မဟာအင်ပါယာအသက်ရှင်နေသေးသလော
Vol. 162 Ch. 2297
လိပ်နဂါးရပ်တန့်သွားသည်တွင် အနက်ရောင် အက်ကြောင်းများ ပေါ်လာခြင်း မရှိတော့။ အရာအားလုံးမှာ ငြိမ်သက်အေးချမ်းသွား၏။ သို့သော်လည်း လေဟာနယ်ထဲတွင် မြို့ပျက်တစ်ခု မြောလွင့်နေ၏။
ဘေးပတ်လည်တွင်ကား ကျင့်ကြံသူများသည် ထိုမြို့ပျက်အား စိုက်ကြည့်နေကြသည်။ သံစဉ်နှင့်အတူ ရှေးဟောင်းအလောင်းကောင်များသည် သင်္ချိုင်းမှ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာသည်။ ၎င်းသည် ထိုအလောင်းကောင်များ၏လှုပ်ရှားမှုများကို ထိန်းချုပ်နေဟန်ရသည်။ သန်မာသော အလောင်းကောင်တချို့သည် ကွဲပြားခြားနားသော နေရာများတွင် ရပ်နေကြသည်။ သူတို့မှာ သက်ရှိထင်ရှားရှိနေသော ကျင့်ကြံသူများအလား ထင်မှတ်ရ၏။
ထိုရှေးဟောင်းအလောင်းကောင်များသည် အလွန်အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ကြ၏။ တေးသွားသည် တဖြေးဖြေး ပျံ့လွင့်လာသည်တွင် အလောင်းများသည်လည်း စတင်ရွေ့လျားကြသည်။ သူတို့က ပတ်ဝန်းကျင်မှ တန်ခိုးရှင်များကို စတင်တိုက်ခိုက်ကြ၏။
ရှေးဟောင်းအလောင်းကောင်များ၏စွမ်းအားကား ထိပ်သီးတန်ခိုးရှင်တစ်ဦးနှင့် မခြားနားပေ။
“ကျုပ်တို့က သူတို့ကို ချက်ချင်း ဖျက်ဆီးပစ်ဖို့လိုတယ်” တစ်ယောက်က ပြောသည်။ ထိုရှေးဟောင်းအလောင်းများမှာ မူလက အသက်ကင်းမဲ့နေသူများဖြစ်သည်။ သူတို့အား အလုံးစုံ ဖျက်ဆီး၍သာလျှင် ရပ်တန့်နိုင်ပေလိမ့်မည်။
“အင်း…”
တခြားတန်ခိုးရှင်များအားလုံးက ခေါင်းညိတ်ကြသည်။ သည်တစ်ကြိမ်တွင်ကား အဓိကဘုံသုံးခုမှ တန်ခိုးရှင်များသည် ဤနေရာတွင် ရောက်နေကြ၏။ သူတိုအားလုံးက မဟာလမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်ကြသည်။ အဝေးတွင်ရပ်နေသော ရီဖူရှင်းသည်ကား တိုက်ခိုက်ခြင်းမပြုဘဲ ရပ်ကြည့်နေသည်။ သူသည်ပင် သူ့ထံသို့ လွင့်လာနေသော ဖိအားကို ခံစားမိ၏။
ဧရာမမျှော်စင်တစ်ခုသည် နတ်ရောင်ဝါများ ထုတ်လွှတ်ကာ အရာအားလုံးကို သိမ်းကြုံးဖျက်ဆီး၏။ ဓားအများအပြားသည်လည်း လေဟာနယ်ကို ပြည့်လျှံစေကာ အရာအားလုံးကို ဖျက်ဆီးသည်။ ချက်ချင်းပင် တန်ခိုးရှင်တို့၏တိုက်ခိုက်မှုများသည် ရှေးဟောင်းအလောင်းကောင်များထံသို့ ရောက်လာခဲ့တော့သည်။
