← Chapters

လမ်းပြသော’ရွှေဆေးလုံး’

Vol. 58 Ch. 814

လမ်းပြသော’ရွှေဆေးလုံး’

Vol. 58 Ch. 814

အခန်း (၈၁၄) လမ်းပြသော’ရွှေဆေးလုံး’

အရာအားလုံးကို စနစ်တကျစီစဉ်ပြီးနောက် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းကို ရန်ကျောက်ကဲအနေဖြင့် ဆက်လက်စောင့်ကြည့်နေစရာ မလိုတော့ပေ။

အစိမ်းရင့်ရောင်ဝါးကိုင်းကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲတွင် သန့်စင်ရန်ထားရှိလိုက်ပြီး ၊ ပြီးပြည့်စုံသည့်အစီအစဉ်များလည်း ပြုလုပ်ပြီးဖြစ်ရာ ရန်ကျောက်ကဲက ဆက်လက်ကြည့်ရှုနေခြင်း မရှိတော့ပေ။

ယခုဖြစ်စဉ်က အချိန်တန်လျှင် တဖြည်းဖြည်း ပြီးဆုံးသွားမည်ဖြစ်သည်။ နောက်ဆုံးအဆင့် ပြီးပြည့်စုံသည့်အခါ မီးပြင်းဖိုက အလိုလိုပွင့်လာပေလိမ့်မည်။

ခရီးရှည်ကြီးနှင်ပြီးသည့်နောက် ရန်ကျောက်ကဲတို့အုပ်စု ကျောက်စိမ်းနေဝန်းတောင်တန်းမှ ကုရှင်းတောင်ထိပ်သို့ ရောက်ရှိလာသည်။

အဝေးမှလှမ်းကြည့်ရုံဖြင့်ပင် တောင်ကုန်းတောင်စောင်းတစ်လျှောက် အလွန်ထူထပ်သိပ်သည်းစွာပေါက်ရောက်နေသော ကောင်းကင်မီးတောက်သစ်ပင်များကို တွေ့မြင်ရသည်။ လေပြင်းတိုက်ခတ်သည့်အခါ သစ်ကိုင်းများနှင့်အရွက်များက မီးတောက်မီးလျှံများပမာ ယိမ်းထိုးလှုပ်ရှားလျှက် ရှိ၏။

“ကောင်းကင်မီးတောက်သစ်ပင်တွေက ဒီနေရာမှာ တကယ်ပဲ ထူထပ်နေတာပဲ”

ရန်ကျောက်ကဲ ခေါင်းအသာညိတ်ရင်း တွေးလိုက်သည်။

ကျောက်စိမ်းလက်ဝတ်ထဲတွင် မှတ်တမ်းတင်ထားသော မြေပုံလမ်းညွှန်ချက်ဖြင့် ကုရှင်းတောင်ထွတ်သို့ ရောက်ပြီးသည်နှင့် ရှာဖွေရသည့်အချိန် သက်သာသွားပြီး အောက်ဘက်ရှိတောင်တန်းတစ်လျှောက် တည့်တည့်မတ်မတ် ဆင်းသွားနိုင်သည်။

တောင်စွယ်တောင်ထိပ်များကြားတွင် ကြီးမားသော ချိုင်ဝှမ်းအက်ကွဲကြောင်းတစ်ခုကို တွေ့ရသည်။ ထိုချိုင်ဝှမ်းထဲတွင် သစ်ပင်များစွာထူထပ်စွာပေါက်ရောက်နေပြီး အကိုင်းအခက်အရွက်များယှက်နွယ်ကာ ကောင်းကင်နှင့် နေရောင်ခြည်ကို မမြင်ရအောင် ဖုံးအုပ်ထားသည်။

ရန်ကျောက်ကဲက ချိုင့်ဝှမ်းထဲသို့ တောက်လျှောက်ဆင်းသက်သွားသည်။

သစ်ရွက်များ ၊ သစ်ပင်အကိုင်းအခက်များပိတ်ဆို့ထားသဖြင့် ချောက်နက်ကြီးက မှောင်မိုက်နေပြီး သစ်ရွက်များကြားမှ ကြိုကြားကြိုကြား ကျဆင်းနေသည့် နေရောင်ခြည်ကိုသာ တွေ့မြင်ရသည်။

ဤချောက်နက်က တစ်နှစ်ပတ်လုံးနေရောင်ခြည်မမြင်ရသဖြင့် ကောင်းကင်မီးတောက်သစ်ပင်များသည်ပင် အရွက်များမရှိ ဖြစ်နေသည်။

နေရောင်မရသဖြင့် ချောက်အတွင်းပိုင်းပတ်ဝန်းကျင်က အေးစိမ့်စိုစွတ်လျှက် ရှိသည်။

ရန်ကျောက်ကဲက ခဏမျှလေ့လာကြည့်ပြီးနောက်...

