ဆရာသစ်ခန့်အပ်ပွဲ (၂)
Vol. 6 Ch. Chapter 25
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V6 Chapter 25 - ဆရာသစ်ခန့်အပ်ပွဲ (၂)
"ပထမစစ်မေးမှု ဒီမှာတင်ပြီးပါပြီ။ ကျရှူံးသူတွေအားလုံးကို ကျွန်မတို့ကျောင်းကနေ တာဝန်ယူပြီး ကုသပေးမှာဖြစ်ပါတယ်။"
မက်ဒါနာက အချက်ပြလိုက်တာနဲ့ ဆရာမဟဲရိုးက အခုလိုမျိုးပြောလိုက်ပြီး လက်ခုပ်တီးလိုက်တယ်။ မကြာခင်မှာပဲ ယာယီငှားထားတဲ့ ဝန်ထမ်းတချို့ လူနာတင်ကပ်ပြားတွေနဲ့အတူ ဝင်လာပြီးတော့ လဲကျနေတဲ့ အလုပ်လျှောက်သူတွေကို သယ်ထုတ်သွားတော့တယ်။ တကယ်တော့ ဒီဝန်ထမ်းတွေကို မက်ဒါနာက ယာယီပဲငှားထားတာဖြစ်ပေမဲ့ ဖလေရာရဲ့အလှူငွေတွေကြောင့်သာ ဒီလိုလုပ်နိုင်တာဖြစ်ပါတယ်။ ပြီးတော့ တစ်ယောက်ချင်းစီအတွက် ဆေးရုံမှာ ကုသစရိတ်ပေးရဦးမယ်။
မက်ဒါနာက ခေါင်းညိတ်ပြီး အောင်မြင်တဲ့သူသုံးယောက်ကို ကြည့်ကာပြောလိုက်တယ်။ "ထင်ထားတာထက် နည်းနည်းတော့များသားပါ။ နောက်ထပ်စစ်ဆေးမှုကို နောက်နှစ်နာရီနေမှစမယ်။ ရှင်တို့လေးယောက် ကျောင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလို့ရပါတယ်။"
အောင်မြင်တဲ့ လူလေးယောက်က နားချိန်ပေးမယ်ပြောမှ သက်ပြင်းချလိုက်ကြတယ်။ အထူးသဖြင့် ဘရီစာနဲ့ကုသခြင်းစွမ်းအားပိုင်ဆိုင်တဲ့ မိန်းကလေးတို့ရဲ့မျက်နှာပေါ်က သက်သာရာရတဲ့အမူအရာကို မက်ဒါနာမြင်နေရတယ်။
အလုပ်လာလျှောက်သူတွေက မက်ဒါနာတို့အုပ်စုကို ဦးညွှတ်လိုက်ပြီး တိုက်ပွဲကွင်းပြင်ကနေ ထွက်ခွာဖို့ပြင်ဆင်တယ်။ ထိပ်ပြောင်ကြီးကတော့ အတက်ကြွဆုံးပဲ။ ဒါပေမဲ့ သူတို့အားလုံး အခန်းထဲက မထွက်ခင်မှာပဲ မက်ဒါနာက ထပ်ပြောလိုက်တယ်။
"ခဏနေကြပါဦး..."
သူတို့လေးယောက်လုံး ရပ်လိုက်ပြီး မက်ဒါနာကို ပြန်လှည့်ကြည့်တယ်။ သူတို့အကြည့်တွေမှာတော့ နားမလည်နိုင်ခြင်းများစွာနဲ့ပါ။ မက်ဒါနာက သူတို့အားလုံးကို အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းပြုံးပြရင်း ပြောလိုက်ပါတယ်။
"တို့ရဲ့ကျောင်းက အရည်အချင်းရှိတဲ့ ရှင်တို့လေးယောက်လုံးကို လက်ခံလိုပေမဲ့ ဘားဂျက်အခြေအနေကြောင့် တစ်ယောက်လောက်ပဲ ခန့်နိုင်မှာဆိုတော့ ရွေးရခက်နေတယ်လေ။ ဘယ်သူက ကျောင်းဆရာလုပ်ဖို့ ပိုသင့်တော်မလဲ ရှင်တို့ဘာသာ ဆုံးဖြတ်ကြည့်ကြပါလား။"
နောက်တော့ မက်ဒါနာက ဘာမှဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်တယ်။ ဖရက်ကတော့ တစ်ခုခုကို သဘောပေါက်သွားဟန်နဲ့ မျက်ခုံးပင့်လိုက်လေရဲ့။ အငယ်ဆုံးဖြစ်တဲ့ ကုသရေးမြူတန့်ကောင်မလေးကတော့ နားလည်ပုံမပေါ်ဘူး။ ဒါပေမဲ့ ဘရီစာနဲ့ထိပ်ပြောင်ကြီးကတော့ မျက်နှာကွက်ခနဲပျက်သွားတယ်။
ထိပ်ပြောင်ကြီးက မက်ဒါနာစကားကိုနားထောင်ပြီးတာနဲ့ တိုက်ပွဲခန်းမထဲကနေ အမြန်ထွက်သွားတယ်။ မွေထိုင်းပညာရှင်ကလည်း သူ့နောက်ကလိုက်သွားတယ်။ ဘရီစာလည်း တိုက်ပွဲခန်းမကနေ ထွက်လာပေမဲ့ ရှေ့ကနှစ်ယောက်နဲ့ ဆန့်ကျင်ဘက်အရပ်ကို သွားတယ်။ ကုသရေးမြူတန့်မလေးကတော့ ဘာလုပ်ရမှန်းမသိတဲ့ဟန်နဲ့ ဗျာများနေပြီးမှ ဘရီစာနောက်ကို လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။
...