ထိုတိုက်ခိုက်မှုများ၏အရှိန်အဟုန်များမှာ ကမ္ဘာပျက်ကဒ်ကဲ့သို့ ကျဆင်းလာ၏။ ဧရာမပျက်စီးထိခိုက်သံများကို ကြားရသည်။ ချက်ချင်းပင် တန်ခိုးရှင်များထံသို့ ပြေးဝင်လာနေသော အလောင်းကောင်အများစုမှာ ပျက်စီးသွားရ၏။ သူတို့မှာ မြို့ပျက်နှင့်အတူ မြုတ်နှံခြင်းခံရကာ ထိုနေရာမှ လွတ်မြောက်ရန်ပင် လွယ်ကူတော့မည် မဟုတ်တော့ပေ။
ပရမ်းပတာလေဟာနယ်ထဲ အနက်ရောင်အက်ကြောင်းများပေါ်လာခဲ့၏။ မကြာခင် အခြေအနေများအားလုံး တည်ငြိမ်သွားသောအခါ အလောင်းကောင်အများအပြားမှာ ပျောက်ကွယ်သွားပြီး လုံးဝ ဖျက်ဆီးခြင်း ခံလိုက်ကြရတော့သည်။
အလွန်သန်မာသော ရှေးဟောင်းအလောင်းကောင်များသည်သာ ထိုနေရာတွင် ဆက်၍ ရပ်နေကြ၏။ ထိုတိုက်ခိုက်မှုများက သူတို့အား ပျက်စီးရန် တတ်နိုင်ဟန်မတူ။ ထိုအလောင်းကောင်များမှာ ရန်ဟောင်ချန်းကဲ့သို့ တည်ရှိမှုများဖြစ်ကြသည်။
အုတ်ဂူထဲတွင် အလင်းရောင်တစ်ခုသည် မှိန်နေရာမှ ပိုမိုလင်းလက်လာသည်။ တေးသွားမှာလည်း ပိုမိုကျယ်လောင်လာ၏။ ဘန်းခနဲမြည်သံနှင့်အတူ အုတ်ဂူသည် ပွင့်ထွက်သွား၏။ အုတ်ဂူပေါ်တွင် အလောင်းကောင် တစ်ကောင် ရပ်နေသည်ကို မြင်ရ၏။ အတွင်းမှ မမြင်ရသော တေးသွားများသည် အလောင်းကောင်ထံသို့ စီးဆင်းနေကြ၏။ ထိုအဖြစ်က အလောင်းအား မဟာလမ်းစဉ်၏ရောင်ဝါများဖြင့် ရစ်ပတ်စေသည်။ အလောင်းကောင်ထံမှ မမြင်ရသော ဖိအားများ ပျံ့လွင့်လာသည်။ ထိုအဖြစ်က အနီးအနားမှ တန်ခိုးရှင်များကို ဖိအားများ ခံစားရစေသည်။
သူတို့၏အကြည့်များ တဖြေးဖြေးဖြင့် လေးနက်လာသည်။ တေးသွားတွင် ထူးခြားသော အငွေ့အသက်များ ပါဝင်၏။ ၎င်းက အလောင်းကောင်ထံသို့ ကူးစက်လာကာ အလောင်းကောင်အား ပိုမိုသန်မာစေ၏။ အလောင်းကောင်သည် နတ်အလင်းများဖြင့် တောက်ပလာကာ ပြန်လည်သက်ဝင်လာဟန်ရှိသည်။ သူ၏ဆံပင်များမှာ နက်မှောင်လာပြီး သူ၏အသားအရေများမှာ ပိုမိုချောမွတ်လာ၏။ သူသည် ပြန်လည်အသက်ရှင်လာသည့်အလား သူ့ပုံစံမှာ သန့်စင်လာခဲ့သည်။
ထို့အပြင် သူ့ထံမှ ထွက်ပေါ်လာသော နတ်ရောင်ဝါသည် တခြားသော အလောင်းကောင်များထံသို့ ကူးစက်သွားကာ ထိုအလောင်းကောင်များသည်လည်း အရောင်များ လင်းလက်လာကြ၏။ တန်ခိုးရှင်များမှာ ထိုမြင်ကွင်းကိုကြည့်ကာ အမူအရာများ လေးနက်လာကြ၏။ ဤသည်က အလောင်းကောင်ဘုရင်လား။
ကြည့်ရသည်မှာ သူ့အား ဗဟိုပြုလျှက် ပတ်ဝန်းကျင်မှ အလောင်းကောင်များမှာ အသက်ဝင်လာဟန်ရှိသည်။ တေးသွားသည် မည်သည့်နေရာမှ လာသနည်း။ အဘယ်ကြောင့် ထိုသို့သော စွမ်းအားမျိုး ရှိနေရသနည်း။
