အဖြုန်းကြီးတဲ့ရန်ကျောက်ကဲ
Vol. 58 Ch. 813
အခန်း (၈၁၃) အဖြုန်းကြီးတဲ့ရန်ကျောက်ကဲ
ဆည်းဆာကျွန်းစု ၊ ဝေလငါးမျှားမြို့တော်မှ ထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲတို့အုပ်စုက ကျောက်စိမ်းနေဝန်းတောင်တန်းရှိ ကုရှင်းတောင်ထွတ်ဆီသို့ တန်းတန်းမတ်မတ် ခရီးနှင်ခဲ့ကြသည်။
ပန်ပန်က အသင်္ချေနဂါးနန်းတော်ကို ကျောထက်တင်ပြီး ကောင်းကင်တစ်ခွင် ဖြတ်သန်းသွားလာနေသည်။
ရန်ကျောက်ကဲတို့အုပ်စုက အသင်္ချေနဂါးနန်းတော်ထဲတွင် ထိုင်နေကြသည်။
အားဟူက ကျင့်ကြံနေပြီး ဖန်းယွင်ရှန်းကတော့ တရားထိုင်နေ၏။ ရှောင်အိုက်ကတော့ ရန်ကျောက်ကဲ သူမကိုပေးပို့ထားသည့် မြေပုံကို လေ့လာနေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ နန်းတော်ထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ဒူးနှစ်ဖက်ထက်တွင် ရှည်လျားသော လှံရှည်တစ်လက်ကို အလျားလိုက်တင်ထားသည်။
ထိုလှံရှည်အတွင်းမှ ရက်စက်ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ရောင်ဝါများထွက်ပေါ်နေပြီး မီးလျှံနှင့်ဆင်တူသည့် အလင်းတန်းများက လှံရှည်ထိပ်ဖျားတွင် တောက်ပနေသည်။
ထိုလှံရှည်က အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ရွှမ်ဧကရာဇ်လှံရှည်’ ပင် ဖြစ်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကျင့်ကြံခြင်းအဆင့် မြင့်မားသည့်တိုင် တာ့ရွှမ်တိုင်းပြည်၏ကိုယ်ပိုင်သိုင်းပညာဖြစ်သော မီးငါးသွယ်သိုင်းပညာနှင့် ရတနာခုနစ်သွယ်လှံသိုင်းကို ကျင့်ကြံထားခြင်းမရှိသည့်အတွက် ဤလှံရှည်ကိုသန့်စင်ရန် အလွန်တရာ လွယ်ကူခြင်း မရှိခဲ့ပေ။
သို့သော် နှစ်ဝက်ကျော်ခန့် ဂရုတစိုက်လက်ပူတိုက်သန့်စင်ပြီးသည့်နောက် ဤလှံရှည်သည် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်ထဲသို့ ကျရောက်သွားခဲ့ပေပြီ။ ရန်ကျောက်ကဲက ထိုအလုပ်ကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတစ်ယောက်တည်းကိုသာ ပြုလုပ်ခွင့်ပေးခဲ့သည်။
လှံရှည်ကိုသန့်စင်ခြင်း လုပ်ငန်းစဉ်တွင် ဤသို့ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို သန့်စင်ရခြင်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျင့်ကြံခြင်းကိုလည်း ပိုမိုအားကောင်းထက်မြက်လာစေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အသက်ရှူသွင်း ရှူထုတ်ပြုလုပ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောဆုံချက်များ တုန်ခါသွားပြီး စကြာဝဠာအတွင်းမှ ကြယ်စင်များနှင့် ပဲ့တင်ထပ်သွားသည်။
သွေးကြောဆုံချက်များ ပိုမိုသန့်စင်လာနိုင်ပြီး နတ်ဘုရားသိမြင်ခြင်းတရား မြင့်တက်လာသည်နှင့်အမျှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပိုပြီးတန်ခိုးစွမ်းအားမြင့်မားသည့်အဆင့်ရောက်ရှိအောင် အဆက်မပြတ် ဖြတ်ကျော်လျှက် ရှိသည်။