“ဒီနေရာမှာအခြေချနေထိုင်တဲ့သိုင်းဂိုဏ်းတွေ ၊ တန်ခိုးစွမ်းအားရှင်တွေမရှိတာ မအံ့သြတော့ပါဘူး”

ကောင်းကင်မီးတောက်သစ်ပင်များ တစုတဝေးတည်းပေါက်ရောက်သည့်အခါ နေကဲ့သို့ပူပြင်းသော မီးတောက်မီးလျှံအငွေ့အသက်ကို ခံစားရမည် ဖြစ်သည်။

သို့ပေသိ ဆန့်ကျင်ဘက်အနေဖြင့် အောက်ဘက်မှချောက်နက်ကြီးကတော့ လေအေးများပြင်းထန်စွာ တိုက်ခတ်နေသည်။

ရန်ကျောက်ကဲက ဤနေရာပတ်ဝန်းကျင်အား ပထမဆုံးအကဲခတ်စဉ်က ရေခဲနှင့်မီးများအတူယှဉ်တွဲတည်ရှိသည့် ရှားပါးနေရာတစ်ခုဖြစ်ပြီး ဝိညာဉ်စွမ်းအားကြွယ်ဝသော ရတနာနယ်မြေတစ်ခု ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။

သို‌သော် သေသေချာချာ လေ့လာကြည့်သည့်အခါ ယန်စွမ်းအားနှင့် ယင်စွမ်းအားတို့က တစ်ခုနှင့်တစ်ခု သဟဇာတမဖြစ်ဘဲ အချင်းချင်း ချေမှုန်းပစ်ကြသည်ကို တွေ့ရသည်။

ရလဒ်အနေဖြင့် ကုရှင်းတောင်ထွတ်၏ သဘာဝပတ်ဝန်းကျင်သည် သာမန်မျှသာဖြစ်ပြီး လူအနည်းငယ်သာလျှင် ၎င်းကို နှစ်သက်ကြမည် ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အသင်္ချေနဂါးနန်းတော်ထဲတွင် ကျင့်ကြံနေပြီး သိုင်းသူတော်စင် ပဉ္စမအဆင့်တက်ရောက်ရန် ကျင့်ကြံခြင်းတစ်ဆို့သည့်အဆင်ကို ရောက်ရှိနေပေပြီ။

ရန်ကျောက်ကဲက နန်းတော်ထဲမှထွက်လိုက်ပြီး ပန်ပန်၏ကျောထက်တွင်ထိုင်ကာ သူ၏ခွာများကို ချောက်နက်အတွင်း နက်ရှိုင်းရာသို့ ဆင်းသက်စေလိုက်သည်။

အချိန်ခဏမျှ ရှာဖွေပြီးသည့်နောက် ကျောက်စိမ်းလက်ဝတ်ထဲတွင်ပါရှိသည့် မြေပုံထဲမှ ကျောက်ဂူကို ရှာတွေ့ခဲ့သည်။

အတွင်းသို့ဝင်သွားသည့်အခါ ကျောက်ဂူကအလွန်တရာ နက်ရှိုင်းမှောင်မိုက်နေကြောင်းတွေ့ရပြီး အတွင်းဘက်တွင်လည်း များပြားလှသောနေရာများနှင့် ချိတ်ဆက်ထားသည်။

ကျောက်ဂူအတွင်းပိုင်း ဦးတည်ရာက ပိုင်းခြားရခက်သည်။

ရန်ကျောက်ကဲစိတ်ထဲ အစီအစဉ်တစ်ခုရှိနေပြီး သူက ပိုးသားသေတ္တာငယ်လေးကို သတိထားရင်း ထုတ်ယူလိုက်သည်။

သေတ္တာကိုဖွင့်လိုက်တော့ ရွှေရောင်အလင်းတန်းများ တောက်ပစွာထွက်ပေါ်လာပြီး ကျောက်ဂူအတွင်းအမှောင်ထုထဲ၌ လင်းလက်သွားသည်။

ရန်ကျောက်ကဲက သေတ္တာငယ်လေးအတွင်းမှ မီလောရွှေဆေးလုံးကို စူးစိုက်ကြည့်ရင်း...

