် အင်အားစုအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များက ထိုရှေးဟောင်းအလောင်းများနှင့် ပတ်သတ်ပြီး မည်သည့်အရာမှ မလုပ်နိုင်ခဲ့ပေ။ ထိုအလောင်းများက သေဆုံးပြီးဖြစ်သည့်အတွက် သူတို့က ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို သက်ရောက်ခြင်းမခံရချေ။ အခြားတစ်ဖက်တွင် ထိုအစွမ်းထက်သော အလောင်းများ၏ တိုက်ခိုက်မှုကို ခံရသည့်အခါတိုင်း ကျင့်ကြံသူများ၏ အသက်က အန္တရာယ်တောထဲ ကျရောက်သွားနေသည်။
ထို့အပြင် သင်္ချိုင်းမှ ထွက်ပေါ်လာသည့် တေးသွားက အချိန်ကုန်လာလေ ပို၍ ပြင်းထန်လာလေပင် ဖြစ်သည်။ ၎င်းသည် ရှေးဟောင်းအလောင်းများ၏ တိုက်ခိုက်မှုကို ပို၍ပင် ပြင်းထန်လာစေသည်။
အဆုံးတွင် ကျင့်ကြံသူအားလုံးက ပြန်ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။ ကျင့်ကြံသူများအားလုံး လိပ်နဂါးကျောပေါ်မှ ထွက်ခွာသွားပြီးနောက် ရှေးဟောင်းအလောင်းများသည် နောက်မှ လိုက်လံတိုက်ခိုက်နေခြင်းကို ရပ်စဲလိုက်သည်။ ထို့နောက် အလောင်းများက သင်္ချိုင်းသို့ ပြန်လှည့်သွားခဲ့ပြီး တေးသွားလည်း ပျက်ပြယ်သွားသည်။ လိပ်နဂါး၏ ကျောထက်မှ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ မည်သည့်အရာမှ မဖြစ်ပွားခဲ့သလို ထင်မှတ်ရပေသည်။
လိပ်နဂါးအနီး လေဟာနယ်တွင် ကျင့်ကြံသူများစွာ ရပ်နေကြသည်။ ကြောက်မက်ဖွယ် မုန်တိုင်းများက အက်ကြောင်းများမှ ထိုးထွက်တိုက်ခတ်လာနေသည်။ ကျင့်ကြံသူများက မုန်တိုင်းကို ခံနိုင်ရည်ရှိစေရန် မဟာလမ်းစဥ် နတ်အလင်းဖြင့် ဖုံးလွှမ်းထားကြသည်။ တစ်ချိန်တည်းတွင် သူတို့က လေဟာနယ်အတွင်း ခရီးဆက်ကာ လိပ်နဂါးနှင့် နီးကပ်စွာ လိုက်ပါလာသည်။ ကျင့်ကြံသူများနှင့် လိပ်နဂါးက တူညီသော နေရာအတွင်း တူညီသည့် အရှိန်နှင့် ရှေ့ဆက်သွားနေသည်။
"ကျုပ်တို့ ဘာလုပ်ကြမလဲ။" မှော်နက်လောက၏ ထိပ်သီးအင်အားစုတစ်ခုမှ ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။ သူ့အနီးမှ လူများက တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ အဖြေကို ရှာဖွေနေသည်။ သူတို့ထဲမှ အချို့၏ အကြည့်များက လိပ်နဂါးကျောပေါ်မှ ရှေးဟောင်းမြို့ပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ ယိုယွင်းနေသော သင်္ချိုင်းအလယ်တွင် ဖျော့တော့သော အလင်းတစ်ခုက မှိတ်တုတ်မှိတ်တုတ် ရှိနေဆဲ ဖြစ်သည်။
ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်က အခြေအနေကို ဆန်းစစ်ကြည့်ရင်း ပြောလိုက်သည်။ "ရှေးဟောင်းအလောင်းတွေကို ထိန်းချုပ်တဲ့ စွမ်းအားက အဲဒီသင်္ချိုင်းထဲက ထွက်လာတာ။ ပြီးတော့ စွမ်းအားအရဆို မဟာအင်ပါယာအဆင့်မှာ ရှိနိုင်တယ်။ မဟာအင်ပါယာရဲ့ စွမ်းအားတစ်ခု ရှိနေပြီး အဲဒါက တေးသွားကို တိုက်ရိုက် ထုတ်ဖော်နိုင်တယ်ဆိုကတည်းက ကျုပ်တို့အနေနဲ့ ဒီပျက်စီးနေတဲ့ နေရာထဲမှာ မဟာအင်ပါယာရဲ့ စွမ်းအားရှိနေတယ်ဆိုတာ အနည်းနဲ့အများ သေချာသွားပြီလေ။ မဟာအင်ပါယာရဲ့ စွမ်းအားက ဒီနှစ်တွေအတွင်းမှာ လိပ်နဂါးကို ဆက်လက်ရွေ့လျားနေစေတယ်။ ပြီးတော့ အဲဒါက တေးသွားကို ဖြစ်ပေါ်စေပြီး ရှေးဟောင်းအလောင်းတွေကိုလည်း အသက်သွင်းနိုင်တယ်။"
သူ၏ စကားများကို ကြားသောအခါ ကျန်သည့် ကျင့်ကြံသူများက ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။
"ကျုပ်တို့ ကျင့်ကြံသူအဖွဲ့ကို ပိုပြီး ကြီးမားလာအောင် စုစည်းသင့်တယ်။"
သူတို့အားလုံးသည် လက်ရှိအခြေအနေက သတိကြီးစွာ ထားရန်လိုကြောင်း ခံစားမိလိုက်သည်။ ကောင်းကင်ဒေသမှ ထိပ်သီးအဆင့်အင်အားစုများ၊ မှော်နက်လောကနှင့် နတ္ထိဘုံမှ လူများအားလုံး ဤနေရာ၌ ရောက်နေကြသည်။ သို့သော် သူတို့၏ စုပေါင်း အားထုတ်မှုနှင့်ပင် ရှေးဟောင်း အပျက်အစီးနယ်မြေအား ကျောပေါ်တင်ကာ သွားနေသည့် ဤလိပ်နဂါးကို တားဆီးနိုင်စွမ်း မရှိကြသေးချေ။ သူတို့က ဤနယ်မြေအား သူတို့ကိုယ်တိုင် မရှာဖွေနိုင်လေရာ အားကောင်းသည့် အထောက်အပံ့တောင်းဆိုရန်သာ တတ်နိုင်ပေသည်။
ကြောက်မက်ဖွယ် တုန်ခါသံများက မိုးချုန်းသကဲ့သို့ ထွက်ပေါ်နေသည်။ လိပ်နဂါးက တိကျသည့် နေရာသို့ ဆက်လက်၍ ရွေ့လျားသွားနေ၏။ ၎င်းသည် လေဟာနယ်ကို ဖြတ်သန်းကာ ခရီးဆက်နေရင်း ကြောက်မက်ဖွယ် အက်ကြောင်းများကို နောက်၌ ချန်ရစ်ခဲ့သည်။ မုန်တိုင်းက အဆက်မပြတ် ဖြစ်ပေါ်နေသည်။ အင်အားစုအသီးသီးမှ ကျင့်ကြံသူများအားလုံးသည် ကံစမ်းကြည့်ရန် စိတ်အားထက်သန်နေကြသည်။ သူတို့ထဲမှ အချို့က ထိုနယ်မြေကို ရှာဖွေရန် ဒုတိယအကြိမ် ကြိုးစားမှုပြုဖို့ရာ စိတ်အားထက်သန်နေခဲ့သည်။ သို့သော် သူတို့က ဝန်းရံခံလိုက်ရပြီး ရှေးဟောင်းအလောင်းများ၏ တိုက်ခိုက်မှုကို ခံရကာ ပြန်ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။
ထိုကြောင့် လေဟာနယ်အတွင်း ဖရိုဖရဲ မြင်ကွင်းများ ဖြစ်ပေါ်နေသည်။ ပျက်စီးနေသော မြို့တစ်ခု သို့မဟုတ် သင်္ချိုင်းတစ်ခုကို ကျောပေါ်တွင် သယ်ဆောင်ထားသည့် လိပ်နဂါးက လေဟာနယ်အတွင်း ခရီးဆက်နေခဲ့သည်။ ၎င်း၏ လှုပ်ရှားမှုက ကြီးမားသည့် ရုတ်ရုတ်သဲသဲ ဖြစ်မှုကို ဖြစ်ပွားစေသည်။ ထိပ်သီးအင်အားစုအသီးသီးမှ ကျင့်ကြံသူများစွာနှင့် အတော်လေး အဆင့်မြင့်သည့် ပုဂ္ဂိုလ်များ အပါအဝင် လူတိုင်းက လိပ်နဂါးနောက်မှ လိုက်ပါနေကြသည်။ မြင်ကွင်းက ထိတ်လန့်အံ့သြဖွယ်ရာပင် ဖြစ်သည်။