ရွှမ်ဧကရာဇ်လှံရှည်ကိုသန့်စင်ပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သိုင်းသူတော်စင် စတုတ္ထအဆင့်ဖြစ်သည့် နတ်ဘုရားသိမြင်ခြင်းအဆင့် ၊ ကနဦးအဆင့် အထွတ်ထိပ်သို့ ရောက်ရှိသွားခဲ့၏။ သူ့အနေဖြင့် ကျင့်ကြံခြင်းတစ်ဆို့မှုကို ဖြတ်ကျော်ပြီး သိုင်းသူတော်စင် ပဉ္စမအဆင့်သို့တက်လှမ်းရန် စက္ကူအလွှာပါးလေးတစ်ခုမျှသာ ဝေးကွာတော့သည်။
နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့်သို့တက်လှမ်းနိုင်သည်နှင့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ကြယ်စင်ရောင်များ လင်းလက်တောက်ပလာမည် ဖြစ်သည်။
သွေးကြောဆုံချက်များက နတ်ဘုရားသိမြင်ခြင်းအဖြစ် သန့်စင်သွားပြီးနောက် လူတစ်ယောက်က သူ၏ကိုယ်တွင်းစကြာဝဠာကို ပြင်ပစကြာဝဠာနှင့်ချိတ်ဆက်ပြီး မရပ်မနားသန့်စင်ခြင်း ပြုလုပ်ရမည် ဖြစ်၏။
ဤဖြစ်စဉ်တွင် မူလရုပ်ခန္ဓာ၏ သွေးလှည့်ပတ်မှုက အဆက်မပြတ်အားကောင်းနေပြီး သွေးကြောဆုံချက်များနှင့် စကြာဝဠာအတွင်းရှိကြယ်စင်အစစ်များကြား ပဲ့တင်ထပ်မှုကို ထိန်းထားရန် လိုအပ်သည်။
သွေးကြောဆုံချက်များကို နတ်ဘုရားသိမြင်ခြင်းတရားဖြင့်သန့်စင်ခြင်းက ရုပ်ခန္ဓာကို အားကောင်းစေသည်ဆိုသော်လည်း လုံလောက်ခြင်း မရှိသေးပေ။ လူသားခန္ဓာကိုယ်၏ အကန့်အသတ်များကို စဉ်ဆက်မပြတ်ကျော်ဖြတ်နိုင်ရန် ဘက်စုံချဉ်းကပ်မှုတစ်ခု လိုအပ်သည်။
နတ်ဘုရားသိမြင်ခြင်းတရားဖြင့် သန့်စင်ထားသော သွေးကြောဆုံချက်များမှ သန့်စင်သော ကြယ်စင်အလင်းတန်းများကို ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်ကို ထပ်မံသန့်စင်ရမည် ဖြစ်သည်။ ထိုအခါမှ ခန္ဓာကိုယ်တွင်းစကြာဝဠာမှ ကြယ်စင်ရောင်များသည် ကောင်းကင်ထက်လင်းလက်နေသည့်ကြယ်စင်များပမာ အလင်းရောင်များအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ခန္ဓာကိုယ်မှ ကြယ်စင်ရောင်များတောက်ပလာပါက ရုပ်ခန္ဓာ၏ကိုယ်ပိုင်အကန့်အသတ်များကိုကျော်လွန်ကာ ကျင့်ကြံခြင်းလမ်းကြေင်း ဆက်လက်တက်လှမ်းနိုင်ပေမည်။ ထိုသို့ ကြယ်စင်ရောင်များ လင်းလက်လာစေချင်လျှင် နတ်ဘုရားသိမြင်ခြင်းတရားတစ်ခုတည်း အာရုံစိုက်၍ မရပေ။ ခန္ဓာကိုယ်ထဲမှ သွေးကြောဆုံချက်များကို ကြယ်စင်များအဖြစ် ပြောင်းလဲရန် လိုအပ်သည်။
အခြေခံအချက်များပြည့်မီမှသာ ဆက်လက်အဖြေရှာနိုင်ပြီး ကျင့်ကြံခြင်းတစ်ဆို့နေသည့် နောက်ဆုံးအခက်အခဲကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ယခု ကျင့်ကြံခြင်းတစ်ဆို့သည့်ကာလသို့ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ခန္ဓာကိုယ်သွေးကြောဆုံချက်များမှ ကြယ်စင်ရောင်အလင်းတန်းများ တောက်ပလာမည့်အချိန်ကိုစောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ထိုအချိန်သို့ရောက်ရှိသည်နှင့် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသူပမာ သိုင်းသူတော်စင် ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ပေမည်။
ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အခြေအနေကိုလေ့လာပြီးနောက် သူ့အရှေ့မှ ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ ကို အာရုံစိုက်လိုက်သည်။
အကြိမ်ပေါင်းများစွာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးနောက် ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ က မဟာကပ်ဘေးမတိုင်ခင်က အခြေအနေအသွင်သဏ္ဌန်မျိုး ပြန်လည်ရရှိနေပြီ ဖြစ်သည်။
ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူ့တွင် ပစ္စည်းအလုံအလောက်ရှိပါက အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကိုပင် ပမာဏများပြားစွာ ထုတ်လုပ်နိုင်မည် ဖြစ်၏။ သို့သော် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပြုလုပ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများက အထက်ဘုံကမ္ဘာမှာပင် ရှားပါးလွန်းလှသည်။
အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်နှင့် ခွန်လွန်တောင်မှာရော ထိုသို့ပင် ပစ္စည်းများရှားပါးလေသလားဟု ရန်ကျောက်ကဲ စဉ်းစားမိသည်။
အတွေးနှင့်အတူ ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိအတွင်းမှ ခရမ်းရောင်အလင်းတန်းများတောက်ပနေသည့် စိမ်းညို့နက်မှောင်သော ဝါးကိုင်းကို စူးစိုက်ကြည့်နေသည်။
အရင်ကနှင့်ယှဉ်လျှင် ဤအစိမ်းရောင်ဝါးကိုင်းက မူလအရှည် (၅)ပေမှ ယခု (၆)ပေနီးပါး ပိုရှည်လာပြီ ဖြစ်သည်။ ယခင်က ဝါးအဆစ် (၅)ခုပါရှိသော်လည်း ယခုတော့ ဝါးအဆစ် (၆)ခု နီးပါး ရှိနေပေပြီ။
ရန်ကျောက်ကဲလက်ထဲတွင် ဓားရှည်တစ်လက်ကိုင်ဆောင်ထားပြီး ဓားအလင်းတန်းက သက်တံ့ရောင်ပမာ ကောင်းကင်တစ်ခွင်ကိုဖြတ်ကျော်လင်းလက်သွားပြီး မိုးမြေတစ်ခွင် တောက်ပထိန်လင်းသွားစေသည်။
ထိုဓားက အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်ဖြစ်သော သက်တံ့ဓားဖြစ်ပြီး ရှန်လင်ကျီအဆက်အနွယ်တစ်ယောက်ဖြစ်သည့် လျောင်ကျန်းထံမှရရှိခဲ့ခြင်းဖြစ်သည်။ ရန်ကျောက်ကဲက ထိုသူကိုသတ်ဖြတ်ပြီး ကမ္ဘာသမုဒ္ဒရာသခင်းကျောက် ၊ ကောင်းကင်ပွဲတော်အမွှေးနံ့သာနှင့် အခြားရတနာပစ္စည်းများ ရယူခဲ့သည်။
ထိုဓားက အထွတ်ထိပ်မှော်ဝင်ပပစ္စည်းတစ်ခု ဖြစ်သဖြင့် ရန်ကျောက်ကဲက ကျူတောပင်လယ်ဒေသတွင် တိုက်ခိုက်ခဲ့သည့်ကာလတစ်လျှောက် ထိုဓားကိုသာ အသုံးပြုခဲ့၏။
သို့သော် ယခုတော့ ထိုဓားကိုဆက်လက်အသုံးပြုရန် မလိုအပ်တော့ပေ။
အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘မိစ္ဆာဓားတောင်းတျဲ’ ကို ထည့်မပြောဘူးဆိုလျှင်တောင် စောစောက စွန်းကျုန်းတာ့ဆီမှရရှိခဲ့သောဓားမှာ ဤ သက်တံ့ဓားထက်သာလွန်သော အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဖြစ်သည်။
ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းသို့လှမ်းကြည့်ပြီး သက်တံ့ဓားကိုအထဲသို့ ပစ်ထည့်လိုက်သည်။
“ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်မြင့်တက်လာတာနဲ့အမျှ ဒီဝါးကိုင်းကိုလည်းမရပ်မနားသန့်စင်နေဖို့လိုအပ်တယ် ၊ အဆက်မပြတ် အာဟာရဖြည့်ပေးဖို့လိုတယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းကိုပွတ်သပ်ရင်း တွေးလိုက်သည်။
ရန်ကျောက်ကဲတွင် ဝိညာဉ်လက်နက်များနှင့် မှော်ဝင်လက်နက်မျာက ထင်းမီးရှို့သလို ရှို့ပစ်နိုင်လောက်အောင် ပေါများသည်။ သို့သော် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကတော့ အများအပြားရှာဖွေရန် ခက်ခဲသည်။
ရန်ကျောက်ကဲတွင် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာရှိသော်လည်း ထိုပစ္စည်းများက သူ့အတွက် အသုံးမဝင်တော့ပေ။ သို့သော် သူ့ပတ်ဝန်းကျင်မှလူများနှင့် ဝါဒတောင်ဂိုဏ်းသားများအသုံးပြုရန် စုဆောင်းသိမ်းဆည်းထားခဲ့သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်တော့ အဆင့်နိမ့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကပင် ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိခဲ့သည်။ ထို့ပြင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ရန်ပင် အလွန်တရာ အကန့်အသတ်များလှ၏။
ဝါဒတောင်က အထက်ဘုံကမ္ဘာသို့ရောက်လာပြီး အခြေချကာ သိုင်းဂိုဏ်းတည်ထောင်မည်ဖြစ်ရာ ထိုသို့ပြုလုပ်ရန်အတွက် လုံလောက်သည့်နောက်ခံရှိရန် လိုအပ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲက ရန်သူများထံမှရရှိသည့် ရတနာပစ္စည်းအချို့ကို စုဆောင်းထားသော်လည်း သူ၏ကိုယ်ပိုင်ဝါးကိုင်းကိုသန့်စင်ရန် ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ အတွင်းသို့ ထည့်သွင်းမီးရှို့ခဲ့ခြင်း မရှိပေ။
သို့ပေသိ ယခုတော့ ဤပြဿနာကိုစဉ်းစားရန် မလိုတော့ပေ။
ပြောရမည်ဆိုလျှင် ဧကရာဇ်ရွှမ်မုကို ကျေးဇူးတင်ရမည် ဖြစ်၏။
ဝိညာဉ်နယ်မြေတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲနှင့် တာ့ရွှမ်တိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်များစွာ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်သွားချိန်တွင် ထိုသူများအားလုံး တိုက်ပွဲရှုံးနိမ့်ခဲ့သည်ဖြစ်ရာ ရန်ကျောက်ကဲနှင့် ဝါဒတောင်က လက်နက်ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့သည်။
ထိုပစ္စည်းများထဲတွင် ‘ရွှမ်ဧကရာဇ်လှံရှည်’ သာမက ယွင်ဟွေ့လှံရှည်နှင့် ရွှေရောင်သံချပ်ကာကိုလည်း ရရှိခဲ့သည့်အပြင် များပြားလှစွာသော အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာကိုလည်း ရရှိခဲ့သည်။