တိုက်ပွဲခန်းမထဲမှာတော့ ဆရာအုပ်စုရှိနေဆဲပါ။ ဆရာမဟဲရိုးက လက်ထဲမှာကိုင်ထားတဲ့ လျှောက်လွှာစာရွက်တွေထဲက လေးခုကို မက်ဒါနာလက်ထဲထည့်ပေးလိုက်ပြီး ပြောလိုက်တယ်။
"ကျောင်းအုပ်ကြီး၊ ဒီလေးယောက်လုံးက တကယ့်ကို ထူးခြားတဲ့မြူတန့်တွေပါ။ ကျောင်းအုပ်ကြီး ကိုယ်တိုင်ကြည့်ကြည့်တာ ကောင်းမယ်ထင်တယ်။"
မက်ဒါနာကလည်း ခေါင်းညိတ်ပြလိုက်ပြီး ပထမဆုံးလျှောက်လွှာကိုကြည့်လိုက်တယ်။ ပထမစစ်ဆေးမှုမှာ ဘာမှစွမ်းရည်ထူးထူးခြားခြားမပြခဲ့ပေမဲ့ ရှင်သန်နိုင်ခဲ့တဲ့ ထိပ်ပြောင်မြူတန့်ရဲ့ကိုယ်ရေးမှတ်တမ်းပါ။
"နာမည်က ဂရေးလား။ ဖလော်ရီဒါဟီးရိုးလေ့ကျင့်ရေးကျောင်းက ကျောင်းဆရာ။ အသက် ၄၃ နှစ်၊ B rankအဆင့် လက်ဖြောင့်စွမ်းရည်ပိုင်ဆိုင်တယ်။ သူ့စွမ်းရည်တွေက တအားသာမန်ဖြစ်လွန်းတယ်။ သံသယဖြစ်စရာပဲ။"
နောက်တော့ မက်ဒါနာက ကျန်နေသေးတဲ့သူတွေကို ဆက်ကြည့်တယ်။ ကုသရေးမြူတန့်မိန်းကလေးရဲ့အချက်အလက်တွေကိုကြည့်ရင်း သူပြုံးလိုက်ပြန်တယ်။
"နာမည်က အိုင်ဗီ၊ စူပါအမေရိကဟီးရိုးကျောင်းက ဆရာဖြစ်သင်တန်းပြီးထားတာ မကြာသေးဘူး။ အသက် ၂၁နဲ့ Bအဆင့် ကုသရေးစွမ်းအားပိုင်တယ်။ အလားအလာတွေအများကြီးရှိပေမဲ့ စူပါအမေရိကကျောင်းမှာ သင်တန်းပြီးထားတဲ့သူက ဒီမှာဘာလာလုပ်နေတာလဲ။"
မက်ဒါနာက နောက်ထပ်လျှောက်လွှာကို ကြည့်လိုက်တယ်။ ဒီတစ်ယောက်ကတော့ အာရှသားတစ်ယောက်ပါ။
"ထိုင်းကလာတဲ့ ကာစွန်လား၊ ဘန်ကောက်ဟီးရိုးကျောင်းက နာမည်သိပ်မကြီးပေမဲ့ ဒီလို B rank တစ်ယောက်ကို ဆရာအဖြစ်မွေးထုတ်ပေးနိုင်တာ မဆိုးဘူးဆိုရမယ်။ ဒါပေမဲ့ မွေးရပ်မြေနဲ့အဝေးကြီးကိုလာပြီး ဒီမှာဘာလာလုပ်နေတာလဲ။ ထိုင်းမှာ B rank တွေကို ဘုရင့်အစိုးရကိုယ်တိုင်က တန်ဖိုးထားတယ်မဟုတ်လား။"
မက်ဒါနာက ခေါင်းခါလိုက်ပြီး လျှောက်လွှာတွေကို ဆရာမဟဲရိုးလက်ထဲ ပြန်ထည့်ပေးလိုက်တယ်။ ဘရီစာအပါအဝင် ပထမအဆင့်အောင်တဲ့ ဟီးရိုးလေးဦးလုံးက သံသယဖြစ်စရာတွေချည်းပဲ။