“ဒါက ပျောက်ဆုံးနေတဲ့ ကောင်းကင်တေးသွားတစ်ခုပဲ။ ဒီအုတ်ဂူမှာ ဘယ်သူ့ကို မြုတ်ထားသလဲ ကျုပ်ခန့်မှန်းမိပြီ” တစ်ယောက်က ပြောသည်။ အားလုံး၏အကြည့်က ထိုသူထံသို့ ရောက်သွားသည်။ သူသည်ကား ကောင်းကင်တေးသွား၏ဆရာသခင်တစ်ဦးဖြစ်သူ ပြင်ပခရမ်းကောင်းကင်မှ သခင်လော့ ဖြစ်သည်။
ဤသည်က ပျောက်ဆုံးနေသော ကောင်းကင်တေးသွားတစ်ခုလား။
တန်ခိုးရှင်များမှာ စိတ်လှုပ်ရှားသွားကြသည်။ ကောင်းကင်တေးသွားများမှာ မဟာအင်ပါယာများ တီထွင်ခဲ့ခြင်းဖြစ်သည်။ နတ်ဘုရားများကဲ့သို့ တည်ရှိမှုများက ဖန်တီးခဲ့သော တေးသွားများသည်သာ ကောင်းကင်တေးသွားများအဖြစ် သတ်မှတ်နိုင်သည်။ ကောင်းကင်တေးသွားကိုးပုဒ်မှာ ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်။
ဆိုလိုသည်က လိပ်နဂါး၏ကျောပေါ်မှ အပျက်အစီးမြို့သခင်မှာ ရှေးဟောင်းမဟာအင်ပါယာတစ်ပါးဖြစ်၏။
လူအများအပြားက နားမလည်သော အမူအရာများ ဖြစ်လာသည်။ တချို့က သဘောပေါက် နားလည်သွားကြကာ အမူအရာများ ပြောင်းလဲသွားကြ၏။ လူအများအပြားက ကောင်းကင်တေးသွားများ၏နောက်ကွယ်မှ ထူးဆန်းမှုကို နားမလည်ကြပေ။ သူတို့က မေးကြရသည် “ဒါက ဘယ်ကောင်းကင်တေးသွားလဲ။ အုတ်ဂူထဲမှာ ဘယ်သူ့ကို မြုတ်ထားတာလဲ”
“ဒါက ကောင်းကင်တေးသွားပဲ” သခင်လော့က ပြောသည် “ဒါက ကောင်းကင်တေးသွားကိုးခုထဲမှာ ဝမ်းနည်းစရာအကောင်းဆုံးတေးသွားပဲ။ ဒါကို ရှေးခေတ်က နာမည်ကျော်မဟာအင်ပါယာတစ်ယောက်ဖြစ်တဲ့ အင်ပါယာရှန်းယင် ဖန်တီးခဲ့တာပဲ။ ဒီတေးသွားကို တီးခတ်တဲ့အခါ တစ်လောကလုံးဟာ ဝမ်းနည်းပူဆွေးရတယ်။ တေးသွားဟာ လူတွေရဲ့စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ပြီး လွတ်မြောက်ဖို့ခက်တယ်။ လိပ်နဂါးက အရမ်းဝမ်းနည်းနေခဲ့တာ မထူးဆန်းဘူး”
မဟာအင်ပါယာရှန်းယင်…။
တန်ခိုးရှင်များ၏စိတ်နှလုံးများ တုန်ယင်သွားကြသည်။ မဟာအင်ပါယာများသည် သမိုင်းတစ်ခေတ် ကျော်ကြားထင်ရှားသူများ ဖြစ်ကြ၏။ သမိုင်းစာမျက်နှာထဲတွင် မဟာအင်ပါယာရှန်းယင်သည် မှန်ကန်ဖြောင့်မတ်သူဖြစ်ကာ ဂီတပညာရပ်၌ နှစ်မြုတ်ထားသူတစ်ဦးလည်းဖြစ်၏။ သူ၏ခေတ်အခါက သူသည် ဂီတပညာတွင် အတော်ဆုံးလည်းဖြစ်သည်။ မဟုတ်လျှင် သူ၏တေးသွားသည် တစ်လောကလုံးကို ပူဆွေးဝမ်းနည်းစေနိုင်စွမ်း ရှိမည် မဟုတ်ပေ။
“သူက ဘယ်လိုလုပ် ရှေးဟောင်းအလောင်းကောင်တွေကို ထိန်းချုပ်နိုင်ရတာလဲ” တစ်ယောက်က မေးသည်။ ရှေးဟောင်းအလောင်းများမှာ တေးသွား၏ထိန်းချုပ်မှုအောက်တွင် ရှိနေဟန်ရသည်။