“ငါခန့်မှန်းတာ မမှားဘူးဆိုရင်...”

သူ့အတွေးမဆုံးခင်မှာပင် ပိုးသားသေတ္တာငယ်အတွင်းမှ ရွှေဆေးလုံးက တစ်ချက်လှုပ်ခါသွားပြီး လေထဲသို့ ပျံတက်သွားသည်။

မီလောရွှေဆေးလုံး ပျံသန်းသွားခြင်းကို ရန်ကျောက်ကဲက တားဆီးခြင်းမရှိဘဲ သူကိုယ်တိုင်က ဆေးလုံးနောက်သို့ လိုက်ပါသွားသည်။

မီလောရွှေဆေးလုံး၏အဆင့်က မြင့်မားလွန်းသည်ဖြစ်ရော ထိုဆေးလုံး၏ရောင်ဝါနှင့် ဝိညာဉ်စွမ်းအားတို့က ရန်ကျောက်ကဲ ထင်ထားသည်ထက် များစွာသာလွန်သည်။

နှစ်ပေါင်းများစွာကြာမြင့်သဖြင့် ဆေးလုံး၏ဝိညာဉ်စွမ်းအားကို ထိန်းသိမ်းထားရန်အတွက် ဆေးလုံး၏ဝိညာဉ်စွမ်းအား ယိုစိမ့်မှုမဖြစ်စေရန် အလိုလိုချိတ်ပိတ်သွားခဲ့သည်။

အခြားစကားဖြင့်ဆိုရလျှင် ဤဆေးလုံးက နက်ရှိုင်းစွာငိုက်မျည်းနေသည့် ဘဝပုံစံတစ်ခုပမာ ဖြစ်သည်။ ထို့ကြောင့် ဆေးလုံး၏ အသက်ဓာတ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားက အခြားသောဒြပ်စင်များ၏ တိုက်ခိုက်ခြင်းကိုမခံရဘဲ သိုသိုသိပ်သိပ်ရှိနေခဲ့သည်။

ထို့ကြောင့် ရန်ကျောက်ကဲစိတ်ထဲ ဤအကြံရရှိလိုက်ခြင်း ဖြစ်၏။

အကယ်၍ ထိုအရာက စွန်းကျုန်းတာ့ပြောသည့် လျှို့ဝှက်ရတနာဆီသို့ သွားရောက်သည့်လမ်းသို့ ရှာဖွေနိုင်မည်ဆိုလျှင် ၊

ထို လျှို့ဝှက်ရတနာပစ္စည်းကလည်း အမှန်တကယ်ပင် ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုဖြစ်နေမည်ဆိုလျှင် ၊

ဤ မီလောရွှေဆေးလုံးကလည်း ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုဖြင့် သန့်စင်ထားသော ဆေးလုံးဖြစ်နေမည် ဆိုလျှင် ၊

ဤရွှေဆေးလုံးကလည်း ဝိညာဉ်စွမ်းအားအများစုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်နေမည်ဆိုလျှင် ၊

ထိုအချက်များနှင့်ပြည့်စုံလျှင် မီလောရွှေဆေးလုံးက သူ့အတွက် လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။

ကြိုတင်သတ်မှတ်ချက်များက များပြားလွှန်းပြီး ယူဆချက်များစွာလည်း ရှိနိုင်သည်။ အထက်ပါ အခြေအနေတစ်ခု မပြည့်မီပါက သူ၏ အစီအစဉ် ပျက်ပြယ်သွားနိုင်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက သိပ်တော့မျှော်လင့်မထားဘဲ စိတ်အေးလက်အေး ရှိနေခဲ့သည်။ ယခုအစီအစဉ်အတိုင်း မအောင်မြင်ပါကလည်း တခြားနည်းလမ်းများကို ဖြည်းဖြည်းချင်း စဉ်းစားမည် ဖြစ်၏။

သို့သော် ကံကောင်းပုံတော့ရသည်။

မီလောရွှေဆေးလုံး၏ လက်ရှိအခြေအနေကို အကဲဖြတ်ကြည့်ပါက သူ၏အစီအစဉ် အောင်မြင်နိုင်ခြေ များလေသည်။

“မီလောရွှေဆေးလုံးရဲ့အပြုအမူတွေက စွန်းကျုန်းတာ့ရဲ့ခန့်မှန်းချက်တွေနဲ့ တူညီနေသေလိုပဲ...”

ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားသည်။

စွန်းကျုန်းတာ့က သူရှာဖွေနေသည့် လျှို့ဝှက်ရတနာပစ္စည်းမှာ တန်ဖိုးအရှိဆုံး အဂ္ဂိရတ်မီးပြင်းဖိုဖြစ်သည့် ဒဏ္ဍာရီလာ ကောင်းကင်ဘုံနန်းတော်မှ အဂ္ဂိရတ်ခန်းမထဲတွင် ထားရှိသော ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။

သို့ပေသိ ဤသည်က မှန်းဆချက်သက်သက်သာဖြစ်ပြီး ထိုပစ္စည်းကိုရှာမတွေ့မချင်းကတော့ မှန်ကန်သည်ဟု သက်သေပြနိုင်မည် မဟုတ်ပေ။

ယခု မီလောရွှေဆေးလုံးနှင့် ရန်ကျောက်ကဲ၏စမ်းသပ်ချက်က ဤခန့်မှန်းချက်သည် မှန်နိုင်ကြောင်း ထောက်ပြနေသည်။

ထိုလျှို့ဝှက်ရတနာပစ္စည်းရှိရာသို့ သွားရာလမ်းကြောင်းက အမှန်တကယ်ပင် ဤကျောက်ဂူထဲ၌ ဖုံးကွယ်ထားခဲ့သည်။

နောက်တစ်ချက်မှာ ထို လျှို့ဝှက်နေရာတွင် မီလောရွှေဆေးလုံးကို သန့်စင်ခဲ့သော အဂ္ဂိရတ်မီးပြင်းဖို သို့မဟုတ် ဆေးအိုးတစ်လုံး တည်ရှိနေသည်။

ပြီးတော့ ထိုအဂ္ဂိရတ်မီးပြင်းဖိုသည် ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုဖြစ်နိုင်ခြေ (၈၀)ရာနှုန်း ရှိ၏။

ဤသို့ အံ့သြဖွယ်ရာ အကျိုးသက်ရောက်မှုကို ရရှိရန်အတွက် နက်နဲသောသဲလွန်စများကို မီလောရွှေဆေးလုံးထဲတွင် ရေးထွင်းထားသည်။ အချိန်အတန်ကြာမြင့်ပြီဖြစ်သည့်တိုင် ၊ သူတို့ကြားမှအကွာအဝေးက အလွန်ခြားနားနေသည့်တိုင် ထူးခြားသောရွှေဆေးလုံးက တုံ့ပြန်နိုင်စွမ်း ရှိနေသေးသည်။

အဆုံးမှာတော့ ထိုရတနာပစ္စည်းက ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖို့မဟုတ်လျှင်တာင်မှ နှိုင်းယှဉ်မရသော အရည်အသွေးရှိသည့် အခြားသော ရတနာမီးပြင်းဖိုတစ်ခုခု ဖြစ်နိုင်သည်။ ဤ လျှို့ဝှက်ရတနာတည်ရှိသည့် အထောက်အထားများအရ အဖိုးမဖြတ်နိုင်သော ပစ္စည်းတစ်ခု ဖြစ်နိုင်၏။

ထိုပစ္စည်းကို ရယူနိုင်ပါမည်လားဆိုသည်ကတော့ ရန်ကျောက်ကဲအနေဖြင့် ကံတရားအတိုင်းလက်ခံရင်း ကြိုးစားရမည်ပင်။

အဂ္ဂိရတ်ခန်းမကြီးတစ်ခုလုံးကိုသာ ရှာတွေ့လျှင်တော့ သူ့အနေဖြင့် အဖိုးမဖြတ်နိုင်သောအရာတစ်ခုကို တွေ့ရှိခြင်း မည်ပေမည်။

ဟုတ်ပေ၏။ ကံကောင်းခြင်းများစောင့်ကြိုနေသလို အန္တရယ်လည်းကြုံတွေ့ရနိုင်ပြီး ထိုနေရာတွင် သူတို့နှင့်ယှဉ်ပြိုင်မည့် ရန်သူများလည်း ရှိနေနိင်သည်။