"ကျောင်းအုပ်ပေါ်လီယာနာ၊ ဒုတိယအဆင့်စစ်ဆေးမှုအတွက် ကျွန်တော်တို့ ဘာတွေပြင်ဆင်ဖို့လိုသေးလဲ။ မနေ့ကလည်း ဘာမှကြိုမပြောထားလို့ပါ။"
နောက်ဆုံးတော့ ဆရာအာသာက မက်ဒါနာရှေ့ကိုရောက်လာပြီး မေးလာပါတယ်။ မက်ဒါနာက လက်ကို ကာပြလိုက်ပြီး ခေါင်းကိုခါတယ်။
"ရှင်တို့ ဘာမှပြင်ဆင်စရာမလိုဘူး။ အခုပဲ ဒုတိယအဆင့်က စနေပါပြီ။ မကြာခင် ရလဒ်ထွက်လာတော့မှာပါ။"
ဒီစကားကြောင့် ဆရာအာသာနဲ့ဆရာမဟဲရိုးတို့ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းအဖယ်လိုက်ကြလေရဲ့။ ဆရာမဟဲရိုးက သိချင်စိတ်ပြင်းပြစွာနဲ့ ရှေ့ထွက်ပြီးမေးလိုက်တယ်။
"ဒါပေမဲ့ ကျောင်းအုပ်ပြောတုန်းက နောက်စစ်မေးမှုက နှစ်နာရီနေမှစမယ်ဆို။"
မက်ဒါနာက ပြုံးလိုက်ပြီး... "ကျွန်မက နောက်ထပ်စစ်ဆေးမှုလို့ပဲ ပြောလိုက်တာပါ။ ဒုတိယစစ်မေးမှုလို့ ပြောလိုက်လို့လား။ သေချာပေါက် နောက်နှစ်နာရီနေရင် စမယ့်စစ်မေးမှုက တတိယစစ်မေးမှုပါ။ သူတို့လည်း နားလည်ကြပါလိမ့်မယ်။"
နောက်တော့ မက်ဒါနာက အေမီကိုကြည့်လိုက်တယ်။ အေမီကလည်း မက်ဒါနာကိုပြန်ကြည့်တယ်။ အေမီရဲ့ဝတ်စုံက အထူးပြုလုပ်ထားတာဖြစ်ပေမဲ့ တိုက်ပွဲကြောင့် အနည်းငယ်ညစ်ပေနေတာကိုတွေ့တော့ မက်ဒါနာက အေမီကိုပြောလိုက်တယ်။
"အေမီရေ၊ နင်အဝတ်သွားလဲလိုက်တော့။ ပြန်လာရင် ငါ့အတွက် လက်ဖက်ရည်နဲ့ထောပတ်ကွက်ကီးယူလာဖို့ မမေ့နဲ့ဦး။"
အေမီက ဦးညွှတ်လိုက်ပြီး တိုက်ပွဲခန်းမထဲကနေ ထွက်သွားတယ်။ နောက်တော့ မက်ဒါနာက ဖရက်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"နင်ကတော့ ဒုတိယစစ်မေးမှုအခြေအနေကို မိုးပေါ်ကနေ စောင့်ကြည့်ချေ။ သူတို့နင့်ကို သတိမထားမိစေနဲ့။ စတိုက်တဲ့သူတွေကို သေချာမှတ်ထား။"
ဖရက်လည်း ရင်ဘတ်ပေါ်ကို လက်တင်ကာ ပုတ်ပြလိုက်ပြီး အတောင်ပံကိုဖြန့်ကာ တိုက်ပွဲခန်းမရဲ့ပြတင်းပေါက်ကနေတစ်ဆင့် ကောင်းကင်ပေါ်ကို ပျံတက်သွားလိုက်တယ်။
....