ရန်ကျောက်ကဲ ၊ ရန်တိနှင့် ယွမ်ကျန်းဖုန်းတို့၏ ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုများကြောင့် ရတနာပစ္စည်းအချို့မှာ မလွှဲမရှောင်သာ ဖျက်ဆီးခံခဲ့ရသော်လည်း အကောင်းအတိုင်းကျန်ရှိနေသော ပစ္စည်းများစွာလည်း ရှိလေသည်။
ထိုပစ္စည်းများထဲမှ သာလွန်ကောင်းမွန်သောအရည်အသွေးရှိသည့်ပစ္စည်းများမှလွဲပြီး ကျန်အရာအားလုံးကို ရန်ကျောက်ကဲက မီးပြင်းဖိုထဲတွင် မီးရှို့ပြီး သူ၏ဝါးကိုင်းအား အာဟာရဖြည့်ပေးခဲ့သည်။
အထက်ဘုံကမ္ဘာတွင် ဝါဒတောင်ဂိုဏ်း ထင်ရှားအောင်မြင်လာရန်မှာ ရန်ကျောက်ကဲ ၊ ရန်တိ ၊ ဖန်းယွင်ရှန်း ၊ ဖန်ကျွင်းနှင့် ယွမ်ကျန်းဖုန်းတို့ကဲ့သို့ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များအပေါ်တွင် မှီခိုနေသည်။
အလယ်ဆင့် တန်ခိုးစွမ်းအားရှင်များ မွေးထုတ်ပေးရန်ကတော့ ရေရှည်ကြိုးစားရမည့်ကိစ္စ ဖြစ်၏။
အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက အဆုံးသတ်တွင် ပြီးပြည့်စုံသွားပြီဖြစ်ပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်းများပြုလုပ်ရန် အသင့်ဖြစ်နေပေပြီ။ လိုအပ််သော ရင်းမြစ်ပစ္စည်းများ စုဆောင်းရန်သာ လိုအပ်သည်။
ဟုတ်ပေ၏။ ဤသတင်းသာပျံ့နှံ့သွားပါက အခြားအင်အားစုများ အလွန်တရာ တုန်လှုပ်သွားနိုင်သည်။
ရန်ကျောက်ကဲက ရေခဲချပ်ဝတ်နှင့် ဂဠုန်နဂါးလှံရှည်ကိုသာ ချန်ထားခဲ့ပြီး အခြားသော အဆင့်နိမ့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများစွာကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းသို့ ပစ်ချခဲ့သည်။
ရေခဲချပ်ဝတ်ကတော့ သူအသုံးပြုနေဆဲဖြစ်ပြီး ဂဠုန်နဂါးလှံရှည်ကတော့ သူ ပထမဆုံးပြုလုပ်ထားသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းလက်ရာဖြစ်သဖြင့် အမှတ်တရ ထားရှိခြင်းပင်။
ဆရာဘိုးဘိုးယွမ်ကျန်းဖုန်းကိုယ်တိုင် သူ့အတွက် ပြုလုပ်ပေးခဲ့သော မှော်ဝင်ဓားဖြစ်သည့် ‘အစိမ်းရောင်ချောက်နက်ဓား’ မှလွဲပြီး အခြားသောမှော်ဝင်ပစ္စည်းများမှာလည်း မီးရှို့ပစ်လိုက်သည်မှာ ကြာပြီဖြစ်သည်။
ယခုတော့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းမှ အစိမ်းရင့်ရောင်ဝါးကိုင်းက တောက်ပနေသည်။ ဤဝါးကိုင်းက ရန်ကျောက်ကဲ ကုန်ကျစရိတ်အများဆုံးသုံးစွဲခဲ့သော ရတနာပစ္စည်းတစ်ခုလည်း ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲကတော့ အစိမ်းရင့်ရောင်ဝါးကိုင်းကို ပျော်ရွှင်စွာကြည့်ရင်းဖြင့်ပင် ကုန်ဆုံးသွားသောပစ္စည်းများအတွက် နှမျောတသခြင်းကို မခံစားရပေ။
ကုန်ကျစရိတ် အလွန်တရာကြီးမားခဲ့သော်လည်း ရန်ကျောက်ကဲကိုယ်တိုင်ကိုယ်ကျ သန့်စင်ထားခဲ့သော ဤရတနာပစ္စည်း၏အ လားအလာသည် ယခုအခါ ရေခဲတောင်တစ်လုံး၏အစွန်အဖျားတစ်ခုကို တွေ့မြင်ရသည့်အလား တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီ ဖြစ်လေ၏။