ရန်ကျောက်ကဲက မီလောရွှေဆေးလုံးနောက်မှလိုက်ပါသွားပြီး လေထုထဲတွင်ပျံသန်းနေသည့် ဆေးလုံးကို ကြည့်နေသည်။

အတန်ကြာရှေ့ဆက်သွားပြီးနောက် ဆေးလုံး၏အရှိန်က တဖြည်းဖြည်းလျှင်မြန်လာသည်။

အချိန်အတော်ကြာ လမ်းကြောင်းပေါင်းစုံကို ဖြတ်လျှောက်သွားပြီးနောက် မီလောရွှေဆေးလုံးသည် ကျောက်စက်ပန်းဆွဲများကြားတွင် ပျံဝဲလျှက်ရပ်တန့်သွားပြီး အနည်းငယ် တုန်ခါသွားသည်။

ရန်ကျောက်ကဲလည်း တိတ်ဆိတ်စွာပင် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

ထို့နောက် အချိန်အတော်ကြာအောင်ကြိုးစားပြီးမှ သဲလွန်စတစ်ခုကို အာရုံခံနိုင်ခဲ့သည်။ ချက်ချင်းပင် သူ့လက်ထဲတွင် ယွင်ဟွေ့လှံရှည် ပေါ်လာပြီး ကျောက်စက်ပန်းဆွဲတစ်ခုကို ထိုးစိုက်ချလိုက်သည်။

လှံရှည်နှင့်ထိမိသည့်တိုင် ကျောက်စက်ပန်းစွဲက ကျိုးမသွားဘဲ လှံရှည်နှင့်ထိသောနေရာတွင် အနက်ရောင်အကွက်တစ်ခု ပေါ်လာသည်။ ထိုအနက်ရောင်အကွက်က တဖြည်းဖြည်းကျယ်ပြန့်လာပြီး ဗလာနယ်အက်ကွဲကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲအနည်းငယ်ခေါင်းညိတ်လိုက်သည်။

ဤနေရာတွင် ဗလာနယ်အက်ကွဲကြောင်းတစ်ခုရှိနေပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ရန်ကျောက်ကဲ၏လှံချက်က အက်ကွဲကြောင်းကို ပြန်ပွင့်သွားစေခဲ့သည်။

သူက မီလောဆေးလုံးနှင့် ယွင်ဟွေ့လှံရှည်ကို သိမ်းဆည်းလိုက်ပြီးနောက် အသင်္ချေနဂါးနန်းတော်ထဲသို့ ဝင်လိုက်သည်။ အသင်္ချေနဂါးနန်းတော်က အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဗလာနယ်အက်ကွဲကြောင်းအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်သွားသည်။

ဗလာနယ်အလွှာပေါင်းများစွာကို ဖြတ်ကျော်ပြီးသည့်နောက် အဆုံးသတ်မှာတော့ သီးခြားနယ်မြေတစ်ခုသို့ ရောက်ရှိလာ၏။

ဤသီးခြားနယ်မြေ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုကို အနည်းငယ်အာရုံခံလိုက်ရုံဖြင့် ဤနေရာက အလွန်ကြီးမားကြောင်း ရန်ကျောက်ကဲ သိလိုက်ရသည်။

သူ ယခင်က ရောက်ရှိခဲ့ဖူးသော သီးခြားနယ်မြေများနှင့်မတူဘဲ ဤနေရာက အလွန်တည်ငြိမ်ပြီး သိုင်းသူတော်စင်များ တိုက်ပွဲဖြစ်ပွားလျှင်ပင် အတိုင်းအတာတစ်ခုအထိ ပြိုကွဲမှုဖြစ်နိုင်မည် မဟုတ်ပေ။

သီးခြားနယ်မြေဟုခေါ်ဆိုမည့်အစား ကိုယ်ပိုင်ကမ္ဘာတစ်ခုဟုပင် ခေါ်ဆိုနိင်သည်။

ဤသို့သောနေရာမျိုးကိုတည်ဆောက်နိုင်သူက လူသားဖြစ်စေ ၊ ရတနာပစ္စည်းတစ်ခုဖြစ်စေ သေချာပေါက် အလွန်တရာထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်မည်မှာ သေချာပေ၏။

All Chapters