သခင်လော့က ရှင်းပြသည် “ဒါက သန့်စင်တဲ့ကောင်းကင်တေးသွားမဟုတ်လို့ပေါ့။ မဟာအင်ပါယာရှန်းယင်က သူ့ခေတ်အခါက အတော်ဆုံးဂီတပညာရှင်ပဲ။ သူ့ဂီတတေးသွားက ရှေးဟောင်းအလောင်းတွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ မစဉ်းစားတတ်အောင်ပဲ။ ငါထင်တာတော့ ဒီမှာ မဟာအင်ပါယာရှန်းယင်ရဲ့စိတ်ဆန္ဒအပြင် တခြားဟာတွေလည်း ရှိဦးမယ်” သူ၏အမူအရာက လေးနက်နေသည်။ တခြားလူများကလည်း ထူးဆန်းသော အမူအရာများ ဖြစ်လာ၏။ သူတို့အားလုံးက သခင်လော့၏ဆိုလိုရင်းကို နားလည်ကြသည်။
သူ၏စိတ်အသိက အုတ်ဂူတွင် ရှိနေသေးသည်ဆိုပါက ၎င်းသည် တေးသွားကို မည်သို့ အသက်ဝင်စေကာ အလောင်းများကို ထိန်းချုပ်သနည်း။
၎င်းသည် အသက်ရှင်နေသည့်အလား ပြုမူနေသည်။
အကယ်၍ မဟာအင်ပါယာအား အုတ်ဂူထဲ မြုတ်နှံထားခြင်းမဟုတ်လျှင် တခြား မည်သူ ရှိနေသေးသနည်း။
ထိုအတွေးများက အားလုံးကို နှောင့်ယှက်နေသည်။
သခင်လော့က အုတ်ဂူကို ဦးညွတ်ကာ ဆိုသည် “မဟာအင်ပါယာခင်ဗျား… ကျုပ်တို့က ဒီနေရာကို မတော်တဆတွေ့မိတာဖြစ်ပြီးတော့ စူးစမ်းလေ့လာလိုခဲ့ပါတယ်။ အရှင့်ကို နှောင့်ယှက်လိုစိတ်မရှိပါဘူး”
ပတ်ဝန်းကျင်မှ လူများအားလုံးက သူ၏စကားကိုကြားလျှင် ထိတ်လန့်သွားကြသည်။ မဟာအင်ပါယာအသက်ရှင်နေသေးသည်ဟု သခင်လော့က ယူဆနေသည်လား။
မည်သို့ ဖြစ်နိုင်ပါမည်နည်း။ မဟာအင်ပါယာတစ်ပါးသည် ယနေ့ခေတ်အထိ သက်ရှိထင်ရှား ရှိနေသေးမည်လော။ လိပ်နဂါးက အဘယ်ကြောင့် အာကာသထဲ မြောလွင့်နေသနည်း။ အကယ်၍ မဟာအင်ပါယာသည်သာ အသက်ရှင်နေသေးပါက သူတို့အား လက်တစ်ချက်ဝှေ့ကာ သတ်ဖြတ်နိုင်သည်။ အဘယ်ကြောင့် အလောင်းကောင်များကို အသုံးပြုရမည်နည်း။
“သခင်လော့… ခင်ဗျားက အတွေးလွန်နေတာပဲ” တစ်ယောက်က ပြောသည်။ တခြားလူများကလည်း မယုံကြပေ။
သခင်လော့က ဆက်ပြောသည် “အားလုံးပဲ… ခင်ဗျားတို့က လေးမျက်နှာကျေးရွာက ထူးဆန်းတဲ့ဆရာသခင်ကို မေ့နေပုံပဲ။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ကောင်းကင်လမ်းစဉ်ပြိုကွဲတဲ့အခါ နတ်ဘုရားတွေလည်း သေဆုံးသွားတယ်လို့ ဆိုတယ်။ ဒါပေမဲ့ သူတို့ တကယ်သေသွားလို့လား။ နတ်ဘုရားတွေက တကယ်ပဲ အလွယ်တကူ သေနိုင်မှာလား။ သူတို့က ဒီလောကမှာ တခြားပုံစံတစ်မျိုးနဲ့ တည်ရှိနေတာလည်း ဖြစ်နိုင်တာပဲ” သူ၏စကားက လူများအားလုံးကို မျက်မှောင်ကြုတ်စေသည်။ သူတို့က တစ်စုံတစ်ခုအား အမှတ်ရကြ၏။