ထိပ်ပြောင်နဲ့မွေ့ထိုင်းပညာရှင်က ကျောင်းသားတွေစုဝေးတဲ့ ကျောင်းအလယ်က စုဝေးကွင်းနားမှာရပ်လိုက်ကြတယ်။ ထိပ်ပြောင်ရဲ့လက်က သူ့ခါးမှာချိတ်ထားတဲ့ ငွေရောင်သေနတ်နှစ်လက်ပေါ်ကို ရောက်သွားတယ်။
"မင်းငါ့နောက်ကို လိုက်လာတာ ဒုတိယစစ်မေးမှုကြောင့်လား။"
မွေထိုင်းပညာရှင်ကလည်း ပုံပျက်နေတဲ့ အပြုံးမျိုးပြုံးလိုက်တယ်။ သူ့ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေကြွတက်လာပြီး ကြောက်စရာကြီးဖြစ်လာပါပြီ။ ဒီစွမ်းအားကို မွေထိုင်းပညာရှင်က ပထမစစ်မေးမှုမှာတုန်းက ထုတ်မသုံးခဲ့ပါဘူး။
ကြီးထွားလာတဲ့ ကြွက်သားတွေကြောင့် သူ့ကိုယ်အပူချိန်လည်း မြင့်တက်လာပြီး ချွေးတွေပါအငွေ့ပျံလာတယ်။ ထိပ်ပြောင်ရဲ့နဖူးပေါ်ကနေလည်း ချွေးတွေစီးကျလာတယ်။ သူတို့နှစ်ယောက်က အဆင့်တူဖြစ်ပေမဲ့ မွေထိုင်းပညာရှင် သူ့အနားမှာရှိနေတာကိုက သိပ်ကိုကြီးမားတဲ့ ဖိအားတစ်ခုပေးနေသလိုပါပဲ။
"ခင်ဗျားက ဂရေး ဘန် အက်စ်စရီယာမဟုတ်လား။ ကျုပ်စွမ်းအားအစစ်ကို ခင်ဗျားလိုလူမျိုးနဲ့ ရင်ဆိုင်ရမှာ သုံးရမယ်လို့ ဘယ်တုန်းကမှ မျှော်လင့်လင့်မထားခဲ့မိဘူး။"
ထိပ်ပြောင်ကြီးဂရေးကလည်း ကောင်းကင်ပေါ်ကိုမော့ကြည့်ပြီး မိုးခြိမ်းတယ်ထင်ရလောက်တဲ့ ရယ်သံမျိုးနဲ့ ရယ်မောလိုက်ပါတယ်။
"ဒီလိုသေးငယ်တဲ့ ကျောင်းဆရာအလုပ်လျှောက်ပွဲမှာ ခင်ဗျားလိုပြိုင်ဖက်မျိုးနဲ့ ကြုံရမယ်ထင်မထားဘူး။ ဒီအလုပ်ကိုရဖို့ ငါတို့လေးယောက်ထဲက တစ်ယောက်ပဲ ကျန်ရစ်ရမယ်ပေါ့။ ဘယ်လိုတောင် ကဗျာဆန်လိုက်လဲ။"
ဂရေးက သေနတ်ကိုအိတ်ထဲကနေ ဆွဲထုတ်လိုက်ပြီး နောက်ကိုလှည့်မကြည့်ဘဲ ပစ်လိုက်တယ်။ ကာစွန်လည်း ကိုယ်ကိုတိမ်းပြီးရှောင်လိုက်တယ်။ ဒါပေမဲ့သေနတ်ကျည်ဆန်က သူ့ပါးကို ရှပ်ထိပြီး သွေးစက်တချို့ မြေပေါ်ကိုစင်ကျသွားတယ်။
ဂရေးပစ်တဲ့သေနတ်ကျည်ကို ရှောင်ဖို့က ကားစွန်အတွက် မလွယ်ကူပါဘူး။ ကာစွန်က ဒီအချက်ကိုသိတာနဲ့ ချက်ချင်းပြေးဝင်ပြီးလုံးဖို့ ကြိုးစားတယ်။ ဂရေးကလည်း စပြေးတယ်။ ဂရေးက သေနတ်သမားတစ်ယောက်ပေမဲ့ သူ့ခန္ဓာကိုယ်ကို သေချာလေ့ကျင့်ထားတဲ့ လူတစ်ယောက်ဖြစ်လို့ ကာစွန်လို သိုင်းပညာလေ့ကျင့်သူတစ်ယောက်လောက် မသန်မာပေမဲ့ သူ့ကိုထိအောင်တိုက်ဖို့ကတော့ တကယ်မလွယ်တာပါ။
ကာစွန်က ဂရေးကို တဖြည်းဖြည်းလိုက်မီလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဂရေးရဲ့ကျောကို ထိုးချလိုက်တယ်။ ဒါပေမဲ့ ဂရေးက ကိုယ်ကို တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ပြီး သေနတ်နှစ်လက်နဲ့ ကာစွန်ရဲ့ရင်ညွန့်ကိုချိန်ကာ ပစ်ခတ်လိုက်တယ်။
ဒိုင်း... ဒိုင်း....