ဤမြင်ကွင်းသည် အချိန်တချို့ထိ ဆက်လက်ဖြစ်ပေါ်နေသည်။ လိပ်နဂါးက ပျက်စီးနေသည့် မြို့ကို သယ်ဆောင်ရင်း မဟာလမ်းစဥ် ဘုံသုံးထောင်အနီးသို့ ချဥ်းကပ်လာသည်။ ၎င်းက မဟာလမ်းစဥ် ဘုံသုံးထောင်သို့ ဝင်ရောက်တော့မလိုပင် ဖြစ်၏။
ကံကောင်းစွာနှင့် မဟာလမ်းစဥ် ဘုံသုံးထောင်က အတော်လေး ကျယ်ပြောလှပေသည်။ ဘုံတစ်ခုချင်းစီကြားမှ အကွာအဝေးက အတော် ကြီးမားလှသည်။ ဘုံများကြားမှ လေဟာနယ်အကွာအဝေးက မဟာလမ်းစဥ်ဘုံသုံးထောင်၏ တည်ရှိသည့်နေရာထက်ပင် ကျယ်ပြောသေး၏။ ထို့ကြောင့် ဤ ကြီးမားလှသော လိပ်နဂါးက ဘုံတစ်ခုခုနှင့် တိုက်မိလိမ့်မည် မဟုတ်ပေ။
ကံမကောင်းစွာနှင့် လိပ်နဂါးနှင့် ဘုံတစ်ခုသာ အမှန်တကယ် ထိခိုက်မိသွားခဲ့လျှင် ထိုဘုံမှာ ဤသားရဲကြီး၏ ကြောက်မက်ဖွယ် အရှိန်အဟုန်ကြောင့် ထိုးဖောက်ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။
အရှင်ထိုက်ရွှမ်နှင့် အခြားလူများသည် လိပ်နဂါး၏ အရှိန်ကို စူးစမ်းလေ့လာနေရင်း သူတို့၏ နှလုံးသားအတွင်း ဆုတောင်းရုံသာ တတ်နိုင်သည်။ သူတို့သည် ၎င်းကို ရပ်ဆန့်သွားအောင် တားဆီးရန် မဖြစ်နိုင်ပေ။
…
အခြားတစ်ဖက်တွင် ရီဖူရှင်းနှင့် အဘိုးမာတို့က ရီဖူရှင်းအား မင်းသမီးဒွန်ဟောင် ပေးထားခဲ့သော နတ်ရတနာ၏ အကူအညီနှင့် ကောင်းကင်ဒေသသို့ ပြန်ရောက်လာကြသည်။ သို့သော် သူတို့က တုန်းဟွာနယ်မြေအတွင်း ရောက်သွားခဲ့သည်။ သူတို့က ရှန်ချင်းနယ်မြေသို့ ရောက်ရန် ကျယ်ပြောသည့် လေဟာနယ်ကို ဖြတ်သန်းသွားရပေသည်။ သူတို့၏ ဦးတည်ရာက လေးမျက်နှာကျေးရွာ ဖြစ်လေသည်။
အဘိုးမာသည် ရီဖူရှင်းက မည်သည့်အတွက်ကြောင့် ပြန်လာချင်ကြောင်းကို နားလည်ပေသည်။ လိပ်နဂါး ကျောပေါ်မှ ရုပ်အလောင်းများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို တွေ့ကြုံခဲ့ရပြီးနောက် သူတို့နှစ်ယောက်လုံးသည် အင်အားစုအသီးသီးမှ ကျင့်ကြံသူများကလည်း အကူအညီမဲ့နေလိမ့်မည်ကို နားလည်ပေသည်။
ထိုသို့သော အခြေအနေမျိုးတွင် ရီဖူရှင်းသည် တိုက်ခိုက်မှုအတွင်း မပါဝင်နိုင်ပေ။ သူ၏ တိုက်ပွဲစွမ်းရည်နှင့် သူက တိုက်ပွဲတွင် ပါဝင်ရန် အရည်အချင်းပင် မမီချေ။ ထို့ကြောင့် သူက ရွာသို့ ပြန်လာကာ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ပြန်လာယူဆောင်ခြင်း ဖြစ်သည်။ ထို့နောက်မှသာ ရီဖူရှင်းသည် ပျက်စီးနေသော မြို့အတွင်းမှ ရတနာများအတွက် တစ်ဖက်လူများကို ဆန့်ကျင်တိုက်ခိုက်ရန် အခွင့်အရေး ရလာပေလိမ့်မည်။