သေနတ်ပစ်ချက်ကို ကာစွန်က ရှောင်ဖို့မဖြစ်နိုင်တော့တာကြောင့် တောင့်ခံထားလိုက်တယ်။ ကျည်တွေက သူ့အသားကို သေချာပေါက်ဖောက်ဝင်သွားပေမဲ့ သူ့ကြွက်သားတွေကို ဆွဲတင်းလိုက်တာနဲ့ ကျည်တွေ ခန္ဓာကိုယ်တွင်းကနေ ပြန်ထွက်လာပြီး သွေးတစ်စက်မှ ကျမလာတော့ဘူး။ ပြီးတော့ ကာစွန်က ဂရေးနဲ့တအားနီးနေပြီ။
"သေစမ်း..." ကာစွန်ရဲ့လက်သီးက ဂရေးရဲ့ရင်ညွန့်ကို တည့်တည့်မှန်သွားတဲ့အတွက် နောက်ကိုလွင့်သွားတယ်။ သူ့ပါးစပ်ကနေလည်း သွေးတွေစီးကျနေသေးတယ်။ ဒါပေမဲ့ ကာစွန်က နောက်တစ်ကြိမ်သူ့ရှေ့လာပြီး ရင်ကိုဒူးနဲ့ထပ်တိုက်ဖို့ပြင်လိုက်တာကြောင့် သူ့သေနတ်တွေနဲ့ ကာစွန်ရဲ့ဒူးကို တေ့ပစ်တယ်။
သေနတ်ကျည်တွေက ကာစွန်ရဲ့ဒူးကိုဖောက်ဝင်သွားပြီး နည်းနည်းတွန့်သွားပေမဲ့ ကာစွန်ရဲ့ဝှက်တံတောင်က ဂရေးရဲ့နားထင်ကို ထုနှက်ပြီးသားဖြစ်သွားလေရဲ့။
ဂရေးမူးနောက်သွားပြီး ခန္ဓာကိုယ်တစ်ပတ်လည်သွားတယ်။ ဂရေးရဲ့သေနတ်ကျည်တွေက ကာစွန်ကို အသက်အန္တရာယ်ခြိမ်းခြောက်နိုင်ပေမဲ့ ကာစွန်က မိုက်ရူးရဲဝင်လာပြီး အနီးကပ်တိုက်နေတာကြောင့် ဂရေးကလည်း သေနတ်သမားတစ်ယောက်ရဲ့အားသာချက် ပျောက်ဆုံးနေပါတယ်။
သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်ရေးနည်းလမ်းတွေက ဗျူဟာကျကျမဟုတ်တော့ဘဲ မိုက်ရူးရဲဆန်ဆန်နဲ့ သူသေကိုယ်သေတိုက်ခိုက်နေသလိုမျိုး ဖြစ်လာတော့တယ်။ ပြီးတော့ တိုက်ပွဲရဲ့အဖြေက ရန်သူ့တိုက်ကွက်ကို သူတို့ဘယ်လောက်အတိုင်းအတာအထိ တောင့်ခံနိုင်လဲဆိုတာပေါ်မှာ မူတည်နေပါတယ်။
...