အဘိုးမာက လေဟာနယ်စွမ်းအားကို ကျွမ်းကျင်သည်။ ထို့ကြောင့် သူတို့၏ အရှိန်က လျင်မြန်လှသည်။ သူတို့က တုန်းဟွာနယ်မြေမှ ရှန်ချင်းနယ်မြေသို့ အလျင်စလို သွားခဲ့ကြပြီးနောက်တွင် လေးမျက်နှာကျေးရွာသို့ ရောက်ရှိသွားခဲ့၏။
ရီဖူရှင်းနှင့် အဘိုးမာတို့၏ ပြန်ရောက်လာခြင်းက လေးမျက်နှာကျေးရွာအတွင်း အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ရှောင်လင်း၊ ဖန်းချွင့်နှင့် အခြားလူငယ်လေး နှစ်ယောက်က သူတို့ကို ဝန်းရံရန် စုဝေးလာသည်။ သို့သော် ရီဖူရှင်းက ဤနေရာ၌ ဖြုန်းရန် အချိန်များများစားစား မရှိပေ။ သူက ဆရာသခင်ကို ရှာရန် သီးသန့်ကျောင်းအတွင်း ဝင်ရောက်ခဲ့သည်။
ကျောင်းအတွင်း၌ ဆရာသခင်က မျက်လုံးများမှိတ်ကာ တရားထိုင်နေသည်။ ရီဖူရှင်းက သူ့အနီးကို ချဥ်းကပ်လာပြီး အရိုအသေပေးလိုက်သည်။ "ဆရာသခင်"
"မင်း ဒီကို နတ်ဘုရားရုပ်ကြွင်း လာယူတာလား။" ဆရာသခင်က မျက်လုံးများကို ဖွင့်ကြည့်ကာ မေးလိုက်သည်။ သူသည် ရီဖူရှင်း ဤနေရာသို့ လာသည့် ရည်ရွယ်ချက်အား သိနေပုံရသည်။
"ဟုတ်ပါတယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
"မူလဘုံမှာ တစ်ခုခု ဖြစ်နေတာလား။" ဆရာသခင်က မေးလိုက်သည်။ ရီဖူရှင်းက မူလဘုံမှနေ၍ ဤနေရာသို့ ရုပ်ကြွင်းကို ယူဆောင်ရန် ရောက်လာခဲ့သည့်အတွက် ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းကို လိုအပ်ရလောက်အောင် မူလဘုံ၌ တစ်စုံတစ်ခု ဖြစ်ပျက်နေသည်မှာ သိသာပေသည်။
ရီဖူရှင်းက ဆရာသခင်ထံ အခြေအနေကို ပြောပြလိုက်သည်။ "မူလဘုံရဲ့ လေဟာနယ်ထဲမှာ လိပ်နဂါးတစ်ကောင် ထွက်ပေါ်လာတယ်။ အဲဒါက ကျောပေါ်မှာ ပျက်စီးနေတဲ့ မြို့တစ်မြို့ကို သယ်ဆောင်ထားခဲ့ပြီး မြို့ထဲမှာ မဟာလမ်းစဥ် ရှေးဟောင်းအလောင်းတွေ အများကြီး ရှိတဲ့ သင်္ချိုင်းတစ်ခု ရှိတယ်။ သင်္ချိုင်းထဲကနေ တေးသွားတစ်ပုဒ် တီးခတ်နေတဲ့ အသံကြားရပြီး အဲဒီတေးသွားက အလောင်းတွေကို ထိန်းချုပ်နိုင်တယ်။ အတော်လေး အန္တရာယ်များတယ်။ ရှေးဟောင်းအလောင်းတွေရဲ့ စွမ်းရည်ကလည်း အရမ်း ထိတ်လန့်ဖို့ကောင်းတယ်။"
"လိပ်နဂါးတစ်ကောင်က ပျက်စီးနေတဲ့ မြို့ကို သယ်ဆောင်ထားပြီး အဲဒီမှာ သင်္ချိုင်း ရှိတယ်။" ဆရာသခင်က ရေရွတ်လိုက်သည်။ "အဲဒါက အိမ်အပြန်လမ်းကို ရှာနေတာပဲ။ ကံမကောင်းစွာနဲ့ ပြန်ရမယ့်လမ်းက ဝေးလွန်းတယ်။ ဘယ်တော့မှ ပြန်မရောက်နိုင်တော့တာတောင် ဖြစ်နိုင်တယ်။"