ဘရီစာက ကျောင်းအသည်းပုံရေကန်နားက ခုံတန်းမှာထိုင်ပြီး နားနေတယ်။ ဒိုင်းကိုလည်း ခုံတန်းပေါ်မှာ တင်ထားပြီး ရေကန်ရဲ့တစ်ဖက်က ကျောင်းဝင်းအုတ်တံတိုင်းကိုသာ ကြည့်နေပါတယ်။
ဘရီစာရဲ့အနက်ရောင်ဆံပင်တွေထဲမှာ အဖြူရောင်ဆံစတချို့ ရောယှက်နေပါပြီ။ နေပူထဲမှာ အမြဲလေ့ကျင့်ခဲ့လို့လားမသိပေမဲ့ သူ့အသားအရေက ကြေးညိုရောင်သန်းနေတယ်။ သူ့ရဲယခင်က လှပခဲ့တဲ့မျက်နှာပေါ်မှာလည်း အရေးအကြောင်းတချို့ရှိနေခဲ့ပြီဖြစ်ပေမဲ့ အရင်က လှပခဲ့တဲ့အမျိုးသမီးတစ်ယောက်ဆိုတာကိုတော့ ငြင်းဆန်လို့မရဘူး။
လေပြေတစ်ချက်အဝေ့မှာ ဘရီစာရဲ့ဆံပင်တွေ ပြန့်ကျဲသွားတယ်။ အဲဒီနောက် ဘရီစာနဲ့ဆန့်ကျင်ဘက် ငယ်ရွယ်ပြီးနုပျိုနေသေးတဲ့ ရွှေရောင်ဆံပင်နဲ့မိန်းမလှလေးတစ်ယောက် ရောက်ရှိလာတယ်။ ကုသရေးစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ အိုင်ဗီက ဘရီစာနားကို ရောက်လာပြီး အပြစ်ကင်းစင်တဲ့ပုံစံနဲ့ မေးလိုက်ပါတယ်။
"စီနီယာ၊ ဒုတိယစစ်ဆေးမှုမစခင် ဒီမှာအနားယူဖို့ ဆုံးဖြတ်ထားတာလား။"
အိုင်ဗီရဲ့လေသံက ကြည်လင်ပြီးလှပတယ်။ သူ့လေသံကို နားထောင်ရုံနဲ့တင် လုံးဝအေးဆေးပြီး စိတ်ချရတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနေတယ်။ ဒါပေမဲ့ ဘရီစာက ခေါင်းခါပြလိုက်တယ်။
"ဒုတိယစစ်မေးမှုက စနေပြီးပါပြီ။ ငါက ဒီအတိုင်းလေး ဘာမှကြီးကြီးမားမားမဖြစ်ဘဲ ပြီးဆုံးသွားချင်ရုံပါ။"
"စစ်မေးမှုက စနေပြီးပြီ..." အိုင်ဗီက ဘာကိုမှနားမလည်တဲ့ပုံစံနဲ့ လက်ချောင်းလေးတစ်ချောင်းကို ပန်းနုရောင်နှုတ်ခမ်းပါးလေးပေါ် တင်ပြီးမေးလိုက်တယ်။
အိုင်ဗီက အဖြူရောင်ဟီးရိုးဝတ်စုံကို ဝတ်ထားထာဖြစ်ပြီး သူ့ပုံစံလေးက အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်လိုမျိုးပါ။ လင်းလက်တဲ့ အပြာရောင်မျက်လုံးတွေရှိပြီး သင့်တင့်တဲ့ကိုယ်ခန္ဓာအချိုးအစားမျိုးကို ပိုင်ဆိုင်ထားတယ်။ အလွန်အကျူးလှပတာမျိုးမဟုတ်ပေမဲ့ လူတိုင်းအထက်တန်းကျောင်းမှာ ဆုံဖူးတဲ့ အချစ်ဦးမိန်းကလေးလိုပဲ။
အခုအဲဒီမိန်းကလေးက တစ်ယောက်ယောက်ကို အဖြေပေးတော့မယ့်ပုံစံမျိုးနဲ့ လက်ကိုနောက်ပစ်နေပြီး ရေကန်ကြီးနားက သစ်ပင်လေးအောက်မှာ စောင့်ဆိုင်းနေတယ်။
"ကျောင်းက တစ်ယောက်ပဲအလုပ်ခန့်နိုင်မယ်၊ အဲဒီတစ်ယောက်ကို ငါတို့ဘာသာဆုံးဖြတ်ရမယ်လို့ ပြောလိုက်တယ်မဟုတ်လား။ ပြီးတော့ အဲဒီအတွက် နင်ငါ့နောက်ကို လိုက်လာခဲ့တာလေ။"
ဘရီစာက တစ်ခုခုကို သိနေတဲ့ပုံစံနဲ့ ပြုံးပြီးပြောလိုက်တယ်။ အဲဒီနောက် သူ့လက်က ဒိုင်းလက်ကိုင်ပေါ်ကို ရောက်သွားတယ်။ အိုင်ဗီကလည်း ပိုပြီးတောက်တောက်ပပပြုံးလိုက်တယ်။ နောက်ပစ်ထားတဲ့ လက်တွေကို ပြန်ဆန့်ထုတ်လိုက်ပြီး အဝါရောင်ဝတ်မှုန်တွေက ပတ်ဝန်းကျင်ကို စတင်ပြန့်နှံလာပါတယ်။
တဖြည်းဖြည်းနဲ့ သူ့အပြုံးတွေက အပြစ်ကင်းစင်မှုအဖြစ်ကနေ ကြောက်စရာစိတ္တဇလူသတ်သမားတစ်ယောက်ရဲ့အပြုံးမျိုးအဖြစ် ပြောင်းလဲသွားတယ်။
"ဒါဆိုရင် ကျွန်မက စီနီယာကို အနိုင်ယူပြီးတော့မှ ဒီကျောင်းမှာ ဆရာအဖြစ်လုပ်လို့ရမှာပေါ့နော်။ ဒါဆိုလည်း ကျေးဇူးပြုပြီး ကျွန်မအတွက် ပျောက်ကွယ်လိုက်တော့။" အိုင်ဗီက ပထမစကားတစ်ဝက်ကို ပုံမှန်အပြစ်ကင်းစင်တဲ့လေသံနဲ့ ပြောလိုက်တာပေမဲ့ ဒုတိယတစ်ဝက်ကတော့ လူသတ်ခါနီး အရူးမတစ်ယောက်ဆီကနေ ထွက်လာတဲ့လေသံလိုပဲ။
အိုင်ဗီကိုဝိုင်းရံထားတဲ့ အဝါရောင်ဝတ်မှုန်တွေက ရုတ်ချည်းဆိုသလိုပဲ ခရမ်းရောင်အဖြစ်ပြောင်းသွားပြီး ရေကန်ထဲက ငါးတွေအဆိပ်မိကာ ပေါလောပေါ်လာတယ်။ ပြီးတော့ အိုင်ဗီရဲ့လက်ထဲမှာ လုပ်ကြံသတ်ဖြတ်သူတွေ ကိုင်လေ့ရှိတဲ့ ခပ်ကွေးကွေးဓားမြှောင်တစ်လက်ရောက်လာတယ်။
သူ့ရဲ့ရွှေရောင်ဆံပင်တွေလည်း ခရမ်းရောင်အဖြစ်ပြောင်းသွားပြီး အဖြူရောင်ဟီးရိုးဝတ်စုံကလည်း အနက်ရောင်အဖြစ်ကို ပြောင်းလဲသွားတယ်။
ထန်း... ထန်း... ထန်း...
သတ္တုချင်းထိခတ်မိသံ ထွက်ပေါ်လာပြီး မီးပွားတွေပွင့်ထွက်လာတယ်။ ဘရီစာက အိုင်ဗီရဲ့ဓားသွားတွေကို တားဆီးလိုက်ပေမဲ့ ဒိုင်းပေါ်မှာ ထင်ရှားတဲ့အခြစ်ရာတွေ ကျန်နေရစ်တယ်။ ပြီးတော့ ဓားသွားတွေက ဘရီစာရဲ့သေကွင်းသေကွက်တွေကိုချည်း ဦးတည်လာတာ။ အိုင်ဗီက သာမန်အလုပ်အင်တာဗျူးတစ်ခုလိုပဲ ဒီကိစ္စကို အေးအေးဆေးဆေးဖြတ်ကျော်ဖို့ စဥ်းစားထားပုံမပေါ်ဘူး။
"ဒီအလုပ်ကို ကျွန်မရမှဖြစ်မှာမလို့ ကျွန်မအတွက် သေပေးလိုက်ပါတော့၊ စီနီယာ။"
အိုင်ဗီက အရူးမတစ်ယောက်လိုမျိုး တခစ်ခစ်ထရယ်တယ်။ သူ့ခန္ဓာကိုယ်က ကိုင်းညွှတ်နေပြီး လက်နှစ်ဖက်ကို မြေပြင်ကိုထိလုမတတ် နှိမ့်ကာ ဓားကိုကိုင်ထားတယ်။ ဓားသွားပေါ်ကနေ ခရမ်းရောင်အဆိပ်ရည်တွေ စီးကျနေပြီး မြေပြင်ပေါ်က မြက်ပင်တွေဟာ ချက်ချင်းခြောက်သွေ့သေဆုံးကုန်တယ်။
"မဖြစ်နိုင်တာ၊ နင့်လိုအန္တရာယ်များတဲ့ စိတ်နှစ်ခွမြူတန့်က ဘယ်လိုလုပ်ပြီး ဟီးရိုးလိုင်စင်ရလာတာလဲ။"