"ဘာတွေဖြစ်နေလဲဆိုတာ ဆရာသခင် သိလား။" ရီဖူရှင်း၏ အမူအရာက ထူးဆန်းသွားသည်။ ၎င်းက အိမ်အပြန်လမ်းကို ရှာနေသည်လား။
အတိတ်က ကောင်းကင်လမ်းစဥ် ပြိုကျစေခဲ့သည့် တိုက်ပွဲသည် နတ်ဘုရားပေါင်းများစွာ၏ အဆုံးသတ် ဖြစ်ခဲ့ရသည်။ မရေတွက်နိုင်သော ထိပ်သီးကျင့်ကြံသူများက သေဆုံးခဲ့ရပြီး နတ်ဘုရားများစွာ ကျဆုံးခဲ့သည်။ စီဝေ့မဟာအင်ပါယာသည်ပင် စီဝေ့ကြယ်ကမ္ဘာကို ထိန်းသိမ်းရန် သူ၏ စွမ်းအားများဖြင့် ချိပ်ပိတ်ထားခဲ့ရသည်။
ရီဖူရှင်းသည် ဆရာသခင်နှင့် ကြာကြာ ဆက်ဆံကြည့်လေ ဆရာသခင်က ပို၍ လျှို့ဝှက်ဆန်းကြယ်လေ ဖြစ်သည်ကို ခံစားမိပေသည်။ ဆရာသခင်သည် ရှေးခေတ်ကာလမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်ချေများပေသည်။ သူသည် အတိတ်တွင် ဖြစ်ခဲ့သည့်အရာများအပြင် လိပ်နဂါးနှင့် ဂူသင်္ချိုင်း၏ လျှို့ဝှက်ချက်ကို သိနေခြင်းလည်း ဖြစ်နိုင်သည်။
"သိတယ်။" ဆရာသခင်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။ "သွားပြီး ကိုယ့်ဘာသာကြည့်လိုက်။"
ဆရာသခင်က ပြောပြီးသည်နှင့် ရုပ်ကြွင်းတစ်ခုက ရီဖူရှင်းဘေးတွင် ပေါ်ပေါက်လာသည်။ ၎င်းက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်း ဖြစ်လေသည်။ မဟာလမ်းစဥ်နတ်အလင်းက ရုပ်ကြွင်းကို ဝန်းရံနေပြီး ၎င်းမှ နက်နဲသိမ်မွေ့သော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ ၎င်းက အစစ်အမှန် နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ ရီဖူရှင်းက ၎င်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ရုပ်ကြွင်းထံ လျှောက်သွားခဲ့ပြီး နတ်အလင်းတန်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ မဟာအင်ပါယာရှန်ကျား ခန္ဓာကိုယ်သို့ စီးဆင်းလာသည်။ နတ်အလင်းနှစ်ခုက ပေါင်းစည်းမှုအချို့ ဖြစ်လာပြီး ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ပေးလိုက်သည်။
"သွား။ ငါ မင်းကို ပို့ပေးလိုက်မယ်။ အဲဒါမှ အပြန်လမ်းကို နောက်တစ်ခါ လျှောက်သွားနေစရာမလိုတော့မှာ။" ဆရာသခင်က ပြောလိုက်သည်။ ထို့နောက် နူးညံ့သိမ်မွေ့သည့် စွမ်းအားတစ်ခုက ရီဖူရှင်းနှင့် အဘိုးမာအား လွှမ်းခြုံသွားသည်။ သူတို့က အပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
ကြည့်ရသည်မှာ ဆရာသခင်က သူတို့ကို မူလဘုံသို့ ပြန်လည်ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်နိုင်ပေသည်။