အိုင်ဗီကတော့ အရူးတစ်ယောက်လိုပြုံးထားရင်း သူ့ခေါင်းကို စောင်းငဲ့ကာ ဘရီစာကို ပြောလိုက်တယ်။
"ရှင်စဥ်းစားကြည့်လေ၊ သူတို့မသိလို့ပေါ့။ သိတဲ့သူတွေကိုလည်း တခြားသူတွေကိုပြောမပြနိုင်အောင် ကျွန်မလုပ်ထားတယ်။ သေသူတွေက စကားမများတော့ဘူးလေ။ ဒီလောက်ဆိုရင် ရှင့်အနာဂတ်ကို ခန့်မှန်းလို့ရပြီထင်တယ်။"
အိုင်ဗီက ချက်ချင်းဆိုသလိုပဲ ဘရီစာဆီကို ဓားနဲ့ပြေးဝင်လာတယ်။ ဘရီစာက ဒိုင်းကိုမြှောက်ကိုင်ကာ အိုင်ဗီရဲ့ခန္ဓာကိုယ်ကို ဘေးတိုက်ဖြတ်ရိုက်ချလိုက်တယ်။
ဘန်း။
ပြေးဝင်လာတဲ့ အိုင်ဗီရဲ့ပခုံးကို ဒိုင်းကရိုက်မိသွားပြီး
အိုင်ဗီရဲ့ခန္ဓာကိုယ်လေထဲ မြောက်တက်လာတယ်။ အဲဒီနောက် အိုင်ဗီက လေထဲမှာ ကျွမ်းထိုးပြီးဟန်ချက်ပြန်ထိန်းတယ်။ နောက်တော့ အနားကသစ်ပင်ပင်စည်ကို ကန်ပြီး ဘရီစာဆီကို ပြန်ခုန်ဝင်လာတယ်။
ဘရီစာက နောက်တစ်ကြိမ်ဒိုင်းနဲ့ရိုက်ထုတ်ပြန်တယ်။ ဒါပေမဲ့ အိုင်ဗီက ဒီတစ်ကြိမ်ပိုသတိထားတာကြောင့် ဓားက အန္တရာယ်များတဲ့ ရှုထောင့်ကနေ ဘရီစာဆီကို တိုးဝင်လာတာကြောင့် နောက်ဆုတ်လိုက်ရတဲ့အတွက် ဘရီစာခြေပျက်သွားတယ်။
"အဖွားကြီး၊ ရှင်က အရင်ကလောက်မစွမ်းတော့ပါဘူး။ ကိုယ့်ကံကြမ္မာကိုယ်လက်ခံပြီး ပျောက်ကွယ်သွားလိုက်တော့။"
အိုင်ဗီက မြေပြင်ပေါ်မှာ ခိုင်ခိုင်မြဲမြဲပြန်ရပ်နိုင်သွားပြီး ဘရီစာကို ဆက်တိုက်ပြန်တိုက်စစ်ဆင်တယ်။ ဘရီစာက ခုခံရုံပဲခုခံနေရပြီး နောက်ကို ဆုတ်ပေးပြီးရင်းဆုတ်ပေးနေရတယ်။ ပိုဆိုးတာက အရင်တိုက်ပွဲကြောင့် သူ့သက်လုံက ပြန်မပြည့်သေးပါဘူး။ ပိုပြီး ပြင်းထန်တဲ့တိုက်ပွဲကို တိုက်ခိုက်နေရတဲ့အတွက် သူတဖြည်းဖြည်းမောလာတယ်။
သူ့လှုပ်ရှားမှုတွေက တဖြည်းဖြည်းလေးလံလာနေချိန်မှာ အိုင်ဗီရဲ့တိုက်ကွက်တွေကတော့ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးအားကောင်းလာတယ်။
ခလွမ်း....
နောက်ဆုံးတော့ နဂိုတိုက်ပွဲကြောင့် ပျက်စီးနေပြီးဖြစ်တဲ့ ဘရီစာရဲ့ဒိုင်းက အိုင်ဗီရဲ့ဓားချက်တွေကို ခံနိုင်ရည်မရှိတော့ဘဲ ထက်ပိုင်းကွဲထွက်သွားတယ်။ ရုတ်တရက်ဖြစ်သွားတာကြောင့် သတ္တုအပိုင်းအစတွေကိုရှောင်ဖို့ နှစ်ယောက်လုံးနောက်ဆုတ်လိုက်ရတယ်။ ဒါပေမဲ့ အိုင်ဗီရဲ့မျက်နှာပေါ်မှာတော့ ကျေနပ်အားရနေတဲ့ အပြုံးရှိနေပါတယ်။
"ရှင့်မှာ ဝင်ပုန်းစရာလိပ်ခွံမရှိတော့ဘူးပေါ့၊ အနိုင်အရှုံးက သိသာနေပြီပဲ။"